Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၂

"ဥမင်ခရီး"
ထိုအခါ မဟောသဓာသည် 'ဤမင်းကြီးကား အလွန်ပညာနည်း၏။ ပညာရှိသော ယောက်ျား၏ ဂုဏ်ထူးကို မသိတတ်၊ အနည်းငယ် စိတ်ပင်ပန်းအောင် ပြုပြီးမှ အားကိုးရာ နည်းလမ်းကို ရွက်ဆောင်မည်' ဟူ၍ ကြံစည်ပြီးလျှင်-

"အရှင်မင်းကြီး၊ တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဤမြို့ငယ် မြို့ကျဉ်းကို ဝန်းရံထားသည့် အရေးကို အဘယ်လူသား ပညာရှိသည် လွတ်မြောက်အောင် ကြံဆောင်နိုင်ပါမည်နည်း။ ဆင်ပျံ၊ မြင်းပျံများရှိလျှင်ကား အရှင်မင်းကြီးကို လွတ်မြောက်အောင် သယ်ဆောင်နိုင်ကြပေမည်။ အကျွန်ုပ်ကား မိုးပျံ မြေလျှိုးနိုင်သော တန်ခိုးရှိသူ မဟုတ်သဖြင့် လွတ်မြောက်အောင် မကြံဆောင်နိုင်ပါ" ဟု လျှောက်တင်၏။

ထိုအခါ မင်းကြီးသည် စကားဆိုစရာ မရှိတော့သဖြင့် ငြိမ်ဆိတ်နေလေသည်။ အားကိုးရာ မမြင်တော့သဖြင့် သုခမိန် လေးယောက်ထံမှ အကြံဉာဏ်များ ရလိုရငြား မေးမြန်းစုံစမ်းကြည့်သည်။ သုခမိန် လေးယောက်တို့သည် လွတ်မြောက်ရာလမ်းကို မညွှန်းပြနိုင်ကြ။

သိန်းအမတ်က အသက်သေရမည့်အတူတူ ရန်သူ့အသတ်ကို မခံဘဲ ဤတဲနန်းမြို့ကို မီးတိုက်ပြီး အချင်းချင်း သတ်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ပက္ကုသ်အမတ်က "အဆိပ်သောက်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ကာမိန္ဒအမတ်က "ကြိုးဆွဲချ၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ဒေဝိန္ဒအမတ်က "သိန်းအမတ် ပြောသကဲ့သို့ အချင်းချင်းသတ်သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။

သူတို့၏ စကားကို ကြားရသောအခါ မင်းကြီးသည် လွန်စွာ စိတ်မချမ်းမသာ ဖြစ်မိ၏။ "ငှက်ပျောပင်၊ လက်ပံပင်တို့မှ အနှစ်ကို ရှာ၍ မရနိုင်သကဲ့သို့ ဤဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းကို ဤသူတို့ထံမှ ရှာ၍ မရနိုင်ပါတကား။ ယခု ငါ၏ ကိုယ်သည် ပန်းပဲဖိုကဲ့သို့ အလွန် ပူလောင်နေချေပြီ။ ငါ၏ နှလုံးသည်လည်း နွေကာလ နေပူခိုက် လွင်တီးခေါင်၌ မီးလျှံဝိုင်းမိသော သူကဲ့သို့ ပူလောင်နေလေပြီတကား" ဟူ၍ မြည်တမ်း၏။

