Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၁၀ (ဇာတ်သိမ်း)

ထိုအချိန်ဝယ် ဇူဇကာပုဏ္ဏားသည် ဇာလီနှင့်ကဏှာဇိန်တို့ကို ခေါ်ဆောင်သွားဆဲဖြစ်၏။ လမ်းခရီးတစ်လျှောက်၌ မောင်နှမနှစ်ယောက် ဘေးမရောက်စေရန်လည်း နတ်တို့က စောင့်ရှောက်ပေး၏။

ဇူဇကာပုဏ္ဏားသည် ညအချိန်သို့ ရောက်သောအခါ ဇာလီနှင့်ကဏှာဇိန်တို့ကို ချုံတစ်ခု၌ ချည်နှောင်၍ မြေကြီးပေါ်၌ အိပ်စေ၏။ မိမိကမူ သားရဲတိရစ္ဆာန်တို့ဘေးရန်မှ ကင်းစေရန် သစ်ပင်ပေါ်သို့ တက်၍ အိပ်၏။ ထိုအခါ နတ်သားတစ်ပါးက ဝေဿန္တရာမင်းကြီး အဟန် ဖန်ဆင်း၏။ အခြားနတ်သား တစ်ပါးက မဒ္ဒီဒေဝီ အဟန် ဖန်ဆင်း၏။ ဇာလီနှင့် ကဏှာဇိန်တို့အား ချည်နှောင်ထားသော ကြိုးတို့ကို ဖြေပေး၏။ အစားအစာ ကျွေး၏။ နတ်အိပ်ရာ၌ သိပ်ကြ၏။ အရုဏ်တက်ချိန် ရောက်သောအခါတွင်မှ ဇာလီ မောင်နှမအား နဂိုအတိုင်း ချည်နှောင်၏။ မြေကြီးပေါ်၌ သိပ်ထား၏။ ထို့နောက် ကွယ်ပျောက်သွားကြလေ၏။ ဤသို့လျှင် နတ်တို့က စောင့်ရှောက်သောကြောင့် ဇာလီနှင့် ကဏှာဇိန်တို့သည် ဘေးမသီ၊ ရန်မခဘဲ ချမ်းသာရာ ရကြသည်။

ဇူဇကာပုဏ္ဏားသည် ကလိင်္ဂတိုင်းသို့ သွားမည်ဟု လာခဲ့သည်။ သို့ရာတွင် နတ်တို့၏ တန်ခိုးကြောင့် လမ်းမှားသွားသည်။ ဇာလီတို့၏ ဘိုးတော် စိုးစံရာ စေတုတ္တရာပြည်သို့ ရောက်ရှိလာသည်။ တစ်ဖန် နတ်တို့တန်ခိုးကြောင့် စေတုတ္တရာပြည်သို့ ရောက်သော်လည်း အခြားနေရာသို့ မရောက်။ သိဉ္စည်းမင်းကြီး နန်းစံရာ နန်းရင်ပြင်သို့ ရောက်သွားသည်။

ထိုအချိန်တွင် သိဉ္စည်းမင်းကြီးသည် မှူးမတ်စုံညီဖြင့် လွှတ်သဘင် တက်နေသည်။ မင်းကြီးသည် ပုဏ္ဏားနှင့် ကလေးနှစ်ယောက်ကို လှမ်းမြင်သည်။ သို့ရာတွင် မြေးတော်တို့ကို မမှတ်မိ။ စိတ်တွင်း၌မူကား ထူးခြားနေသည်။ 'ဤကလေး နှစ်ယောက်သည် အရောင်အဆင်း အလွန်တင့်တယ်သည်။ ရုပ်ချင်းလည်း လွန်စွာတူသည်။ ငါ့မြေးတော်များနှင့်လည်း တူသည်' ဟူ၍ သို့လော၊ သို့လော ဖြစ်မိသည်။

ချက်ချင်းပင် အမတ်တစ်ယောက်အား ပုဏ္ဏားနှင့် ကလေးငယ်နှစ်ယောက်ကို ရှေ့တော်မှောက်သို့ ခေါ်ယူစေသည်။ မင်းကြီးက ဇူဇကာပုဏ္ဏားအား "ဤကလေးငယ် နှစ်ယောက်ကို အဘယ်အရပ်မှ ခေါ်ဆောင်လာခဲ့သနည်း" ဟူ၍ မေးမြန်းသည်။

ဇူဇကာပုဏ္ဏားက "အရှင်မင်းကြီး၊ ဤကလေးငယ် နှစ်ယောက်ကို ဝေဿန္တရာမင်းကြီးသည် ကျွန်တော်မျိုးအား ကျွန်အဖြစ် ပေးလှူလိုက်ပါသည်။ ကျွန်တော်မျိုး လက်တွင် ရောက်ရှိနေသည်မှာ ၁၅-ရက် ရှိပါပြီ" ဟူ၍ လျှောက်ထားသည်။

ဤတွင်မှ မင်းကြီးသည် အကြောင်းစုံကို သိရှိသည်။ ကလေးများသည်လည်း မိမိတို့၏ ဘိုးတော်မှန်း သိကြသည်။ သို့ရာတွင် ပုဏ္ဏား၏ ကျွန်ဖြစ်နေသဖြင့် ဘိုးတော်ထံ ချဉ်းကပ်မသွားနိုင်။ အဝေးမှသာ ခစားနေရသည်။ ဘိုးတော်မင်းကြီးသည် များစွာရင်ထုမနာ ဖြစ်မိသည်။

လွှတ်သဘင်၌ ရှိနေကြသော အမတ်တို့သည်လည်း စိတ်ထိခိုက်ကြသည်။ "မိမိ၏ ရင်သွေးများကို ကျွန်အဖြစ် ပေးလှူနိုင်ရက်ပါပေသည်တကား" ဟူ၍ ဆိုကာ ဝေဿန္တရာမင်းကြီးကို ကဲ့ရဲ့ ပြစ်တင်ကြသည်။

ထိုအခါ ဇာလီမင်းသားက မခံရပ်နိုင်။ "ခမည်းတော်သည် တောထဲတွင် နေရသည်ဖြစ်၍ အဘယ်မှာလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ ရှိပါမည်နည်း။ ထို့ကြောင့် ခမည်းတော်သည် စိတ်နှလုံးပူပန် ဆင်းရဲခြင်း ကြီးစွာဖြစ်လျက် ရင်သွေးတို့ကို ပေးလှူရပေသည်" ဟူ၍ ရှင်းလင်း ပြောဆိုသည်။

မင်းကြီးသည် ချက်ချင်းပင် မြေးတော်တို့ကို ကျွန်အဖြစ်မှ ရွေးနုတ်တော်မူသည်။ ဝေဿန္တရာမင်းကြီး ပေးလှူစဉ်က တန်ဖိုး ဖြတ်ထားသည့်အတိုင်းပင် သိဉ္စည်းမင်းကြီးသည် ဇူဇကာပုဏ္ဏားအား ဇာလီမင်းသားအတွက် ရွှေစင်ကျပ်တစ်ထောင် တန်ဖိုးဖြတ်၍ ပေးသည်။ ကဏှာဇိန်အတွက် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ကျပ်တစ်ရာ တန်ဖိုးဖြတ်၍ ပေးသည်။ ထို့ပြင် ဇူဇကာပုဏ္ဏားအား ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်ကိုလည်းပေးသည်။

ဇူဇကာပုဏ္ဏားသည် မရဖူးသော စည်းစိမ်ချမ်းသာကို ရသဖြင့် ကျေနပ်ဝမ်းသာမဆုံး ဖြစ်မိသည်။ သူသည် ပြာသာဒ်ထက်သို့ တက်၍ အစားအစာကောင်းတို့ကို စားသည်။ ထို့နောက် မြတ်သောအိပ်ရာထက်၌ တက်၍ အိပ်နေလေသည်။

မင်းကြီးသည် မြေးတော် နှစ်ယောက်ကို ဦးခေါင်းဆေးလျက် ရေချိုးစေသည်။ သစ်လွင်သော အဝတ်တန်ဆာတို့ကို ဆင်ပေးသည်။ ကောင်းမြတ်သော အစားအစာတို့ကို ကျွေးမွေးသည်။ ထို့နောက် မင်းကြီးက ဇာလီကို မိမိရင်ခွင်၌် ထားလျက်၊ ဖုဿတီ မိဖုရားကြီးက ကဏှာဇိန်ကို မိမိရင်ခွင်၌ ထားလျက် ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့အကြောင်းကို ချစ်ခင်ယုယစွာဖြင့် မေးမြန်းသည်။

ဇာလီတို့ မောင်နှမကလည်း တောတွင်း၌ ခမည်းတော်၊ မယ်တော်တို့ ပင်ပန်းဆင်းရဲစွာဖြင့် နေထိုင်ရပုံကို လျှောက်တင်ကြသည်။

ထိုအချိန်တွင် ကလိင်္ဂတိုင်းသား ပုဏ္ဏားတို့ အလှူခံသွားသော ဝေဿန္တရာမင်းကြီး၏ ပစ္စယဆင်ဖြူတော်သည် စေတုတ္တရာပြည်သို့ ပြန်ရောက်နေပြီ။ ကလိင်္ဂတိုင်းတွင် မိုးကောင်းစွာ ရွာပြီးဖြစ်သဖြင့် ပြန်၍ ပို့သောကြောင့် ဖြစ်သည်။ သိဉ္စည်းမင်းကြီးသည် မြေးတော်များ၏ လျှောက်တင်ချက်အရ ဝေဿန္တရာမင်းကြီး၏ ဆင်းရဲဒုက္ခကို ကောင်းစွာ သိရှိသွားသည်။ ထို့ပြင် ပြည်သူပြည်သားတို့ကလည်း စိတ်ပြေကြပြီ ဖြစ်သည်။ သို့ဖြင့် သားတော်အား နှင်ထုတ်မိခြင်းကို နောင်တတရား ရကာ စစ်သည်ဗိုလ်ပါ များစွာနှင့်တကွ ဝင်္ကပါတောင်သို့ သွား၍ သားတော်နှင့် ချွေးမတော်တို့ကို ပြန်ခေါ်ရန် ချက်ချင်းစီစဉ်သည်။

ထိုစဉ် ဇူဇကာပုဏ္ဏားသည် လောဘကြီးစွာဖြင့် အစားအစာတို့ကို အငမ်းမရ စားသောက်ရာ စားပိုးနင့်၍ သေဆုံးသွားလေသည်။

မကြာမီ သိဉ္စည်းမင်းကြီး ဦးဆောင်လျက် သားတော် ဝေဿန္တရာကို သွားခေါ်ကြသည်။ ဝင်္ကပါတောင်တွင် သိဉ္စည်းမင်းကြီး၊ ဖုဿတီမိဖုရား၊ သားတာ် ဝေဿန္တရာမင်းကြီး၊ ချွေးမတော် မဒ္ဒီဒေဝီ၊ မြေးတော် ဇာလီနှင့်ကဏှာဇိန်တို့ ပေါင်းဆုံမိကြသည်။ အားလုံးပင် ဝမ်းသာဝမ်းနည်း ငိုကြွေးကြသည်။ ထိုအခါ သိကြားမင်းက စွတ်စိုလိုသောသူကိုသာ စွတ်စိုစေ၍၊ မစွတ်စိုလိုသော သူကို မစွတ်စိုစေသည့် ပေါက္ခရဝဿမိုးကို ရွာစေသည်။ ထိုအချိန်တွင် ကြီးစွာသော မြေငလျင်ကြီးလည်း လှုပ်သည်။ သတ္တမအကြိမ်လှုပ်ခြင်းပင်တည်း။

0005052Kph0.jpg

ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့သည် ခမည်းတော်၊ မယ်တော်၊ သားတော်၊ သမီးတော်တို့နှင့်အတူ စေတုတ္တရာပြည်သို့ ပြန်ကြွသည်။ ပြန်လည်၍ ထီးနန်းစိုးစံသည်။ တိုင်းသူပြည်သား အပေါင်းလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ နှစ်လို ဝမ်းမြောက်သောအခါ၌ တီးရသော နန္ဒီစည်တော်ကိုလည်း တစ်ပြည်လုံး လှည့်လည် တီးကြသည်။

ဝေဿန္တရာမင်းကြီးသည် အကျဉ်းထောင်နှင့် နှောင်အိမ်တို့၌ အကျဉ်းခံနေရသော အကျဉ်းသားတို့အား လွှတ်ပစ်သည်။ ရောက်သည့် ညမှာပင် "ငါရောက်သည် ကြားလျှင် အလှူခံ ပုဂ္ဂိုလ်တို့ လာကြလိမ့်မည်။ ထိုအလှူခံ ပုဂ္ဂိုလ်တို့အား အဘယ်ပစ္စည်းကို လှူရပါအံ့နည်း" ဟူ၍ အကြံဖြစ်သည်။ သိကြားမင်းသည် မင်းကြီး၏ အကြံကို သိသောအခါ ရတနာ ခုနှစ်ပါးမိုးကို ရွာချလေသည်။ ထိုရတနာမိုးသည် နန်းတော်အတွင်း၌ ခါးလောက်အထိ ရှိသည်။ မြို့တွင်းရှိ အိမ်များ၌ ဒူးဆစ်အထိ ရှိသည်။

နံနက်လင်းသောအခါ ဝေဿန္တရာမင်းကြီးသည် တိုင်းသူပြည်သားတို့အား မိမိ အိမ်တွင်းရှိ ရတနာတို့ကို အသီးသီး ယူစေသည်။ ကျန် ရတနာတို့ကိုကား ဘဏ္ဍာတော်အဖြစ် သိမ်းယူကာ ကျီကြတို့၌ သိုလှောင်ထားသည်။ ထိုရတနာတို့ဖြင့် အသက်ထက်ဆုံး အလှူဒါနကို မပြတ်ပြုလုပ်လေသည်။ ဝေဿန္တရာမင်းကြီးသည် သက်တမ်းစေ့၍ နတ်ရွာစံသောအခါ တုသိတာနတ်ပြည်၌ စံစားရလေသည်။

(ဇာတ်ပေါင်းသော် ဝေဿန္တရာမင်းသည် ဂေါတမဘုရားရှင်၊ မဒ္ဒီဒေဝီသည် ယသော်ဓရာ၊ ဇာလီမင်းသားသည် ရာဟုလာ၊ ကဏှာဇိန်မင်းသမီးသည် ဥပ္ပလဝဏ်၊ သိဉ္စည်းမင်းသည် သုဒ္ဓေါဒနမင်း၊ ဖုဿတီဒေဝီသည် မဟာမာယာဒေဝီ၊ သိကြားမင်းသည် အရှင်အနုရုဒ္ဓါ၊ ဇူဇကာပုဏ္ဏားသည် ဒေဝဒတ်၊ အမိတ္တာပုံသည် စိဉ္စမာဏ ဝိကာတို့ အသီးသီး ဖြစ်လာကြလေသည်)

*ဤဝေဿန္တရာ ဇာတ်တော်တွင် ဂေါတမဘုရားရှင် ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်*

ဝေဿန္တရာဇာတ် အပိုင်း-၉

ထိုအခါ ဝေဿန္တရာမင်းကြီးသည် မဒ္ဒီဒေဝီ သေပြီဟု မှတ်ထင်ကာ လွန်စွာ တုန်လှုပ်သွားသည်။ 'မဒ္ဒီဒေဝီသည် လူသူမနီး တောကြီးထဲတွင် သေရရှာပြီ။ အကယ်၍ နေပြည်တော်၌ သေမည်ဆိုလျှင် ဆွေတော်၊ မျိုးတော်တို့ ဝိုင်းလျက် အုတ်အုတ် ကျက်ကျက် ဖြစ်လာကြမည်။ ယခု ဤတောကြီး အလယ်တွင် ငါတစ်ယောက်တည်းသာ ရှိသည်။ မည်သို့ စီမံရမည်နည်း' ဟု ပြင်းစွာ ပူဆွေးသောက ဖြစ်၏။

ဤသို့ဖြစ်ရာမှ သတိကို ဆောင်လိုက်သည်။ ထိုင်နေရာမှ ထလာသည်။ မဒ္ဒီဒေဝီ၏ ရင်ဝကို လက်တင်ကြည့်သည်။ ထွက်သက်၊ ဝင်သက် အငွေ့ရှိသေးကြောင်း သိရသည်။ ဤတွင် ရွှေကရားဖြင့် ရေကို ခပ်ယူသည်။ မဒ္ဒီဒေဝီကို ပွေ့ထူကာ မျက်နှာကို ရေဖြင့် ဖျန်းဆွတ်ပေး၏။ လက်ဖြင့်လည်း အသာအယာ သပ်ပေး၏။ ရင်ဝကိုလည်း အသာအယာ ဖိပေး၏။

ခဏကြာသောအခါ မဒ္ဒီဒေဝီသည် သတိရလာ၏။ ထ၍ထိုင်၏။ ဝေဿန္တရာမင်းကြီးကို ရှိခိုးလျက် "အရှင်မင်းကြီး၊ သားတော်၊ သမီးတော်တို့ အဘယ်အရပ်သို့ သွားလေသနည်း" ဟု မေးလျှောက်၏။ ထိုအခါ ဝေဿန္တရာမင်းကြီးက ညင်သာစွာ ပြန်ကြား၏။

"မဒ္ဒီဒေဝီ၊ သားတော် သမီးတော်တို့ကို ပုဏ္ဏား တစ်ယောက်အား ကျွန်အဖြစ် ခိုင်းစေရန် ငါလှူလိုက်ပါသည်"

"အရှင်မင်းကြီး၊ သို့ဖြစ်ပါလျက် တစ်ညလုံး ငိုယိုကာ ဒေါင်းတောက်အောင် ရှာနေသော အကျွန်ုပ်အား အဘယ့်ကြောင် မပြောပါသနည်း"

"မဒ္ဒီဒေဝီ၊ ထိုအကြောင်းကို ချက်ချင်းပြောလိုက်လျှင် သင် ပြင်းထန်စွာ စိတ်ထိခိုက်လျက် အသည်းကွဲ သွားနိုင်သောကြောင့် ဖြစ်သည်။ ယခုမူကား ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သဖြင့် သောကဖြစ်မူ အနည်းငယ် သက်သာလိမ့်မည်ဟု ယူဆကာ ပြောပြခြင်းဖြစ်သည်။ မဒ္ဒီဒေဝီ၊ စိတ်သောကကို ဖြေဆည်ပါ။ ငါတို့သည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်စွာ နေကြရလျှင် သားတော် သမီးတော်တို့ကို ပြန်လည် တွေ့ဆုံကြရပါလိမ့်မည်။ သားသမီးကို လှူသောအလှူသည် အလွန်မြတ်သော အလှူဖြစ်သည်။ ဝမ်းမြောက်စွာ သာဓု ခေါ်ပါ"

"အကျွန်ုပ် ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။ အရှင်မင်းကြီးလည်း စိတ်ကြည်လင်စွာ ထားတော်မူပါ။ အရှင်မင်းကြီးသည် သည်ထက်မက သာလွန်၍ အလှူဒါနကို ထပ်ကာထပ်ကာ ပြုနိုင်ပါစေ"

"မဒ္ဒီဒေဝီ၊ 'အဘယ့်ကြောင့် စိတ်ကို ကြည်လင်စွာ ထားတော်မူပါ' ဟု ဆိုရသနည်း။ ငါသည် သားတော် သမီးတော်တို့ကို လှူပြီးနောက် စိတ်ကို ကြည်လင်စွာ မထားနိုင်ခဲ့လျှင် အံ့ဖွယ်သရဲတို့ အဘယ်မှ မဖြစ်ဘဲ နေမည်နည်း"

ဝေဿန္တရာက ဤသို့ဆိုကာ မြေငလျင်လှုပ်ခြင်း စသော အကြောင်းတို့ကို ပြောပြ၏။ ထိုအခါ မဒ္ဒီဒေဝီကလည်း မိမိတွေ့ကြုံရသော မြေငလျင်လှုပ်ခြင်း၊ အခါမဟုတ်ဘဲ လျှပ်စီးပြက်ခြင်း စသည်တို့ကို ပြောပြ၏။ မင်းကြီး၏ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေ၏။

