Wednesday, May 16, 2012

ဘူရိဒတ်ဇာတ်တော်

ဘူရိဒတ်ဇာတ်တော်သည် ဗုဒ္ဓမြတ်စွာ၏ ထင်ရှားသော ဘဝကြီး ဆယ်ပါးကို ပြသည့် ဇာတ်ကြီး ဆယ်ဘွဲ့">ဇာတ်ကြီး ဆယ်ဘွဲ့တွင် ဆဋ္ဌမမြောက်ဇာတ်ဖြစ်သည်။ ဘုရင်းရှင်သည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပုသ်သီတင်း ဆောက်တည်ကြသော ဒါယကာတို့ကို အကြောင်းပြု၍ ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှေးဘဝ ဘူရိဒတ်နဂါးမင်းဖြစ်စဉ် ကြီးစွာသော စည်းစိမ်ကိုစွန့်ကာ ကြီးစွာသော ဆင်းရဲဒုက္ခကိုခံ၍ သီလပါရမီကို ထိန်းသိမ်းဖြည့်တင်းတော်မူခဲ့ကြောင်း အတိတ်ဆောင် ဟောကြားတော်မူခြင်း ဖြစ်သည်။ ဂါထာပေါင်း ၂၉၈ ပုဒ်ဖြင့် တန်ဆာဆင် ဟောကြားတော်မူသော ထိုဘူရိဒတ်ဇာတ်တော်တွင် ယဇ်ပူဇော်ခြင်း၏ အပြစ်များကို ညွှန်ကြားဖော်ပြ ဟောကြာထားသည်။ ထိုဇာတ်တော်၏ အကြောင်းအရာကား ဤသို့ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ဗာရဏသီပြည်၌ တပါးသော ဗြဟ္မဒတ်မင်းကြီးသည် မိမိ၏ သားတော် ဥပရာဇာ၌ စည်းစိမ်အခြံအရံ များပြားပြန့်ပွားလှသဖြင့် ထီးနန်းအန္တရာယ် ဖြစ်မည်စိုးသောကြောင့် သားတော်ကို မိမိလွန်မှသာလျှင် တိုင်းပြည်သို့ ပြန်လာရန် မိန့်ကား၍ ပြည်မှထွက်စေသည်။ သားတော ဥပရာဇာသည် ခမည်းတော်၏ အမိန့်အတိုင်း တိုင်းပြည်မှ ထွက်ခဲ့ရာ ယမုနာမြစ်အနီး တစ်ခုသောတောင်ကြား၌ ရသေ့အသွင်ဖြင့် တောရိပ်ခိုမှီးနေခဲ့သည်။
ထိုအခါ ယမုနာမြစ်အောက်ရှိ နဂါးပြည်မှ မုဆိုးမဖြစ်သော နဂါးမသည် ကာမဘော်ဖြင့် ပျော်ပါးလိုသဖြင့် နဂါးပြည်မှထွက်ခဲ့ရာ မြစ်အနီးအနားရှိ ရသေ့၏ ကျောင်းသင်ခမ်းသို့ ရောက်လာသည်။ နဂါးမသည် သဒ္ဓါကြောင့် ရသေ့ဝတ်ခြင်း မဟုတ်သည်ကို စူးစမ်းသိရှိရ၍ ရသေ့နှင့်အတူ ရင်းနှီးနေထိုင်ခဲ့ရာ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့သည်။ တစ်နေ့တွင် ဗာရာဏသီမင်းကြီး နတ်ရွာလားသဖြင့် ရသေ့အား ထီးနန်းဆက်ခံရန် မှူးမတ်တို့က လာရောက်ခေါ်ဆောင်သည်။ နဂါးမသည် ဇာတ်မတူသော လူ့တိုင်းပြည် လိုက်ပါနေထိုင်ခြင်း မပြုလိုသဖြင့် မင်းသားသည် သားတော် သမီးတော်နှစ်ပါးကိုသာ ခေါ်ဆောင်၍ တိုင်းပြည်သို့ ပြန်ကာ မင်းပြုလေသည်။
ထိုမင်းသည် နဂါးမ မှာသည့်အတိုင်း နဂါးသွေးပါသော သားတော် သမီးတော်တို့အတွက် ရေကန်ကြီးတူး၍ ရေကစား ပျော်ရွှင်စေသည်။ တစ်နေ့တွင် လိပ်တစ်ကောင်ကို ရေကန်တွင်း၌ တွေ့ကြသည်။ လိပ်ကို သားတော် သမီးတော်တို့က ကြောက်ရွံ့ကြသဖြင့် ငိုကြရာ မင်းကြီးသည် လိပ်ကို ဖမ်းစေ၍ အပြစ်ပေးစေသည်။ မင်း၏ အမတ်တို့က အပြစ်ဒဏ်အမျိုးမျိုးဖြင့် ခြိမ်း​ခြောက်ရာ ထိုစူဠလိပ်က မတုန်မလှုပ်နေခဲ့သည်။ အမတ်တဦးက ယမုနာမြစ်ဝဲတွင် ချမည်ဟု ခြိမ်းခြောက်သောအခါ လိပ်က သည်းစွာငိုသည်။ ထိုအခါ မင်းချင်းတို့က လိပ်၏ ပရိယာယ်ကို မသိနားမလည်ကြသဖြင့် လိပ်ကို ဝဲ၌ချခြင်းသည် လိပ်အတွက် ကြီးလေးသောအပြစ် ဖြစ်မည်ဟု ယူဆကြ၍ ယမုနာဝဲ၌ ချလေသော် လိပ်သည် ဘေးအန္တရာယ်ကင်းစွာဖြင့် ရေအယဉ်၌ မျောပါ၍ နဂါးပြည်သို့ ရောက်သွားသည်။ ထို့ကြောင့်စူဠလိပ်ကို ရေလွှတ်သကဲ့သဟု ဆိုရိုးစကား ပြုခဲ့ကြသည်။
လိပ်သည် နဂါးလုလင်ပျိုတို့နှင့် တွေ့လေရာ ပရိယာယ်ကြွယ်သော လိပ်ဖြစ်၍ ဘေးကင်းစေရန် မိမိသည် ဗာရာဏသီမင်းက နဂါးမင်းကြီးအား မိမိ၏ သမီးတော် သမုဒ္ဒဇာကို ဆောက်နှင်းလို၍ သံတမန်အဖြစ် စေလွှတ်သဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ပြောကြားရာ နဂါးတို့ ယုံကြည်ကြသည်။ ထိုကြောင့် တန်ခိုးကြီးသော ဓတရဋ္ဌနတ်နဂါးမင်းထံ ပို့ပေးရာ နဂါးမင်းအားလည်း လိပ်က အထက်ပါအတိုင်း လျှောက်ထားသဖြင့် နဂါးမင်းကလည်း မင်္ဂလာကိစ္စစီစဉ်ရန် နဂါးလုလင် တမာန်များကို ဗာရာဏသီမင်းထံ စေလွှတ်လိုက်လေသည်။
ဗာရာဏသီမင်းထံ နဂါးတမာန်တို့ ရောက်ရှိ၍ အကျိုးအကြောင်းကြားလတ်သော် လူမင်းသမီးတော်ကို ဖားစိမ်း၊ ငါးစိမ်းစား တိရစ္ဆာန်မျိုးဖြစ်သော နဂါးမင်းနှင့် မဆောက်နှင်းနိုင်ကြောင်း ငြင်းဆိုသည်။ နဂါးလုလင်တို့ ပြန်သွား၍ နဂါးမင်းအား လျှောက်ကြားလေသော် နဂါးမင်းကြီး အမျက်ထွက်၍ နဂါးအပေါင်းကို ဆင့်ခေါ်ကာ ဗာရာဏသီတပြည်လုံးကို နဂါးတို့ဖြင့် ပြည့်စေ၍ တိုင်းပြည်လူထု ချောက်ချားတုန်လှုပ်အောင် ခြိမ်း​ခြောက်စေသည်။ ထိုအခါ ဗာရာဏသီမင်းလည်း မနေသာသဖြင့် သမီးတော်ကို ဓတရဋ္ဌနဂါးမင်းအား ဆောင်နှင်းရလေသည်။
နဂါးမင်းသည် သမုဒ္ဒဇာအား နဂါးပြည်သို့ ခေါ်ဆောင်ခဲ့သော်လည်း နဂါးပြည်ဟူ၍ လည်းကောင်း မိမိတို့သည် နဂါးများဖြစ်သည်ဟူ၍ လည်းကောင်း မသိရလေအောင် နဂါးပြည်ကို နတ်ပြည်ကဲ့သို့ ဖန်ဆင်းကာ နတ်နှင့်တူသော စည်းစိမ်အခြံအရံကို ပေးထားသဖြင့် မင်းသမီးသည် နဂါးပြည်၌ နဂါးမင်း ချစ်မြတ်နိုးမှုကို ခံယူကာ ပျော်ရွှင်စွာ ခံစားနေခဲ့သည်။ ကာလကြာသော် သုဒဿန၊ ဒတ္တ၊ သုဘောဂနှင့် အရိဋ္ဌဟူသော သားတော် ၄ ပါးကို ဖွားသည်။ တခါသော် သားတော်အငယ် အရိဋ္ဌက နဂါးအသွင် ဇာတိရုပ်ပေါ်အောင် ဖန်ဆင်းပြမှ မိမိသည် နဂါးပြည်၌ နဂါးမင်း၏ မိဖုရားဖြစ်နေကြောင်းကို သမုဒ္ဒဇာမင်းသမီး သိတော်မူသည်။ အရိဋ္ဌသည်လည်း မယ်တော်ကို နဂါးဇာတိ ဖန်ဆင်းပြသရာတွင် မယ်တော်ကြောက်လန့်ကာ လွှတ်ချလိုက်၍ မျက်စိတဖက် ပျက်လေသဖြင့် ကာဏရိဋ္ဌဟု အမည်တွင်လေသည်။ ဓတရဋ္ဌ နဂါးမင်းသည် သားတော်များ အရွယ်ရောက်လတ်သော် နိုင်ငံတော်ကို ၅ စုခွဲ၍ ၄ စုတွင် သားတော်တပါးစီ အုပ်ချုပ်မင်းပြုစေသည်။ ဒတ္တနဂါးမင်းသည် မိမိပိုင်နက်အတွင်း၌ နေထိုင်၍ တရားသဖြင့် မင်းပြုသည်။ နဂါးတို့၏ ပြဿနာအရပ်ရပ်ကိုလည်း ဖြေရှင်းပေးလေသည်။ အခြားသားတော်တို့သည် ခမည်းတော် မယ်တော်တို့အား တလတကြိမ် အဖူးအမြင် အခစား လာကြသည်။ ဒတ္တနဂါးမင်းကမူ လခွဲတကြိမ် အဖူးအမြော်လာသည်။
တရံခါသော် နတ်နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်မင်းကြီးသည် ဓတရဋ္ဌ နဂါးမင်းကြီးနှင့် သားတော်များ အပါအဝင် နဂါးပရိသတ်နှင့်တကွ သိကြားမင်းထံ အခစားဝင်ရောက်သည်။ ထိုအခါတွင် နတ်နဂါး သိကြား ပရိသတ်၌ ပြဿနာတခုပေါ်သည်။ ထိုပြဿနာကို ဒတ္တနဂါးမင်းက ဖြေရှင်းပေးနိုင်သဖြင့်သိကြားမင်းက မြေကြီးနှင့်တူသော ကျယ်ပြန့်သော ပညာရှိပေသည်ဟု ချီးကျူး၍ ဘူရိဒတ် (ဘူရိဒတ္တ) ဟု အမည်ပေးသည်။ ထိုအခါမှစ၍ ဒတ္တနဂါးမင်းအား ဘူရိဒတ်ဟု ခေါ်ဝေါ်ကြလေသည်။
ဘူရိဒတ်သည် ထိုအခါမှစ၍ သိကြားမင်းထံ မပြတ်ခစား ရသည်။ သိကြားမင်း၏ စည်းစိမ်ကို တွေ့မြင်ရဖန် များလေသော် သိကြားမင်း၏ စည်းစိမ်ကို တောင့်တလေသည်။ ထိုကြောင့် ဖားစိမ်းစား ငါးစိမ်းစား နဂါးအဖြစ်ထက် နတ်အဖြစ်ကို ရလိုသည့်အတွက် ဥပုသ်သီတင်း ဆောက်တည်ရန် ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်၍ ဥပုသ်သီတင်း သုံးလေသည်။
နဂါးပြည်၌ ဥပုသ်တောက်တည်ရာ၌ အနှောင့်အယှက် မကင်း၍ လူ့ပြည်သို့ သွားရောက်၍ အေးချမ်းစွာ ဥပုသ် သီတင်းသုံးရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့် ဗာရာဏသီပြည်အနီး ယမုနာမြစ်ကမ်းပါးထက်တွင် ဥပုသ် သီတင်းသုံး၍ နေခဲ့သည်။ ထိုအချိန်တွင် နေသာဒမုဆိုးပုဏ္ဏား သားအဖသည် သမင်လိုက်ရာမှ ဘုရားလောင်း ဘူရိဒတ် ဥပုသ် သီတင်းသုံးရာ အရပ်သို့ ရောက်လာသည်။ နဂါးမင်းသည် ထိုပုဏ္ဏားသားအဖက မိမိအား ဤနေရာ၌ တွေ့ကြောင်းကို အလမ္ပာယ်သမားအား လမ်းညွှန်လေသော် မိမိဥပုသ် ဆောက်တည်ခြင်းကို အနှောင့်အယှက်ပြုမည်စိုး၍ ထိုသားအဖအား နဂါးပြည်သို့ ဆောင်ပြီးလျှင် နတ်နှင့်တူသော စည်းစိမ်အခြံအရံကို ပေးထားသည်။ သို့သော် ကာလကြာညောင်းလာလျှင် နေသာဒ ပုဏ္ဏားသားအဖတို့ မပျော်ပိုက်သဖြင့် လူ့ပြည်သို့ ပြန်ပို့ရသည်။ ဘူရိဒတ်နဂါးမင်းသည် ပုဏ္ဏား သားအဖ လူ့ပြည်သို့ ပြန်ရောက်၍ ဆင်းရဲပင်ပန်းစွာ နေခဲ့ရသော် မိမိ ဥပုသ်သီတင်းသုံးရာ အရပ်ကို အလိမ္ပာယ်သမားအား ညွှန်ပြမည်ကို စိုးရိမ်သဖြင့် ခပ်သိမ်းသော အလိုကို ပေးနိုင်သည့် ပတ္တမြားကို လက်ဆောင်ပေးသည်။ သို့သော် နေသာဒ ပုဏ္ဏားသည် ရဟန်းပြုလို၍ လူ့ပြည်သို့ ပြန်လိုပါသည်ဟု ဘူရိဒတ်အား ပြောကြားထားမိပြီ ဖြစ်ရကား ထိုပတ္တမြားကို ငြင်းပယ်ခဲ့လေသည်။
အခြား ပုဏ္ဏားတစ်ဦးသည် ဂဠုန်တစ်ကောင်က ရသေ့တစ်ပါးအား ပေးသည့် နဂါးနှင့်မြွေတို့ ကြောက်သော မန္တာန်တစ်ပုဒ်ကို ထိုရသေ့ထံမှ ရခဲ့၍ အလမ္ပာယ်အဖြစ် အသက်မွေးရန် ထွက်ခဲ့သည်။ ယမုနာမြစ်ကမ်းဘေးတွင် အလိုခပ်သိမ်းရစေသော ပတ္တမြားကို ထား၍ ရေကစား ပျော်ရွှင်နေသော နဂါးမပျိုတို့သည် ပုဏ္ဏား၏ မန္တာန်ရွတ်ဆိုသံကိုကြားလျှင် ကြောက်လန့်ထွက်ပြေးကြသဖြင့် ပတ္တမြားကို ပုဏ္ဏားရလေသည်။
နေသာဒ ပုဏ္ဏားသားအဖနှင့် ထိုပုဏ္ဏားတို့ တွေ့ကြလေရာ ပတ္တမြားကို နေသာဒ ပုဏ္ဏားသားအဖတို့ မြင်လေလျှင် နေသာဒသည် ပတ္တမြားကို ရလိုပန်သည်။ ထိုပတ္တမြား လက်ထဲရောက်က အလိုခပ်သိမ်း တောင့်တ၍ ပြည့်စုံနိုင်သည်ကို သိသဖြင့် ရွှေအချိန်တစ်ရာနှင့် လဲမည်ဟုဆိုသည်။ သို့သော် ပုဏ္ဏားက ငြင်းဆန်သဖြင့် ထူးခြားသော နဂါးမင်းနေရာကို ညွှန်ပြသောအားဖြင့် ပတ္တမြားနှင့် နဂါးလဲလေသည်။ ထို့ကြောင့်ရော့ ပတ္တမြား၊ ရော့ နဂါး ဟု ဆိုရိုးစကား ပြုခဲ့ကြသည်။ နေသာဒ၏သား သောမဒတ်ကမူ အဖသည် ကျေးဇူးရှင်ကို ပြစ်မှားသည်ဟု အဖကို စွန့်ခွာထွက်ပြေးပြီးလျှင် ဟိမဝန္တာ၌​ ရသေ့ပြုလေသည်။
အလိမ္ပာယ်ပုဏ္ဏားသည် နေသာဒ ညွှန်ပြသော ဘူရိဒတ်နဂါးမင်း ဥပုသ်ပြုရာသို့ လာခဲ့သည်။ ထိုအချိန်တွင် နဂါးမင်းသည် အဓိဋ္ဌာန်ဆောက်တည်၍ ဥပုသ်ပြုလျက်ရှိရာ နေသာဒနှင့် အလမ္ပာယ်သမားတို့ကို မြင်၍ ယင်းတို့၏ အမှုကို သိသော်လည်း ဥပုသ်ပျက်မည်စိုးသဖြင့် အမျက်ကိုထိန်းသိမ်းပြီးလျှင် ရန်တုံ့မမူပဲ အလမ္ပာယ်သမား၏ ဖမ်းဆီးခြင်းကို ခံတော်မူသည်။ အလမ္ပာယ် ပုဏ္ဏားသည် ဘုရားလောင်း နဂါးမင်းကို အားနည်းလေအောင် ရိုက်ဖွပ်နင်းခြေပြီးမှ ပခြုပ်တွင်ထည့်သည်။ ဘုရားအလောင်းတော်သည် မိမိ၏ ဥပုသ်ကို မပျက်စေရန် ဆင်းရဲဒုက္ခကြီးစွာခံ၍ သီလကို ထိန်းသိမ်းတော်မူခဲ့သည်။ အလမ္ပာယ် ပုဏ္ဏားလည်း နဂါးမင်းကို ယူဆောင်၍ အရပ်ရပ်၍ လှည့်လည်က နဂါးမင်းအား ကပြစေရာ လာဘ်သပ်ပကာ များစွာရရှိ၍ ကြွယ်ဝချမ်းသာလေသည်။
ထိုအချိန်တွင် မယ်တောင် သမုဒ္ဒဇာသည် မကောင်းသော အိပ်မက်ကို မြင်မက်သဖြင့် လူ့ပြည်သို့သွား၍ ဥပုသ်သီတင်းသုံးနေသော ဘူရိဒတ်အတွက် စိုးရိမ်ပူပန်နေသည်။ အခြားသားတော်များ တလတကြိမ် အဖူးအမြင် ရောက်လာကြသောအခါ သားတော်များအား ဘူရိဒတ်ကို လိုက်လံရှာဖွေစေသည်။ သားတော်ကြီး သုဒဿနသည် ညီတော်လတ် သုဘောဂအား ဟိမဝန္တာသို့သွား၍ မြစ်ကြီး ၅ စင်း၌ ဘူရိဒတ်မင်းအား ရှာစေသည်။ ညီတော်အငယ် ကာဏရိဋ္ဌကိုမူ နတ်ပြည်၌ ရှာစေသည်။ မိမိကိုယ်တိုင်မှာမူ လူ့ပြည်သို့ ရသေ့ရောင် ဖန်ဆင်း၍ ရှာဖွေရန် ထွက်ခဲ့သည်။ သုဒဿနနှင့်အတူ မိထွေးတော်၏ သမီး အဇမုခီ နဂါးမင်းသမီးလည်း ဖားမငယ် သဏ္ဌာန် ဖန်ဆင်း၍ လိုက်ပါခဲ့သည်။
အလမ္ပာယ်ပုဏ္ဏားသည် ဗာရာဏသီမင်း သာဂရဗြဟ္မဒတ်၏ ရှေ့၌ အလမ္ပာယ် ကစားပြရန် ရောက်ရှိနေသည်။ ဗာရာဏသီမင်းကား ခမည်းတော်၏ အရိုက်အရာကိ ဆက်ခံသူဖြစ်၍ သမုဒ္ဒဇာ၏ မောင်တော်ပေတည်။ ထို့ကြောင့် ဘူရိဒတ် နဂါးမင်းတို့၏ ဦးရီးတော် ဖြစ်သည်။ ထိုနေရာသို့ သုဒဿနနှင့် နှမတော်တိုသည်လည်း ရောက်ရှိလာကြသည်။
အလမ္ပာယ်ပုဏ္ဏားသည် ပခြုပ်တွင်းမှ နဂါးမင်းကို ထုတ်၍ အမျိုးမျိုးဖန်ဆင်းကပြရန် စေခိုင်းသည်။ နဂါးမင်းသည် ပခြုပ်တွင်းမှထွက်၍ ပရိသတ်ကို ကြည့်သည်ရှိသော် မိမိ၏ နောင်တော်နှင့် နှမတော်တို့ကို မြင်သဖြင့် မျက်ရည်ယိုစီးကား နောင်တော်ထံသို့ ရှေးရှုသွားသည်။ ပရိသတ်တို့လည်း ကြောက်လန့်တကြားဖြစ်၍ တိမ်းရှောင်ပြေးကြရာ သုဒဿန တပါးတည်း ကျန်ရစ်သည်။ ထိုအခါ ဘူရိဒတ်သည် နောင်တော်၏ ခြေဖမိုး၌ သီးခေါင်းတင်၍ ငိုသည်။ သုဒဿနလည်း ငိုသည်။
ထိုအချင်းအရာကို အလမ္ပာယ်သမား မြင်လှင် ရှင်ရသေ့အား နဂါးကပေါက်လိုက်သည်ဟု ထင်မှတ်၍ နဂါးဆိပ်ကျအောင် မန္တာန်ဖြင့် ကုမည်ဟုဆိုသည်။ ထိုအခါ သုဒဿနက မိမိအား ကုရန်မလို မိမိထက်တတ်သော မြွေသမား မည်သည်မရှိဟု ဆိုရာမှစ၍ အလမ္ပာယ်ပုဏ္ဏားနှင့် သုဒဿနတို့ ပညာစွမ်းပြိုင်ကြသည်။ သုဒဿနသည် အဇမုခီဖားငယ်၏ အကူအညီဖြင့် မိမိတို့၏ တန်ခိုးကို ပြလေသော် အလမ္ပာယ်သမား ရှုံး၍ တကိုယ်လုံး နူသွားသဖြင့် ကြောက်ရွံ့ထိပ်လန့်ကာ ဘူရိဒတ်နဂါးမင်းအား လွှတ်ရလေသည်။
ထိုအခါမှ ဘူရိဒတ်၊​ သုဒဿနနှင့် အဇမုခီတို့သည် မိမိတို့၏ အဖြစ်မှန်ကို ဖော်ပြကြသဖြင့် ဗာရာဏသီမင်းလည်း မိမိ၏ တူတော်များဖြစ်ကြောင်းကို သိရှိရသည်။ ထိုနောက် တောထွက်၍​ ရသေ့ပြုကာ တရားအားထုတ်လျက် ရှိနေသော ဗာရာဏသီမင်းကြီးဟောင်း ဘူရိဒတ်တို့၏ ဘိုးတော်ထံ သွားရောက် ကန်တော့ကြရန် အချိန်းအချက်ပြုကြပြီးသော် ဘူရိဒတ်တို့သည် နဂါးပြည်သို့ ပြန်ခဲ့ကြလေသည်။
ထိုအချိန်တွင် ဟိမဝန္တာ၌ ဘူရိဒတ်ကို ရှာဖွေသော သုဘောဂနဂါးမင်းသည် ကျေးဇူးသစ္စာမဲ့သော နေသာဒ ပုဏ္ဏားကို တွေ့သဖြင့် နဂါးပြည်သို့ ယူဆောင်ခဲ့သည်။ အပန်းဖြေလျက်ရှိသော ဘူရိဒတ်၏ အိပ်ဆောင်တံခါးဝတွင် စောင့်ရှောက်လျက်ရှိသော ကာဏရိဋ္ဌသည် ယခင်ဘဝက ပုဏ္ဏားဖြစ်ခဲ့ဖူးသဖြင့် နေသာဒကို မြင်လျှင် ပုဏ္ဏားတို့သည် ဗြဟ္မာမင်း၏ သားဖြစ်၍ မညှဉ်းဆဲအပ် ညှဉ်းဆဲသော် ဗြဟ္မာမင်းအမျက်ထွက်၍ နဂါးပြည်အလုံး ပျက်စီးလတ္တံ့။ ပုဏ္ဏားတို့သည် မြင့်မြတ်သည်။ ယဇ်ပူဇော်ခြင်းကို ပြုသည်။ ယဇ်ပူဇော်ခြင်းသည် ကျေးဇူးကြီးမားလှသည်ဟူ၍ ယဇ်ပူဇော်ခြင်း၏ အကျိုးရှိပုံတို့ကို ထုတ်ဖော်ချီးကျူးသည်။ ထိုအခါ ဘူရိဒတ်အား လာရောက်ဖူး​မြင် ကန်တော့ကြသော နဂါးပရိသတ်တို့သည် ကာဏရိဋ္ဌ၏ စကားကိုနာရလျှင် ယဇ်ပူဇော်မှုဘက်သို့ စိတ်ညွှတ်ကြလေသည်။
ဘူရိဒတ်နဂါးမင်းသည် လဲလျောင် အပန်းဖြေရာမှ ကာဏရိဋ္ဌ၏ စကားကိုကြားလျှင် နဂါးပရိသတ်ကိုလည်း သမ္မာဒိဋ္ဌိအယူကို ညွှန်ပြလိုသဖြင့် ယဇ်ပူဇော်ခြင်းမှာ မှားယွင်းပုံတို့ကို ရှင်းလင်းဟောကြား၍ နဂါးပရိသတ်တို့အား အယူမှန်ကို ရစေသည်။ နေသာဒပုဏ္ဏားအားလည်း နဂါးပြည်မှ နှင်ထုတ်စေသည်။
ဘူရိဒတ် နဂါးမင်းသည် အချိန်းအချက်ပြုသောနေ့တွင် ဘိုးတော် ဗာရာဏသီမင်းဟောင်းအား ပူဇော်ကန်တော့ရန် အခြံအရံ ပရိသတ်နှင့် သွားသည်။ မယ်တော်နှင့် နောင်တော် ညီတော်များလည်း နောက်မှ လိုက်ပါကြသည်။ သာဂရ​ဗြဟ္မဒတ်မင်းလည်း ခမည်းတော်ထံ အဖူးအမြင် လာသဖြင့် ဆွေတော်မျိုးတော်တစု ပြန်လည်တွေ့ဆုံကြရသည်။ ဘူရိဒတ်နဂါးမင်းသည် အသက်ထက်ဆုံး သီတင်းသီလ ဆောက်တည်၍ အသက်တမ်းစေ့လတ်သော် ပရိသတ်နှင့်တကွ နတ်ပြည်၌ ဖြစ်သည်။ မယ်တော် သမုဒ္ဒဇာလည်း နဂါးပြည်၌ပင် အနိစ္စရောက်သည်။

