Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၇

နံနက်သို့ရောက်သောအခါ မဒ္ဒီဒေဝီသည် နေ့စဉ်ပြုနေကျ ဝတ္တရားတို့ကို ပြုလုပ်သည်။ ထို့နောက် သား၊ သမီးတို့ကို ပွေ့နမ်းရှုပ်လျက် "သားတော်၊ သမီးတော်တို့၊ ညက မယ်တော် အိပ်မက်မကောင်းပါ။ သတိဖြင့် နေကြပါ" ဟု မှာကြားသည်။ ဝေဿန္တရာမင်းကြီးကိုလည်း "သားတော်၊ သမီးတော်တို့ကို ဂရုစိုက် စောင့်ရှောက်တော်မူပါ" ဟု မှာကြားသည်။ ထို့နောက် သစ်သီးရှာ ထွက်သွားလေသည်။

ဇူဇကာပုဏ္ဏားလည်း 'ယခုအချိန်တွင် မဒ္ဒီဒေဝီသည် သစ်သီးရှာ သွားလောက်ပြီ' ဟု ဆိုကာ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်သွား၏။ ဝေဿန္တရာမင်းကြီးသည် ဇူဇကာကို မြင်သော် ဝမ်းမြောက်ဝမ်းသာ ကြိုဆို၏။ မင်းကြီးအဖို့ ဤတောအရပ်၌ နေသည်မှာ ၇-လ ရှိပြီ။ လူစိမ်းသူစိမ်း ဟူ၍ တစ်ယောက်မျှ မမြင်တွေ့ရ။ ဇူဇကာကို မြင်ရသည်မှ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ဇူဇကာအား ဧည့်ဝတ်ပြုကာ သစ်သီး စသည်တို့ကို ကျွေးမွေး၏။

ဇူဇကာက "အရှင်မင်းကြီး၏ သားတော်၊ သမီးတော်တို့ကို အလှူခံရန် လာပါသည်။ အကျွန်ုပ်အား အရှင့်သားတော်၊ သမီးတော်တို့ကို အခိုင်းအစေအဖြစ် ထားရှိရန် လှူတော်မူပါ" ဟူ၍ ဆို၏။

ဝေဿန္တရာလည်း အလှူပြုရမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ "ပုဏ္ဏားကြီး၊ သားတော်၊ သမီးတော်တို့ကို သင့်အား ငါလှူ၏။ သင် ခေါ်သွားပါ။ သို့ရာတွင် သူတို့၏ မိခင်သည် သစ်သီးရှာ သွားနေခိုက်ဖြစ်သည်။ ညနေချမ်း အချိန်ကျမှ ပြန်ရောက်လိမ့်မည်။ ယနေ့တစ်ည ဤသင်္ခမ်းကျောင်းမှာ အိပ်ပါဦး။ နက်ဖြန်နံနက်ကျမှ သားတော်၊ သမီးတော်တို့ကို ခေါ်ဆောင် သွားပါလော့" ဟူ၍ ဆို၏။

ဇူဇကာက "အရှင်မင်းကြီး၊ မိန်းမတို့မည်သည်ကား လှူဒါန်းမှု၌ အနှောင့်အယှက် ပြုတတ်၏။ သူတို့၏ မိခင်ပြန်မလာမီပင် ခေါ်ဆောင်သွားလိုပါသည်။ သားတော်၊ သမီးတော်တို့ကို ခေါ်ပေးတော်မူပါ" ဟူ၍ ဆို၏။

ဝေဿန္တရာမင်းကြီးက "ကောင်းပြီ၊ ယနေ့ပင် သားတော်၊ သမီးတော်တို့ကို သင်ခေါ်ဆောင်သွားပါ။ သူတို့ကို သူတို့၏ အဘိုးဖြစ်သူ သိဉ္စည်းမင်းကြီးထံ ပို့ပါ။ သူတို့အဘိုးသည် သင့်အား ဥစ္စာများစွာ ပေးလိမ့်မည်" ဟူ၍ ဆို၏။

ဇာလီနှင့်ကဏှာဇိန်တို့ မောင်နှမသည် အနီးတွင် ရှိကြသည်။ ပုဏ္ဏားကြီးက မိမိတို့ကို ကျွန်အဖြစ် ခိုင်းစေရန် ခေါ်သွားမည်ဟု ပြောဆိုသည်ကို ကြားရသောအခါ လွန်စွာထိတ်လန့် ကြောက်ရွံ့ကြသည်။ ကျောင်းသင်္ခမ်း နောက်ဖေးသို့ တိတ်တဆိတ် ထွက်ပြေးကြသည်။ ထို့နောက် ချုံပုတ်တစ်ခုထဲသို့ ပြေးဝင်ကာ ပုန်းကြသည်။ သို့ရာတွင် ချုံပုတ်မှာ မလုံမလဲဟု ယူဆကာ ရေကန်သို့ ပြေးကြပြန်သည်။ ရေကန်သို့ ရောက်သောအခါ မောင်နှမနှစ်ယောက်သည် ရေကန်ထဲသို့ ဆင်းကြသည်။ ကြာဖက်ကို ဆောင်းလျက် ရေထဲ၌ ပုန်းနေကြလေသည်။