ထိုအချိန်တွင် သိကြားမင်းသည် တာဝတိံသာ နတ်ပြည်ဝယ် ဆင်ခြင်စဉ်းစားလျက် ရှိ၏။ 'ဝေဿန္တရာမင်းကြီးသည် ယမန်နေ့က သားတော် သမီးတော်တို့ကို ဇူဇကာပုဏ္ဏားအား လှူခဲ့ပြီ။ အကယ်၍ တစ်စုံတစ်ယောက်က လာ၍ မဒ္ဒီဒေဝီကို အလှူခံလျှင်လည်း လှူပေဦးမည်။ ထိုအခါ ဝေဿန္တရာမင်းကြီးမှာ ပြုစုမည့်သူ မရှိ။ တစ်ပါးတည်း ဖြစ်နေတော့မည်။ ငါသည် ပုဏ္ဏားယောင် ဖန်ဆင်း၍ မင်းကြီးထံသွားမည်။ မဒ္ဒီဒေဝီကို အလှူခံမည်။ ထို့နောက် မည်သူ့ကိုမျှ မလှူနိုင်အောင် မင်းကြီးထံ ပြန်အပ်ထားခဲ့မည်' ဟု ကြံစည်၏။

ထို့နောက် သိကြားမင်းသည် ပုဏ္ဏားအိုအသွင် ဖန်ဆင်း၍ ဝေဿန္တရာမင်းကြီးထံ သွားသည်။ "ကျွန်ုပ်သည် အသက်အရွယ် ကြီးပြင်းပြီဖြစ်၍ အလုပ်အကျွေး လိုနေပါသည်။ အရှင်မင်းကြီး၏ မိဖုရား မဒ္ဒီဒေဝီကို ပေးလှူတော်မူပါ" ဟု ဆိုလေသည်။

ဝေဿန္တရာမင်းကြီးလည်း တွန့်တိုခြင်း မရှိ။ မဒ္ဒီဒေဝီ၏ လက်ကို ကိုင်လျက် ပုဏ္ဏားလက်ထဲသို့ ပေးအပ်လိုက်သည်။ "ငါ့မိဖုရားကို သူတစ်ပါးအား ပေးလှူသောအလှူသည် သဗ္ဗညုတဉာဏ် ရရှိရန် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ရွှေကရားဖြင့် ရေစက်ချ၍ လှူလေသည်။ ထိုအခါ မြေငလျင် လှုပ်ခြင်းစသော အံ့ဖွယ်သရဲတို့ ဖြစ်ပေါ်ပြန်လေသည်။
မဒ္ဒီဒေဝီသည် မိမိအား ပုဏ္ဏားအိုကြီး လက်သို့ လှူသည့်အတွက် အမျက်ဒေါသ မဖြစ်။ မကြည်မသာ မရှိ။ 'ငါကဲ့သို့သော မိန်းမ ရတနာကိုပင် လှူနိုင်ခြင်းသည် ထူးကဲလှပေသည်' ဟု တွေးလျက် မင်းကြီး၏ မျက်နှာကိုသာ ကြည့်နေ၏။

ဝေဿန္တရာမင်းကြီးကလည်း အကဲခတ်သောအနေဖြင့် မဒ္ဒီ၏ မျက်နှာကို ကြည့်နေ၏။ ထိုအခါ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ အဘယ့်ကြောင့် အကျွန်ုပ်ကို ကြည့်နေသနည်း။ အကျွန်ုပ်သည် ၁၆-နှစ် အရွယ် ငယ်စဉ်ကပင် မိဘများ ထိမ်းမြားပေးသဖြင့် အရှင်၏ မိဖုရားဖြစ်ခဲ့၏။ အရှင်သည် အကျွန်ုပ်ကို စိုးပိုင်သော လင်ယောက်ျား ဖြစ်၏။ အကျွန်ုပ်ကို တစ်စုံတစ်ယောက်အား အရှင်မင်းကြီးက ပေးလိုက ပေးနိုင်၏။ ရောင်းလိုက ရောင်းနိုင်၏။ သတ်လိုက သတ်နိုင်၏။ အရှင်မင်းကြီး သဘောကျသလို ပြုနိုင်ပါသည်။ အကျွန်ုပ် အမျက် မထွက်ပါ" ဟူ၍ ဆို၏။

သိကြားမင်းသည် မင်းနှင့်မိဖုရားတို့၏ မွန်မြတ်သော စိတ်ထားကို သိရသောအခါ ချီးကျူးစကားဆို၏။ "အရှင်မင်းကြီး၊ မဒ္ဒီဒေဝီကို အရှင်မင်းကြီးအား ကျွန်ုပ် ပြန်ပေးပါ၏။ သင်မင်းကြီးသည် မဒ္ဒီဒေဝီနှင့်သာ သင့်လျော်ပါ၏။ ထို့အတူ မဒ္ဒီဒေဝီသည်လည်း သင်မင်းကြီးနှင့်သာ သင့်လျော်ပါသည်" ဟုဆိုကာ မဒ္ဒီဒေဝီကို ဝေဿန္တရာမင်းကြီးအား ပေးအပ်၏။

ထို့နောက် သိကြားမင်းသည် ပုဏ္ဏားအသွင် ဖျောက်ကာ သိကြားမင်းအသွင်ဖြင့် ကောင်းကင်၌ ရပ်လိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်ုပ်ကား သိကြားမင်း ဖြစ်သည်။ အရှင်မင်းကြီးထံ ကူညီမစရန် လာပါသည်။ အလိုရှိသော ဆု ၈-ဆုကို ပေးအံ့။ တောင်းဆိုလော့" ဟု ဆို၏။
ဝေဿန္တရာမင်းကြီးက "အရှင် သိကြားမင်း၊ သင်သည် ကျွန်ုပ်အား ဆု ၈-ပါး ပေးမည်ဆိုပါက ဤဆုတို့ကို ပေးပါ။
(၁) ကျွန်ုပ်အား ခမည်းတော်မင်းကြီးက ပြန်ခေါ်၍ မင်းအဖြစ် ပေးစေလိုပါသည်။
(၂) မင်းအဖြစ်သို့ ကျွန်ုပ်ရောက်သောအခါ မင်းပြစ်မင်းဒဏ်သင့်၍ သတ်ထိုက်သူပင်ဖြစ်စေ၊ မသတ်ဖြတ်ရလို။
(၃) ကျွန်ုပ်သည် လူခပ်သိမ်းတို့၏ မှီခိုအားထားရာ ဖြစ်လို၏။
(၄) သူတစ်ပါး မယားကို မပြစ်မှားရလို။ မိမိမယားဖြင့်သာ ရောင့်ရဲလို၏။
(၅) သားတော် သမီးတော်တို့သည် အသက်ရှည်စွာ တရားသဖြင့် မင်းစည်းစိမ်၌ ပျော်စံကြစေလို၏။
(၆) နောက်နေ့နံနက်တွင် နတ်ဘောဇဉ် ခဲဖွယ်တို့ဖြစ်ပေါ် လာစေလို၏။
(၇) လှူဆဲအခါ၌လည်း စိတ်ကြည်လင်၍ လှူပြီးသောအခါ၌လည်း နောင်တ ပူပန်ခြင်း မရှိစေရအောင် ပစ္စည်းဥစ္စာတို့သည် လှူ၍ မကုန်မခန်းစေလို။
(၈) ဤဘဝမှ စုတေသောအခါ တုသိတာနတ်ပြည်သို့ ရောက်၍ ထိုမှတစ်ဖန် ဤလူ့ပြည်သို့ လာ၍ ဘုရားအဖြစ်သို့ ရောက်ရလို၏။

ဤ ဆု ၈-ပါးကို တောင်းသောအခါ သိကြားမင်းက "အရှင်မင်းကြီး ဤ ဆု ၈-ပါး စလုံး ပြည့်စုံပါလိမ့်မည်။ မကြာမီပင် ခမည်းတော် သိဉ္စည်းမင်းကြီးသည် ဤဝင်္ကပါတောင်သို့ ရောက်လာ၍ သင်မင်းကြီးအား မင်းအဖြစ် ပြန်လည်အပ်နှင်းလျက် ပြည်တော်သို့ ပြန်ခေါ်ပါလိမ့်မည်။ မစိုးရိမ်ပါနှင့်" ဟူ၍ ဆိုကာ တာဝတိံသာသို့ ပြန်ကြွသွားလေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၁၀ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၈

ဇူဇကာပုဏ္ဏားသည် ဇာလီနှင့်ကဏှာဇိန်တို့ မိမိလက်ဝယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဇာလီ၏ ညာဘက်လက်နှင့် ကဏှာဇိန်၏ ဘယ်ဘက်လက်ကို နွယ်စဖြင့် ပူး၍ ချည်နှောင်လိုက်သည်။ နွယ်စတစ်ဖက်ကို ကိုင်လျက် ဝေဿန္တရာမင်းကြီး၏ မျက်မှောက်၌ပင် ကြိမ်ဖြင့် ရိုက်နှက် ခေါ်ဆောင်သွားလေ၏။

တစ်နေရာသို့ ရောက်သောအခါ ဇူဇကာပုဏ္ဏားသည် ချိုင့်ခွက်တစ်ခုကို နင်းမိသဖြင့် ခြေချော်၍ လဲလေ၏။ ဇာလီတို့ကို တုပ်ထားသော နွယ်သည်လည်း ကျွတ်သွားလေ၏။ ထိုအခါ မောင်နှမ နှစ်ယောက်သည် ဝေဿန္တရာမင်းကြီးထံသို့ ငို၍ ပြေးလာကြလေသည်။

ဇာလီမင်းသားသည် ဝေဿန္တရာကို ရှိခိုးလျက် "ခမည်းတော်ဘုရား၊ အကျွန်ုပ်တို့ မသွားမီ မယ်တော်ကို ဖူးမြင်သွားပါရစေ။ မယ်တော် ပြန်ရောက်သောအခါတွင်မှ ပုဏ္ဏားနောက်သို့ လိုက်ပါရစေ" ဟု တောင်းပန်၏။

ကဏှာဇိန်ကလည်း "ခမည်းတော်ဘုရား၊ ဤပုဏ္ဏားသည် သူယုတ်လက္ခဏာ ၁၈-ပါးနှင့် ပြည့်စုံနေပါသည်။ လူသားစား ဘီလူး ဖြစ်မည်ထင်ပါသည်။ ထိုကြောက်ဖွယ် သတ္တဝါကြီးက အတင်းဆွဲခေါ်နေသည်ကို ခမည်းတော် အဘယ်ကြောင့် လျစ်လျူရှုနေပါသနည်း။ မိဘတို့မည်သည် သားသမီးတို့ ဒုက္ခရောက်လျှင် မကြည့်ရက်နိုင်ကြပါ။ ခမည်းတော်ကား ကြည့်ရက်နိုင်လေသည်" ဟူ၍ ငိုကြွေးလျှောက်ထား၏။

ဇာလီမင်းသားကလည်း "ခမည်းတော်ဘုရား၊ အကျွန်ုပ်ကိုသာ လှူတော်မူပါ။ နှမတော်ကလေးမှာ မည်သည့် ဆင်းရဲ ဒုက္ခကိုမျှ မသိရှာသေးပါ။ မယ်တော်ကို မမြင်ရလျှင် ငိုကြွေးမြည်တမ်းလျက် လမ်းခရီးမှာပင် သေရှာပါလိမ့်မည်။ အကျွန်ုပ်ကိုသာ လှူပြီး နှမတော်ကလေးကို မလှူပါနှင့် ဘုရား" ဟူ၍ တောင်းပန်၏။

ဝေဿန္တရာမင်းကြီးသည် မည်သို့မျှ မဆိုနိုင်၊ ဆိတ်ဆိတ်ပင်နေ၏။ ထိုစဉ် ဇူဇကာပုဏ္ဏားကြီး လိုက်လာ၏။ မောင်နှမ နှစ်ဦးကို ရိုက်နှက်၍ ဆွဲခေါ်သွားပြန်၏။ ဝေဿန္တရာမင်းကြီးသည် သောကမီး တောက်လောင်လျက် ရှိ၏။ လွန်စွာ တုန်လှုပ်ချောက်ချားလျက် ကျောင်းသင်္ခမ်းထဲသို့ ဝင်၍ ငိုကြွေး မြည်တမ်း၏။ ငိုကြွေးမြည်တမ်းရာမှ 'ဤ ပုဏ္ဏားသည် ငါ့သားတော်တို့ကို အလွန်ညှင်းဆဲ နှိပ်စက်နေပြီ။ ငါ သည်းမခံနိုင်၊ ယခုပင် လိုက်၍ ပုဏ္ဏားကို သတ်ပြီး သားတော်၊ သမီးတော်တို့ကို ပြန်ခေါ်မည်' ဟု အကြံဖြစ်သည်။ လေးကိုယူ၍ သန်လျက်ကို ကိုင်လျက် လိုက်မည်ပြု၏။

သို့ပြုရာမှ 'အလှူဒါနကို ပေးလှူပြီးမှ နောက်တစ်ဖန် ပူပန်နေခြင်းသည် သူတော်ကောင်းတို့၏ သဘောမဟုတ်ချေတကား' ဟု မိမိကိုယ်ကို ပြန်၍ ဆုံးမ၏။ ကျောင်းသင်္ခမ်း အဝရှိ ကျောက်ဖျာပေါ်၌ ငေးမှိုင်ထိုင်နေ၏။

ထိုအခိုက် ဇူဇကာပုဏ္ဏားသည် ဒုတိယအကြိမ် ခြေချော်၍ လဲပြန်၏။ မောင်နှမတို့သည် ခမည်းတော်ထံ ပြန်ပြေးလာကြ၏။ ဇူဇကာက အတင်းပြေးလိုက်လာသည်။ ရိုက်နှက်၍ ဆွဲခေါ်သွားပြန်လေသည်။

ထိုအချိန်၌ မဒ္ဒီဒေဝီသည် ညက အိပ်မက် မကောင်းသဖြင့် ယနေ့စောစော ပြန်မည်ဟု ဆိုကာ သစ်သီးတို့ကို ရှာဖွေလေသည်။ အဆင်မပြေ။ အတိတ်နမိတ်လည်း မကောင်း။ သို့ဖြင့် စိတ်လက် မကြည်မသာဖြင့် ပြန်လာ၏။ ထိုအခါ နတ်သားသုံးယောက်သည် ခြင်္သေ့၊ ကျား၊ သစ် အသွင်ဖန်ဆင်းကာ လမ်းခရီး၌ ပိတ်ဆို့ ထားကြသည်။ နတ်တို့က 'နေမဝင်မီ ကျောင်းသင်္ခမ်းသို့ မဒ္ဒီ ပြန်ရောက်ပါက သားသမီးတို့ကို မတွေ့လျှင် ခြေရာခံ၍ တောတောင်အနှံ့ လိုက်ရှာတော့မည်' ဟုဆိုကာ ဆီးတားထားခြင်းဖြစ်သည်။

မဒ္ဒီဒေဝီသည် အခြားလမ်းမှ ကွေ့သွားရန် မဖြစ်သဖြင့် ခြင်္သေ့၊ ကျား၊ သစ်တို့အား လမ်းဖယ်ပေးရန် ရှိခိုးတောင်းပန်၏။ နေဝင်သောအခါကျမှ ဖယ်သွားကြလေသည်။

မဒ္ဒီဒေဝီသည် အလွန်နောက်ကျမှ ကျောင်းသင်္ခမ်းသို့ ရောက်သွားသည်။ အခါတိုင်းဆိုလျှင် သားသမီးတို့သည် ကျောင်းသင်္ခမ်း စင်္ကြံဦးသို့ ပြေးထွက်လာကြသည်။ မိခင်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမြဲဖြစ်သည်။ ယခုကား ဇာလီလည်း ပေါ်မလာ။ ကဏှာဇိန်ကိုလည်း မမြင်။ မည်သည့်အသံမျှလည်း မကြားရ။ မဒ္ဒီသည် စိုးရိမ်ပူပန်ကာ ငိုကြွေးမြည်တမ်းလျက် ဝေဿန္တရာမင်းကြီးထံ ပြေးသွားသည်။

ဝေဿန္တရာမင်းကြီးသည် တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ထိုင်နေသည်။ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ အကြောင်းအသို့နည်း။ သားတော် သမီးတော်တို့ကို မမြင်ပါတကား" ဟူ၍ မေးလျှောက်၏။

မဒ္ဒီဒေဝီက ပူပန်စွာ မေးလျှောက်သောလည်း ဝေဿန္တရာမင်းကြီးကား ဖြေကြားခြင်း မပြု။ ထိုအခါ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ သားသမီးတို့ကို မမြင်ရသဖြင့် အလွန်စိတ်သောက ဖြစ်နေရသော အကျွန်ုပ်ကို အရှင်မင်းကြီးက စကားမပြောဘဲ နေပြန်သည်။ သားသမီးကို မတွေ့ရသော ဒုက္ခထက် အရှင်မင်းကြီးက စကားမပြောသဖြင့် ခံစားရသည့် ဒုက္ခက ပို၍ ဆိုးလှပါသည်။ ယနေ့တစ်ညလုံး အရှင်မင်းကြီး စကားမပြောဘဲ နေတော်မူလျှင် နံနက်မိုးသောက်သောအခါ ကျွန်ုပ် အသက်ကင်းမဲ့လျက် ရှိသည်ကို အရှင်မြင်တော်မူရပါလိမ့်မည်" ဟူ၍ ဆို၏။

ထိုအခါ ဝေဿန္တရာမင်းကြီးက 'အဖြစ်မှန်ကို ချက်ချင်းပြောလျှင် မဒ္ဒီဒေဝီသည် သောကကို မထိန်းနိုင် ဖြစ်တော့မည်။ မခံသာသော စကားကို ရှေးဦးစွာ ပြောမည်။ ထို့နောက်မှ သောက သက်သာအောင် ပြု၍ အဖြစ်မှန်ကို ပြောမည်' ဟု ကြံပြီးလျှင် ဤသို့ဆို၏။

"မဒ္ဒီဒေဝီ၊ သင်သည် လှပတင့်တယ် ချောမောလှသည်။ တောထဲတွင် လှည့်လည်ကျက်စားနေသော မုဆိုး၊ ရသေ့၊ ဝဇ္ဇာဓိုရ် စသူတို့ အများအပြားရှိသည်။ သင်နှင့် ထိုသူတို့ မည်သို့ဖြစ်ပျက်ခဲ့သည်ကို မည်သူသိနိုင်အံ့နည်း။ နံနက်စောစောက သစ်သီးရှာထွက်သွားရာ ပြန်ရောက်ချိန်တန်လျက် ပြန်မရောက်။ ယခု နေဝင်ပြီးနောက် လထွက်ချိန်ရောက်မှ ပြန်လာသည်။ အသို့ပါနည်း"

မဒ္ဒီဒေဝီသည် သားရဲများ အနှောင့်အယှက် ပြုသောကြောင့် နောက်ကျရပုံကို ရှင်းပြသည်။ "သည်းခံတော်မူပါ" ဟု တောင်းပန်သည်။ ဝေဿန္တရာမင်းကြီးက မည်သို့မျှ မပြော။

မဒ္ဒီဒေဝီသည် ဝေဿန္တရာမင်းကြီး မည်သည့်စကားမျှ မဆိုသောအခါ ကျောင်းသင်္ခမ်း အပြင်သို့ ထွက်သွားသည်။ သားတော်နှင့် သမီးတော်တို့ကို ဝန်းကျင်အနှံ့ လိုက်လံရှာဖွေသည်။ သားတော် သမီးတ်ာတို့ သွားတတ်သော သစ်ပင်၊ ရေကန်၊ တောင်ကုန်း စသည်တို့တွင် ရှာဖွေသည်။ မတွေ့။ ထိုအခါ ကျောင်းသင်္ခမ်းသို့ တစ်ဖန်ပြန်လာပြီး ရှာပြန်သည်။ မတွေ့။ ထိုအခါ "သင်မင်းကြီးသည် ထင်းတို့လည်း ခွဲမထား၊ မီးကိုလည်း မွှေးမထားပါတကား" ဟု ပြစ်တင်စကား ဆိုသည်။

ထို့နောက် "ငါသည် ဝေဿန္တရာမင်းကြီးကို အလွန်ချစ်၏။ ရှေးက တစ်စုံတစ်ရာ စိတ်မချမ်းသာစရာ ကြုံရလျှင် ဝေဿန္တရာမင်းကြီး၏ မျက်နှာကိုမြင်လိုက်ရသောအခါ စိတ်ဆင်းရဲမှု ပျောက်ကင်းခဲ့သည်။ ယခု ဝေဿန္တရာမင်းကြီး၏ မျက်နှာကို မြင်ရသော်လည်း စိတ်ဆင်းရဲမှုတို့ မပျောက်ပါတကား" ဟု ဆို၏။ ဤသို့ဆိုသော်လည်း ဝေဿန္တရာမင်းကြီးက တစ်စုံတစ်ရာ ပြန်မပြော။ ထိုအခါ မဒ္ဒီဒေဝီသည် ဒယီးဒယိုင်ဖြင့် ပြန်ထွက်သွားသည်။ ပထမ ရောက်ခဲ့သောနေရာများသို့ပင် သွား၍ ရှာပြန်လေသည်။

