Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၄

မဟောသဓာ၏ ထုတ်ဖော်ချက်

ထမင်းခုံအောက်တွင် ပုန်းအောင်းနေသော မဟောသဓာသည် ထိုစကားအားလုံးကို ကြားသိရလေသည်။ သူသည် ယင်းတို့ကို ကောင်းစွာ မှတ်သားထားလိုက်သည်။ မကြာမီ သုခမိန်လေးဦးတို့ ပြန်သွားကြသည်။ ထိုအခါ သူငယ်ဖော်တို့သည် မဟောသဓာထံ လာရောက်ကြသည်။ ထမင်းခုံကို မ,ချီ၍ မဟောသဓာကို ခေါ်ဆောင်သွားကြလေသည်။

မဟောသဓာသည် ယနေ့ညပင် ဥဒုမ္ဗရဒေဝီထံမှ သတင်းထူး ပို့လိမ့်မည်ဟု တွက်ဆထားသည်။ ထို့ကြောင့် သူငယ်ဖော် တစ်ယောက်ကို နန်းတော်တံခါး၌ စောင့်ခိုင်းထားသည်။ "နန်းတော်မှ တစ်စုံတစ်ယောက်လာလျှင် ငါ့ထံသို့ အမြန် လွှတ်ရမည်" ဟူ၍လည်း မှာထားသည်။

ထိုညတွင် မင်းကြီးသည် စက်တော်မခေါ်နိုင်။ မဟောသဓာ၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိသည်။ မဆင်ခြင်ဘဲ အသတ်ခိုင်းလိုက်မိသည်ကို နောင်တရနေသည်။ 'နက်ဖြန်တွင် မဟောသဓာကို မြင်ရတော့မည် မဟုတ်' ဟု တွေးကာ သောကရောက်နေသည်။

ဥဒုမ္ဗရဒေဝီသည် မင်းကြီး မအိပ်နိုင်ဖြစ်နေသည်ကို သတိပြုမိသည်။ အကျိုးအကြောင်း သိလိုသဖြင့် မေးလျှောက်သည်။ မင်းကြီးက အကျိုးအကြောင်း ပြောပြသည်။

ဤတွင် ဥဒုမ္ဗရဒေဝီသည် မဟောသဓာအတွက် လွန်စွာ စိုးရိမ်သောက ဖြစ်သွားသည်။ မဟောသဓာ ချမ်းသာရာ ရအောင်ပြုမှ သင့်တော့မည်ဟု ကြံစည်သည်။ မိန်းမတို့ ပရိယာယ်ဖြင့် မင်းကြီးအား နှစ်သိမ့်သည်။ "မဟောသဓာသည် အရှင်မင်းကြီး ချီးမြှောက်ထားပါလျက်နှင့် ကျေးဇူးကို မထောက်မြော်၊ အရှင်မင်းကြီး၏ ရန်သူဖြစ်သည်ဆိုပါလျှင် သတ်ပစ်ထိုက်ပေသည်။ စိတ်မကောင်း မဖြစ်ပါနှင့်" ဟူ၍ ပရိယာယ်ဖြင့် ချော့မော့ လျှောက်တင်သည်။ မင်းကြီးလည်း သောက လျော့ပါးသွားသဖြင့် အိပ်ပျော်သွား၏။

ထိုအခါ ဥဒုမ္ဗရဒေဝီသည် မဟောသဓာထံ လျင်မြန်စွာ စာရေးသည်။ စာထဲ၌ "သုခမိန်လေးယောက်တို့ ကုန်းတိုက်ထားသဖြင့် မင်းကြီးသည် သင့်ကို သတ်လိမ့်မည်။ သတ်ရန်လည်း သုခမိန် လေးယောက်ကို သန်လျက် ပေးထားသည်။ နက်ဖြန်တွင် သင်အခစားဝင်လာပါက သုခမိန် လေးယောက်သည် တံခါးကြားမှာ ပုန်းအောင်နေရာမှ ထွက်လာပြီး သင့်ကို သတ်ကြလိမ့်မည်။ နန်းတော်သို့ နက်ဖြန် မလာနှင့်။ အကယ်၍ လာလျှင်လည်း တစ်မြို့လုံးကို လက်ရသိမ်းနိုင်မှ လာပါ" ဟူ၍ ပါရှိသည်။