နေမိဇာတ်တော်

နမိဇာတ်တော်ကြီးသည် ဇာတ်ကြီး ဆယ်ဘွဲ့တွင် လေးခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ကောသလတိုင်း၊​ သာဝတ္ထိပြည်တွင် သီတင်းသုံးတော်မူစဉ် ဝိဒေဟရာဇ်တိုင်း မိထိလာပြည်သို့ ဒေသစာရီ ကြွတော်မူခိုက် ဂါထာ ၁၂၀ ဖြင့် တန်ဆာဆင်အပ်သော ဤနေမိဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်၌ မြတ်စွာဘုရားသည် နိက္ခမပါရမီကို အထူးပြု၍ ဟောတော်မူသည်။
နေမိဇာတ်တော် အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။
 
         ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၌ မဃဒေဝအမည်ရှိသော မင်းစိုးစံသည်။ မင်းကြီးသည် တရားတော်၌ မွေ့လျော်သေကြောင့် တစ်ခါသော် ဆံပင်မုတ်ဆိတ် ပြင်ဆင်ပေးသော ဆတ္တာသည်အား မိမိဦးခေါင်း၌ ဆံပင်ဖြူကို မြင်လျှင် မိမိအား လျှောက်ကြားရန် မှာထား၏။ တစ်နေ့သော် ဆတ္တာသည်သည် မင်းကြီးဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်တွေ့၍ လျှောက်ကြားလေရာ မင်းကြီးသည် သားကြီးအိမ်ရှေ့မင်းကို ထီးနန်းအပ်ပြီးနောက် မိမိကဲ့သို့ ဆံပင်ဖြူကို မြင်တွေ့ရသော အရွယ်တွင် တောထွက်ရန် မှာကြား၍​ တောထွက်သွားသည်။ ထိုသို့အားဖြင့် သားမြေးမြစ် အဆက်ဆက်တို့ ထီးနန်းစိုးစံ၍ ဆံပင်ဖြူသောအချိန်တွင် တောထွက်ကြကုန်သည်။
ထိုမဃဒေဝမင်းမှ ၈၃၁၉၉၉ ယောက်မြောက်သော မင်းသည် မိထ္တိလာပြည်ကြီး၌ စိုးစံသည်။ ထိုမင်း၌ နေမိကုမာရ အမည်ရှိသော သားတော်တစ်ပါးရှိသည်။ နေမိမင်းသားသည် ဒါနသီလ၌ အကျင့်ထုံသည်။ ခမည်းတော် တောထွက်တော်မူသောအခါ ထီးနန်းဆက်ခံလေသည်။
 
           တစ်ခါသော် နေမိမင်းကြီးသည် ဒါနကမြတ်သလော သီလကမြတ်သလောဟု တွေးတောမရဖြစ်၍ နေရာ သိကြားမင်းသိရှိသဖြင့် ကိုယ်ထင်ပြလာ၍​ သီလက ဒါနထက် မြတ်ကြောင်းကို ဟောပြောပြီးနောက် သိကြားမင်း နတ်ပြည်သို့ ပြန်သည်။ သိကြားမင်းသည် နတ်ပြည်၌ နတ်သဘင် အစည်းအဝေးသို့ တက်ရောက်သောအခါ အခြားနတ်များက သိကြားမင်း အဘယ်အရပ်သို့ ကြွနေကြောင်းကို မေးကြသဖြင့် နေမိမင်းကြီး၏ ယုံမှားပြဿနာကို ဖြေခဲ့ပုံနှင့် နေမိမင်းကြီး၏ အကျင့်သီလကို ချီးကျူးပြောပြသည်။ ထိုအခါ နတ်များက ထိုသို့အကျင့်သီလ ပြည့်စုံသော နေမိမင်းကြီးကို ဖူးမြင်လိုကြသဖြင့် နတ်ပြည်သို့ ပင့်ဆောင်ပြသရန် သိကြားမင်းအား တောင်းပန်ကြသည်။
သိကြားမင်းသည် မာတလိနတ်သားအား သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာရထားကို ပြင်ဆင်စေ၍ လူ့ပြည်သို့စေလွှတ်ကာ နေမိမင်းကြီးကို ဆောင်ယူစေသည်။ ထိုအချိန်တွင် မိထိလာ ပြည်သူပြည်သားများသည် လပြည့်နေ့ဖြစ်သည်နှင့် လဝန်းကု မျှော်ကြည့်ခိုက် နတ်ရထားကို မြင်ကြရသည်။ မာတလိလည်း နေမိမင်းကြီးကို လျှောက်ကြားခေါ်ရာ မင်းကြီးသည် ပြည်သူမှူးမတ်အများကို ခေါ်ယူ၍ မိမိတန်ပြည်သို့ ခေတ္တသွားခိုက် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှု ပြုမြဲဝတ်ကို မချွတ်မယွင်း မကင်းမပေါ့ မလျော့မမေ့ရစ်ကြနှင့်ဟူ၍ မှာထားပြီးလျှင် လိုက်ပါသွားလေသည်။
 
         လမ်းခရီးတွင် နတ်သားက မင်းကြီးအား ငရဲပြည်သို့ သွားရာလမ်း၊ နတ်ပြည်သို့ သွားရာလမ်းဟူ၍ လမ်းကြောင်း ၂ ခု ရှိရာ ရှေးဦးစွာ မည်သည့်လမ်းဖြင့် သွားလိုကြောင်းကို မေးသည်။ နေမိမင်းကြီးက ၂ လမ်းလုံးကို ရောက်လို မြင်လိုကြောင်း ပြောပြသဖြင့် ငရဲပြည်ဘက်သို့ ရထားကို ဦးစွာနှင်သည်။
ထိုသို့အားဖြင့် နေမိမင်းကြီးသည် လမ်းခရီးတွင် ဝေတရဏီငရဲ၊ သုနခငရဲ အစရှိသော ငရဲဘုံကို တွေ့၏။
တစ်ဖန် နတ်ပြည်လမ်းဖြင့် ခရီးနှင့်ပြန်သော် ဗီရဏီနတ်ဘုံ၊ သောနဒိန်နတ်ဘုံ အစရှိသော နတ်ဘုံတို့ကို တွေ့မြင်ရပြီးနောက် တာဝတိံသာ နတ်ပြည် စိတ္တကုဋ်တံခါးမုခ်သို့ ရောက်သည်။ နတ်အများလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ထိုနောက် နတ်ဘုံဗိမာန်များကို ပြသ၍ နတ်ပြည်၌ပင် စံနေရန် သိကြားမင်းက ဖိတ်ကြားသည်။
နေမိမင်းကြီးကမူ သူတစ်ပါး၏ ဘုန်းကံဖြင့် ရအပ်သော နေရာ၌ မစံလိုသေးပဲ လူ့ဘုံ၌ပင် လူအများအား တရားရှေ့ဆောင် ညွှန်ပြလိုသေးကြောင်းဖြင့် ငြင်းပယ်သည်။
နေမိမင်းကြီးသည် နတ်ပြည်၌ လူတို့အရေအတွက်အားဖြင့် ခုနစ်ရက်စံပယ်၍ နတ်ပရိသတ်အပေါင်းတို့အားလည်း ဒါနသီလ အကျိုးများကို ဟောပြောသည်။ ထိုနောက် လူ့ပြည်သို့ ပြန်လိုကြောင်းကို ခွင့်တောင်းသဖြင့် မာတလိနတ်သား နှင်သော ဝေဇယန္တာရထားဖြင့် မိထိလာပြည်သို့ ပြန်လည်ကြွချီခဲ့သည်။ မိထိလာပြည်မှ တိုင်းသူပြည်သားတို့ကလည်း ဝမ်းမြောက်စွာ ကြိုဆိုကြသည်။
 
ထို့နောက် မင်းကြီးသည် မိဖုရား သားတော်သမီးတော်တို့မှစ၍ ပြည်သူများအား မိမိမြင်ခဲ့ရသော ငရဲဘုံ၊​ နတ်ဘုံများအကြောင်းကို ပြန်လည်ပြောပြသည်။ ပြည်သူအများလည်း တရားစောင့်သုံးကြသည်။ ဤသို့အားဖြင့် နေမိမင်းကြီးသည် ထီးနန်းစိုးစံရာ တစ်နေ့သောအခါ ဘေးလောင်းတော်တို့ကဲ့သို့ ဆံပင်ဖြူကို သိရှိတော်မူသော အချိန်၌ ထီးနန်းကို ကာလရဋ္ဌမည်သော သားတော်အား လွှဲအပ်ပြီးလျှင် တောထွက်ရဟန်းပြု၍ အသက်ထက်ဆုံးနေသည်။

နာရဒဇာတ်တော်

နာရဒဇာတ်တော်သည်ဇာတ်ကြီး ဆယ်ဘွဲ့တွင် ရှစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်အနီး နွယ်ချိုတောတွင် သီတင်းသုံးတော်မူစဉ် ဥရုဝေလတောတွင်း၌ ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ တည်းဟူသော ရသေ့ညီနောင် သုံးဦးနှင့်တကွ တပည့်များအား မိစ္ဆာဒိဋ္ဌိအယူမှ ချွတ်သည်ကို အကြောင်းပြု၍ နာရဒဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်ကား အောက်ပါအတိုင်း ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၌ အင်္ဂတိအမည်ရှိသော မင်းသည် မင်းပြုသည်။ ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် ပြည့်စုံသည်။ တရားကိုလည်း စောင့်သည်။ ထိုမင်းတွင် အလွန်အဆင်းလှသော ရုဇာအမည်ရှိ သမီးတော်တစ်ပါးတည်းသာ ထွန်းကားသည်။ ထိုသမီးတော်အား အလှူပေးစိမ့်သောငှာ ဥစ္စာတစ်ထောင်ကို လခွဲတစ်ကြိမ် ပေးတော်မူသည်။ ထိုမင်းကြီး၏ အမတ်ကြီး ၃ ပါးမှာ ဝိဇယ၊ သုနာမ၊ အလာတတို့ဖြစ်ကြသည်။
တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ ကြတ္တိကာ နက္ခတ်သဘင်အခါတွင် မင်းကြီးသည် နန်းပြသာဒ်ထက်မှ ဖြူစင်စွာ ထွန်းတောက်သော လပြည့်ဝန်းကိုမြင်၌ အထူးစိတ်ကြည်နူးမိသည်။ ထိုညဉ့်မျိုးတွင် အဘယ်ကဲ့သို့ မွေ့လျော်ရသော် ကောင်းအံ့ည်းဟု အကြံဖြစ်၍ အမတ်တို့အား နှစ်သက်ရာကို တင်လျှောက်စေသည်။ ထိုအခါ စစ်သူကြီးဖြစ်သော အလာတ အမတ်က စစ်ပြုရန် လျှောက်သည်။ သုနာမ အမတ်က ကာမဂုဏ်တို့၌ မွေ့လျော်ရန် လျှောက်သည်။ ဝိဇယ အမတ်က အကြားအမြင်နှင့် ပြည့်စုံသော ရဟန်းပုဏ္ဏားတို့ထံ ဆည်းကပ်လျက် ယုံမှားခြင်းတို့ကို ပယ်ဖျောက်ရန် လျှောက်သည်။ မင်းကြီးလည်း ဝိဇယအမတ်၏ စကားကို နှစ်သက်သဖြင့် အာလာတ အမတ် ညွှန်ကြားရာ မိဂဒါဝုန်တောရှိ ကဿပ တက္ကတွန်းတို့ထံ ဗိုလ်ပါများနှင့် သွားရောက်လေသည်။
 
              ရောက်လျှင် မင်းကြီးက မိဖ၊ ဆရာ၊ သားမယား၊ သက်ကြီးရွယ်အို၊ ရဟန်းပုဏ္ဏား၊ မှူးမတ်ဗိုလ်ပါ၊ ပြည်ရွာအပေါ်တွင် ကျင့်ရမည့်တရားနှင့် နတ်ရွာရောက်ကြောင်း ငရဲလွတ်ကြောင်းတရားတို့ကို မေးလေသည်။ ကဿပ တက္ကတွန်းကား မေးနှင့်လျော်သော အ​ဖြေကို မသိနားမလည်၍ မ​ဖြေချေ။ ကောင်းကျိုး မကောင်းကျိုး၊ တမလွန် လောက၊ မိဖ၊ ဆရာဟူ၍မရှိ။ အလှူပေးခြင်းဖြင့် အကျိုးမရှိ။ မီး၊ မြေ၊ ရေ၊ လေ၊ ချမ်းသာ၊ ဆင်းရဲ၊ အသက် ဤခုနစ်ပါးသည် မြဲကုန်သည်။ သတ္တဝါတို့သည် ၈၄ ကမ္ဘာစေ့မှ စင်ကြယ်မည်။ ထိုအတွင်း ကောင်းမှုပြုသော်လည်း မစင်ကြယ်နိုင်၊ မကောင်းမှုပြုသော်လည်း ထိုခဏကို မလွန်နိုင်ကုန်ဟု ဟောကြားလေသည်။
အလာတ အမတ်ကလည်း မိမိရှေးဘဝက မကောင်းမှု ပြုခဲ့သော်လည်း ယခုအခါ ကောင်းကျိုးကိုသာ ခံစားရပုံကို ပြောပြလျက် ထိုစကားကို ထောက်ခ့၏။ ကဿပ တက္ကတွန်းထံတွင် ဆည်းကပ်နေသော မိထိလာပြည်သား ဗီဇက သူဆင်းရဲကလည်း မိမိသည် အတိတ်ဘဝက သူဌေးအဖြစ်ဖြင့် အလှူကောင်းမှုပြုပါသော်လည်း ယခုဘဝတွင် သူဆင်းရဲဖြစ်လာကြောင်းကို တင်ပြသောအားဖြင့် အလာတ အမတ်၏ စကားကို ထောက်ခံလေသည်။ ထိုအခါမှစ၍ မင်းကြီးသည် ပြည်ထဲရေးကို အမတ်တို့အား လွှဲပြီးသော် ကာမဂုဏ်စည်းစိမ်ကိုသာ ခံစားလေတော့သည်။ အလှူဇရပ်တို့ကိုလည်း ဖျက်စေသည်။ ပြည့်ရှင်မင်းကြီး အယူမှားသည်ကို တပြည်လုံး အုတ်အုတ်ကျက်ကျက် ပြောဆိုကြလေသည်။ ထိုအကြောင်းကို ရုဇာမင်းသမီးကြားလတ်သော် ခမည်းတော်၏ အယူမှားကို ပယ်ရှားအံ့ဟု အခွင့်ကို စောင့်လင့်၏။ ရုဇာမင်းသမီးကား ရှေ့ဘဝနှင့် နောက်ဘဝတို့ကို သိမြင်နိုင်သောသူတည်း။ အချိန်ကျရောက်လတ်သော် မင်းကြီးထံသို့ အခစားဝင်၍ အလှူပြုရန် ရမြဲရိက္ခာကို တောင်းလေသည်။ ထိုအခါ မင်းကြီးက အလှူကို မယုံကြည်တော့၍ အပြစ်ပြကာ တားမြစ်သည်။ သမီးတော်က ခမည်းတော် အယူမှားနေပုံ၊ တက္ကတွန်းတို့ အပြောနှင့် အကျင့်မညီပုံများ၊ မိမိ၏ အတိတ်နှင့် အနာဂတ်ဘဝ အကြောင်းများကို ရှင်းလင်း ပြောပြလေသည်။ သို့သော် မင်းကြီးကား မိစ္ဆာအယူကို မစွန့်ချေ။ ထိုအခါ မင်းသမီးက နတ်ဗြဟ္မာများအား ကူညီရန် သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုသို့ပြုလတ်သော် နာရဒ​ဗြဟ္မာကြီးသည် မင်းကြိးကို ချွတ်အံ့ဟု ရဟန်းအသွင်ဖြင့် ရောက်လာသည်။
 
             မင်းကြီးလည်း ​ဗြဟ္မာကြီးအား တန်ခိုးရှိခြင်း၏ အကြောင်းရင်းကို မေးသည်။ ကုသိုလ်ကောင်းမှုသာ အကြောင်းရင်းဖြစ်သည်ဟု ဗြဟ္မာကြီးက ဖြေသည်။ မင်းကြီးက သိလို၍ မေးသမျှသော ပြဿနာတိုင်းကိုလည်း မင်းကြီးစိတ်ကျေနပ်အောင် ဥပမာ သာဓကများစွာဖြင့် ဖြေဆိုသည်။ ထိုနောက် ငရဲအကြောင်း၊​ ရှေးမင်းမြတ်တို့ ကျင့်စဉ်အကြောင်း စသည်တို့ကို ဟောကြားလေသည်။ ဤသို့ အယူမှားကို ပယ်ရှားစေရန် ဟောကြားပြီးနောက် မင်းကြီးအား သီလ၌ တည်စေသည်။ ရုဇာမင်းသမီးကိုလည်း များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်းသည်။ မင်း၊ မိဖုရား၊ မောင်မမိဿံတို့ကိုလည်း အဆုံးအမ ပေးသည်။ ထိုနောက် ပရိသတ်တို့ မြင်စဉ်ပင်လျှင် နာရဒဗြဟ္မာကြီးသည် ​ဗြဟ္မာပြည်သို့ ပြန်သွားလေသည်။

စန္ဒကုမာရဇာတ်တော်

စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘတွင် ခုနစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။ ထိုဇာတ်တော်တွင် သစ္စာ၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။ ဇာတ်တော်၏ အကြောင်းအရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။
တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။
 
       တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်ကို အိပ်မက်တွင် မြင်သဖြင့် နတ်၏ စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီး ခဏ္ဍဟာလကိုခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာမှ မင်းသားကို သတ်ဖြတ်ခွင့်ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ်ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊​ နွား၊ မြင်း စသည်တို့ကို သတ်လျှက် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရမည်ဟု ပြောကြားသည်။
မင်းလည်း ယုံကြည်၍​ သားသမီး မိဖုရားတို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရ မင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများ မသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။
ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင်းဖျဆုံးမသည်။ သို့သော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါ သားတော် စန္ဒကုမာရ မင်းသားနှင့်တကွ သားမယားများ၊ မှူးမတ်များနှင့် တကွ သားမယားတို့က တစ်လှည့်စီ ငိုကြွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ဖျက်သိမ်းသည်။
သို့ရာတွင် အမတ်ကြီး ကြား၍ မင်းအားလှည့်ဖြား တိုက်တွန်းပြန်သော် မင်းလည်း ယဇ်အစီအစဉ်ကို ပြုမြဲ ပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံးလည်း ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။
 
          နောက်ဆုံးတွင် မင်းသား၏ မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုးကွယ်ရာ ရှိတော့်သည်ဟု အောက်မေ့၍ သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာပဲ သံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။
မင်းလည်း ကြောက်ရွံ့၍​ မင်းသားတို့ကို လွှတ်သည်။ ပြည်သူအများလည်း အမတ်ကြီးကို ခဲ၊ အုတ်တို့ဖြင့် ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ပဲ ဒွန်းစဏ္ဍားအဖြစ် အဝတ်နွမ်းကိုပေးလျက် နှင်ထုတ်သည်။ စန္ဒကုမာရမင်းသားလည်း ထီးနန်းကို ရရှိသည်။
ဇာတ်ပေါင်းသော် ဂေါတမ မြတ်စွာဘုရား၏ လက်ထက်တွင် ခဏ္ဍဟာလ ပုဏ္ဏားသည် ဒေဝဒတ် စန္ဒကုမာရ မင်းသားသည် မြတ်စွာဘုရားမြတ်စွာဘုရား မယ်တော် ဂေါတမီ မိဖုရားသည် မယ်တော်၊ မင်းသား၏ မိဖုရား စန္ဒဒေဝီကား ယသော်ဓရာ စန္ဒကုမာရမင်းသား၏သား ဝသုလကား ရာဟုလာ ညီတော် ဝါမဂေါတ္တကားရှင်မဟာ ကဿပမထေရ် ဘဒ္ဒသေနညီတော်ကား လက်ဝဲရံရှင်မောဂ္ဂလ္လာန် ညီတော် သူရိယ ကုလာရကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီး ဖြစ်လာသည်။