ဤသို့ဖြင့် အပြင်သို့ ထွက်ရှာလိုက်၊ ကျောင်းသင်္ခမ်းသို့ ပြန်ရှာလိုက်နှင့်။ သုံးကြိမ်တိုင်အောင် တစ်ညလုံး လိုက်၍ ရှာသည်။ တတိယ အကြိမ်မြောက်၍ ကျောင်းသင်္ခမ်းသို့ ပြန်လာသောအခါ၌ကား အရုဏ်တက်လာလေပြီ။ မဒ္ဒီဒေဝီသည် ဝေဿန္တရာမင်းကြီးထံသို့ သွားသည်။ မင်းကြီးရှေ့သို့ အရောက်တွင် မိန်းမောမူးဝေ၍ လဲကျသွားရှာလေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၉ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၇

နံနက်သို့ရောက်သောအခါ မဒ္ဒီဒေဝီသည် နေ့စဉ်ပြုနေကျ ဝတ္တရားတို့ကို ပြုလုပ်သည်။ ထို့နောက် သား၊ သမီးတို့ကို ပွေ့နမ်းရှုပ်လျက် "သားတော်၊ သမီးတော်တို့၊ ညက မယ်တော် အိပ်မက်မကောင်းပါ။ သတိဖြင့် နေကြပါ" ဟု မှာကြားသည်။ ဝေဿန္တရာမင်းကြီးကိုလည်း "သားတော်၊ သမီးတော်တို့ကို ဂရုစိုက် စောင့်ရှောက်တော်မူပါ" ဟု မှာကြားသည်။ ထို့နောက် သစ်သီးရှာ ထွက်သွားလေသည်။

ဇူဇကာပုဏ္ဏားလည်း 'ယခုအချိန်တွင် မဒ္ဒီဒေဝီသည် သစ်သီးရှာ သွားလောက်ပြီ' ဟု ဆိုကာ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်သွား၏။ ဝေဿန္တရာမင်းကြီးသည် ဇူဇကာကို မြင်သော် ဝမ်းမြောက်ဝမ်းသာ ကြိုဆို၏။ မင်းကြီးအဖို့ ဤတောအရပ်၌ နေသည်မှာ ၇-လ ရှိပြီ။ လူစိမ်းသူစိမ်း ဟူ၍ တစ်ယောက်မျှ မမြင်တွေ့ရ။ ဇူဇကာကို မြင်ရသည်မှ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ဇူဇကာအား ဧည့်ဝတ်ပြုကာ သစ်သီး စသည်တို့ကို ကျွေးမွေး၏။

ဇူဇကာက "အရှင်မင်းကြီး၏ သားတော်၊ သမီးတော်တို့ကို အလှူခံရန် လာပါသည်။ အကျွန်ုပ်အား အရှင့်သားတော်၊ သမီးတော်တို့ကို အခိုင်းအစေအဖြစ် ထားရှိရန် လှူတော်မူပါ" ဟူ၍ ဆို၏။

ဝေဿန္တရာလည်း အလှူပြုရမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ "ပုဏ္ဏားကြီး၊ သားတော်၊ သမီးတော်တို့ကို သင့်အား ငါလှူ၏။ သင် ခေါ်သွားပါ။ သို့ရာတွင် သူတို့၏ မိခင်သည် သစ်သီးရှာ သွားနေခိုက်ဖြစ်သည်။ ညနေချမ်း အချိန်ကျမှ ပြန်ရောက်လိမ့်မည်။ ယနေ့တစ်ည ဤသင်္ခမ်းကျောင်းမှာ အိပ်ပါဦး။ နက်ဖြန်နံနက်ကျမှ သားတော်၊ သမီးတော်တို့ကို ခေါ်ဆောင် သွားပါလော့" ဟူ၍ ဆို၏။

ဇူဇကာက "အရှင်မင်းကြီး၊ မိန်းမတို့မည်သည်ကား လှူဒါန်းမှု၌ အနှောင့်အယှက် ပြုတတ်၏။ သူတို့၏ မိခင်ပြန်မလာမီပင် ခေါ်ဆောင်သွားလိုပါသည်။ သားတော်၊ သမီးတော်တို့ကို ခေါ်ပေးတော်မူပါ" ဟူ၍ ဆို၏။

ဝေဿန္တရာမင်းကြီးက "ကောင်းပြီ၊ ယနေ့ပင် သားတော်၊ သမီးတော်တို့ကို သင်ခေါ်ဆောင်သွားပါ။ သူတို့ကို သူတို့၏ အဘိုးဖြစ်သူ သိဉ္စည်းမင်းကြီးထံ ပို့ပါ။ သူတို့အဘိုးသည် သင့်အား ဥစ္စာများစွာ ပေးလိမ့်မည်" ဟူ၍ ဆို၏။

ဇာလီနှင့်ကဏှာဇိန်တို့ မောင်နှမသည် အနီးတွင် ရှိကြသည်။ ပုဏ္ဏားကြီးက မိမိတို့ကို ကျွန်အဖြစ် ခိုင်းစေရန် ခေါ်သွားမည်ဟု ပြောဆိုသည်ကို ကြားရသောအခါ လွန်စွာထိတ်လန့် ကြောက်ရွံ့ကြသည်။ ကျောင်းသင်္ခမ်း နောက်ဖေးသို့ တိတ်တဆိတ် ထွက်ပြေးကြသည်။ ထို့နောက် ချုံပုတ်တစ်ခုထဲသို့ ပြေးဝင်ကာ ပုန်းကြသည်။ သို့ရာတွင် ချုံပုတ်မှာ မလုံမလဲဟု ယူဆကာ ရေကန်သို့ ပြေးကြပြန်သည်။ ရေကန်သို့ ရောက်သောအခါ မောင်နှမနှစ်ယောက်သည် ရေကန်ထဲသို့ ဆင်းကြသည်။ ကြာဖက်ကို ဆောင်းလျက် ရေထဲ၌ ပုန်းနေကြလေသည်။

ဇူဇကာပုဏ္ဏားသည် မောင်နှမနှစ်ယောက်ကို မမြင်သောအခါ ဝေဿန္တရာကို အထင်မှားသွားသည်။ မိမိသည် မောင်နှမနှစ်ယောက်ကို ဘိုးတော်ထံ ခေါ်မသွားဘဲ ကျွန်ပြုရန် ခေါ်သွားမည် ဆိုသဖြင့် မင်းကြီးက မထည့်လို၊ ထွက်ပြေးခိုင်းပြီး မသိဟန်ဆောင်နေသည်ဟု ထင်မှတ်သည်။ "အရှင်မင်းကြီးသည် သားတော်၊ သမီးတော်တို့ကို လှူမည်ဆိုသော်လည်း ယခုထွက်ပြေး ပုန်းရှောင် ခိုင်းထားသည်။ သင်မင်းကြီးလောက် ဖောက်လှဲဖောက်ပြန် မမှန်မကန်ပြုသူသည် လောကမှာ ရှိမည်မထင်" ဟူ၍ မခန့်လေးစား စော်ကား ပြောဆိုသည်။

ဝေဿန္တရာမင်းကြီးကား သည်းခံတော်မူသည်။ "ပုဏ္ဏားကြီး၊ မစိုးရိမ်လင့်၊ သားတော် သမီးတော်တို့ကို ခေါ်ပေးမည်" ဆိုကာ သွားရောက် ရှာဖွေသည်။ နောက်ဆုံး၌ ရေကန်ထဲသို့ ဆင်းသောခြေရာတို့ကို မြင်သွားသည်။

"ချစ်သားဇာလီ၊ ခမည်းတော်ထံ လာပါ။ ခမည်းတော်၏ ပါရမီကို ကူညီဖြည့်ပါ။ ပုဏ္ဏားကြီးက ခမည်းတော်ကို အထင်လွဲမှားနေပြီ။ ပုဏ္ဏားကြီး၏ စကားကြောင့် ခမည်းတော်၏ နှလုံးသား ပူလောင်နေပါသည်။ ခမည်းတော်၏ နှလုံးအေးမြအောင် ခမည်းတော်၏ စကားကို နားထောင်ပါ" ဟု လှမ်း၍ ပြောဆို၏။

ဇာလီသည် ခမည်းတော်၏ စကားကို ကြားသောအခါ "ပုဏ္ဏားကြီးသည် ငါ့ကို ပြုလိုရာ ပြုစေတော့။ ခမည်းတော့်စကားကို နားထောင်တော့မည်" ဆိုကာ ဦးခေါင်းကို ဖော်၍ ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ယာဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်၍ ငိုကြွေးရှာလေသည်။

မင်းကြီးလည်း အလားတူပင် သမီးတော်ကဏှာဇိန်ကို ခေါ်ပြန်သည်။ ကဏှာဇိန်လည်း ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ဝဲဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်ကာ ငိုကြွေးရှာလေသည်။

ဤသို့ သားတော်ဇာလီနှင့် သမီးတော်ကဏှာဇိန်တို့ ငိုကြွေးကြသောအခါ ဝေဿန္တရာမင်းကြီးသည် မျက်ရည်ကျမိလေသည်။ သို့ရာတွင် စိတ်ကို တင်းလိုက်သည်။ "ချစ်သားဇာလီ၊ ခမည်းတော်၏ ဒါနပါရမီကို ကူညီဖြည့်ဆည်းပါ" ဟူ၍ မေတ္တာရပ်ခံသည်။

ထို့နောက် "ချစ်သားဇာလီ၊ သင်တို့မောင်နှမကို ဤပုဏ္ဏားအား ကျွန်အဖြစ် လှူလိုက်သော်လည်း ထာဝရကျွန် လုပ်ရမည် မဟုတ်ပါ။ သင်ချစ်သားသည် ကျွန်အဖြစ်မှ လွတ်မြောက်လိုပါက ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင်ပေးလျှင် သင်သည် ကျွန်အဖြစ်မှ လွတ်စေ။ သမီးတော် ကဏှာဇိန်ကား ရုပ်ဆင်းလက္ခဏာ မြတ်သူ မိန်းကလေးဖြစ်သည်။ ရွှေစင်ပိဿာတစ်ထောင် ဟု တန်ဖိုးဖြတ်လိုက်လျှင် အမျိုးယုတ်သော သူတို့သည် ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင် ပေး၍ သမီးတော်ကို ရွေးနုတ်ယူလိမ့်မည်။ ထို့နောက် အမျိုးရောစပ်ခြင်းကို ပြုကြလိမ့်မည်။ သို့ဖြစ်၍ ဘုရင်တို့သာ ရွေးနုတ်ယူနိုင်သည့် တန်ဖိုးသတ်မှတ်ရမည်။ ဆင်၊ မြင်း၊ နွား၊ ကျွန်ယောက်ျား ကျွန်မိန်းမ၊ ရွှေစင်ပိဿာ အလုံးစုံ တစ်ရာစီ ငါသတ်မှတ်သည်။ ထိုတန်ဖိုးကို ဘုရင်မင်းများမှ တစ်ပါး မည်သူမျှ ပေးနိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ သမီးတော်ကဏှာဇိန်သည် ကျွန်အဖြစ်မှ လွတ်မြောက်လိုလျှင် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်း တစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ပိဿာ တစ်ရာပေးက ကျွန်အဖြစ်မှ လွတ်စေ" ဟု ဆိုကာ တန်ဖိုးဖြတ်လိုက်လေသည်။

ထို့နောက် သားတော်၊ သမီးတော်တို့ကို ကျောင်းသင်္ခမ်းသို့ ခေါ်သွားသည်။ ကရားဖြင့် ရေကိုခပ်သည်။ "သားသမီးကို လှူသောအလှူသည် သဗ္ဗညုတဉာဏ်ရရှိရေးအတွက် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ဆုတောင်းကာ ဇာလီနှင့် ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားအား ရေစက်သွန်းချ၍ လှူဒါန်းလိုက်၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ငလျင်ကြီး လှုပ်လေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၈ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၆

ထိုအချိန်၌ ကလိင်္ဂတိုင်းဒုန္နိဝိဌ အမည်ရှိသော ပုဏ္ဏားရွာ၌ ဇူဇကာအမည်ရှိသော ပုဏ္ဏားသည် သားမယားမရှိ၊ တစ်ဦးတည်းနေထိုင်၏။ သူသည် အလှူလှည့်လည်ခံသဖြင့် အသပြာတစ်ရာ ရ၏။ ထိုအသပြာတစ်ရာကို ပုဏ္ဏားတစ်ဦးထံ အပ်နှံထားလေသည်။

ထိုနောက် နှစ်အတန်ကြာမှ ပြန်တောင်းသောအခါ ငွေကို သိမ်းထားသော ပုဏ္ဏားသည် ပြန်မပေးနိုင်တော့ပေ။ ထို့ကြောင့် အမိတ္တာပုံ အမည်ရှိသော သမီးကို ဇူဇကာပုဏ္ဏားအား ပေးလိုက်လေသည်။

ဇူဇကာပုဏ္ဏားကား သက်ကျားအိုဖြစ်သည်။ ရုပ်ရည်ကြမ်းတမ်းသည်။ အမိတ္တာပုံကား ငယ်ရွယ် နုပျိုသည်။ လှပသည်။ ဇူဇကာပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာဖြင့် အမိတ္တာပုံကို ခေါ်လျက် မိမိရွာသို့ ပြန်လာလေသည်။

အမိတ္တာပုံသည် ဇူဇကာပုဏ္ဏားအား ချစ်မြတ်နိုးစွာဖြင့် ကောင်းစွာ လုပ်ကျွေးပြုစုသည်။ အမိတ္တာပုံ၏ ဝတ္တရား ကျေပွန်ပုံတို့ကို မြင်သောအခါ အခြားပုဏ္ဏားငယ်တို့သည် မိမိတို့၏ မယားတို့ကို မကျေမနပ် ဖြစ်လာကြ၏။

"အမိတ္တာပုံသည် အဆင်းလည်းလှ၊ အရွယ်လည်း နုပျိုသည်။ သို့ပါလျက် သက်ကျားရွယ်အို ဇူဇကာကြီးအား ကောင်းစွာပြုစု လုပ်ကျွေးပေသည်။ သင်တို့ကား ထိုသို့မဟုတ်။ ငါတို့နှင့် အရွယ်တူ မျှပါလျက် ဘာကြောင့် မပြုစုကြပါသနည်း" ဟူ၍ ဆူပူကြိမ်းမောင်း ကြ၏။

ထိုအခါ ထိုရွာရှိ ပုဏ္ဏေးမတို့သည် အမိတ္တာပုံကို မလိုလားကြ။ ရွာ၌ မနေနိုင်အောင် ပြုကြသည်။ သူတို့သည် ရေခပ်သွားရာ၌ အမိတ္တာပုံကို တွေ့လျှင် "သင်သည် အရွယ် ငယ်သော်လည်း သက်ကျားအိုကြီးနှင့် ပေါင်းသင်းနေရသည်။ သင့်မိဘတို့သည် ဘာကြောင့် သင့်ကို သက်ကျားအိုကြီးနှင့် ပေးစားရသနည်း။ သက်တူရွယ်တူ လင်ကို ရှာမရ၍လော။ လင်အိုကြီးနှင့် ပေါင်းနေရခြင်းထက် သေရသော်မှ ကောင်းသေး၏" စသည်ဖြင့် အမျိုးမျိုး ပြောဆိုကြ၏။

အမိတ္တာပုံလည်း လွန်စွာရှက်လှသဖြင့် ငို၍ ပြန်လာ၏။ ဇူဇကာအား အကြောင်းစုံ ပြောပြ၏။ ဇူဇကာက "ယနေ့မှစ၍ သင်ရေခပ် မသွားနှင့်တော့။ ငါပင် ရေခပ်မည်" ဟု ဆို၏။

အမိတ္တာပုံက "ကျွန်ုပ်တို့အမျိုးသည် လင်ကို စေခိုင်းသော အမျိုးမဟုတ်။ ခိုင်းစေရာ ကျွန်သာ ရှာပေးပါ။ ရှာမပေးနိုင်လျှင် သင်၏အိမ်၌ ကျွန်ုပ် မနေတော့ပြီ" ဟု ဆို၏။

ဇူဇကာက "ငါသည် ကျွန်မွေးနိုင်လောက်အောင် ကြွယ်ဝချမ်းသာသူ မဟုတ်ပါ။ ငါ ကိုယ်တိုင်ပင် ကိစ္စကြီးငယ်ကို ပြုလုပ်ပေးပါမည်" ဟု ဆိုသည်။ အမိတ္တာပုံက "ဝေဿန္တရာမင်းကြီးသည် ဝင်္ကပါတောင်၌ နေသည်ဟု ကြားသည်။ မင်းကြီးထံသွား၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို အလှူခံပါချေ" ဟူ၍ ဆို၏။

ဇူဇကာလည်း အမိတ္တာပုံ၏ အကြံကို နှစ်သက်သွားသည်။ ဝေဿန္တရာမင်းကြီး၏ သားနှင့်သမီးကို အလှူခံ၍ ကျွန်ပြုစေခိုင်းမည်ဟု အကြံဖြစ်ပေါ်၏။ သို့ဖြင့် ဇနီးအား သတိဝီရိယဖြင့် နေထိုင်းရန် မှာကြားသည်။ ထို့နောက် သိဝိတိုင်း၊ စေတုတ္တရာပြည်သို့ ရှေးရှုထွက်ခွာသွားသည်။ စေတုတ္တရာပြည်မှ တစ်ဆင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားကာ ဝင်္ကပါတောင်သို့ အရောက်သွားလေသည်။

ဇူဇကာသည် ဝေဿန္တရာမင်းကြီးတို့ နေထိုင်ရာ ကျောင်းသင်္ခမ်းအနီးသို့ ရောက်သောအခါ ချက်ချင်းမသွားပေ။ 'ယခု မိုးချုပ်ပြီ၊ မဒ္ဒီဒေဝီသည် သစ်သီးရှာရာမှ ပြန်ရောက်နေလိမ့်မည်။ မိန်းမတို့သည် အလှူဒါနပြုရာ၌် အနှောင့်အယှက် ပေးတတ်သည်။ဝေဿန္တရာက ငါ့အား သား သမီးတို့ကို လှူလိုက်သော်လည်း မဒ္ဒီဒေဝီက နှောင့်ယှက်လျှင် ပျက်လိမ့်မည်။ သို့ဖြစ်၍ နက်ဖြန်ခါ မဒ္ဒီဒေဝီ သစ်သီးရှာထွက်မှ ကျောင်းသင်္ခမ်းသို့သွားမည်။ ဝေဿန္တရာမင်းကြီးထံ သားသမီးတို့ကို အလှူခံပြီး မဒ္ဒီဒေဝီ ပြန်မရောက်မီ ခေါ်ဆောင်သွားမည်' ဟူ၍ ကြံစည်၏။ သို့ဖြင့် ဇူဇကာသည် ကျောင်းသင်္ခမ်းနှင့် မနီးမဝေး တစ်နေရာ၌ အိပ်စက်နေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၇ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၅

ဝေဿန္တရာမင်းကြီးလည်း ဖြစ်ပျက်ပုံ အလုံးစုံကို ပြောပြသည်။ ထိုအခါ ဆွေတော်မျိုးတော်တို့က "အရှင်မင်းကြီး၌ အပြစ်မရှိပါ။ အလိုရှိရာ အမိန့်ရှိပါ။ ကျွန်ုပ်တို့ ကောင်းစွာ ဧည့်ဝတ်ပြုပါရစေ။ သည်အတွင်း အရှင့်ခမည်းတော် သိဉ္စည်းမင်းကြီးထံသို့ ကျွန်ုပ်တို့ သွားမည်။ အရှင့်အား ပြည်တော်သို့ ပြန်ခေါ်ရန် တောင်းပန် လျှောက်ထားပါမည်" ဟူ၍ ဆိုကြသည်။

ထိုအခါ ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်ကို တိုင်းပြည်မှ နှင်ထုတ်ခြင်းမှာ ခမည်းတော်၏ သဘောသက်သက် မဟုတ်ပါ။ ပြည်သူတို့၏ ဆန္ဒအရ ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်ကို တိုင်းပြည်မှ နှင်မထုတ်လျှင် ခမည်းတော်ကိုပင် မင်းအဖြစ်မှ ဖယ်ရှားကြပါလိမ့်မည်။ ခမည်းတော်သည် ပြည်သူတို့၏ အလိုကို မလွန်ဆန်နိုင်ပါ။ ချစ်လျက်နှင့်ပင် ကျွန်ုပ်ကို နှင်ထုတ်ရခြင်း ဖြစ်ပါသည်။ သင်တို့သွား၍ တောင်းပန်လျှောက်ထားသော်လည်း အခွင့်ရလိမ့်မည် မဟုတ်ပါ" ဟူ၍ ရှင်းလင်းပြောပြ၏။

