Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၉

ထိုအခါ ဝေဿန္တရာမင်းကြီးသည် မဒ္ဒီဒေဝီ သေပြီဟု မှတ်ထင်ကာ လွန်စွာ တုန်လှုပ်သွားသည်။ 'မဒ္ဒီဒေဝီသည် လူသူမနီး တောကြီးထဲတွင် သေရရှာပြီ။ အကယ်၍ နေပြည်တော်၌ သေမည်ဆိုလျှင် ဆွေတော်၊ မျိုးတော်တို့ ဝိုင်းလျက် အုတ်အုတ် ကျက်ကျက် ဖြစ်လာကြမည်။ ယခု ဤတောကြီး အလယ်တွင် ငါတစ်ယောက်တည်းသာ ရှိသည်။ မည်သို့ စီမံရမည်နည်း' ဟု ပြင်းစွာ ပူဆွေးသောက ဖြစ်၏။

ဤသို့ဖြစ်ရာမှ သတိကို ဆောင်လိုက်သည်။ ထိုင်နေရာမှ ထလာသည်။ မဒ္ဒီဒေဝီ၏ ရင်ဝကို လက်တင်ကြည့်သည်။ ထွက်သက်၊ ဝင်သက် အငွေ့ရှိသေးကြောင်း သိရသည်။ ဤတွင် ရွှေကရားဖြင့် ရေကို ခပ်ယူသည်။ မဒ္ဒီဒေဝီကို ပွေ့ထူကာ မျက်နှာကို ရေဖြင့် ဖျန်းဆွတ်ပေး၏။ လက်ဖြင့်လည်း အသာအယာ သပ်ပေး၏။ ရင်ဝကိုလည်း အသာအယာ ဖိပေး၏။

ခဏကြာသောအခါ မဒ္ဒီဒေဝီသည် သတိရလာ၏။ ထ၍ထိုင်၏။ ဝေဿန္တရာမင်းကြီးကို ရှိခိုးလျက် "အရှင်မင်းကြီး၊ သားတော်၊ သမီးတော်တို့ အဘယ်အရပ်သို့ သွားလေသနည်း" ဟု မေးလျှောက်၏။ ထိုအခါ ဝေဿန္တရာမင်းကြီးက ညင်သာစွာ ပြန်ကြား၏။

"မဒ္ဒီဒေဝီ၊ သားတော် သမီးတော်တို့ကို ပုဏ္ဏား တစ်ယောက်အား ကျွန်အဖြစ် ခိုင်းစေရန် ငါလှူလိုက်ပါသည်"

"အရှင်မင်းကြီး၊ သို့ဖြစ်ပါလျက် တစ်ညလုံး ငိုယိုကာ ဒေါင်းတောက်အောင် ရှာနေသော အကျွန်ုပ်အား အဘယ့်ကြောင် မပြောပါသနည်း"

"မဒ္ဒီဒေဝီ၊ ထိုအကြောင်းကို ချက်ချင်းပြောလိုက်လျှင် သင် ပြင်းထန်စွာ စိတ်ထိခိုက်လျက် အသည်းကွဲ သွားနိုင်သောကြောင့် ဖြစ်သည်။ ယခုမူကား ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သဖြင့် သောကဖြစ်မူ အနည်းငယ် သက်သာလိမ့်မည်ဟု ယူဆကာ ပြောပြခြင်းဖြစ်သည်။ မဒ္ဒီဒေဝီ၊ စိတ်သောကကို ဖြေဆည်ပါ။ ငါတို့သည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်စွာ နေကြရလျှင် သားတော် သမီးတော်တို့ကို ပြန်လည် တွေ့ဆုံကြရပါလိမ့်မည်။ သားသမီးကို လှူသောအလှူသည် အလွန်မြတ်သော အလှူဖြစ်သည်။ ဝမ်းမြောက်စွာ သာဓု ခေါ်ပါ"

"အကျွန်ုပ် ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။ အရှင်မင်းကြီးလည်း စိတ်ကြည်လင်စွာ ထားတော်မူပါ။ အရှင်မင်းကြီးသည် သည်ထက်မက သာလွန်၍ အလှူဒါနကို ထပ်ကာထပ်ကာ ပြုနိုင်ပါစေ"

"မဒ္ဒီဒေဝီ၊ 'အဘယ့်ကြောင့် စိတ်ကို ကြည်လင်စွာ ထားတော်မူပါ' ဟု ဆိုရသနည်း။ ငါသည် သားတော် သမီးတော်တို့ကို လှူပြီးနောက် စိတ်ကို ကြည်လင်စွာ မထားနိုင်ခဲ့လျှင် အံ့ဖွယ်သရဲတို့ အဘယ်မှ မဖြစ်ဘဲ နေမည်နည်း"

