Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၁

လွန်လေပြီးသောအခါ ဝိဒေဟတိုင်း၊ မိထိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီးသည် မင်းပြု၏။ ထိုမင်း၌ သေနက(သိန်း)၊ ပက္ကုသ(ပက္ကုသ်)၊ ကာမိန္ဒ(ကာမိန်)၊ ဒေဝိန္ဓ(ဒေဝိန်း) အမည်ရှိသော အမတ်ကြီး လေးယောက် ရှိ၏။

မိထိလာပြည်၏ အနီးမဝေး၊ အရပ်လေးမျက်နှာ၌ အရှေ့ယဝမဇ္ဈဂုံးရွာ၊ တောင်ယဝမဇ္ဈဂုံးရွာ၊ အနောက်ယဝမဇ္ဈဂုံးရွာ၊ မြောက်ယဝမဇ္ဈဂုံးရွာ ဟူသော ရွာကြီးလေးရွာလည်း ရှိ၏။ ထိုရွာကြီးလေးရွာ အနက် အရှေ့ယဝမဇ္ဈဂုံးရွာ၌ သီရိဝဍ္ဎနနှင့် သုမနဒေဝီ ဟူသော သူဌေးကြီး ဇနီးမောင်နှံတို့ ရှိနေကြသည်။

တစ်နေ့သ၌ ဘုရားလောင်းသည် တာဝတိံသာ နတ်ပြည်မှ စုတေ၍ သုမနဒေဝီ သူဌေးကတော်ထံ၌ ပဋိသန္ဓေ တည်လေသည်။ ဘုရားလောင်းနှင့် အတူ နတ်သားတစ်ထောင်တို့လည်း ထိုအချိန်မှာပင် ထိုရွာရှိ အခြားသော သူဌေးသူကြွယ်တို့အိမ်၌ ပဋိသန္ဓေ တည်ကြလေသည်။

ဤသို့ ဘုရားလောင်း ပဋိသန္ဓေတည်သည်နှင့် တစ်ပြိုင်နက် ဝိဒေဟရာဇ် မင်းကြီးသည် အိပ်မက် မြင်မက်လေသည်။ အိပ်မက်မှာလည်း ထူးဆန်းသည်။ နန်းရင်ပြင်၌ ထောင့်လေးထောင့်တွင် မီးပုံကြီး လေးပုံ တောက်နေစဉ် ထိုမီးပုံကြီး လေးပုံအလယ်၌ မီးပုံကလေး တစ်ပုံ ထတောက်သည်။ ထိုမီးပုံကလေးသည် ပိုးစုန်းကြူးခန့်သာ ရှိသည်။ သို့ရာတွင် အစွမ်းထက်လှသည်။ တစ်ခဏချင်းဖြင့် မီးပုံကြီး လေးပုံကို ကျော်လွန်လျက် အထက် ဗြဟ္မာဘုံသို့ ရောက်အောင် တက်သွားလေသည်။ လူ နတ် ဗြဟ္မာ အပေါင်းတို့သည် ထိုမီးပုံကလေးကို ပန်း နံ့သာစသည်တို့ဖြင့် ပူဇော်ကြသည်။ မီးလျှံအတွင်း၌ လူအပေါင်းတို့သည် သွားလာကြသည်။ သို့ရာတွင် မွေးညင်းကလေး တစ်ပင်မျှပင် ပူလောင်ခြင်း မရှိချေ။

မင်းကြီးသည် ဤအိပ်မက်ကို မြင်မက်သောအခါ လွန်စွာ ထိတ်လန့်သဖြင့် ဆက်လက် မအိပ်နိုင်။ မိုးလင်းသည့် တိုင်အောင် အိပ်မက် အကြောင်းကိုသာ တွေး၍ နေလေသည်။

နံနက်မိုးသောက်၍ ပညာရှိ အမတ်ကြီး လေးယောက်တို့ အခစား ရောက်လာသောအခါ မင်းကြီးက အိပ်မက်အကြောင်းကို ပြောပြလေသည်။ ထိုအခါ သိန်းအမတ်က "အရှင်မင်းကြီး၊ မည်သည်ကိုမျှ စိုးရိမ်တော် မမူပါနှင့်။ အရှင်မင်းကြီး၏ အိပ်မက်သည် မင်္ဂလာရှိသော အိပ်မက်ဖြစ်ပါသည်။ အရှင်မင်းကြီးအား ဘုန်းကျက်သရေ တိုးပွားခြင်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်တို့ ပညာရှိလေးယောက်ကို လွှမ်းမိုး၍ နောက်ထပ် ပညာရှိတစ်ယောက် ပေါ်ပေါက်လာပါလိမ့်မည်။ ထိုပညာရှိသည် ဤလောက၌ ပြိုင်ဘက်ကင်းသူ ဖြစ်ပါလိမ့်မည်" ဟု အိပ်မက်ဖတ်လေသည်။

မင်းကြီးက "ထိုပညာရှိသည် ယခု အဘယ်မှာ ရှိမည်နည်း" ဟု မေးသည်။ သိန်းအမတ်က "ထိုပညာရှိသည် ပဋိသန္ဓေ ယူဆဲသော်လည်း ဖြစ်ရာသည်။ သို့မဟုတ် ဖွားဆဲသော်လည်း ဖြစ်ရာသည်" ဟု လျှောက်၏။