ထိုစာကို ကတွတ်မုန့်ထဲ၌ သွင်း၍ ချည်မျှင်ဖြင့် ရစ်ပတ်သည်။ ထို့နောက် အိုးသစ်၌ ထည့်၍ အဖုံးကို လုံစွာ ဖုံးအုပ်သည်။ တံဆိပ်ခတ်ပြီးလျှင် ယုံကြည်စိတ်ချရသော အစေအပါး မိန်းမတစ်ယောက်အား မဟောသဓာထံ ပို့စေသည်။ မဟောသဓာ အစောင့်ထားသော သူငယ်ဖော်လည်း ထိုမိန်းမကို တွေ့လျှင်တွေ့ချင်း မဟောသဓာထံ ခေါ်ဆောင်သွားလေသည်။

ထိုညမှာပင် မဟောသဓာသည် မိဖုရား၏ စာကို ဖတ်ရသည်။ အကျိုးအကြောင်း ထပ်မံသိရပြန်သည်။ ဥဒုမ္ဗရဒေဝီမိဖုရားအား ကျေးဇူးတင်ကြောင်း ပြန်လည် လျှောက်ထားစေသည်။ ထို့နောက် အေးဆေးစွာ အိပ်စက်လိုက်လေသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ သုခမိန်လေးယောက်တို့သည် နန်းတော်တံခါးဝသို့ စောစောကပင် သွားနှင့်ကြသည်။ မဟောသဓာကို သတ်ရန် တံခါးတိုင်ကြား၌ ပုန်းစောင့်၍ နေကြသည်။ သို့ရာတွင် မဟောသဓာ ရောက်မလာသဖြင့် အကြံမအောင်ကြပေ။ နောက်ဆုံး၌ စိတ်ပျက် အားလျော့စွာဖြင့် မင်းကြီးထံ ဝင်ကြသည်။ မဟောသဓာ မလာကြောင်း လျှောက်ထားကြသည်။

မဟောသဓာကား အရုဏ်တက်ချိန်ကပင် မြို့ကို လက်ရ သိမ်းပိုက်ထားလိုက်ပြီ။ အရေးကြီးသော နေရာများ၌ အစောင့်များချထားသည်။ ထို့နောက် လူအပေါင်းများစွာ ခြံရံလျက် ရထားစီးကာ နန်းတော်သို့ သွားလေသည်။

ထိုအချိန်၌ မင်းကြီးသည် ပြတင်းပေါက်၌ ရပ်လျက် အပြင်ကို ကြည့်နေသည်။ မဟောသဓာသည် နန်းတော်တံခါးဝသို့ ရောက်သောအခါ အတွင်းသို့ မဝင်သေး။ ထိုတံခါးဝကပင် မင်းကြီးကို ရှိခိုးလျက် ရပ်နေသည်။

မင်းကြီးလည်း မဟောသဓာကို မြင်သောအခါ 'ငါ့ရန်သူဖြစ်လျှင် ငါ့ကို ရှိမခိုးလေရာ' ဟု တွေးဆသည်။ မဟောသဓာကို အခေါ်ခိုင်းလိုက်သည်။

မဟောသဓာသည် မင်းကြီးရှေ့မှောက်သို့ ရောက်သောအခါ သုခမိန်လေးယောက် ခစားနေနှင့်သည်ကို တွေ့ရသည်။ မင်းကြီးက တစ်စုံတစ်ရာ မသိလေဟန်ပြုကာ "ချစ်သား မဟောသဓာ၊ ယနေ့ နေမြင့်မှ အခစားရောက်လာသည်။ မည်သည့် သတင်းကို ကြား၍ မည်သူကို မသင်္ကာသောကြောင့် နောက်ကျပါသနည်း" ဟု မေး၏။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီးသည် နက်ဖြန်နံနက်တွင် အကျွန်ုပ်ကို သတ်ရမည်ဟု သုခမိန်များနှင့် တိုင်ပင်စီစဉ်ခဲ့သည်။ မဟုတ်ပါလော။ သို့ရာတွင် ဤလျှို့ဝှက်ရမည့်ကိစ္စကို မိဖုရားအား ဖွင့်ဟပြောဆိုခဲ့သဖြင့် အကျွန်ုပ် သိရှိပါသည်" ဟု လျှောက်၏။

