Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၁၈

အမရာ၏ စွမ်းရည်

တစ်နေ့သောအခါ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ အမတ်ပညာရှိ ၄-ယောက်တို့သည် လျှို့ဝှက်စွာ တိုင်ပင်ကြသည်။ "ငါတို့သည် မဟောသဓာ တစ်ယောက်တည်း ရှိစဉ်ကပင် ပညာချင်း မယှဉ်နိုင်၊ အရာမဝင်သကဲ့သို့ ဖြစ်ခဲ့ကြသည်။ ယခုအခါ မဟောသဓာသည် နှစ်ကိုယ့်တစ်စိတ် ဖြစ်သော ပညာရှိမယားကောင်းနှင့် ပေါင်းမိပြန်ပြီ။


မဟောသဓာနှစ်ယောက် ဖြစ်သကဲ့သို့ ရှိချေသော် ငါတို့ ရှေးကထက်ပင် အရာမဝင်ဖြစ်တော့မည်။ မဟောသဓာ ပျက်စီးအောင် ငါတို့ ကုန်းချော၍ မင်းကြီးအား လျှောက်ထားရသော် မသင့်ပါလော" ဟု သေနကအမတ်က ဆို၏။

ကျန်သုခမိန် ၃-ယောက်တို့သည် မဟောသဓာ ပျက်စီးအောင် မည်သို့ ကုန်းချောရမည်ကို မကြံတတ် ဖြစ်နေကြသည်။ နောက်ဆုံးတွင် သေနကအမတ်ကြီး၏ အကြံပေးချက်အရ သူတို့သည် 'မင်းကြီး၏ ပတ္တမြားဆံထိုး၊ ရွှေပန်းကုံး၊ ကမ္ဗလာ၊ ရွှေခြေနင်းတို့ကို ရှေးဦးစွာ ခိုးယူကြမည်။ ထို့နောက် ယင်းတို့ကို မဟောသဓာအိမ်ရောက်အောင် စီမံမည်။ ရောက်သော် မဟာသဓာကို ရာဇဝတ်မှုဖြစ်အောင် ပြုမည်' ဟူ၍ စီစဉ်ကြသည်။

ရှေးဦးစွာ သေနကအမတ်သည် မင်းကြီး၏ ပတ္တမြားဆံထိုးကို ခိုးယူသည်။ ယင်းကို ရက်တက်အိုးထဲ ထည့်သည်။ ကျွန်မတစ်ယောက်အား ထိုရက်တက်အိုးကို မဟောသဓာအိမ်သို့ သွားရောင်းစေသည်။

ထိုကျွန်မလည်း ရက်တက်အိုးကို အခြားအိမ်သို့မရောင်း။ မဟောသဓာအိမ်နား၌သာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ ရောင်းသည်။

အမရာသည် ထိုကျွန်မ၏ ထူးခြားပုံကိုမြင်သော် 'အကြောင်းထူးရှိရမည်' ဟု တွေးဆသည်။ မိမိအိမ်ရှိ အဖော်တို့ကို အခြားသို့ရှောင်နေစေသည်။ ထို့နောက် ထိုဈေးသည်မကို လှမ်းခေါ်သည်။

ဈေးသည်မ ရောက်လာသောအခါ မိမိ၏ အိမ်ဖော်တို့ကို ခေါ်၍ မရသဖြင့် ဈေးသည်မအား ခေါ်ပေးရန်ပြောသည်။ ဈေးသည်မသည် အိမ်ဖော်တို့ကို သွားခေါ်နေစဉ် အမရာသည် ရက်တက်အိုးထဲသို့ နှိုက်ကြည့်သည်။ ပတ္တမြားဆံထိုးကို တွေ့သည်။ ဈေးသည်မ ပြန်ရောက်လာသောအခါ "အမယ်- သင်သည် မည်သူ့အိမ်ကပေနည်း" ဟု မေးသည်။

ဈေးသည်မလည်း "အကျွန်ုပ်သည် သေနကသုခမိန်၏ အိမ်မှ ကျွန်မဖြစ်သည်" ဟု ဆို၏။

ထိုအခါ အမရာသည် ဈေးသည်မ၏ အမည်နှင့် မိဘအမည်ကို မေးပြီး၊ ရက်တက်အိုးကို ဝယ်ထားလိုက်လေသည်။ ထိုဈေးသည်မ ပြန်သွားသောအခါ သိန်းအမတ်အိမ်မှ မည်သူ၏ သမီး၊ မည်သည့်ကျွန်မသည် မင်းကြီး၏ ပတ္တမြားဆံထိုးကို ရက်တက်အိုးထဲထည့်၍ လာရောင်းကြောင်း နေ့စွဲ- ရက်စွဲနှင့်တကွ ရေးမှတ်ထားလေသည်။

