Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၁၇

အမရာဒေဝီကို ဆောင်ယူခြင်း

မဟောသဓာသည် အမရာကို ခေါ်လာစဉ် လမ်းခရီး၌ ပညာစမ်းလိုသောကြောင့် ထီးနှင့်ဖိနပ် ပေးသည်။ ထိုအခါ အမရာသည် ထီးကို နေပူသော လွင်ပြင်၌ မဆောင်း။ နေရိပ်သော သစ်ပင်အောက်သို့ ရောက်သောအခါမှ ဆောင်းသည်။ ထို့ပြင် ဖိနပ်ကိုလည်း ကုန်းပေါ်တွင် မစီး။ ရေထဲသွားသောအခါ၌သာ စီးသည်။


မဟောသဓာက မေးသောအခါ အမရာက "အရှင်၊ လွင်ပြင်၌ အပေါ်မှ ကျစရာမရှိ။ သစ်ပင်အောက်၌သာ အပေါ်မှ သစ်ကိုင်းခြောက်များ ကျစရာရှိသဖြင့် ထီးဆောင်းခြင်းပြုပါသည်။ ထို့ပြင် ကုန်းပေါ်၌ ဆူးငြောင့်ရှိလျှင် မြင်နိုင်သည်။ ရေထဲ၌ကား ငါးရိုးစသော ဆူးငြောင့်များရှိလျှင် မမြင်နိုင်။ စူးမည်ကို စိုးရိမ်ရသဖြင့် ဖိနပ်စီးခြင်း ပြုပါသည်" ဟူ၍ ပြန်ပြောသည်။ မဟောသဓာလည်း အလွန်နှစ်သက်သွားလေသည်။ ဆက်လက်သွားကြရာ လမ်းဘေးတစ်နေရာ၌ ဆီးပင်တစ်ပင်ကို တွေ့သည်။ အမရာသည် ဆီးသီး တက်ခူးသောအခါ မဟောသဓာက တောင်းသည်။ အမရာက-
"အရှင်၊ ဆီးသီးအပူကို စားလိုသလော၊ ဆီးသီးအအေးကို စားလိုသလော" ဟု ပညာစမ်း၍ မေးသည်။ မဟောသဓာက-
"နှမ၊ ဆီးသီးပူကို စားလိုပါသည်" ဟုဆိုသည်။ အမရာလည်း ဆီးသီးကို ဆွတ်ယူပြီးလျှင် သဲပူထဲသို့ ချပေးသည်။ မဟောသဓာလည်း ထိုဆီးသီးကို စားပြီးလျှင်-
"နှမ၊ ဆီးသီးအေးကို စားလိုသည်" ဟု ဆိုသည်။ အမရာလည်း ဆီးသီးကို ဆွတ်ယူပြီးလျှင် မြက်တောထဲသို့ ချပေးသည်။ မဟောသဓာလည်း 'ဤမိန်းမကား အလွန်ပညာရှိပေသည်' ဟူ၍ ကျေနပ်နှစ်သက်မိသည်။

ခရီးဆက်ကြရာ မိထိလာမြို့သို့ ရောက်လာကြသည်။ မဟောသဓာသည် အမရာ၏ စိတ်ကို စမ်းလိုသဖြင့် မိမိအိမ်သို့ ခေါ်မသွားသေး။ တံခါးမှူးအိမ်မှာပင် ထားသည်။ တံခါးမှူး၏ မိန်းမထံ အပ်နှံထားပြီးလျှင် တစ်ဦးတည်းပင် အိမ်သို့ ပြန်လာခဲ့သည်။

အိမ်သို့ရောက်သော် လုလင်ပျို မင်းချင်းတို့ကို ခေါ်သည်။ "ငါသည် တံခါးမှူးအိမ်၌ အမျိုးသမီး တစ်ယောက်ကို ထားခဲ့သည်။ အသပြာ တစ်ထောင်ထုပ်ကို ယူသွား၍ ထိုအမျိုးသမီး၏ စိတ်ကို စမ်းကြချေ" ဟူ၍ စေလိုက်သည်။

မင်းချင်းတို့သည် အမရာထံ သွားကြသည်။ အမရာအား အသပြာတစ်ထောင်ထုပ်ကို ပေးလျက် ဘုရင့်သားတော်က အလိုရှိသဖြင့် လိုက်ခဲ့ရန် ပြောဆို စုံစမ်းကြသည်။ အမရာသည် အသပြာ ထောင်ထုပ်ကို လုံးဝလက်မခံ။ "မောင်ကြီးတို့၊ ဤအသပြာ တထောင်သည် ကျွန်ုပ်လင်၏ ခြေဖဝါး၌ ကပ်သော မြူမှုန်မျှလောက် အဖိုးမထိုက်။ အခြားနေရာမှာသာ နှစ်သက်ရာ အမျိုးသမီးကို ရှာပါ။ ကျွန်ုပ်ကား လွတ်လပ်သူမဟုတ်" ဟူ၍ ငြင်းဆိုလိုက်သည်။

