Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၈

ဇူဇကာပုဏ္ဏားသည် ဇာလီနှင့်ကဏှာဇိန်တို့ မိမိလက်ဝယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဇာလီ၏ ညာဘက်လက်နှင့် ကဏှာဇိန်၏ ဘယ်ဘက်လက်ကို နွယ်စဖြင့် ပူး၍ ချည်နှောင်လိုက်သည်။ နွယ်စတစ်ဖက်ကို ကိုင်လျက် ဝေဿန္တရာမင်းကြီး၏ မျက်မှောက်၌ပင် ကြိမ်ဖြင့် ရိုက်နှက် ခေါ်ဆောင်သွားလေ၏။

တစ်နေရာသို့ ရောက်သောအခါ ဇူဇကာပုဏ္ဏားသည် ချိုင့်ခွက်တစ်ခုကို နင်းမိသဖြင့် ခြေချော်၍ လဲလေ၏။ ဇာလီတို့ကို တုပ်ထားသော နွယ်သည်လည်း ကျွတ်သွားလေ၏။ ထိုအခါ မောင်နှမ နှစ်ယောက်သည် ဝေဿန္တရာမင်းကြီးထံသို့ ငို၍ ပြေးလာကြလေသည်။

ဇာလီမင်းသားသည် ဝေဿန္တရာကို ရှိခိုးလျက် "ခမည်းတော်ဘုရား၊ အကျွန်ုပ်တို့ မသွားမီ မယ်တော်ကို ဖူးမြင်သွားပါရစေ။ မယ်တော် ပြန်ရောက်သောအခါတွင်မှ ပုဏ္ဏားနောက်သို့ လိုက်ပါရစေ" ဟု တောင်းပန်၏။

ကဏှာဇိန်ကလည်း "ခမည်းတော်ဘုရား၊ ဤပုဏ္ဏားသည် သူယုတ်လက္ခဏာ ၁၈-ပါးနှင့် ပြည့်စုံနေပါသည်။ လူသားစား ဘီလူး ဖြစ်မည်ထင်ပါသည်။ ထိုကြောက်ဖွယ် သတ္တဝါကြီးက အတင်းဆွဲခေါ်နေသည်ကို ခမည်းတော် အဘယ်ကြောင့် လျစ်လျူရှုနေပါသနည်း။ မိဘတို့မည်သည် သားသမီးတို့ ဒုက္ခရောက်လျှင် မကြည့်ရက်နိုင်ကြပါ။ ခမည်းတော်ကား ကြည့်ရက်နိုင်လေသည်" ဟူ၍ ငိုကြွေးလျှောက်ထား၏။

ဇာလီမင်းသားကလည်း "ခမည်းတော်ဘုရား၊ အကျွန်ုပ်ကိုသာ လှူတော်မူပါ။ နှမတော်ကလေးမှာ မည်သည့် ဆင်းရဲ ဒုက္ခကိုမျှ မသိရှာသေးပါ။ မယ်တော်ကို မမြင်ရလျှင် ငိုကြွေးမြည်တမ်းလျက် လမ်းခရီးမှာပင် သေရှာပါလိမ့်မည်။ အကျွန်ုပ်ကိုသာ လှူပြီး နှမတော်ကလေးကို မလှူပါနှင့် ဘုရား" ဟူ၍ တောင်းပန်၏။

ဝေဿန္တရာမင်းကြီးသည် မည်သို့မျှ မဆိုနိုင်၊ ဆိတ်ဆိတ်ပင်နေ၏။ ထိုစဉ် ဇူဇကာပုဏ္ဏားကြီး လိုက်လာ၏။ မောင်နှမ နှစ်ဦးကို ရိုက်နှက်၍ ဆွဲခေါ်သွားပြန်၏။ ဝေဿန္တရာမင်းကြီးသည် သောကမီး တောက်လောင်လျက် ရှိ၏။ လွန်စွာ တုန်လှုပ်ချောက်ချားလျက် ကျောင်းသင်္ခမ်းထဲသို့ ဝင်၍ ငိုကြွေး မြည်တမ်း၏။ ငိုကြွေးမြည်တမ်းရာမှ 'ဤ ပုဏ္ဏားသည် ငါ့သားတော်တို့ကို အလွန်ညှင်းဆဲ နှိပ်စက်နေပြီ။ ငါ သည်းမခံနိုင်၊ ယခုပင် လိုက်၍ ပုဏ္ဏားကို သတ်ပြီး သားတော်၊ သမီးတော်တို့ကို ပြန်ခေါ်မည်' ဟု အကြံဖြစ်သည်။ လေးကိုယူ၍ သန်လျက်ကို ကိုင်လျက် လိုက်မည်ပြု၏။

