Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၃

သုခမိန်လေးဦး၏ လျှို့ဝှက်ချက်

သုခမိန်ငါးဦးတို့ ပြဿနာကို ဖြေပြီးချိန်တွင် နေဝင်ချိန်သို့ ရောက်လာသည်။ နန်းတော်တစ်ခုလုံး ဆီးမီးများ ညှိထွန်းကြသည်။


မဟောသဓာသည် "ယခုကား ညဥ့်အချိန်သို့ ရောက်ပြီ။ မင်းရေးမင်းရာဟူသည် သိနိုင်ခဲသည်။ မည်သို့ဖြစ်လာမည်ကို အတပ်မသိနိုင်။ မြန်မြန် ပြန်မှ တော်မည်" ဟူ၍ စဉ်းစားဆင်ခြင်သည်။ သို့ဖြင့် မင်းကြီးအား ရှိခိုးခွင့်ပန်လျက် နန်းတော်မှ ထွက်လာခဲ့သည်။

ဤသို့ထွက်လာစဉ် 'သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း တို့စကားကို ဆင်ခြင်လေ့လာသည်။ သူတို့စကားသည် ပညာရှိတို့စကား မဟုတ်၊ လုပ်ကြံ၍ ဆိုခြင်းလည်း မဟုတ်တန်ရာ။ ဧကန္တ သူတို့၌ သူတို့ဆိုသည့်အတိုင်း အမှုတစ်ခုစီ ရှိနေဟန်တူသည်။ ယနေ့ညပင် သိအောင် ငါ ပြုမည်' ဟု ကြံ၏။

ချက်ချင်းပင် နန်းတော်တံခါးဝရှိ အစားအစာများ တင်စားရာ ထမင်းခုံကြီးရှိရာသို့ သွား၏။ သုခမိန် လေးယောက်သည် နန်းတော်မှ ပြန်တိုင်း ထိုထမင်းခုံပေါ်၌ ထိုင်ပြီးလျှင် တိုင်ပင် ဆွေးနွေးနေကျ ဖြစ်သည်။ မဟောသဓာသည် ထိုထမင်းခုံကြီးအား သူ၏ အခြွေအရံ သူငယ်ဖော်တို့ကို မ စေကာ ထိုအောက်၌ ပုန်းအောင်းနေလိုက်သည်။ သူငယ်ဖော်တို့အား သုခမိန်လေးယောက် ပြန်သွားသောအခါမှ သူ့ကို လာခေါ်ရန် မှာကြားလိုက်သည်။

မဟောသဓာ ဘုရင့်ရှေ့မှောက်တွင် မရှိသောအခါ သိန်းအမတ်သည် မင်းကြီးအား ထပ်မံ ကုန်းတိုက်ပြန်လေတော့သည်။ မင်းကြီးလည်း သူ၏ စကားကို ယုံကြည်သွားသည်။ မဟောသဓာသည် သူ့ကို ရန်ပြုမည့်သူဟူ၍ မှတ်ထင်သွားသည်။ သို့ဖြင့် "နက်ဖြန်တွင် မဟောသဓာ နန်းတော်သို့ အခစားဝင်သောအခါ တံခါးကြားမှနေ၍ လုပ်ကြံသတ်ဖြတ်လေလော့" ဟု ဆိုလိုက်သည်။ ထိုသို့ သတ်ဖြတ်ရန်လည်း သူ၏ သန်လျက်ကို သိန်းအမတ်အား ပေးလိုက်လေသည်။

သုခမိန်းလေးယောက်တို့လည်း အကြံအောင်သဖြင့် ဝမ်းသာအားရပင် နန်းတော်မှ ထွက်လာခဲ့ကြသည်။ ခါတိုင်းကဲ့သို့ပင် ထမင်းခုံပေါ်၌ ထိုင်ကြသည်။ မဟောသဓာကို သတ်ရန်အတွက် တိုင်ပင် ဆွေးနွေးကြသည်။ ထို့နောက် သူတို့သည် "လျှို့ဝှက်သော ကိစ္စကို မိတ်ဆွေ၊ ညီ၊ သား၊ မိခင်တို့အား ပြောအပ်၏ ဟု ဆိုခြင်းမှာ မိမိကိုယ်တွေ့အရ ပြောပါသလော။ သို့မဟုတ် မြင်ဖူးကြားဖူးသောကြောင့်ပြောပါသလော' ဟူ၍ အချင်းချင်း မေးမြန်းကြသည်။

