Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၆

စူဠနီဗြဟ္မမဒတ်မင်းနှင့် ကေဝဋ်ပုဏ္ဏား

ထိုအချိန်တွင် ကပိလတိုင်း၊ ဥတ္တရပဉ္စာလရာဇ်ပြည်၌ သင်္ခပါလကမည်သော စူဠနီဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုမင်းတွင် ကေဝဋ်အမည်ရှိ ပုရောဟိတ် ပညာရှိအမတ် ရှိသည်။ ထိုမင်းသည် တစ်နေ့တွင် စစ်သည်သူရဲကောင်းတို့ကို စုရုံးသည်။ လက်နက်အမျိုးမျိုးကို ပြင်ဆင်သည်။


ထိုအခါ မဟောသဓာ သူလျှိုအဖြစ် စေလွှတ်ထားသော ယောက်ျားသည် အကြောင်းစုံကို သတင်းပေးပို့သည်။ မဟောသဓာလည်း ထပ်မံစုံစမ်းဖို့ မိမိကျေးလိမ္မာကို စေလွှတ်ရန် စီစဉ်လေသည်။

ထိုကျေးလိမ္မာသည် လူစကားကို နားလည်သည်။ လူစကားကိုလည်း ပြောတတ်သည်။ တစ်စုံတစ်ခု အမှုရှိ၍ စေလွှတ်လျှင် မဟောသဓာ တစ်ဦးတည်း သိစေလိုပါက မဟောသဓာ၏ ပခုံးပေါ်၌ နား၍ ကြားသိခဲ့သမျှ အကြောင်းခြင်းရာတို့ကို ပြန်ပြောသည်။ အမရာကိုပါ သိစေလိုလျှင် မဟောသဓာ၏ ရင်ပေါ်၌ နား၍ ပြန်ပြောသည်။ ပရိသတ်အများကိုပါ သိစေလိုလျှင် အိမ်ကြမ်းပြင်၌ နား၍ ပြန်ပြောသည်။

မဟောသဓာသည် ထိုကျေးလိမ္မာကို ခေါ်သည်။ "ရွှေကျေးသား၊ ပဉ္စာလရာဇ်ပြည့်ရှင် စူဠနီဗြဟ္မဒတ်မင်း၏ အကြံအစည် အပြုအမူကိုလည်းကောင်း၊ အခြားသော ထီးဆောင်းမင်းတို့၏ အကြံအစည် အပြုအမူတို့ကို လည်းကောင်း အခိုင်အမာသိအောင် သွားရောက်စုံစမ်းပါ" ဟူ၍ စေလွှတ်လိုက်လေသည်။

ကျေးသားလည်း "ကောင်းပါပြီ အရှင်" ဟု ဝန်ခံလျက် တစ်ရာသော မင်းနေပြည်တို့သို့ လှည့်လည် ပျံသန်းသည်။ ရှေးဦးစွာ မဟောသဓာ စေလွှတ်သော သူလျှိုတို့အိမ်၌ နားဝင် မေးမြန်းသည်။ ထို့နောက် ထိုထိုမင်းတို့၏ အမူအရာကို မျက်မြင်သိအောင် စုံစမ်းသည်။ ယင်းသို့ စုံစမ်း၍ ထိုထိုမင်းတို့၏ အကြောင်းကို သိပြီးသောအခါ ဥတ္တရ ပဉ္စာလရာဇ်ပြည်သို့ ပျံသန်းသွား၍ စုံစမ်းသည်။

ထိုကျေးသား ရောက်ရှိပြီး မကြာမီ တစ်နေ့တွင် ကေဝဋ်ပုဏ္ဏားသည် 'ငါသည် မင်းကြီး ချီးမြှောက်သဖြင့်သာ ဤစည်းစိမ်ချမ်းသာကို ရပေသည်။ မင်းကြီး၏ ကျေးဇူးသည် ကြီးမားလှပေသည်။ ငါ၏ ပညာစွမ်းဖြင့် မင်းကြီးအား တစ်ရာသော ထီးဆောင်းမင်းတို့ ပျပ်ဝပ်ကျိုးနွံရသည့် ဧကရာဇ်မင်းအဖြစ်သို့ ရောက်အောင် ဆောင်ကြဉ်းပေးသင့်သည်။ မင်းကြီး ဧကရာဇ်ဖြစ်သော် ငါလည်း ဧကရာဇ်မင်း၏ ပရောဟိတ် အမတ်ကြီး ဖြစ်လတ္တံ့' ဟု အကြံပေါက်သည်။ သို့ဖြင့် မင်းကြီးထံ ဝင်သည်။ တိုင်ပင်ရန် အထူးရှိသည်ဟု လျှောက်တင်ပြီးလျှင် နှစ်ဦးသား ဥယျာဉ်တော်သို့ ထွက်ခဲ့ကြလေသည်။

မဟောသဓာ၏ ကျေးလိမ္မာလည်း ကေဝဋ်ပုဏ္ဏားနှင့် စူဠနီဗြဟ္မဒတ်မင်းတို့ကို စောင့်ကြည့်နေသည် ဖြစ်ရာ ထိုအပြုအမူကို မြင်သွားသည်။ အကြောင်းထူး ရှိရမည်ဟု ဆင်ခြင်ကာ နောက်မှ ပျံသန်းလိုက်သွားသည်။

