Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၁၀ (ဇာတ်သိမ်း)

ထိုအချိန်ဝယ် ဇူဇကာပုဏ္ဏားသည် ဇာလီနှင့်ကဏှာဇိန်တို့ကို ခေါ်ဆောင်သွားဆဲဖြစ်၏။ လမ်းခရီးတစ်လျှောက်၌ မောင်နှမနှစ်ယောက် ဘေးမရောက်စေရန်လည်း နတ်တို့က စောင့်ရှောက်ပေး၏။

ဇူဇကာပုဏ္ဏားသည် ညအချိန်သို့ ရောက်သောအခါ ဇာလီနှင့်ကဏှာဇိန်တို့ကို ချုံတစ်ခု၌ ချည်နှောင်၍ မြေကြီးပေါ်၌ အိပ်စေ၏။ မိမိကမူ သားရဲတိရစ္ဆာန်တို့ဘေးရန်မှ ကင်းစေရန် သစ်ပင်ပေါ်သို့ တက်၍ အိပ်၏။ ထိုအခါ နတ်သားတစ်ပါးက ဝေဿန္တရာမင်းကြီး အဟန် ဖန်ဆင်း၏။ အခြားနတ်သား တစ်ပါးက မဒ္ဒီဒေဝီ အဟန် ဖန်ဆင်း၏။ ဇာလီနှင့် ကဏှာဇိန်တို့အား ချည်နှောင်ထားသော ကြိုးတို့ကို ဖြေပေး၏။ အစားအစာ ကျွေး၏။ နတ်အိပ်ရာ၌ သိပ်ကြ၏။ အရုဏ်တက်ချိန် ရောက်သောအခါတွင်မှ ဇာလီ မောင်နှမအား နဂိုအတိုင်း ချည်နှောင်၏။ မြေကြီးပေါ်၌ သိပ်ထား၏။ ထို့နောက် ကွယ်ပျောက်သွားကြလေ၏။ ဤသို့လျှင် နတ်တို့က စောင့်ရှောက်သောကြောင့် ဇာလီနှင့် ကဏှာဇိန်တို့သည် ဘေးမသီ၊ ရန်မခဘဲ ချမ်းသာရာ ရကြသည်။

ဇူဇကာပုဏ္ဏားသည် ကလိင်္ဂတိုင်းသို့ သွားမည်ဟု လာခဲ့သည်။ သို့ရာတွင် နတ်တို့၏ တန်ခိုးကြောင့် လမ်းမှားသွားသည်။ ဇာလီတို့၏ ဘိုးတော် စိုးစံရာ စေတုတ္တရာပြည်သို့ ရောက်ရှိလာသည်။ တစ်ဖန် နတ်တို့တန်ခိုးကြောင့် စေတုတ္တရာပြည်သို့ ရောက်သော်လည်း အခြားနေရာသို့ မရောက်။ သိဉ္စည်းမင်းကြီး နန်းစံရာ နန်းရင်ပြင်သို့ ရောက်သွားသည်။

ထိုအချိန်တွင် သိဉ္စည်းမင်းကြီးသည် မှူးမတ်စုံညီဖြင့် လွှတ်သဘင် တက်နေသည်။ မင်းကြီးသည် ပုဏ္ဏားနှင့် ကလေးနှစ်ယောက်ကို လှမ်းမြင်သည်။ သို့ရာတွင် မြေးတော်တို့ကို မမှတ်မိ။ စိတ်တွင်း၌မူကား ထူးခြားနေသည်။ 'ဤကလေး နှစ်ယောက်သည် အရောင်အဆင်း အလွန်တင့်တယ်သည်။ ရုပ်ချင်းလည်း လွန်စွာတူသည်။ ငါ့မြေးတော်များနှင့်လည်း တူသည်' ဟူ၍ သို့လော၊ သို့လော ဖြစ်မိသည်။