ဇနက္ကဇာတ်တော်

ဇနကဇာတ်တော်ဟု အတိုချုံး၍ ခေါ်ဝေါ်ကြသော မဟာဇနကဇာတ်တော်သည် "ဇာတ်ကြီး ဆယ်ဘွဲ့">ဇာတ်ကြီး ဆယ်ဘွဲ့တွင် ဒုတိယမြောက် ဇာတ်တော်ဖြစ်၍ မူရင်းပါဠိတော်၌ ဂါထာပေါင်း ၁၈၆ ဂါထာဖြင့် ဖွဲ့ဆိုထားသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်နေ့သ၌ တရားသဘင်ဝယ် အစည်းအဝေးဖြစ်ကြလတ်သော်၊​ရဟန်းတို့သည် မြတ်စွာဘုရား၏ နိက္ခမပါရမီ ဖြည့်တော်မူပုံကို ချီးမွမ်းကြလေရာ မြတ်စွာဘုရားသည် ထိုပါရမီကို အကြောင်းပြု၍ မဟာဇနက ဇာတ်တော်ကို ဟောကြားတော်မူလေသည်။
ထိုဇာတ်တော်ကြီးကို မင်းဘူးမြို့ အရှင်ဦးဩဘာသသည် လေသာကျောင်း၊​ ​ကျောင်းတကာ မောင်ဝ၏သား ဒါယကာ မောင်ထောက်က တောင်းပန်အပ်၍ ၁၁၄၇ ခုနှစ်တွင် ပါဠိတော်မှ မြန်မာသို့ အနက်ပြန်၍ ပြုစုတော်မူသည်။
ဇနကဇာတ်တော်မှာ ဤသို့ဖြစ်သည်။
လွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၍ မဟာဇနက အမည်ရှိသောမင်းသည် မင်းပြုသည်။ ထိုမင်း၌​အရိဋ္ဌဇနကမင်းသား၊ ပေါလဇနကမင်းသား ဟူ၍ သားတော်နှစ်ပါးရှိ၏။ အရိဋ္ဌ ဇနကမင်းသားအား အိမ်ရှေ့အရာကိုပေး၏။ ပေါလဇနကမင်းသားအား သေနာပတိအရာကို ပေး၏။ မင်းကြီးနတ်ရွာစံသော် အရိဋ္ဌဇနကသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံ၍ ပေလဇနကသည် အိမ်ရှေ့အရာ၌ တည်လေသည်။ ထိုအခါ ပေါလဇနက အိမ်ရှေ့မင်း၏ အတွင်းကျွန်ယုံဖြစ်​သော အမတ်တစ်ဦးသည် မိမိအလို မပြည့်သည်နှင့် မိမိ အရှင်သခင်ပေါ်တွင် အငြိုးထား၍​ အရိဋ္ဌဇနက မင်းကြီးထံ စံဝင်ပြီးသော် ဂုံးတိုက်ချောစား လေသည်။ အကြိမ်ကြိမ် ဂုံးချောလေသော် မင်းကြီးလည်း ငါ၏ ညီသည် ငါ့ကို မကောင်းကြံရာ၏ဟု အယူရှိ၍ အိမ်ရှေ့မင်းကို ဖမ်းဆီးစေပြီးလျှင် အနှောင်အဖွဲ့၌ ချထားသည်။
ထိုအခါ အိမ်ရှေ့မင်းသည် နောင်တော်အ​ပေါ်၌ မပြစ်မှားမိကြောင်း သစ္စာအဓိဋ္ဌာန်ပြုလေရာ သစ္စာ၏ အာနုဘော်ကြောင့် အနှောင်အဖွဲ့မှ လွတ်လေ၏။ ပေါလဇနကလည်း ဤသို့ အနှောင်အဖွဲ့မှ လွတ်လေသော် ရွာငယ်များကို သိမ်းရုံး၍ လက်နက်ပြုပြီးလျှင် နောင်တော်အား ယခင်က ရန်မလုပ်လိုသော်လည်း ယခု ရန်လုပ်ရတော့မည်ဟု ဆို၍ စစ်ထိုးလေ၏။ ဤသို့ မင်းညီနောင်တို့ စစ်ထိုးရာ နောင်တော် အရိဋ္ဌဇနကသည် အရေးရှုံးနိမ့်၍​ နတ်ရွာစံလေသော် အရိဋ္ဌဇနကမင်းကြီး၏ မိဖုရားကြီးသည် မိမိဝမ်း၌ ဘုရားလောင်း မဟာဇနကမင်း၏ သန္ဓေဖြင့်ထွက်ပြေးရာ သိကြားမင်း၏ တန်ခိုးဖြင့် ဒိသာပါမောက္ခ ဆရာကြီးထံ ရောက်လေသည်။ ထိုဒိသာပါမောက္ခ ဆရာကြီးထံ ရောက်သည်တွင် ဘုန်းသမ္ဘာရှင်ဖြစ်သော အလောင်းတော် မဟာဇနကမင်းသားကို ဖွားမြင်လေသည်။
ဇနကမင်းသားလည်း အရွယ်ရောက်လတ်သော် မိမိ၏မျိုးရိုးကို မိခင်အား မေးမြန်းရာတွင် မိမိ၏ ဖခမည်းတော်သည် မိထ္တိလာပြည့်ရှင် အရိဋ္ဌဇနက မင်းကြီးဖြစ်၍ ဦးရီးတော် ပေါလဇနကသည် မိထ္တိလာပြည်၌ စိုးစံနေကြောင်း သိရှိလေ၏။ ထိုအခါ ဇနကမင်းသားသည် မိမိ ခမည်းတော်၏ အရိက်အရာ ဖြစ်သော မိထ္တိလာပြည်ကို သိမ်းယူရန် အကြံဖြစ်သည်။ ဤသို့သိမ်းယူနိုင်ရန် အလို့ငှာ ပင်လယ်ခရီးဖြင့် သင်္ဘောလွှင့်၍ ကူးသန်းရောင်းဝယ်နိုင်စေရန် မယ်​တော်အား ခွင့်အကြိမ်ကြိမ်ပန်၍ သင်္ဘောလွင့်ခဲ့သည်။
သို့သော် ဇနကမင်းသား၏ သင်္ဘောသည် ပင်လယ်ခရီး၌ နစ်လေသည်။ ထိုအခါ သင်္ဘောသား ခုနစ်ရာတို့သည် ယောက်ျားတို့၏ လုံ့လကို တစ်စုံတစ်ခုမျှမပြုပဲ​ ငိုကြွေးမြည်တမ်းလျက်ပင် ငါး၊ လိပ်၊​ ငမန်းတို့၏ အစာဖြစ်လေကုန်သည်။ ဘုရားလောင်းကား ​ယောက်ျားတို့၏ လုံ့လဝိရိယကို မလျှော့ပဲ ခုနှစ်ပတ်လုံး ပင်လယ်၌ ကူးတော်မူ၏။ ထိုအခါ မဏိမေခလာ နတ်သမီးသည် မနီးမဝေးသော ကောင်းကင်က ကိုယ်ထင်ပြကာ ရပ်လျက် ကောင်းမြတ်သော လုံ့လဖြင့် တည်းကူးသလော၊ မူးရူးသောစိတ်ဖြင့် တည်းကူးသလောဟု စုံစမ်းရန် ‘တစ်ဖက်ကမ်းသို့ မရောက်နိုင်ရာသော ဤမဟာသမုဒ္ဒရာ၌ အပင်အပန်းကူးသဖြင့် အဘယ်အကျိုးထူးကို ရ၍ ကိုယ်ဆန္ဒပြည့်မည် ထင်မြင်ဖွယ်ရှိသောကြောင့် ကြိုးစားအားထုတ်ခြင်းကို ပြုဘိသလော’ ဟု မေး၏။ ထိုအခါ ဘုရားအလောင်းသည် ‘နတ်သမီး ကောင်းစွာအားထုတ်လပ်သော ယောက်ျားတို့၏ လုံ့လသည် အကျိုးမဲ့ ဖြစ်ဘူးသည်မရှိ။ ဤသမုဒ္ဒရာကမ်းကို မမြင်ကာမျှနှင့် အဘယ့်ကြောင့် ​ယောက်ျားတို့၏ လုံ့လကို လျှော့ထိုက်အံ့နည်း။ ကမ်းကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊​အကျိုးကို မြင်သဖြင့် ငါလုံ့လပြုသည်’ ဟု ဆိုသည်။
ထိုအခါ နတ်သမီးသည် ဘုရားလောင်း၏ တရားကို နာလိုသောကြောင့် ပြန်၍ စာနာတတ်လေသော် ဘုရားလောင်းသည် လုံ့လပြုခြင်းကြောင့် ယောက်ျားမှန်လျက်နှင့် အသက်မရှိသော ကျွန်းထင်းကဲ့သို့ လုံ့လမပြုပဲ နေသည်ဟု အများတကာတို့ အပြစ်မတင်နိုင်စေရန် လုံ့လကို ပြုသင့်ကြောင်း ပြောပြသည့်အပြင် လုံ့လအကျိုးကို လက်ငင်းခံစားရကြောင်း ပြလို၍ ‘ဤသမုဒ္ဒရာ၌​ငါနှင့်အတူ သင်္ဘောပျက်ကျသော ခုနစ်ရာသော သင်္ဘောသားတို့သည် ယောက်ျားတို့၏ လုံ့လချို့တဲ့လေခြင်းကြောင့် ငါး၊​ လိပ်တို့၏ အစာသာ ဖြစ်ကြလေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏ လုံ့လကို မလျှော့ခြင်းကြောင့် ငါး၊​ လိပ်တို့၏ ဘေးမှလွတ်သည့်ပြင် လူသာမန်တို့ မြင်ရခဲသော သင်နတ်သမီးကို ငါမြင်ရ၏။ သင်သနား၍ ငါ့ကို ကယ်ဆောင်ပါလျှင် ငါ၌ အကျိုးရှိလတ္တံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးရသော်လည်း လုံ့လပြုကျိုး ငါ၌ရှိလေပြီ’ ဟူ၍ နတ်သမီး မဆိုသာအောင် ပြန်လှန်ချေပလေသည်။ ထိုစကားကို ကြားလျှင် နတ်သမီးသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းတော် ဇနကမင်းသား အလိုရှိရာ မိထ္တိလာပြည်သို့ ပို့ဆောင်၍ ​​ကျောက်ဖျာထက်၌ သိပ်ထားလေသည်။
ထိုအခါ မိထ္တိလာပြည်၌ကား ဘ​ထွေးတော် ပေါလဇနကမင်း နတ်ရွာစံ၍ ခုနစ်ရက်ရှိနှင့်ပြီး သတည်း။ ပေါလဇနကမင်း၌ သီဝလိဒေဝီဟူသော သမီးတော်သာလျှင် ကျန်ရစ်လေသည်။ ပေါလဇနကမင်းသည် ထီးနန်းဆက်ခံ စိုးစံသည့် ကိစ္စအတွက် နတ်ရွာမစံမီ မှူးကြီးမတ်ရာတို့အား မှာကြားခဲ့သည်ကား ဗိုလ်ခြေတစ်ထောင် တင်နိုင်ချနိုင်သော လေးကို တစ်ယောက်တည်းဖြင့် တင်နိုင်ချနိုင်သော ကာယဗလရှိသူ၊ တစ်ဆယ့်ခြောက်လုံးသော ရွှေအိုးကြီးကို ဖော်ထုတ်နိုင်သော ဉာဏဗလရှိသူ မည်သည့်အမျိုးကိုမဆို သမီးတော် သီဝလိဒေဝီ နှစ်သက်သည်ရှိသော် ထီးနန်းအပ်နှင်းလေ ဟူ၍ဖြစ်သည်။
ထိုမှာကြားချက်အရ မင်းသမီးနှင့် ထိုက်တန်ရာကို ရှာကြံ၍ မရနိုင်လတ်သော် မှူးမတ်တို့သည် မင်းလောင်းရှိရာသို့ အဓိဋ္ဌာန်ဖြင့် ဖုတ်သွင်းရထား လွှတ်လေသည်။ ထိုအခါ ရထားသည် ဘုရားလောင်း ဇနကမင်းသား စက်တော်ခေါ်ရာ မင်္ဂလာကျောက်ဖျာ၌ ရပ်တန့်လေသည်။ ထို့ကြောင့် မှူးကြီးမတ်ရာ သေနာပတိတို့သည် ပုရောဟိတ်၏ အကြံပေးချက်အရ ဘုန်းရှင် သမ္ဘာရှင် ဖြစ်မဖြစ်ကိုလည်းကောင်း၊ ပေါလဇနကမင်း မိန့်မှာခဲ့သည့်အတိုင်း ကာယဗလ၊​ ဉာဏဗလ ရှိမရှိကိုလည်းကောင်း စမ်းသပ်ပြီးသော် အလောင်းတော် ဇနကမင်းသားအား မိထ္တိလာပြည်၏ ထီးနန်းကို သီဝလိဒေဝီ မင်းသမီးနှင့်တကွ အပ်နှင်းလေသည်။
ဤသို့ဖြင့် မဟာဇနကမင်းနှင့် သီဝလိဒေဝီ မိဖုရားတို့သည် မင်း၏စည်းစိမ်ဖြင့် တင့်တယ်စွာ စံနေတော်မူကြသည်။ တစ်နေ့သောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူသည်တွင်း မဟာဇနကမင်းသည် သရက်ပင် နှစ်ပင်၏ ဥပမာကို ကြည့်၍ ဤအပင်ကား အသီးမသီးသောကြောင့် စိမ်းစိမ်းလတ်လတ် ညိုဖတ်သော ခက်ရွက်ဖြင့် နှစ်သက်ဖွယ် ပြကတေ့အတိုင်းရှိသည်။ ဤအပင်ကား အသီးသီးခြင်းကြောင့် ဖျက်ဆီးတတ်သော သူနှင့် ဆက်ဆံသည်ဖြစ်၍ ပြကတေ့အတိုင်း မတည်ရ။ ဤပြည်စည်းစိမ်သည်လည်း ရန်သူနှင့် ဆက်ဆံခြင်းကြောင့် အသီးသီးသော သရက်ပင်နှင့်တူသည်။ ရန်သူ မဆက်ဆံသော စည်းစိမ်ကိုရှာလျှင် ရသေ့ရဟန်း၏ အဖြစ်သည်သာ ရန်သူနှင့် မဆက်ဆံသောကြောင့် အသီးမသီသော သရက်ပင်နှင့်တူ၏ ဟူ၍​နေက္ခမ္မဝိတက်ဖြင့် အကြံတော်ရရှိပြီးလျှင် ရဟန်းအဖြစ်ကို တောင့်တ၍ တောထွက်တော်မူသည်။ ထိုအခါ သီဝလိဒေဝီနှင့်တကွ မိဖုရား ခုနစ်ရာတို့သည် မဟာဇနကမင်း၏ နောက်သို့လိုက်ပါလျက် ​တောမထွက်ရလေအောင် အမျိုးမျိုးသော ပရိယာယ်တို့ဖြင့် တားမြစ်ကြကုန်သည်။
ထိုအခါ ဘုရားလောင်းအား နာရဒရှင် ရသေ့နှင့် မိဂါဇိန်ရှင် ရသေ့တို့က ငါးပါးအာရုံ ကာမဂုဏ်တို့ကို ဖြတ်၍ တစ်ယောက်တည်းချင်း ကမ္မဋ္ဌာန်းကို ရှေးရှုသော ရဟန်းတို့၏ဘဝကို ညွှန်ပြ ဩဝါဒ ပေးတော်မူသည်။ သို့သော် သီဝလိဒေဝီနှင့်တကွ မိဖုရား မောင်းမ မိဿံတို့သည် အလောင်းတော် ဇနကမင်း၏ နောက်သို့လိုက်ပါမြဲ လိုက်ပါလျက်ရှိရာ လက်ကောက် နှစ်ဆင့်ဝတ်ရာ၌ အသံဖြစ်၍ လက်ကောက်တစ်ဆင့် ဝတ်ရာ၌ အသံမဖြစ်သည့် ဥပမာကိုလည်းကောင်း၊​ မျက်စိတစ်ဖက်ကို မှိတ်လျက် တစ်ဖက်ဖြင့် ကြည့်၍သာ မြားကို ဖြောင့်၍ရသော ဥပမာကိုလည်းကောင်း၊ ဖြတ်အပ်ပြီးသော ဖြူဆံမြက်ပင်မှ မြက်ညွန့်ကို ထိုအပင်၌ တစ်ဖန်ပြန်ဆက်၍ မရကောင်းသော ဥပမာကိုလည်းကောင်း အလောင်းတော် ဇနကမင်းသည် သီဝလိဒေဝီ မိဖုရားအား ပြလေသည်တွင်မှ မိဖုရားနှင့်တကွသော အမတ်တို့သည် ဘုရားလောင်းထံသို့ ဆက်၍ မလိုက်တော့ပဲ ပြည်တော်သို့ ပြန်ကြလေကုန်သည်။ ထိုနောက် မိဖုရားကြီးသည် သားတော် ဒီဃာဝု မင်းသားအား ထီးနန်းအပ်၍​မိမိကိုယ်တိုင် ရဟန်းပြုလေသည်။
ဤမဟာဇနက ဇာတ်တော်၌ နိက္ခမပါရမီကို အဓိကထား၍ မြတ်စွာဘုရား ဟောကြားတော်မူသည် ဖြစ်သော်လည်း ဝိရိယပါရမီ ဖြည့်တင်းပုံကိုလည်း ပြဆိုထားသည်။

တေမိယဇာတ်တော်

တေမိယဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘွဲ့ဇာတ်ကြီး ဆယ်ဘွဲ့ အနက် ပထမဦးဆုံးဘ၀ဖြစ်စဉ် မှတ်တမ်းဝင်သော ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် မဟာဘိနိက္ခမ ပါရမီတော်ကို အကြောင်းပြု၍ ဂါထာပေါင်း ၁၂၁ ဂါထာခွဲတို့ဖြင့် တန်ဆာစီခြယ်သော တေမိယဇာတ်တော်ကို ဟောတော်မူသည်။ ဤတေမိယဇာတ်တော်ကြီးကို မင်းဘူးမြို့ လေသာကျောင်းတိုက်၌ သီတင်းသုံးသော မင်းဘူးဦးသြဘာသမင်းဘူးဦးသြဘာသ အရှင်သူမြတ်သည် ဒါယကာ မောင်ဝက အဖန်အလဲလဲ တောင်းပန်အပ်သည်ဖြစ်၍ မြန်မာစကားပြေ သက်သက်ဖြင့် ပြုစုရေးသားရာ မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်နေ့တွင် ပြီးမြောက်သည်။
ထိုတေမိယဇာတ်တော်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည် ကာသိတိုင်းကို အစိုးရသောကြောင့် ကာသိကရာဇ် အမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်း၏ မိဖုရားကား မဒ္ဒရာဇ်တိုင်း သာဂလပြည် မဒ္ဒရာဇ်မင်း၏ သမီးတော် စန္ဒာဒေဝီဖြစ်သည်။ ထိုမိဖုရားကြီးမှစ၍ မင်းမောင်းမ အပေါင်းတို့တွင် တစ်ယောက်သော မိဖုရားမောင်းမတို့မျှ သားသမီး မထွန်းကားကြပေ။ ထို့ကြောင့် ဗာရာဏသီ ပြည်သူပြည်သား အပေါင်းတို့သည် ထီးမွေနန်းမွေကို ဆက်ခံရန် သားဆုကို တောင်းပါမည့်အကြောင်း မင်းရင်ပြင်၌ အညီအညွတ် စည်းဝေး၍ ကာသိကရာဇ်အား လျှောက်ထားကြကုန်သည်။ ထို့ကြောင့် မင်းကြီး၏ တစ်သောင်းခြောက်ထောင်သော မောင်းမအပေါင်းတို့သည် မိမိတို့ကိုးကွယ်ရာ နတ်တို့ကို ပူဇော်တင်ကိုး၍ သားဆုကို တောင်းကြကုန်၏။ သို့ရာတွင် စန္ဒာဒေဝီ မိဖုရားကြီး၌သာလျှင် သားဆုပန်သည့် အလိုတော်ပြည့်၍ တေမိယဟူသော အလောင်းတော် မင်းသားသည် ဖွားမြင်လေသည်။
တနေ့သ၌ မင်းကြီးသည် တစ်လသား သားငယ်ကို မိဘတို့၏ ချစ်ခြင်းမေတ္တာ အဟုန်ဖြင့် ရင်ခွင်၌ထား၍ မုတ်တံခါးနန်ရင်ပြင် သဘင်တော် ထီးဖြူရိပ်မှာ စိတ်နှလုံး ချမ်းမြေ့စွာ နေလေသည်။ ထိုအခါ မင်းချင်းတို့သည် ခိုးသူလေးယောက်ကို ဖမ်းယူချီနှောင်၍ မင်းကြီးအား ဆက်လာလေ၏။ ထိုအခါ မင်းကြီးလည်း ခိုးသူတို့ကို အများကြောက်ရွံ့ ထိတ်လန့်အောင် ထင်ရှားစွာ စီရင်ဟု ဆိုတော်မူ၏။ ထိုသို့ ကြောက်မက်ဖွယ်ဆိုသော မင်းကြီးစကားကို တစ်လသားအရွယ် မင်းသားငယ် ကြားသိလေသော် ရှေးဘဝက ဗာရာဏသီပြည်ဝယ် အနှစ်နှစ်ဆယ် မင်းပြုခဲ့သည့် အဖြစ်ကြောင့် နှစ်ပေါင်း ရှစ်သောင်းမျှ ငရဲသို့ လားခဲ့ရသည်ကို ပါရမီအလျောက် ပြန်ပြောင်းအောက်မေ့မိ၍ မင်းပြုရမည့် အခြင်းအရာကို များစွာတုန်လှုပ်မိလေသည်။
ထိုအခါ ရှေးက အမိဖြစ်ခဲ့ဖူးသူ ထီးဖြူတော်စောင့် နတ်သမီးသည် တေမိယမင်းသားအား ဆွံ့၊ အ၊ နားပင်း၍ လူခြင်းမတူသော ကာလကဏ္ဏီကဲ့သို့ ဟန်ဆောင်၍ နေရန် အကြံပေးလေသော် တေမိယမင်းသားသည် ထိုအကြံအတိုင်း တစ်ပါးသော သူငယ်များကဲ့သို့ မငို၊ အလိုအလျောက် လက်ခြေတို့ကိုလည်း မယူမသိမ်း၊ မှိန်းမှိန်းရှက်ရှက် အိမ်စက်မွေ့ခြင်းလည်းမရှိ။ နား၊ မျက်စိတူရူ အမြှူအဖျော် မေးခေါ်ငြားလည်း မကြားယောင်သဖွယ် တိမ်းဘက်လှည့်၍​ မကြည့်ရှု၊ ပြုစုထိန်းသူတို့ ထားတိုင်းသော ခြေလက်မျက်နှာ ဣရိယာပတ်ဖြင့်သာလျှင် အင်္ဂါသုံးတန်ကို အဓိဋ္ဌာန်မြဲစွာနှင့် ပါရမီဖြည့်တော်မူ၏။
ထိုသို့ မင်းသား မတုန်မလှုပ် နေကြောင်းကို အထိန်းတော်တို့ သိလတ်သော် မင်းကြီးအား လျှောက်ထားပြီးလျှင် သုခမိန်တို့ဖြင့် တိုင်ပင်၍ တစ်နှစ်အရွယ်၌ နို့ရည်ဖြင့် အလိုစမ်းခြင်း၊ နှစ်နှစ်အရွယ်၌ မုန့်ခဲဖွယ်ဖြင့် အလိုစမ်းခြင်း၊ သုံးနှစ်အရွယ်၌ သစ်သီးဖြင့် အလိုစမ်းခြင်း၊ လေးနှစ်အရွယ်၌ ကစားဖွယ်ဖြင့် အလိုစမ်းခြင်း၊​ ငါးနှစ်အရွယ်၌ ဘောဇဉ်ဖြင့် အလိုစမ်းခြင်း၊ ခြောက်နှစ်အရွယ်၌ မီးဖြင့် အလိုစမ်းခြင်း၊ ခုနစ်နှစ်အရွယ်၌ ဆင်ဖြင့် အလိုစမ်းခြင်း၊ ရှစ်နှစ်အရွယ်၌ မြွေဖြင့် အလိုစမ်းခြင်း၊ ကိုးနှစ်အရွယ်၌ ကချေသဘင်ဖြင့် အလိုစမ်းခြင်း၊ ဆယ်နှစ်အရွယ်၌ သန်လျက်ဖြင့် အလိုစမ်းခြင်း၊ တဆယ့်တစ်နှစ်အရွယ်၌ ခရုသင်းဖြင့် အလိုစမ်းခြင်း၊ တဆယ့်နှစ်နှစ်အရွယ်၌ စည်ကြီးဖြင့် အလိုစမ်းခြင်း၊​ တဆယ့်သုံးနှစ်အရွယ်၌ ဆီမီးဖြင့် အလိုစမ်းခြင်း၊ တဆယ့်လေးနှစ်အရွယ်၌ တင်လဲဖြင့် အလိုစမ်းခြင်း၊ တဆယ့်ငါးနှစ်အရွယ်၌ မစင်ဖြင့် အလိုစမ်းခြင်း၊ တဆယ့်ခြောက်နှစ်အရွယ်၌ မီးမယ်ဖြူးဖြင့် အလိုစမ်းခြင်း၊ တဆယ့်ခုနစ်နှစ်အရွယ်၌ ကချေသည်ဖြင့် အလိုစမ်းခြင်းဟူ၍ မင်းအမတ်တို့သည် တေမိယမင်းသား၏ အလိုကို သိရအောင် ဆယ့်ခုနစ်ကြိမ်တိုင်တိုင် အလိုစမ်းကြကုန်၏။ သို့ရာတွင် အမှန်ကို မလျှောက်ထားနိုင်ကြောင်း သိရသော် မင်းကြီးသည် ပုရောဟိတ် ပုဏ္ဏားတို့အား ခေါ်ယူမေးမြန်းပြန်ရာ ပုရောဟိတ်တို့သည် တေမိယမင်းသားအား ကျက်သရေမရှိ သည်ဖြစ်၍ အမင်္ဂလာ အင်္ဂါချို့ယုတ်သော မြင်းရထား၌ တင်စေ၍ သုဿန်တစပြင်၌ မြှုပ်နှံသဖြင့် ဖျောက်ရန်သင့်မည်ဟု ဓမ္မဝတ်ကို မငဲ့ကွက်ပဲ လျှောက်ထားကြသည်။
ထိုအခါ မယ်တော် စန္ဒာဒေဝီ မိဖုရားကြီးသည် ရှေးအခါက မိမိလိုရာ ခွင့်တောင်းစေဟူသော အမိန့်ကို မင်းကြီးထံမှ ကတိရရှိပြီးဖြစ်သည့်အတိုင်း သားတော်တေမိယမင်းသား အသက်ချမ်းသာစိမ့်သောငှာ သားတော်အား ထီးမွေနန်းမွေ ပေးအပ်ရန် တောင်းဆိုလေ၏။ မင်းကြီးငြင်းလတ်သော် မိဖုရားလည်း တသက်တာမျှ မင်းအဖြစ်မရလျှင် ခုနနှစ် သို့တည်းမဟုတ် ခုနစ်လ၊ ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊​ ဆယ့်ငါးရက်၊ ခုနစ်ရက် စသည်ဖြင့် တတ်နိုင်သမျှဆုကို ရလေအောင် လျှောက်ထားရာ နောက်ဆုံး၌ တေမိယမင်းသားအား ခုနစ်ရက် ထီးနန်းအပ်လေ၏။ ဤခုနစ်ရက် ထီးနန်းစိုးစံနေစဉ် မယ်တော် စန္ဒာဒေဝီ မိဖုရားသည် တေမိယမင်းသားအား စကားပြောပါရန် တောင်းပန်သည်။ သို့သော်လည်း တေမိယ မင်းသားသည် မယ်တော်တစ်ယောက်ကို မထောက်မထား သနားခြင်း မရှိလေဟန်ဖြင့် အဓိဋ္ဌာန်မပျက်ရအောင် မတုန်မလှုပ်သာလျှင် နေတော်မူသည်။
ထိုကြောင့် ခုနစ်ရက်မြောက်သောနေ့တွင် ရထားမှူးသည် တေမိယမင်းသားအား မြေတွင်မြှုပ်အံ့ဟု သုဿန်သို့ ထုတ်လေသည်။ ထိုအခါမှ တေမိယမင်းသားသည် ‘ငါကား အထက်က ပညာစွမ်း၊​ ကိုယ်စွမ်းကို ဖုံးလွှမ်းမြှုပ်တိမ် အချိန်အခါ မဟုတ်သဖြင့် ထုတ်ပြခြင်းမပြု၊ ယခုမူကား ပညာနှင့် ကိုယ်အားကို ထင်ရှားစွာ ထုတ်ပြသင့်သောအခါ ရောက်ပြီ’ ဟုယူဆလျက်၊ ရထားမှ မြေသို့သက်ပြီးလျှင် အဝတ်တန်ဆာတို့ကို ဝတ်ဆင်ရန် တောင့်တတော်မူလေ၏။ ထိုတောင့်တချက်အရ ဝိသကြုံနတ်သားက သိကြားမင်းကိုယ်စား ဝတ်လဲတော်ကို ဆက်သရာ ထိုဝတ်လဲတော်ကို ဝတ်၍ ရထားမှူး သုနန္ဒာနှင့် စကားဆိုတော်မူ၏။ ဘုရားလောင်း တေမိယမင်းသားသည် ရထားမှူးအား အဆွေခင်ပွန်းတို့အား မပြစ်မှားထိုက်ကြောင်း မိတ္တပူဇာဒေသနာ ဆယ်ဂါထာဖြင့် တရားဓမ္မဟောပြသည်တွင် ရထားမှူးသည် တေမိယမင်းသား၏ အဖြစ်သနစ်ကိုသိ၍ နေပြည်တော်သို့ ပြန်ပြီးလျှင် မင်းပြုတော်မူပါရန် လျှောက်ထားလေသည်။
တေမိယမင်းသားကား မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုလျက် ချမ်းသာစွာနေမည်ကို ပြောပြ၍ ခမည်းတော်၊ မယ်တော်၊ ဆွေတော်မျိုးတော်တို့အား ကန်တော့လိုက်ကြောင်းကို မှာကြားကာ ရထားမှူးကို နေပြည်တော်သို့ လွှတ်လေသည်။ ရထားမှူးလည်း နေပြည်တော်သို့ ရောက်၍ အကြောင်းစုံကို လျှောက်ထားလေသော် မယ်တော်၊ ခမည်းတော် စသည်တို့သည် ရဟန်းအဖြစ်သို့ ရောက်ပြီးသော တေမိယမင်းသားထံသို့ ကိုယ်တိုင်လိုက်လာကြပြီးနောက် တေမိယမင်းအား မင်းအဖြစ်ကို ယူပါရန် တောင်းပန်လတ်တော် တေမိယမင်းသည် တောထွက်ခြင်း၏ အကျိုးကိုပြ၍ တရားဓမ္မဟောကြားသည်တွင် မယ်တော်၊ ခမည်းတော်မှအစ ဗာရာဏသီ တစ်ပြည်လုံးသည် ဥစ္စာ၊ စည်းစိမ်ဟူသမျှတို့ကို စွန့်လွှတ်၍ တောထွက်ကာ ရဟန်းပြုကြလေသည်။ ထိုမှတစ်ဖန် ဗာရာဏသီ ပြည်သူပြည်သားတို့ ရဟန်းပြုကြသည်ဟူသော သတင်းကို ကြားသိရသော် အနီးအနားရှိ ခုနစ်ပြည်ထောင် မင်းအပေါင်းတို့လည်း တောထွက်၍ ရဟန်းပြုကြလေကုန်သည်။