ဆွေတော်၊ မျိုးတော်တို့က "ယင်းသို့ဖြစ်လျှင် ဤစေတတိုင်း၌ မင်းလုပ်တော်မူပါ" ဟူ၍ ဆိုကြ၏။

ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်သည် တိုင်းပြည်မှ နှင်ထုတ်ခံထားရသူ ဖြစ်သည်။ မင်းလုပ်လိုသော ဆန္ဒမရှိပါ။ အကယ်၍ ဤပြည်၌ မင်းပြုလျှင်လည်း သိဝိတိုင်းသားတို့ လိုလားကြမည် မဟုတ်။ သင်တို့နှင့် စိတ်ဝမ်းကွဲကာ မသင့်မတင့် ဖြစ်ကြပေတော့မည်။ ကျွန်ုပ်တစ်ယောက်အတွက် အများပြည်သူတို့ကို မထိခိုက်စေလိုပါ။ ဝင်္ကပါတောင်သို့သာ ကျွန်ုပ် သွားပါအံ့" ဟု ဆို၏။

ဤသို့လျှင် ဝေဿန္တရာမင်းကြီးက လက်မခံသဖြင့် ဆွေတော် မျိုးတော်တို့သည် ဝေဿန္တရာတို့ မိသားစုအား အထူးပြုစုကြသည်။ ဝေဿန္တရာတို့လည်း ထိုဇရပ်၌ပင် တစ်ညအိပ်သည်။ နောက်တစ်နေ့ စောစောတွင် ခရီးဆက်ကြသည်။ ဆွေတော်မျိုးတော်တို့က ခရီးလမ်းကို ညွှန်ကြားလိုက်ကြလေသည်။

နောက်ဆုံးတွင် ဝေဿန္တရာ၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ဝင်္ကပါတောင်ဝှမ်းသို့ ရောက်ရှိလာကြသည်။ သိကြားမင်းသည် သာယာသော နေရာတစ်ခု၌ ကျောင်းသင်္ခမ်း နှစ်ဆောင်ကို အသင့်ဖန်ဆင်းပေးထားသည်။ ရသေ့ ပရိက္ခရာတို့ကိုလည်း အသင့်ပြင်ထားသည်။

ဝေဿန္တရာမင်းသည် ကျောင်းသင်္ခမ်းသို့ ရောက်သောအခါ ရသေ့ရဟန်းပြုသည်။ မဒ္ဒီဒေဝီလည်း ရသေ့အသွင် ဝတ်သည်။ သားတော်ဇာလီနှင့် ကဏှာဇိန်တို့ကိုလည်း ရသေ့ငယ်ကလေးများအသွင် ဝတ်ပေးသည်။ ကျောင်းသင်္ခမ်းတစ်ခုတွင် ဝေဿန္တရာမင်းကြီးက သီးခြားနေသည်။ အခြားကျောင်းသင်္ခမ်းတွင် မဒ္ဒီဒေဝီနှင့် သားတော်သမီးတော်တို့ နေသည်။

မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးအား "အရှင်၊ ကျောင်းသင်္ခမ်း၌သာ သားတော်သမီးတော်တို့နှင့် နေတော်မူပါ။ အကျွန်ုပ်သည် နေ့စဉ် သစ်သီးရှာဖွေ၍ လုပ်ကျွေးပြုစုပါမည်" ဟု လျှောက်ထား၏။ ဝေဿန္တရာကလည်း လက်ခံတော်မူ၏။

ထိုနေ့မှစ၍ မဒီဒေဝီသည် နေ့စဉ် စောစောထသည်။ သောက်ရေ၊ သုံးရေ ခပ်သည်။ မင်းကြီးအား မျက်နှာသစ်ရေ၊ တံပူတို့ကို ပေးသည်။ ကျောင်းသင်္ခမ်းကို တံမြက်လှည်းသည်။ ထို့နောက် သားတော် သမီးတော်တို့ကို မင်းကြီးထံထား၍ တောသို့ သစ်သီးရှာ ထွက်လေသည်။ ညနေချမ်းအခါသို့ ရောက်သောအခါ မဒ္ဒီဒေဝီသည် သစ်သီးများကို ယူဆောင်၍ ပြန်လာသည်။ ရင်သွေးများကို ရေချိုးပေးသည်။ ထို့နောက် သူတို့သည် ကျောင်းသင်္ခမ်းတံခါးဝ၌ သစ်သီးတို့ကို အတူစားကြသည်။ စား၍ ပြီးသောအခါ မဒ္ဒီဒေဝီသည် ရင်သွေးများကို ခေါ်ကာ မိမိကျောင်းသင်္ခမ်းသို့ သွားရောက်နေထိုင်သည်။

ဤသို့လျှင် သူတို့သည် ဝင်္ကပါတောင်၌ အေးငြိမ်းစွာ နေလာကြသည်မှာ ၇-လမျှ ကြာခဲ့လေပြီ။

(ဝေဿန္တရာဇာတ် အပိုင်း-၆ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၎

"အရှင်မင်းကြီး၊ ဟိမဝန္တာဝယ် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်၍ နေသောအခါ ပန်းနံ့သာ လိမ်းပန်လျက် ကခုန်ရွှင်ပျော်ကြသော သားငယ်၊ သမီးငယ်တို့ မျက်နှာကို မြင်ရလျှင် ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားမျိုးစုံလင်သော ဟိမဝန္တာမြိုင်တောခွင်ဝယ် ......

တင့်တယ်လှသော ဆင်ပြောင်ကြီးတို့ အနီးအပါးမှ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရသဖြင့်လည်း ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားရဲဖြင့် ပြည့်သော တောစုံမြိုင်ခန်း၌ သစ်ခက်၊ အညွန့်၊ အဖူးတို့ ယှက်ကူးနေသော သိစ်ရိပ်ကို ခိုလျက် တောအရေး၏ တင့်တယ်ခြင်းကို မျှော်ရှုကာ သွားကြရလျှင် ရွှေနန်းရွှေဘုံကို အရှင်ဘယ်မှာ အောက်မေ့တော့မည်နည်း။ ညနေချမ်း အခါဝယ် မြစ်သို့ ဆင်းသက်လာသော သမင်၊ စိုင်၊ ဖား၊ သား အပေါင်းတို့ကို မြင်လျှင်လည်း အရှင်ဘယ်မှာ ပြည်နန်းသာကို သတိရတော့မည်နည်း။ ကိန္နရီ၊ ကိန္နရာတို့ မြူးပျော် ပျံဝဲသီဆို ကခုန်သည်ကို မြင်ကြားလျှင်လည်း ရွှေပြည်နန်းကို အရှင်ဘယ်မှာ လွမ်းဆွတ်တော့မည်နည်း။ ညဥ့်အခါဝယ် ခင်ပုပ်၊ ဇီဝဇိုး၊ ကြိုးကြာ၊ ဥဒေါင်း တို့၏ ရင့်ရူကြွေးသော ငှက်တေးသံသာသည် အရှင့်အတွက် ဖျော်ဖြေစရာ ရပါလိမ့်မည်။ နွေဦးရောက်လျှင် ပိတောက်၊ အင်ကြင်း၊ စွယ်တော်၊ ကံ့ကော်၊ စကား၊ ချရား၊ ပုန်းညက်တို့ ပင်လုံးညွတ်အောင် ပွင့်ဝတ်ဆင်သည်ကို တွေ့မြင်လျှင် အရှင် ပျော်မြူး ရွှင်လန်းရပါလိမ့်မည်" စသည်ဖြင့် အားပေး ပြောဆိုလျှောက်ထား၏။

ဝေဿန္တရာမင်းကြီးလည်း မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော် တို့ကို ဟိမဝန္တာသို့ အတူခေါ်ဆောင် သွားရန် သဘောတူလိုက်လေ၏။ ဝေဿန္တရာမင်းကြီး ပြည်မှထွက်ခွာရမည့်သတင်းသည် တစ်နန်းတော်လုံး ပျံ့နှံ့သွားသည်။ မယ်တော် ဖုဿတီမိဖုရားကြီးနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား အာလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ဝေဿန္တရာမင်းကြီးသည် အလှူမဏ္ဍပ်သို့ သွားသည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ သတို့သမီးခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာ စသည်ဖြင့် ခုနှစ်ရာခုနှစ်လီသော အလှူကြီးကို ကိုယ်တိုင် ကြပ်မတ်လှူဒါန်းသည်။ လှူဒါန်းစဉ် "ဤ အလှူသည် သဗ္ဗညုတဉာဏ်၏ အထောက်အပံ့ ဖြစ်စေသတည်း" ဟု လက်အုပ်ချီ၍ ဆုတောင်းသည်။ ထိုအခါ မဟာပထဝီ မြေကြီးသည် မြည်ဟည်း၍ ငလျင်ကြီး လှုပ်ပြန်လေ၏။

ထို့နောက် ဝေဿန္တရာမင်း၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ခမည်းတော် မယ်တော်တို့ကို ရှိခိုးကန်တော့ကာ မြင်းလေးကောင်ကသော ရထားဖြင့် ထွက်ခွာသွားကြသည်။ ထိုစဉ် အလှူကြီးကို မမီလိုက်သော ပုဏ္ဏားလေးယောက်တို့သည် မြင်းတို့ကို အလှူခံမည်ဆိုကာ လိုက်လာကြသည်။ မဒ္ဒီဒေဝီက ပုဏ္ဏားလေးယောက်တို့ လိုက်လာကြောင်း လျှောက်ထားသောအခါ ဝေဿန္တရာမင်းကြီးသည် ရထားကို ရပ်လိုက်သည်။

ပုဏ္ဏားလေးယောက်လည်း မကြာမီ ရောက်လာသည်။ မြင်းတို့ကို အလှူခံသည်။ ဝေဿန္တရာလည်း မြင်းလေးကောင်ကို ရထားမှ ဖြုတ်၍ တစ်ယောက်တစ်ကောင်စီ လှူလိုက်သည်။ ထိုအခါ နတ်သားလေးယောက်သည် စိုင်လေးစီးအသွင် ဖန်ဆင်းလျက် ရထားထမ်းပိုးခွင်သို့ ဝင်၍ ရုန်းကြသည်။ ထိုစဉ် ပုဏ္ဏားတစ်ယောက် ပေါ်ပေါက်လာသည်။ ရထားကို အလှူခံပြန်သည်။ ဝေဿန္တရာကလည်း ထိုပုဏ္ဏားအား ရထားကို လှူလိုက်သည်။ ထိုအခါ စိုင်းလေးစီး (နတ်သားလေးယောက်) ကွယ်ပျောက်သွားလေသည်။

ထိုနေရာမှစ၍ မင်းကြီးက သားတော်ဇာလီကို ချီလျက်၊ မဒ္ဒီဒေဝီက သမီးတော် ကဏှာဇိန်ကို ချီလျက် ခြေကျင် သွားကြရလေ၏။

ဝေဿန္တရာနှင့် မဒ္ဒီဒေဝီတို့ မိသားစုသည် ရှေးဦးစွာ သုဝဏ္ဏဂီရိတာလတောင်သို့ ရောက်သည်။ ထိုမှတစ်ဖန် ကောန္တိမာရမြစ်၊ ထိုမှတစ်ဖန် အဉ္စနဂီရိတောင်၊ ထိုမှ တစ်ဖန် တုဏ္ဏဝိနာလိ ဒဏ္ဍပုဏ္ဏားရွာ၊ ထိုမှတစ်ဖန် စေတတိုင်း၊ မဒ္ဒရာဇ်ပြည်သို့ ရောက်လာကြသည်။ မဒ္ဒရာဇ်ပြည်ကား ဝေဿန္တရာ၏ ဦးရီး၊ မဒ္ဒီဒေဝီ၏ ဖခမည်းတော် မယ်တော်များ စံရာပြည် ဖြစ်သည်။

ဝေဿန္တရာနှင့် မဒ္ဒီဒေဝီသည် မဒ္ဒရာဇ်ပြည်သို့ ရောက်သောအခါ မြို့ထဲသို့မဝင်။ မြို့ပြင်ရှိ ဇရပ်ပေါ်၌သာ နေကြသည်။ မကြာမီပင် သူတို့ရောက်ရှိနေကြောင်းကို မဒ္ဒရာဇ်မင်းကြီး သိရှိသွားသည် ချက်ချင်းပင် ဆွေတော်၊ မျိုးတော်များသည် စိုးရိမ်ပူပန်ကာ ဇရပ်သို့ ပြေးလာကြသည်။ အကျိုးအကြောင်း မေးကြသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၅ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၃

ဤသို့ ဆင်ဖြူတော်ကို ကလိင်္ဂတိုင်းသို့ လှူလိုက်သောအခါ စေတုတ္တရာပြည်သူတို့သည် မကျေမနပ် ဖြစ်ကြသည်။ ဝေဿန္တရာမင်းကို အမျက်ထွက်ကြသည်။ ခမည်းတော် သိဉ္စည်းမင်းကြီးထံ သွား၍

"အရှင်မင်းကြီး၊ အရှင့်သားတော်သည် တစ်တိုင်းပြည်လုံးက အမြတ်တနိုးထားသော ဆင်ဖြူတော်ကို အဘယ့်ကြောင့် လှူရပါသနည်း။ ဝေဿန္တရာမင်းကို အကျွန်ုပ်တို့ အလိုမရှိပြီ။ အရှင်မင်းကြီးသည် အကျွန်ုပ်တို့လျှောက်တင်သည့် စကားကို လိုက်နာတော်မူပါ။ အကယ်၍ လိုက်နာတော်မမူလျှင် အရှင်မင်းကြီးလည်း သားတော် ဝေဿန္တရာနှင့်အတူ ပြည်သူတို့လက်တွင် ဘေးတွေ့တော်မူပါလိမ့်မည်" ဟု ဆူပူကြွေးကြော်ကြ၏။

သိဉ္စည်းမင်းက "သူတစ်ပါးကို ဖျက်ဆီး နှောင့်ယှက်ခြင်း မရှိ။ မိမိ၏ ဆင်ဖြူတော်ကိုသာ လှူသည့်သားတော်ကို သင်တို့စကားကြောင့် ငါသည် တိုင်းပြည်မှ မနှင်ထုတ်နိုင်။ သတ်လည်း မသတ်နိုင်" ဟုဆို၏။

ထိုအခါ ပြည်သူတို့က "အရှင်မင်းကြီး၊ သားတော်ကို သတ်ရမည် မဆိုပါ။ သို့ရာတွင် တိုင်းပြည်၌ကား မထားနိုင်။ ပြည်သူတို့အား ထောက်ထားညှာတာခြင်း မရှိသော အရှင့်သားတော်ကို အကျွန်ုပ်တို့ အလိုမရှိ။ ဝင်္ကပါတောင်သို့ နှင်တော်မူပါ" ဟူ၍ မကြောက်မရွံ့ ရဲဝံ့စွာ လျှောက်ကြသည်။

သိဉ္စည်းမင်းလည်း ပြည်သူတို့၏ ဆန္ဒကို မဖယ်ရှားနိုင်။ "အသင်တို့၏ ဆန္ဒကို ငါ လိုက်လျောပါမည်။ သို့ရာတွင် သားတော် ဝေဿန္တရာကို မိမိ၏သားမယားတို့အား ဆုံးမသြဝါဒ ပေးနိုင်ရန် ယခုတစ်ည နေပါစေဦး။ နက်ဖြန်ခါကျမှ အသင်တို့ အညီအညွတ် စုဝေးလျက် သားတော် ဝေဿန္တရာကို ပြည်မှ နှင်ထုတ်ကြပါ" ဟူ၍ ဆိုသည်။ ပြည်သူတို့လည်း မင်းကြီးစကားကို လက်ခံကာ လူစုခွဲ၍ ပြန်သွားကြလေသည်။

ချက်ချင်းပင် သိဉ္စည်းမင်းကြီးသည် အမတ်တစ်ယောက်အား သားတော်ထံစေလွှတ်လိုက်သည်။ အကြောင်းစုံကို လျှောက်ထားစေသည်။

ဝေဿန္တရာမင်းသည် အမတ်၏ စကားကိုကြားရသောအခါ ဝမ်းနည်းစိတ်ထိခိုက်ခြင်း မရှိ။ "ငါသည် နှလုံးသားနှင့် မျက်လုံးတို့ကိုပင် လှူအံ့ ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ စိန်၊ ရွှေ၊ ဆင်၊ မြင်း စသည့် အပ ပစ္စည်းတို့ကား အဘယ်မှာလျှင် မလှူဘဲ နေနိုင်အံ့နည်း။ ယင်းသို့လှူသည့်အတွက် တိုင်းသူပြည်သားတို့သည် ငါ့ကို နှင်ထုတ်လိုလျှင်လည်း နှင်ထုတ်ကြပါစေ။ သတ်လျှင်လည်း သတ်ကြပါစေ။ အလှူကိုကား မလှူဘဲ နေမည်မဟုတ်" ဟု ရဲဝံ့စွာဆိုလေသည်။

ထို့နောက် ဝေဿန္တရာမင်းကြီးက "ပြည်သူတို့၏ လိုအင်ဆန္ဒအတိုင်း ငါသည် တိုင်းပြည်မှ ထွက်သွားပါမည်။ သို့ရာတွင် မသွားခင် ခုနှစ်ရာ၊ ခုနှစ်လီ အလှူကြီးပေးလှူလိုပါသည်။ နက်ဖြန်တစ်ရက် အလှူပေးခွင့်ပြုရန် ပြည်သူတို့ကို တောင်းပန်ပေးပါ။ နက်ဖြန်ခါ အလှူပေးပြီးလျှင် သန်ဘက်ခါ တိုင်းပြည်မှ ထွက်သွားပါမည်" ဟု ဆိုလေ၏။ အမတ်လည်း "ကောင်းပါပြီ" ဟု ဆိုကာ ပြန်သွားလေသည်။

ဝေဿန္တရာမင်းကြီးလည်း စစ်သူကြီးအမတ်ကို ခေါ်ပြီးလျှင် "နက်ဖြန်ခါ ခုနှစ်ရာ၊ ခုနှစ်လီ အလှူကြီးကို ပေးမည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ မိန်းမခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာတို့ကို လှူရန် အသင့်စီစဉ်ပါ။ ထို့ပြင် အထူးထူးသော ထမင်း၊ အဖျော် စသည်တို့ကိုလည်း လှူဒါန်းရန် လိုလေသေးမရှိ ပြည့်စုံအောင် စီစဉ်ထားပါ" ဟု စေခိုင်း၏။

ထို့နောက် မဒ္ဒီဒေဝီအား ဖြစ်ပျက်ပုံကို ပြောပြ၏။ သန်ဘက်ခါတွင် မိမိတစ်ယောက်တည်း ဝင်္ကပါတောင်ရှိရာ ဟိမဝန္တာတောကြီးထဲသို့ ထွက်သွားရတော့မည်ဖြစ်ကြောင်း ပြောဆို၏။
ထိုအခါမဒ္ဒီဒေဝီက "မောင်တော်တစ်ပါးတည်း တောကြီးမျက်မည်းသို့ ထွက်ခွာသွားရမည်ဆိုခြင်းမှာ နည်းလမ်းမကျပါ။ အရှင်မင်းကြီး ထွက်တော်မူလျှင် နှမတော်လည်း နောက်တော်ပါးမှ တစ်ဖဝါးမခွာ လိုက်ပါမည်သာ ဖြစ်ပါသည်။ အရှင်မင်းကြီးနှင့် ကွေကွင်း၍ အသက်ရှင်နေရသဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။ အရှင်မင်းကြီး သွားရာနောက်သို့ သားတော်၊ သမီးတော်တို့ကို အတူခေါ်၍ လိုက်ပါပါမည်။ ပြုစုလုပ်ကျွေး နေပါမည်" ဟူ၍ ဆို၏။

သို့ဆိုရာမှ ဝေဿန္တရာမင်းကြီး စိတ်သက်သာရာ ရစေရန် မိမိ မရောက်ဖူးသော ဟိမဝန္တာကို ရောက်ဖူး၊ မြင်ဖူးသကဲ့သို့ ချီးကျူး လျှောက်ထားလေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၄ ဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၂