ဤတွင် မဟောသဓာသည် "မင်းကြီးကား လွန်စွာ စိတ်ပင်ပန်းနေရှာပြီ။ စိတ်သက်သာရာ ရအောင် ငါမလုပ်လျှင် နှလုံးကွဲ၍ နတ်ရွာစံလိမ့်မည်" ဟု တွေးပြီးလျှင်-
"အရှင်မင်းကြီး၊ ကြောက်ရွံ့တော် မမူပါနှင့်။ လနှင့်နေတို့ကို ရာဟု ဖမ်းထားရာမှ လွတ်မြောက်စေသကဲ့သို့၊ ညွံအိုင်ထဲ၌ ကျွံနစ်နေသော ဆင်ပြောင်ကြီးကို ကျွံနစ်ရာမှ လွတ်မြောက်စေသကဲ့သို့၊ ပခြုပ်ထဲမှ မြွေကို အချုပ်မှ လွတ်မြောက်စေသကဲ့သို့၊ လှောင်ချိုင့်ထဲမှ ငှက်ကို အနှောင်အဖွဲ့မှ လွတ်မြောက်စေသကဲ့သို့၊ ပိုက်ကွန်ထဲမှ ငါးတို့ကို ငြိတွယ်ရာမှ လွတ်မြောက်စေသကဲ့သို့ အကျွန်ုပ်သည် အရှင်မင်းကြီးကို ဗိုလ်ပါနှင့်တကွ ရန်သူ့ဘေးမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါက အကျွန်ုပ်၏ ပညာသည် အဘယ်မှာလျှင် အသုံးကျတော့အံ့နည်း။ အရှင်မင်းကြီး၊ ဤအရပ်သို့ အကျွန်ုပ် ကြိုတင်၍ လာခြင်းမှာ မည်သည့်အတွက် လာသည်ဟု ထင်ပါသနည်း။ ဘေးဒုက္ခမှ လွတ်မြောက်အောင် လာခြင်းသာ ဖြစ်သည်။ စိုးကြောက်တော် မမူပါနှင့်"
ထိုအခါတွင်မှ ဝိဒေဟရာဇ်မင်းကြီးသည် "ငါ့အသက် မသေရတော့ပြီး" ဟု ဆိုကာ စိတ်သက်သာရာ ရသွားသည်။ မှူးမတ် ဗိုလ်ပါအားလုံးလည်း ဝမ်းမြောက် ရွှင်လန်းသွားကြတော့သည်။

သိန်းအမတ်က မဟောသဓာအား "ကျွန်ုပ်တို့အားလုံးကို ဘေးရန်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းမည်ဆိုသည်မှာ အဘယ်နည်းဖြင့် ဆောင်ကြဉ်းပါမည်နည်း" ဟု မေးသည်။

မဟောသဓာက "ဥမင်ခရီးဖြင့် ခေါ်ဆောင်ပါမည်။ သွားရန် ပြင်ဆင်ကြပါကုန်လော့" ဟု ပြောသည်။ တစ်ဆက်တည်းပင် လုလင်တို့အား ဥမင်တံခါးကို ဖွင့်ရန် စေခိုင်းလိုက်လေသည်။

ထို့နောက် မင်းကြီးအား "အရှင်မင်းကြီး၊ သွားရန် အချိန်တော်ပါပြီ။ ကြွတော်မူပါ" ဟု လျှောက်တင်၏။ ဥမင်ခရီးလမ်းဖြင့် သွားရမည်ဆိုသဖြင့် သိန်းအမတ်သည် ပေါင်းထုပ်ကို ချွတ်၍ ပုဆိုးကို ခါးတောင်းကျိုက်လိုက်လေသည်။

ထိုအခါ မဟောသဓာက "ဥမင်ထဲသို့ ငုံ့လျှိုးဝင်ရန် မလိုပါ။ ဆင်စီးလျက်ပင် ဝင်လိုက ဝင်နိုင်ပါသည်။ ဆရာသေနက စိတ်ကြိုက် အဝတ်တန်ဆာ ဆင်ပြီး ရှေ့ကသွားပါ" ဟု ဆို၏။

မင်းကြီးအမှူးပြုသော သုခမိန်များနှင့် မှူးမတ် ဗိုလ်ပါတို့သည် ဥမင်တွင်းသို့ ဝင်မိသောအခါ အံ့သြမဆုံး ရှိကြသည်။ အခင်းအကျင်း အပြင်အဆင်တို့မှာ လွန်စွာ ခမ်းနားလှသည်။ နတ်မြို့ကြီးပမာ ဖြစ်နေလေသည်။ မင်းကြီးသည် ဥမင်ကြီးကို ကြည့်ရှုအံ့သြနေသဖြင့် မဟောသဓာက "မင်းကြီး ကြွတော်မူပါ။ မင်းကြီး ကြွတော်မူပါ" ဟု မကြာခဏ သတိပေးနေရပေသည်။