ဝေဿန္တရာက ဤသို့ဆိုကာ မြေငလျင်လှုပ်ခြင်း စသော အကြောင်းတို့ကို ပြောပြ၏။ ထိုအခါ မဒ္ဒီဒေဝီကလည်း မိမိတွေ့ကြုံရသော မြေငလျင်လှုပ်ခြင်း၊ အခါမဟုတ်ဘဲ လျှပ်စီးပြက်ခြင်း စသည်တို့ကို ပြောပြ၏။ မင်းကြီး၏ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လေ၏။

ထိုအချိန်တွင် သိကြားမင်းသည် တာဝတိံသာ နတ်ပြည်ဝယ် ဆင်ခြင်စဉ်းစားလျက် ရှိ၏။ 'ဝေဿန္တရာမင်းကြီးသည် ယမန်နေ့က သားတော် သမီးတော်တို့ကို ဇူဇကာပုဏ္ဏားအား လှူခဲ့ပြီ။ အကယ်၍ တစ်စုံတစ်ယောက်က လာ၍ မဒ္ဒီဒေဝီကို အလှူခံလျှင်လည်း လှူပေဦးမည်။ ထိုအခါ ဝေဿန္တရာမင်းကြီးမှာ ပြုစုမည့်သူ မရှိ။ တစ်ပါးတည်း ဖြစ်နေတော့မည်။ ငါသည် ပုဏ္ဏားယောင် ဖန်ဆင်း၍ မင်းကြီးထံသွားမည်။ မဒ္ဒီဒေဝီကို အလှူခံမည်။ ထို့နောက် မည်သူ့ကိုမျှ မလှူနိုင်အောင် မင်းကြီးထံ ပြန်အပ်ထားခဲ့မည်' ဟု ကြံစည်၏။

ထို့နောက် သိကြားမင်းသည် ပုဏ္ဏားအိုအသွင် ဖန်ဆင်း၍ ဝေဿန္တရာမင်းကြီးထံ သွားသည်။ "ကျွန်ုပ်သည် အသက်အရွယ် ကြီးပြင်းပြီဖြစ်၍ အလုပ်အကျွေး လိုနေပါသည်။ အရှင်မင်းကြီး၏ မိဖုရား မဒ္ဒီဒေဝီကို ပေးလှူတော်မူပါ" ဟု ဆိုလေသည်။

ဝေဿန္တရာမင်းကြီးလည်း တွန့်တိုခြင်း မရှိ။ မဒ္ဒီဒေဝီ၏ လက်ကို ကိုင်လျက် ပုဏ္ဏားလက်ထဲသို့ ပေးအပ်လိုက်သည်။ "ငါ့မိဖုရားကို သူတစ်ပါးအား ပေးလှူသောအလှူသည် သဗ္ဗညုတဉာဏ် ရရှိရန် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ရွှေကရားဖြင့် ရေစက်ချ၍ လှူလေသည်။ ထိုအခါ မြေငလျင် လှုပ်ခြင်းစသော အံ့ဖွယ်သရဲတို့ ဖြစ်ပေါ်ပြန်လေသည်။
မဒ္ဒီဒေဝီသည် မိမိအား ပုဏ္ဏားအိုကြီး လက်သို့ လှူသည့်အတွက် အမျက်ဒေါသ မဖြစ်။ မကြည်မသာ မရှိ။ 'ငါကဲ့သို့သော မိန်းမ ရတနာကိုပင် လှူနိုင်ခြင်းသည် ထူးကဲလှပေသည်' ဟု တွေးလျက် မင်းကြီး၏ မျက်နှာကိုသာ ကြည့်နေ၏။

ဝေဿန္တရာမင်းကြီးကလည်း အကဲခတ်သောအနေဖြင့် မဒ္ဒီ၏ မျက်နှာကို ကြည့်နေ၏။ ထိုအခါ မဒ္ဒီဒေဝီက "အရှင်မင်းကြီး၊ အဘယ့်ကြောင့် အကျွန်ုပ်ကို ကြည့်နေသနည်း။ အကျွန်ုပ်သည် ၁၆-နှစ် အရွယ် ငယ်စဉ်ကပင် မိဘများ ထိမ်းမြားပေးသဖြင့် အရှင်၏ မိဖုရားဖြစ်ခဲ့၏။ အရှင်သည် အကျွန်ုပ်ကို စိုးပိုင်သော လင်ယောက်ျား ဖြစ်၏။ အကျွန်ုပ်ကို တစ်စုံတစ်ယောက်အား အရှင်မင်းကြီးက ပေးလိုက ပေးနိုင်၏။ ရောင်းလိုက ရောင်းနိုင်၏။ သတ်လိုက သတ်နိုင်၏။ အရှင်မင်းကြီး သဘောကျသလို ပြုနိုင်ပါသည်။ အကျွန်ုပ် အမျက် မထွက်ပါ" ဟူ၍ ဆို၏။

သိကြားမင်းသည် မင်းနှင့်မိဖုရားတို့၏ မွန်မြတ်သော စိတ်ထားကို သိရသောအခါ ချီးကျူးစကားဆို၏။ "အရှင်မင်းကြီး၊ မဒ္ဒီဒေဝီကို အရှင်မင်းကြီးအား ကျွန်ုပ် ပြန်ပေးပါ၏။ သင်မင်းကြီးသည် မဒ္ဒီဒေဝီနှင့်သာ သင့်လျော်ပါ၏။ ထို့အတူ မဒ္ဒီဒေဝီသည်လည်း သင်မင်းကြီးနှင့်သာ သင့်လျော်ပါသည်" ဟုဆိုကာ မဒ္ဒီဒေဝီကို ဝေဿန္တရာမင်းကြီးအား ပေးအပ်၏။

ထို့နောက် သိကြားမင်းသည် ပုဏ္ဏားအသွင် ဖျောက်ကာ သိကြားမင်းအသွင်ဖြင့် ကောင်းကင်၌ ရပ်လိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်ုပ်ကား သိကြားမင်း ဖြစ်သည်။ အရှင်မင်းကြီးထံ ကူညီမစရန် လာပါသည်။ အလိုရှိသော ဆု ၈-ဆုကို ပေးအံ့။ တောင်းဆိုလော့" ဟု ဆို၏။
ဝေဿန္တရာမင်းကြီးက "အရှင် သိကြားမင်း၊ သင်သည် ကျွန်ုပ်အား ဆု ၈-ပါး ပေးမည်ဆိုပါက ဤဆုတို့ကို ပေးပါ။
(၁) ကျွန်ုပ်အား ခမည်းတော်မင်းကြီးက ပြန်ခေါ်၍ မင်းအဖြစ် ပေးစေလိုပါသည်။
(၂) မင်းအဖြစ်သို့ ကျွန်ုပ်ရောက်သောအခါ မင်းပြစ်မင်းဒဏ်သင့်၍ သတ်ထိုက်သူပင်ဖြစ်စေ၊ မသတ်ဖြတ်ရလို။
(၃) ကျွန်ုပ်သည် လူခပ်သိမ်းတို့၏ မှီခိုအားထားရာ ဖြစ်လို၏။
(၄) သူတစ်ပါး မယားကို မပြစ်မှားရလို။ မိမိမယားဖြင့်သာ ရောင့်ရဲလို၏။
(၅) သားတော် သမီးတော်တို့သည် အသက်ရှည်စွာ တရားသဖြင့် မင်းစည်းစိမ်၌ ပျော်စံကြစေလို၏။
(၆) နောက်နေ့နံနက်တွင် နတ်ဘောဇဉ် ခဲဖွယ်တို့ဖြစ်ပေါ် လာစေလို၏။
(၇) လှူဆဲအခါ၌လည်း စိတ်ကြည်လင်၍ လှူပြီးသောအခါ၌လည်း နောင်တ ပူပန်ခြင်း မရှိစေရအောင် ပစ္စည်းဥစ္စာတို့သည် လှူ၍ မကုန်မခန်းစေလို။
(၈) ဤဘဝမှ စုတေသောအခါ တုသိတာနတ်ပြည်သို့ ရောက်၍ ထိုမှတစ်ဖန် ဤလူ့ပြည်သို့ လာ၍ ဘုရားအဖြစ်သို့ ရောက်ရလို၏။

ဤ ဆု ၈-ပါးကို တောင်းသောအခါ သိကြားမင်းက "အရှင်မင်းကြီး ဤ ဆု ၈-ပါး စလုံး ပြည့်စုံပါလိမ့်မည်။ မကြာမီပင် ခမည်းတော် သိဉ္စည်းမင်းကြီးသည် ဤဝင်္ကပါတောင်သို့ ရောက်လာ၍ သင်မင်းကြီးအား မင်းအဖြစ် ပြန်လည်အပ်နှင်းလျက် ပြည်တော်သို့ ပြန်ခေါ်ပါလိမ့်မည်။ မစိုးရိမ်ပါနှင့်" ဟူ၍ ဆိုကာ တာဝတိံသာသို့ ပြန်ကြွသွားလေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၁၀ ဆက်တင်ပါမည်)

No comments:

Post a Comment