Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၁၄

ဆိတ်နှင့်ခွေး
တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် နံနက်စာ ပွဲတော်တည်၏။ ထို့နောက် နန်းတော်ဆောင်၌ လမ်းလျှောက်ရင်း ပြတင်းပေါက်၌ ခေတ္တရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ဆိတ်နှင့်ခွေးတို့ သင့်မြတ်စွာ အဆွေ ခင်ပွန်းဖွဲ့နေကြသည်ကို အံ့ဖွယ် မြင်တွေ့ရသည်။

စင်စစ် ဆိတ်နှင့်ခွေးတို့သည် မသင့်မြတ်ကြ။ ရန်ဘက်ဖြစ်ကြသည်။ သို့ရာတွင် တစ်နေ့သ၌ ဆိတ်သည် ဆင်တင်းကုပ်သို့ သွား၍ ဆင်စာမြက်ကို စားသည်။ ဆင်ထိန်းသိသသောအခါ ရိုက်လွှတ်လိုက်သည်။ ဆိတ်သည် ပြေးခဲ့ပြီး မင်းကြီး၏ အိမ်တော်နံရံကို မှီ၍ အိပ်နေသည်။ ထိုနေ့မှာပင် ခွေးသည်လည်း စားတော်ကဲအလစ်တွင် စားဖိုအိမ်သို့ဝင်ကာ အမဲဟင်းကို ခိုးစားသည်။ စားတော်ကဲ သိသောအခါ ခွေးကို ရိုက်လွှတ်သည်။ ခွေးလည်း ထွက်ပြေးလာရာ ဆိတ်နေသောနေရာသို့ ရောက်လာသည်။ ဤတွင် အချင်းချင်းစကားဆိုရာမှ အကျိုးအကြောင်း သိသွားသည်။ ထိုအခါ ဆိတ်၏ အကြံပေးချက်အရ ခွေးသည် ဆင်တင်းကုပ်သို့ သွား၏။ ခွေးသည် မြက်စားတတ်သူမဟုတ်သဖြင့် ဆင်ထိန်းက ဘေးမဲ့ပေးထားသည်။ ဤတွင် ခွေးက အလစ်တွင် ဆင်စာမြက်ကို ချီယူလာပြီး ဆိတ်ကိုပေးသည်။ အလားတူပင် ဆိတ်ကလည်း စားဖိုအိမ်သို့ သွားသည်။ ဆိတ်သည် အမဲဟင်း စားတတ်သူ မဟုတ်သဖြင့် စားတော်ကဲက ဘေးမဲ့ ပေးထားပြန်သည်။ ဤတွင် ဆိတ်သည် အလစ်၌ အမဲဟင်းကို ခိုးယူလာပြီး ခွေးကိုပေးသည်။ ဤသို့ဖြင့် ဆိတ်ကလည်း မြက်ကိုစားရသည်။ ခွေးကလည်း အမဲဟင်းကို စားရသည်။ သို့ဖြင့် သူတို့နှစ်ကောင်သည် အဆွေခင်ပွန်း ဖြစ်နေကြလေသည်။

ထိုအကြောင်းကို မင်းကြီးမသိ။ ဆိတ်နှင့်ခွေးတို့ မိတ်ဆွေဖြစ်နေကြသည်ကို အံ့မဆုံးဖြစ်နေသည်။ ဤအကြောင်းကို ပြဿနာလုပ်ပြီး ပညာရှိများကို မေးအံ့ဟု ကြံစည်သည်။ နောက်တစ်နေ့ ညီလာခံတွင်-

"သုခမိန်တို့၊ ဤလောက၌ မည်သည့်အခါကမျှ အဆွေခင်ပွန်း အဖြစ် မပေါင်းသင်းဖူးသော ရန်ဘက် သတ္တဝါ နှစ်ဦးသည် ယခုအခါ အဆွေခင်ပွန်း ဖွဲ့နေကြသည်။ အကြောင်းရင်းကို ငါသိချင်သည်။ ယနေ့ နံနက်စာ စားပြီးချိန်၌ ဖြေကြားရမည်။ မဖြေနိုင်လျှင် တိုင်းပြည်မှ နှင်ထုတ်မည်" ဟု မိန့်တော်မူသည်။

သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ ပက္ကုသ် တည်းဟူသော သုခမိန်ကြီး ၄-ယောက်မှာ မည်သို့မျှ မဖြေနိုင်။ အခက်ကြုံတွေ့နေကြသည်။ မဟောသဓာသုခမိန်မူ တစ်ရက်လောက် အချိန်ရလျှင် အဖြေမှန်ကို ဖော်ထုတ်နိုင်စရာရှိသည်ဟု တွေးပြီးလျှင် သိန်းအမတ်လည်း မဟောသဓာ၏ အလိုကိုသိသဖြင့်-
"အရှင်မင်းကြီး၊ ကျွန်ုပ်တို့ စဉ်းစားပြီးမှ ဖြေဆိုပါမည်။ ကျွန်ုပ်တို့အား ၁-ရက်မျှ အချိန်ပေးတော်မူပါ" ဟု လျှောက်ထား၏။

မင်းကြီးက "ကောင်းပြီ။ ငါ ၁-ရက် အချိန်ပေးမည်။ စဉ်းစားပြီးမှ ဖြေဆိုကြ။ မဖြေနိုင်လျှင် သင်တို့ကို တိုင်းပြည်မှ နှင်ထုတ်မည်" ဟု မိန့်တော်မူသည်။

သုခမိန်း ၅-ယောက်တို့သည်လည်း မင်းကြီးရှေ့မှ ပြန်လာကြသည်။ မဟောသဓာသည် အိမ်သို့မပြန်သေး။ ဥဒုမ္ဗရဒေဝီမိဖုရားကြီးထံသို့ သွား၍ ယမန်နေ့က မင်းကြီးဘယ်အရပ်၌ နေသည်ကို စုံစမ်း၏။ မိဖုရားက- "မင်းကြီးသည် ယမန်နေ့က နန်းတော်အဆောင်၌ စင်္ကြံလျှောက်ရင်း ပြတင်းပေါက်၌ အချိန်တန်ကြာစွာ ရပ်နေသည်" ဟု ဆို၏။ မဟောသဓာလည်း ထိုပြတင်းပေါက်သို့ သွား၍ စုံစမ်းကြည့်ရှု၏။ ထိုအခါ ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့၍ နေသည်ကို တွေ့မြင်သွားသည်။ မင်းကြီးသည် ဤဆိတ်နှင့်ခွေးတို့ကို မြင်သဖြင့် ပြဿနာပြုလုပ်၍ မေးကြောင်း အတပ်သိသွားသည်။ စိတ်လက်ကြည်သာစွာဖြင့် အိမ်သို့ ပြန်ခဲ့သည်။

ပက္ကုသ်အမတ်၊ ကာမိန်းအမတ်၊ ဒေဝိန်းအမတ်တို့မူ မည်သို့မျှ မကြံတတ်သဖြင့် သိန်းအမတ်ကြီးအိမ်သို့ သွားကြသည်။ အကြံတောင်းကြသည်။ သိန်းအမတ်ကြီးလည်း မတတ်နိုင်။ နောက်ဆုံးတွင် မဟောသဓာသည် သူတို့ထက် အသိဉာဏ်ကျယ်သူ ဖြစ်သည်ဟုဆိုကာ အားကိုးတကြီးဖြင့် မဟောသဓာထံ သွားကြလေသည်။

မဟောသဓာလည်း ပညာရှိရုံမက သဘောထားကြီး၍ စိတ်ထားမြင့်မြတ်သူ ဖြစ်သည်။ 'ဤသူတို့ကို ငါမကယ်ပါက ၄-ယောက်လုံးပင် ပြည်နှင်ဒဏ် ခံရတော့မည်။ သူတို့မရှိပါက ငါသည် မင်းကြီး၏ ချီးမြှောက် ပူဇော်မှုကို ပိုမိုခံရမည်။ သို့ရာတွင် ဤသူ ၄-ယောက်မှာ ပျက်စီးရှာတော့မည်။ သူတို့မပျက်စီးရလေအောင် ငါ ကူမတော့မည်' ဟု ဆိုကာ အဖြေဖြစ်ရုံ တစ်ယောက်တစ်မျိုးစီ သင်ကြားပေးလိုက်သည်။

နောက်တစ်နေ့ ညီလာခံတွင် မင်းကြီးကမေးသောအခါ သိန်းအမတ်က "အရှင်မင်းကြီး၊ လူတို့သည် ဆိတ်၏ အသားကို နှစ်သက်စွာ စားကြသည်။ ခွေး၏ အသားကိုကား မစားကြပါ။ ယင်းသို့ အသားချင်း မတူကြပါလျက် ဆိတ်နှင့်ခွေးတို့သည် အဆွေခင်ပွန်း ဖွဲ့ကြသည်ဖြစ်ရာ၏" ဟု ဖြေဆိုသည်။

