Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၁၃

ပိင်္ဂုတ္တရလုလင်

တစ်ခါသော် မိထိလာပြည်မှ ပိင်္ဂုတ္တရအမည်ရှိသော လုလင်ပျိုတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားသည်။ ပညာတတ်မြောက်၍ ပြန်မည်ပြုသောအခါ ဒိသာပါမောက္ခ ဆရာကြီးက သမီးနှင့် ထိမ်းမြားပေးလေသည်။


ဆရာကြီး၏ သမီးကား ရုပ်ဆင်းအင်္ဂါလည်း လှပချောမောသည်။ ဘုန်းကျက်သရေနှင့် ပြည့်စုံသော မိန်းမမြတ်လည်း ဖြစ်သည်။ ပိင်္ဂုတ္တရလုလင်ကား ဘုန်းမဲ့သူဖြစ်သည်။ ဆရာ့သြဇာကို မလွန်ဆန်နိုင်သဖြင့်သာ လက်ခံလိုက်ရသည်။ ဆရာ့သမီးကို တပ်မက်နှစ်သက်သောစိတ် မရှိချေ။ ထိမ်းမြားပြီးနောက် ဆရာ့အိမ်တွင် ၇-ရက်လည်အောင် နေစဉ် သတိုးသမီးနှင့် ယှဉ်၍ပင် မအိပ်နိုင်။ သတို့သမီးက အိပ်ရာခုတင်ပေါ်၌ အိပ်၍ သူက အောက်တွင် ဆင်းအိပ်လေသည်။

၇-ရက်လည်သော် ထုံးစံအတိုင်းပင် လုလင်သည် သတို့သမီးကို ခေါ်၍ မိထိလာပြည်သို့ ပြန်လာခဲ့သည်။ လမ်းခရီး၌ မေးထူးခေါ်ပြောပင် မလုပ်ဘဲ လာခဲ့ကြသည်။ မိထိလာပြည်နှင့် မနီးမဝေးအရပ်သို့ ရောက်သောအခါ ရေသဖန်းပင်တစ်ပင်ကို တွေ့သဖြင့် လုလင်သည် အပင်ပေါ်သို့တက်သည်။ သဖန်းသီးကို ခူးစားသည်။ သတို့သမီးက မိမိအဖို့လည်း သဖန်းသီး ဆွတ်ခူးပေးပါရန် တောင်းသည်။ လုလင်က မပေး။ "သင့်မှာလည်း လက်နှင့်ခြေပါသည်။ သင့်ဘာသာ တက်ခူးပါလော့" ဟု ဆို၏။

သတို့သမီးလည်း သဖန်းပင်ပေါ်သို့ တက်သည်။ ထိုအခါ လုလင်သည် သဖန်းပင်ပေါ်မှ လျင်မြန်စွာ ဆင်းသည်။ သတို့သမီး မဆင်းနိုင်စေရန် အပင်ရင်း၌ ဆူးခက်များ စုပုံပြီးလျှင် ထွက်ပြေးသွားလေသည်။ သတို့သမီးလည်း အပင်ပေါ်မှ ဆင်းမရသဖြင့် အပင်ပေါ်မှာပင် တစ်ကိုယ်တည်း နေရရှာလေသည်။

ဥဒုမ္ဗရဒေဝီ

ထိုအခိုက် ဝိဒေဟရာဇ်မင်းကြီးသည် ဥယျာဉ်ကစားရာမှ ဆင်စီး၍ ပြန်လာသည်။ ထိုသတို့သမီးကို မြင်၍ မေးမြန်းစုံစမ်းသည်။ အကြောင်းစုံကို သိရသောအခါ နန်းတော်သို့ ခေါ်လာခဲ့သည်။ ရေသဖန်းပင်ပေါ်က ရသဖြင့် ဥဒုမ္ဗရဒေဝီ ဟူသော အမည်ကိုပေး၍ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မြှောက်လေသည်။

တစ်နေ့သောအခါ မင်းကြီးသည် ဥဒုမ္ဗရဒေဝီနှင့်အတူ ဥယျာဉ်သို့ ထွက်တော်မူသည်။ ထုံးစံအတိုင်းပင် မင်းကြီး ထွက်တော်မူမည့်လမ်းကို မြို့တံခါးအနီးရှိ ရွာသားများက ရှင်းလင်း လှည်းကျင်းပေးရသည်။ ထိုသူတို့အထဲတွင် ပိင်္ဂုတ္တရ လုလင်လည်း ပါဝင်သည်။

