Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၁

"ကေဝဋ်၏ အကြံဆိုး"

ကေဝဋ်ပုဏ္ဏားသည် မှန်ကြည့်တိုင်း နဖူးတွင် အမာရွတ်ကို မြင်နေရသည်။ ထိုအခါ မဟောသဓာ အပေါ် အခဲမကျေနိုင်။ လက်စားချေရန် အမြဲကြံနေသည်။

တစ်နေ့တွင် အကြံရသွားသည်။ ဝိဒေဟရာဇ်မင်းကြီးကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ သမီးတော် ပဉ္စာလစန္ဒီနှင့် ဖြားယောင်းမျှားခေါ်မည်။ မဟောသဓာလည်း အတူလိုက်ပါလိမ့်မည်။ ထိုအခါ နှစ်ဦးစလုံးကို သုတ်သင်ပစ်မည်ဟူ၍ ကြံစည်သည်။ ထို့နောက် စူဠနီဗြဟ္မဒတ်မင်းကြီးကို ပြာသာဒ် အထက်ထပ်သို့ ခေါ်သည်။ သူ၏အကြံကို ပြောပြသည်။

"အရှင်မင်းကြီး၊ ယခု အကြံမှာ အလွန်ကောင်းသော အကြံဖြစ်ပါသည်။ ဝိဒေဟရာဇ်မင်းကြီးကို ကိလေသာ ကာမဂုဏ်ဖြင့် ဖြားယောင်းပြီး မဟောသဓာနှင့် တကွ သုတ်သင်ရန် ဖြစ်သည်။ အရှင့်သမီးတော် ပဉ္စာလစန္ဒီသည် ရုပ်ဆင်းအင်္ဂါ လွန်စွာ ချောမောလှပသူ ဖြစ်ပါသည်။ သမီးတော်၏ အလှကို စာဆိုတော်တို့အား တေးကဗျာ ရေးဖွဲ့စေမည်။ ထိုတေးကဗျာတို့ကို မိထိလာပြည်တွင် သွားရောက် သီဆိုစေမည်။ ဝိဒေဟရာဇ်မင်းကြီးသည် ကြားရဖန် များသောအခါ သမီးတော်ကို တပ်မက်လာလိမ့်မည်။ ထိုအခါ မိထိလာပြည်သို့ ကျွန်ုပ်သွားမည်။ အရှင်မင်းကြီးက နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက်သည့်သဘောဖြင့် သမီးတော်ကို ဆက်သလိုကြောင်း ပရိယာယ်ဖြင့် ဆိုမည်။ နေ့ကောင်း ရက်သာ ရွေးချယ် ချိန်းချက်မည်။ 'ငါးမျှားချိတ်ကို မမြင်၊ ငါးစာကိုသာ မြင်သောငါး' ကဲ့သို့ ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာနှင့်အတူ လာလိမ့်မည်။ ထိုအခါ သင်းတို့နှစ်ဦးကို သုတ်သင်ပြီး အောင်သေအောင်ပွဲကြီး ပြုလုပ်မည်"

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းလှသည်။ ဤအတိုင်း အမြန်လုပ်ပါ" ဟု ဆို၏။

ဤတိုင်ပင်သည့် စကားများကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ အိပ်ရာစောင့် သာလိကာမလေးသည် ကြားသိလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် စာဆိုတော်တို့အား ဆုလာဘ်များစွာပေး၍ သမီးတော် ပဉ္စာလစန္ဒီ၏ အလှကို ကဗျာဖွဲ့ဆိုစေသည်။ ထို့နောက် အဆိုတော်များနှင့် သဘင်အနုပညာရှင်တို့အား မိထိလာပြည်သို့ သွား၍ သီဆိုစေသည်။ ထို့ပြင် ငှက်ကြီးများကို ဖမ်း၍ လည်တွင် ချူဆွဲစေလျက် ညဥ့်လူခြေတိတ်ချိန်တွင် ငှက်များနှင့်အတူ သစ်ပင်ပေါ်တက်၍ သီချင်းဆိုစေသည်။ ထို့နောက် ငှက်ကြီးများကို လူမနိုးခင် လွှတ်စေသည်။ ဤသို့ ပြုခြင်းမှာ ပဉ္စာလစန္ဒီမင်းသမီး၏ အလှကို နတ်များကပါ သီဆို ချီးကျူးကြသည်ဟု ထင်စေရန် ဖြစ်သည်။ ထို့နောက် တစ်ဖန် ဤမျှလောက် ချောမောလှပသော ပဉ္စာလစန္ဒီမင်းသမီးသည် ဝိဒေဟရာဇ်မင်းကြီးနှင့်သာ ထိုက်တန်ကြောင်း ရေးစပ်ထားသော သီချင်းများကိုလည်း ဆိုစေပြန်သည်။ ထိုထိုသီချင်းများကို ကြားရသောအခါ ဝိဒေဟရာဇ်မင်းကြီးသည် လွန်စွာ နှစ်သက် သဘောကျသွားသည်။ အဆိုတော် သဘင်သည်တို့ကို ခေါ်၍ ဆုလာဘ်များစွာ ပေးလေသည်။

ထိုသတင်းကို ကြားရသောအခါ ကေဝဋ်ပုဏ္ဏားသည် မိထိလာသို့ နေ့ရက်ချိန်းရန် သွားရောက်သည်။ မိထိလာပြည်သူ ပြည်သားတို့သည် ထိုအကြောင်းကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း ဝမ်းမြောက်မဆုံး ရှိနေသည်။