ဝိဒေဟရာဇ်မင်းကြီး ကြွလာကြောင်းကို သိသောအခါ မယ်တော်စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ထိန်းသိမ်း စောင့်ရှောက်နေကြသည့် လုလင်များသည် ထိုမင်း ၄-ပါးကို ဥမင် အပြင်သို့ ထုတ်ကြသည်။ ဂင်္ဂါမြစ်ကမ်းရှိ မင်းကွန်းအပေါ်၌ တင်ထားကြသည်။

မယ်တော် တလာကဒေဝီ စသူတို့သည် ဥမင်မှ ထွက်လာသော ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓာတို့ကို မြင်သောအခါကျမှ မိမိတို့၏ ဖြစ်ရပ်မှန်ကို သိကြသည်။

"ငါတို့ကား ရန်သူ့လက်သို့ ရောက်နေကြပြီ။ ငါတို့ကို လာခေါ်သူတို့မှာ မဟောသဓာ၏ လူများ ဖြစ်လိမ့်မည်" ဟု ဆိုကြသည်။ သေဘေးကို ကြောက်လန့်သဖြင့် ဟစ်အော် ငိုကြွေးကြသည်။

ထိုအချိန်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဂင်္ဂါမြစ်နှင် တစ်ဂါဝုတ်ဝေးသော နေရာ၌ ရောက်ရှိနေသည်။ ထို့ကြောင့် နန္ဒာဒေဝီတို့၏ ငိုကြွေးသံကို အဝေးမှ ကြားရလေသည်။ သို့ရာတွင် နန်းတော်တွင် အစောင့်များဖြင့် ထားခဲ့သည်ဖြစ်သောကြောင့် 'နန္ဒာဒေဝီတို့၏ အသံနှင့် တူပါပေသည်' ဟု မှူးမတ်တို့အား မေးလိုသော်လည်း မမေးဝံ့။ မှူးမတ်တို့ ပြက်ရယ်ပြုမည်ကို စိုးသဖြင့် နှုတ်ဆိတ်နေလိုက်လေသည်။

မင်းကွန်း၌ မဟောသဓာသည် ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားအဖြစ် ဘိသိက်သွန်းသည်။ ဝိဒေဟရာဇ်မင်းကြီးအား "အရှင်မင်းကြီး၊ ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားကြီးအရာ၌ ထား၍ ဥဒုမ္ဗရဒေဝီနည်းတူ ချစ်မြတ်နိုးစွာ မြှောက်စားတော်မူပါ။ ယောက္ခမဖြစ်သူ နန္ဒာဒေဝီ မိဖုရားကြီးကိုလည်း မယ်တော်အရာထား၍ ပြုစုတော်မူပါ။ ယောက်ဖဖြစ်သူ ပဉ္စလာစန္ဒာမင်းသားကိုလည်း ညီတော်ရင်း အရာထား၍ မြှောက်စားတော်မူပါ" ဟု လျှောက်ထားသည်။

မင်းကြီးကလည်း "ချစ်သား မဟောသဓာ၊ သင့်လျှောက်ထားသည့်အတိုင်း ကျင့်ဆောင်ပါမည်" ဟု ဝန်ခံလေ၏။

ထို့နောက် မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့အား ဂင်္ဂါမြစ်ကြောင်းခရီးဖြင့် မိထိလာသို့ ထွက်ခွာသွားစေသည်။ မိမိမူကား မလိုက်ပါ။ ထိုအခါ မင်းကြီးက "ချစ်သား မဟောသဓာ၊ လှေပေါ်သို့ အမြန်တက်လော့။ အဘယ်ကြောင့် ကမ်းပေါ်၌ ရပ်နေသနည်း။ မိထိလာပြည်သို့ ပြန်ကြပါစို့" ဟု ခေါ်ဆောင်၏။

(မဟောသဓာအပိုင်း- ၃၃ "စစ်သူကြီးမဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည်" ဆက်တင်ပါမည်)

1 comment:

  1. There is something wrong between part 31 and part 32. There are a lot of things missing. Please check it again.

    ReplyDelete