Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၁၅

ပညာရှင်နှင့် ဥစ္စာရှင်

တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် သုခမိန် ၅-ယောက်တို့ကို ပြဿနာတစ်ရပ် မေးမြန်းသည်။

ရှေးဦးစွာ သိန်းအမတ်ကြီးအား "ဆရာအမတ်ကြီး၊ ဤလောက၌ နှစ်ယောက်သောသူတို့တွင် တစ်ယောက်မှာ ပညာရှိ၏။ စည်းစိမ်ဥစ္စာကား မရှိ။ တစ်ယောက်သောသူမှာ စည်းစိမ်ဥစ္စာ ရှိ၏။ ပညာကား မရှိ။ ထိုသူနှစ်ယောက်တို့တွင် အဘယ်သူကို မြတ်သည်ဟု ဆိုမည်နည်း" ဟု မင်းကြီးက မေးမြန်း၏။

သိန်းအမတ်သည် စည်းစိမ်ရှင် မှူးမတ်နွယ်ဖြစ်သောကြောင့် စည်းစိမ်ဥစ္စာ ရှိသူဘက်ကို လိုက်၍ ဖြေဆို၏။
"အရှင်မင်းကြီး၊ လောက၌ ပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတို့ကို တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ အမျိုး မြတ်သည်ဖြစ်စေ၊ မမြတ်သည်ဖြစ်စေ ထိုသူအားလုံးသည် စည်းစိမ်ဥစ္စာရှိသူ၏ အစေအပါးသာ ဖြစ်ပါသည်။ ထို့ကြောင့် ပညာရှိသူထက် စည်းစိမ်ဥစ္စာ ရှိသူက မြတ်ပါသည်" ဟူ၍ ဖြေကြား၏။

ထိုအခါ မင်းကြီးသည် အခြားသုခမိန်တို့ကို မမေးတော့ဘဲ မဟောသဓာကိုသာလျှင် "မဟောသဓာ သုခမိန်၊ အသင် မည်သို့ ယူဆပါသနည်း" ဟု မေးတော်မူ၏။

မဟောသဓာက "အရှင်မင်းကြီး၊ ပညာမဲ့သူသည် လောက၌ စည်းစိမ်ဥစ္စာသာလျှင် မြတ်သည်ဟု မှတ်ထင်သည်ဖြစ်၍ မကောင်းမှုကို ပြုတတ်သည်။ ဤဘဝအရေးကိုသာ ကြည့်၍ နောင်သံသရာအရေးကို မကြည့်တတ်ပါ။ ထို့ကြောင့် သေလွန်သောအခါ အပါယ်သို့ လားရပါသည်။ တစ်ဖန် အပါယ်မှ လွတ်သောအခါ၌လည်း ယုတ်ညံ့သောအမျိုး၌ ဖြစ်ရပါသည်။ နှစ်ဘဝလုံး အရှုံးချည်း ဖြစ်ရပါသည်။ ထို့ကြောင့်စည်းစိမ်ဥစ္စာရှိသူထက် ပညာရှိသူကသာ မြတ်သည်ဟု အကျွန်ုပ် ယူဆပါသည်" ဟုဖြေ၏။

ဤတွင် သိန်းအမတ်ကြီးက စည်းစိမ်ဥစ္စာ ရှိသူသာလျှင် မြတ်ကြောင်း၊ နေပြည်တော်ရှိ ရုပ်အဆင်းအင်္ဂါ မလှပသော၊ ပါးစောင်နှစ်ဖက်မှ ရွံရှာဖွယ် အရိအရွဲများ ယိုကျတတ်သော ဂေါဝိန္ဒ သူဌေးကြီးကို ကိုးကားပြောဆို၏။

မဟောသဓာကမူ "စည်းစိမ်ဥစ္စာ ရှိသောသူသည် ဆင်းရဲ ဒုက္ခနှင့် ကြုံတွေ့လျှင် အလွန်တွေဝေတတ်၏။ သဲပူတွင်ထားသော ငါးကဲ့သို့ တုန်လှုပ်တတ်၏။ ပညာနှင့် မထိန်းတတ်။ ထို့ကြောင့် စည်းစိမ်ရှိသောသူထက် ပညာရှိသောသူက မြတ်ပါသည်" ဟုသာဆို၏။

