Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၂

သုခမိန်ငါးဦး ပြဿနာ

မဟောသဓာသည် စစ်သူကြီးရာထူးကို တိုးမြင့်ရရှိသွားသောအခါ အမတ်သုခမိန် သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း လေးဦးတို့သည် လွန်စွာ မနာလို ဖြစ်မိကြပြန်သည်။ ထို့ကြောင့် မဟောသဓာ ပျက်စီးစေရန် ကြံကြပြန်သည်။


သူတို့လေးဦးသည် တိုင်ပင်ပြီးလျှင် မဟောသဓာအိမ်သို့ သွားကြသည်။ ရောက်သော် သိန်းအမတ်က မဟောသဓာအား မေးမြန်းသည်။
"သုခမိန်၊ ယောက်ျားတို့ မည်သည် အဘယ်တရား၌ တည်အပ်ပါသနည်း"
"ဆရာသေနက၊ ယောက်ျားတို့မည်သည် သစ္စာတရား၌သာ တည်အပ်၏"
"သုခမိန်၊ သစ္စာတရား၌ တည်သူသည် အဘယ်ကို ပြုအပ်ပါသနည်း"
"ဆရာသေနက၊ သစ္စာတရား၌ တည်သောသူသည် ဥစ္စာစည်းစိမ် ဖြစ်ထွန်းအောင် ပြုအပ်ပါ၏"
"သုခမိန်၊ ဥစ္စာစည်းစိမ် ဖြစ်ထွန်းပြီးသောသူသည် အဘယ်ကို ပြုအပ်ပါသနည်း"
"ဆရာသေနက၊ ဥစ္စာစည်းစိမ် ဖြစ်ထွန်းပြီးသောသူသည် တိုင်ပင်မှုကို ပြုအပ်ပါ၏"
"သုခမိန်၊ တိုင်ပင်မှုပြုသောအခါ အရာရာတိုင်းကို ပြောဆိုတိုင်ပင်အပ်ပါသလော"
"ဆရာအမတ်၊ တိုင်ပင်မှုပြုသောအခါ မိမိလျှို့ဝှက်အပ်သော အမှုကို သူတစ်ပါးအား မပြောအပ်ပါ"
"သုခမိန်၊ သင်၏ စကားသည် ကောင်းလေစွ"

ဤသို့ ပြောဆိုမေးမြန်းပြီးသော် အမတ်သုခမိန် လေးယောက်တို့သည် မဟောသဓာအိမ်မှ ဝမ်းမြောက် ဝမ်းသာ ပြန်လာခဲ့ကြသည်။

ထို့နောက် နန်းတော်သို့ ဝင်ပြီးလျှင် မင်းကြီးအား ကုန်းချောကြလေသည်။
"အရှင်မင်းကြီး၊ မဟောသဓာသည် နှုတ်ဖြင့်သာ အရှင့်စီးပွားတော်ကို အကျိုးလိုဟန် ပြောဆိုသည်။ စိတ်ထဲတွင်ကား မဖြောင့်မမှန်၊ အကောက်ကြံလျက် ရှိပါသည်။ မဟောသဓာသည် အရှင်မင်းကြီး၏ ရန်သူ ဖြစ်ပါသည်"
မင်းကြီးက-
"သင်တို့စကားကို ငါမယုံ၊ မဟောသဓာသည် ငါ့ရန်သူ မဖြစ်နိုင်" ဟု ဆို၏။
သိန်းအမတ်က-
"အရှင်မင်းကြီး၊ ယုံတော်မမူလျှင် မဟောသဓာအား မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောအပ်သနည်းဟု မေးတော်မူပါ၊ အကယ်၍ မင်းကြီး၏ ရန်သူမဟုတ်လျှင် မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောအပ်၏ဟု ဆိုပါလိမ့်မည်။ ရန်သူဖြစ်လျှင်ကား မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောအပ်ဟု ဆိုပါလိမ့်မည်။ ထိုအခါကျမှ ကျွန်ုပ်တို့၏ စကား မှန်ကြောင်း ယုံတော်မူပါလိမ့်မည်" ဟု လျှောက်၏။

မင်းကြီးက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
မကြာမီ သုခမိန် ငါးယောက်တို့ စုံညီစွာ ခစားနေကြစဉ်-
"သုခမိန်တို့၊ ငါ ပြဿနာတစ်ခု မေးမည်။ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောကြားအပ်သနည်း" ဟု မေးလေသည်။
ထိုအခါ သိန်းအမတ်သည် 'ငါတို့ဘက်၌ မင်းကြီးမပါဘဲ မဟောသဓာကို ယှဉ်ပြိုင်၍ မနိုင်နိုင်။ ငါတို့ဘက်၌ မင်းကြီးပါအောင် ပြုပြီးမှ ယှဉ်ပြိုင်ရလျှင် မဟောသဓာ ခံနိုင်မည်လော' ဟု ကြံသည်။ ထို့နောက် -
"အရှင်မင်းကြီးကစ၍ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောကြားအပ်သည်ဟု မိန့်တော်မူပါ" ဟု လျှောက်ထားလေသည်။

ဤတွင် မင်းကြီးက "မိမိ၏ လျှို့ဝှက်ချက်ကို မယားအား ပြောကြားအပ်၏" ဟု ဆို၏။ သိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို အဆွေခင်ပွန်းအား ပြောကြားအပ်၏" ဟု ဆို၏။ ပက္ကုသ်အမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို ညီဖြစ်သူအား ပြောကြားအပ်၏" ဟု ဆို၏။ ကာမိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို သားဖြစ်သူအား ပြောကြားအပ်၏" ဟု ဆို၏။ ဒေဝိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို မိခင်အား ပြောကြားအပ်၏" ဟု ဆို၏။

ထို့နောက် မဟောသဓာကို မင်းကြီးက မေးတော်မူသည်။ မဟောသဓာက "အရှင်မင်းကြီး၊ လျှို့ဝှက်အပ်သော ကိစ္စကို လျှို့ဝှက်ထားခြင်းသာ ကောင်းသည်။ မိမိ၏ လျှို့ဝှက်ချက်ကို ကိစ္စမပြီးမီ မည်သူ့ကိုမျှ မပြောအပ်။ ကိစ္စပြီးသောအခါကျမှသာ ပြောသင့်၏" ဟု ဆိုလေသည်။

ထိုအခါ မင်းကြီးသည် စိတ်မကောင်းဖြစ်သွားသည်။ သိန်းအမတ်သည် မင်းကြီး၏ မျက်နှာကို လှမ်းကြည့်သည်။ မင်းကြီးကလည်း သိန်းအမတ်၏ မျက်နှာကို လှမ်းကြည့်သည်။ ဤတွင် မဟောသဓာသည် မင်းကြီးနှင့် သိန်းအမတ်တို့၏ အမူအရာကို မြင်သောအခါ 'သုခမိန် လေးယောက်တို့သည် ရှေးမဆွကပင် မင်းကြီးကို ကုန်းချောထားပြီး ဖြစ်မည်။ စုံစမ်းသည့် သဘောဖြင့် ပြဿနာ ပြုလုပ်မေးမြန်းခြင်း ဖြစ်မည်' ဟု အကဲခတ်မိသွားလေသည်။

(မဟောသဓာအပိုင်း- ၂၃ "သုခမိန်လေးဦး၏ လျှို့ဝှက်ချက်" ဆက်တင်ပါမည်)

No comments:

Post a Comment