Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၇

ကြောက်စရာ အောင်သေသောက်ပွဲ

စူဠနီဗြဟ္မဒတ်မင်းကြီးသည် ကေဝဋ်ပုဏ္ဏား အကြံပေးသည့်အတိုင်း တိုင်းပြည်ငယ်များ ကိုစစ်အင်အားဖြင့် ဝန်းရံ ခြိမ်းခြောက်သည်။ တစ်ပြည်ပြီးတစ်ပြည် သိမ်းပိုက်သည်။ ၇-နှစ်၊ ၇-လ၊ ၇-ရက် ရှိသောအခါ မိထိလာပြည်မှ တစ်ပါး ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ တိုင်းပြည်အားလုံးကို သိမ်းပိုက်မိသည်။ ထိုအကြောင်းကို မဟောသဓာ စေလွှတ်ထားသော သူလျှိုတို့ကလည်း မဟောသဓာထံ သတင်းပို့ကြသည်။


စူဠနီဗြဟ္မဒတ်မင်းကြီးသည် မိထိလာပြည်ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသဖြင့် ဆက်လက် ချီတက်သိမ်းပိုက်မည် ပြုသည်။ ထိုအခါ ကေဝဋ်ပုဏ္ဏားက တားမြစ်သည်။ မိထိလာပြည်၌ မဟောသဓာ သုခမိန် ရှိနေသည်။ မဟောသဓာသည် ဥပါယ်တံမျဉ်၌ လွန်စွာလိမ္မာလှသည်။ မိထိလာပြည်ကို သိမ်းပိုက်ရန် မလွယ်ဟုဆိုကာ ဖျက်လေသည်။ စူဠနီဗြဟ္မမင်း၏ လက်အောက်ခံ ဖြစ်လာသည့် ကိုးကျိပ်ကိုးယောက်သော မင်းတို့ကမူ မိထိလာပြည်ကို သိမ်းပိုက်ရန် ပြောကြသည်။ ထိုအခါ ကေဝဋ်ပုဏ္ဏားက "ခေတ္တဆိုင်းငံ့ကြပါ၊ မကြာမီ မိထိလာပြည်သည် ကျွန်ုပ်တို့၏ လက်နက်နိုင်ငံ ဖြစ်လာပါလိမ့်မည်" ဟု ကျေနပ်လောက်အောင် ပြောဆိုသည်။ သို့ဖြင့် ဥတ္တရပဉ္စလ ပြည်သို့ တပ်ခေါက်ပြန်ခဲ့ကြသည်။

ရောက်သောအခါ စူဠနီဗြဟ္မဒတ်မင်းသည် ယခင်ကစီစဉ် ထားသည့်အတိုင်း မင်းအပေါင်းကို သတ်ရန် အောင်သေသောက်ပွဲကြီး ကျင်းပဖို့ စီမံလေသည်။ ထိုအကြောင်းကို သူလျှိုများကလည်း မဟောသဓာထံ သတင်းပို့ကြသည်။

မဟောသဓာက ငြိမ်မနေ။ "ငါသို့သော ပညာရှိတစ်ယောက် ထင်ရှားရှိနေပါလျက် မင်းအပေါင်း သေကြရမည်ဆိုသည်မှာ မဖြစ်စကောင်း" ဟု ကြံ၍ ဖွားဖက်တော် တစ်ထောင်ကို ခေါ်သည်။

"အချင်းတို့၊ ဥတ္တရပဉ္စာလပြည်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် အောင်သေသောက်ပွဲကြီး ကျင်းပရန် စီစဉ်နေသည်။ သင်တို့သည် ထိုပြည် ထိုနေရာသို့ အရောက်သွားကြလော့။ အခမ်းအနား ပြင်ဆင်နေသည်ကို ဝင်ကြ။ 'စူဠနီဗြဟ္မဒတ်မင်းကြီး ထိုင်မည့်နေရာနှင့် ယှဉ်နေသော နေရာထူး နေရာမြတ်ကို ငါတို့ အရှင် ဝိဒေဟရာဇ်မင်းကြီး အတွက် ပေးရမည်' ဟု ဆိုကြ။ ထိုသူတို့က ငြင်းဆန်လိမ့်မည်။ ထိုအခါ ငါတို့မင်းအတွက် ထူးမြတ်သောနေရာကို မရလျှင် အောင်သေသောက်ပွဲကို ဖျက်မည်ဟု ဆိုပြီးလျှင် သေရည်အိုး အားလုံးကို ရိုက်ခွဲဖျက်ကြ။ သင်တို့အား ဝန်းရံလာသော ဗိုလ်ပါရဲမက်တို့ကို ဖောက်ထွင်း၍ 'ငါတို့ကား မိထိလာပြည်၊ မဟောသဓာသုခမိန်၏ သူရဲကောင်း တစ်ထောင်တည်း။ သင်တို့ ဖမ်းဝံ့လျှင် ဖမ်းလှည့်ကုန်။ ငါတို့၏ အကြောင်းကို သင်တို့ သိရစေမည်' ဟု ခြင်္သေ့မင်း၏ အသံကဲ့သို့ ကြောက်ရွံ့ခြင်း ကင်းသောအသံဖြင့် ကြွေးကြော်လျက် ပြန်လာကြကုန်" ဟူ၍ မှာထား စေလွှတ်လိုက်လေသည်။

ဖွားဖက်တော် တစ်ထောင်တို့သည်လည်း လက်နက်မျိုးစုံ ကိုင်ဆောင်လျက် ဥတ္တရပဉ္စာလပြည်သို့ သွားကြသည်။ ရောက်သော် မဟောသဓာ မှာကြားသည့်အတိုင်းပင် ပြုကြသည်။ သေရည်အိုး အားလုံးကို ရိုက်ခွဲ ဖျက်ဆီး၍ ပြန်လာခဲ့ကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် လွန်စွာ အမျက်ထွက်သည်။ "မိထိလာပြည်သို့ သွားမည်။ ဝိဒေဟရာဇ်မင်း၏ ဦးခေါင်းကို ဖြတ်၍ ခြေဖြင့်နင်းပြီး အောင်သေသောက်မည်" ဟု ကြုံးဝါးသည်။ "စစ်တပ်ပြင်လော့" ဟူ၍ အမိန့်ပေးသည်။

ထိုအခါ ကေဝဋ်ပုဏ္ဏားက "မိထိလာပြည်သည် ခြင်္သေ့စောင့်သော ဂူကဲ့သို့ မဟောသဓာ ပညာရှိ စောင့်ရှောက်သော တိုင်းပြည်ဖြစ်သည်။ မည်သူမျှ တိုက်ခိုက်သိမ်းယူနိုင်မည် မဟုတ်။ ကျွန်ုပ်တို့သာ အရှုံးရကြလိမ့်မည်" ဟု လျှောက်ထား တားမြစ်သည်။ မင်းကြီးက လက်မခံ။ တား၍မရ။ နောက်ဆုံး မင်းနှင့် မဆန့်ကျင်လိုသဖြင့် လိုက်ပါရလေသည်။

(မဟောသဓာအပိုင်း- ၂၈ "စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓာ" ဆက်တင်ပါမည်)

No comments:

Post a Comment