Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၁၆

အမရာဒေဝီ ရှာခန်း

မဟောသဓာ အသက် ၁၆-နှစ်သို့ ရောက်သောအခါ ဥဒုမ္ဗရဒေဝီသည် အကြံဖြစ်၏။ "ငါ့မောင် မဟောသဓာသည် ယခု အရွယ်ရောက်ပြီ။ ဥစ္စာစည်းစိမ်တို့လည်း များစွာရှိနေသည်။ စောင့်ရှောက် ထိန်းသိမ်းမည့်သူ မရှိသေး။ ထိုက်တန်သော သတို့သမီးနှင့် ထိမ်းမြားရသော် သင့်မည်"


ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားတိုင်ပင်၏။ မင်းကြီးလည်း သဘောတူသဖြင့် မိဖုရားသည် မဟောသဓာအား အကျိုးအကြောင်း ပြောပြ၏။

ထိုအခါ မဟောသဓာက 'မင်းနှင့် မိဖုရားတို့ ရှာပေးသော မိန်းမသည် မိမိစိတ်တိုင်းကျ ဖြစ်ချင်မှဖြစ်မည်။ မိမိစိတ်တိုင်းကျ မိန်းမကို ရှာဖွေစုံစမ်းယူမည်' ဟု ကြံ၏။ မိဖုရားအား "အရှင် မိဖုရား၊ သုံးလေးရက် ခွင့်ပေးတော်မူပါ။ အကျွန်ုပ်စိတ်တိုင်းကျ နှစ်သက်သော မိန်းမကို ရှာဖွေပြီး တွေ့သောအခါ ပြောပါမည်" ဟု ဆို၏။ မိဖုရားကလည်း "ငါ့မောင် စိတ်တိုင်းကျ မိန်းမကိုရှာပါ" ဟု ဆို၏။

မဟောသဓာသည် အိမ်သို့ပြန်၍ အပေါင်းအဖော် သူငယ်တို့အား အကျိုးအကြောင်း ပြောပြသည်။ မိမိကိုယ်စား မင်းရေးမင်းရာကိစ္စကို လိုအပ်သလို ဆောင်ရွက်ရန် မှာထားသည်။ သူကိုယ်တိုင်ကား မထင်မရှား အပ်ချုပ်သမားအသွင် ဆောင်လျက် မြို့တော်၏ မြောက်တံခါးမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် မြောက်ဘက်ယဝမဇ္ဈဂုံး ရွာကြီး၌ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခဲ့ဖူးသော အထည်ကြီးပျက် လယ်သမားတစ်ဦး ရှိသည်။ ထိုလယ်သမားတွင် အမရာအမည်ရှိ သမီးပျို တစ်ယောက် ရှိသည်။ အမရာသည် လွန်စွာလှပသည်။ ဉာဏ်ပညာနှင့်လည်း အထူးပြည့်စုံသည်။ အမရာသည် သူ့ဖခင် လယ်ထွန်ရာသို့ နေ့စဉ် ထမင်းသွားပို့ရသည်။

မဟောသဓာသည် ထိုရွာသို့ ရောက်သွားရာ အမရာနှင့် လမ်းမှာ ဆုံတွေ့သည်။ အမရာသည် ဖခင်ထံ ယာဂုသွားပို့စဉ် ဆုံမိခြင်းဖြစ်သည်။

မဟောသဓာသည် အမရာကိုမြင်သောအခါ နှစ်သက်မြတ်နိုးမိသည်။ အလားတူပင် အမရာကလည်း မဟောသဓာကို နှစ်သက်မြတ်နိုးမိသည်။ သို့ရာတွင် မဟောသဓာက 'သည်မိန်းမ၌ လင်ယောက်ျား ရှိ မရှိ မသိရသေး။ သိရအောင် ဉာဏ်ထောင်၍ မေးမည်' ဟု ကြံကာ အဝေးကရပ်လျက် လက်ဆုပ်၍ ပြ၏။ အမရာလည်း မဟောသဓာ၏ အကြံကို ရိပ်မိသွားသည်။ လင်မရှိ ဟူသော အထိမ်းအမှတ်ဖြင့် ဉာဏ်ဆောင်လျက်ပင် လက်ဝါးဖြန့်ကာပြ၏။ မဟောသဓာသည် အမျိုးသမီး၌ ခင်ပွန်းလင် မရှိကြောင်း သိရလျှင် အနီးသို့ ကပ်လာကာ မေးမြန်းသည်။