ထိုအခါ သိန်းအမတ်က "ဤမြို့ရှိ နာမည်ကြီး ပြည့်တန်ဆာမတစ်ယောက်ကို ကျွန်ုပ်သည် အင်ကြင်းတောသို့ခေါ်၍ ပျော်ပါးခဲ့ပါသည်။ ထို့နောက် ထိုမိန်းမ၏ လက်ဝတ် လက်စားတို့ကို လိုချင်သောကြောင့် သတ်ခဲ့ပါသည်။ ထိုလက်ဝတ် လက်စားတို့ကို မိန်းမဝတ်သော အဝတ်ဖြင့်ပင် ထုပ်၍ ယူလာခဲ့ပါသည်။ သို့ရာတွင် အမှုပေါ်မည်စိုးသဖြင့် ထိုလက်ဝတ် လက်စားတို့ကို အသုံးမပြုဝံ့ပါ။ သည်အတိုင်း ဝှက်ထားရသည်။ ဤအကြောင်းကို သင်တို့လည်း မသိကြ။ အခြားသူများလည်း မသိကြ။ သို့ရာတွင် ကျွန်ုပ်၏ ယုံကြည်ရသော မိတ်ဆွေကိုကား ပြောပြခဲ့ပါသည်။ ထိုမိတ်ဆွေ ကောင်းစွာသိသည်။ မိတ်ဆွေကလည်း မည်သူ့ကိုမျှ မပြောပါ။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို မိတ်ဆွေအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်' ဟု ဆို၏။

ပက္ကုသ်အမတ်က "ကျွန်ုပ်၏ ပေါင်၌ နူနာကွက် ရှိသည်။ ကျွန်ုပ်၏ ညီသည် ဘယ်သူမျှ မသိအောင် နေ့တိုင်း နံနက်စောစောထ၍ ဖန်ရည်ဆေးပေးသည်။ ထို့နောက် ဆေးလိမ်းပေးသည်။ ထိုအကြောင်းကို ထိုညီမှတစ်ပါး မည်သူမျှ မသိ။ မင်းကြီးသည် တစ်ခါတစ်ရံ စိတ်လိုသောအခါ ကျွန်ုပ်၏ ပေါင်ကို ခေါင်းအုံးပြီး အိပ်စက်တတ်သည် မဟုတ်ပါလော။ အကယ်၍ ပေါင်တွင် နူနာရှိကြောင်း သိလျှင် ကျွန်ုပ်ကို ချမ်းသာပေးမည် မဟုတ်။ ထို့ကြောင့် 'လျှို့ဝှက်သောကိစ္စကို ညီအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ကာမိန်းအမတ်က "ကျွန်ုပ်သည် တစ်လတစ်ခါ လကွယ်နေ့ရောက်တိုင်း နရစိုးနတ် ဖမ်းစားသဖြင့် ခွေးရူးကဲ့သို့ အော်နေရပါသည်။ ဤအကြောင်းကို ကျွန်ုပ်၏ သားအား ပြောထားပါသည်။ ကျွန်ုပ် ထိုသို့ ခွေးရူးကဲ့သို့ အော်သည့်အခါတိုင်း ကျွန်ုပ်သားသည် ကျွန်ုပ်ကို အခန်းထဲ၌ ပိတ်ထားပါသည်။ ကျွန်ုပ်၏ အော်သံကို အခြားသူများ မကြားစေရန် ဆူညံစွာ ပွဲသဘင်ခံ၍ နေပါသည်။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို သားအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဒေဝိန်းအမတ်က "ကုသမင်အား သိကြားမင်း ပေးသော တန်ခိုးရှိသည့် ပတ္တမြားသည် မင်းကြီး၌ ရှိသည် မဟုတ်ပါလော။ ထို ပတ္တမြားကို မင်းကြီးအလစ်တွင် ကျွန်ုပ်ခိုးယူထားခဲ့ပါသည်။ ယင်းကို မိခင်အား ပေးထားပါသည်။ မိခင်ကလည်း လျှို့ဝှက်စွာ သိမ်းပေးပါသည်။ ကျွန်ုပ် နန်းတော်သို့ အခစားဝင်သောအခါတွင်မှ ထုတ်ပေးပါသည်။ ထို ပတ္တမြား၏ တန်ခိုးကြောင့် မင်းကြီးသည် ကျွန်ုပ်နှင့်သာ ရှေးဦးစွာ စကားပြောသည်။ ရိက္ခာကိုလည်း နေ့စဉ်ပေးသည်။ ဤအကြောင်းကို မင်းကြီးသိလျှင် ကျွန်ုပ်ကို အရေးယူမည်မှာ မုချဖြစ်သည်။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို မိခင်အား ပြောအပ်သည်ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟူ၍ ဆို၏။

(မဟောသဓာအပိုင်း- ၂၄ "မဟောသဓာ၏ ထုတ်ဖော်ချက်" ဆက်တင်ပါမည်)

No comments:

Post a Comment