မဟောသဓာဇာတ် အပိုင်း- ၃၈ (ဇာတ်သိမ်း)

“အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး)
 
ပရိဗိုဇ်မက “ညီတော် တိက္ခိနမန္တိကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးပြန်သည်။

မင်းကြီးက “ညီတော်သည် စလာကဒေဝီနှင့် ဆမ္ဘီပုဏ္ဏားတို့ လက်ဆက်ပြီးမှ ဖွားမြင်သော မင်းသားဖြစ်သည်။ ထို့ကြောင့် ဆမ္ဘီပုဏ္ဏားက သူနှင့် သင့်၍ရသော မင်းသားဟု မှတ်ထင်ကာ အရွယ်ရောက်သောအခါ သန်လျက်ပေးအပ်၍ အခစား ခိုင်းထားသည်။ မင်းသားကလည်း သူ့ဖခင် ဟူ၍ပင် ထင်သည်။ သို့ရာတွင် အမတ်များက မင်းသားအား ‘သင့်မယ်တော်သည် သင့်ကို ကိုယ်ဝန်ရှိသော အချိန်၌ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ခတ်သတ်ပြီး ပုဏ္ဏားကို နန်းတင်ခြင်းသာ ဖြစ်သည်’ ဟု ပြောပြကြသည်။ ဤတွင် တိက္ခိနမန္တိ မင်းသားသည် ဆမ္ဘီပုဏ္ဏားကို လုပ်ကြံသတ်ဖြတ်လျက် နန်းတက်မည်ပြုသည်။ ထိုအခါ မယ်တော်က ‘မဒ္ဒရာဇ်တိုင်း၌ သင့်နောင်တော် ရှိနေသေးသည်’ ဆိုသဖြင့် နောင်တော်ဖြစ်သော ကျွန်ုပ် စူဠနီဗြဟ္မဒတ်ကို ပင့်ဆောင်ကာ နန်းတင်ခဲ့သည်။ ဤမျှ ကျွန်ုပ်အပေါ် ကျေးဇူးကြီးလှပါသည်။ သို့ရာတွင် သူချီးမြှောက်၍ မင်းအဖြစ်သို့ ရောက်ရသည်ဟု သဘောထားကာ ကျွန်ုပ်အပေါ် မထေမဲ့မြင် ပြုတတ်ပါသည်။ ထို့ကြောင့် ရေစောင့်ဘီလူးအား ညီတော်ကို ပေးမည်ဟု ပြောရပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ဓနုသေခကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီးက “ဓနုသေခသည် ငယ်စဉ်က အတူအိပ်၊ အတူစား၊ ကစားဖော်ဖြစ်ခဲ့သည်။ ကျွန်ုပ် မင်းအဖြစ်သို့ ရောက်သောအခါ အရေးအရာမသိ၊ မင်းမဖြစ်မီကကဲ့သို့ပင် ရောရောနှောနှောနေကာ ရယ်မော ပြောဆိုလေ့ရှိသည်။ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့် ရထားသည်ဆိုပြီး ကျွန်ုပ်နှင့် မိဖုရားကြီး နှစ်ကိုယ်တူနေသည့် အခါတွင်လည်း အခွင့်မတောင်း၊ အကြောင်းမကြား၊ စွပ်ခနဲ ဝင်ချင်ဝင်လာတတ်သည်။ ထို့ကြောင့် ဓနုသေခကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ပုရောဟိတ် ကေဝဋ်ပုဏ္ဏားကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီက “ကေဝဋ်ပုဏ္ဏားသည် ပရိသတ်အလယ်၌ ကျွန်ုပ်ကို မျက်မှောင်ချီလျက် ဒေါသဖြင့် မျက်စိပြူး ကြည့်တတ်ပါသည်။ ထို့ကြောင့် သူ့ကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ထို့နောက် ဘေရီ ပရိဗိုဇ်မက “မယ်တော် စသော ပုဂ္ဂိုလ်ငါးဦးတို့ကို ရေစောင့်ဘီလူးအား ပေးမည်ဆိုသည့် အကြောင်းရင်းကို သိရပါပြီ။ သင်မင်းကြီး ကိုယ်တိုင်ကား ဧကရာဇ်ဘုရင်ကြီး ဖြစ်ပါလျက် မဟောသဓာကိုယ်စား မိမိအသက်ကို စွန့်မည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေး၏။

မင်းကြီးက “မဟောသဓာ သုခမိန်သည် အကျွန်ုပ်ထံသို့ ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ကျွန်ုပ်အား ကိုယ်နှုတ်ဖြင့် ပြစ်မှားခြင်း လုံးဝမရှိခဲ့ပါ။ မဟောသဓာ သုခမိန်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တည်းဟူသော ကာလသုံးပါးတို့၌ အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည်တို့ကိုလည်း သိမြင်နိုင်သူဖြစ်သည်။ သူတစ်ပါးတို့အား ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့်လည်း ပြစ်မှားခြင်း မပြုတတ်။ မဟောသဓာ သုခမိန် မသေမီ အကျွန်ုပ် သေရလျှင် သားတော်အစဉ်၊ မြေးတော်အဆက်တိုင်အောင် မဟောသဓာသည် စောင့်ရှောက်လိမ့်မည်။ ဤတွင် ကျွန်ုပ်အဖို့ ကောင်းသောသေရခြင်း ဖြစ်ပါသည်။ ထို့ပြင် မဟောသဓာ သုခမိန်၏ ကောင်းကျိုးပြုမှုကြောင့် လူခပ်သိမ်းတို့အဖို့လည်း ပစ္စုပ္ပန် သံသရာတို့၌ စီးပွားချမ်းသာ ရနိုင်ပါသည်။ ထို့ကြောင့် မဟောသဓာကိုယ်စား ကျွန်ုပ်၏ အသက်ကို ရေစောင့်ဘီလူးအား ပေးမည်ဟု ဆိုခြင်းဖြစ်သည်” ဟု ရှင်းလင်း ပြောဆို၏။

ဘေရီ ပရိဗိုဇ်မလည်း မဟောသဓာ၏ ဂုဏ်ကို ထို့ထက် ပို၍ ထင်ရှားစေလိုသောကြောင့် မြို့သူမြို့သားတို့ကို စည်းဝေးစေသည်။ မင်းကြီးအား ပရိသတ်အလယ်တွင် ရေစောင့်ဘီလူး ပြဿနာကို အထက်ပါအတိုင်း ထပ်၍ မေးပြန်၏။ မင်းကြီကလည်း အထက်ပါအတိုင်းပင် ဖြေကြား၏။

ပညာမည်သည်

ထိုအခါ ပရိဗိုဇ်မက “တိုင်းသူပြည်သား အပေါင်းတို့၊ ယခု မင်းကြီးပြောသည့် စကားကို ကြားကြပြီ မဟုတ်လော၊ ပညာရှိ မဟောသဓာအတွက် မိမိအသက်ကိုပင် စွန့်မည်ဟု ပြောချေပြီ။ မင်းကြီးသည် မယ်တော်၊ မိဖုရား၊ ညီတော်၊ အဆွေခင်ပွန်း၊ ပုရောဟိတ်ပုဏ္ဏားနှင့် မိမိကိုယ်ကိုပင် စွန့်၍ ပညာရှိကို စောင့်ရှောက်ပေသည်။ ပညာမည်သည် မဏိဇောတ ပတ္တမြားနှင့် တူ၏။ အလိုရှိအပ်သော အရာခပ်သိမ်းကို ပြီးစေ၏။ အလွန် တန်ခိုးကြီး၏။ ပညာသည် ဒုစရိုက် ဆယ်ပါးကို ရှောင်ရှားစေ၍ သူတော်ကောင်း တရားကို ပွားစေ၏။ ပညာသည်သာလျှင် မျက်မှောက်ဘဝ၌ ကိုယ်၏ စီးပွားနှင့် သူတစ်ပါးတို့၏ စီးပွားအကျိုးကို ဆောင်နိုင်၏။ နောင်တမလွန် ဘဝ၌လည်း ကောင်းမြတ်သော သုဂတိသို့ ပို့ဆောင်ပေးနိုင်၏။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာကိုလည်း ရွက်ဆောင်နိုင်၏” ဟူ၍ မဟောသဓာ၏ ပညာဂုဏ်ကို ချီးမွမ်း ပြောဆိုလေ၏။

(ဇာတ်ပေါင်းသော် မဟောသဓာသည် ဂေါတမမြတ်စွာဘုရား၊ အမရာဒေဝီသည် ယသော်ဓရာ၊ မဟောသဓာ၏ ခမည်းတော် သီရိဝဍ္ဎန သူဌေးသည် သုဒ္ဓေါဒန မင်းကြီး၊ သူဌေးကတော် သုမနဒေဝီသည် မယ်တော်မာယာ၊ ဝိဒေဟရာဇ်မင်းသည် ကာဠုဒါယီ၊ စူဠနီဗြဟ္မဒတ်မင်းသည် အရှင်သာရိပုတ္တရာ၊ ကေဝဋ်ပုဏ္ဏားသည် ဒေဝဒတ်၊ သေနက အမတ်သည် အရှင် မဟောကဿပ၊ ပက္ကုသ်အမတ်သည် အမ္ဗဌလုလင်၊ ကာမိန္ဒအမတ်သည် ကုဋဒန္တပုဏ္ဏား၊ ဒေဝိန္ဒအမတ်သည် ပိလောတိကလုလင်၊ ဥဒုမ္ဗရဒေဝီသည် ဒိဌမင်္ဂလိက အမျိုးသမီး၊ ပဉ္စာလစန္ဒီ မင်းသမီးသည် သုန္ဒရီ၊ ဘေရီ ပရိဗိုဇ်မသည် ဥပ္ပလဝဏ်၊ ကျေးလိမ္မာသည် အရှင်အာနန္ဒာ၊ သာလိကာမသည် မလ္လိကာ မိဖုရားတို့ အသီးသီး ဖြစ်လာကြလေသည်)

***ဤမဟောသဓာဇာတ်တော်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

မဟောသဓာဇာတ် အပိုင်း- ၃၇

 “မဟောသဓာ စူးစမ်းခြင်း”
 
ဤသို့ စစ်သေနာပတိ ရာထူးကို ကြီးကျယ်စွာ ချီးမြှောက်လိုက်သောအခါ မဟောသဓာသည် သံသယဝင်မိ၏။ ‘မင်းကြီးသည် ငါ့အား သဘောရိုးဖြင့် ချီးမြှောက်ခြင်း ဟုတ်ပါလေစ’ ဟု တွေးတောသည်။ သို့ဖြင့် ပရိဗိုဇ်မထံ သွားသည်။

“အရှင်မက ကျွန်ုပ်၏ ဂုဏ်ကို ပြောဆိုသည့်အတွက် မင်းကြီးသည် လက်ရှိ မှူးမတ်များကို လွှမ်းမိုး၍ ကျွန်ုပ်အား ထူးထူးကဲကဲ မြှောက်စားတော်မူပါသည်။ ‘ဤသို့ ပြုခြင်းသည် သဘောရိုးဖြင့်လော၊ သို့တည်းမဟုတ် ပရိယာယ်ဖြင့်လော’ ဟု တွေးတောစရာ ဖြစ်နေပါသည်။ စုံစမ်းပေးတော်မူပါ” ဟု ပန်ကြား၏။

ပရိဗိုဇ်မလည်း “ကောင်းပြီး” ဟု ဝန်ခံလိုက်သည်။ နောက်တစ်နေ့ နန်းတော်သို့ ကြွသောအခါ အခြားသူများကို ဖယ်ရှားခိုင်းပြီးလျှင် မင်းကြီးတစ်ပါးတည်းအား မေးမြန်း၏။

“အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် မယ်တော် စလာကဒေဝီ၊ မိဖုရားနန္ဒာဒေဝီ၊ ညီတော်တိက္ခိနမန္တိ မင်းသား၊ ဓနုသေခ အဆွေခင်ပွန်း၊ ပုရောဟိတ်ကေဝဋ်၊ မဟောသဓာ ပညာရှိတို့နှင့် အတူ ပင်လယ်ထဲသို့ လှေဖြင့်သွားသည် ဆိုပါစို့။ ထိုစဉ် လူသားစားသည့် ရေစောင့်ဘီလူးက လှေကို ချုပ်ကိုင်မည်။ ဤသူ ခြောက်ယောက်တို့ကို ငါ့အား အစဉ်အတိုင်း တစ်ယောက်စီပေးမှ သင်မင်းကြီးအား လွှတ်မည်ဆိုလျှင် မည်သူ့ကို အလျင်ပေးမည်နည်း”

ထိုအခါ မင်းကြီးက “ပထမဆုံး မယ်တော် စလာဒေဝီကို ပေးမည်။ ထို့နောက် နန္ဒာဒေဝီ၊ ထို့နောက် တိက္ခိနမန္တိ မင်းသား၊ ထို့နောက် ဓနုသေခ၊ ထို့နောက် ပုရောဟိတ်ကေဝဋ်တို့ကို ပေးမည်။ မဟောသဓာကိုမူ မပေး၊ သူ့ကိုယ်စား ကျွန်ုပ်ကိုယ်ကိုပင် ပေးမည်” ဟု ဆို၏။

ဤသို့ ပြောသဖြင့် မဟောသဓာအပေါ် မင်းကြီး ချစ်မြတ်နိုးလှကြောင်းကို ဘေရီ ပရိဗိုဇ်မ ကောင်းစွာ သိသွားလေသည်။ သို့ရာတွင် ပို၍ စိတ်ချစေရန်နှင့် မဟောသဓာ၏ ဂုဏ်လည်း ထင်ရှားစေရန်အတွက် မှူးမတ် ပရိသတ်တို့ကို စုဝေးစေသည်။ ထိုသူတို့အလယ်၌ အထက်ပါ ပြဿနာကို ထပ်၍ မေးမြန်းသည်။ မင်းကြီးကလည်း ရှေးနည်းအတိုင်းပင် ဖြေကြားသည်။

အားကိုးထိုက်သူ မဟောသဓာ

ထိုအခါ ပရိဗိုဇ်မက “အရှင်မင်းကြီး၊ အရှင်မင်းကြီးက မယ်တော်ကို ပထမဦးဆုံး ပေးမည်ဟု ဆိုသည်။ လောက၌ မိခင်သည် အလွန်ကျေးဇူးကြီးလှသူ ဖြစ်သည်။ အရှင်မင်းကြီး၏ မိခင်မူ အခြားမိခင်များနှင့် မတူပေ။ မင်းကြီးအပေါ် လွန်စွာ ကျေးဇူးများလှသည်။ ဆမ္ဘီပုဏ္ဏားက သင်မင်းကြီးကို ဖျောက်ဖျက်မည် ပြုသောအခါ မယ်တော်သည် ဥပါယ်တံမျဉ်းဖြင့် သင်မင်းကြီး၏ အသက်ကို ကယ်ခဲ့သည် မဟုတ်လော” ဟု ဆို၏။

စင်စစ် စူဠနီဗြဟ္မဒတ်မင်း၏ ခမည်းတော်ကား မဟာစူဠနီဗြဟ္မဒတ်မင်းကြီး ဖြစ်သည်။ မိဖုရား စလာကဒေဝီသည် စူဠနီဗြဟ္မဒတ်မင်းကြီး ငယ်စဉ်အချိန်က ဆမ္ဘီအမည်ရှိ ပုရောဟိတ်ပုဏ္ဏားနှင့် ဖောက်ပြန်ခဲ့သည်။ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ကျွေးသတ်ခဲ့သည်။ ဆမ္ဘိပုဏ္ဏားကို နန်းတင်ခဲ့သည်။ ဆမ္ဘီပုဏ္ဏားသည် စူဠနီဗြဟ္မဒတ် မင်းသား ကြီးပြင်းလာသောအခါ ထီးနန်းကို ယူလိမ့်မည်ဟု စိုးရိမ်သည်။ မင်းသားလေးအား သတ်ရန် စလာကဒေဝီကို စေခိုင်းသည်။ စလေကဒေ၀ီသည် သားတော်ကို မသတ်ဘဲ စားဖိုသည်ထံအပ်ကာ မဒ္ဒရာဇ်တိုင်း သာဂရပြည်သို့ ထွက်ပြေးစေသည်။ စားဖိုသည်လည်း မိမိ၏ သား ဓနုသေခနှင့်အတူ မင်းသားလေးကို ခေါ်၍ ပြေးသွားသည်။ စလာကဒေဝီက ဆိတ်ရိုးတို့ကို ပြကာ သူ့သား စူဠနီ သေပြီဖြစ်ကြောင်း ဆမ္ဘီ ပုဏ္ဏားအား လိမ်လည်လျှောက်ထားသည်။ ပုဏ္ဏားလည်း ယုံကြည်သွားသည်။ နောင်အခါ စူဠနီမင်းသားလေးသည် မဒ္ဒရာဇ်မင်း၏ ချီးမြှောက်ခြင်းကို ခံရလေသည်။ မဒ္ဒရာဇ်မင်း၏ သမီးတော်နှင့် ထိမ်းမြားကာ မင်းဖြစ်လာသည်။

ဘေရီပရိဗိုဇ်မက “ဤသို့ ဆမ္ဘီ ပုဏ္ဏား၏ လက်မှ အသင့်ကို မယ်တော် ကယ်ခဲ့ပါလျက် အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ပေးမည် ဆိုရသနည်း” ဟု မေး၏။
မင်းကြီးက “အရှင်မ၊ အကျွန်ုပ်အပေါ် မယ်တော်၏ ကျေးဇူးများကြောင်း သိပါသည်။ သို့ရာတွင် မယ်တော်သည် အရွယ်နှင့် မလိုက်အောင် ကာမဂုဏ် တပ်မက်လွန်းသူ ဖြစ်ပါသည်။ အသက်အရွယ်၊ အဆင့်အတန်း မရွေး၊ လူအမျိုးမျိုးကို မြှူဆွယ်တတ်ပါသည်။ တိုင်းတစ်ပါးမှ မင်းများထံသို့ပင် ကာမဂုဏ် ပျော်ပါးရန် ကြံစည် စီစဉ်ခဲ့သဖြင့် ကျွန်ုပ်သိရှိကာ အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။ ဤအပြစ်များကြောင့် မယ်တော်အား ရေစောင့်ဘီလူးကို ပေးမည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်” ဟု ဖြေကြား၏။

ထို့နောက် ပရိဗိုဇ်မက “နန္ဒာဒေဝီကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်နည်း” ဟု မေး၏။ မင်းကြီးက “နန္ဒာဒေဝီသည် ကျွန်ုပ်နှင့် ကာမဂုဏ် ခံစား၍ ပျော်ပါးနေသည့်အခါမျိုး၌ ဘာမဆို တောင်းသမျှ ရလိမ့်မည်ဟု သိသည်။ သို့ဖြင့် အခြားသားတော်၊ သမီးတော်တို့အား ကျွန်ုပ်ပေးသည့် လက်ဝတ်လက်စား တန်ဆာများကို မတောင်းထိုက်ဘဲလျက် သူ့ကို ပေးပါဟု တောင်းသည်။ ကျွန်ုပ်ကလည်း ကာမဂုဏ် ပျော်မြူးခိုက်ဖြစ်၍ သူ တောင်းသမျှ ပေးမိသည်။ နန္ဒာဒေဝီသည် နောက်တစ်နေ့ရောက်လျှင် သားတော်၊ သမီးတော်တို့၏ လက်ဝတ်လက်စားများကို ‘မင်းကြီးက ငါ့အားပေးသည်’ ဆိုပြီး အတင်းချွတ်ယူသည်။ သားတော်၊ သမီးတော်တို့က ငိုယိုလျက် ကျွန်ုပ်ကို တိုင်ကြသည်။ ကျွန်ုပ်ဘာမျှ မတတ်နိုင်တော့။ စိတ်မကောင်းသာ ဖြစ်ခဲ့ရသည်။ ဤသို့ မတောင်းထိုက်သည့် သားသမီးပစ္စည်းကို တောင်းသဖြင့် နန္ဒာဒေဝီကို ရေစောင့်ဘီလူးအား ပေးမည်ဟု ပြောခြင်းဖြစ်ပါသည်” ဟု ဆိုလေသည်။

(မဟောသဓာအပိုင်း- ၃၈ “အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး) အား ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၆

“ဒီဃာဝုမင်းသား”
 
ဝိဒေဟရာဇ်မင်းကြီးသည် ပဉ္စာလစန္ဒီမိဖုရားအား ဥဒုမ္ဗရဒေဝီနှင့် ထပ်တူ မေတ္တာထားသည်။ မိဖုရားကြီး အရာထား၍ ချစ်မြတ်နိုးစွာ ချီးမြှောက်တော်မူလေသည်။ ၂-နှစ်ကြာသောအခါ ပဉ္စာလစန္ဒီ မိဖုရားသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကလေးကို “ဒီဃာဝု” ဟူ၍ အမည်ပေးသည်။