သို့ပြုရာမှ 'အလှူဒါနကို ပေးလှူပြီးမှ နောက်တစ်ဖန် ပူပန်နေခြင်းသည် သူတော်ကောင်းတို့၏ သဘောမဟုတ်ချေတကား' ဟု မိမိကိုယ်ကို ပြန်၍ ဆုံးမ၏။ ကျောင်းသင်္ခမ်း အဝရှိ ကျောက်ဖျာပေါ်၌ ငေးမှိုင်ထိုင်နေ၏။

ထိုအခိုက် ဇူဇကာပုဏ္ဏားသည် ဒုတိယအကြိမ် ခြေချော်၍ လဲပြန်၏။ မောင်နှမတို့သည် ခမည်းတော်ထံ ပြန်ပြေးလာကြ၏။ ဇူဇကာက အတင်းပြေးလိုက်လာသည်။ ရိုက်နှက်၍ ဆွဲခေါ်သွားပြန်လေသည်။

ထိုအချိန်၌ မဒ္ဒီဒေဝီသည် ညက အိပ်မက် မကောင်းသဖြင့် ယနေ့စောစော ပြန်မည်ဟု ဆိုကာ သစ်သီးတို့ကို ရှာဖွေလေသည်။ အဆင်မပြေ။ အတိတ်နမိတ်လည်း မကောင်း။ သို့ဖြင့် စိတ်လက် မကြည်မသာဖြင့် ပြန်လာ၏။ ထိုအခါ နတ်သားသုံးယောက်သည် ခြင်္သေ့၊ ကျား၊ သစ် အသွင်ဖန်ဆင်းကာ လမ်းခရီး၌ ပိတ်ဆို့ ထားကြသည်။ နတ်တို့က 'နေမဝင်မီ ကျောင်းသင်္ခမ်းသို့ မဒ္ဒီ ပြန်ရောက်ပါက သားသမီးတို့ကို မတွေ့လျှင် ခြေရာခံ၍ တောတောင်အနှံ့ လိုက်ရှာတော့မည်' ဟုဆိုကာ ဆီးတားထားခြင်းဖြစ်သည်။

မဒ္ဒီဒေဝီသည် အခြားလမ်းမှ ကွေ့သွားရန် မဖြစ်သဖြင့် ခြင်္သေ့၊ ကျား၊ သစ်တို့အား လမ်းဖယ်ပေးရန် ရှိခိုးတောင်းပန်၏။ နေဝင်သောအခါကျမှ ဖယ်သွားကြလေသည်။

မဒ္ဒီဒေဝီသည် အလွန်နောက်ကျမှ ကျောင်းသင်္ခမ်းသို့ ရောက်သွားသည်။ အခါတိုင်းဆိုလျှင် သားသမီးတို့သည် ကျောင်းသင်္ခမ်း စင်္ကြံဦးသို့ ပြေးထွက်လာကြသည်။ မိခင်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမြဲဖြစ်သည်။ ယခုကား ဇာလီလည်း ပေါ်မလာ။ ကဏှာဇိန်ကိုလည်း မမြင်။ မည်သည့်အသံမျှလည်း မကြားရ။ မဒ္ဒီသည် စိုးရိမ်ပူပန်ကာ ငိုကြွေးမြည်တမ်းလျက် ဝေဿန္တရာမင်းကြီးထံ ပြေးသွားသည်။

ဝေဿန္တရာမင်းကြီးသည် တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ထိုင်နေသည်။ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ အကြောင်းအသို့နည်း။ သားတော် သမီးတော်တို့ကို မမြင်ပါတကား" ဟူ၍ မေးလျှောက်၏။

မဒ္ဒီဒေဝီက ပူပန်စွာ မေးလျှောက်သောလည်း ဝေဿန္တရာမင်းကြီးကား ဖြေကြားခြင်း မပြု။ ထိုအခါ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ သားသမီးတို့ကို မမြင်ရသဖြင့် အလွန်စိတ်သောက ဖြစ်နေရသော အကျွန်ုပ်ကို အရှင်မင်းကြီးက စကားမပြောဘဲ နေပြန်သည်။ သားသမီးကို မတွေ့ရသော ဒုက္ခထက် အရှင်မင်းကြီးက စကားမပြောသဖြင့် ခံစားရသည့် ဒုက္ခက ပို၍ ဆိုးလှပါသည်။ ယနေ့တစ်ညလုံး အရှင်မင်းကြီး စကားမပြောဘဲ နေတော်မူလျှင် နံနက်မိုးသောက်သောအခါ ကျွန်ုပ် အသက်ကင်းမဲ့လျက် ရှိသည်ကို အရှင်မြင်တော်မူရပါလိမ့်မည်" ဟူ၍ ဆို၏။