ဇူဇကာပုဏ္ဏားသည် မောင်နှမနှစ်ယောက်ကို မမြင်သောအခါ ဝေဿန္တရာကို အထင်မှားသွားသည်။ မိမိသည် မောင်နှမနှစ်ယောက်ကို ဘိုးတော်ထံ ခေါ်မသွားဘဲ ကျွန်ပြုရန် ခေါ်သွားမည် ဆိုသဖြင့် မင်းကြီးက မထည့်လို၊ ထွက်ပြေးခိုင်းပြီး မသိဟန်ဆောင်နေသည်ဟု ထင်မှတ်သည်။ "အရှင်မင်းကြီးသည် သားတော်၊ သမီးတော်တို့ကို လှူမည်ဆိုသော်လည်း ယခုထွက်ပြေး ပုန်းရှောင် ခိုင်းထားသည်။ သင်မင်းကြီးလောက် ဖောက်လှဲဖောက်ပြန် မမှန်မကန်ပြုသူသည် လောကမှာ ရှိမည်မထင်" ဟူ၍ မခန့်လေးစား စော်ကား ပြောဆိုသည်။

ဝေဿန္တရာမင်းကြီးကား သည်းခံတော်မူသည်။ "ပုဏ္ဏားကြီး၊ မစိုးရိမ်လင့်၊ သားတော် သမီးတော်တို့ကို ခေါ်ပေးမည်" ဆိုကာ သွားရောက် ရှာဖွေသည်။ နောက်ဆုံး၌ ရေကန်ထဲသို့ ဆင်းသောခြေရာတို့ကို မြင်သွားသည်။

"ချစ်သားဇာလီ၊ ခမည်းတော်ထံ လာပါ။ ခမည်းတော်၏ ပါရမီကို ကူညီဖြည့်ပါ။ ပုဏ္ဏားကြီးက ခမည်းတော်ကို အထင်လွဲမှားနေပြီ။ ပုဏ္ဏားကြီး၏ စကားကြောင့် ခမည်းတော်၏ နှလုံးသား ပူလောင်နေပါသည်။ ခမည်းတော်၏ နှလုံးအေးမြအောင် ခမည်းတော်၏ စကားကို နားထောင်ပါ" ဟု လှမ်း၍ ပြောဆို၏။

ဇာလီသည် ခမည်းတော်၏ စကားကို ကြားသောအခါ "ပုဏ္ဏားကြီးသည် ငါ့ကို ပြုလိုရာ ပြုစေတော့။ ခမည်းတော့်စကားကို နားထောင်တော့မည်" ဆိုကာ ဦးခေါင်းကို ဖော်၍ ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ယာဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်၍ ငိုကြွေးရှာလေသည်။

မင်းကြီးလည်း အလားတူပင် သမီးတော်ကဏှာဇိန်ကို ခေါ်ပြန်သည်။ ကဏှာဇိန်လည်း ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ဝဲဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်ကာ ငိုကြွေးရှာလေသည်။

ဤသို့ သားတော်ဇာလီနှင့် သမီးတော်ကဏှာဇိန်တို့ ငိုကြွေးကြသောအခါ ဝေဿန္တရာမင်းကြီးသည် မျက်ရည်ကျမိလေသည်။ သို့ရာတွင် စိတ်ကို တင်းလိုက်သည်။ "ချစ်သားဇာလီ၊ ခမည်းတော်၏ ဒါနပါရမီကို ကူညီဖြည့်ဆည်းပါ" ဟူ၍ မေတ္တာရပ်ခံသည်။

ထို့နောက် "ချစ်သားဇာလီ၊ သင်တို့မောင်နှမကို ဤပုဏ္ဏားအား ကျွန်အဖြစ် လှူလိုက်သော်လည်း ထာဝရကျွန် လုပ်ရမည် မဟုတ်ပါ။ သင်ချစ်သားသည် ကျွန်အဖြစ်မှ လွတ်မြောက်လိုပါက ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင်ပေးလျှင် သင်သည် ကျွန်အဖြစ်မှ လွတ်စေ။ သမီးတော် ကဏှာဇိန်ကား ရုပ်ဆင်းလက္ခဏာ မြတ်သူ မိန်းကလေးဖြစ်သည်။ ရွှေစင်ပိဿာတစ်ထောင် ဟု တန်ဖိုးဖြတ်လိုက်လျှင် အမျိုးယုတ်သော သူတို့သည် ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင် ပေး၍ သမီးတော်ကို ရွေးနုတ်ယူလိမ့်မည်။ ထို့နောက် အမျိုးရောစပ်ခြင်းကို ပြုကြလိမ့်မည်။ သို့ဖြစ်၍ ဘုရင်တို့သာ ရွေးနုတ်ယူနိုင်သည့် တန်ဖိုးသတ်မှတ်ရမည်။ ဆင်၊ မြင်း၊ နွား၊ ကျွန်ယောက်ျား ကျွန်မိန်းမ၊ ရွှေစင်ပိဿာ အလုံးစုံ တစ်ရာစီ ငါသတ်မှတ်သည်။ ထိုတန်ဖိုးကို ဘုရင်မင်းများမှ တစ်ပါး မည်သူမျှ ပေးနိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ သမီးတော်ကဏှာဇိန်သည် ကျွန်အဖြစ်မှ လွတ်မြောက်လိုလျှင် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်း တစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ပိဿာ တစ်ရာပေးက ကျွန်အဖြစ်မှ လွတ်စေ" ဟု ဆိုကာ တန်ဖိုးဖြတ်လိုက်လေသည်။

ထို့နောက် သားတော်၊ သမီးတော်တို့ကို ကျောင်းသင်္ခမ်းသို့ ခေါ်သွားသည်။ ကရားဖြင့် ရေကိုခပ်သည်။ "သားသမီးကို လှူသောအလှူသည် သဗ္ဗညုတဉာဏ်ရရှိရေးအတွက် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ဆုတောင်းကာ ဇာလီနှင့် ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားအား ရေစက်သွန်းချ၍ လှူဒါန်းလိုက်၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ငလျင်ကြီး လှုပ်လေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၈ ဆက်တင်ပါမည်)

No comments:

Post a Comment