ချက်ချင်းပင် အမတ်တစ်ယောက်အား ပုဏ္ဏားနှင့် ကလေးငယ်နှစ်ယောက်ကို ရှေ့တော်မှောက်သို့ ခေါ်ယူစေသည်။ မင်းကြီးက ဇူဇကာပုဏ္ဏားအား "ဤကလေးငယ် နှစ်ယောက်ကို အဘယ်အရပ်မှ ခေါ်ဆောင်လာခဲ့သနည်း" ဟူ၍ မေးမြန်းသည်။

ဇူဇကာပုဏ္ဏားက "အရှင်မင်းကြီး၊ ဤကလေးငယ် နှစ်ယောက်ကို ဝေဿန္တရာမင်းကြီးသည် ကျွန်တော်မျိုးအား ကျွန်အဖြစ် ပေးလှူလိုက်ပါသည်။ ကျွန်တော်မျိုး လက်တွင် ရောက်ရှိနေသည်မှာ ၁၅-ရက် ရှိပါပြီ" ဟူ၍ လျှောက်ထားသည်။

ဤတွင်မှ မင်းကြီးသည် အကြောင်းစုံကို သိရှိသည်။ ကလေးများသည်လည်း မိမိတို့၏ ဘိုးတော်မှန်း သိကြသည်။ သို့ရာတွင် ပုဏ္ဏား၏ ကျွန်ဖြစ်နေသဖြင့် ဘိုးတော်ထံ ချဉ်းကပ်မသွားနိုင်။ အဝေးမှသာ ခစားနေရသည်။ ဘိုးတော်မင်းကြီးသည် များစွာရင်ထုမနာ ဖြစ်မိသည်။

လွှတ်သဘင်၌ ရှိနေကြသော အမတ်တို့သည်လည်း စိတ်ထိခိုက်ကြသည်။ "မိမိ၏ ရင်သွေးများကို ကျွန်အဖြစ် ပေးလှူနိုင်ရက်ပါပေသည်တကား" ဟူ၍ ဆိုကာ ဝေဿန္တရာမင်းကြီးကို ကဲ့ရဲ့ ပြစ်တင်ကြသည်။

ထိုအခါ ဇာလီမင်းသားက မခံရပ်နိုင်။ "ခမည်းတော်သည် တောထဲတွင် နေရသည်ဖြစ်၍ အဘယ်မှာလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ ရှိပါမည်နည်း။ ထို့ကြောင့် ခမည်းတော်သည် စိတ်နှလုံးပူပန် ဆင်းရဲခြင်း ကြီးစွာဖြစ်လျက် ရင်သွေးတို့ကို ပေးလှူရပေသည်" ဟူ၍ ရှင်းလင်း ပြောဆိုသည်။

မင်းကြီးသည် ချက်ချင်းပင် မြေးတော်တို့ကို ကျွန်အဖြစ်မှ ရွေးနုတ်တော်မူသည်။ ဝေဿန္တရာမင်းကြီး ပေးလှူစဉ်က တန်ဖိုး ဖြတ်ထားသည့်အတိုင်းပင် သိဉ္စည်းမင်းကြီးသည် ဇူဇကာပုဏ္ဏားအား ဇာလီမင်းသားအတွက် ရွှေစင်ကျပ်တစ်ထောင် တန်ဖိုးဖြတ်၍ ပေးသည်။ ကဏှာဇိန်အတွက် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်းတစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ကျပ်တစ်ရာ တန်ဖိုးဖြတ်၍ ပေးသည်။ ထို့ပြင် ဇူဇကာပုဏ္ဏားအား ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်ကိုလည်းပေးသည်။

ဇူဇကာပုဏ္ဏားသည် မရဖူးသော စည်းစိမ်ချမ်းသာကို ရသဖြင့် ကျေနပ်ဝမ်းသာမဆုံး ဖြစ်မိသည်။ သူသည် ပြာသာဒ်ထက်သို့ တက်၍ အစားအစာကောင်းတို့ကို စားသည်။ ထို့နောက် မြတ်သောအိပ်ရာထက်၌ တက်၍ အိပ်နေလေသည်။