ပက္ကုသ်အမတ်က "အရှင်မင်းကြီး၊ လူတို့သည် ဆိတ်၏အရေကို မြင်းကုန်းနှီးလုပ်ကြ၏။ ခွေး၏ အရေကိုကား မြင်းကုန်းနှီးမလုပ်ကြပါ။ ယင်းသို့ အရေခြင်း မတူကြပါလျက် ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့သည်ဖြစ်ရာ၏" ဟု ဖြေဆို၏။

ကာမိန်းအမတ်က "အရှင်မင်းကြီး၊ ဆိတ်သည် ကောက်လိမ်သော ဦးချိုရှိ၏။ ခွေးကား ဦးချိုမရှိပါ။ ထို့ပြင် ဆိတ်သည် မြက်ကိုသာစား၏။ ခွေးကား အသားကို စားပါသည်။ ယင်းသို့ မတူပါလျက် ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့သည်ဖြစ်ရာ၏" ဟု ဖြေဆိုသည်။

ဒေဝိန်းအမတ်က "အရှင်မင်းကြီး၊ ဆိတ်သည် မြက်သစ်ရွက်ကို စား၏။ သူတစ်ပါးကို ဖမ်းယူ၍ မစား။ ခွေးကား မြက်သစ်ရွက်ကို မစား။ ယုန်၊ ကြောင်စသည်တို့ကို ဖမ်း၍စားတတ်၏။ ယင်းသို့ မတူပါလျက် ဆိတ်နှင့်ခွေးတို့သည် အဆွေခင်ပွန်း ဖွဲ့ကြသည် ဖြစ်ရာ၏" ဟု ဖြေဆိုလေသည်။

သုခမိန် ၄-ယောက်တို့သည် မဟောသဓာ နှုတ်တိုက်သင်ပေးလိုက်သည့်အတိုင်း ရွတ်ဆို လျှောက်တင်ခြင်းသာ ဖြစ်သည်။ အနက် အဓိပ္ပာယ်ကိုကား မသိကြချေ။ သို့ရာတွင် မင်းကြီးကမူ သုခမိန်တို့သည် အနက်အဓိပ္ပာယ်ကို သသောကြောင့် ဖြေဆိုနိုင်ကြခြင်း ဖြစ်သည်ဟု မှတ်ထင်လေသည်။

ထို့နောက် မဟောသဓာကိုမေးရာ မဟောသဓာက "အရှင်မင်းကြီး၊ ဆိတ်သည် ခွေးအတွက် စဖိုအိမ်မှ အမဲကို အမှတ်မဲ့ ယူဆောင်ပေးသည်။ ခွေးကလည်း ဆိတ်အတွက် ဆင်တင်းကုပ်မှ မြက်ကို အမှတ်မဲ့ ယူဆောင်ပေးသည်။ ဤသို့ ဆိတ်နှင့်ခွေး အချင်းချင်း တစ်ဦးအစာ တစ်ဦး ယူဆောင်ပေးကာ အဆွေခင်ပွန်း ဖွဲ့ကြသည်ကို မင်းကြီး မြင်တော်မူခြင်း ဖြစ်ရာသည်" ဟု လျှောက်၏။

မင်းကြီးလည်း အလွန်နှစ်သက်ရသဖြင့် သုခမိန် ၅-ယောက်အား အဿတိုရ်မြင်းကသောရထား တစ်စီးစီ၊ ၇ွာတစ်ရွာစီ ချီးမြှင့်လေသည်။

သုခမိန် ၄-ယောက်တို့သည် မိမိတို့အစွမ်းဖြင့် သိသည်မဟုတ်၊ မဟောသဓာ သင်ပေးသောကြောင့်သာ ဖြေဆိုနိုင်ခြင်းဖြစ်သည်ကို ဥဒုမ္ဗရဒေဝီ သိသည်။ ထို့ကြောင့် မင်းကြီးက ညီတူညီမျှ ချီးမြှောက်သည်ကို မကျေနပ်။ ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက ချီးမြှောက်ပြီးဖြစ်၍ မပြင်သာပြီ။ နောက်တစ်ကြိမ် ပြဿနာအသစ်တစ်ခု မေးပြီး မဟောသဓာကို ထိုက်တန်အောင် ချီးမြှင့်ရတော့မည်ဟု ဆိုလေ၏။

(မဟောသဓာဇာတ် အပိုင်း- ၁၅ ဆက်တင်ပါမည်)

No comments:

Post a Comment