မင်းနှင့်ပုဏ္ဏားတို့သည် ဥယျာဉ်တွင်းသို့ ရောက်သောအခါ အင်ကြင်းပင်အောက်ရှိ ကျောက်ဖျာပေါ်၌ ထိုင်၍ တီးတိုးတိုင်ပင် ပြောဆိုကြသည်။ ကျေးလိမ္မာလည်း အင်ကြင်းပင်အခက်ကြားတွင် ပုန်းကွယ်လျက် နားနေသည်။ မင်းနှင့် ပုဏ္ဏားတို့ ပြောစကားကို တိတ်တဆိတ် နားထောင်သည်။

ကေဝဋ်ပုဏ္ဏားကလည်း မင်းကြီးအား "တစ်ရာသော ထီးဆောင်းမင်းတို့၏ အရှင်ဧကရာဇ်မင်း ဖြစ်အောင် မိမိအကြံပေးမည်" ဟု ဆိုသည်။ မင်းကြီးကလည်း ပုဏ္ဏား၏ အကြံကို "လိုက်နာမည်" ဟု ဝမ်းမြောက်ဝမ်းသာ ဆို၏။

ထိုအခါ ပုဏ္ဏားက "အရှင်မင်းကြီး၊ ရဲမက်ဗိုလ်ပါ အပေါင်း ခြံရံလျက် တစ်ပါးသော ပြည်ငယ်၊ မြို့ငယ်များကို ရှေးဦးစွာ ဝန်းရံတော်မူပါ။ ထိုအခါ ထိုပြည့်ရှင်မင်းမှ စ၍ ပြည်သူပြည်သားတို့သည် လွန်စွာ ကြောက်ရွံ့ ထိတ်လန့်ကြလိမ့်မည်။ ဤတွင် အကျွန်ုပ်သည် မလွယ်ပေါက်မှ မြို့တွင်းသို့ ဝင်မည်။ ထိုပြည့်ရှင်မင်းတို့အား ပျပ်ဝပ်ကျိုးနွံစေကြောင်း ဖြားယောင်းပြောဆိုမည်။ ထိုပြည့်ရှင်မင်းတို့သည် အရှင်မင်းကြီး၏ ခြေတော်ရင်းသို့ ခိုလှုံလာမည် မုချဖြစ်သည်။ ထိုပြည်ငယ်၊ မြို့ငယ်မင်းတို့ကို သိမ်းသွင်းပြီးနောက် တိုင်းကြီးပြည်ကြီးမှ ထီးဆောင်းမင်းတို့ကို ရှေးနည်းအတူ ဝန်းရံ၍ ကျိုးနွံပျပ်ဝပ်အောင် ပြုရပါမည်။

နောက်ဆုံးတွင် တစ်ရာသော ထီးဆောင်းမင်းအပေါင်းကို နေပြည်တော်သို့ ခေါ်တော်မူလာရပါမည်။ ရောက်သော 'သေသောက်ခြင်းမင်္ဂလာ ပြုအံ့' ဟု ဥယျာဉ်တော်၌ နေစေရပါမည်။ ထို့နောက် ထိုတစ်ရာသော မင်းတို့အား အဆိပ်နှင့်ရောသော သေရည်ကို တိုက်၍ လုပ်ကြံသတ်ဖြတ်ကာ ဂင်္ဂါမြစ်၌ အသေကောင်တို့ကို မျှောလိုက်ရပါမည်။ ထို့နောက် ကြီးစွာသော ရာဇာဘိသေက မင်္ဂလာကို ဆောင်၍ ဧကရာဇ်မင်း အဖြစ် စိုးစံတော်မူပါ" ဟူ၍ လျှောက်ထား၏။

မင်းကြီးလည်း "ဆရာပုရောဟိတ်၏ အကြံ သင့်ပေစွတကား" ဟု ဆို၏။ ထို့နောက် နှစ်ဦးသား ကျောက်ဖျာပေါ်မှ ထသွားကြ၏။ သူတို့နှစ်ဦး၏ စကားကို ကျေးသားလည်း ကောင်းစွာ ကြားလိုက်ရသည်။ သူသည် ပုဏ္ဏား၏ ဦးခေါင်းထက်သို့ မစင်စွန့်ချကာ မိထိလာပြည်သို့ ရှေ့ရှုပျံသန်းလာခဲ့သည်။ ရောက်သော် မဟောသဓာ၏ ပခုံးထက်၌ နား၍ အကြောင်းစုံကို ပြောပြ၏။

ထိုအခါ မဟောသဓာက "ရန်သူတို့ လာ၍ မိထိလာပြည်ကို လာရောက် နှောင့်ယှက်ပါက ငါ၏ ပညာစွမ်းဖြင့် ခုခံတားဆီးအံ့" ဟု ဆိုကာ အစစအရာရာ တင်ကြို ပြင်ဆင်ထားလေသည်။

(မဟောသဓာအပိုင်း- ၂၇ "ကြောက်စရာ အောင်သေသောက်ပွဲ" ဆက်တင်ပါမည်)

No comments:

Post a Comment