ဝေဿန္တရာမင်းသားသည် အသက် ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ မင်းသားတို့ တတ်အပ်သော အတတ်မျိုးစုံကို တတ်မြောက်သည်။ ထိုအခါ မင်းကြီးသည် မိဖုရားကြီးနှင့် တိုင်ပင်ကာ ဝေဿန္တရာ မင်းသားအား အလွန်လှပတင့်တယ် ယဉ်ကျေးသော မဒ္ဒီမင်းသမီးနှင့် ထိမ်းမြားပေးသည်။ ထီးနန်းကိုလည်း လွှဲအပ်သည်။ မဒ္ဒီဒေဝီကား မဒ္ဒရာဇ်မင်း၏ သမီးတော် ဖြစ်ပေသည်။

ဝေဿန္တရာမင်းသားသည် မင်းဖြစ်သည့်နေ့မှစ၍ နေ့စဉ်နေ့တိုင်းပင် ၆-သိန်း၊ ၆-သိန်းသော ဥစ္စာတို့ကို ပေးလှူလေသည်။

မကြာမီ မဒ္ဒီဒေဝီသည် သားတော်တစ်ပါးဖွားမြင်သည်။ ဇာလီဟု အမည်ပေးသည်။ ဇာလီမင်းသား မတ်တတ်ပြေးနိုင်သောအရွယ်တွင် မဒ္ဒီဒေဝီသည် သမီးတော်တစ်ပါး ဖွားမြင်ပြန်သည်။ ကဏှာဇိန်ဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသည် နေ့စဉ် အလှူကြီးပေးရာတွင် တစ်လလျှင် ၆-ကြိမ်၊ ဆင်ဖြူတော်ပစ္စယကို စီးလျက် အလှူဇရပ် ၆-ဆောင်တို့ကို လှည့်လည်ကြည့်ရှုတော်မူလေသည်။

ထိုအချိန်တွင် ကလိင်္ဂရာဇ်ပြည်၌ မိုးခေါင်သည်။ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်နေလေသည်။ ကလိင်္ဂရာဇ်မင်းသည် မိုးရွာစေရန် ၇-ရက်တိုင်တိုင် ဥပုသ်ဆောက်တည်သည်။ သို့သော် မိုးမရွာချေ။ ထိုအခါ အမတ်ပညာရှိတို့က “ဆင်ဖြူတော် ရောက်ရာ အရပ်၌ မိုးရွာပါသည်။ စေတုတ္တရာပြည်၊ ဝေဿန္တရာမင်းကြီး၌ ဆင်ဖြူတော် ရှိသည်။ ဝေဿန္တရာမင်းသည် အလှူပေးရာ၌ ထင်ရှားကျော်စောသည်။ ထိုမင်းထံ ဆင်ဖြူတော်ကို အလှူခံသင့်ပါသည်” ဟူ၍ အကြံပေး လျှောက်ထားကြသည်။

ကလိင်္ဂရာဇ်မင်းသည် “ကောင်းပြီ” ဟု ဆိုကာ သင့်တော်သော ပုဏ္ဏား ၈-ယောက်ကို ရွေးချယ်သည်။ “ဝေဿန္တရာမင်းထံမှ ဆင်ဖြူတော်ကို ရအောင် အလှူခံချေ” ဟူ၍ စေလွှတ်လိုက်သည်။

ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံ ရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်ကိုနှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့်ရှောက်ရသူများကိုပါ ပေးလှူလိုက်သည်။ ထိုအခါ ဤ မဟာမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ဒုတိယအကြိမ် ငလျင်ကြီးလှုပ်လေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၃ အားဆက်တင်ပါမည်)

ဝေဿန္တရာဇာတ် အပိုင်း-၁

ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။

ဝေဿန္တရာကို ဖွားမြင်သောနေ့၌ပင် ကောင်းကင်၌ ကျက်စားသွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူပေါက်ကလေးကို မင်း၏ဆင်တင်းကုပ်၌ ထားခဲ့ပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။ ထိုဆင်ဖြူတော်ကလေးအား ပစ္စယဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသားသည် မွေးစကပင် အလှူအတန်းကို မြတ်နိုးသည်။ မင်းကြီးသည် ဝေဿန္တရာအား အဖိုးတစ်သိန်းထိုက်သော လည်ရွဲတန်ဆာကို ဆင်ပေးထားသည်။ ဝေဿန္တရာသည် အသက် ၄-၅ နှစ် ရှိသောအခါ ထိုလည်ရွဲတန်ဆာကို အထိန်းတော်တို့အား ချွတ်၍ ပေးလှူသည်။ အထိန်းတော်တို့က မယူဝံ့သဖြင့် မင်းကြီးအား ပြန်ပေးသည်။ မင်းကြီးက “ငါ့သားတော်ပေးခြင်းသည် ငါပေးသည်နှင့် အတူတူဖြစ်သည်။ ယူပါ” ဟုဆို၍ လက်ခံစေသည်။ ထို့နောက် လည်ရွဲတန်ဆာအသစ်ကို မင်းသားအား ဆင်မြန်းစေသည်။ ဝေဿန္တရာမင်းသားသည် ထိုလည်ရွဲတန်ဆာအသစ်ကိုလည်း တစ်ဖန် အထိန်းတော်တို့အား ပေးလှူပြန်သည်။ ဤသို့လျှင် ၉-ကြိမ် တိုင်အောင် အထိန်းတော်တို့အား ပေးလှူခဲ့သည်။

ဝေဿန္တရာမင်းသားသည် ၈-နှစ်အရွယ်သို့ ရောက်သောအခါ လည်ရွဲတန်ဆာစသော ပစ္စည်းများ ပေးလှူရသည်ကို ကျေနပ်အားရခြင်းမရှိ။ ‘အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ့။ ငါသည် ရင်ကိုခွဲ၍ နှလုံးသားကို ပေးလှူမည်။ ငါ၏မျက်စိကို တောင်းလာအံ့။ မျက်စိအစုံကို ထုတ်၍ပေးလှူမည်။ ငါ့ကိုယ်၏ အသားကို တောင်းလာအံ့။ ဓားငယ်ဖြင့် အသားကိုလှီးဖြတ် ပေးလှူမည်။ ငါ့ကို ကျွန်ပြုလုပ်လိုသည်ဟု တောင်းဆိုအံ့။ ထိုသူ၏ ကျွန်အဖြစ်ခံမည်’ ဟု အကြံဖြစ်၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟည်းလျက် ငလျင်လှုပ်လေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၂ ကိုဆက်တင်ပါမည်)

ကကုသန်ဘုရား

  ကကုသန်ဘုရား သည် ကမ္မကိလေသတရား၊ ဒီပင်္ကရာဘုရား၊ ဂေါတမဘုရား၊ ကဿပဘုရား စသည့် ဘုရားကြီး ငါးဆူမှ ပွင့်တော်မူပြီးသော ဘုရား ဖြစ်သည်။ ဘုရားငါးဆူပွင့်ရာ ဤ ဘဒ္ဒကမ္ဘာအတွင်း ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူအနက် ပထမဦးဆုံး ပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။

ခေမံပြည်မှ အဂ္ဂိဒတ္ထပုဏ္ဏားနှင့် ဝိသာခါပု​​​ဏ္ဏေးမတို့၏သားဖြစ်။ အရွယ်ရောက်သော် သင့်မြတ်သော သတို့သမီးနှင့် လက်ထပ်ထိမ်းမြား၏၊ သားတော်ဥတ္တရကို ဖွားမြင်ပြီးနောက် လောကီ စည်းစိမ်ကို စွန့်ပယ်ကာ တောထွက်တော်မူသည်။ ရှစ်လ-ကာမ~ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကိုက္ကို့ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက တပည့်နှစ်ပါးကား ရှင်ဝိဓူရနှင့် ရှင်သိဉ္စီဝတို့ဖြစ်သည်။ အလုပ် အကြွေး (တပည့်)ကား ရှင်ဗဒ္ဓိဇော ဖြစ်သည်။ ထိုမြတ်စွာဘုရား၏ ဉာဏ်တော်အမြင့်သည် အတောင် လေးဆယ် ဖြစ်၏၊ သက်တော် အနှစ်သုံးသောင်း နှစ်ထောင်တွင် ခေမာရုံတွင် ပရိနိဗ္ဗာန်စံတော်မူရာ ကြွင်းသောဓာတ်တော်အစုကို ဌာပနာ၍ တစ်ဂါဝုတ်မြင့်သော စေတီတော်ကို တည်ထားကိုးကွယ်ကြသည်။ ထိုခေတ်ထိုအခါက လူတို့၏သက်တမ်းမှာ နှစ်ပေါင်း ၄ သောင်းဖြစ်သည်။
 
                                                            ဗုဒ္ဓ၀င်

၁။ ဝေဿဘူမြတ်စွာဘုရား၏ နောက်အဖို့၌ အခြေနှစ်ချောင်းရှိသူ လူနတ်တို့ထက် မြတ်တော်မူသော မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိတော်မူသော (ထိပါးရန်) ချဉ်းကပ်ဝံ့ သောသူ ရှိတော်မမူသော အမည်အားဖြင့် ကကုသန္ဓမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူလေ၏။


၂။ နှောင်အိမ်ကို ဖျက်ဆီး၍ သွားသော ခြင်္သေ့ကဲ့သို့ ထိုမြတ်စွာဘုရားသည် လည်း အလုံးစုံသောဘ၀ကို ခွါဖျက်၍ ပါရမီအကျင့်၌ အထွတ်အထိပ်သို့ ရောက် လျက် မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။


၃။ လောက၏ ရှေ့သွားဖြစ်သော ကကုသန်မြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေလေးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာ လေးပါး) တရားကို သိခြင်းသည် (ရှေးဦးစွာသိခြင်း) ဖြစ်၏။


၎။ ရေးခြစ်မထင် ကောင်းကင်၌ (ရေမီး) အစုံအစုံဟူသော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းကို ပြု၍ ကုဋေသုံးသောင်းသော လူ နတ် ဗြဟ္မာတို့အား (သစ္စာ လေးပါးကို နှစ်ကြိမ်မြောက်) သိစေတော်မူ၏။


၅။ နရဒေ၀ဘီလူးအား ထိုမြတ်စွာဘုရား၏ သစ္စာလေးပါးကို ပြရာအခါ၌ (နတ်လူ တို့၏ သုံးကြိမ်မြောက် သစ္စာလေးပါး) တရားကို သိခြင်းသည် ဂဏန်းသင်္ချာ အားဖြင့် မရေတွက် နိုင်ချေ။


၆။ ကကုသန်မြတ်စွာဘုရား၏ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သောစိတ် ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ်သာရှိလေ၏။


၇။ ထိုအခါ ထိုအစည်းအဝေးသည် အာသဝေါတည်းဟူသော ရန်အပေါင်း ကုန်ခြင်း ကြောင့် ယဉ်ကျေးသော (အရိယာ) ဘုံသို့ အစဉ်ရောက်ကုန်သော ရဟန္တာ လေးသောင်းတို့၏ အစည်းအဝေး ဖြစ်လေ၏။


၈။ ထိုအခါ ငါသည် ခေမ မည်သော မင်းဖြစ်ခဲ့၏။ ငါသည် မြတ်စွာဘုရားအား လည်းကောင်း၊ မြတ်စွာဘုရား၏ သားတော်အား လည်းကောင်း များစွာသော အလှူကို လှူပြီးလျှင်-


၉။ သပိတ် သင်္ကန်း မျက်စဉ်း ပျားမုန့်ဆုပ်တို့ကိုလည်း လှူ၍ တောင့်တအပ်ရာ ကောင်းမြတ်သော ဤလှူဖွယ် ၀တ္ထုအားလုံးကို စီရင်လှူဒါန်းခဲ့၏။


၁၀။ သတ္တ၀ါတို့ကို ဆုံးမတော်မူတတ်သော ထို ကကုသန်မြတ်စွာဘုရားသည် လည်း ငါ့ကို ဤမင်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။


၁၁။ ထိုအခါ ဤမင်းသည် ပျော်မွေ့ဖွယ် ကောင်းသော ကပိလမြို့မှ ထွက်၍။ပ။ ဤ(ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်း ကုန်၏)။


၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှာ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။


၁၃။ (ထိုမြတ်စွာဘုရား၏) မြို့တော်သည် ခေမာဝတီ မည်၏၊ ထိုအခါ ငါသည် ခေမအမည် ရှိသူဖြစ်၏၊ ငါသည် သဗ္ဗညုတဉာဏ်ကို ရှာမှီးစဉ် ထိုမြတ်စွာဘုရား အထံ၌ ရဟန်း ပြုခဲ့၏။


၁၄။ နတ် လူတို့၏ ဆရာဖြစ်သော ကကုသန်မြတ်စွာဘုရား၏ ခမည်းတော်သည် အဂ္ဂိဒတ္တပုဏ္ဏား ဖြစ်၏၊ မယ်တော်သည် ၀ိသာခါ မည်၏။


၁၅။ ထိုခေမမြို့၌ လူတို့တွင် မြတ်သည် ဖြစ်၍ ချီးမွမ်းအပ်သော မြတ်သော ဇာတ်ရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရား၏ ဆွေတော်မျိုးတော် အပေါင်းသည် နေလေ၏။


၁၆။ ထိုဘုရားလောင်းသည် အနှစ်လေးထောင်တို့ပတ်လုံး နန်းတော်ကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ကာမ ကာမ၀ဏ္ဏ ကာမသုဒ္ဓိမည်သော မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။


၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည် သုံးသောင်းတိတိ ရှိကုန် ၏၊ (ဘုရားလောင်း၏) မိဖုရားသည် ရောစိနီ မည်၏၊ သားတော်သည် ဥတ္တရ မည်၏။


၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏။ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။


၁၉။ ကြီးမြတ်သော လုံ့လရှိသော လူတို့ထက်မြတ်၍ ရှေ့သွားခေါင်းဆောင် ဖြစ် တော်မူ သောကကုသန်မြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော)၌ ဓမ္မစကြာကို ဟောတော်မူ၏။


၂၀။ ၀ိဓုရသည် လည်းကောင်း၊ သဉ္ဇီဝသည် လည်းကောင်း ကကုသန်မြတ်စွာ ဘုရား၏ မြတ်သော တပည့် အဂ္ဂသာဝက တို့ ဖြစ်ကုန်၏၊ အလုပ်အကျွေးသည် ဗုဒ္ဓိဇ မည်၏။


၂၁။ သာမာသည် လည်းကောင်း၊ စမ္ပာသည် လည်းကောင်း မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကုက္ကိုပင်ဟူ၍ ခေါ်ဆိုအပ်၏။


၂၂။ အစ္စုတသည် လည်းကောင်း၊ သုမနသည် လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာအဂ္ဂဥပဋ္ဌက တို့ဖြစ်ကုန်၏။ နန္ဒာသည် လည်းကောင်း၊ သုနန္ဒာ သည် လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ အဂ္ဂဥပဋ္ဌိကာ တို့ ဖြစ်ကုန်၏။


၂၃။ မြတ်စွာဘုရားသည် အတောင် လေးဆယ်တိုင်အောင် မြင့်တော်မူ၏၊ ရွှေ အဆင်း ရှိသော ကိုယ်တော်ရောင်သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင် အောင် ပြေးသွား (ကွန့်မြူး) လျက်ရှိ၏။


၂၄။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်လေးသောင်း ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တ၀ါအပေါင်း ကို ကယ်တင်တော်မူ၏။


၂၅။ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ ယောက်ျားç မိန်းမတို့၏ အကျိုးငှါ တရားတည်းဟူသော ဈေးကို ဖြန့်ခင်း၍ ခြင်္သေ့မင်းကဲ့သို့ စကားတော် ကို မိန့်တော်မူပြီးလျှင် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ၀င်စံတော်မူလေ၏။


၂၆။ အင်္ဂါရှစ်ပါးရှိသော စကားသံနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လည်းကောင်း၊ အမြဲမကျိုးမပေါက်သော သီလရှိသော သာဝကအစုံတို့သည် လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရ တို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။


၂၇။ ကကုသန်ဘုရားမြတ်သည် ခေမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ(ပုထိုး)တော်သည် ကောင်းကင် သို့ တစ်ဂါဝုတ် တိုင်အောင်မြင့်လျက် တည်ရှိလေသတည်း။ ။ ကကုသန္ဓဗုဒ္ဓ၀င် ပြီး၏။
ကျမ်းကိုး
   1. ↑ ဗုဒ္ဓ၀ံသပါဠိတော်

ပွင့်တော်မူပြီးသော ဘုရားရှင်များ

ဆုံးစမထင်သော သံသရာ တစ်လျှောက်တွင် ဂင်္ဂါဝါလု သဲစုမကသော ဘုရားများ ပွင့်ခဲ့ကြသည်။

၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။


၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။


၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။


၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။


၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။


၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။


၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။


၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။


၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။


၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။


၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။


၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။


၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။


၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။


၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။


၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။


၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။


၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။


၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။


၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။


နှစ်ကျိပ်ရှစ်ဆူ


ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။


ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။


(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။


(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။


(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။


(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။


(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။


(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။


(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။


(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။


(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။


(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။


(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။


(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။


(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။

 
 

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှစ်ခိုး

တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။


အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။

ထူးခြားချက်

နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။


တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။


တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။


အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။


ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။


ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။


သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။


စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။

 (၇) ရက်သား/သမီး ဘုရားရှိခိုး

ကိုယ့်နေ့သား ဘုရားရှင်တွေကို သီးသန့်ရှိခိုးပူဇော်ချင်လျင်-


တနင်္ဂနွေနေ့ဖွား


မေဓင်္ဂရော ၊ သောဘိတောစ ၊


ပိယဒဿီ ၊ သိခီဇိနော ၊


ရ၀ိဝါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


——————————————————- တနင်္လာနေ့ဖွား


သရဏှင်္ဂရာ ၊ နောမာစ၊


အတ္ထဒဿီစ ၊ ဝေဿဘူ ။


စန္ဒ ၀ါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


——————————————————- အင်္ဂါ နေ့ဖွား


ဒီပင်္ကရော ၊ ပဒမောစ ၊


ဓမ္မဒဿီ ၊ ကကုသန္ဓော ၊


ဘောမ ၀ါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


——————————————————- ဗုဒ္ဓဟူး နေ့ဖွား


ကောဏ္ဍညော ၊ နာရဒေါ သတ္တာ ၊


သိဒ္ဓတ္ထ ၊ ကောဏဂမနာ ။


ဗုဒ္ဓ ၀ါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


——————————————————- ကြာသပတေး နေ့ဖွား


မင်္ဂလော ၊ ပဒုမုတ္တရော ၊


တိဿနာထောစ ၊ ကဿပေါ ။


ဂုရု ၀ါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


——————————————————- သောကြာနေ့ဖွား


သုမနော ၊ သုမေဓာ ဗုဒ္ဓေါ ၊


ဖုဿ ဇိနောစ ၊ ဂေါတမော ။


သုက္က ၀ါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


——————————————————- စနေ နေ့ဖွား


တဏှင်္ကရော ၊ ရေ၀တောစ ၊


သုဇာတောစ ၊ ၀ိပဿီကော ၊


သောရီ ၀ါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။

 

(၇) ရက်သား/သမီး ဘုရားရှိခိုး(မြန်မာပြန်)

တနင်္ဂနွေနေ့ဖွားအတွက်-


(၁) မေဓင်္ဂရော ၊ သောဘိတောစ ၊


ပိယဒဿီ ၊ သိခီဇိနော ၊


ရ၀ိဝါရေ ၊ အဘိဇာတာ ၊


တေ နမဿမိ သာဒရံ


(၂) နမေနာနေန ကမ္မေန


ပေါရဏကံ ၀ါနဿတု


စတုန်နံ ဗုဒ္ဓတေဇေန


သဒါ သုခီ ဘ၀န္တုမေ ။


(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။


(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းကြောင့် ရှေးကစီမံ မကောင်းကံသည် အမှန်ကွယ်ပျောက် ကောင်းကျိုးရောက်ပါစေသတည်း ။ထိုလေးဆူကုန်သော(တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် တပည့်.တော်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစင်စစ် ဖြစ်ပါစေ သတည်း ။


(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်)

ဘုရားရှင်တို့၏ ဥာဏ်တော်များနှင့် အသုံးချတော်မူပုံ

(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)


(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)


(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)


(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)


(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)


(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)


(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)


(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)


(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)


(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

ဘုရားရှင်တို့၏ တူသောအချက်များ

ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။


(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ...ဤကားစာကြွင်း)


အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။


(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)


(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)


(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။


(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))


(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)


(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)


(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)


(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။


(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)


(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။


(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။


(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။


(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)


(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။


(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။


(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)


(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )


(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။


(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။


(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။


(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)


(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)


(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။


(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။


(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။


(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။


(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။


(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)