ထိုအခါ ဝေဿန္တရာမင်းကြီးက 'အဖြစ်မှန်ကို ချက်ချင်းပြောလျှင် မဒ္ဒီဒေဝီသည် သောကကို မထိန်းနိုင် ဖြစ်တော့မည်။ မခံသာသော စကားကို ရှေးဦးစွာ ပြောမည်။ ထို့နောက်မှ သောက သက်သာအောင် ပြု၍ အဖြစ်မှန်ကို ပြောမည်' ဟု ကြံပြီးလျှင် ဤသို့ဆို၏။

"မဒ္ဒီဒေဝီ၊ သင်သည် လှပတင့်တယ် ချောမောလှသည်။ တောထဲတွင် လှည့်လည်ကျက်စားနေသော မုဆိုး၊ ရသေ့၊ ဝဇ္ဇာဓိုရ် စသူတို့ အများအပြားရှိသည်။ သင်နှင့် ထိုသူတို့ မည်သို့ဖြစ်ပျက်ခဲ့သည်ကို မည်သူသိနိုင်အံ့နည်း။ နံနက်စောစောက သစ်သီးရှာထွက်သွားရာ ပြန်ရောက်ချိန်တန်လျက် ပြန်မရောက်။ ယခု နေဝင်ပြီးနောက် လထွက်ချိန်ရောက်မှ ပြန်လာသည်။ အသို့ပါနည်း"

မဒ္ဒီဒေဝီသည် သားရဲများ အနှောင့်အယှက် ပြုသောကြောင့် နောက်ကျရပုံကို ရှင်းပြသည်။ "သည်းခံတော်မူပါ" ဟု တောင်းပန်သည်။ ဝေဿန္တရာမင်းကြီးက မည်သို့မျှ မပြော။

မဒ္ဒီဒေဝီသည် ဝေဿန္တရာမင်းကြီး မည်သည့်စကားမျှ မဆိုသောအခါ ကျောင်းသင်္ခမ်း အပြင်သို့ ထွက်သွားသည်။ သားတော်နှင့် သမီးတော်တို့ကို ဝန်းကျင်အနှံ့ လိုက်လံရှာဖွေသည်။ သားတော် သမီးတ်ာတို့ သွားတတ်သော သစ်ပင်၊ ရေကန်၊ တောင်ကုန်း စသည်တို့တွင် ရှာဖွေသည်။ မတွေ့။ ထိုအခါ ကျောင်းသင်္ခမ်းသို့ တစ်ဖန်ပြန်လာပြီး ရှာပြန်သည်။ မတွေ့။ ထိုအခါ "သင်မင်းကြီးသည် ထင်းတို့လည်း ခွဲမထား၊ မီးကိုလည်း မွှေးမထားပါတကား" ဟု ပြစ်တင်စကား ဆိုသည်။

ထို့နောက် "ငါသည် ဝေဿန္တရာမင်းကြီးကို အလွန်ချစ်၏။ ရှေးက တစ်စုံတစ်ရာ စိတ်မချမ်းသာစရာ ကြုံရလျှင် ဝေဿန္တရာမင်းကြီး၏ မျက်နှာကိုမြင်လိုက်ရသောအခါ စိတ်ဆင်းရဲမှု ပျောက်ကင်းခဲ့သည်။ ယခု ဝေဿန္တရာမင်းကြီး၏ မျက်နှာကို မြင်ရသော်လည်း စိတ်ဆင်းရဲမှုတို့ မပျောက်ပါတကား" ဟု ဆို၏။ ဤသို့ဆိုသော်လည်း ဝေဿန္တရာမင်းကြီးက တစ်စုံတစ်ရာ ပြန်မပြော။ ထိုအခါ မဒ္ဒီဒေဝီသည် ဒယီးဒယိုင်ဖြင့် ပြန်ထွက်သွားသည်။ ပထမ ရောက်ခဲ့သောနေရာများသို့ပင် သွား၍ ရှာပြန်လေသည်။

ဤသို့ဖြင့် အပြင်သို့ ထွက်ရှာလိုက်၊ ကျောင်းသင်္ခမ်းသို့ ပြန်ရှာလိုက်နှင့်။ သုံးကြိမ်တိုင်အောင် တစ်ညလုံး လိုက်၍ ရှာသည်။ တတိယ အကြိမ်မြောက်၍ ကျောင်းသင်္ခမ်းသို့ ပြန်လာသောအခါ၌ကား အရုဏ်တက်လာလေပြီ။ မဒ္ဒီဒေဝီသည် ဝေဿန္တရာမင်းကြီးထံသို့ သွားသည်။ မင်းကြီးရှေ့သို့ အရောက်တွင် မိန်းမောမူးဝေ၍ လဲကျသွားရှာလေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၉ ဆက်တင်ပါမည်)

No comments:

Post a Comment