ဒီဃာဝုမင်းသား ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီး နတ်ရွာစံလေသည်။ မဟောသဓာသည် ဒီဃာဝုမင်းသားကလေးကို မင်းမြှောက်၍ “အရှင်မင်းမြတ်၊ အကျွန်ုပ်သည် အရှင်မင်းမြတ်၏ ဘိုးတော် စူဠနီဗြဟ္မဒတ်မင်း ထံသို့သွားရောက် ခစားရပါမည်” ဟု ဆိုလေသည်။

ဒီဃာဝုမင်းသားက “သုခမိန်၊ အကျွန်ုပ်ကား အလွန်ငယ်လှသေး၏။ သုခမိန် စောင်မမှသာ ဤထီးနန်းကို စိုးအုပ်နိုင်ပါမည်။ ငယ်ရွယ်သေးသော အကျွန်ုပ်သည် သုခမိန်ကို ခမည်းတော် အရာ၌ ထား၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပါမည်” ဟု ပြောဆို တောင်းပန်၏။ ပဉ္စာလစန္ဒီ မိဖုရားကလည်း ‘မိမိတို့ကို ပစ်၍ မသွားရန်’ တောင်းပန်၏။

ပဉ္စာလရာဇ်ပြည်သို့

မဟောသဓာက “စူဠနီဗြဟ္မဒတ်မင်းကြီးအား မိမိကတိပေးထားသဖြင့် မသွားဘဲ မနေသာ၊ အကယ်၍ သွားသည့်တိုင်အောင် ပြည်ထောင်နှစ်ခုတို့ စည်ပင်သာယာရေးကို ကြည့်ရှုစောင်မပါမည်” ဟု ပြောကြား၏။ သို့ဖြင့် မဟောသဓာသည် မိမိ၏ မိသားစု၊ အလုပ်အကျွေး၊ အခြွေအရံတို့နှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ သွားလေသည်။ ပြည်သူပြည်သား အပေါင်းလည်း မဟောသဓာကို နှမြောတသ မဆုံးရှိကြသည်။ ငိုကြွေးမြည်တမ်းကြလျက် ခရီးလမ်းတိုင်အောင် လိုက်လံ ပို့ဆောင်ကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးလည်း မဟောသဓာလာသောအခါ ဝမ်းမြောက်ဝမ်းသာပင် ကြီးကျယ်စွာ ကြိုဆို၏။ နေရန်အတွက်လည်း အိမ်ကြီးတစ်ဆောင် ပေးအပ်သည်။ သို့ရာတွင် ရှေးကပေးထားသော ရွာကြီးရှစ်ဆယ်အပြင် နောက်ထပ်ပေးကမ်း ချီးမြှောက်မှုကား မပြုပေ။

ဘေရီ ပရိဗိုဇ်မ

ထိုအချိန်တွင် ‘ဘေရိ’ အမည်ရှိသော ပရိဗိုဇ်မသည် စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်၌ နေ့စဉ် လာရောက် ဆွမ်းစားလေ့ရှိသည်။ ဘေရီ ပရိဗိုဇ်မကား ပညာရှိ၏။ သူမသည် မဟောသဓာ ရောက်လာပြီး မင်းကြီးအား ခစားနေကြောင်း သတင်းကိုသာ ကြားသည်။ မဟောသဓာကိုကား မမြင်ဖူးသေးချေ။ မဟောသဓာကလည်း ဘေရီ ပရိဗိုဇ်မကို မမြင်ဖူးသေးချေ။

စူဠနီဗြဟ္မဒတ်မင်းကြီး၏ မိဖုရား နန္ဒာဒေဝီသည်ကား မဟောသဓာကို ရန်ငြိုးမပြေ။ ‘မိမိတို့အား မိထိလာပြည်သို့ ခေါ်ဆောင်၍ စိတ်ဆင်းရဲအောင် ပြုပေသည်’ ဟု အခဲမကျေနိုင် ရှိလေ၏။ ထို့ကြောင့် ရင်းနှီးသော ကိုယ်လုပ် မောင်းမတို့အား “မဟောသဓာ၏ အပြစ်တစ်ခုခုကို မြင်လျှင် ပြောကြ၊ မင်းကြီးကို ပြောပြ ကုန်းတိုက်မည်” ဟူ၍ မှာထားလေသည်။

တစ်နေ့သောအခါ ဘေရီ ပရိဗိုဇ်မသည် နန်းတော်မှ ဆွမ်းစားပြီး ပြန်ထွက်လာသည်။ ထိုအချိန်၌ မဟောသဓာကလည်း နန်းတော်သို့ အခစားဝင်လာရာ လမ်းတွင် ဆုံမိကြသည်။ ဘေရီ ပရိဗိုဇ်မက မဟောသဓာသည် အလွန်ပညာရှိလှသည်ဟု ပြောကြသည်။ ပညာရှိ ဟုတ်-မဟုတ်သိရန် စမ်းဦးမည်ဟု ကြံလျက် မဟောသဓာကို ကြည့်ပြီး လက်ဝါးဖြန့်ပြသည်။ မဟောသဓာကလည်း သူ့အကြံကို ရိပ်စားမိသဖြင့် လက်ဆုပ်ပြ၍ ဖြေလေသည်။ ထိုအခါ ဘေရီ ပရိဗိုဇ်မက မိမိ၏ ဦးခေါင်းကို သပ်၍ ပြပြန်သည်။ မဟောသဓာကလည်း ဝမ်းဗိုက်ကို သပ်၍ ပြန်ပြသည်။ ထို့နောက် ဘေရီ ပရိဗိုဇ်မသည် မိမိကျောင်းသို့ ဆက်လက်ကြွသွားသည်။ မဟောသဓာလည်း မင်းကြီးထံသို့ အခစားဝင်သွားသည်။

ထိုအခြင်းအရာကို နန္ဒာဒေဝီ မှာထားသော မောင်းမတို့ တွေ့မြင်သွားကြသည်။ သို့ဖြင့် မင်းကြီးထံသို့ ဝင်ပြီးလျှင် “မဟောသဓာသည် ဘေရီ ပရိဗိုဇ်မနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကာ အရှင်မင်းကြီး၏ ထီးနန်းကို လုယူရန် ကြံနေပါသည်” ဟူ၍ ကုန်းတိုက် လျှောက်ထားကြသည်။ ဆက်လက်၍ “ဘေရီ ပရိဗိုဇ်မက ‘ထီးနန်းကို မိမိလက်ရောက်အောင် လုပ်နိုင်ပါမည်လော’ ဟူသော အဓိပ္ပာယ်ဖြင့် လက်ဝါးဖြန့်၍ ပြပါသည်။ မဟောသဓာက သန်လျက်ကို ဆုပ်သည့် အသွင်ဖြင့် လက်ကိုဆုပ်ပြပါသည်။ ‘မကြာမီ မင်းကြီးကို သန်လျက်ဖြင့် လုပ်ကြံ၍ ထီးနန်းကို မိမိလက်ရောက်အောင် လုပ်မည်’ ဟူသော အဓိပ္ပာယ်ဖြင့် လက်ဆုပ်ပြပါသည်။ တစ်ဖန် ဘေရီ ပရိဗိုဇ်မက ‘ခေါင်းကိုလာဖြတ်ပါ’ ဟူသော အဓိပ္ပာယ်ဖြင့် ဦးခေါင်းသပ်၍ ပြပြန်ပါသည်။ မဟောသဓာကလည်း ‘ဝမ်းဗိုက်ကို ထိုးဖောက်မည်’ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းဗိုက်ကို သပ်၍ ပြပါသည်။ အရှင်မင်းကြီး မေ့မေ့လျော့လျော့ မနေပါနှင့်” ဟူ၍ လျှောက်ထားကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မောင်းမတို့ ကုန်းချောတိုင်း မယုံကြည်။ ‘မဟောသဓာသည် ငါ့ကို ပြစ်မှားမည့်သူ မဟုတ်၊ ပရိဗိုဇ်မကို မေးရဦးမည်’ ဟု ကြံသည်။

နောက်တစ်နေ့တွင် ဘေရီ ပရိဗိုဇ်မ ဆွမ်းစားလာသောအခါ “အရှင်မ၊ မဟောသဓာကို တွေ့ပါသလား” ဟု မေး၏။ ပရိဗိုဇ်မက “မနေ့က တွေ့ပါသည်။ စကားပြောခြင်းကား မရှိပါ။ မဟောသဓာ၏ ပညာစွမ်းကို သိလိုသဖြင့် လက်ဝါးဖြန့်ပြလျက် ပုစ္ဆာမေးပါသည်။ အဓိပ္ပာယ်မှာ ‘မင်းကြီးက သင့်ကို ဆုပ်ထားသောလက်ကဲ့သို့ မပြုဘဲ ဖြန့်ထားသောလက်ကဲ့သို့ ပြုပါ၏လော။ ချီးမြှောက်ပါ၏လော’ ဟူ၍ ဆိုလိုပါသည်။ မဟောသဓာသည် ပညာရှိစင်စစ် ဖြစ်ပါသည်။ ကျွန်ုပ်လက်ဝါးဖြန့်ပြသည်ကို လက်ဆုပ်ပြ၍ ဖြေပါသည်။ အဓိပ္ပာယ်မှာ ‘မင်းကြီးက တစ်စုံတစ်ရာ ချီးမြှောက်ခြင်း မပြုသေး’ ဟူ၍ ဆိုလိုပါသည်။ ထိုအခါ ကျွန်ုပ်က ‘ဤသို့ဖြစ်၍ ဆင်းရဲ ပင်ပန်းလျှင် ကျွန်ုပ်ကဲ့သို့ အဘယ်ကြောင်း ဦးပြည်းရိတ်၍ ရဟန်းမပြုပါသနည်း’ ဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းကို သပ်၍ ပြပါသည်။ မဟောသဓာကလည်း ‘မိမိ၌ ကျွေးမွေးရမည့် သားမယားရှိသဖြင့် ရဟန်းမပြုနိုင်ပါ’ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းဗိုက်ကို သပ်၍ပြပါသည်” ဟု ရှင်းလင်း ပြောပြသည်။

ထို့နောက်မင်းကြီးသည် မဟောသဓာကို ဘေရီ ပရိဗိုဇ်မ နည်းတူမေးမြန်း၏။ မဟောသဓာကလည်း ဘေရီ ပရိဗိုဇ်မ နည်းတူပင် ဟုတ်တိုင်းမှန်ရာ ရှင်းလင်း လျှောက်ထား၏။ မင်းကြီးသည် မဟောသဓာကို ယုံကြည်ရုံမျှမက ပိုမိုလေးစား ကြည်ညိုသွားလေသည်။ ထို့ကြောင့် ထိုနေ့မှာပင် စစ်သေနာပတိရာထူးကို ပေးအပ်လေသည်။

(မဟောသဓာအပိုင်း- ၃၇ “မဟောသဓာ စူးစမ်းခြင်း” ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၅

“ပညာရှိဟူသည်”
 
မင်းကြီးက “မဟောသဓာ သုခမိန်၊ သည်မျှ ပညာစွမ်းနှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် မင်းအဖြစ်ကို မခံယူသနည်း” ဟု မေး၏။ မဟောသဓာက “အကျွန်ုပ် အလိုရှိလျှင် ယနေ့ပင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးရှိ မင်းတို့ကို သတ်ပြီး မင်းအဖြစ်ကို ယူနိုင်ပါသည်။ သူတစ်ပါးကို သတ်ပြီး စည်းစိမ် ချမ်းသာယူခြင်းမျိုးကို ပညာရှိတို့ မလိုလားပါ။ မချီးမွမ်းပါ” ဟု လျှောက်ထား၏။

ထို့နောက် မစောသဓာသည် ခလုတ်ကို နှိပ်လိုက်ပြန်ရာ ဥမင်တံခါးအားလုံး ပွင့်သွားလေသည်။ မီးများလည်း လင်းထိန်သွားလေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့က “မဟောသဓာ သုခမိန်ကြောင့် ကျွန်ုပ်တို့ အသက်ရှင်ရပေသည်။ နောက်တစ်ခဏမျှကြာလျှင် ဥမင်တံခါးကို မဖွင့်ဘဲထားလျှင် ကျွန်ုပ်တို့အားလုံး သေကြရမည် ဖြစ်သည်” ဟု ဆိုကြသည်။

မဟောသဓာက “မင်းအပေါင်းတို့၊ ယခုအခါ၌သာ ကျွန်ုပ်ကြောင့် အသင်တို့ အသက်ရှင်ကြရသည် မဟုတ်ပါ။ ရှေးအခါကလည်း ကျွန်ုပ်ကြောင့် အသင်တို့ အသက်ရှင်ခဲ့ကြရဖူးပါသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မတိုင်ပင်အပ်သည့် ကေဝဋ်အမတ်နှင့် တိုင်ပင်ပြီး ဥယျာဉ်ထဲတွင် အောင်သေသောက်ပွဲ ကျင်းပမည်ဆိုကာ အရက်နှင့်အမဲသားများတွင် အဆိပ်ခတ်၍ သင်တို့အား သတ်ရန် စီမံခဲ့ပါသည်။ ထိုအကြောင်းကို ကျွန်ုပ်သိသဖြင့် ငါကဲ့သို့သော ပညာရှိတစ်ယောက် ရှိနေပါလျက် မင်းအပေါင်း ဤသို့ မသေစကောင်းဟု ခံယူခဲ့ပါသည်။ ချက်ချင်းပင် ကျွန်ုပ်၏ ဖွားဖက်တော် တစ်ထောင်အား သေရည်အိုးအားလုံးကို ရိုက်ခွဲ ဖျက်ဆီးစေခဲ့ပါသည်။ ထို့ကြောင့် အသင်မင်းမြတ်တို့ အသက် မသေကြရခြင်း ဖြစ်ပါသည်” ဟု ဆို၏။

ထိုအခါ တစ်ရာ့တစ်ပါးသော မင်းတို့သည် ထိတ်လန့်သွားကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးအား “ယခု မဟောသဓာ ပြောသည့်အတိုင်း မှန်ပါသလော” ဟု မေးကြ၏။ မင်းကြီးက “မှန်ပါသည်။ ကေဝဋ်၏ အကြံအတိုင်း ပြုလုပ်မိခဲ့ပါသည်” ဟု ဝန်ခံ၏။

တစ်ရာ့တစ်ပါးသော မင်းတို့သည် မဟောသဓာအား ချစ်ခင်စွာ လည်ပင်းဖက်ကြသည်။
“သုခမိန်သည် ကျွန်ုပ်တို့အားလုံး၏ ကျေးဇူးရှင် ဖြစ်ပေသည်” ဟု ဆိုကြသည်။ ဝတ်ဆင်ထားသော အဆင်တန်ဆာတို့ကို ချွတ်၍ ပူဇော်ကြသည်။ မင်းကြီးသည်လည်း မဟောသဓာ၏ တိုက်တွန်းချက်အရ တစ်ရာ့တစ်ပါးသော မင်းတို့ကို ဝန်ချတောင်းပန်သည်။

စူဠနီဗြဟ္မဒတ်မင်းကြီးနှင့် တကွ တရာ့တစ်ပါးသော မင်းတို့သည် ဗိုလ်ပါ ပရိသတ်များနှင့်အတူ ဥမင်ကြီးအတွင်း၌ ခုနှစ်ရက်တိုင် ပျော်ပွဲသဘင် ခံကြသည်။ ထို့နောက်မှ ပဉ္စာလရာဇ်မြို့တွင်းသို့ ဝင်ကြလေသည်။

နန်းတော်သို့ ရောက်သောအခါ မင်းကြီးသည် မဟောသဓာအား ကြီးကျယ်ခမ်းနားစွာ ပူဇော်သက္ကာရ ပြုသည်။ “မဟောသဓာ သုခမိန်၊ ဝိဒေဟရာဇ်မင်းကြီး ချီးမြှောက်သည့် စည်းစိမ်ထက် နှစ်ဆပို၍ ချီးမြှောက်ပါမည်။ ကျွန်ုပ်တိုင်းပြည်၌ နေပါ” ဟု ဆို၏။

မဟောသဓာက “အရှင်မင်းကြီး၊ စည်းစိမ်ဥစ္စာ ဟူသောအကြောင်းကြောင့် မိမိ၏ အရှင်ကို မစွန့်ထိုက်ပါ။ အကယ်၍ စွန့်ပစ်လျှင် ထိုသူမျိုးသည် ကျေးဇူးရှင်ကို စွန့်ပစ်သည့် မကောင်းမှုကို ပြုပေသည် ဟု မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို ကဲ့ရဲ့ ရှုတ်ချရပါလိမ့်မည်။ သူတစ်ပါး၏ ကဲ့ရဲ့ ရှုတ်ချခြင်းကိုလည်း ခံရပါလိမ့်မည်။ သို့ဖြစ်၍ ဝိဒေဟရာဇ်မင်းကြီး အသက်ထင်ရှား ရှိနေသမျှ ကာလပတ်လုံး တစ်ပါးသော မင်းထံ၌ ကျွန်ုပ် မခစားနိုင်ပါ” ဟု လျှောက်တင်၏။

မင်းကြီးက “သို့ဖြစ်လျှင် ဝိဒေဟရာဇ်မင်းကြီး မရှိသည့်နောက် ကျွန်ုပ်၏တိုင်းပြည်သို့လာမည်ဟု ကတိပြုပါ” ဟု ဆို၏။ မဟောသဓာကလည်း “ကောင်းပါပြီ၊ ကျွန်ုပ် အသက်ရှင်လျက် ရှိလျှင် လာပါမည်” ဟု ကတိပေး၏။

မင်းနှစ်ပါး ချစ်ကြည်ကြခြင်း

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မဟောသဓာအား ရွှေစင်အချိန် တစ်ထောင်၊ အခွန်တစ်သိန်း ထွက်သော ရွာကြီးဆယ်ရွာနှင့် အလုပ်အကျွေးပြု မိန်းမတို့ကို ပေးလေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့ကလည်း များစွာသော လက်ဆောင် ပဏ္ဏာများကို ပေးလေသည်။ မင်းကြီးသည် ပဉ္စာလစန္ဒီ အတွက်လည်း ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ရွှေ ငွေတန်ဆာ၊ ဆင်၊ မြင်း စသည်တို့ကို လက်ဖွဲ့ လိုက်လေသည်။

မဟောသဓာသည် များစွာသော အခြံအရံတို့ဖြင့် မိထိလာပြည်သို့ ပြန်လာခဲ့လေသည်။ ဝိဒေဟရာဇ် မင်းကြီးသည် မဟောသဓာပြန်လာသည်ကို နန်းတော် လေသွန်တံခါးမှ မျှော်ကြည့်နေသည်။ ဗိုလ်ပါ အင်အား များပြားလှသဖြင့် ‘သားတော် မဟောသဓာမှ ဟုတ်ပါလေစ၊ စူဠနီဗြဟ္မဒတ်မင်း စစ်ချီလာလေသလော’ ဟု တွေးကာ ကြောက်လန့်သွားသည်။

သိန်းအမတ်အား မေးရာ သိန်းအမတ်က “အရှင်မင်းကြီး၊ ကြောက်လန့်ရမည့် အရာ မဟုတ်ပါ။ ဝမ်းသာရမည့် အရာသာ ဖြစ်ပါသည်။ မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်းအား မိမိကို ကြည်ညိုအောင် ပြုလုပ်သဖြင့် စူဠနီဗြဟ္မဒတ်မင်းကြီးက မဟောသဓာကို ကြည်ညိုပြီး ပေးလိုက်သည့် အခြံအရံတို့ ဖြစ်ပါလိမ့်မည်” ဟု လျှောက်ထား၏။

မင်းကြီးသည် “မြို့ကို တန်ဆာဆင်လျက် သားတော် မဟောသဓာကို ကြိုဆိုကြရမည်” ဟု စည်လည်စေသည်။ မြို့သူမြို့သားတို့လည်း ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြသည်။ တစ်ပြည်လုံး ပွဲလမ်းသဘင်ကြီး ကျင်းပလျက် မဟောသဓာကို ပူဇော်ကြသည်။ ထို့နောက် မင်းကြီးသည် မဟောသဓာ၏ အလိုဆန္ဒအတိုင်းပင် စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော် စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာတို့ကို အခြံအရံ ပရိသတ်ဗိုလ်ပါတို့နှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ ပြန်ပို့လေသည်။

မယ်တော်၊ မိဖုရား၊ သားတော်တို့ ရောက်လာသောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးက “ဝိဒေဟရာဇ် မင်းကြီးသည် မယ်တော်တို့ကို ကောင်းစွာ ချီးမြှောက်ပါ၏လော” ဟု မေးသည်။

မယ်တော်က “ငါ့သားတော်၊ ဝိဒေဟရာဇ်မင်းကြီးသည် ငါ့ကို အိမ်ဦးနတ်အရာမှာ ထား၍ ပူဇော်သည်။ နန္ဒာဒေဝီကိုလည်း မယ်တော်အရာထား၍ လုပ်ကျွေးသည်။ ပဉ္စာလစန္ဒာမင်းသားကိုလည်း ညီတော်အရာထား၍ မြှောက်စားသည်” ဟု ဆို၏။

ထိုအခါ မင်းကြီးသည် လွန်စွာ နှစ်သက်ဝမ်းမြောက်လှသဖြင့် ဝိဒေဟရာဇ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ပို့လေသည်။ ထိုအချိန်မှစ၍ မင်းနှစ်ပါးတို့သည် ငြိမ်းချမ်း ချစ်ကြည်စွာ ဆက်ဆံကြလေ၏။

(မဟောသဓာအပိုင်း- ၃၆ “ဒီဃာဝုမင်းသား” ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၄

"အံချီးဖွယ် မဟောသဓာ၏ စွမ်းရည်"
 
မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်းကြီး လွန်စွာဒေါသထွက်သည်ကို သိရှိရသောအခါ အတန်ငယ် စိုးရိမ်သွားသည်။ ‘ယခု အခြေအနေတွင် မင်းကြီးသည် ဗိုလ်ပါအင်အား ကြီးမားလှသည်။ မိဖုရား၊ သားတော်၊ သမီးတော်တို့ သေမည့်အရေးကို ပူပန်စရာမလို ဟူသော ရာဇမာန်ဖြင့် ငါ့ကို နှိပ်စက်လျှင် ခက်ချေမည်။ သူ၏ မိဖုရားကြီး နန္ဒာဒေဝီ၏ ရုပ်ဆင်းတင့်တယ်ပုံကို ချီးကျူးပြောဆိုမှသာ သူ့မိဖုရားကို ချစ်ခင်စွဲလမ်း သတိရမည်။ မဟောသဓာယကို သတ်လျှင် ငါ့မိဖုရားကို ပြန်ရမည် မဟုတ်ဟု စဉ်းစားကာ ငါ့ကို မနှိပ်စက် ရှိချေမည်’ ဟု တွေးတောမိသည်။ သို့ဖြင့် ပြာသာဒ်ထက်၌ ရပ်လျက် ဥမင်ရှိရာသို့ လက်ညှိုးညွှန်ကာ-

“အရှင်မင်းကြီး၊ မိန်းမမြတ်တို့၏ ကောင်းခြင်း အင်္ဂါလက္ခဏာနှင့် ပြည့်စုံသော၊ ရွှေဟင်္သာမလေး၏ တွန်ကျူးသံပမာ သာယာချိုအေးသည့် အသံရှိသော နန္ဒာနေဒဝီမဟေသီ မိန်းမမြတ်သည် ဤ ဥမင်လမ်းမှပင် ကြွသွားတော်မူပါသည်” ဟု ဆိုကာ နန္ဒာဒေဝီ၏ အလှကို အမျိုးမျိုး ချီးကျူး ဖွဲ့နွဲ့ ပြောဆိုသည်။

ထို့နောက် “သည်လို လွန်စွာထူးမြတ်သည့် ရုပ်ဆင်းအင်္ဂါ လက္ခဏာရှိသော မိန်းမမြတ် နန္ဒာဒေဝီ မိဖုရားကြီး သေမည်ကို အရှင်မင်းကြီး လိုလားပါသလော။ အရှင်မင်းကြီးက အကျွန်ုပ်ကို သတ်လျှင် ဝိဒေဟရာဇ်မင်းကြီးကလည်း နန္ဒာဒေဝီကို မုချ သတ်ပါလိမ့်မည်။ ဤသို့ သတ်သဖြင့် ကျွန်ုပ်တို့ နှစ်ယောက် သေသွားပြီးနောက် ယမမင်းထံသို့ နှစ်ယောက်အတူ ရောက်သွားကြလျှင် ယမမင်းက အကျွန်ုပ်အား နန္ဒာဒေဝီကို မုချပေးအပ်ပါလိမ့်မည်။ နန္ဒာဒေဝီကို ရမည်ဖြစ်သောကြောင့် မင်းကြီးသတ်၍ သေရသော်လည်း ကျွန်ုပ်အဖို့ အရှုံး မရှိပါ” ဟူ၍ ပြောဆိုပြန်၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် နန္ဒာဒေဝီကို မြင်ယောင်ကာ လွမ်းတမိသည်။ မဟောသဓာမှ တစ်ပါး နန္ဒာဒေဝီကို ခေါ်ဆောင်ပေးနိုင်မည့်သူ မရှိကြောင်းကိုလည်း စဉ်းစားမိသည်။