လုလင်ပျို မင်းချင်းတို့သည် ဤနည်းအတိုင်း သုံးကြိမ်ဖြားယောင်းကြသည်။ အမရာကလည်း သုံးကြိမ်လုံးပင် ငြင်းပယ်လိုက်သည်။

နောက်ဆုံး၌ မဟောသဓာက မင်းချင်းတို့အား "အသာအယာ ပြောမရလျှင် အတင်းဆွဲခေါ်ခဲ့ကြ" ဟု စေခိုင်းသည်။ လုလင်ပျိုတို့လည်း စေခိုင်းသည့်အတိုင်း အမရာကို ဆွဲခေါ်လာကြသည်။

မဟောသဓာသည် ဘုရင့်သားတော် အသွင်ဝတ်ဆင်လျက် ခမ်းနားသော အိမ်ကြီးပေါ်တွင် အခြံအရံတို့ဖြင့် နေထိုင်လျက်ရှိသည်။ ထို့ကြောင့် အမရာသည် မဟောသဓာကို မမှတ်မိ။ ဘုရင့်သားတော် တစ်ပါးဟုပင် မှတ်ထင်သည်။ မဟောသဓာကို ကြည့်လျက် ရှေးဦးစွာ ပြုံးရယ်၏။ ထို့နောက် ငို၏။

မဟောသဓာက အကျိုးအကြောင်းမေးသောအခါ အမရာက "အရှင့်သား၏ စည်းစိမ် ချမ်းသာကို ကြည့်ပြီး ဤစည်းစိမ်ချမ်းသာကို အကြောင်းမဲ့ ရသည်မဟုတ်။ ရှေးကုသိုလ်ကံ အကျိုးပေး ကောင်းသောကြောင့် ရခြင်းဖြစ်သည်ဟု အားရဝမ်းမြောက် ဖြစ်မိပါသည်။ ထို့ကြောင့် ပြုံးရယ်မိပါသည်။ ထိုသို့ ပြုံးရယ်ပြီးနောက် ငိုမိသည်မှာ အရှင့်သားသည် ယခု ကာမပိုင် လင်ယောက်ျား ရှိသည့် မိန်းမကို ပြစ်မှားတော့မည် ဖြစ်၍ သေလျှင် ငရဲသို့ လားရတော့မည့်အဖြစ်ကို ကရုဏာသက်မိသောကြောင့် ငိုပါသည်" ဟု ဆိုလေသည်။

မဟောသဓာသည် အမရာ၏ တည်ကြည်သောစိတ်နှင့် မွန်မြတ်သော နှလုံးသားကို သိသွားသည်။ ချက်ချင်းပင် တံခါးမှူးအိမ်သို့ ပြန်ပို့ခိုင်းလိုက်သည်။ ထို့နောက် အပ်ချုပ်သမားအသွင် ဆောင်ကာ တံခါးမှူးအိမ်သို့ သွားသည်။ ထိုညတွင် အမရာနှင့်အတူ အိပ်လေသည်။

နောက်တစ်နေ့တွင် မဟောသဓာသည် ဥဒုမ္ဗရဒေဝီကို မိမိအတွက် မိမိကိုယ်တိုင်ပင် သတို့သမီး ရှာဖွေခေါ်ယူလာပြီဖြစ်ကြောင်း လျှောက်ထားသည်။ မိဖုရားလည်း မင်းကြီးအား လျှောက်ကြားသည်။ ထို့နောက် အမရာကို အဆောင်အယောင် အခမ်းအနားဖြင့် ခေါ်ဆောင်၍ မဟောသဓာနှင့် လက်ထပ်ပေးသည်။ ထိုအခါတွင်မှ အမရာသည် မိမိခင်ပွန်းမှာ သာမန်လူ မဟုတ်။ မင်းနှင့်မိဖုရားတို့က သားတော်အဖြစ် ချီးမြှောက်ထားသော မဟောသဓာ သုခမိန်ဖြစ်ကြောင်း သိရှိရလေတော့သည်။

လက်ထပ်ပွဲတွင် မင်းကြီးသည် မဟောသဓာကို အသပြာတစ်ထောင်တန်သော လက်ဆောင်ပစ္စည်းများ ပေးတော်မူသည်။ တံခါးမှူးစသော မြို့သူမြို့သားများကလည်း လက်ဆောင်များ ပေးပို့ကြသည်။ အမရာသည် မင်းကြီးပေးသော လက်ဆောင်ပစ္စည်းကို တစ်ဝက်ခွဲ၍ မင်းကြီးအား ပြန်လည်ဆက်သသည်။ အလားတူပင် မြို့သူမြို့သားများ ပေးသော လက်ဆောင်များကိုလည်း တစ်ဝက်ခွဲကာ လက်ဆောင်တုံ့ပြန်လေသည်။ ထိုနေ့မှစ၍ အမရာသည် မဟောသဓာနှင့် စိတ်တူ ကိုယ်တူ ပေါင်းသင်းနေထိုင်လေသည်။

(မဟောသဓာအပိုင်း- ၁၈ "အမရာ၏ စွမ်းရည်" ဆက်တင်ပါမည်)

No comments:

Post a Comment