မင်းကြီးသည် မြေးတော် နှစ်ယောက်ကို ဦးခေါင်းဆေးလျက် ရေချိုးစေသည်။ သစ်လွင်သော အဝတ်တန်ဆာတို့ကို ဆင်ပေးသည်။ ကောင်းမြတ်သော အစားအစာတို့ကို ကျွေးမွေးသည်။ ထို့နောက် မင်းကြီးက ဇာလီကို မိမိရင်ခွင်၌် ထားလျက်၊ ဖုဿတီ မိဖုရားကြီးက ကဏှာဇိန်ကို မိမိရင်ခွင်၌ ထားလျက် ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့အကြောင်းကို ချစ်ခင်ယုယစွာဖြင့် မေးမြန်းသည်။

ဇာလီတို့ မောင်နှမကလည်း တောတွင်း၌ ခမည်းတော်၊ မယ်တော်တို့ ပင်ပန်းဆင်းရဲစွာဖြင့် နေထိုင်ရပုံကို လျှောက်တင်ကြသည်။

ထိုအချိန်တွင် ကလိင်္ဂတိုင်းသား ပုဏ္ဏားတို့ အလှူခံသွားသော ဝေဿန္တရာမင်းကြီး၏ ပစ္စယဆင်ဖြူတော်သည် စေတုတ္တရာပြည်သို့ ပြန်ရောက်နေပြီ။ ကလိင်္ဂတိုင်းတွင် မိုးကောင်းစွာ ရွာပြီးဖြစ်သဖြင့် ပြန်၍ ပို့သောကြောင့် ဖြစ်သည်။ သိဉ္စည်းမင်းကြီးသည် မြေးတော်များ၏ လျှောက်တင်ချက်အရ ဝေဿန္တရာမင်းကြီး၏ ဆင်းရဲဒုက္ခကို ကောင်းစွာ သိရှိသွားသည်။ ထို့ပြင် ပြည်သူပြည်သားတို့ကလည်း စိတ်ပြေကြပြီ ဖြစ်သည်။ သို့ဖြင့် သားတော်အား နှင်ထုတ်မိခြင်းကို နောင်တတရား ရကာ စစ်သည်ဗိုလ်ပါ များစွာနှင့်တကွ ဝင်္ကပါတောင်သို့ သွား၍ သားတော်နှင့် ချွေးမတော်တို့ကို ပြန်ခေါ်ရန် ချက်ချင်းစီစဉ်သည်။

ထိုစဉ် ဇူဇကာပုဏ္ဏားသည် လောဘကြီးစွာဖြင့် အစားအစာတို့ကို အငမ်းမရ စားသောက်ရာ စားပိုးနင့်၍ သေဆုံးသွားလေသည်။

မကြာမီ သိဉ္စည်းမင်းကြီး ဦးဆောင်လျက် သားတော် ဝေဿန္တရာကို သွားခေါ်ကြသည်။ ဝင်္ကပါတောင်တွင် သိဉ္စည်းမင်းကြီး၊ ဖုဿတီမိဖုရား၊ သားတာ် ဝေဿန္တရာမင်းကြီး၊ ချွေးမတော် မဒ္ဒီဒေဝီ၊ မြေးတော် ဇာလီနှင့်ကဏှာဇိန်တို့ ပေါင်းဆုံမိကြသည်။ အားလုံးပင် ဝမ်းသာဝမ်းနည်း ငိုကြွေးကြသည်။ ထိုအခါ သိကြားမင်းက စွတ်စိုလိုသောသူကိုသာ စွတ်စိုစေ၍၊ မစွတ်စိုလိုသော သူကို မစွတ်စိုစေသည့် ပေါက္ခရဝဿမိုးကို ရွာစေသည်။ ထိုအချိန်တွင် ကြီးစွာသော မြေငလျင်ကြီးလည်း လှုပ်သည်။ သတ္တမအကြိမ်လှုပ်ခြင်းပင်တည်း။