ဤသို့လျှင် သိန်းအမတ်နှင့် မဟောသဓာတို့သည် အပြန်အလှန် အမျိုးမျိုး အဖုံဖုံ တင်ပြလျှောက်ထားကြ၏။ မိမိတို့ အဆိုအမိန့် မှန်ကန်ကြောင်းကိုလည်း ဥပမာအမျိုးမျိုးဖြင့် ကိုးကား တင်ပြကြ၏။

နောက်ဆုံးတွင် သိန်းအမတ်သည် မဟောသဓာ နောက်ထပ် မချေပနိုင်အောင် ဆိုမည်ဟု ကြံလျက်-
"အရှင်မင်းကြီး၊ ကျွန်ုပ်တို့ ၅-ယောက်လုံးသည် ပညာရှိသုခမိန်များ ဖြစ်ကြပါသည်။ သို့သော်လည်း သိကြားမင်းကြီးပမာ စည်းစိမ်ရှင်ဖြစ်သော အရှင်မင်းကြီးကို ရှိခိုးခစားရပါသည်။ ထို့ကြောင့် ပညာရှိသူထက် စည်းစိမ်ဥစ္စာရှိသူက ပို၍ မြတ်ပါသည်" ဟု လျှောက်ထား၏။

သိန်းအမတ်၏ လျှောက်တင်ချက်မှာ ချေဖျက်ရန် မလွယ်ပေ။ မင်းကြီးလည်း မဟောသဓာ ချေပနိုင်တော့မည် မဟုတ်ဟု တွေးကာ "မဟောသဓာ၊ အသို့နည်း" ဟု မေးတော်မူ၏။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး၊ ပညာမရှိသော စည်းစိမ်ရှင်သည် အကြောင်းကြီးငယ် ပေါ်ပေါက်သောအခါ ပညာရှိသောသူကိုသာလျှင် အားကိုး ဆည်းကပ်ရပါသည်။ ထိုအခါ ပညာရှိကသာလျှင် အကြောင်းကြီးငယ် အမှုအခင်းတို့ကို လွယ်ကူစွာ ဖြေရှင်းပေးနိုင်ပါသည်။ ထို့ကြောင့် စည်းစိမ်ရှိသောသူထက် ပညာရှိသောသူကသာ မြတ်ပါသည်" ဟု လျှောက်တင်၏။

ထိုအခါ သိန်းအမတ်သည် ထပ်မံမချေပနိုင်။ မှိုင်တွေ၍သာ နေရ၏။ မဟောသဓာသည် ပညာရှိ မြတ်ကြောင်းကို ထပ်လောင်း၍ ချီးကျူးပြောဆိုပြန်သည်။

"အရှင်မင်းကြီး၊ စင်စစ်အားဖြင့် ဘုရား အစရှိသော သူတော်ကောင်းတို့သည် ပညာကိုသာလျှင် ချီးမွမ်းတော်မူကြပါသည်။ လောကသုံးပါး၌ အမြတ်တကာတို့၏ အမြတ်ဆုံးမှာ သဗ္ဗညုတ ဉာဏ်တော်ရသော ပညာရှင် မြတ်စွာဘုရားသာလျှင် ဖြစ်ပါသည်။ စည်းစိမ်ရှင်များ အားလုံးသည် ပညာရှင်ဖြစ်သော မြတ်စွာဘုရားကို ရှိခိုးဦးခိုက်ကြရပါသည်" ဟု လျှောက်တင်၏။

မင်းကြီးသည် မဟောသဓာ၏ ဖြေဆိုချက်ကို နှစ်သက်လှသဖြင့် နို့စားနွားမတစ်ထောင်၊ ဆင်တစ်စီး၊ အာဇာနည်မြင်းလေးကောင် ကသော ရထားဆယ်စီး၊ ရွာကြီး ၁၆-ရွာ တို့ကို ဆုပေးတော်မူလေသည်။

(မဟောသဓာအပိုင်း- ၁၆ "အမရာဒေဝီ ရှာခန်း" ဆက်တင်ပါမည်)

No comments:

Post a Comment