Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၀

 "အနုကေဝဋ်ပုဏ္ဏား"
 
အနုကေဝဋ်ပုဏ္ဏားသည် ဝိဒေဟရာဇ်မင်း၏ ပုရောဟိတ် ဖြစ်သည်။ မဟောသဓာသည် အနုကေဝဋ်အား မည်သို့မည်ပုံ ဥပါယ်တံမျဉ်ဖြင့် ပြုလုပ်ရမည်ကို မှာထားသည်။ အနုကေဝဋ်ကလည်း "ကောင်းလှပြီး" ဟူ၍ ဝန်ခံကာ မဟောသဓာ မှာထားသည့်အတိုင်း ပြုလေသည်။

အနုကေဝဋ်သည် ရှေးဦးစွာ မြို့တံတိုင်းပေါ်သို့ တက်သည်။ မဟောသဓာ၏ တပ်သားများ အလစ်တွင် စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများထံသို့ စားသောက်ဖွယ်ရာများ ချပေးသည်။ "သင်တို့ စိတ်မပျက်ကြပါနှင့်" မိထိလာမြို့သူမြို့သားတို့သည် ဆောင်း၌ အလှောင်ခံရသော ကြက်ကဲ့သို့ ထွက်ပြေးရာ မမြင်။ စိတ်ပျက်နေကြပြီ။ မကြာမီ မြို့တံခါး ဖွင့်ကြလိမ့်မည်" ဟု အားပေးစကား ပြောသည်။ မဟောသဓာ၏ တပ်သားများကြားလျှင် စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်များ မြင်အောင် အနုကေဝဋ်ကို ဟန်ဆောင်ရိုက်ကြသည်။ "အကြံအစည် ဖျက်တတ်သော ပုဏ္ဏားယုတ်၊ နင်သည် ငါတို့မြို့နှင့်မတန်၊။ သွားလေ" ဟု ဆဲဆို ခြိမ်းခြောက်၍ မြို့ပြင်သို့ ချလိုက်ကြသည်။

စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများလည်း အနုကေဝဋ်ကို ဗြဟ္မဒတ်မင်းထံ ခေါ်ဆောင်သွားကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးကလည်း အနုကေဝဋ်အား "သင့်မှာ ဘာအပြစ်ရှိ၍ နှင်ထုတ်သနည်း" ဟု မေး၏။

အနုကေဝဋ်က "မဟောသဓာသည် စစ်သူကြီး ဖြစ်လာသောအခါ ကျွန်ုပ်၏ စည်းစိမ်ကို ဖျက်ဆီးခဲ့ပါသည်။ ထို့ကြောင့် မဟောသဓာ၏ ဦးခေါင်းကို သန်လျက်စာ ကျွေးမည်ဟု ကြံနေဆဲတွင် အရှင်မင်းကြီး၏ စစ်တပ်များ ရောက်လာသဖြင့် အခွင့်ကောင်းကို စောင့်နေခဲ့ပါသည်။ ယနေ့ အခွင့်ရသဖြင့် အရှင်မင်းကြီး၏ တပ်သားများအား စားသောက်ဖွယ်ရာများ ချပေး၍ အားပေးစကား ပြောသည်ကို မဟောသဓာ၏ တပ်သားများ မိသွားပါသည်။ ကျွန်ုပ်ကို ရိုက်နှက်၍ နှင်ထုတ်လိုက်ပါသည်။ ထိုသို့ ပြုသည်ကို အရှင်မင်းကြီး၏ တပ်သားများ မြင်ကြပါသည်" ဟူ၍ မဟောသဓာ သင်ကြားပေးသည့်အတိုင်း လိမ်လည်လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း ယုံကြည်သွားလေသည်။