0005052Kph0.jpg

ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့သည် ခမည်းတော်၊ မယ်တော်၊ သားတော်၊ သမီးတော်တို့နှင့်အတူ စေတုတ္တရာပြည်သို့ ပြန်ကြွသည်။ ပြန်လည်၍ ထီးနန်းစိုးစံသည်။ တိုင်းသူပြည်သား အပေါင်းလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ နှစ်လို ဝမ်းမြောက်သောအခါ၌ တီးရသော နန္ဒီစည်တော်ကိုလည်း တစ်ပြည်လုံး လှည့်လည် တီးကြသည်။

ဝေဿန္တရာမင်းကြီးသည် အကျဉ်းထောင်နှင့် နှောင်အိမ်တို့၌ အကျဉ်းခံနေရသော အကျဉ်းသားတို့အား လွှတ်ပစ်သည်။ ရောက်သည့် ညမှာပင် "ငါရောက်သည် ကြားလျှင် အလှူခံ ပုဂ္ဂိုလ်တို့ လာကြလိမ့်မည်။ ထိုအလှူခံ ပုဂ္ဂိုလ်တို့အား အဘယ်ပစ္စည်းကို လှူရပါအံ့နည်း" ဟူ၍ အကြံဖြစ်သည်။ သိကြားမင်းသည် မင်းကြီး၏ အကြံကို သိသောအခါ ရတနာ ခုနှစ်ပါးမိုးကို ရွာချလေသည်။ ထိုရတနာမိုးသည် နန်းတော်အတွင်း၌ ခါးလောက်အထိ ရှိသည်။ မြို့တွင်းရှိ အိမ်များ၌ ဒူးဆစ်အထိ ရှိသည်။

နံနက်လင်းသောအခါ ဝေဿန္တရာမင်းကြီးသည် တိုင်းသူပြည်သားတို့အား မိမိ အိမ်တွင်းရှိ ရတနာတို့ကို အသီးသီး ယူစေသည်။ ကျန် ရတနာတို့ကိုကား ဘဏ္ဍာတော်အဖြစ် သိမ်းယူကာ ကျီကြတို့၌ သိုလှောင်ထားသည်။ ထိုရတနာတို့ဖြင့် အသက်ထက်ဆုံး အလှူဒါနကို မပြတ်ပြုလုပ်လေသည်။ ဝေဿန္တရာမင်းကြီးသည် သက်တမ်းစေ့၍ နတ်ရွာစံသောအခါ တုသိတာနတ်ပြည်၌ စံစားရလေသည်။

(ဇာတ်ပေါင်းသော် ဝေဿန္တရာမင်းသည် ဂေါတမဘုရားရှင်၊ မဒ္ဒီဒေဝီသည် ယသော်ဓရာ၊ ဇာလီမင်းသားသည် ရာဟုလာ၊ ကဏှာဇိန်မင်းသမီးသည် ဥပ္ပလဝဏ်၊ သိဉ္စည်းမင်းသည် သုဒ္ဓေါဒနမင်း၊ ဖုဿတီဒေဝီသည် မဟာမာယာဒေဝီ၊ သိကြားမင်းသည် အရှင်အနုရုဒ္ဓါ၊ ဇူဇကာပုဏ္ဏားသည် ဒေဝဒတ်၊ အမိတ္တာပုံသည် စိဉ္စမာဏ ဝိကာတို့ အသီးသီး ဖြစ်လာကြလေသည်)

*ဤဝေဿန္တရာ ဇာတ်တော်တွင် ဂေါတမဘုရားရှင် ဒါနပါရမီ၊ ဥပေက္ခာပါရမီ၊ ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်*

1 comment: