Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၄

"အံချီးဖွယ် မဟောသဓာ၏ စွမ်းရည်"
 
မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်းကြီး လွန်စွာဒေါသထွက်သည်ကို သိရှိရသောအခါ အတန်ငယ် စိုးရိမ်သွားသည်။ ‘ယခု အခြေအနေတွင် မင်းကြီးသည် ဗိုလ်ပါအင်အား ကြီးမားလှသည်။ မိဖုရား၊ သားတော်၊ သမီးတော်တို့ သေမည့်အရေးကို ပူပန်စရာမလို ဟူသော ရာဇမာန်ဖြင့် ငါ့ကို နှိပ်စက်လျှင် ခက်ချေမည်။ သူ၏ မိဖုရားကြီး နန္ဒာဒေဝီ၏ ရုပ်ဆင်းတင့်တယ်ပုံကို ချီးကျူးပြောဆိုမှသာ သူ့မိဖုရားကို ချစ်ခင်စွဲလမ်း သတိရမည်။ မဟောသဓာယကို သတ်လျှင် ငါ့မိဖုရားကို ပြန်ရမည် မဟုတ်ဟု စဉ်းစားကာ ငါ့ကို မနှိပ်စက် ရှိချေမည်’ ဟု တွေးတောမိသည်။ သို့ဖြင့် ပြာသာဒ်ထက်၌ ရပ်လျက် ဥမင်ရှိရာသို့ လက်ညှိုးညွှန်ကာ-

“အရှင်မင်းကြီး၊ မိန်းမမြတ်တို့၏ ကောင်းခြင်း အင်္ဂါလက္ခဏာနှင့် ပြည့်စုံသော၊ ရွှေဟင်္သာမလေး၏ တွန်ကျူးသံပမာ သာယာချိုအေးသည့် အသံရှိသော နန္ဒာနေဒဝီမဟေသီ မိန်းမမြတ်သည် ဤ ဥမင်လမ်းမှပင် ကြွသွားတော်မူပါသည်” ဟု ဆိုကာ နန္ဒာဒေဝီ၏ အလှကို အမျိုးမျိုး ချီးကျူး ဖွဲ့နွဲ့ ပြောဆိုသည်။

ထို့နောက် “သည်လို လွန်စွာထူးမြတ်သည့် ရုပ်ဆင်းအင်္ဂါ လက္ခဏာရှိသော မိန်းမမြတ် နန္ဒာဒေဝီ မိဖုရားကြီး သေမည်ကို အရှင်မင်းကြီး လိုလားပါသလော။ အရှင်မင်းကြီးက အကျွန်ုပ်ကို သတ်လျှင် ဝိဒေဟရာဇ်မင်းကြီးကလည်း နန္ဒာဒေဝီကို မုချ သတ်ပါလိမ့်မည်။ ဤသို့ သတ်သဖြင့် ကျွန်ုပ်တို့ နှစ်ယောက် သေသွားပြီးနောက် ယမမင်းထံသို့ နှစ်ယောက်အတူ ရောက်သွားကြလျှင် ယမမင်းက အကျွန်ုပ်အား နန္ဒာဒေဝီကို မုချပေးအပ်ပါလိမ့်မည်။ နန္ဒာဒေဝီကို ရမည်ဖြစ်သောကြောင့် မင်းကြီးသတ်၍ သေရသော်လည်း ကျွန်ုပ်အဖို့ အရှုံး မရှိပါ” ဟူ၍ ပြောဆိုပြန်၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် နန္ဒာဒေဝီကို မြင်ယောင်ကာ လွမ်းတမိသည်။ မဟောသဓာမှ တစ်ပါး နန္ဒာဒေဝီကို ခေါ်ဆောင်ပေးနိုင်မည့်သူ မရှိကြောင်းကိုလည်း စဉ်းစားမိသည်။