(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။


ရည်ညွှန်းကိုးကား

   1. ↑ သမ္ဗုဒ္ဓေ ဂါ ထာ
   2. ↑ ဗုဒ္ဓပကိဏ္ဏကခန်း
   3. ↑ ဗုဒ္ဓဘာသာကောင်းတစ်ယောက် မှ
   4. ↑ ဦးပညာသီဟ “ ပိဋကတ် လမ်းညွှန် စာအုပ် ”
    * သုတေသနသရုပ်ပြအဘိဓာန် - ဖျာပုံတိုက်သစ်ဆရာတော်
    * ဗုဒ္ဓ၀ံသ။ ပါဠိ။ ၃၈၁။ အဋ္ဌကထာ။ ၃၄၈၊
    * အပဒါန်။ ပါဋ္ဌိ။ ပ-အုပ်။ ၅၄။
    * စရိယာပိဋက ။ပါဋ္ဌိ။ ၁၄။
 

သင်္ကန်းဘယ်ဘက်တင်တာ ဘာ့ကြောင့်လဲ အမေးအဖြေကဏ္ဍ

အမေး။ ။အရှင်ဘုရား…သံဃာတော်များ သင်္ဃန်းကို ဘာကြောင် ဘယ်ဘက်သို့ ရုံကြတာလဲဘု၇ား။ ညာဘက်ရုံရင်ရော ဘာဖြစ်နိုင်ပါသလဲ။ နောက်တစ်ခုက အလှူပြုခြင်းအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ(သို့မဟုတ်) ပစ္စည်းလှူလိုက်ပါတယ်။ အလှူခံတဲ့သူက ထိုပစ္စည်းကို တစ်ခြားသူတစ်ယောက်ကို ပေးလှူလိုက်ပါတယ်။ ဒါဆိုရင် တပည့်တော်မှ ကုသိုလ်နှစ်ခါရနိုင်ပါသလားဘုရား။
တာလေးရှိလို့ပါ။သံဃာတော်များသင်္ဃန်းကိုဘာကြောင့်ဘယ်ဘက်သို့ရုံကြတာလဲဘုရား။ညာဘက်၇ုံရင်ရောာဘာဖြစ်နိုင်ပါသလဲဘုရား။
နောက်တခုက အလှူပြုခြင်းအကြောင်းပါ။တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ သို့မဟုတ် ပစ္စည်း လှူလိုက်ပြီး ထိုသူက တခြားသူတစ်ဦးဦး အားလှူလိုက်ရင် တပည်တော်မှာ ကုသိုလ်နှစ်ခါရနှိင်ပါသလား။
white devil (နေရပ်မရှိ)

အဖြေ။ ။သင်္ကန်းကို ဘယ်ဘက်ပုခုံးပေါ်တင်ပြီး ရမ်းကြတာနဲ့ပတ်သက်ပြီး စာပေမှာ ရှာကြည့်တဲ့အခါ (ပဌမံ ကေသမဿုံ သြဟာရာပေတွာ ကာသာယာနိ ၀တ္ထာနိ အစ္ဆာဒါပေတွာ ဧကံသံ ဥတ္တရာသင်္ဂံ ကာရာပေတွာ )လို့ မဟာဝါပါဠိတော်၊ မဟာခန္ဓက၊ ပဗ္ဗဇ္ဇူပသမ္ပဒါကထာ မှာ မိန့်တော်မူ ထားတာတွေ့ရပါတယ်။ ထိုပါဠိထဲက ‘ဧကံသံ ဥတ္တရာသင်္ဂံ’ ကိုကြည့်ရမှာဖြစ်တယ်။ ဒီစကားလုံးဟာ အခြားနေရာတွေမှာလဲ တွေ့ရပါတယ်။ အဓိပ္ပါယ်က ရှင်ပြုတဲ့အခါ ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ပယ်ပြီး ဖန်ရည်စွန်းတဲ့သင်္ကန်းကို ဖုံးလွမ်းကာ အပေါ်ရုံသင်္ကန်းကို ပုခုံးတစ်ဖက်မှာ တင်ရမယ် လို့ လာပါတယ်။

ဘယ်ဘက်ပုခုံးမှာတင်ပါလို့တော့ အထူးဝိသေသမပါပါဘူး။ ဒါပေမဲ့ ခေတ်အဆင့်ဆင့်က ဒီလိုပဲ ဘယ်ဘက်ကို တင်လာကြပါတယ်။ နောက်တစ်ခုက ကမ္ဘာမှာရှိကြတဲ့လူများဟာ အများအားဖြင့် ညာဘက်လက်က သန်တာ များကြပြီး၊ လက်နဲ့ပြုလုပ်တဲ့အခါ အများအားဖြင့် ညာဖက်က ပြုလုပ်ကြတာများကြပါတယ်။ ဒါကြောင့်လဲ သင်္ကန်းရမ်းတဲ့အခါ ညာဖက်လက်ကသင်္ကန်းအစကိုင်ပြီး ဘယ်ဘက်ပုခုံး ပေါ်တင်ကြတာ သဘာဝဖြစ်နေပါတော့တယ်။ ပါဠိတော်ကတော့ ဘာ့ကြောင့် ဘယ်ဘက်ပုခုံးတင်ရတာလဲဆိုတဲ့ အကြောင်းပြချက်တော့ အထူးမရှိပါဘူး။
တကယ်လို့ ပညာရှင်များ အဋ္ဌကထာတွေမှာ ရှာတွေ့တယ်ဆိုရင် ထပ်မံဖေါ်ပြပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။
အလှူနဲ့ပတ်သက်ပြီး ကိုယ်လှူလိုက်တဲ့ဒါနအပေါ်မှာ အလှူခံသူက တစ်ခြားတစ်ယောက်ကို ပေးလှူလိုက်တယ်။ဒီလိုပေးလှူလိုက်တဲ့ အကြောင်းကိုလဲ ပထမအလှူရှင်ကသိသွားလို့ ကျေနပ်ဝမ်းမြောက်မှုဖြစ်ရင်တော့ ကုသိုလ်ထပ်ရတယ်။ ဒါပေမဲ့ “ငါကသူ့ကိုသုံးစေချင်လို့ လှူတာ သူကတစ်ခြားသူကို ပေးလိုက်ရကောင်းလား” ဆိုပြီး စိတ်ဆိုးနေမယ်ဆိုရင်တော့ ကုသိုလ်မရနိုင်ပါဘူး။
အမှန်က လှူလိုက်တဲ့ပစ္စည်းကို ရရှိတဲ့သူက အခြားသူအားပေးတာဖြစ်စေ၊မပေးတာဖြစ်စေ အဓိကမဟုတ်ပါဘူး။ ကိုယ်ပြုလိုက် တဲ့ကုသိုလ်အပေါ်မှာပဲ ထပ်ခါတလဲလဲ တွေးပြီး ကြည်နူးဝမ်းမြောက်နေမယ်ဆိုရင် ၀မ်းမြောက်မှုဖြစ်သလောက် ကုသိုလ်ရနေမယ်ဆိုတာပါပဲ၊ အကြိမ်ကြိမ်တွေးရင် အကြိမ်ကြိမ် ကုသိုလ်ရနေမယ်။ ဒါဆိုရင် သဘောရှင်းလောက်ပါပြီ။

ဖိနပ်ခွင့်ပြုတော်မူခြင်း(မဟာဝဂ်ပါဠိတော်မြန်မာပြန်)(၀ိမြန်၃၊၂၇၁)

၂၅၄။ မြတ်စွာဘုရားသည် ရဟန်းတို့ကို " ရဟန်းတို့ ဤသို့လျှင် အမျိုးကောင်းသားတို့သည် အရဟတ္တဖိုလ်ကို လျှောက်ထားကုန၏ မိမိကိုယ်ကို တိုက်ရိုက်အားဖြင့် မဆောင်မကြားပဲ(ရဟန္တာဖြစ်ခြင်း၏)အကြောင်းကိုလည်း ပြောကြား၏။ ထိုသို့ ဖြင့်သင့်ပါလျှတ် အချို့သော (မဂ်ဖိုလ်)မှ အချည်းနှီးဖြစ်သော ယောက်ျားတို့သည် ရယ်ရွှင်ဖွယ်ပြုသကဲ့သို့ အရဟတ္တဖိုလ်ပြောကြားကုန်၏။ ထိုသူတို့သည် နောက်ကာလ၌ ပင်ပန်းဆင်းရဲခြင်းသို့ရောက်ကုန်၏ '' ဟု မိန့်တော်မူ၏။
            ထိုအခါ မြတ်စွာဘုရားသည် အရှင်သောဏကို '' သောဏ သင်သည် နူးညံ့သိမ်မွေ့၏။ သောဏ သင့်အား လွှားချင်းဖိနပ်ကို ခွင့်ပြု၏ ''ဟု မိန့်တော်မူ၏။ '' အရှင်ဘုရား အကျွန်ုပ်သည် လှည်းအစီး ရှစ်ဆယ် ဆိုက်ရသော ရွှေ၊ ငွေ တို့ကိုလည်းကောင်း၊
ဆင်တပ်ပေါင်း ခုနှစ်တပ်ကိုလည်းကောင်း စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ၀င်ရောက်၏။  အရှင်ဘုရား ထိုသို့ဖြစ်ပါလျှတ် အကျွန်ုပ်သည် လွှားချင်းဖိနပ်ကို အကျွန်ုပ်ဆောင်ငြားအံ့၊ ထိုအကျွန်ုပ်အား " ကောဠိဝိသအမျိုး၌ ဖြစ်သော သောဏသည် လှည်းအစီးရှစ်ဆယ်တိုတ်ရသော ရွှေ၊ ငွေတို့ကိုလည်းကောင်း၊ ဆင်တပ်ပေါင်းခုနှစ်တပ်ကိုလည်းကောင်း စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်၏။ ထိုသောဏသည် ယခုအခါ လွှားချင်းဖိနပ်အား ကပ်ငြိတွယ်တာ၏ '' ဟု ပြောဆိုကြကုန်လတ္တံ၊
အကယ်၍ မြတ်စွာဘုရားသည် ရဟန်းအပေါင်းအား ခွင့်ပြုငြားအံ့၊ အကျွန်ုပ်သည်လည်း သုံးဆောင်ပါအံ့၊ အကယ်၍ မြတ်စွာဘုရားသည် ရဟန်းအပေါင်းအား ခွင့်မပြုငြားအံ့ အကျွန်ုပ်သည်လည်း မသုံးပါအံ့ဟု၊လျှောက်ထား၏။
             ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့်တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို '' ရဟန်းတို့ လွှားချင်းဖိနပ်ကို ခွင့်ပြု၏၊ ရဟန်းတို့ နှစ်လွှာဖိနပ်၊ သုံးလွှာဖိနပ်၊ အလွှာများသော ဖိနပ်တို့ကို မဆောင်နှင့်။ ဆောင်သော ရဟန်းအားဒုက္ကဋ်အာပတ်သင့်၏ "  ဟု မိန့်တော်မူ၏။
 
    ဖိနပ်လှူဒါန်းရခြင်းအကျိုး……
  • ဆင်ယဉ်၊မြင်းယဉ်၊ထမ်းစင်သံလျင်ပေါင်း ခြောက်သိန်းရရှိခြင်း။
  • ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း မြခြေနင်း၊ ကမ္ဗလာခြေနင်း၊ ရွှေခြေနင်း၊ ငွေခြေနင်းတို့က ဖ၀ါးလှမ်းတိုင်းခံလာရခြင်း။
  • သံသရာမှ လွတ်မြောက်ရာဖြစ်သော လမ်းသို့သတိတရား ပြေးသွားခြင်း။
  • အကျင့်စင်ကြယ်အောင် သုတ်သင်ခြင်းငှာ သတိပြုမိလာခြင်း။

သင်္ကန်းဖြစ်ပေါ်လာပုံ

ပိတ်စအကောင်းကို ပိုင်းဖြတ်ပြီုးပြန်လည်ချုပ်စပ်ခြင်းဖြင့် သင်္ကန်းကို ပြုလုပ်ရသည်ဟု ဆိုသော်လည်း ကြုံသလို  သင့်တော်သလို ဖြတ်တောက်ချုပ်လုပ်ထားခြင်း မဟုတ်ပါ။ အခန်းများ အစပ်များဖြင့် စနစ်တကျ ပုံစံတကျ ပြုလုပ်ထားခြင်းဖြစ်ပါသည်.။ သင်္ကန်းတစ်ထည် ကိုကောက်ကြည့်လိုက်လျှင် မည်မျှစနစ် ကျသောပုံစံ ဖြစ်ကြောင်းသိနိုင်သည်။
သင်္ကန်းတစ်ထည်တွင်-
၁။ တလုပ်မြောင်းရှည်-ကုသိ၊၊
၂။ တလုပ်မြောင်းတို-အဍ္ဎကုသိ။
၃။ အိမ်ဝန်းကြီး-မဟာမဏ္ဍလ။
၎။ အိမ်ဝန်းငယ်-စူဠမဏ္ဍလ.။
၅။ အလယ်ခေါင်စပ်-ဝိဝဋ္ဋ။
၆။ ခေါင်ရန်စပ်-အနုဝိဝဋ္ဋ။
၇။ လက်လိပ်စပ်(လက်နားစပ်)-ဗာဟန္တ(ဝဲ/ယာ)။
၈။ လည်ပင်းထိရာ အနာပတ်-ဂီဝေယျာက။
၉။ သလုံးမြင်းခေါင်းထိရာ အနားပတ်-ဇင်္ဃေယျ။
အားဖြင့် အင်္ဂါ  ၉  ရပ်၊ အစပ်အလွှာ အခန်းအားဖြင့် ငါးစပ်ငါးလွှာ ငါးခန်းရှိပါသည်။
 
 
အထက်ပါ သင်္ကန်းချုပ်လုပ်ပုံ ပုံစံကို မြတ်ဗုဒ္ဓရှင်တော် ရာဇဂြိုဟ်ပြည်မှသည် ဒက္ခိဏဂီရိအရပ်သို့ ဒေသစာရီ ကြွချတော်မူစဉ် လမ်းခရီးအကြားမှာ တွေမြင်ရသော မဂဓလယ်ကွင်းများကို အရှင်အာနန္ဒာအား ညွှန်ပြကာ ခွင့်ပြုတော်မူခဲကခြင်းဖြစ်သည်။ သီးနှံဖွံနည်းကို နည်းယူကာ သင်္ကန်းချုပ်လုပ်စေတော်မခဲ့ခြင်းဖြစ်ပါသည်။
   သင်္ကန်းတစ်ထည်ကို သာမန်ကြည့်လျှင် အထက် အောက် ခွဲခြားနိုင်စရာ အကြောင်းမရှိပါ။ ဂီဝေယျကခေါ် လည်ပင်းထိရာ အနားပက်သည် အထက်ဖြစ်၍ ဇင်္ဃေယျကခေါ် သလုံးမြင်းခေါင်းထိရာ အနားပတ်သည် အောင်ဖြစ်ပါသည်။
             သင်္ကန်းဝတ်ရုံရာမှာ ဂီဝေယျာကကို အထက်ကထားပြီး ဇင်္ဃေယျကကို အောက်ကထား၍ ၀တ်ရုံရပါသည်။ သင်္ကန်းဝတ်ပုံ အထက်အောက်မှန် သိလိုလျှင် ရဟန်းတော်၏နောက်ကျော ဘက်ကိုကြည့်ပါ။ လည်ပင်းအနားပတ်သည် အပေါ်ကနေလျှင် နောက်ကျောတည့်တည့်မှာ မဟာမဏ္ဍလအိမ်ဝန်းကြီးနှင့် အကိုက်ဖြစ်၍ ချုပ်ရိုးများ မမြင်ရပါ။
အကယ်၍ ခြေသလုံးအနားပက်ကို အောက်ကထားရမည့်အစား အပေါ်ကထား၍ ၀တ်မိ ပါမူ နောက်ကျောဘက်သည် စူဠမဏ္ဍလအိမ်ဝန်းငယ်နှင့် ကြုံကာချုပ်ရိုးများစွာ မြင်နေရပါမည်။
          ဘေးပတ်သည် အနားပက်လေးခုသည် အနားပတ်သာဖြစ်၍ သင်္ကန်းသားတွင် မပါဝင်။ ထို့ကြောင့် ကပ္ပဗိန္ဓုထိုးရာမှာ သင်္ကန်းသား အနားပတ်၏အတွင်းကျကျမှာ ထိုးပါ။ အနားပတ်ပေါ်တွင် မထိုးရပါ။
            ထို့ပြင် ဗာဟန္တခေါ်လက်လိပ်စပ်များတွင်  ကြိုးငယ်ကလေးများ တစ်ခုစီပါရှိသည်။ အထက်ပိုင်းရှိ လက်လိပ်စပ်ကြိုးများကို ချည်နှောင်ခြင်းဖြင့် လက်လိပ်မပြေစေရန် ပြုလုပ်ပေးသည်။ အောက်ပိုင်းရှိ လက်လိပ်စပ်ကြိုးများကို ချည်နှောင်လိုက်လျှင် သင်္ကန်းက လေဘယ်လောကတိုက်တိုက်လွင့်ပါ ကွာဟမသွားဘဲ ရင်ဘတ်မပေါ်စေရန် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ လက်လိပ်ကြိုးငယ်များမှာ တပ်ဆင်ရန် ကမ္ပတ်သီးများလည်းရှိ၏။ ကမ္ပတ်သီးဖြင့် ကြိုးငယ်များကို ချည်နှောင်ရသည်။
           အနားပတ်သည် သင်္ကန်းသားကို ခိုင်မြဲစေရန် ထည့်သွင်းထားခြင်းဖြစ်၍ ပိတ်သားနှစ်ထပ်  ပြုလုပ်ထားကြောင်းတွေ့ရှိပါသည်။

ဝါဆိုသင်္ကန်းပေးလှူဒါန်း ပီတိရင်မှာလွှမ်း

 
ဤလမြတ်ဝါဆိုအချိန်ကာလတွင် သံဃာတော်အရှင်မြတ်များအတွက် ၀ါဆိုသင်္ကန်းကို
ဆပ်ကပ်လှူဒါန်းခွင့်ရခြင်းသည် ..........
မိမိတို့၏ ကြီးမားလှသော ပါရမီအဟုန်တို့ကြောင့် ဖြစ်ပါသည်။ဤ၀ါဆိုသင်္ကန်း (ခေါ်) မိုးရေခံသင်္ကန်းကို
စတင်လှူဒါန်းခွင့်ရအောင် လျှောက် ထားပန်ကြားပေးခဲ့သော ပုဗ္ဖာရုံကျောင်းအမကြီး ၀ိသာခါ၏
ကျေးဇူးတရားကြောင့်ပင်ဖြစ်ပါသည်။ထိုကျောင်းအမသည် ဤ၀ါဆိုသင်္ကန်းကို လှူဒါန်းခွင့်ရခြင်းသည်
လှူဒါန်းနိုင်သောကြောင့်လည်းကောင်း၊ ကျောင်းအမဟူသော အရှိန်အ၀ါကြောင်းလည်းကောင်း၊ ၀ါဆိုသင်္ကန်း(ခေါ်)
မိုရေခံသင်္ကန်းကို လှူဒါန်းခွင့်ရခြင်းမဟုတ်ပါ။ကမ္ဘာတစ်သိန်းကာလတိုင်အောင် ဖြည့်ကျင့်ဆည်းပူးခဲ့သော
ပါရမီတော်အဟုန်တို့ကြောင့် ၀ါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခွင့်ကို ရခဲ့ခြင်းဖြစ်သည်။ထို့အတူ မိမိတို့သည် လည်း
ဝါဆိုသင်္ကန်းကို ဆပ်ကပ်ခွင့်ရအောင် သာသနာတော်နှင့် ဆုံအောင်ပါရမီများကို ဖြည့်ကျင့်ခဲ့ရပြီး ဖြစ်ပါသည်။

လှူဒါန်းနိုင်သော ငွေကြေးဥစ္စာပိုင်ဆိုင်သောကြောင့်လည်းကောင်း၊
သူတစ်ပါး၏တိုက်တွန်းမှုကြောင့်လည်းကောင်း၊အကြောင်းတိုက် ဆိုင်၍ လှူဒါန်းခွင့်ရခြင်းကြောင့်လည်းကောင်း၊
မည်သို့ပင် ၀ါဆိုသင်္ကန်းကို လှူဒါန်းခွင့်ရစေကာမူ မိမိတို့၏ ဘ၀အဆက်ဆက်မှ သူတော်ကောင်းဓါတ်ခံ ပါရမီတို့၏
လှုံဆော်မှုကြောင့် လှူဒါန်းခွင့်ရခြင်းဖြစ်သည်ဟု ၀မ်းသာပီတိဖြစ်နိုင်ပါသည်။