အနုကေဝဋ်ပုဏ္ဏားသည် မဟောသဓာ သင်ကြားပေးသည့်အတိုင်း စူဠနီဗြဟ္မဒတ်မင်းကြီးကို အမျိုးမျိုး အယုံသွင်းသည်။ မင်းကြီးလည်း အနုကေဝဋ်ပုဏ္ဏားကို အထူးယုံကြည်သွားသည်။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားက "အရှင်မင်းကြီး၊ ဝိဒေဟရာဇ်မင်းနှင့် မဟောသဓာတို့ အရှင့်လက်သို့ ရောက်စေရမည်။ အကျွန်ုပ်သည် မိထိလာမြို့ တံတိုင်း၏ ခိုင်လုံသော နေရာကိုလည်း သိသည်။ မခိုင်လုံသော နေရာကိုလည်း သိသည်။ တံတိုင်းကို ဆီးတားထားသော ကျုံး၌ မိကျောင်း ရှိသော အရပ်ကိုလည်း သိသည်။ မိကျောင်း မရှိသော အရပ်ကိုလည်း သိသည်။ မကြာမြင့်မီပင် ဤမြို့ကို သိမ်းယူ၍ ရွှေလက်တော်ရောက် ဆက်သပါမည်" ဟု တင်လျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းလည်း နှစ်သက် သဘောကျသွားသည်။ အနုကေဝဋ်ပုဏ္ဏားကို ကောင်းစွာ ချီးမြှောက်သည်။ စစ်သည်ဗိုလ်ပါ အပေါင်းကိုလည်း အပ်နှင်းသည်။

အနုကေဝဋ်လည်း မဟောသဓာ ညွှန်ကြားသင်ပေးထားသည့်အတိုင်းပင် စစ်သည် ဗိုလ်ပါတို့အား သူ့လူ ကိုယ်လူ ခွဲခြားနိုင်အောင် အမှတ်အသား ပြုထားရမည်ဟု ဆို၏။ ထိုသူတို့၏ စစ်ဝတ်တန်ဆာတို့၌ မဟောသဓာ၏ တံဆိပ် ခပ်နှိပ်ပေးသည်။ ထို့နောက် "အချင်းတို့၊ ကျုံးကို ဖြတ်ကူးကြလော့။ ယခုပင် မိထိလာပြည်ကို သိမ်းပိုက်အံ့" ဟု ဆိုသည်။ ထို့နောက် မိကျောင်းရှိရာ ရေကျုံးသို့ ဆင်းသက်စေသည်။ ထိုအခါ မိကျောင်းများက ဖမ်းယူ ကိုက်ခဲကြသည်။
မိထိလာမြို့ ထိပ်ပေါ်၌ အသင့်နေရာယူထားသော မဟောသဓာ၏ စစ်သည်များကလည်း ပဉ္စာလရာဇ်စစ်သည်တို့ကို မြား၊ လှံ စသည်တို့ဖြင့် ပစ်ခတ်ကြသည်။ ရန်သူ၏ စစ်သည် ဗိုလ်ပါတို့သည် မိကျောင်းဘေး၊ လက်နက်ဘေးကြောင့် အထိအရှ၊ အကျအဆုံး များကြသည်။ ဤတွင် နောက်ထပ်၍ တစ်ဦးတစ်ယောက်မျှ ကျုံးထဲသို့ မဆင်းဝံ့ကြတော့ပေ။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားသည် စူဠနီဗြဟ္မဒတ်မင်းကြီးထံ သွားရောက်သည်။ "အရှင်မင်းကြီး၊ စစ်သည် ဗိုလ်ပါတို့သည် ကျုံးတွင်းသို့ ကောင်းစွာ မဆင်းသက်ကြပါ။ ဆင်းသက်၍ ကျုံးတစ်ဖက်သို့ ကူးမိသောသူတို့ကလည်း မြို့ရင်းကို ကောင်းစွာ မကပ်ကြပါ။ ရှောင်ရှားကာသာ ပြုနေကြပါသည်။ အကြောင်းရင်းကို သိလိုသဖြင့် အကျွန်ုပ် စုံစမ်းကြည့်ပါသည်။ ထိုအခါ ကိုးကျိပ်ကိုးယောက်သော ထီးဆောင်းမင်းနှင့်တကွ ကေဝဋ်အမတ်ကြီး အပါအဝင် စစ်သည် ဗိုလ်ပါတို့သည် အရှင့်ကျေးဇူးသစ္စာတော်ကို မစောင့်ကြ။ မဟောသဓာက တံစိုးလက်ဆောင် ပေးသဖြင့် မဟောသဓာ၏ သစ္စာခံများဖြစ်နေသည်ကို တွေ့ရပါသည်။ ထိုစစ်သည် ဗိုလ်ပါတို့ကို အသီးသီးခေါ်၍ သူတို့၏ စစ်ဝတ်တန်ဆာတို့ကို အမှတ်မထင် ရှုကြည့်တော်မူပါ။ သူတို့၏ အဝတ်တန်ဆာတို့တွင် မဟောသဓာ ခတ်နှိပ်ပေးလိုက်သော တံဆိပ်ကို မြင်တော်မူပါလိမ့်မည်" ဟု ပရိယာယ်ဖြင့် ဆို၏။