လမ်း ရှင်းလင်း လှည်းကျင်းမပြီးမီပင် မင်းကြီးနှင့် ဥဒုမ္ဗရဒေဝီ မိဖုရားတို့ အတူရထားစီး၍ ထွက်တော်မူလာသည်။ မိဖုရားသည် ခါးတောင်းကျိုက်လျက် ပေါက်တူး တစ်ချောင်းဖြင့် မြေညှိနေသော ပိင်္ဂုတ္တရလုလင်ကို မြင်သွားသည်။ ထိုအခါ ဖြစ်ပျက်ပုံကို တွေး၍ ဣနြေ္ဒမဆည်နိုင်ဘဲ ရယ်မိလေသည်။

မင်းကြီးသည် အမျက်ထွက်လျက် "အဘယ်ကြောင့် ရယ်ရသနည်း" ဟု မေး၏။ မိဖုရားက "လမ်းပြင်နေသော ထိုယောက်ျားမှာ ကျွန်တော်မကို သဖန်းပင်ပေါ်မှ မဆင်းနိုင်အောင် ပြုပြီး ထွက်ပြေးသော ခင်ပွန်းဟောင်း ဖြစ်ပါသည်။ ကျွန်တော်မကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤယောက်ျားညံ့ မဆောင်နိုင်ရှာဟု တွေးမိကာ ရယ်ခြင်းဖြစ်ပါသည်" ဟု လျှောက်တင်သည်။

မင်းကြီးကမယုံ။ "သင် လိမ်ညာ၍ လျှောက်ခြင်းဖြစ်သည်။ အခြား ယောက်ျားတစ်ယောက်ကို မြင်၍ ရယ်ခြင်းဖြစ်မည်။ သင့်ကို သတ်မည်" ဟု ဆိုကာ သန်လျက်ကို ဆွဲလေသည်။ မိဖုရားသည် လွန်စွာကြောက်လှသောကြောင့် "အရှင်မင်းကြီး၊ ကျွန်တော်မ၏ လျှောက်တင်ချက် မှန် မမှန်ကို ပညာရှိ သုခမိန်များအား မေးမြန်းတော်မူပါ" ဟု လျှောက်ထားသည်။

မင်းကြီးလည်း သိန်းအမတ်အား "မိဖုရား လျှောက်တင်ချက်ကို သင်ယုံသလော" ဟု မေးသည်။ သိန်းအမတ်က "ကျွန်တော်မျိုး မယုံပါ၊ ဤမျှလောက် ထူးမြတ်သော မိန်းမရတနာကို အဘယ်ယောက်ျား စွန့်ပစ်မည်နည်း" ဟု ဆို၏။

ထိုအခါ မင်းကြီးက မဟောသဓာကို မေးသည်။ မဟောသဓာက "ဤမိန်းမမြတ်ကို ယောက်ျားက စွန့်ပစ်သွားသည် ဆိုသောစကားကို ကျွန်တော်မျိုး ယုံပါသည်။ ထိုယောက်ျားသည် ဘုန်းမဲ့သူဖြစ်ရမည်။ ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့်အတူ ဆက်ဆံ၍ မနေနိုင်ပါ" ဟု ဆိုလေသည်။

ဤတွင် မင်းကြီးသည် အမျက်တော်ပြေငြိမ်းသွားသည်။ "ငါ့သား မဟောသဓာကြောင့် မိန်းမမြတ် ဖြစ်သော မိဖုရားရတနာ မဆုံးရှုံးရခြင်းဖြစ်သည်" ဟု ဆိုကာ မဟောသဓာအား အသပြာ တစ်သိန်း ပူဇော်လေသည်။

ဥဒုမ္ဗရဒေဝီလည်း မင်းကြီးကို ရှိခိုးလျက် "အရှင်မင်းကြီး၊ မဟောသဓာကြောင့် ကျွန်တော်မျိုးမ အသက်ရှင်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မဟောသဓာကို မောင်အရာ၌ ထားပါရစေ။ ယနေ့မှစ၍ ကျွန်တော်မျိုးမ စားရသမျှ စားကောင်း သောက်ဖွယ်အချို့ကို မောင်ငယ် မဟောသဓာထံ အချိန်မရွေး အစစ်အဆေး အမေးအမြန်း မရှိ၊ ပို့ခွင့်ပြုတော်မူပါ" ဟု အခွင့်တောင်း၏။ မင်းကြီးကလည်း အခွင်းပေးလိုက်လေသည်။

(မဟောသဓာဇာတ် အပိုင်း- ၁၄) ဆက်တင်ပါမည်

No comments:

Post a Comment