"နှမ၊ သင့်အမည် မည်သို့ ခေါ်သနည်း"
"အရှင်၊ အကျွန်ုပ်၏ အမည်ကား ဖြစ်ဆဲ၊ ဖြစ်လတ္တံ့၊ ဖြစ်ပြီး ဟူသော ကာလသုံးပါး၌ မရှိသော အမည်ကို ဆိုပါသည်"

ဤတွင် မဟောသဓာက ကာလသုံးပါး၌ မရှိခြင်းသည် မသေသူဖြစ်ရမည်။ 'မသေ' ဟူသည် 'အမရာ' ပင်ဖြစ်၏ ဟု ကြံဆကာ-
"နှမ၊ သင်၏ အမည်သည် အမရာ မဟုတ်ပါလော"
"ဟုတ်ပါသည် အရှင်"
"နှမ၊ ဤယာဂုကို မည်သူ့ထံ ပို့ဆောင်မည်နည်း"
"အရှင်၊ အိမ်ရှေ့နတ်ထံ ပို့ဆောင်ပါမည်"
"နှမ၊ အိမ်ရှေ့နတ် ဟူသည် သင်၏ အဖကို ဆိုလိုသည် မဟုတ်ပါလော"
"မှန်ပါသည် အရှင်"
"နှမ၊ သင်၏ အဖသည် မည်သည့် အမှုကို ယခု လုပ်ဆောင်ပါသနည်း"
"အရှင်၊ တစ်ယောက်တည်းဖြင့် နှစ်ခုကွဲသော အမှုကို လုပ်ဆောင်ပါသည်"

မဟောသဓာက လယ်ထွန်ခြင်းသည် ထွန်သွားဖြင့် လယ်မြေကို နှစ်ကွဲ ကွဲစေသည်။ လယ်ထွန်ခြင်း ဖြစ်ရမည်ဟု ကြံဆကာ-
"နှမ၊ သင်၏ အဖသည် ယခု လယ်ထွန်ခြင်း အမှုကို ပြုသည် မဟုတ်ပါလော"
"မှန်ပါသည်"
"နှမ၊ သင်၏အဖ ယခု ဘယ်အရပ်၌ လယ်လုပ်ပါသနည်း"
"အရှင်၊ အကျွန်ုပ်၏အဖသည် ထိုအရပ်သို့ တစ်ကြိမ်ရောက်သောသူတို့ တစ်ခေါက်တစ်ဖန် မပြန်လာကြရသော အရပ်၌ လယ်လုပ်ပါသည်"
"သင်၏ အဖသည် သင်္ချိုင်းကုန်း၌ လယ်လုပ်သည် မဟုတ်လော"
"မှန်ပါသည်"
"နှမ၊ ယနေ့အိမ်သို့ သင်ပြန်လာမည်လော"
"အရှင်၊ လာလျှင် အကျွန်ုပ် မလာရ၊ မလာလျှင် အကျွန်ုပ် လာရပါအံ့"

မဟောသဓာက ချောင်းတစ်ဖက်၌ အမရာ၏ ဖခင် လယ်ထွန်နေရာသည်။ မိုးရွာ၍ ချောင်းရေ စီးလာလျှင် မပြန်နိုင်၊ ချောင်းရေ မလာမှ ပြန်နိုင်မည်ကို ရည်ရွယ်ပြောခြင်းဖြစ်မည် ဟု ကြံဆ သိလိုက်သည်။ ထို့ကြောင့်-
"နှမ၊ သင်၏အဖသည် ချောင်းတစ်ဖက်၌ လယ်လုပ်သည် မဟုတ်ပါလော"
"ဟုတ်ပါသည်"