သံဃာတော်အရှင်မြတ်တို့ရေသန့်စင်ရာတွင် သင်္ကန်းမလုံလောက်မှုကို ကြားသိရသော ၀ိသာခါကျောင်းအမသည်
ဝါဆိုသင်္ကန်း(ခေါ်) မိုးရေခံသင်္ကန်းကို ကပ်လှူပူဇော်ခွင့်ရအောင် ဘုရားရှင်အဆက်ဆက်တွင် ကမ္ဘာတစ်သိန်းတိုင်
အောင် ပါရမီအရှိန်သည် ပြည့်လေပြီ။ဆရာကြီး ဦးရွှေအောင်ရေးသားသော ဓမ္မပဒတွင် ဆရာကြီးက ဤသို့ရေးထား
သည်။
"ယခုတော့ အချိန်သည် စေ့ရောက်လေပြီ။ ပွင့်ချိန်တန်သောအခါပွင့်၍ သီးချိန်တန်မှ သီးကြသည်မှာလည်း ဓမ္မတာ
ဖြစ်၏။အမှန်အားဖြင့် လောကတွင် ကြုံကြိုက်ခြင်းဟူ၍ မရှိ။အကြောင်းတရားတို့၏ ပြည့်စုံခြင်းသာ ရှိ၏။အကြောင်း
တရားတို့၏ ပြည့်စုံခြင်းကို အပြည့်အစုံမခွဲခြားနိုင်သောအခါ ကြုံကြိုက်ခြင်းဟူ၍ ဆိုကြ၏။ဝိသာခါ ကျောင်းအမကြီး
သည်ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရ မြတ်စွာဘုရားထံတော်၌ စိုက်ပျိုးခဲ့သော မိမိ၏ကောင်းမှုမျိုးစေ့သည် ယခု
ဂေါတမမြတ်စွာဘုရား၏ လက်ထက်တော်၌ အသီးသီးပေပြီ။မျိုးစေ့ကို စိုက်ပျိုးခြင်းနှင့် မျိုးစေ့မှ အသီးသီးခြင်းတို့ကား
နှစ်ပေါင်းကမ္ဘာတစ်သိန်းကြာ၏။မျိုးစေ့၏ ဓမ္မတာပင်ဖြစ်၏။မျိုးစေ့၏ အသီးအနေဖြင့် ၀ိသာခါသည်ဆုရှစ်ပါးကိုလည်း
ကောင်း၊ ဧတဂဒ်ကို လည်းကောင်းရမည်ဖြစ်၏။
ဆုရှစ်ပါးဟူသည်မှာ-
၁။သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း(၀ါဆိုသင်္ကန်း) ကိုလှူဒါန်းခွင့်ရခြင်း
၂။အာဂန္တုက ဧည့်သည်ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
၃။ဂိလာန ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
၎။သူနာပြုရဟန်းတို့အား ဆေးဝါးလှူဒါန်းခွင့်ရခြင်း
၅။ခရီးသွား ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
၆။အမြဲတမ်း ယာဂု လှူဒါန်းခွင့်ရခြင်း
၇။ဘိက္ခူနီသံဃာအား ရေသနုပ်သင်္ကန်းကို လှူဒါန်းခွင့်ရခြင်း
တို့ဖြစ်ကြ၏။"
သာသနာတော်၌ အရှင်ကောင်းတို့အား လှူဒါန်းခွင့်ရခြင်းသည် နှယ်နှယ်ရရ ဘုန်းကံမဟုတ်။ ယင်းသို့လှူဒါန်းခွင့်ရ
ခြင်းကို ကျမ်းဂန်များ၌ သာသနာပြုခွင်းရခြင်းဟူ၍ ဆိုပါ၏။အမှန်အားဖြင့် ဘုန်းကံနှင့် ပြည့်စုံသူများသာ သာသနာပြု
ခွင့်ရကြ၏။သာသနာပြုခြင်းနှင့် ပတ်သတ်၍ ရတနာသုံးပါးအား ပစ္စည်းလေးပါးလှူဒါန်းခြင်းကို အပြင်ပုံသဏ္ဍာန်အနေ
ဖြင့်တွေ့ရမည်ဖြစ်သော်လည်း အတွင်းသရုပ်အနေဖြင့်မူ တဏှာလောဘသတ်ခြင်းကို တွေ့ရမည်ဖြစ်၏။
အမှန်အားဖြင့် လောက၌တကယ်ချမ်းသာအောင် အားထုတ်ခြင်းဟူသည်မှာ မိမိတို့၏ သန္တာန်၌ ကိန်းနေသော တ
ဏှာလောဘကို သေအောင်သတ်ခြင်းသာဖြစ်၏။ပစ္စည်းလေးပါး လှူဒါန်း၍ လူစည်းစိမ်၊နတ်စည်းစိမ်၊ဗြဟ္မာစည်းစိမ်
ကိုရည်မျှော်ခြင်းသည် အနှစ်သာရအားဖြင့် သာသနာပြုခြင်းမဟုတ်။ကုန်သွယ်ခြင်းသာဖြစ်၏။ ထိုကြောင့် အလှူဒါန
ပြူကြရာ၌ ကုန်သွယ်ခြင်း သဘော မသက်ရောက်ရလေအောင် အလှူဒါန၏ အတွင်းသရုပ်ကို မြင်အောင်ကြည့်ရ၏။
ထို့ကြောင်း မိမိတို့သည် ထူးကဲသော ပါရမီအဟုန်တို့ကြောင့် လှူဒါန်းခွင့်ရသော ၀ါဆိုသင်္ကန်းကို ကုန်သွယ်ခြင်းသ
ဘောမဖြစ်စေဘဲ ဘ၀အဆက်ဆက်မှ သူတော်ကောင်းဓါတ်ခံ ပါရမီအဟုန်ကြောင့် လှူဒါန်းခွင့်ရသည်ဟု ၀မ်းသာ
ပီတိဖြစ်သင့်ပါသည်။ သာသနာတော် နှင့်ကြုံခွင့်ရကာသံဃာတော်တို့အား ၀ါဆိုသင်္ကန်း ဆပ်ကပ်ခွင့်ရခြင်းကို မိမိတို့
သည် ၀ိသာခါကျောင်းအမသို့နှယ် ပါရမီမျိုးစေ့မှ အပင်ပေါက်ကာ သာသနာနှင့်တွေ့ကြုံအောင် မည်မျှဖြည့်ဆည်းခဲ့
ရမည်ဟု တွေးဆကာ ၀မ်းသာစေလိုသော စေတနာဖြင့် ဤစာစုကို မျှဝေလိုက်ပါတယ်။

ကထိန်ဆိုသည်မှာ

ကထိန်ခင်းလှူသဖြင့် ရရှိသောအကျိုးတရားငါးပါးကို ပျက်စီးမသွားစေရန် ခိုင်ခန့်စေတတ်သောကြောင့် ကထိန် ဟုခေါ်သည်။ ဘုရားစသော သူတော်ကောင်းအပေါင်းတို့က လေးစားကြည်ဖြူ ချီးမွမ်းတော်မူကြသောကြောင့်လည်း ကထိန် ဟုခေါ်သည်။ အလှူမှာ ကထိန်၊ ဆွမ်းမှာပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ်ဟူ၍ ရှေးဆရာမြတ်တို့၏ တန်ဖိုးရှိလှသော စကားစဉ်ကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနေကြဖြစ်သည်။ ထူးမြတ်ပါပေ့ ကထိန်အကျိုး ကထိန်နှင့်ပတ်သတ်၍ ပကိဏ္ဏကကျမ်းမှာ­ အဆင်တန်ဆာအပြည့်အစုံနှင့်ဆင်ယာဉ်ရာချီ၍လှူသည့်အလှူ၊ မြင်းယာဉ်ရာချီ၍ လှူသည့်အလှူ၊ အဿတိုရ်အာဇာနည်မြင်းယာဉ် ရာချီ၍ပေးလှူသည့်အလှူ၊ (ယခုခေတ်အရ အဆင့်အတန်းအမြင့်ဆုံး ကားယာဉ်စသည့် ယာဉ်မျိုးစုံရာချီ၍လှူသည့်အလှူ) ၊ ဝတ်စားတန်ဆာရတနာအပြည့်အစုံ  ဆင်မြန်းထား သည့်မိန်းမပျိုရာချီ၍ လှူသည့် အလှူများသည် ကထိန်ခင်းလှူ၍ရရှိသော ကုသိုလ်အကျိုးကို ၂၅၆ စိတ် စိပ်၍ တစ်စိတ်ကလေးကုသိုလ်ကိုမျှ မမှီနိုင်ဟု ရေးသားထားသည်။ ရတနာခုနှစ်ပါးတို့နှင့် အပြည့်အစုံစီခြယ်ထားသောရတနာပလ္လင်တော်ပေါင်း ၈သောင်း ၄ ထောင်နှင့်အတူ စုလစ်မွန်းချွန်အထွဋ် တပ်လျှက် အဆင့်အတန်းအမြင့်ဆုံး ကျောင်းတော်များဆောက်လုပ်ကာ ဤ ပထဗျာမြေပြင်မှနေ၍ အမြင့်ဆုံးဘုံဖြစ်သည့်အကနိဋ္ဌဗြဟ္မာနိုင်ငံတော်အထိ ပြည့်နေအောင်ရှစ်သောင်းလေးထောင်မျှ အရေအတွက်ရှိကျောင်းတော်ကြီးများ ဆောက်လုပ်လှူဒါန်းသည့်အလှူ၊ ထိုကျောင်းတော်ကြီးများထဲတွင် သင်္ကန်းသပိတ် ပရိက္ခရာ ၈ပါး အပြည့်အစုံထည့်လှူသည့်အလှူ၊ ရတနာ ၇ပါးကိုစုပုံပြီး  ထိုအမြင့်ဆုံး နိုင်ငံတော်အထိမြင့်မားလောက်အောင် လှူသည့်အလှူများ သည် ကထိန်တစ်ကြိမ် ခင်းလှူသည့်အလှူကို၂၅၆စိတ် စိပ်၍ရရှိသည့် ကုသိုလ်တစိတ်ကလေးမျှကို မမှီနိုင်သေးကြောင်းဖော်ပြ သည်။
 
 အလှူမှာ ကထိန် …
အလှူမှာ ကထိန်အလှူဟာ အမြတ်ဆုံးဟူ၍ သတ်မှတ်မိန့် ကြားတော်မူကြသည်မှာ
အကြောင်းရှိသည်။
ဘာကြောင့်ကထိန်မြတ်သလဲ၊ ဒီမေးခွန်းနှင့်ပတ်သက်၍ စာရေးသူကိုယ်တိုင်
မှတ်ရလွယ်အောင် ကဗျာတစ်ပုဒ် စီကုံးထားပါသည်။
သံဃိကမို့ လှူကျိုးမြတ်သည်၊
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
ကာလဒါန လှူရမြတ်သည်၊
မိုးပေါ်ကျ ဒါနထူးမြတ်သည်။
သံဃိကမို့ လှူကျိုးမြတ်သည်။


ကထိန်အလှူဒါနသည် သင်္ကန်းအလှူဖြစ်သည်၊ ဒါယိကာ ဒါယိကာမ
များလှူဒါန်းကြသည့် သင်္ကန်းအများစုထဲမှ
သင်္ကန်းတစ်ထည် ဖြင့်သာ ကထိန်ခင်းလှူရပါသည်။ သံဃာတစ်ပါးအတွက် ဘုရားရှင်မှ
သင်္ကန်းသုံးထည်
အမြဲဆောင်ထားရန် ခွင့်ပြုခဲ့ပါသည်။ ပခုံးပေါ်တင်ရန် သို့မဟုတ် ခြုံလွှမ်းဝတ်ဆင်ရန်
(၁) ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်း (၂) ကိုယ်ပေါ်မှာ ဝတ်ရုံဆင်မြန်းရန် ဧကသီခေါ်
သင်္ကန်း (၃) အောက်ပိုင်းကိုယ်ဝတ်ခါးမှာ
ဆင်မြန်းဝတ်ရသည့် သင်းပိုင် အားဖြင့် သုံးထည်ဖြစ်သည်။
ထိုသုံးထည်တွင် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်းရပါသည်။ ကထိန်လှူကြမည့်
ဒါယိကာ ဒါယိကာမ များက ကထိန်အ
တွက်ရည်မှန်းသော သင်္ကန်းလှူဖွယ်ကို လှူဆဲခဏမှာ ပုဂ္ဂိုလ်သို့
စိတ်မညွတ်စေဘဲ မိမိကထိန်ခင်းမည့် ကျောင်းတိုက်ရှိ သံဃာအားလုံးကို
စိတ်ညွတ်စေကာ သံဃာပိုင်ဖြစ်သွားအောင် သံဃာကို ရည်မှန်း၍ ကထိန်ခင်းရန်
သင်္ကန်းကို လှူတန်းရပါမည်။
သံဃာဟူသည် ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတို့ကို ဆိုလိုပါသည်။
ပုဂ္ဂိုလ်တဦးဦး အနေဖြင့် မဟုတ်တော၊့ ခင်မင်စရာ စွဲလန်းစရာ
မဖြစ်နိုင်တော့ပါ၊ (သို့မဟုတ် ဗုဒ္ဓ ဘုရားရှင်၏
သားအားလုံးသို့ရောက်အောင် စိတ်ညွတ်ပေးထားလိုက်ပါ)၊ ထိုကဲ့သို့
စိတ်ညွတ်လှူဒါန်းနိုင်လျှင် သံဃိက ဒါနအလှူဖြစ်ပြီး၊ ထိုအလှူသည်
ဥပါဒါန် အစွဲကင်းသည့် အလှူဖြစ်၍ ထူးခြားသည့် အလှူဟု
လည်းဆိုနိုင်ပါသည်။
ကထိန်အလှူရှင်များမှာ ကထိန်အလှူသင်္ကန်းကို သံဃိကဒါန ပေးလှူရသည်၊ ပြီးမှ
သံဃိက၊ သံဃာပိုင် ရလိုက်ပြီးဖြစ်သော ထိုသင်္ကန်းကို
ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတော်များက ဝိနည်းတော်နှင့်အညီ အဆင်းရဲဆုံး၊
အနွမ်းပါးဆုံး၊ အချို့တဲ့ဆုံး သံဃာကို ရွေးချယ်စိစစ် ၍ ထိုသင်္ကန်းကို
သိမ်ထဲတွင် ကမ္မဝါစာနှင့်ရွတ်ဆို အတည်ပြုကာ သံဃာ့ဆန္ဒနှင့်အညီ
ရွေးချယ်ထားသော ရဟန်းတော်အားကထိန် သင်္ကန်းကိုပေးအပ် ရမည်။
ထိုရဟန်းသည်လည်း ကထိန်အကြောင်းနှင့်ပတ်သက်၍ နားလည်/ကျွမ်းကျင်မှု
ရှိရမည်။ ကထိန်ခံယူမည့် ရဟန်းတော်မှာ ဝါကျိုးပျက်ခြင်းမျိုးလည်းမရှိစေရ။
ထိုကထိန် သင်္ကန်းကို ရရှိပိုင်ဆိုင်သော ရဟန်းတော်က
“အရှင်ဘုရားတို့ဤအပေါ်ရုံ သင်္ကန်းဖြင့် တပည့်တော်မှ ကထိန်ခင်းပါ၏” ဟု
နှုတ်မြွတ်ရွတ်ဆိုကာ “ဝိနည်းတရားတော်နှင့်အညီ
သံဃာတော်များအား ကထိန်ခင်းပြီးပါပြီ အရှင်ဘုရား၊
ထိုကထိန်အလှူအတွက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူကြပါ”(သာဓုခေါ်တော်မူကြပါ)
ဟူ၍လျှောက်ထားရမည်။ ကျန်သံဃာတော်များမှ ထိုအလှူကို ဝမ်းမြောက်ပါ၏
ဟူ၍သာဓုခေါ်သည်နှင့်တပြိုင်နက်၊ အနုမောဒနာ သာဓုခေါ်သော ရဟန်းတိုင်း
နောက်ပိုင်းတွင်ဖေါ်ပြမည့် ဝိနည်းကံမှ(၅)လ လုံးလုံး
ကင်းလွတ်ခွင့်ရရှိကြသည်။
ကထိန်အလှူမွန်မြတ်ရခြင်းသည် ထိုကဲ့သို့ထူးခြား၍ သံဃာတော်များအားလာဘ်လာဘ
ဖြစ်ထွန်းကာ ချမ်းသာစေခြင်း
ကြောင့် မွန်မြတ်ရခြင်းဖြစ်ပါသည်။
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
သာသနာတော်တွင် မည်သည့်ဒါနမျိုးမှ ရှင်တော်ဗုဒ္ဓ ပညတ်ထားသော
သိက္ခာပုဒ်တော်ကို လျော့ပါး၍မရစေနိုင်ပါ၊ဤ
‘ကထိန်’ အလှူတစ်ခုကသာလျှင် အောက်၌ဖေါ်ပြမည့် ဝိနည်းသိက္ခာပုဒ်(၅)
မျိုးကို (၅)လအထိကျင့်သုံးစရာမလိုအပ်ပဲ
ကင်းလွတ်ခွင့်ရ ရှိပေသည်။
(၁) ရဟန်းတစ်ပါးသည် နေ့လည်နေ့ခင်းမြို့ထဲရွာထဲ ကြွချင်လျှင်
ကျောင်းတိုက်ရှိ ဆရာတော်(သို့မဟုတ်)ထင်ရှားရှိနေသည့်ရဟန်း
တော်တစ်ပါးပါးကို လျှောက်ထားပြီးမှ ကြွ၍ရသည်၊ မပန်ကြားပဲကြွပါက
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၂) ရဟန်းတော်များမှာ နှစ်ထပ်သင်္ကန်း(ဒုကုဋ်) ကိုသွားရာတိုင်း
ယူဆောင်၍သွားရသည်၊ ယူဆောင်မသွားပါက ထိုသင်္ကန်းနှင့် နှစ်ရက်
သုံးရက်လောက် ကင်းကွာနေသော အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ
ကင်းလွတ်ခွင့်ရခြင်း။
(၃) ရဟန်းတော်တစ်ပါးကို ဒါယိကာ ဒါယိကာမ တစ်ဦးဦးက
ဆွမ်းစားမပင့်တတ်၍ တပည့်တော်တို့အိမ်ကို ထမင်းစားကြွပါဟု ပင့်သည်ကို
ဘုဉ်းပေးမိလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၄) ရဟန်းတစ်ပါးတွင်ရရှိလာသော မိမိပစ္စည်းကို (၁၀)ရက် အတွင်း
သတ်သတ်မှတ်မှတ် ရွတ်ဆိုစီစဉ်ထားခြင်းကို အဓိဋ္ဌာန်
ဝိကပ္ပနာပြုသည်ဟုခေါ်သည်။ ထိုကဲ့သို့ မစီစဉ်ထားပါက ၁၀ရက်ကျော်သည်နှင့်
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၅) ဒါယိကာ ဒါယိကာမ တစ်ဦးဦးက ကျောင်းတိုက်သို့ ပစ္စည်းတစ်ခုခုကို သံဃိက
လာလှူခဲ့လျှင် ဧည့်သည် အာဂန္တုရောက်နေပါ ကဧည့်သည်အပါအဝင် ဝေစုကိုပေးရမည်၊
မပေးလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
ရဟန်းတော်များမှာ ဖေါ်ပြခဲ့သည့် အကျိုးတရားငါးမျိုးကို
ကထိန်အာနိသင်ရရှိသော အချိန်မှတပေါင်းလပြည့်နေ့အထိ
အပြစ် မသင့်ပဲ ခံစားခွင့်ရရှိသောကြောင့် ကထိန်အလှူသည် မွန်မြတ်လှပေသည်။
ရဟန်းတော်များမှာအကျိုးငါးပါးရရှိသကဲ့သို့
ကထိန်အလှူရှင်များမှာလည်းအကျိုးတရားငါးပါးကိုရရှိနိုင်ကြောင်း
ဆရာ့ဆရာ မထေရ်ကြီးများမှမိန့်ကြားတော်မူခဲ့ကြသည်။
ကထိန်လှူရမြတ်ဖလ မှတ်ကြပါလေ ငါးမျိုးပေ
(က) မပန်မကြား၊မခစား လာသွားနိုင်ပေ၊ ရပ်ထွေထွေ။
(ခ) ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျှက်ပေ၊ ရန်ကင်းချေ။
(ဂ) ဝတ်စားဖုံဖုံ၊လွန်ပြည့်စုံ၊ကုံလုံကျက်သရေ၊လက်လက်ဝေ။
(ဃ)မိစ္ဆာအပင်း၊ရန်မျိုးကင်း၊ရှင်းရှင်းလွတ်ပေ၊ရန်မျိုးတွေ။
(င) စည်းစိမ်ဖြိုင်ဖြိုင်၊လွန်ကြံ့ခိုင်၊စိုးပိုင်လှပေ၊တင့်ဖြိုးဝေ။
( ဤကဗျာကို အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးရေးသည်ဟုမှတ်သားမိပါသည်။)
ကထိန်အလှူ ရှင်များသည်ဖြစ်လေရာဘဝတိုင်း၌…
(က) ဖြစ်လေရာပတ်ဝန်းကျင်တွင် ဇနီးသည်က ခင်ပွန်းသည်ကို၊ ခင်ပွန်းသည်က
ဇနီးသည်ကို၊ သားသမီးများက မိဘကို ကြောက်ရွံ့  စရာမလိုပဲ
မိမိတို့သွားလိုရာသို့ ချုပ်ချယ်ခြင်းကင်းစွာဖြင့်
လွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ခြင်း။
(ခ) မိမိပိုင်ပစ္စည်းကို ရန်သူမျိုးငါးပါးက မဖျက်ဆီးနိုင်ခြင်း၊
မေ့ကျန်ခဲ့သောပစ္စည်းနှင့် ပျောက်ဆုံးသွားသည့် ပစ္စည်းများကိုလည်း
အလွယ်တကူပြန်လည်ရရှိနိုင်ခြင်း။
(ဂ) အဝတ်အစားနှင့်ပတ်သက်၍ မမွေးခင်ကပင် လက်ဆောင်တပုံတပင်
ကြိုတင်ရရှိနေခြင်း၊ ခေတ်ပေါ်အကောင်းဆုံး
အဝတ်အထည်များကိုလည်း လိုသည်ထက်ပိုလွန်အောင်ရရှိခြင်း။
(ဃ) မလိုလားသူများမှ ပြုစား၍မရနိုင်ခြင်း၊ အစားအစာအဆိပ်အတောက်မဖြစ်နိုင်ခြင်း။
(င) ဖြစ်လေရာဘဝတွင် ဓနငွေကြေး၊အသုံးအဆောင်ပစ္စည်းဥစ္စာ ပြည့်စုံ
ပေါများကြွယ်ဝရခြင်း စသောကောင်းမြတ်သည့်
ကောင်းကျိုးများကိုရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