မဟောသဓာကမူ ကေဝဋ်ပုဏ္ဏားလာခြင်းကို သံသယ ဖြစ်မိသည်။ အကောင်းလာခြင်း မဟုတ် ဟု ထင်မိသည်။ အကြောင်းမှန်သိရန် စူဠနီဗြဟ္မဒတ်မင်းထံ စေလွှတ်ထားသည့် မိမိ၏ သူလျှိုထံ စုံစမ်းမေးမြန်းသည်။ သူလျှိုက "မင်းကြီးနှင့် ကေဝဋ်ပုဏ္ဏားတို့သည် နန်းပြာသာဒ် အထက်ထပ်၌ တိုင်ပင်ကြခြင်းဖြစ်၍ အကြောင်းမှန်ကို မသိရပါ။ မင်းကြီး၏ အိပ်ရာစောင့် သာလိကာမကလေးသည်သာ သိနိုင်စရာ အကြောင်းရှိပါသည်" ဟု ပြန်ကြားလိုက်လေသည်။

မဟောသဓာထံ ကေဝဋ်ပုဏ္ဏားသွာခြင်း

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ အကြံကို မသိရသေး။ ထို့ကြောင့် ရန်ဘက်ဖြစ်သူအား မိမိ၏ အနေအထားကို သိမြင်ခွင့်ပေးရန် မသင့်ဟု ခံယူမိသည်။ သို့ဖြင့် မြို့တံခါးမှ နန်းတော်အထိ ကေဝဋ်ပုဏ္ဏားလာမည့် လမ်းတစ်လျှောက်လုံးနှင့် နန်းတော်မှ မိမိအိမ်သို့ လာမည့်လမ်းကို ဘေးနှစ်ဖက်တွင် ဖျာများဖြင့် ကာရံထားသည်။ အပေါ်ကလည်း ဖျာမိုးထားသည်။ ဤသို့ မြို့အခြေအနေကို မမြင်စေချင်၍ ပြုလုပ်ထားသည်ကို ကေဝဋ်ပုဏ္ဏား မသိရအောင်လည်း စီမံထားသည်။ လမ်းကို တန်ဆာဆင်သောအနေဖြင့် ပန်းချီကားများ ရေးဆွဲထားသည်။ တံခွန်၊ ကုက္ကားများ စိုက်ထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာ၏ အကြံကို မရိပ်မိ။ ဝိဒေဟရာဇ်မင်းက မိမိကို ကြိုဆိုသောအားဖြင့် လမ်းကို ပြင်ဆင်ထားသည်ဟုသာ ထင်နေသည်။

သူသည် နန်းတော်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီးအား လက်ဆောင်ပဏ္ဏာများ ဆက်သသည်။
"အကျွန်ုပ်တို့၏ မင်းကြီးသည် ပဉ္စာလရာဇ်ပြည်နှင့် ဝိဒေဟရာဇ်ပြည်တို့ကို နှစ်ပြည့်တစ်ပြည် ရွှေလမ်း၊ ငွေလမ်း ဖောက်ရန် သမီးတော် ပဉ္စာလစန္ဒီကို အရှင်မင်းကြီးအား ဆက်သလိုပါသည်။ နေ့ရက် ချိန်းဆိုရန် ကျွန်ုပ် လာရောက်ရခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဝိဒေဟရာဇ်မင်းကြီးလည်း လွန်စွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားသည်။
"မဟောသဓာသုခမိန်ထံ သွားတွေ့ပါ။ ယခင်က ဖြစ်ခဲ့သည့် အပြစ်များကို ကျေအေးအောင် ပညာရှိ အချင်းချင်း ဆွေးနွေးတိုင်ပင်ပါ" ဟု မိန့်တော်မူသည်။
"ကောင်းပါပြီ အရှင်" ဟူ၍ ကေဝဋ်က မဟောသဓာအိမ်သို့ သွားလေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏားကို စကားလက်ခံ မပြောလိုပေ။ ထို့ကြောင့် ထောပတ်သစ်သီးကို သောက်၍ အိပ်နေလေသည်။ အခန်းထဲ၌လည်း ညောင်စောင်း၊ ခုတင်၊ ထိုင်ခုံ စသည်တို့ကို မခင်းကျင်းထား။ သိမ်းဆည်းထားသည်။ ထို့ပြင် ကြမ်းပြင်နှင့် နံရံတို့ကိုလည်း နွားချေးအစိုများ လိမ်းကျံထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာထံ ရောက်သောအခါ ထိုင်စရာ မရှိ ဖြစ်နေသည်။ နွားချေးလိမ်းထားသော ကြမ်းပြင်ပေါ်၌ မတ်တတ်ရပ်လျက်ပင် နှုတ်ဆက်သည်။ မဟောသဓာကလည်း ပြန်၍ နှုတ်ဆက်စကား ပြောမည်ပြုသည်။ ထိုအခါ အစောင့်အရှောက်များက မဟောသဓာ လျှို့ဝှက်စွာ မှာကြားထားသည့်အတိုင်း ပြုသည်။ "အရှင့်သားသည် ယနေ့ အလွန်တက်သော ထောပတ်သစ်ကို သောက်ထားပါသည်။ စကား မပြောပါနှင့်" ဟု တားမြစ်သည်။ ကေဝဋ်ပုဏ္ဏားကိုလည်း ပြန်သွားရန် အမူအရာဖြင့် ပြကြသည်။

ကေဝဋ်ပုဏ္ဏားက "ကျွန်ုပ် ပြန်မည်" ဟု မဟောသဓာကို နှုတ်ဆက်သည်။ အစောင့်အရှောက်များက "စကားကျယ်ကျယ် ပြောရသလော" ဟု ဆိုကာ ရိုက်နှက် တွန်းထိုး၍ ဆွဲထုတ်ကြလေသည်။

(မဟောသဓာအပိုင်း- ၃၂ "ဥမင်ခရီး" ဆက်တင်ပါမည်)

No comments:

Post a Comment