ထို့နောက် အမရာက မဟောသဓာအား "ယာဂု တိုက်ကျွေးလိုပါသည်။ အရှင် သုံးဆောင်တော်မူပါမည်လော" ဟု ဆိုသည်။ မဟောသဓာက လာဘ်ဦးကို မပယ်ကောင်းဟု တွေးကာ- "သောက်ပါမည်" ဟု ဆိုသည်။ အမရာသည် ခွက်ကို သန့်ရှင်းစွာ ဆေးကြောပြီးလျှင် ထည့်ပေးသည်။ ယာဂုကား အနည်းငယ်ပျစ်၏။ မဟောသဓာက "နှမ၊ ယာဂုပျစ်လှပါတကား" ဟုဆို၏။ အမရာက "ရေရှားသောကြောင့် ယာဂုပျစ်ပါသည်" ဟု ဆို၏။ မဟောသဓာက "နှမ ဖခင်လယ်၌ ရေမအောင်ထင်သည်" ဟု ဆိုသည်။ အမရာက "ဟုတ်ပါသည်" ဟု ဆို၏။

ယာဂုသောက်ပြီးသောအခါ မဟောသဓာက "နှမ၊ ငါသည် သင်၏ အိမ်သို့ သွားနှင့်လိုပါသည်။ ငါ့အား လမ်းညွှန်ပါ" ဟု ဆို၏။

အမရာလည်း ဉာဏ်ကစား၍ ညွှန်လိုက်သည်။ မဟောသဓာကလည်း ဉာဏ်ဖြင့် ဖြေရှင်း၍ ရောက်အောင် သွားလေသည်။

မဟောသဓာရောက်လာသော် အမရာ၏ မိခင်သည် နေရာကောင်းစွာပေးသည်။ ထို့နောက် ယာဂုတိုက်မည်ပြုသည်။ မဟောသဓာက "အမရာ တိုက်သဖြင့် သောက်ခဲ့ပြီးပါပြီ" ဟု ဆို၏။ ထိုအခါ အမရာ၏ မိခင်သည် သမီးအတွက် လာခြင်းဖြစ်သည်ကို ရိပ်မိလေသည်။

မဟောသဓာက-
"မိခင်၊ ကျွန်ုပ်သည် အပ်ချုပ်သမား ဖြစ်ပါသည်။ ချုပ်ရန် အဝတ်များ ရှိပါသလော" ဟု မေး၏။
"ချစ်သား၊ ချုပ်စရာ အဝတ်ကား ရှိပါသည်။ သို့သော် ချုပ်ခပေးစရာ မရှိပါ"
"မိခင်၊ မိခင်တို့အတွက် ချုပ်ခမယူပါ၊။ ချုပ်စရာ အဝတ်များကိုသာ ယူခဲ့ပါ"

အမရာ၏ မိခင်သည်လည်း အဝတ်ဟောင်းများကို ယူ၍ပေးသည်။ မဟောသဓာသည် ပေးသမျှ အဝတ်များကို ခဏချင်း အပြီးချုပ်ပေးသည်။ အမရာ၏ မိခင်က ပြောသဖြင့် အခြားအိမ်များကလည်း လာ၍ အဝတ်ချုပ်ခိုင်းကြသည်။ မဟောသဓာကလည်း ပေးသမျှကို တစ်နေ့တည်းဖြင့် အပြီးချုပ်ပေးသည်။ ချုပ်ခတစ်ထောင်ရရှိသည်။

အမရာ၏ မိခင်လည်း မဟောသဓာကို နံနက်စာ ထမင်းချက်ကျွေးသည်။ ညစာအတွက်လည်း ကျွေးရန် ဟင်းကောင်းများ ချက်ပြုတ်စီမံထားသည်။

ညနေချမ်းအချိန်သို့ ရောက်သောအခါ အမရာသည် လယ်တောမှ ပြန်လာသည်။ သူမသည် ထင်းစီးကို ဦးခေါင်း၌ ရွက်လျက်၊ ဟင်းရွက်ကို တဘက်မြိတ်ဖြင့် ပိုက်လျက် ပြန်ရောက်လာသည်။ ထို့နောက် သူမ၏ ဖခင်လည်း ရောက်လာလေသည်။ သူမလည်း မဟောသဓာအား ကောင်းမြတ်သော ဟင်းတို့ဖြင့် ညစာထမင်း ကျွေးမွေးသည်။