ကာလဒါန လှူရမြတ်သည်၊
ကထိန်အလှူသည် ကာလဒါနအလှူဖြစ်၍ မွန်မြတ်သည်။ ဘုရားရှင်က ကထိန်အလှူကို
သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မှတန်ဆောင်မုန်းလပြည့်နေ့အထိ
တစ်လခွင့်ပြုသည်။ အချိန်အခါနှင့် ကန့်သတ်၍သာလှူခွင့်ရှိသော
ရှားရှားပါးပါး လှူရသော ဒါနမျိုးဖြစ်၍ ထူးမြတ်သည်။
ထိုခွင့်ပြုချက်တစ်လတွင် ကြိုက်ရာရက်တစ်ရက်၊ ထိုတစ်ရက်တွင်လည်း
တစ်ကြိမ်သာ လှူရသောဒါနထူးဖြစ်သည်။ လှူသည့်အခါတွင်လည်း
ယနေ့လှူသောကထိန်သင်္ကန်းကို ကထိန်အလှူခံ သံဃာတော်များ အနေဖြင့်
ယနေ့ပင်လျှင် ဝိနည်းကံနှင့်အညီ နေ့ချင်းပြီး ကထိန်ခင်းရသည်။
နောက်နေ့အရုဏ်ကူးသွားလျှင်ထိုသင်္ကန်းသည် ကထိန်ခင်းနိုင်ခြင်း မရှိတော့ဘဲ
ပုပ်သိုးသွားတော့သည်။ထို့ကြောင့် ကထိန်သင်္ကန်းကို မသိုးသင်္ကန်းဟူ၍လည်း
တင်စားခေါ်ဝေါ်ကြသည်။
မိုးပေါ်ကျ ဒါနထူးမြတ်သည်။
ကထိန်အလှူသည် အလွန်သန့်ရှင်းဖို့လိုအပ်ပါသည်။ ကျောင်းတိုက်ရှိ
ရဟန်းတစ်ပါးပါးက ‘ဒကာမကြီးတို့ ဦးဇင်းတို့ကျောင်း မှာဒီနှစ်
ကထိန်မရှိဘူး’ ဟု ကထိန်ရချင်၍ ကြိုတင်ကာ
ရေလာမြောင်းပေးသဘောမျိုးနှင့် ပြော၍ခင်းပေးသော ကထိန်အလှူသည်
ကထိန်မမြောက်တော့၊ ကထိန်မဟုတ်တော့ပေ။
ထိုကထိန်ကိုခံယူမည့်ကျောင်းမှ သံဃာတော်တစ်ပါးပါးက
နှုတ်မြွတ်ပြောကြားခြင်းမပါရှိပဲ မိုးပေါ်ကျ မိုးရေပေါက် မိုးရေစက်
ကဲ့သို့ အငြိအတွယ်ကင်းပြီး သဒ္ဓါ သန့်သန့်စင်စင်ဖြင့်လာလှူသော
အလှူမျိုးဖြစ်ရမည်။ ထိုကဲ့သို့ စင်ကြယ်သော အလှူဖြစ်ခြင်းကြောင့်
ကထိန်အလှူသည် မွန်မြတ်ပေသည်။

ကထိန်ဖြစ်ရန် အကြောင်းဖန်

ကထိန်ဖြစ်ပေါ်လာရသောသမိုင်းကြောင်းနောက်ခံမှာဤသို့ဖြစ်သည်….။
စိုစွတ်သည့် မိုးရာသီသုံးလအတွင်း ခရီးသွားလာခြင်းရပ်ဆိုင်း၍
ကျောင်းတိုက်ထဲတွင် ဝါဆိုဝါကပ်ကာ ပရိယတ်၊ ပဋိပတ်
သာသနာ့အလုပ် ကိုအားထုတ်တော်မူကြသည့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား
ဝါကျွတ်ပြီးသည်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားဝယ်နိုးကြားလာသည်ကား
“ကထိန်လှူမည်” ဟူ၍ဖြစ်သည်။
ထိုကထိန်အလှူ လှူဖြစ်ရန် အကြောင်းက ရှေးခတ်တုန်းက
သင်္ကန်းအလွန်ရှားပါးခဲ့ကြသော ကောသလ ဘုရင်မင်းနှင့် အဖေတူ အမေကွဲ
ညီနောင်ရဟန်းသုံးဆယ် တို့ကို အကြောင်းပြု၍ ရှင်တော်ဘုရားက ထိုအလှူကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ဘုရားရှင်သည် သာသနာပြုခရီး တစ်ထောက်ကြွချီတော်မူရင်း
ကပ္ပါသိကတောအုပ်အတွင်း ထိုညီနောင် သုံးဆယ် တို့ကို
တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
ထိုညီနောင် သုံးဆယ်တို့သည် ချစ်ဇနီးမယား ကိုယ်စီနှင့် တောအုပ်ထဲသို့
ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ သုံးဆယ်ထဲတွင် တစ်ဦးသော မင်းသားမှာ
ကိုယ်ပိုင်ဇနီးမယားမရှိ၍ အပျော်မယ်တစ်ဦးကို ငှါးရမ်းခေါ်ဆောင်လာခဲ့ခြင်းက
မင်းသားသုံးဆယ်တို့ကိုကျွတ် တမ်းခရီးဆီတို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။
မင်းသားသုံးဆယ်တို့သည် တောအုပ်အတွင်း ပျော်ပွဲကြီး ဆင်ယင်ကျင်းပရင်း
မောပန်းကာ အိပ်မောကျ ကုန်ကြသည်။ အပျော်မယ်ကတော့ မအိပ်ပျော်နိုင်ပေ။
သူမမှာ မင်းသားတို့လောက် မပြည့်စုံသည့်အတွက် အကွက်ကောင်းကို
ချောင်းကာသောက်စား ယစ်မူး၍ အိပ်ပျော်နေကြသော မင်းသားတို့၏
ကောင်းနိုးရာရာ ရတနာများကို ချွတ်ယူထွက်ပြေးလေသည်။ အိပ်ရေးဝ၍
နိုးထလာမှ အကြောင်းစုံသိရှိရပေသည်။
ထိုအမျိုးသမီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်ရန်
ဓါးလှံတဝင့်ဝင့် ရှာပုံတော်ဖွင့်ကြတော့သည်။
သို့ရာတွင် ရှာသည်က အပျော်မယ်၊ တွေ့သည်က ရှင်တော်ဗုဒ္ဓ…။
ရှင်တော်ဗုဒ္ဓကို ဝိုင်း၍ မေးကြတော့သည်၊
အရှင်ဘုရား…… ဤနေရာမှ အမျိုးသမီးတစ် ဦး ရတနာထုပ်နှင့် ပြေးသွားသည်ကို မြင်လိုက်ပါသလား….တဲ့…။
သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဖန်ခွက်ထဲတွင်ရေကို မြင်သကဲ့သို့
ကောင်းစွာမြင်နိုင်တော်မူသော ဗုဒ္ဓက၊ မင်းသားတို့ အား
မိန်းမပျောက်ကိုရှာတာနှင့် မိမိကိုယ်ကို ရှာတာ ဘယ်ဟာကအကျိုးရှိသနည်းဟု
မေးခွန်းစတင်လိုက်ရာ ပါရမီရှင် မင်းသားများအ လိုအလျောက်
ဒူးများကွေးညွတ်သွားရင်း မိမိကိုယ်တိုင်ပင် မိမိကိုယ်တွင်ရှာတာ
ကောင်းကြောင်းပြိုင်တူလျှောက်ထားမိကြသည်။
ရှင်တော်ဗုဒ္ဓ မိန့်ခွန်းတော်မြတ်သည်၊ မင်းသားတို့အတွက်
မဂ်ဖိုလ်လမ်းကို ဖြောင့်တန်းစေခဲ့သည်။ သူတို့သည်
ယခင်ဘဝများစွာသံသရာ တစ်ကွေ့က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် တုဏ္ဍိလ
ဝက်ဘဝဖြစ်ခဲ့ရသည့်တချိန် ပျော်ပွဲစားပြုလုပ်ရန် ဝက်သားလို အပ်၍
ဗုဒ္ဓအလောင်းတော်ဝက်နှင့် ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေးတို့အား
ဝက်ပိုင်ရှင် အဖွါးအိုကို အရက်တိုက် ကာရောင်းစေခဲ့သည်။
ထိုအခါ ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေး သေဘေးကိုကြောက်လှ၍
နောင်တော်အနားတွင် ငိုယိုသည်ကိုတရား
စကားပြောရင်း ထိုမင်းသားညီနောင်သုံးဆယ်တို့အားလည်း တရားသံဝေဂ
ရစေခဲ့သည့်အပြင် တစ်သက်လုံး ဒါန၊ သီလ၊ ကုသိုလ် တိုး ပွားစေခဲ့သည်။
ထိုပါရမီမျိုးစေ့တို့သည် ယ္ခုဖူးပွင့်ခွင့် ကြုံရပေပြီ။
ဗုဒ္ဓစကားသည် ဟုတ်မှန်ပေသည်။ တစ်သံသရာလုံး ကိုယ့်ခန္ဓာကို
ဥာဏ်နဲ့ရှာကြည့်ရန်ကို မရှာတတ်၊ ရှာရကောင်းမှန်းမသိ၍ သူ များကိုပဲ
ရှာဖွေခဲ့ကြသည်။ သူများကိုရှာသဖြင့် မိမိတွင် ဒုက္ခရှည်ရန်
ဖန်တီးစုဆောင်းကြသည်။ အကုသိုလ် အပြစ်ကြွယ်သထက် ကြွယ်အောင် နေ့ရောညပါ၊ နေ့မအားညမနား စုဆောင်းတတ်ခဲ့ကြသည်။ အကြောင်းပြည့်စုံသည်နှင့် ထိုအကြောင်းများက အကျိုးတရားတစ်ခုစီ ထုတ်လုပ်ပေးသည်ကို အပါယ်တွင် ခါးစည်း၍ခံစားခဲ့ရသည်။ အိုဘေးတွေ အထပ်ထပ်၊ နာဘေးတွေ အဖုံဖုံ၊ သေဘေးတွေ အလောင်းချင်းထပ် မြေကြီးထု ယူဇနာချီ တိုးတက်လာအောင် အကြောင်းတွေကို အကျိုးလုပ်ပြီး ပေးဆပ်ခဲ့ရသည်မှာ ဆိုတာမသိတော့လောက်အောင်ဖြစ်ခဲ့ပြီ။
မိမိကိုယ်ထဲ ဥာဏ်နဲ့ရှာကြည်တော့မှ ငါမတွေ့ သူမတွေ့ပဲ ဖေါက်ပြန်ပြောင်းလွဲနေသည့် ရုပ်၊လက်သင့်ခံစားနေရသည့်ဝေဒနာ၊ အမှတ်အသားပြုပေးနေရသည့် သညာ၊မှတ်နှိုင်ဖို့ခံစားနှိုင်ဖို့ သိနှိုင်ဖို့ အမြဲတမ်းတွန်းအားပေး နေရသည့် သင်္ခါရ၊မသိပဲနေ၍မရ သိပေးနေရသည့် စိတ် အပေါင်းအစုကိုသာ တွေ့ရှိနေရပေသည်။
တရားနှင့်ကြည့်ရင်းက သူတို့၏ခန္ဓာတွင်အရှုခံ တရားလေးတွေ၏မမြဲမှုကို
ရှုဥာဏ်နှင့် ကောင်းကောင်းမြင်၊ မကြည့်ချင်တော့ လောက်အောင်
ဥာဏ်မုန်းမုန်းကာ၊ ဒုက္ခဆုံးသွားတော့မှ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို
ဥာဏ်အမြင်နှင့် မြင်တွေ့ သွားကြပေလိမ့်မည်။
နိဗ္ဗာန်ကိုမြင်ရမှ ဒုက္ခဖြစ်ကြောရှည်အဖြစ်မှ
လွတ်မြောက်ကြောင်းကိုသဘောပေါက်ကြလိမ့်မည်။
ပါရမီရှင် မင်းသားသုံးဆယ်တို့မှာ ရှင်တော်ဗုဒ္ဓ၏ သစ္စာစကားအဆုံးမှာ
သောတာပန်အောက်မနည်း အနာဂါမ်ထက်မပို မင်းသားအားလုံးသည်ပင် အရိယာစင်စစ် ဧကန်ဖြစ်သွားကြတော့သည်။ ရဟန်းပြုပေးရန်တောင်းပန်မှုကြောင့် ‘ဧဟိဘိက္ခု’
ရဟန်းတော်များဖြစ်ခဲ့ကြရသည်။ ရဟန်းဖြစ်ဖို့ရန် ပင်ပန်းခြင်းမရှိသည်မှာ
အတိတ်ဘဝ တစ်ချိန်ချိန်က သင်္ကန်းသပိတ်လှူခဲ့သော ပါရမီကုသိုလ်မျိုးစေ့
စိုက်ခဲ့မှုကြောင့်ဖြစ်၏။ ထိုကဲ့သို့ ကုသိုလ်မျိုးမရှိပါက သပိတ်သင်္ကန်း
မပြည့်မချင်း လိုက်ရှာနေရပေအုံးမည်။ ယ္ခုတော့ ရှင်တော်ဗုဒ္ဓက
လူဝတ်ကြောင်ဖြစ်သောထိုသူတို့ကို ‘ဧဟိဘိက္ခု’ ‘ချစ်သားရဟန်း လာခဲ့လော့’
ဟုခေါ်လိုက်သည်နှင့် လူ့အသွင်ပျောက်ကာ အားလုံးသပိတ်လွယ်ပြီးသား င်္ကန်းဝတ် ရုံပြီးသား အဆင်သင့်ရဟန်းတော်များဖြစ်ခဲ့ကြသည်။ ထိုမင်းသားသုံးဆယ်တို့အရိယာဖြစ်သွားပြီးနောက်သာသနာမှာခိုင်မာစွာရပ်တည်
နေနိုင်ပြီဟုသိရှိတော်မူပြီးသောရှင်တော်ဗုဒ္ဓသည်သာသနာပြုခရီးဆက်လက်ကြွချီတော်မူခဲ့တော့သည်။
ထိုရဟန်းတော်မြတ်အသစ်စက်စက်သုံးဆယ်တို့သည်
အရိယာအဖြစ်နှင့်တစ်ကြိမ်မျှသာ ဖူးခွင့်ရလိုက်သည့် ဗုဒ္ဓရုပ်ပုံတော်၊
တစ်ကြိမ်မျှသာ နာကြားခွင့်ရလိုက်သော ချိုမြိန်ကောင်းမြတ်လှသည့်
တရားတော်အသံတို့ကို ဆက်လက်ဖူးမြှော်လို၊ နာကြားလိုသောသဒ္ဓါ
ဆန္ဒပြင်းပြစွာနှင့် ရှင်တော်ဗုဒ္ဓရှိရာဆီမှန်းပြီး ခရီးလှမ်းရင်း
သာဝတ္တိမြို့မှ ဇေတဝန်ကျောင်းတော် မရောက်မှီသာကေတမြို့မှာ
ဝါဆိုဝါကပ်တော်မူခဲ့ကြသည်။
သာဝတ္တိနှင့် သာကေတမြို့မှာ ၆­ ယူဇနာ ဝေးကွာသည်။
နို့စို့ကလေးအမေနှင့်ခွဲနေရသကဲ့သို့ တရားနို့ ဆာလောင်စွာနှင့် ဝါဆိုဝါကပ်နေခဲ့ ရပေသည်။ ဝါကျွတ်သည်နှင့်ခရီးဆက်ခဲ့ကြသည်။
မိုးကမပြတ်တတ်သေး၊ရွံ့နွံ့စေးပေါများ၊လျှိုမြောင်တောင်ကြား
စမ်းအိုင်များကို ဖြတ်ကျော် လာခဲ့ကြရသော နုနယ်သော မင်းသားတဖြစ်လဲ
ရဟန်းတော်များမှာ အလွန်ပင်ပန်းကာ သင်္ကန်းများလည်း မိုးရေစိုရွှဲ၍
လဲစရာနတ္ထိ သနားစရာအတိနှင့် ရှင်တော်ဗုဒ္ဓရှေ့တော်မှာ ပြားပြားမှောက်ကာ
ဝပ်ချဖူးမြှော်နေကြသည်ကို ဧည့်ဝတ်စကားမိန့်ချွေကြားရင်း အတိုင်းမသိ
သနားခြင်းရှိသော ရှင်တော်ဗုဒ္ဓသည် ထိုမင်းသားသုံးဆယ်တို့ကိုအကြောင်းပြုကာ
သာသနာတော်အတွက် အရှည်ကိုရည်မြှော်လျှက် ဤထူးခြားသည့်ကထိန်အလှူတော်ကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ထို့ကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းသည် သာသနာတော်နှင့်ကြုံခိုက်
အလှူမျိုးစုံကို လှူဖူးစေရန် ကြိုးစားသင့်သည်ဖြစ်သလို၊ ဤထူးခြားလှ သည့်
ကထိန်အလှူကိုလည်း ရှင်တော်ဗုဒ္ဓ ခွင့်ပြုတော်မူခဲ့သည့်
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ ခဝဲပန်းတို့လှိုင်လှိုင်ပွင့်သည့်
တန်ဆောင်မုန်းလပြည့်နေ့ အထိတစ်လအတွင်း မိမိကထိန်ခင်းလိုသော
ရက်ကိုရွေးချယ်၍ ဒုက္ခခပ်သိမ်းကင်းလွတ်ရာ
မသေပန်းတို့လှိုင်လှိုင်ပွင့်နေသည့် သန္တိဓာတ်နိဗ္ဗာန်ကို
ရည်မှန်းတောင့်တပြီး လှူဒါန်းနိုင်ကြပါစေ ဟု ဆန္ဒပြုရင်း ဤကထိန်အကျိုး
ဆောင်းပါးရေးသား ပူဇော်လိုက်ရပေသည်။
အလှူမျိုးစုံ၊ ကောင်းမှုထုံ၊ အကုန်ရရှိကြပါစေ။
နိဗ္ဗာန်စခန်း၊ ရည်မျှော်မှန်း၊ လှူဒါန်းတတ်ပါစေ။
အသေလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ ဥာဏ်လင်းပေါက်ပါစေ။
မေတ္တာဖြင့် …. သစ္စာပါရမီ အရှင်ဇယတိဿ (စင်္ကာပူ)