ဤတွင် မင်းကြီးသည် အမျက်ထွက်ကာ ဥဒုမ္ဗဒေဝီကို လှမ်းကြည့်၏။ ထိုအခါ မဟောသဓာက "အရှင်မင်းကြီး၊ အရှင်မိဖုရားအား အမျက် ထွက်တော်မမူပါနှင့်။ အကျွန်ုပ်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးလုံး၌ ဖြစ်သမျှအကြောင်းတို့ကို သိသူဖြစ်ပါသည်။ အရှင်မင်းကြီး၏ လျှို့ဝှက်သော ကိစ္စကို မိဖုရားက ပြောသည်ထားပါဦး။ သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်းတို့၏ လျှို့ဝှက်သော ကိစ္စကို အဘယ်သူက အကျွန်ုပ်အား ပြောပါမည်နည်း။ အကျွန်ုပ်သည် ထိုသုခမိန်လေးယောက်တို့၏ ကိစ္စကိုလည်း အလုံးစုံ သိပါ၏" ဟု ဆိုသည်။

သို့ဆိုပြီးလျှင် "သိန်းအမတ်သည် ပြည့်တန်ဆာမကိုသတ်၍ လက်ဝတ်လက်စားတို့ကို ယူထားကြောင်း၊ ပက္ကုသ်အမတ်၏ ပေါင်တွင် နူနာရှိကြောင်း၊ ကာမိန်းအမတ်သည် လကွယ်နေ့တိုင်း နရစိုးနတ် ဖမ်းစားခံနေရကြောင်း၊ ဒေဝိန်းအမတ်သည် မင်းကြီး၏ ပတ္တမြားကို ခိုးယူထားကြောင်း လျှောက်ထား၏။ 'ဤလျှို့ဝှက်အပ်သော ကိစ္စများကို သူတို့ လျှို့ဝှက်မထား။ တစ်ပါးသူတို့အား ပြောပြသဖြင့်သာ ကျွန်ုပ်သိရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် လျှို့ဝှက်ချက် ကိစ္စကို မပြီးမီ မည်သူ့ကိုမျှ မပြောအပ်' ဟု ဆိုခြင်း ဖြစ်ပါသည်" ဟု လျှောက်၏။

မင်းကြီးလည်း သုခမိန်လေးယောက်ကို စစ်မေးသည်။ လေးယောက်လုံးပင် မငြင်းနိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံကြရသည်။ မင်းကြီးက "ဤသူလေးယောက်သည် သူတို့ကိုယ်တိုင်က ငါ၏ ရန်သူများ ဖြစ်ပါလျက် မဟောသဓာကို ငါ့ရန်သူဟု လုပ်ကြံ ပြောကြသည်" ဟု ဆိုသည်။ ချက်ချင်းပင် သုခမိန်လေးယောက်ကို သုသာန်ထုတ်၍ တံကျင်လျှိုကာ ခေါင်းဖြတ်သတ်ရန် အမိန့်ချမှတ် လိုက်လေသည်။

ထိုအခါ အာဏာသားတို့သည် သုခမိန်လေးယောက်ကို လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင် သွားကြသည်။ သို့ခေါ်ဆောင်ရာမှ လမ်းဆုံ လမ်းခွသို့ ရောက်တိုင်း ကြိမ်ဖြင့် အချက် တစ်ထောင်စီ ရိုက်ကြသည်။

(မဟောသဓာအပိုင်း- ၂၅ "မဟောသဓာ၏ စိတ်ထား" ဆက်တင်ပါမည်)

No comments:

Post a Comment