မဟောသဓာသည် အမရာ၏ အမူအရာ အလေ့အကျင့်ကို အကဲခပ်ရန်အတွက် ထိုအိမ်၌ နှစ်ရက်၊ သုံးရက်ခန့် နေထိုင်သည်။

တစ်နေ့တွင် မဟောသဓာက အမရာအား ပညာစမ်းလိုသဖြင့် ဆန်တစ်ခွက်ပေးသည်။ "နှမ၊ မုန့်ကြွပ်၊ ယာဂု၊ ထမင်း၊ ဤသုံးမျိုး ရအောင်ချက်၍ ပေးပါ" ဟု ဆို၏။

အမရာလည်း "ကောင်းပါပြီ" ဆိုကာ ထိုဆန်ကို ဆုံ၌ ဖြူစင်အောင် ဖွပ်သည်။ ထို့နောက် ဆန်ရင်းကို ထမင်းချက်သည်။ ဆန်လတ်ကို ယာဂု ကျိုသည်။ ဆန်ကွဲကို ဆုံ၌ ထောင်း၍ မုန့်ကြွပ် လုပ်သည်။ တစ်မျိုးစီကို မဟောသဓာအား ကျွေးသည်။ အားလုံးကောင်းလှသည်။ အရသာ ရှိလှသည်။ သို့သော်လည်း မဟောသဓာသည် အမရာ၏ စိတ်ကို စမ်းလိုသဖြင့် စိတ်ဆိုးဟန် ပြုသည်။ "ထွီ" ဟု ဆို၍ သွန်ပစ်လိုက်သည်။ အမရာကား စိတ်မဆိုးချေ။

မဟောသဓာက "သင်သည် ငါ့ဆန်ကို ဖျက်ဆီးပစ်ပြီ" ဆိုကာ သုံးမျိုးလုံးကို ရောနယ်သည်။ ထို့နောက် အမရာ၏ ဦးခေါင်းက လောင်းချလိုက်သည်။ "တံခါးမှာ သွားထိုင်နေချေ" ဟု လည်းမာန်မဲလွှတ်လိုက်သည်။ အမရာက စိတ်မဆိုး။ "ကောင်းပါပြီအရှင်" ဟုဆိုကာ တံခါး၌ သွားထိုင်နေလေသည်။

မဟောသဓာသည် 'ဤမိန်းမကား အမျက်စောင်မာန်မရှိ။ မိန်းမမြတ်ပေတည်း' ဟု သိရှိသွားသည်။ "နှမ၊ လာလှည့်" ဟု ခေါ်သည်။

အမရာလည်း ရိုသေစွာ လာ၍ အနီး၌နေသည်။ မဟောသဓာသည် မိမိအိမ်မှ ယူဆောင်လာသည့် မိန်းမဝတ်ထဘီကို ကွမ်းအစ်ထည့်သော အိတ်ထဲမှထုတ်၍ အမရာအား ပေးသည်။ "ရေချိုးပြီး ဝတ်လာခဲ့ပါ" ဟု ဆို၏။ အမရာလည်း မဟောသဓာပြောသည့်အတိုင်း ဝတ်လာ၏။

မဟောသဓာသည် အဝတ်ချုပ်၍ ရသော ငွေတစ်ထောင်နှင့် မိမိအိမ်မှ ယူဆောင်လာသော ငွေတစ်ထောင်၊ ပေါင်းနှစ်ထောင်ကို အမရာ၏ မိဘများအားပေးသည်။ အမရာကို ကောင်းစွာ ပေါင်းသင်း နေထိုင်မည်ဖြစ်ကြောင်း ကတိပေး၍ တောင်းရမ်းသည်။ မိဘတို့လည်း အကြည်အသာ လက်ခံကြသည်။ မဟောသဓာလည်း အမရာကို ခေါ်၍ မြို့သို့ ပြန်လာခဲ့လေသည်။

(မဟောသဓာအပိုင်း- ၁၇ "အမရာဒေဝီကို ဆောင်ယူခြင်း" ဆက်တင်ပါမည်)

No comments:

Post a Comment