စူဠဗြဟ္မဒတ်မင်းလည်း "စစ်သည် ဗိုလ်ပါ အားလုံး ယခု ဝတ်ဆင်သည့် စစ်ဝတ်တန်ဆာဖြင့် လာခဲ့ရမည်" ဟူ၍ ဆင့်ခေါ်စေသည်။ ထို့နောက် အမှတ်မဲ့ ရှုကြည့်သည်။ မဟောသဓာ၏ တံဆိပ် ခပ်နှိပ်ထားသည်ကို မြင်သွားသည်။ စစ်သည် ဗိုလ်ပါတို့ အင်အားကောင်းလှသဖြင့် အတင်းအကျပ်လည်း မမေး မစစ်ဝံ့။ လျောက်ပတ်ရုံစကားကိုသာ ဆိုပြီးလျှင် မိမိတို့နေရာသို့ ပြန်သွားစေသည်။

ထို့နောက် မင်းကြီးသည် အနုကေဝဋ်ပုဏ္ဏားကို ခေါ်သည်။ "ဆရာပုရောဟိတ်၊ သင်လျှောက်တိုင်း ဟုတ်မှန်နေပြီ။ ငါ မည်သို့ ကြံရမည်နည်း" ဟူ၍ ဆို၏။

အနုကေဝဋ်က "အရှင်မင်းကြီး၊ အပြင်ရန်မီးကို အနီးမရောက်အောင် ကာဆီးရန် လွယ်၏။ အတွင်းရန်မီးကိုကား ပယ်လှန်နုတ်ပစ်ရန် အလွန်ခက်၏။ အထူးမကြံနိုင်။ ဤအရပ်တွင် ကြာရှည်နေပါက မဟောသဓာ၏ လက်တွင်းသို့ သက်ဆင်းရလိမ့်မည်။ ကေဝဋ်အမတ်ကြီးပင်လျှင် မဟောသဓာက ပတ္တမြားမြတ်တစ်လုံး လာဘ်ထိုးသဖြင့် ရန်သူ၏ခြေကို ရှိခိုးဦးချခဲ့သေးသည် မဟုတ်ပါလော။ ယခုလည်း အရှင်မင်းကြီးကို အမှတ်မဲ့ ဖမ်းယူ၍ မဟောသဓာထံ ပို့ဆက်မည့် အကြံ ရှိနေပါသည်။ အခြားသူတို့မှာ ပို၍ပင် မယုံနိုင်ဖွယ် ရှိပါသည်။ ကျွန်ုပ်အလိုမှာ ကြာကြာ မဆိုင်းစေချင်ပါ။ ယနေ့ညဥ့်ပင် သန်းခေါင်ကျော် အချိန်၌ မည်သူမျှ မသိစေဘဲ စီးတော်မြင်းနှင့် ထွက်ပြေးသင့်ပါသည်။ အကျွန်ုပ်လည်း အတူလိုက်ပါပါမည်" ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းသည် အနုကေဝဋ်ကို လုံးဝ ယုံကြည်ထားပြီး ဖြစ်သည်။ အနုကေဝဋ်ဆိုတိုင်း ထွက်ပြေးရန် လက်ခံလိုက်သည်။