မဟောသဓာသည် မင်းကြီး၏ အမူအရာကို အကဲခတ်မိသဖြင့် “အရှင်မင်းကြီး၊ စိုးရိမ်တော် မမူပါလင့်။ နန္ဒာဒေဝီမိဖုရားကြီး၊ သားတော် ပဉ္စာလစန္ဒာနှင့် မယ်တော်စလာကဒေဝီတို့ သုံးဦးသည် ပဉ္စာလရာဇ်ပြည်သို့ ပြန်လာကြပါလိမ့်မည်။ ထိုသုံးဦး ပြန်လာနိုင်အောင်လည်း မိထိလာပြည်သို့ အကျွန်ုပ်သွား၍ ဆောင်ရွက်နိုင်ပါသည်” ဟူ၍ လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းကြီးလည်း မဟောသဓာ၏ စွမ်းရည်ကို အံ့ချီးမဆုံး ရှိမိသည်။ “သင်သည် ငါ့လက်တွင်း ရောက်နေသည့် ဝိဒေဟရာဇ်မင်းကြီးကို လွတ်မြောက်စေသည်မှာ နတ်တို့၏ မယာကိုပင် တတ်သလော။ သို့တည်းမဟုတ် မျက်လှည့်အတတ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သလော” ဟု မေး၏။

မဟောသဓာက “အကျွန်ုပ်တွင် အလွန်ကျွမ်းကျင်လိမ္မာသည့် လုလင်ပျို သူရဲကောင်းများ ရှိပါသည်။ ထိုလုလင်ပျို သူရဲကောင်းများ တူးထားသည့် ဥမင်လမ်းဖြင့် ဝိဒေဟရာဇ်မင်းကြီး ကြွသွားတော်မူပါသည်။ အရှင်မင်းကြီး ရှုစားတော်မူလိုပါက ဥမင်ကြီးကို ပြပါမည်။ အကျွန်ုပ်၏ ပညာစွမ်းဖြင့် ဖန်ဆင်းထားသော ဥမင်ကြီးကား တံခါးကြီး ၈၀၊ တံခါးငယ် ၆၄ ခုရှိပါသည်။ တစ်ရာ့တစ်ပါးသော မင်းတို့အတွက် အိပ်ရာတိုက်ခန်းပေါင်း တစ်ရာ့တစ်ခု ရှိပါသည်။ ရာပေါင်းများစွာသော မီးတိုင်တို့ဖြင့် ထိန်ထိန်လင်းနေပါသည်။ ဆင်၊ မြင်း၊ ရထား၊ ခြေသည် တည်းဟူသော စစ်အင်္ဂါ ၄-ပါး ရုပ်တုတို့ဖြင့် တင့်တယ်လှပစွာ စီစဉ်ခင်းကျင်းထားပါသည်။ အရှင်မင်းကြီးသည် အကျွန်ုပ်နှင့် အတူတကွ ချစ်ကြည်စွာ စကားပြောရင်း ဝင်ရောက် ရှုစားတော်မူပါ” ဟု ဖိတ်ခေါ်သည်။ လုလင်တို့အား ဥမင်တံခါးကို ဖွင့်စေသည်။

ပညာစွမ်းပြခြင်း

စူဠနီဗြဟ္မဒတ်မင်းကြီးသည်တစ်ရာ့တစ်ပါးသော မင်းတို့ ခြံရံလျက် ဥပကာရီမြို့ထဲသို့ ဝင်လာသည်။ မဟောသဓာသည် ပြာသာဒ်မှ ဆင်း၍ မင်းကြီးကို ကြိုဆိုလျက် ဥမင်ထဲသို့ ခေါ်ဆောင်သွားသည်။ မင်းကြီးသည် နတ်ဘုံ နတ်နန်းတမျှ ခမ်းနားလှသော ဥမင်ကြီးကို တွေ့ရသောအခါ လွန်စွာ အံ့သြ ချီးကျူးမိသည်။ “သည်ကဲ့သို့သော ပညာရှိမျိုး ပေါ်ထွန်းရာ ဝိဒေဟရာဇ်တိုင်းသည် ကံကောင်းလေစွ။ သည်ကဲ့သို့သော ပညာရှိနှင့် အတူတကွနေကြရသည့် ဝိဒေဟရာဇ် ပြည်သူပြည်သားတို့သည် ကံကောင်းလေစွ။ သည်ကဲ့သို့သော ပညာရှိကို ရထားသော ဝိဒေဟရာဇ်မင်းသည် ကံကောင်းလေစွ” ဟု ဆိုမြည်း ကျူးရင့်လေသည်။

မင်းကြီးသည် ဥမင်ကြီး၏ ခမ်းနားပုံကို ရှုကြည့်ရင်း ရှေ့ကသွား၏။ ဂင်္ဂါမြစ်ဘက်တံခါးသို့ ရောက်သောအခါ ဥမင်ပြင်ဘက်သို့ ထွက်သည်။ မဟောသဓာလည်း မင်းကြီးနောက်မှ ထက်ကြပ်မကွာ လိုက်၍ အပြင်သို့ ထွက်သည်။ ထိုအချိန်တွင် တစ်ရာ့တစ်ပါးသော မင်းများနှင့် စစ်တပ်ကြီး တစ်ခုလုံးသည် ဥမင်ထဲသို့ ရောက်ရှိနေသည်။ မဟောသဓာသည် ဥမင်တံခါးမှ အထွက်တွင် ခလုတ်ကို နင်းလိုက်သည်။ ထိုအခါ ဥမင်ကြီးတစ်ခုံလုံးရှိ တံခါးအားလုံး တစ်ပြိုင်နက် ပိတ်သွားသည်။ မီးတိုင်အားလုံးလည်း ငြိမ်းသွားသည်။ ဥမင်ကြီးတစ်ခုလုံး မှောင်အတိ ဖြစ်သွားသည်။ ဤတွင် ဥမင်တွင်း၌ ပိတ်မိနေကြသော တစ်ရာ့တစ်ပါးသော မင်းတို့နှင့်တကွ စစ်တပ်ကြီး တစ်လုံးသည် လွန်စွာကြောက်ရွံ့ ထိတ်လန့်သွားကြသည်။

မဟောသဓာသည် ယမန်နေ့ညကမြှုပ်ထားခဲ့သော သန်လျက်ကို သဲထဲမှ ထုတ်ယူပြီးလျှင် ၁၈-တောင်မြင့်အောင် ခုန်ပျံလိုက်သည်။ မြေသို့ပြန်ကျသောအခါ စူဠနီဗြဟ္မဒတ်မင်း၏ လည်ကို ဆုပ်ကိုင်လျက် သန်လျက်ဖြင့် မိုးထားလိုက်သည်။

“ဇမ္ဗူဒီပါ တစ်ကျွန်းလုံးရှိ တိုင်းနိုင်ငံများသည် မည်သူ့တိုင်းနိုင်ငံ ဖြစ်သနည်း” ဟု မေး၏။
မင်းကြီးသည် ကြောက်ရွံ့ တုန်လှုပ်လျက် ရှိ၏။
“သင် သုခမိန်၏ တိုင်းနိုင်ငံများဖြစ်ပါသည်” ဟုဆို၏။
“ကျွန်ုပ်၏ အသက်ကို ချမ်းသာပေးပါ” ဟူ၍လည်း တောင်းပန်၏။

မဟောသဓာက “အရှင်မင်းကြီး၊ မကြောက်ပါနှင့်။ အရှင်မင်းကြီးကို သတ်လိုသောကြောင့် သန်လျက်ကိုင်သည် မဟုတ်ပါ။ အကျွန်ုပ်၏ ပညာစွမ်းကို ပြလိုသောကြောင့် ကိုင်ခြင်းဖြစ်ပါသည်” ဟု ဆို၏။ သန်လျက်ကိုလည်း မင်းကြီးအားပေး၏။
“အရှင်မင်းကြီး၊ အကယ်၍ အကျွန်ုပ်ကို သတ်လိုပါလျှင် ယခုပင် သည်သန်လျက်ဖြင့် သတ်တော်မူပါ။ သို့မဟုတ် ဘေးမဲ့ပေးလိုလျှင်လည်း ဘေးမဲ့ပေးတော်မူပါ” ဟု လျှောက်၏။

မင်းကြီးက “သုခမိန်၊ ကျွန်ုပ်ကလည်း သင့်ကို ဘေးမဲ့ပေးပါမည်” ဟုဆိုကာ သန်လျက်ကို ချထားလိုက်သည်။ ထို့နောက် အချင်းချင်း မသတ်ဖို့ရန် ကတိသစ္စာ ဆိုကြလေသည်။

(မဟောသဓာအပိုင်း- ၃၅ “ပညာရှိဟူသည်” ဆင်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၃

"စစ်သူကြီး မဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည် "
 
မဟောသဓာက ငြင်းဆိုလိုက်သည်။
"အရှင်မင်းကြီး၊ အကျွန်ုပ်မှာ စစ်သေနာပတိချုပ် ဖြစ်ပါသည်။ ယခု မလိုက်လိုသေးပါ။ မိမိ၏ တပ်သားအားလုံးကို ခေါ်ဆောင်ပြီးမှသာလျှင် လိုက်ပါနိုင်ပါမည်။ ထိုသို့မဟုတ်ဘဲ ကျန်ရှိနေသော မိမိ၏ တပ်သားများကို ရန်သူ့လက်တွင် ထားခဲ့ပြီး ကိုယ်လွတ် ရုန်းမည်ဆိုလျှင် တရားရာ မရောက်ပါ။

ဆင်းရဲဘက်ဖြစ်သော ဗိုလ်ပါ တပ်သားတို့ကို သနားကြင်နာခြင်း မရှိ။ မိမိနှင့်ထပ်တူ မပြု၊ သူ့လက်တွင်း ထားခဲ့၍ ကိုယ်လွတ်ရုံးချေသော် အကျွန်ုပ်အား စစ်သူကြီးတို့ ကျင့်ဆောင်အပ်သော တရား၊ ခြောက်ပါးသော နာယကဂုဏ်တို့ ပျက်စေသဖြင့် ဘုန်းကျက်သရေ မဆုတ်ယုတ်ပြီလော။ ဥပကာရီ မြို့တော်ထဲတွင် အရှင်မင်းကြီးနှင့် ပါလာသော စစ်သည် တပ်သားများ ကျန်ရစ်နေပါသေးသည်။ ထို့ပြင် အကျွန်ုပ်နှင့် အတူ လေးလတိုင်တိုင် ကူညီလုပ်ဆောင်ကြသော လူပေါင်းများစွာတို့ ကျန်ရှိနေပါသေးသည်။ ထိုသူတို့ကို တစ်ယောက်မျှ အကျွန်ုပ် စွန့်ပစ်မသွားပါ။ ဥပကာရီမြို့သို့ ပြန်သွားရပါဦးမည်။ စူဠနီဗြဟ္မဒတ်မင်းအား ရင်ဆိုင်၍ ထိုဗိုလ်ခြေ တပ်သား အားလုံးကို ခေါ်ဆောင်ပြီးမှ လိုက်လာခဲ့ပါမည်။ အရှင်မင်းကြီးသာ အနှောင့်အယှက် ကင်းစွာဖြင့် တိုင်းပြည်သို့ ပြန်ရောက်အောင် အလျင်အမြန် ကြွချီတော်မူပါ။ လမ်းခရီး၌ စိုးရိမ်ဖွယ် ဘာမျှ မရှိပါ။ ထိုသို့ မရှိရလေအောင် တစ်ယူဇနာလျှင် တစ်ရွာကျ အရှင်မင်းကြီး ကြွလာလျှင် ဆင်၊ မြင်း အသစ်လဲလှယ်၍ မိထိလာပြည်သို့ အမြန်ရောက်အောင် ပို့ဆောင်ပေးကြရန် မှာထားပြီး ဖြစ်ပါသည်။ အသင့် စီစဉ်ထားပြီး ဖြစ်ပါသည်" ဟု လျှောက်ထား၍ မင်းကြီးကို လွှတ်လိုက်လေသည်။

မင်းကြီးလည်း မဟောသဓာ စီစဉ်သည့်အတိုင်း သွားရာ လမ်းခရီးတွင် ဘေးရန် မရှိ။ အခက်အခဲ မရှိ။ ယူဇနာတစ်ရာ ဝေးသော မိထိလာပြည်သို့ နောက်တစ်နေ့မှာပင် ဆိုက်ရောက်သွားလေသည်။ မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့ကို ပို့ဆောင်ပြီးသောအခါ သန်လျက်ကို ဥမင်တံခါးဝရှိ သဲပုံအောက်တွင် မြှုပ်ထားလိုက်သည်။ ထို့နောက် ဥမင်ထဲသို့ ဝင်၍ တဲနန်းပြာသာဒ်ပေါ်သို့ တက်ရောက်သည်။ 'ငါ့အကြံ အထမြောက်ပြီ' ဟု ဆိုကာ စိတ်ချလက်ချ အိပ်စက်လေသည်။

နံနက်မိုးသောက်သောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဆင်ပြောင်ကို စီးလျက် ချီတက်လာသည်။ မိမိ၏ ရဲမက်ဗိုလ်ပါတို့အား ဥပကာရီမြို့ကို ဖြိုဖျက်တိုက်ခိုက်ရန် အမိန့်ပေး၍ ချဉ်းကပ်လာသည်။

ထိုအချိန်၌ မဟောသဓာသည် အဖိုးတစ်သိန်းထိုက်သည့် ကာသိတိုင်းဖြစ် ပုဆိုးကို ဝတ်လျက်၊ ကမ္ဗလာနီကို လက်ဝဲပခုံးတွင် ရစ်သိုင်းလျက်၊ ရတနာလှံတံကို ကိုင်စွဲလျက်၊ ရွှေခြေနင်း စီးလျက်၊ စူဠနီဗြဟ္မဒတ်မင်းကြီး မြင်သာအောင် နန်းပြာသာဒ်၌ စင်္ကြံလျှောက်နေလေသည်။

အလွန်လှပတင့်တယ်သော အမျိုးသမီးကလေးများကလည်း မဟောသဓာကို သားမြီးယပ်ဖြင့် ခတ်ပေးနေကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း "မဟောသဓာကို ယခုပင် ဖမ်းအံ့" ဟု ဆိုကာ ဆင်တော်ကို ချွန်းဖွင့်၍ အပြင်းနှင်လာသည်။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး အဘယ့်ကြောင့် အဆောတလျင် ဆင်တော်ကို နှင်လာပါသနည်း။ အဘယ့်ကြောင့် ရွှင်သောမျက်နှာဖြင့် လာပါသနည်း။ ငါ့အလုပ် ကိစ္စပြီးမြောက်ပြီဟု ထင်တော်မူပါသလော။ အရှင်မင်းကြီး လက်နက်ကို စွန့်ပစ်တော် မူလိုက်ပါလော့။ အပင်ပန်းခံ မနေပါလင့်။ နန်းတော်သို့ ပြန်ကြွတော်မူပါ" ဟု အေးဆေးစွာ ပြောလိုက်သည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မဟောသဓာက သူ့အား ပြက်ရယ်ပြုနေသည်ဟု ထင်မိသည်။ "မဟောသဓာ၊ သင်သည် မျက်နှာရွှင်လန်းလျက် ပြုံးချိုစွာ ပြောနေသည်။ သေခါနီးတွင် ဤသို့ပင် မျက်နှာ ကြည်လင်တတ်စမြဲ ဖြစ်သည်။ ငါသည် ယနေ့ပင် သင့်ဦးခေါင်းကို ဖြတ်၍ အောင်သေသောက်ရတော့မည်" ဟု ဆိုလေသည်။

ဤတွင် မဟောသဓာက "အရှင်မင်းကြီး၏ ကြုံးဝါးခြင်းကား အချည်းနှီးဖြစ်ခဲ့ပြီ။ အရှင်မင်းကြီးတို့ တိုင်ပင်ထားသည့် ကိစ္စကား ပျက်လေပြီ။ အရှင်မင်းကြီးနှင့် ကေဝဋ်အမတ်တို့ တိုင်ပင်သည့် အကြံကို ရှေးဦးကပင် အကျွန်ုပ် သိထားသည်။ မြင်းခြေကျိုး စီးသူသည် သိန္ဓောမြင်း စီးသူကို မဖမ်းနိုင်ပါ။ ထို့အတူ ကေဝဋ်အမတ် တည်းဟူသော မြင်းခြေကျိုး စီးသည့် အရှင်မင်းကြီးသည် အကျွန်ုပ် မဟောသဓာ တည်းဟူသော သိန္ဓောမြင်းကို စီးသည့် ဝိဒေဟရာဇ် မင်းကြီးကို မဖမ်းနိုင်ပါ။ ဝိဒေဟရာဇ်မင်းကြီးသည် ယမန်နေ့ညကပင် မှူးမတ်ဗိုလ်ပါ အခြံအရံတို့ဖြင့် ထွက်ခွာသွားတော်မူပါပြီ" ဟု ဆိုလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးက 'မဟောသဓာသည် အလွန်ရဲရင့်စွာ ပြောဆိုနေပေသည်။ မုချပင် ဝိဒေဟရာဇ် မင်းကြီး ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်မည်။ ရှေးကလည်း မဟောသဓာကြောင့်ပင် ငါတို့ စစ်တပ်ကြီး ပျက်၍ ပြေးခဲ့ရသည်။ ယခုလည်း မဟောသဓာသည် ငါ့လက်တွင်း ရောက်နေသည့် ရန်သူကို လွတ်မြောက်အောင် ပြုပြန်ပြီ။ ငါ၏ အကျိုးမဲ့ကို မဟောသဓာပြုသည်ကား များလှပြီ။ သို့ဖြစ်၍ ဝိဒေဟရာဇ်နှင့် မဟောသဓာ နှစ်ယောက်အပေါ် ပေးရမည့် ပြစ်ဒဏ် နှစ်ခုကို မဟောသဓာ တစ်ယောက်တည်းအား စုပေါင်းပေးရတော့မည်' ဟု ကြံကာ "မဟောသဓာကို ဖမ်းကြလော့။ သင်း၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ကြလော့။ သင်းကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်ကြကုန်။ နွားရေကို ငုတ်စိုက်ကြက်သကဲ့သို့ပင် မဟောသဓာအား မြေပြင်တွင် ကားကြက်ကြကုန်။ ငါကိုယ်တိုင်လည်း သင်းကို သန်လျက်ဖြင့် ထိုးသတ်အံ့" ဟု ဒေါသကြီးစွာဖြင့် အမိန့်ပေးလေသည်။

ထိုအခါ မဟောသဓာက ရယ်မောလိုက်သည်။ "အရှင်မင်းကြီးက အကျွန်ုပ်၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်လျှင် အကျွန်ုပ်၏ အရှင် ဝိဒေဟရာဇ်မင်းကြီးက အရှင်မင်းကြီး၏ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ပါလိမ့်မည်။ အရှင်မင်းကြီးက အကျွန်ုပ်ကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်လျှင် ဝိဒေဟရာဇ်မင်းကြီးက အရှင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်ပါလိမ့်မည်။ အရှင်မင်းကြီးက အကျွန်ုပ်ကို ကားကြက်ပြီး သန်လျက်ဖြင့် ထိုးသတ်လျှင် ဝိဒေဟရာဇ်မင်းကြီးကလည်း အရှင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ကားကြက်ပြီး သန်လျက်ဖြင့် ထိုးသတ်ပါလိမ့်မည်။ သည်လို အရှင်မင်းကြီးက အကျွန်ုပ်ကို စီရင်သကဲ့သို့ အရှင်မင်းကြီး၏ မိဖုရား၊ သားတော်နှင့် သမီးတော်တို့ကိုလည်း စီရင်ရန် အကျွန်ုပ်နှင့် ဝိဒေဟရာဇ်မင်းကြီးတို့ တိုင်ပင်ထားပြီးဖြစ်ပါသည်။ အကျွန်ုပ်သည် လုလင်များအား စေလွှတ်၍ အရှင်မင်းကြီး၏ မယ်တော် စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ဥမင်လမ်းဖြင့် ခေါ်ထုတ်ခဲ့ပါသည်။ သူတို့ကို ဝိဒေဟရာဇ်မင်းကြီးအား ပေးအပ်လိုက်ပါပြီ" ဟု ဆိုလေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် 'ညဦးကလည်း ဂင်္ဂါမြစ်နားတွင် နန္ဒာဒေဝီတို့၏ ငိုသံလိုလို ကြားခဲ့သည်။ ယခု မဟောသဓာ ပြောနေသည်မှာ အမှန်တကယ် ဖြစ်လိမ့်မည်' ဟု ယူဆမိသည်။ အလွန်စိုးရိမ်လာသည်။ သို့ရာတွင် ရာဇဣနြေ္ဒကို ထိန်းလိုက်သည်။ အမတ်တစ်ယောက်အား နန်းတော်သို့ သွား၍ ကြည့်ရှုရန် စေလွှတ်လိုက်သည်။

အမတ်သည် နန်းတော်သို့ရောက်သောအခါ မယ်တော် စလာကဒေဝီကိုလည်း မတွေ့ရ။ မိဖုရား၊ သားတော်၊ သမီးတို့ကိုလည်း မတွေ့ရ။ နန်းတော်တစ်ခုလုံး အသုံးအဆောင်ပစ္စည်းများ ပြန့်ကြဲကာ ဖရိုဖရဲ ဖြစ်နေသည်ကိုသာ တွေ့ရသည်။

နန်းတော်အစောင့်အရှောက်များနှင့် နန်းတွင်းသူများကိုမူ တွေ့ရသည်။ သို့ရာတွင် သူတို့၏ ပါးစပ်များမှာ ပိတ်ဆို့ခံထားရလျက် ခန္ဓာကိုယ်တို့မှာလည်း တုပ်နှောင်ခြင်း ခံထားရသည်ကို တွေ့ရသည်။ အမတ်သည် ထိုသူတို့အား အနှောင်အဖွဲ့မှ လွှတ်ပြီးလျှင် အကျိုးအကြောင်း မေးမြန်းသည်။ မဟောသဓာ၏ လုလင်များ လက်ချက်ဖြစ်မှန်း သိရှိရသည်။

သူသည် ချက်ချင်းပင် မင်းကြီးထံ ပြန်သွားသည်။ မဟောသဓာ ပြောသည့်အတိုင်း ဟုတ်မှန်ကြောင်း လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း တုတ်ဖြင့် အရိုက်ခံရသော မြွေဟောက်ပမာ ပြင်းစွာဒေါသထွက်လျက် ရှိလေသည်။

(မဟောသဓာအပိုင်း- ၃၄ "အံချီးဖွယ် မဟောသဓာ၏ စွမ်းရည်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၂

"ဥမင်ခရီး"
ထိုအခါ မဟောသဓာသည် 'ဤမင်းကြီးကား အလွန်ပညာနည်း၏။ ပညာရှိသော ယောက်ျား၏ ဂုဏ်ထူးကို မသိတတ်၊ အနည်းငယ် စိတ်ပင်ပန်းအောင် ပြုပြီးမှ အားကိုးရာ နည်းလမ်းကို ရွက်ဆောင်မည်' ဟူ၍ ကြံစည်ပြီးလျှင်-

"အရှင်မင်းကြီး၊ တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဤမြို့ငယ် မြို့ကျဉ်းကို ဝန်းရံထားသည့် အရေးကို အဘယ်လူသား ပညာရှိသည် လွတ်မြောက်အောင် ကြံဆောင်နိုင်ပါမည်နည်း။ ဆင်ပျံ၊ မြင်းပျံများရှိလျှင်ကား အရှင်မင်းကြီးကို လွတ်မြောက်အောင် သယ်ဆောင်နိုင်ကြပေမည်။ အကျွန်ုပ်ကား မိုးပျံ မြေလျှိုးနိုင်သော တန်ခိုးရှိသူ မဟုတ်သဖြင့် လွတ်မြောက်အောင် မကြံဆောင်နိုင်ပါ" ဟု လျှောက်တင်၏။

ထိုအခါ မင်းကြီးသည် စကားဆိုစရာ မရှိတော့သဖြင့် ငြိမ်ဆိတ်နေလေသည်။ အားကိုးရာ မမြင်တော့သဖြင့် သုခမိန် လေးယောက်ထံမှ အကြံဉာဏ်များ ရလိုရငြား မေးမြန်းစုံစမ်းကြည့်သည်။ သုခမိန် လေးယောက်တို့သည် လွတ်မြောက်ရာလမ်းကို မညွှန်းပြနိုင်ကြ။

သိန်းအမတ်က အသက်သေရမည့်အတူတူ ရန်သူ့အသတ်ကို မခံဘဲ ဤတဲနန်းမြို့ကို မီးတိုက်ပြီး အချင်းချင်း သတ်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ပက္ကုသ်အမတ်က "အဆိပ်သောက်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ကာမိန္ဒအမတ်က "ကြိုးဆွဲချ၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ဒေဝိန္ဒအမတ်က "သိန်းအမတ် ပြောသကဲ့သို့ အချင်းချင်းသတ်သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။

သူတို့၏ စကားကို ကြားရသောအခါ မင်းကြီးသည် လွန်စွာ စိတ်မချမ်းမသာ ဖြစ်မိ၏။ "ငှက်ပျောပင်၊ လက်ပံပင်တို့မှ အနှစ်ကို ရှာ၍ မရနိုင်သကဲ့သို့ ဤဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းကို ဤသူတို့ထံမှ ရှာ၍ မရနိုင်ပါတကား။ ယခု ငါ၏ ကိုယ်သည် ပန်းပဲဖိုကဲ့သို့ အလွန် ပူလောင်နေချေပြီ။ ငါ၏ နှလုံးသည်လည်း နွေကာလ နေပူခိုက် လွင်တီးခေါင်၌ မီးလျှံဝိုင်းမိသော သူကဲ့သို့ ပူလောင်နေလေပြီတကား" ဟူ၍ မြည်တမ်း၏။

ဤတွင် မဟောသဓာသည် "မင်းကြီးကား လွန်စွာ စိတ်ပင်ပန်းနေရှာပြီ။ စိတ်သက်သာရာ ရအောင် ငါမလုပ်လျှင် နှလုံးကွဲ၍ နတ်ရွာစံလိမ့်မည်" ဟု တွေးပြီးလျှင်-
"အရှင်မင်းကြီး၊ ကြောက်ရွံ့တော် မမူပါနှင့်။ လနှင့်နေတို့ကို ရာဟု ဖမ်းထားရာမှ လွတ်မြောက်စေသကဲ့သို့၊ ညွံအိုင်ထဲ၌ ကျွံနစ်နေသော ဆင်ပြောင်ကြီးကို ကျွံနစ်ရာမှ လွတ်မြောက်စေသကဲ့သို့၊ ပခြုပ်ထဲမှ မြွေကို အချုပ်မှ လွတ်မြောက်စေသကဲ့သို့၊ လှောင်ချိုင့်ထဲမှ ငှက်ကို အနှောင်အဖွဲ့မှ လွတ်မြောက်စေသကဲ့သို့၊ ပိုက်ကွန်ထဲမှ ငါးတို့ကို ငြိတွယ်ရာမှ လွတ်မြောက်စေသကဲ့သို့ အကျွန်ုပ်သည် အရှင်မင်းကြီးကို ဗိုလ်ပါနှင့်တကွ ရန်သူ့ဘေးမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါက အကျွန်ုပ်၏ ပညာသည် အဘယ်မှာလျှင် အသုံးကျတော့အံ့နည်း။ အရှင်မင်းကြီး၊ ဤအရပ်သို့ အကျွန်ုပ် ကြိုတင်၍ လာခြင်းမှာ မည်သည့်အတွက် လာသည်ဟု ထင်ပါသနည်း။ ဘေးဒုက္ခမှ လွတ်မြောက်အောင် လာခြင်းသာ ဖြစ်သည်။ စိုးကြောက်တော် မမူပါနှင့်"
ထိုအခါတွင်မှ ဝိဒေဟရာဇ်မင်းကြီးသည် "ငါ့အသက် မသေရတော့ပြီး" ဟု ဆိုကာ စိတ်သက်သာရာ ရသွားသည်။ မှူးမတ် ဗိုလ်ပါအားလုံးလည်း ဝမ်းမြောက် ရွှင်လန်းသွားကြတော့သည်။

သိန်းအမတ်က မဟောသဓာအား "ကျွန်ုပ်တို့အားလုံးကို ဘေးရန်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းမည်ဆိုသည်မှာ အဘယ်နည်းဖြင့် ဆောင်ကြဉ်းပါမည်နည်း" ဟု မေးသည်။

မဟောသဓာက "ဥမင်ခရီးဖြင့် ခေါ်ဆောင်ပါမည်။ သွားရန် ပြင်ဆင်ကြပါကုန်လော့" ဟု ပြောသည်။ တစ်ဆက်တည်းပင် လုလင်တို့အား ဥမင်တံခါးကို ဖွင့်ရန် စေခိုင်းလိုက်လေသည်။

ထို့နောက် မင်းကြီးအား "အရှင်မင်းကြီး၊ သွားရန် အချိန်တော်ပါပြီ။ ကြွတော်မူပါ" ဟု လျှောက်တင်၏။ ဥမင်ခရီးလမ်းဖြင့် သွားရမည်ဆိုသဖြင့် သိန်းအမတ်သည် ပေါင်းထုပ်ကို ချွတ်၍ ပုဆိုးကို ခါးတောင်းကျိုက်လိုက်လေသည်။

ထိုအခါ မဟောသဓာက "ဥမင်ထဲသို့ ငုံ့လျှိုးဝင်ရန် မလိုပါ။ ဆင်စီးလျက်ပင် ဝင်လိုက ဝင်နိုင်ပါသည်။ ဆရာသေနက စိတ်ကြိုက် အဝတ်တန်ဆာ ဆင်ပြီး ရှေ့ကသွားပါ" ဟု ဆို၏။

မင်းကြီးအမှူးပြုသော သုခမိန်များနှင့် မှူးမတ် ဗိုလ်ပါတို့သည် ဥမင်တွင်းသို့ ဝင်မိသောအခါ အံ့သြမဆုံး ရှိကြသည်။ အခင်းအကျင်း အပြင်အဆင်တို့မှာ လွန်စွာ ခမ်းနားလှသည်။ နတ်မြို့ကြီးပမာ ဖြစ်နေလေသည်။ မင်းကြီးသည် ဥမင်ကြီးကို ကြည့်ရှုအံ့သြနေသဖြင့် မဟောသဓာက "မင်းကြီး ကြွတော်မူပါ။ မင်းကြီး ကြွတော်မူပါ" ဟု မကြာခဏ သတိပေးနေရပေသည်။

ဝိဒေဟရာဇ်မင်းကြီး ကြွလာကြောင်းကို သိသောအခါ မယ်တော်စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ထိန်းသိမ်း စောင့်ရှောက်နေကြသည့် လုလင်များသည် ထိုမင်း ၄-ပါးကို ဥမင် အပြင်သို့ ထုတ်ကြသည်။ ဂင်္ဂါမြစ်ကမ်းရှိ မင်းကွန်းအပေါ်၌ တင်ထားကြသည်။

မယ်တော် တလာကဒေဝီ စသူတို့သည် ဥမင်မှ ထွက်လာသော ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓာတို့ကို မြင်သောအခါကျမှ မိမိတို့၏ ဖြစ်ရပ်မှန်ကို သိကြသည်။

"ငါတို့ကား ရန်သူ့လက်သို့ ရောက်နေကြပြီ။ ငါတို့ကို လာခေါ်သူတို့မှာ မဟောသဓာ၏ လူများ ဖြစ်လိမ့်မည်" ဟု ဆိုကြသည်။ သေဘေးကို ကြောက်လန့်သဖြင့် ဟစ်အော် ငိုကြွေးကြသည်။

ထိုအချိန်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဂင်္ဂါမြစ်နှင် တစ်ဂါဝုတ်ဝေးသော နေရာ၌ ရောက်ရှိနေသည်။ ထို့ကြောင့် နန္ဒာဒေဝီတို့၏ ငိုကြွေးသံကို အဝေးမှ ကြားရလေသည်။ သို့ရာတွင် နန်းတော်တွင် အစောင့်များဖြင့် ထားခဲ့သည်ဖြစ်သောကြောင့် 'နန္ဒာဒေဝီတို့၏ အသံနှင့် တူပါပေသည်' ဟု မှူးမတ်တို့အား မေးလိုသော်လည်း မမေးဝံ့။ မှူးမတ်တို့ ပြက်ရယ်ပြုမည်ကို စိုးသဖြင့် နှုတ်ဆိတ်နေလိုက်လေသည်။

မင်းကွန်း၌ မဟောသဓာသည် ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားအဖြစ် ဘိသိက်သွန်းသည်။ ဝိဒေဟရာဇ်မင်းကြီးအား "အရှင်မင်းကြီး၊ ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားကြီးအရာ၌ ထား၍ ဥဒုမ္ဗရဒေဝီနည်းတူ ချစ်မြတ်နိုးစွာ မြှောက်စားတော်မူပါ။ ယောက္ခမဖြစ်သူ နန္ဒာဒေဝီ မိဖုရားကြီးကိုလည်း မယ်တော်အရာထား၍ ပြုစုတော်မူပါ။ ယောက်ဖဖြစ်သူ ပဉ္စလာစန္ဒာမင်းသားကိုလည်း ညီတော်ရင်း အရာထား၍ မြှောက်စားတော်မူပါ" ဟု လျှောက်ထားသည်။

မင်းကြီးကလည်း "ချစ်သား မဟောသဓာ၊ သင့်လျှောက်ထားသည့်အတိုင်း ကျင့်ဆောင်ပါမည်" ဟု ဝန်ခံလေ၏။

ထို့နောက် မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့အား ဂင်္ဂါမြစ်ကြောင်းခရီးဖြင့် မိထိလာသို့ ထွက်ခွာသွားစေသည်။ မိမိမူကား မလိုက်ပါ။ ထိုအခါ မင်းကြီးက "ချစ်သား မဟောသဓာ၊ လှေပေါ်သို့ အမြန်တက်လော့။ အဘယ်ကြောင့် ကမ်းပေါ်၌ ရပ်နေသနည်း။ မိထိလာပြည်သို့ ပြန်ကြပါစို့" ဟု ခေါ်ဆောင်၏။

(မဟောသဓာအပိုင်း- ၃၃ "စစ်သူကြီးမဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၁

"ကေဝဋ်၏ အကြံဆိုး"

ကေဝဋ်ပုဏ္ဏားသည် မှန်ကြည့်တိုင်း နဖူးတွင် အမာရွတ်ကို မြင်နေရသည်။ ထိုအခါ မဟောသဓာ အပေါ် အခဲမကျေနိုင်။ လက်စားချေရန် အမြဲကြံနေသည်။

တစ်နေ့တွင် အကြံရသွားသည်။ ဝိဒေဟရာဇ်မင်းကြီးကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ သမီးတော် ပဉ္စာလစန္ဒီနှင့် ဖြားယောင်းမျှားခေါ်မည်။ မဟောသဓာလည်း အတူလိုက်ပါလိမ့်မည်။ ထိုအခါ နှစ်ဦးစလုံးကို သုတ်သင်ပစ်မည်ဟူ၍ ကြံစည်သည်။ ထို့နောက် စူဠနီဗြဟ္မဒတ်မင်းကြီးကို ပြာသာဒ် အထက်ထပ်သို့ ခေါ်သည်။ သူ၏အကြံကို ပြောပြသည်။

"အရှင်မင်းကြီး၊ ယခု အကြံမှာ အလွန်ကောင်းသော အကြံဖြစ်ပါသည်။ ဝိဒေဟရာဇ်မင်းကြီးကို ကိလေသာ ကာမဂုဏ်ဖြင့် ဖြားယောင်းပြီး မဟောသဓာနှင့် တကွ သုတ်သင်ရန် ဖြစ်သည်။ အရှင့်သမီးတော် ပဉ္စာလစန္ဒီသည် ရုပ်ဆင်းအင်္ဂါ လွန်စွာ ချောမောလှပသူ ဖြစ်ပါသည်။ သမီးတော်၏ အလှကို စာဆိုတော်တို့အား တေးကဗျာ ရေးဖွဲ့စေမည်။ ထိုတေးကဗျာတို့ကို မိထိလာပြည်တွင် သွားရောက် သီဆိုစေမည်။ ဝိဒေဟရာဇ်မင်းကြီးသည် ကြားရဖန် များသောအခါ သမီးတော်ကို တပ်မက်လာလိမ့်မည်။ ထိုအခါ မိထိလာပြည်သို့ ကျွန်ုပ်သွားမည်။ အရှင်မင်းကြီးက နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက်သည့်သဘောဖြင့် သမီးတော်ကို ဆက်သလိုကြောင်း ပရိယာယ်ဖြင့် ဆိုမည်။ နေ့ကောင်း ရက်သာ ရွေးချယ် ချိန်းချက်မည်။ 'ငါးမျှားချိတ်ကို မမြင်၊ ငါးစာကိုသာ မြင်သောငါး' ကဲ့သို့ ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာနှင့်အတူ လာလိမ့်မည်။ ထိုအခါ သင်းတို့နှစ်ဦးကို သုတ်သင်ပြီး အောင်သေအောင်ပွဲကြီး ပြုလုပ်မည်"

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းလှသည်။ ဤအတိုင်း အမြန်လုပ်ပါ" ဟု ဆို၏။

ဤတိုင်ပင်သည့် စကားများကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ အိပ်ရာစောင့် သာလိကာမလေးသည် ကြားသိလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် စာဆိုတော်တို့အား ဆုလာဘ်များစွာပေး၍ သမီးတော် ပဉ္စာလစန္ဒီ၏ အလှကို ကဗျာဖွဲ့ဆိုစေသည်။ ထို့နောက် အဆိုတော်များနှင့် သဘင်အနုပညာရှင်တို့အား မိထိလာပြည်သို့ သွား၍ သီဆိုစေသည်။ ထို့ပြင် ငှက်ကြီးများကို ဖမ်း၍ လည်တွင် ချူဆွဲစေလျက် ညဥ့်လူခြေတိတ်ချိန်တွင် ငှက်များနှင့်အတူ သစ်ပင်ပေါ်တက်၍ သီချင်းဆိုစေသည်။ ထို့နောက် ငှက်ကြီးများကို လူမနိုးခင် လွှတ်စေသည်။ ဤသို့ ပြုခြင်းမှာ ပဉ္စာလစန္ဒီမင်းသမီး၏ အလှကို နတ်များကပါ သီဆို ချီးကျူးကြသည်ဟု ထင်စေရန် ဖြစ်သည်။ ထို့နောက် တစ်ဖန် ဤမျှလောက် ချောမောလှပသော ပဉ္စာလစန္ဒီမင်းသမီးသည် ဝိဒေဟရာဇ်မင်းကြီးနှင့်သာ ထိုက်တန်ကြောင်း ရေးစပ်ထားသော သီချင်းများကိုလည်း ဆိုစေပြန်သည်။ ထိုထိုသီချင်းများကို ကြားရသောအခါ ဝိဒေဟရာဇ်မင်းကြီးသည် လွန်စွာ နှစ်သက် သဘောကျသွားသည်။ အဆိုတော် သဘင်သည်တို့ကို ခေါ်၍ ဆုလာဘ်များစွာ ပေးလေသည်။

ထိုသတင်းကို ကြားရသောအခါ ကေဝဋ်ပုဏ္ဏားသည် မိထိလာသို့ နေ့ရက်ချိန်းရန် သွားရောက်သည်။ မိထိလာပြည်သူ ပြည်သားတို့သည် ထိုအကြောင်းကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း ဝမ်းမြောက်မဆုံး ရှိနေသည်။

မဟောသဓာကမူ ကေဝဋ်ပုဏ္ဏားလာခြင်းကို သံသယ ဖြစ်မိသည်။ အကောင်းလာခြင်း မဟုတ် ဟု ထင်မိသည်။ အကြောင်းမှန်သိရန် စူဠနီဗြဟ္မဒတ်မင်းထံ စေလွှတ်ထားသည့် မိမိ၏ သူလျှိုထံ စုံစမ်းမေးမြန်းသည်။ သူလျှိုက "မင်းကြီးနှင့် ကေဝဋ်ပုဏ္ဏားတို့သည် နန်းပြာသာဒ် အထက်ထပ်၌ တိုင်ပင်ကြခြင်းဖြစ်၍ အကြောင်းမှန်ကို မသိရပါ။ မင်းကြီး၏ အိပ်ရာစောင့် သာလိကာမကလေးသည်သာ သိနိုင်စရာ အကြောင်းရှိပါသည်" ဟု ပြန်ကြားလိုက်လေသည်။

မဟောသဓာထံ ကေဝဋ်ပုဏ္ဏားသွာခြင်း

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ အကြံကို မသိရသေး။ ထို့ကြောင့် ရန်ဘက်ဖြစ်သူအား မိမိ၏ အနေအထားကို သိမြင်ခွင့်ပေးရန် မသင့်ဟု ခံယူမိသည်။ သို့ဖြင့် မြို့တံခါးမှ နန်းတော်အထိ ကေဝဋ်ပုဏ္ဏားလာမည့် လမ်းတစ်လျှောက်လုံးနှင့် နန်းတော်မှ မိမိအိမ်သို့ လာမည့်လမ်းကို ဘေးနှစ်ဖက်တွင် ဖျာများဖြင့် ကာရံထားသည်။ အပေါ်ကလည်း ဖျာမိုးထားသည်။ ဤသို့ မြို့အခြေအနေကို မမြင်စေချင်၍ ပြုလုပ်ထားသည်ကို ကေဝဋ်ပုဏ္ဏား မသိရအောင်လည်း စီမံထားသည်။ လမ်းကို တန်ဆာဆင်သောအနေဖြင့် ပန်းချီကားများ ရေးဆွဲထားသည်။ တံခွန်၊ ကုက္ကားများ စိုက်ထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာ၏ အကြံကို မရိပ်မိ။ ဝိဒေဟရာဇ်မင်းက မိမိကို ကြိုဆိုသောအားဖြင့် လမ်းကို ပြင်ဆင်ထားသည်ဟုသာ ထင်နေသည်။

သူသည် နန်းတော်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီးအား လက်ဆောင်ပဏ္ဏာများ ဆက်သသည်။
"အကျွန်ုပ်တို့၏ မင်းကြီးသည် ပဉ္စာလရာဇ်ပြည်နှင့် ဝိဒေဟရာဇ်ပြည်တို့ကို နှစ်ပြည့်တစ်ပြည် ရွှေလမ်း၊ ငွေလမ်း ဖောက်ရန် သမီးတော် ပဉ္စာလစန္ဒီကို အရှင်မင်းကြီးအား ဆက်သလိုပါသည်။ နေ့ရက် ချိန်းဆိုရန် ကျွန်ုပ် လာရောက်ရခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဝိဒေဟရာဇ်မင်းကြီးလည်း လွန်စွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားသည်။
"မဟောသဓာသုခမိန်ထံ သွားတွေ့ပါ။ ယခင်က ဖြစ်ခဲ့သည့် အပြစ်များကို ကျေအေးအောင် ပညာရှိ အချင်းချင်း ဆွေးနွေးတိုင်ပင်ပါ" ဟု မိန့်တော်မူသည်။
"ကောင်းပါပြီ အရှင်" ဟူ၍ ကေဝဋ်က မဟောသဓာအိမ်သို့ သွားလေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏားကို စကားလက်ခံ မပြောလိုပေ။ ထို့ကြောင့် ထောပတ်သစ်သီးကို သောက်၍ အိပ်နေလေသည်။ အခန်းထဲ၌လည်း ညောင်စောင်း၊ ခုတင်၊ ထိုင်ခုံ စသည်တို့ကို မခင်းကျင်းထား။ သိမ်းဆည်းထားသည်။ ထို့ပြင် ကြမ်းပြင်နှင့် နံရံတို့ကိုလည်း နွားချေးအစိုများ လိမ်းကျံထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာထံ ရောက်သောအခါ ထိုင်စရာ မရှိ ဖြစ်နေသည်။ နွားချေးလိမ်းထားသော ကြမ်းပြင်ပေါ်၌ မတ်တတ်ရပ်လျက်ပင် နှုတ်ဆက်သည်။ မဟောသဓာကလည်း ပြန်၍ နှုတ်ဆက်စကား ပြောမည်ပြုသည်။ ထိုအခါ အစောင့်အရှောက်များက မဟောသဓာ လျှို့ဝှက်စွာ မှာကြားထားသည့်အတိုင်း ပြုသည်။ "အရှင့်သားသည် ယနေ့ အလွန်တက်သော ထောပတ်သစ်ကို သောက်ထားပါသည်။ စကား မပြောပါနှင့်" ဟု တားမြစ်သည်။ ကေဝဋ်ပုဏ္ဏားကိုလည်း ပြန်သွားရန် အမူအရာဖြင့် ပြကြသည်။

ကေဝဋ်ပုဏ္ဏားက "ကျွန်ုပ် ပြန်မည်" ဟု မဟောသဓာကို နှုတ်ဆက်သည်။ အစောင့်အရှောက်များက "စကားကျယ်ကျယ် ပြောရသလော" ဟု ဆိုကာ ရိုက်နှက် တွန်းထိုး၍ ဆွဲထုတ်ကြလေသည်။

(မဟောသဓာအပိုင်း- ၃၂ "ဥမင်ခရီး" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၀

 "အနုကေဝဋ်ပုဏ္ဏား"
 
အနုကေဝဋ်ပုဏ္ဏားသည် ဝိဒေဟရာဇ်မင်း၏ ပုရောဟိတ် ဖြစ်သည်။ မဟောသဓာသည် အနုကေဝဋ်အား မည်သို့မည်ပုံ ဥပါယ်တံမျဉ်ဖြင့် ပြုလုပ်ရမည်ကို မှာထားသည်။ အနုကေဝဋ်ကလည်း "ကောင်းလှပြီး" ဟူ၍ ဝန်ခံကာ မဟောသဓာ မှာထားသည့်အတိုင်း ပြုလေသည်။

အနုကေဝဋ်သည် ရှေးဦးစွာ မြို့တံတိုင်းပေါ်သို့ တက်သည်။ မဟောသဓာ၏ တပ်သားများ အလစ်တွင် စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများထံသို့ စားသောက်ဖွယ်ရာများ ချပေးသည်။ "သင်တို့ စိတ်မပျက်ကြပါနှင့်" မိထိလာမြို့သူမြို့သားတို့သည် ဆောင်း၌ အလှောင်ခံရသော ကြက်ကဲ့သို့ ထွက်ပြေးရာ မမြင်။ စိတ်ပျက်နေကြပြီ။ မကြာမီ မြို့တံခါး ဖွင့်ကြလိမ့်မည်" ဟု အားပေးစကား ပြောသည်။ မဟောသဓာ၏ တပ်သားများကြားလျှင် စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်များ မြင်အောင် အနုကေဝဋ်ကို ဟန်ဆောင်ရိုက်ကြသည်။ "အကြံအစည် ဖျက်တတ်သော ပုဏ္ဏားယုတ်၊ နင်သည် ငါတို့မြို့နှင့်မတန်၊။ သွားလေ" ဟု ဆဲဆို ခြိမ်းခြောက်၍ မြို့ပြင်သို့ ချလိုက်ကြသည်။

စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများလည်း အနုကေဝဋ်ကို ဗြဟ္မဒတ်မင်းထံ ခေါ်ဆောင်သွားကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးကလည်း အနုကေဝဋ်အား "သင့်မှာ ဘာအပြစ်ရှိ၍ နှင်ထုတ်သနည်း" ဟု မေး၏။

အနုကေဝဋ်က "မဟောသဓာသည် စစ်သူကြီး ဖြစ်လာသောအခါ ကျွန်ုပ်၏ စည်းစိမ်ကို ဖျက်ဆီးခဲ့ပါသည်။ ထို့ကြောင့် မဟောသဓာ၏ ဦးခေါင်းကို သန်လျက်စာ ကျွေးမည်ဟု ကြံနေဆဲတွင် အရှင်မင်းကြီး၏ စစ်တပ်များ ရောက်လာသဖြင့် အခွင့်ကောင်းကို စောင့်နေခဲ့ပါသည်။ ယနေ့ အခွင့်ရသဖြင့် အရှင်မင်းကြီး၏ တပ်သားများအား စားသောက်ဖွယ်ရာများ ချပေး၍ အားပေးစကား ပြောသည်ကို မဟောသဓာ၏ တပ်သားများ မိသွားပါသည်။ ကျွန်ုပ်ကို ရိုက်နှက်၍ နှင်ထုတ်လိုက်ပါသည်။ ထိုသို့ ပြုသည်ကို အရှင်မင်းကြီး၏ တပ်သားများ မြင်ကြပါသည်" ဟူ၍ မဟောသဓာ သင်ကြားပေးသည့်အတိုင်း လိမ်လည်လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း ယုံကြည်သွားလေသည်။

အနုကေဝဋ်ပုဏ္ဏားသည် မဟောသဓာ သင်ကြားပေးသည့်အတိုင်း စူဠနီဗြဟ္မဒတ်မင်းကြီးကို အမျိုးမျိုး အယုံသွင်းသည်။ မင်းကြီးလည်း အနုကေဝဋ်ပုဏ္ဏားကို အထူးယုံကြည်သွားသည်။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားက "အရှင်မင်းကြီး၊ ဝိဒေဟရာဇ်မင်းနှင့် မဟောသဓာတို့ အရှင့်လက်သို့ ရောက်စေရမည်။ အကျွန်ုပ်သည် မိထိလာမြို့ တံတိုင်း၏ ခိုင်လုံသော နေရာကိုလည်း သိသည်။ မခိုင်လုံသော နေရာကိုလည်း သိသည်။ တံတိုင်းကို ဆီးတားထားသော ကျုံး၌ မိကျောင်း ရှိသော အရပ်ကိုလည်း သိသည်။ မိကျောင်း မရှိသော အရပ်ကိုလည်း သိသည်။ မကြာမြင့်မီပင် ဤမြို့ကို သိမ်းယူ၍ ရွှေလက်တော်ရောက် ဆက်သပါမည်" ဟု တင်လျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းလည်း နှစ်သက် သဘောကျသွားသည်။ အနုကေဝဋ်ပုဏ္ဏားကို ကောင်းစွာ ချီးမြှောက်သည်။ စစ်သည်ဗိုလ်ပါ အပေါင်းကိုလည်း အပ်နှင်းသည်။

အနုကေဝဋ်လည်း မဟောသဓာ ညွှန်ကြားသင်ပေးထားသည့်အတိုင်းပင် စစ်သည် ဗိုလ်ပါတို့အား သူ့လူ ကိုယ်လူ ခွဲခြားနိုင်အောင် အမှတ်အသား ပြုထားရမည်ဟု ဆို၏။ ထိုသူတို့၏ စစ်ဝတ်တန်ဆာတို့၌ မဟောသဓာ၏ တံဆိပ် ခပ်နှိပ်ပေးသည်။ ထို့နောက် "အချင်းတို့၊ ကျုံးကို ဖြတ်ကူးကြလော့။ ယခုပင် မိထိလာပြည်ကို သိမ်းပိုက်အံ့" ဟု ဆိုသည်။ ထို့နောက် မိကျောင်းရှိရာ ရေကျုံးသို့ ဆင်းသက်စေသည်။ ထိုအခါ မိကျောင်းများက ဖမ်းယူ ကိုက်ခဲကြသည်။
မိထိလာမြို့ ထိပ်ပေါ်၌ အသင့်နေရာယူထားသော မဟောသဓာ၏ စစ်သည်များကလည်း ပဉ္စာလရာဇ်စစ်သည်တို့ကို မြား၊ လှံ စသည်တို့ဖြင့် ပစ်ခတ်ကြသည်။ ရန်သူ၏ စစ်သည် ဗိုလ်ပါတို့သည် မိကျောင်းဘေး၊ လက်နက်ဘေးကြောင့် အထိအရှ၊ အကျအဆုံး များကြသည်။ ဤတွင် နောက်ထပ်၍ တစ်ဦးတစ်ယောက်မျှ ကျုံးထဲသို့ မဆင်းဝံ့ကြတော့ပေ။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားသည် စူဠနီဗြဟ္မဒတ်မင်းကြီးထံ သွားရောက်သည်။ "အရှင်မင်းကြီး၊ စစ်သည် ဗိုလ်ပါတို့သည် ကျုံးတွင်းသို့ ကောင်းစွာ မဆင်းသက်ကြပါ။ ဆင်းသက်၍ ကျုံးတစ်ဖက်သို့ ကူးမိသောသူတို့ကလည်း မြို့ရင်းကို ကောင်းစွာ မကပ်ကြပါ။ ရှောင်ရှားကာသာ ပြုနေကြပါသည်။ အကြောင်းရင်းကို သိလိုသဖြင့် အကျွန်ုပ် စုံစမ်းကြည့်ပါသည်။ ထိုအခါ ကိုးကျိပ်ကိုးယောက်သော ထီးဆောင်းမင်းနှင့်တကွ ကေဝဋ်အမတ်ကြီး အပါအဝင် စစ်သည် ဗိုလ်ပါတို့သည် အရှင့်ကျေးဇူးသစ္စာတော်ကို မစောင့်ကြ။ မဟောသဓာက တံစိုးလက်ဆောင် ပေးသဖြင့် မဟောသဓာ၏ သစ္စာခံများဖြစ်နေသည်ကို တွေ့ရပါသည်။ ထိုစစ်သည် ဗိုလ်ပါတို့ကို အသီးသီးခေါ်၍ သူတို့၏ စစ်ဝတ်တန်ဆာတို့ကို အမှတ်မထင် ရှုကြည့်တော်မူပါ။ သူတို့၏ အဝတ်တန်ဆာတို့တွင် မဟောသဓာ ခတ်နှိပ်ပေးလိုက်သော တံဆိပ်ကို မြင်တော်မူပါလိမ့်မည်" ဟု ပရိယာယ်ဖြင့် ဆို၏။

စူဠဗြဟ္မဒတ်မင်းလည်း "စစ်သည် ဗိုလ်ပါ အားလုံး ယခု ဝတ်ဆင်သည့် စစ်ဝတ်တန်ဆာဖြင့် လာခဲ့ရမည်" ဟူ၍ ဆင့်ခေါ်စေသည်။ ထို့နောက် အမှတ်မဲ့ ရှုကြည့်သည်။ မဟောသဓာ၏ တံဆိပ် ခပ်နှိပ်ထားသည်ကို မြင်သွားသည်။ စစ်သည် ဗိုလ်ပါတို့ အင်အားကောင်းလှသဖြင့် အတင်းအကျပ်လည်း မမေး မစစ်ဝံ့။ လျောက်ပတ်ရုံစကားကိုသာ ဆိုပြီးလျှင် မိမိတို့နေရာသို့ ပြန်သွားစေသည်။

ထို့နောက် မင်းကြီးသည် အနုကေဝဋ်ပုဏ္ဏားကို ခေါ်သည်။ "ဆရာပုရောဟိတ်၊ သင်လျှောက်တိုင်း ဟုတ်မှန်နေပြီ။ ငါ မည်သို့ ကြံရမည်နည်း" ဟူ၍ ဆို၏။

အနုကေဝဋ်က "အရှင်မင်းကြီး၊ အပြင်ရန်မီးကို အနီးမရောက်အောင် ကာဆီးရန် လွယ်၏။ အတွင်းရန်မီးကိုကား ပယ်လှန်နုတ်ပစ်ရန် အလွန်ခက်၏။ အထူးမကြံနိုင်။ ဤအရပ်တွင် ကြာရှည်နေပါက မဟောသဓာ၏ လက်တွင်းသို့ သက်ဆင်းရလိမ့်မည်။ ကေဝဋ်အမတ်ကြီးပင်လျှင် မဟောသဓာက ပတ္တမြားမြတ်တစ်လုံး လာဘ်ထိုးသဖြင့် ရန်သူ၏ခြေကို ရှိခိုးဦးချခဲ့သေးသည် မဟုတ်ပါလော။ ယခုလည်း အရှင်မင်းကြီးကို အမှတ်မဲ့ ဖမ်းယူ၍ မဟောသဓာထံ ပို့ဆက်မည့် အကြံ ရှိနေပါသည်။ အခြားသူတို့မှာ ပို၍ပင် မယုံနိုင်ဖွယ် ရှိပါသည်။ ကျွန်ုပ်အလိုမှာ ကြာကြာ မဆိုင်းစေချင်ပါ။ ယနေ့ညဥ့်ပင် သန်းခေါင်ကျော် အချိန်၌ မည်သူမျှ မသိစေဘဲ စီးတော်မြင်းနှင့် ထွက်ပြေးသင့်ပါသည်။ အကျွန်ုပ်လည်း အတူလိုက်ပါပါမည်" ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းသည် အနုကေဝဋ်ကို လုံးဝ ယုံကြည်ထားပြီး ဖြစ်သည်။ အနုကေဝဋ်ဆိုတိုင်း ထွက်ပြေးရန် လက်ခံလိုက်သည်။

အနုကေဝဋ်လည်း မဟောသဓာ လွှတ်ထားသော သူလျှိုအမတ်တို့ထံ တိတ်တဆိတ် သွားရောက် မှာကြားထားသည်။ မိမိအချက်ပေးပါက ပေးသည့်အတိုင်း ပြုရန် သေချာစွာ မှာထားသည်။

ထိုနေ့ သန်းခေါင်ကျော်အချိန်တွင် အနုကေဝဋ်နှင့် စူဠနီ ဗြဟ္မဒတ်မင်းတို့သည် အခြားသူများ မသိစေဘဲ မြင်းကိုယ်စီ စီးလျက် ပဉ္စာလရာဇ်ပြည်သို့ ရှေ့ရှု ထွက်ပြေးကြသည်။

အနုကေဝဋ်မှာ အကြံနှင့်ဖြစ်ရာ မင်းနှင့် အနည်းငယ်သာ လိုက်ဟန်ပြုသည်။ ထို့နောက် ရုတ်တရက် ပြန်လှည့်ပြေးကာ တပ်ထဲသို့ ဝင်သည်။ "ပဉ္စာလရာဇ်မင်း ထွက်ပြေးပြီ၊ ထွက်ပြေးပြီ" ဟူ၍ ကျယ်လောင်စွာ ဟစ်အော်သည်။ မဟောသဓာ၏ သူလျှိုအမတ်တို့ကလည်း မှာထားသည့်အတိုင်းပင် ဝိုင်းဝန်းအော်ဟစ်ကြသည်။

ထိုအချိန်တွင် ကိုးကျိပ်ကိုးယောက်သော မင်းများ၊ ကေဝဋ်ပုဏ္ဏားနှင့် စစ်သည် ဗိုလ်ပါတို့သည် အိပ်ပျော်နေကြသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် နိုးကြသည်။ "မဟောသဓာ၏ တပ်များသည် သူတို့၏ တပ်များကို အလစ်တွင် ဝင်စီးနေပြီ" ဟု ထင်မှတ်ကြသည်။ ကြောက်ရွံ့ ထိတ်လန့်လှသဖြင့် ဦးတည့်ရာ ပရမ်းပတာ ထွက်ပြေးကြသည်။

ထိုအခါ မိထိလာမြို့ ထိပ်ပေါ်ရှိ မဟောသဓာ၏ စစ်သည်တို့ကလည်း တိုက်စည်တိုက်မောင်းကို ဆော်တီးလျက် ပဲ့တင်ထပ်မျှ ကြွေးကြော်ကြသည်။ စူဠနီဗြဟ္မဒတ်မင်းသည် ခရီးတစ်ဝက်ရောက်မှ ဖြစ်ပျက်ပုံ အကြောင်းစုံကို ဆင်ခြင်မိသည်။ သူသည် ရပ်တန့်စောင့်ဆိုင်းသည်။ ထီးဆောင်းမင်းများနှင့် စစ်သည် ဗိုလ်ပါတို့ ရောက်လာသောအခါတွင်မှ အားလုံးကို ခေါ်၍ ပဉ္စာလရာဇ်ပြည်သို့ ပြန်ခဲ့လေသည်။ စူဠနီဗြဟ္မဒတ်မင်းကြီး၏ စစ်တပ်ကြီး ထွက်ပြေးရာတွင် ဆင်၊ မြင်း၊ ရထား၊ ရွှေ၊ ငွေ၊ ပစ္စည်းမျိုးစုံ ကျန်ရစ်သည်။ မိထိလာပြည်သူ ပြည်သားအပေါင်းသည် ယင်းတို့ကို သယ်ယူကြသည်။ လေးလကြာမှ ကုန်လေသည်။

ရန်စစ်ပြေငြိမ်းလေသော် မဟောသဓာသည် မိမိသင်ပြ ညွှန်ကြားသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်သော အနုကေဝဋ်ပုဏ္ဏားအား ချီးကျူးသည်။ များစွာသော စည်းစိမ်ဥစ္စာတို့ကို ပေး၍ ချီးမြှောက်ထားလေသည်။

(မဟောသဓာအပိုင်း- ၃၁ "ကေဝဋ်၏ အကြံဆိုး" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၉

"ကေဝဋ်ပုဏ္ဏား၏အကြံ"
ထိုအခါ ကေဝဋ်ပုဏ္ဏား အကြံပေးသည့်အတိုင်း မြို့ပြင်မှရေကို မြို့တွင်းသို့ မသွင်းနိုင်အောင် ပိတ်ဆို့ထားသည်။ မဟောသဓာက ကြာရိုးရှည်များကို ခွေပြီး မြို့ပြင်ရှိ စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများဆီသို့ မြို့တံတိုင်းပေါ်မှ ပစ်ချသည်။ မိထိလာမြို့တွင်း၌ အတောင် တစ်ရာခန့် နက်သော ရေကန်များရှိဟန် မိမိသူလျှိုတို့အား သတင်းလွှင့် ပြောကြားစေသည်။

ဤတွင် ကေဝဋ်ပုဏ္ဏားသည် မြို့ပြင်မှ ဆန်စပါးများ မသွင်းနိုင်အောင် တားဆီးပြန်သည်။ မဟောသဓာကလည်း မြို့တံတိုင်းပေါ်၌ ရွှံနွံများ တင်၍ စပါးများတင်၍ စိုက်ပျိုးပြသည်။ မြို့တွင်း၌ ဆန်စပါးကို ပြည့်လျှံနေသဖြင့် ပိုလျှံသော စပါးများကို သွန်ကြဲပစ်ရာမှ အပင်ပေါက်နေဟန် မိမိ သူလျှိုတို့အား သတင်းလွှင့် ပြောကြားစေသည်။

ထိုအခါ ကေဝဋ်ပုဏ္ဏားသည် ထင်းများ မသွင်းနိုင်အောင် ပြုပြန်သည်။ မဟောသဓာက မြို့တံတိုင်းပေါ်၌ ထင်းတို့ကို ပုံစေသည်။ ရန်သူတပ်သားများထံ ထင်းတုံးကြီးများကို ပစ်ချပေးစေသည်။ မြို့တွင်း၌ ထင်းတုံးကြီးများ ပေါများနေ၍ ထင်းပုံကြီးများမှာ မြို့တံတိုင်းကိုပင် ကျော်လွန်နေဟန် မိမိသူလျှိုတို့အား ပြောကြားစေသည်။

ဤသို့ အမျိုးမျိုးကြံ၍ မအောင်မြင်နိုင် ဖြစ်သောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် လက်လျှော့ချင်လာသည်။ "မိထိလာပြည်ကို မသိမ်းနိုင်လျှင်လည်း မိမိတိုင်းပြည်သို့ ပြန်ကြမည်" ဟု ဆိုသည်။

ကေဝဋ်ပုဏ္ဏားက "အရှင်မင်းကြီး၊ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မင်းအပေါင်းတစ်ရာနှင့် တိုက်ခိုက်ပါလျက် ဝိဒေဟရာဇ်မင်းကို မနိုင်ဟု ဆိုက ရှက်စရာဖြစ်နေပါသည်။ မဟောသဓာသာ ပညာရှိသည် မဟုတ်ပါ။ ကျွန်ုပ်လည်း ပညာရှိ ဖြစ်ပါသည်။ မဟောသဓာနှင့် ကျွန်ုပ် တရားစစ်ထိုးလိုပါသည်။ တရားစစ်ထိုးရာတွင် နှစ်ဖက်သော မင်းတို့၏ ပညာရှိ နှစ်ယောက် တစ်နေရာတည်းတွင် ဆိုင်ပြိုင်တွေ့ဆုံ ကြပါရပါသည်။။ ယင်းသို့ ဆိုင်ပြိုင်ရာတွင် ရှိခိုးသူဘက်က အရှုံး ဖြစ်ပါသည်။ ယခု တိုင်ပင်သည်ကို မဟောသဓာ သိမည်မဟုတ်ပါ။ ကျွန်ုပ်က အသက်ကြီးသူ ဖြစ်၍ မဟောသဓာသည် ကျွန်ုပ်ကို မြင်လျှင် ရှိခိုးပါလိမ့်မည်" ဟု လျှောက်တင်၏။

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းမြတ်ပေ၏" ဟု ဆိုသည်။ ဝိဒေဟရာဇ်မင်းထံသို့ ပညာရှိချင်း တရားစစ်ထိုးလိုကြောင်း သဝဏ်လွှာရေး၍ ပို့လေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ လျှို့ဝှက်သော အကြံကို သူလျှိုများထံမှ ကြားသိရသည်။ 'ကေဝဋ်ပုဏ္ဏားကို ရှုံးလျှင် ငါပညာရှိ မဟုတ်တော့ပေ' ဟု တွေးတော ဆင်ခြင်သည်။ ထိုစဉ် ဝိဒေဟရာဇ်မင်းကြီးက ခေါ်၍ ကေဝဋ်ပုဏ္ဏား စစ်ထိုးလိုကြောင်း ပြောသည်။

မဟောသဓာက "အရှင်မင်းကြီး၊ နက်ဖြန်တွင် အနောက်မြို့တံခါး၌ တရားစစ်ထိုးရန် စီစဉ်ပါမည်။ ကေဝဋ်ပုဏ္ဏားအား ချိန်းဆိုတော်မူပါ" ဟူ၍ လျှောက်ထားသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ကေဝဋ်ပုဏ္ဏားသည် နံနက်စောစောကပင် တရားစစ်ထိုးရာ နေရာသို့ ရောက်ရှိနေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့လည်း ရောက်ရှိနေကြသည်။ မဟောသဓာ စေလွှတ်ထားသော သူလျှိုတစ်ရာ့တစ်ယောက် တို့သည်လည်း ရောက်ရှိနေကြသည်။ သူတို့သည် မဟောသဓာကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

မဟောသဓာနှင့် ကေဝဋ်ပုဏ္ဏား

မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးထံမှ အကောက်ရှစ်မြှောင့်ရှိသော ပတ္တမြားကို တောင်းယူသည်။ ထို့နောက် ဖွားဖက်တော် တစ်ထောင်ခြံရံလျက် ရထားစီးကာ ထွက်လာသည်။ ကေဝဋ်ပုဏ္ဏားသည် မဟောသဓာကို မြင်သောအခါ မဟောသဓာ၏ အရှိန်အဝါကို မခံနိုင်။ ခရီးဦးကြိုပြု၍ နှုတ်ခွန်းဆက်သည်။

"မဟောသဓာသုခမိန်၊ ပညာရှိချင်း ဖြစ်ပါလျက် သင်တို့ပြည်တွင် အကျွန်ုပ်ရောက်နေသည်မှာ ၄-၅-၆- ရက်ရှိပြီ။ သို့သော်လည်း မည်သည့် လက်ဆောင်မျှ မရပါတကား။ အသင်မပေးပြီလော"
"အသင်ပညာရှိကြီးတို့နှင့် ထိုက်တန်သည့် လက်ဆောင်ကို အကျွန်ုပ် ရှာဖွေခဲ့ပါသည်။ ယနေ့မှ ဤပတ္တမြားကို ရပါသည်။ ဤပတ္တမြားကို လက်ခံပါ။ ဤပတ္တမြားလောက် အရည်အသွေးကောင်းသော ပတ္တမြား မရှိပါ" မဟောသဓာက ဤသို့ဆိုကာ ပတ္တမြားကို လက်ပေါ်တင်၍ ပြလေသည်။

မဟောသဓာ၏ ပရိယာယ်

ကေဝဋ်ပုဏ္ဏားသည် ပတ္တမြားကို မြင်သောအခါ အလွန်လိုချင်သွားသည်။ သူ့ကို မဟောသဓာက တကယ်ပေးမည်ဟုလည်း ထင်သည်။ ထို့ကြောင့် "စစ်သူကြီး သုခမိန်၊ ပတ္တမြားရတနာ ငါ့အား ပေးလော့" ဟု ဆိုကာ လက်ဖြန့်ခံ၏။

မဟောသဓာကလည်း "ပုရောဟိတ် သုခမိန်၊ ယူလော့" ဟုဆိုကာ ကေဝဋ်ပုဏ္ဏား၏ ဖြန့်ထားသော လက်ဝါးမှ လက်ချောင်းကြားသို့ ကျအောင် ပစ်ချလိုက်၏။ ထိုအခါ ပတ္တမြားသည် လက်ချောင်းကြားမှ လျှောကျ၍ မြေပေါ်သို့ ရောက်သွားသည်။ မဟောသဓာ၏ ခြေရင်း၌ တည်လေသည်။

ကေဝဋ်ပုဏ္ဏားလည်း ပတ္တမြားကို ကုန်း၍ ကောက်ယူသည်။ ထိုအခါ မဟောသဓာ၏ ခြေကို ဦးညွတ်သကဲ့သို့ ဖြစ်နေသည်။ ဤတွင် မဟောသဓာသည် ကေဝဋ်၏ ကျောက်ကုန်းကို လက်တစ်ဖက်ဖြင့် မထနိုင်အောင် နှိပ်ထားသည်။ ကျန်လက်တစ်ဖက်ဖြင့် လည်ကုပ်ကို ကိုင်နှိပ်ထားသည်။ ထို့နောက် "ပုရောဟိတ်၊ ထလော့။ အကျွန်ုပ်ကား ဆရာ၏ မြေးအရွယ်သာ ရှိပါသည်။ အကျွန်ုပ်ကို ရှိမခိုးပါနှင့်" ဟု ပရိသတ်အပေါင်း ကြားအောင် ကျယ်လောင်စွာ ပြောဆိုသည်။ ယင်းသို့ပြောဆိုရာမှ ကေဝဋ်၏ နဖူးကို မြေတလင်းတွင် ပွတ်တိုက်သည်။ ကေဝဋ်၏ နဖူးမှာ စုတ်ပြဲ၍ သွေးများထွက်လာသည်။ ထို့နောက် "ပုဏ္ဏားမိုက်၊ ကျွန်ုပ်ကဲ့သို့ မြေးအရွယ်ကို ရှိခိုးချင်ရသလော" ဟူ၍ ငေါက်ငမ်းကာ လည်ကုပ်ကို ဆွဲ၍ တွန်းပစ်လိုက်လေသည်။

မဟောသဓာ အော်ပြောသံကို ပရိသတ်အားလုံး ကြားကြသည်။ မဟောသဓာ၏ သူလျှိုများကလည်း "ကေဝဋ်ပုဏ္ဏားက မဟောသဓာကို ရှိခိုးလေပြီ" ဟု တစ်ပြိုင်နက် အော်ကြလေသည်။

စူဠနီဗြဟ္မဒတ်မင်း အမှူးပြုသော မင်းမှူးမတ် ဗိုလ်ပါတို့သည် ကျယ်လောင်သော ထိုအသံများကိုလည်း ကြားကြသည်။ မဟောသဓာ၏ ခြေရင်း၌ ကေဝဋ်ပုဏ္ဏား ဦးခေါင်းစိုက်သည်ကိုလည်း မြင်ကြရသည်။ ဤတွင် "ငါတို့ ပညာရှိက မဟောသဓာကို ရှိခိုးလေပြီ။ ငါတို့ ရှုံးပြီ" ဟုဆိုကာ မိမိတို့၏ မြင်းများကို စီး၍ ထွက်ပြေးကြလေသည်။ မဟောသဓာ၏ ဘက်တော်သားတို့က "ရန်သူတို့ ပြေးလေပြီ။ လိုက်ကြကုန်။ ဖမ်းဆီးကြကုန်" ဟု တစ်ပြိုင်တည်း ကြွေးကြော်ကြလေသည်။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တော်များသည် မထိန်းနိုင်၊ မသိမ်းနိုင်၊ ဖရိုဖရဲ ထွက်ပြေးကြလေသည်။ မဟောသဓာလည်း အခြံအရံတို့နှင့်တကွ မြို့တွင်းသို့ ရွှင်ပျစွာ ဝင်လေသည်။

ကေဝဋ်ပုဏ္ဏားသည် လဲကျရာအရပ်မှ ထပြေးသည်။ မိမိမြင်းကို တက်စီးသည်။ နဖူးအနာမှ ယိုစီးသော သွေးကို သုတ်လျက် စစ်သည်တို့ ပြေးရာနောက်က အစဉ်တစိုက် လိုက်သည်။ "အချင်းတို့၊ မပြေးကြနှင့်။ သူကြွယ်သားကို ငါ ရှိခိုးသည် မဟုတ်။ ရပ်ကြကုန်၊ ရပ်ကြကုန်" ဟု လိုက်၍ ပြောသည်။ အဖြစ်မှန်ကို ရှင်းလင်း ပြောပြသည်။

ထိုအခါတွင် စူဠနီဗြဟ္မဒတ်မင်းက စစ်သည်တို့ကို ပြန်လည် စုရုံးသည်။ ကေဝဋ်အား "မည်သို့ ပြုလုပ်ရမည်နည်း" ဟု မေးသည်။ ကေဝဋ်က "မြို့တွင်းမှ မည်သူ့ကိုမျှ ထွက်ခွင့် မပေးဘဲ တံခါးငယ်လေးများကို ပိတ်ဆို့ထားပါမည်" ဟု လျှောက်တင်သည်။ စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်ဆိုတိုင်း ပြုစေသည်။ ထိုအကြောင်းကို သူလျှိုများမှ တစ်ဆင့် မဟောသဓာ သိသောအခါ 'ဥပါယ်တံမျဉ်ဖြင့် စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တို့ လျင်မြန်စွာ ပြေးစေအံ့" ဟူ၍ ကြံစည်သည်။ သူသည် လိမ္မာရဲရင့်သော အနုကေဝဋ်ပုဏ္ဏားကို ခေါ်ယူသည်။

(မဟောသဓာအပိုင်း- ၃၀ "အနုကေဝဋ်ပုဏ္ဏား" ဆက်တင်ပါမည်)