မဟောသဓာသည် မင်းကြီး၏ အမူအရာကို အကဲခတ်မိသဖြင့် “အရှင်မင်းကြီး၊ စိုးရိမ်တော် မမူပါလင့်။ နန္ဒာဒေဝီမိဖုရားကြီး၊ သားတော် ပဉ္စာလစန္ဒာနှင့် မယ်တော်စလာကဒေဝီတို့ သုံးဦးသည် ပဉ္စာလရာဇ်ပြည်သို့ ပြန်လာကြပါလိမ့်မည်။ ထိုသုံးဦး ပြန်လာနိုင်အောင်လည်း မိထိလာပြည်သို့ အကျွန်ုပ်သွား၍ ဆောင်ရွက်နိုင်ပါသည်” ဟူ၍ လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းကြီးလည်း မဟောသဓာ၏ စွမ်းရည်ကို အံ့ချီးမဆုံး ရှိမိသည်။ “သင်သည် ငါ့လက်တွင်း ရောက်နေသည့် ဝိဒေဟရာဇ်မင်းကြီးကို လွတ်မြောက်စေသည်မှာ နတ်တို့၏ မယာကိုပင် တတ်သလော။ သို့တည်းမဟုတ် မျက်လှည့်အတတ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သလော” ဟု မေး၏။

မဟောသဓာက “အကျွန်ုပ်တွင် အလွန်ကျွမ်းကျင်လိမ္မာသည့် လုလင်ပျို သူရဲကောင်းများ ရှိပါသည်။ ထိုလုလင်ပျို သူရဲကောင်းများ တူးထားသည့် ဥမင်လမ်းဖြင့် ဝိဒေဟရာဇ်မင်းကြီး ကြွသွားတော်မူပါသည်။ အရှင်မင်းကြီး ရှုစားတော်မူလိုပါက ဥမင်ကြီးကို ပြပါမည်။ အကျွန်ုပ်၏ ပညာစွမ်းဖြင့် ဖန်ဆင်းထားသော ဥမင်ကြီးကား တံခါးကြီး ၈၀၊ တံခါးငယ် ၆၄ ခုရှိပါသည်။ တစ်ရာ့တစ်ပါးသော မင်းတို့အတွက် အိပ်ရာတိုက်ခန်းပေါင်း တစ်ရာ့တစ်ခု ရှိပါသည်။ ရာပေါင်းများစွာသော မီးတိုင်တို့ဖြင့် ထိန်ထိန်လင်းနေပါသည်။ ဆင်၊ မြင်း၊ ရထား၊ ခြေသည် တည်းဟူသော စစ်အင်္ဂါ ၄-ပါး ရုပ်တုတို့ဖြင့် တင့်တယ်လှပစွာ စီစဉ်ခင်းကျင်းထားပါသည်။ အရှင်မင်းကြီးသည် အကျွန်ုပ်နှင့် အတူတကွ ချစ်ကြည်စွာ စကားပြောရင်း ဝင်ရောက် ရှုစားတော်မူပါ” ဟု ဖိတ်ခေါ်သည်။ လုလင်တို့အား ဥမင်တံခါးကို ဖွင့်စေသည်။

ပညာစွမ်းပြခြင်း

စူဠနီဗြဟ္မဒတ်မင်းကြီးသည်တစ်ရာ့တစ်ပါးသော မင်းတို့ ခြံရံလျက် ဥပကာရီမြို့ထဲသို့ ဝင်လာသည်။ မဟောသဓာသည် ပြာသာဒ်မှ ဆင်း၍ မင်းကြီးကို ကြိုဆိုလျက် ဥမင်ထဲသို့ ခေါ်ဆောင်သွားသည်။ မင်းကြီးသည် နတ်ဘုံ နတ်နန်းတမျှ ခမ်းနားလှသော ဥမင်ကြီးကို တွေ့ရသောအခါ လွန်စွာ အံ့သြ ချီးကျူးမိသည်။ “သည်ကဲ့သို့သော ပညာရှိမျိုး ပေါ်ထွန်းရာ ဝိဒေဟရာဇ်တိုင်းသည် ကံကောင်းလေစွ။ သည်ကဲ့သို့သော ပညာရှိနှင့် အတူတကွနေကြရသည့် ဝိဒေဟရာဇ် ပြည်သူပြည်သားတို့သည် ကံကောင်းလေစွ။ သည်ကဲ့သို့သော ပညာရှိကို ရထားသော ဝိဒေဟရာဇ်မင်းသည် ကံကောင်းလေစွ” ဟု ဆိုမြည်း ကျူးရင့်လေသည်။