အနုကေဝဋ်လည်း မဟောသဓာ လွှတ်ထားသော သူလျှိုအမတ်တို့ထံ တိတ်တဆိတ် သွားရောက် မှာကြားထားသည်။ မိမိအချက်ပေးပါက ပေးသည့်အတိုင်း ပြုရန် သေချာစွာ မှာထားသည်။

ထိုနေ့ သန်းခေါင်ကျော်အချိန်တွင် အနုကေဝဋ်နှင့် စူဠနီ ဗြဟ္မဒတ်မင်းတို့သည် အခြားသူများ မသိစေဘဲ မြင်းကိုယ်စီ စီးလျက် ပဉ္စာလရာဇ်ပြည်သို့ ရှေ့ရှု ထွက်ပြေးကြသည်။

အနုကေဝဋ်မှာ အကြံနှင့်ဖြစ်ရာ မင်းနှင့် အနည်းငယ်သာ လိုက်ဟန်ပြုသည်။ ထို့နောက် ရုတ်တရက် ပြန်လှည့်ပြေးကာ တပ်ထဲသို့ ဝင်သည်။ "ပဉ္စာလရာဇ်မင်း ထွက်ပြေးပြီ၊ ထွက်ပြေးပြီ" ဟူ၍ ကျယ်လောင်စွာ ဟစ်အော်သည်။ မဟောသဓာ၏ သူလျှိုအမတ်တို့ကလည်း မှာထားသည့်အတိုင်းပင် ဝိုင်းဝန်းအော်ဟစ်ကြသည်။

ထိုအချိန်တွင် ကိုးကျိပ်ကိုးယောက်သော မင်းများ၊ ကေဝဋ်ပုဏ္ဏားနှင့် စစ်သည် ဗိုလ်ပါတို့သည် အိပ်ပျော်နေကြသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် နိုးကြသည်။ "မဟောသဓာ၏ တပ်များသည် သူတို့၏ တပ်များကို အလစ်တွင် ဝင်စီးနေပြီ" ဟု ထင်မှတ်ကြသည်။ ကြောက်ရွံ့ ထိတ်လန့်လှသဖြင့် ဦးတည့်ရာ ပရမ်းပတာ ထွက်ပြေးကြသည်။

ထိုအခါ မိထိလာမြို့ ထိပ်ပေါ်ရှိ မဟောသဓာ၏ စစ်သည်တို့ကလည်း တိုက်စည်တိုက်မောင်းကို ဆော်တီးလျက် ပဲ့တင်ထပ်မျှ ကြွေးကြော်ကြသည်။ စူဠနီဗြဟ္မဒတ်မင်းသည် ခရီးတစ်ဝက်ရောက်မှ ဖြစ်ပျက်ပုံ အကြောင်းစုံကို ဆင်ခြင်မိသည်။ သူသည် ရပ်တန့်စောင့်ဆိုင်းသည်။ ထီးဆောင်းမင်းများနှင့် စစ်သည် ဗိုလ်ပါတို့ ရောက်လာသောအခါတွင်မှ အားလုံးကို ခေါ်၍ ပဉ္စာလရာဇ်ပြည်သို့ ပြန်ခဲ့လေသည်။ စူဠနီဗြဟ္မဒတ်မင်းကြီး၏ စစ်တပ်ကြီး ထွက်ပြေးရာတွင် ဆင်၊ မြင်း၊ ရထား၊ ရွှေ၊ ငွေ၊ ပစ္စည်းမျိုးစုံ ကျန်ရစ်သည်။ မိထိလာပြည်သူ ပြည်သားအပေါင်းသည် ယင်းတို့ကို သယ်ယူကြသည်။ လေးလကြာမှ ကုန်လေသည်။

ရန်စစ်ပြေငြိမ်းလေသော် မဟောသဓာသည် မိမိသင်ပြ ညွှန်ကြားသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်သော အနုကေဝဋ်ပုဏ္ဏားအား ချီးကျူးသည်။ များစွာသော စည်းစိမ်ဥစ္စာတို့ကို ပေး၍ ချီးမြှောက်ထားလေသည်။

(မဟောသဓာအပိုင်း- ၃၁ "ကေဝဋ်၏ အကြံဆိုး" ဆက်တင်ပါမည်)

No comments:

Post a Comment