ဤနည်းတူပင် ပက္ကုသအမတ်ကလည်း ရွှေပန်းကုံးကို ခိုးယူကာ မြတ်လေးပန်းတောင်း၌ ထည့်၍ မဟောသဓာအိမ်ရောက်အောင် စီမံပို့သည်။ ကာမိန္ဒအမတ်ကလည်း ကမ္ဗလာကိုခိုး၍ ဟင်းရွက်ခြင်းထဲ၌ ထည့်၍ ပို့သည်။ ဒေဝိန္ဒအမတ်ကလည်း ရွှေခြေနင်းကို ခိုး၍ မုယောစပါး အစည်းထဲ၌ ထည့်၍ ပို့သည်။ အမရာကလည်း ထိုပစ္စည်းတို့ကို ယခင်နည်းအတိုင်း ရေးမှတ်ပြီး ဝယ်ယူထားလိုက်လေသည်။

မဟောသဓာ အိမ်သို့ ပစ္စည်းလေးမျိုးလုံး ရောက်ပြီးနောက် မကြာမီပင် အမတ်လေးယောက်သည် မင်းကြီးအား "အဘယ့်ကြောင့် ပတ္တမြားဆံထိုးကို မဆင်ပါသနည်း" ဟု မေးကြသည်။ မင်းကြီးလည်း ထိုအခါမှ သတိရကာ ပတ္တမြားဆံထိုးကို အယူခိုင်းသည်။ ထိုအခါ ရှာမတွေ့၊ ပျောက်နေကြောင်း သိရသည်။ ပတ္တမြားဆံထိုးသာမဟုတ် ရွှေပန်းကုံး၊ ကမ္ဗလာ၊ ရွှေခြေနင်းတို့ပါ ပျောက်နေကြောင်း သိရသည်။

ဤတွင် သူတို့က "အရှင်မင်းကြီး၊ ထိုတန်ဆာ ၄-ခုသည် မဟောသဓာအိမ်၌ ရှိနေပါသည်။ မဟောသဓာသည် ထိုတန်ဆာတို့ကို ဝတ်ဆင် အသုံးပြုနေပါသည်။ မဟောသဓာသည် အရှင်မင်းကြီး၏ ရန်သူပင်ဖြစ်ပါသည်" ဟူ၍ လျှောက်တင်ကြသည်။ ထိုအကြောင်းကို မဟောသဓာ၏ အကျိုးကို လိုလားသော အမတ်တို့သည် မဟောသဓာထံသို့ လျင်မြန်စွာ သွားရောက် ပြောပြကြသည်။ မဟောသဓာလည်း အဖြစ်မှန်ကို သိရန် မင်းကြီးရှေ့တော်သို့ အခစားဝင်သည်။ မင်းကြီးလည်း စိတ်ဆိုးကာ အတွေ့မခံဘဲ နေသည်။

မဟောသဓာသည် အခြေအနေမကောင်းသဖြင့် အိမ်သို့ ပြန်ခဲ့သည်။ မင်းကြီးလည်း မဟောသဓာကို ဖမ်းရန် အမိန့်ထုတ်လိုက်သည်။ ထိုသို့အမိန့်ထုတ်သည်ကို မဟောသဓာသည် မိမိအကျိုးလိုလားသူ အမတ်များထံမှတဆင့် ကြားသိရသည်။ ထိုအခါ ဖမ်းမည့်သူများ ရောက်မလာမီ မထင်ရှားသော အသွင်ဖြင့် တိမ်းရှောင်သွားသည်။ တောင် ယဝမဇ္ဈဂုံးရွာသို့ သွားသည်။ အိုးလုပ်သမားအိမ်တွင် မှီခို၍ အိုးလုပ်သမား အလုပ်ကို လုပ်ဆောင်နေလေသည်။

မဟောသဓာ ထွက်ပြေးကြောင်း သိရသောအခါ ကောက်ကျစ်သော သုခမိန်အမတ် ၄-ယောက်တို့သည် အချင်းချင်း အသိမပေးဘဲ အမရာဒေဝီကို သိမ်းယူမည်ဟု ကြံကြသည်။ စကားကမ်းကာ လက်ဆောင်များ ပို့ကြသည်။

အမရာသည် မိမိလင် မဟောသဓာကို ရာဇဝတ်သင့်အောင် မတရားပြုသည့် အမတ် ၄-ယောက်ကို စိတ်နာလျက် ရှိသည်။ ထိုစဉ် အသက်အရွယ်နှင့် မမျှအောင် မဖွယ်မရာ ပြုမူကြသည်ကို သိရသောအခါ လွန်စွာရွံမုန်းသွားသည်။ 'သူမိုက်ကြီး ၄-ယောက်ကို မှတ်လောက်အောင် အရှက်ခွဲမည်' ဟု ကြံ၍ တွင်းကြီးတစ်တွင်း တူးသည်။ ထိုတွင်းထဲသို့ မစင်နှင့်ရေများ ပြည့်အောင် ထည့်သည်။ အပေါ်က ပျဉ်ပြားဖုံးလျက် ခလုတ်တပ်ထားသည်။

