Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၆

ချည်လုံးခိုးမှု

တစ်နေ့သ၌ ဝါခင်းစောင့်သော မိန်းမတစ်ယောက်သည် ဝါပေါက်သန့်သန့်ကို ချည်ငင်လျက် လုံးသည်။ ထို့နောက် ထိုချည်လုံးကို ယူ၍ ရွာသို့ ပြန်ခဲ့သည်။


ထိုမိန်းမသည် မဟောသဓာ၏ ရေကန်သို့ ရောက်သောအခါ ရေချိုးမည်ဟူ၍ အကြံဖြစ်သည်။ ထို့ကြောင့် ချည်လုံးကို မိမိအင်္ကျီပုံပေါ်၌ တင်ထား၍ ရေဆင်းချိုးသည်။

အခြားမိန်းမတစ်ယောက်သည် ထိုချည်လုံးကို မြင်လျှင် လိုချင်လာသည်။ "အမယ်- ဤချည်ကို အမယ်ငင်လေသလော၊ ဖြစ်ခဲပေစွ" ဟု ဆိုသည်။ ထို့နောက် ကြည့်ချင်ဟန်ပြု၍ ယူပြေးလေသည်။

ချည်လုံးရှင် မိန်းမလည်း ရေမှတက်၍ လိုက်သည်။ "သင် အဘယ်ကြောင့် ငါ့ချည်လုံးကို ခိုးယူပြေးသနည်း" ဟု ဆို၍ အင်္ကျီစကို ကိုင်ဆွဲထား၏။ ခိုးသူမလည်း "ငါ့ချည်လုံးကို ငါယူလျက် ခရီးသွားသည်။ သင့် အဘယ့်ကြောင့် ငါ့အား ခိုးသူမဟု စွပ်စွဲရသနည်း။ ငါ့ကို မနှောင့်ယှက်နှင့်။ ဆုတ်လော့" ဟု ဆို၍ အတင်းထွက်သွားမည်ပြု၏။ ချည်လုံးရှင်ကလည်း မသွားရအောင် တားမြစ်၏။ အငြင်းအခုံ ဖြစ်ကြ၏။ လူအများ ဝိုင်းဝန်းလာကြ၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်ကို ခေါ်စေသည်။ အမူအရာ အသွင်အပြင် လက္ခဏာကို ဆင်ခြင်ကြည့်လိုက်လျှင်ပင် ဤသူကား ခိုးသူမ၊ ဤသူကား ချည်လုံးရှင်ဟု အတပ်သိလိုက်သည်။ သို့ရာတွင် လူအများသိစေခြင်းငှာ စစ်ဆေးမေးမြန်းသည်။ ရှေးဦးစွာ ခိုးသူမအား မေးမြန်းသည်။

"ချည်လုံး၏ အတွင်း၌ မည်သည့်အရာကို ထည့်ခံ၍ လုံးပါသနည်း"
"အရှင့်သား၊ ဝါစေ့ကို ထည့်၍ လုံးပါသည်"

ထို့နောက် ချည်လုံးရှင်ကို မဟောသဓာက မေးပြန်သည်။ ထိုအခါ ချည်လုံးရှင်က "အရှင့်သား၊ တည်စေ့ကို ထည့်၍ လုံးပါသည်" ဟု ဖြေကြား၏။

မဟောသဓာသည် ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေသည်။ ထို့နောက် ချည်လုံးကို ဖြေဖွင့်ကြည့်စေသည်။ ထိုအခါ တည်စေ့ကို တွေ့လေ၏။

ခိုးသူမလည်း မငြင်းနိုင်။ မိမိ ခိုးယူကြောင်း ဝန်ခံရလေသည်။ မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ခိုးသူမကို ဆုံးမ၍ လွှတ်လိုက်လေသည်။

ဤအကြောင်းကို အမတ်သိရှိသော် မင်းကြီးအား လျှောက်ထားစေ၏။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနက အမတ်ကြီးကို တိုင်ပင်ပြန်သည်။ သေနက အမတ်ကြီးကလည်း ရှေးနည်းအတူ ဖျက်ပြန်သည်။ မင်းကြီးလည်း "ထပ်မံစုံစမ်းပါလေဦး" ဟူ၍ စေတော်မူလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၇ "သားခိုးအမှု" ဆက်တင်ပါမည်)

No comments:

Post a Comment