မင်းကြီးသည် ဝမ်းမြောက်ဝမ်းသာ ရှိသွားသည်။ အမတ်ကြီး၏ စကားကိုသာလျှင် တစ်နေ့မပြတ် အောက်မေ့လျက် နေလေသည်။

သုမနဒေဝီသည် ၁၀-လ စေ့သောအခါ ဘုရားအလောင်းကို ဖွားမြင်သည်။ ဘုရားလောင်း ဖွားမြင်သော ခဏ၌ပင် သိကြားမင်းသည် မိမိ၏ တန်ခိုးဖြင့် ဘုရားအလောင်း၏ လက်ထဲတွင် ဆေးတုံးတစ်ခုကို ထည့်ပေးလိုက်သည်။

သုမနဒေဝီသည် သားငယ်၏ လက်ထဲတွင် ဆေးတုံးကလေး ဆုပ်ထားသည်ကို တွေ့မြင်သည်။ "ချစ်သား၊ ဘာကို ဆုပ်ကိုင်ထားသနည်း" ဟု မေးသည်။

ဘုရားလောင်းက "မိခင်၊ ဤကား နတ်ဆေးတုံးတည်း၊ မိခင်ယူလော့။ အနာရောဂါ ရှိသူတို့အား ဤဆေးတုံးကို သွေး၍ လိမ်းစေလော့။ အနာရောဂါများ မုချ ပျောက်ကင်းပါလိမ့်မည်" ဟု ဆို၍ မိခင်အား ပေး၏။

သုမနဒေဝီလည်း ထိုအကြောင်းကို သူဌေးကြီးအား ဝမ်းမြောက်ဝမ်းသာ ပြောပြ၏။ ထိုအချိန်၌ သူဌေးကြီးတွင် ၇-နှစ် တိုင်တိုင်စွဲကပ်နေသော ခေါင်းကိုက်ရောဂါ ရှိသည်။ သူဌေးကြီးလည်း "ဤကလေးသည် အမိဝမ်းမှ ဆေးတုံးကိုင်၍ ဖွားမြင်လာသည်။ မွေးလျှင်မွေးချင်းပင် မိခင်နှင့်လည်း စကားပြောသည်။ အလွန်ဘုန်းကံထူးသော ကလေးပင်ဖြစ်သည်။ သူ့လက်တွင်းမှ ဆေးတုံးသည် အမှန်ပင် အစွမ်းသတ္တိရှိလိမ့်မည်" ဆိုကာ ဆေးတုံးကို အနည်းငယ် သွေးသည် နားထင်၌ သုတ်လိမ်းသည်။ ခဏအတွင်းမှာပင် ခေါင်းကိုက်ရောဂါသည် ပျောက်ကင်းသွားလေသည်။ သူဌေးကြီးလည်း ဝမ်းသာအားရမဆုံး ရှိလေသည်။

ထိုသတင်းသည် အရပ်လေးမျက်နှာ၌ ကျော်ကြားသွားသည်။ ရောဂါသည်တို့သည် သူဌေးကြီး အိမ်သို့လာ၍ ဆေးတောင်းကြသည်။ သူဌေးကြီးလည်း ဆေးကို အနည်းငယ်သွေး၍ ရေနှင့်ရောသည်။ ဆေးတောင်းသူ အားလုံးကို ပေးသည်။ ဆေးကိုသုံးသဖြင့် အားလုံးပင် ရောဂါဝေဒနာများ ပျောက်ကင်းကြသည်။

မဟောသဓာ

သူဌေးကြီးနှင့် သူဌေးကတော်တို့သည် သားငယ်ကို အမည်ပေးသောအခါ အစွမ်းထက်မြက်သော ဆေးကို ကိုင်လျက် ဖွားမြင်လာသည်ကို အစွဲပြု၍ မဟောသဓာဟု အမည်ပေးသည်။
['မဟောသဓာ' ဟူသောစကားသည် မဟာနှင့် သြသဓ နှစ်ပုဒ် တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနုဘော်ကြီးသော၊ သြသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်]

သူဌေးကြီးက 'ငါ့သားက ဘုန်းကြီးသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားလာမည်မထင်။ ငါ့သားနှင့် အတူ မွေးဖွားလာသော ဖွားဖက်များ ရှိရမည်' ဟု တွေးကာ စုံစမ်းစေသည်။ ထိုအခါ မဟောသဓာနှင့် တစ်ချိန်တည်း ဖွားမြင်သည့် သူငယ်ပေါင်း တစ်ထောင်ရှိကြောင်း သိရသည်။ ဤတွင် "ဤကလေးတို့သည် နောင်အခါ ငါ့သား၏ အပေါင်းအဖော် အခြံအရံများ ဖြစ်လိမ့်မည်" ဆိုကာ ထိုကလေးတစ်ထောင်တို့အား အဝတ်တန်ဆာနှင့် နို့ထိန်းသည်တို့ကို ပေး၏။

(မဟောသဓာဇာတ် အပိုင်း-၂ ဆက်တင်ပါမည်)


No comments:

Post a Comment