ထို့နောက် မိမိထံလာရန် သုခမိန် ၄-ယောက်ကို အချိန်ခွာ၍ တစ်ယောက်စီ ချိန်းလိုက်သည်။

ရှေးဦးစွာ သေနကအမတ်ကြီး ရောက်လာသည်။ အမရာသည် ပျူငှားစွာ ကြိုဆိုသည်။ ပရိယာယ်မာယာဖြင့် "ရေအလျင်ချိုးပါဦး" ဟု ဆိုသည်။ မိမိကိုယ်တိုင် ရေလောင်းပေးမည့်ဟန်ဖြင့် သေနကအမတ်ကို ပျဉ်ချပ်ပေါ်၌ ရပ်ခိုင်းသည်။ သေနကအမတ်လည်း အမရာ၏ အကြံကို မရိပ်မိ။ ပျဉ်ချပ်ပေါ်၌ ရပ်သည်။ ထိုအခါ အမရာက ခလုတ်ကို အမှတ်တမဲ့ ဖြုတ်လိုက်သည်။ သေနကအမတ်သည် ပျဉ်ချပ်မှ လျှောကာ မစင်တွင်းထဲသို့ ကျသွားလေသည်။ သေနကအမတ် နည်းတူပင် ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ အမတ်တို့သည်လည်း အမရာချိန်းသည့်အတိုင်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ အမရာကလည်း ယခင်နည်းအတိုင်းပင် တစ်ယောက်ပြီး တစ်ယောက် မစင်တွင်းထဲသို့ ချသည်။ နောက်ဆုံး လေးယောက်လုံး မစင်တွင်းထဲသို့ ရောက်သွားကြလေသည်။

နောက်တစ်နေ့ နံနက်တွင် အမရာသည် သုခမိန်လေးယောက်ကို မစင်တွင်းမှ ထုတ်စေသည်။ သူတို့၏ ဆံပင် မုတ်ဆိတ်တို့ကို ရိတ်စေသည်။ တစ်ကိုယ်လုံး ကော်ရည်သုတ်၍ ဂွမ်းများဖြင့် ကပ်စေသည်။ ထို့နောက် တစ်ယောက်စီကို ဖျာတစ်ချပ်စီဖြင့် လိပ်၍ ပတ္တမြားဆံထိုး၊ ရွှေပန်းကုံး၊ ကမ္ဗလာ၊ ရွှေခြေနင်းတို့နှင့်အတူ မင်းကြီးထံ ယူဆောင်သွားသည်။

မင်းကြီးရှေ့တော်သို့ ရောက်သောအခါ "အရှင်မင်းကြီး၊ လက်ဆောင်ထူး မျောက်ဖြူလေးကောင်ကို လက်ခံတော်မူပါ" ဟု ဆိုကာ ဖျာလိပ်လေးလိပ်ကို မင်းကြီးခြေရင်း၌ ချထားသည်။

မင်းကြီးသည် ဖျာလိပ်များကို ဖွင့်ကြည့်သည်။ ထိုအခါ မျောက်ဖြူနှင့်တူသော သုခမိန် လေးယောက်ကို တွေ့ရသည်။ ထိုအချိန်မှာ ညီလာခံ ကျင်းပနေချိန်ဖြစ်သည်။ မှူးမတ်အပေါင်းက "တစ်ခါမှ မမြင်ဖူး၊ အလွန်ထူးသည့် မျောက်ဖြူကြီးများပါတကား" ဟု ဆိုကာ တဝါးဝါး ရယ်ကြလေသည်။ သုခမိန်မိုက် လေးယောက်တို့သည် အရှက်ကြီး ရလေသည်။

ထို့နောက် အမရာက "အရှင်မင်းကြီး၊ မဟောသဓာသည် ခိုးသူမဟုတ်ပါ။ ဤသုခမိန် လေးယောက်သာ ခိုးသူများ ဖြစ်ပါသည်" ဟု ဆိုကာ ထိုပစ္စည်း ၄-ခုကို မည်သည့်နေ့က မည်သူလာရောက်ကြောင်းကို ရေးမှတ်ထားသော စာနှင့်တကွ ဆက်သလေသည်။

မင်းကြီးသည် မဟောသဓာ ထွက်ပြေးကြောင်း သိသဖြင့် စိုးရိမ်နေသည်။ 'အကယ်၍ မိမိကို မဟောသဓာ ပုန်ကန်ခြားနားလေသော် တိုင်ပင်စရာ ဤသုခမိန် လေးဦးသာ ရှိသည်' ဟု တွေးလျက် သုခမိန် ၄-ယောက်ကို အပြစ်မယူပေ။ "ဆရာသုခမိန်တို့၊ ဤနန်းတွင်း၌ ရေချိုးပြီးလျှင် ဤပုဆိုးကို ဝတ်၍ သင်တို့၏ အိမ်သို့ သွားကြလေ" ဟု ဆို၍ လွှတ်လိုက်လေ၏။

အမရာလည်း မဟောသဓာ၌ အပြစ်မရှိကြောင်း လျှောက်ထားပြီးလျှင် မိမိအိမ်သို့ ပြန်သွားလေသည်။

(မဟောသဓာအပိုင်း- ၁၉ "ထီးချက်စောင့် နတ်သမီး၏ ပြဿနာလေးရပ်" ဆက်တင်ပါမည်)

No comments:

Post a Comment