မင်းကြီးသည် ဥမင်ကြီး၏ ခမ်းနားပုံကို ရှုကြည့်ရင်း ရှေ့ကသွား၏။ ဂင်္ဂါမြစ်ဘက်တံခါးသို့ ရောက်သောအခါ ဥမင်ပြင်ဘက်သို့ ထွက်သည်။ မဟောသဓာလည်း မင်းကြီးနောက်မှ ထက်ကြပ်မကွာ လိုက်၍ အပြင်သို့ ထွက်သည်။ ထိုအချိန်တွင် တစ်ရာ့တစ်ပါးသော မင်းများနှင့် စစ်တပ်ကြီး တစ်ခုလုံးသည် ဥမင်ထဲသို့ ရောက်ရှိနေသည်။ မဟောသဓာသည် ဥမင်တံခါးမှ အထွက်တွင် ခလုတ်ကို နင်းလိုက်သည်။ ထိုအခါ ဥမင်ကြီးတစ်ခုံလုံးရှိ တံခါးအားလုံး တစ်ပြိုင်နက် ပိတ်သွားသည်။ မီးတိုင်အားလုံးလည်း ငြိမ်းသွားသည်။ ဥမင်ကြီးတစ်ခုလုံး မှောင်အတိ ဖြစ်သွားသည်။ ဤတွင် ဥမင်တွင်း၌ ပိတ်မိနေကြသော တစ်ရာ့တစ်ပါးသော မင်းတို့နှင့်တကွ စစ်တပ်ကြီး တစ်လုံးသည် လွန်စွာကြောက်ရွံ့ ထိတ်လန့်သွားကြသည်။

မဟောသဓာသည် ယမန်နေ့ညကမြှုပ်ထားခဲ့သော သန်လျက်ကို သဲထဲမှ ထုတ်ယူပြီးလျှင် ၁၈-တောင်မြင့်အောင် ခုန်ပျံလိုက်သည်။ မြေသို့ပြန်ကျသောအခါ စူဠနီဗြဟ္မဒတ်မင်း၏ လည်ကို ဆုပ်ကိုင်လျက် သန်လျက်ဖြင့် မိုးထားလိုက်သည်။

“ဇမ္ဗူဒီပါ တစ်ကျွန်းလုံးရှိ တိုင်းနိုင်ငံများသည် မည်သူ့တိုင်းနိုင်ငံ ဖြစ်သနည်း” ဟု မေး၏။
မင်းကြီးသည် ကြောက်ရွံ့ တုန်လှုပ်လျက် ရှိ၏။
“သင် သုခမိန်၏ တိုင်းနိုင်ငံများဖြစ်ပါသည်” ဟုဆို၏။
“ကျွန်ုပ်၏ အသက်ကို ချမ်းသာပေးပါ” ဟူ၍လည်း တောင်းပန်၏။

မဟောသဓာက “အရှင်မင်းကြီး၊ မကြောက်ပါနှင့်။ အရှင်မင်းကြီးကို သတ်လိုသောကြောင့် သန်လျက်ကိုင်သည် မဟုတ်ပါ။ အကျွန်ုပ်၏ ပညာစွမ်းကို ပြလိုသောကြောင့် ကိုင်ခြင်းဖြစ်ပါသည်” ဟု ဆို၏။ သန်လျက်ကိုလည်း မင်းကြီးအားပေး၏။
“အရှင်မင်းကြီး၊ အကယ်၍ အကျွန်ုပ်ကို သတ်လိုပါလျှင် ယခုပင် သည်သန်လျက်ဖြင့် သတ်တော်မူပါ။ သို့မဟုတ် ဘေးမဲ့ပေးလိုလျှင်လည်း ဘေးမဲ့ပေးတော်မူပါ” ဟု လျှောက်၏။

မင်းကြီးက “သုခမိန်၊ ကျွန်ုပ်ကလည်း သင့်ကို ဘေးမဲ့ပေးပါမည်” ဟုဆိုကာ သန်လျက်ကို ချထားလိုက်သည်။ ထို့နောက် အချင်းချင်း မသတ်ဖို့ရန် ကတိသစ္စာ ဆိုကြလေသည်။

(မဟောသဓာအပိုင်း- ၃၅ “ပညာရှိဟူသည်” ဆင်တင်ပါမည်)

No comments:

Post a Comment