Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၁၉

ထီးချက်စောင့် နတ်သမီး၏ ပြဿနာလေးရပ်

မဟောသဓာ ထွက်ပြေးသည်မှစ၍ နန်းတော်မှာ တရားသံ ဆိတ်သုဉ်းသွားသည်။ မျက်မှောက်ဘဝနှင့် တမလွန်ဘဝအတွက် တန်ဖိုးရှိသော တရားစကားကို ညွှန်ပြမည့်သူ မရှိတော့ပေ။


ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၏ ထီးချက်စောင့်နတ်သမီးသည် အလိုမကျ။ မဟောသဓာကို ပြန်ခေါ်စေလိုသည်။ ထို့ကြောင့် မဟောသဓာကို ပြန်ခေါ်စေရန်အတွက် တစ်ညတွင် မင်းကြီးအား ပြဿနာလေးရပ်ကို ဖြေဆိုရန် မေးမြန်းသည်။

မေးမြန်းသော ပထမပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို ခြေ၊ လက်တို့ဖြင့် ရင်၊ မျက်နှာ စသည်တို့ကို ပုတ်ခတ်၏။ ထိုသို့ ပုတ်ခတ်လျက်ပင် ပုတ်ခတ်သူကို ပုတ်ခတ်ခံရသူသည် အလွန်ချစ်ခင်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်နည်။

ဒုတိယပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို ဆိုမြည်ဆဲရေး၏။ ထိုသို့ ဆဲရေးလျက်ပင် ထိုသူကို လာစေချင်၏။ ထိုသူကို အလွန်ချစ်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်နည်း။

တတိယပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို မခံချင်အောင် မဟုတ်မမှန် စွပ်စွဲပြောဆို၏။ စွပ်စွဲခံရသူသည် တစ်ဖန် မခံချင်အောင် ပြန်လှန်ပြောဆို စွပ်စွဲ၏။ ထိုသို့ ပြောဆို စွပ်စွဲလျက်ပင် တစ်ဦးကို တစ်ဦး အလွန်ချစ်မြတ်နိုးကြ၏။ ထို ပုဂ္ဂိုလ်တို့ကား အဘယ် ပုဂ္ဂိုလ်တို့နည်း။

စတုတ္ထပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦး၏ အစားအသောက်၊ အဝတ်ပုဆိုး၊ အိပ်ရာနေရာတို့ကို သုံးဆောင်ယူငင်၏။ ထိုသို့ ပြုလျက်ပင် ဥစ္စာရှင်သည် သုံးဆောင်ယူငင်တိုင်း အလွန်ချစ်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ် ပုဂ္ဂိုလ်နည်း။

နတ်သမီးသည် ညဥ့်အခါ၌ ထီးချက်ကို ဖွင့်လှစ်ပြီးလျှင် "ဤပြဿနာလေးရပ်ကို မင်းကြီးဖြေဆိုလော့" ဟု ဆို၏။ မင်းကြီးက "နတ်သမီး၊ ဤပြဿနာတို့ကို နံနက်သို့ ရောက်သောအခါမှ ပညာရှိ သုခမိန်တို့ကို မေး၍ ဖြေပါမည်။ စောင့်ဆိုင်းပါဦးလော့" ဟု ဆို၏။

နတ်သမီးကလည်း "ကောင်းပါပြီ မင်းကြီး" ဟု ဆို၏။

နံနက်လင်းသောအခါ မင်းကြီးသည် သုခမိန်လေးယောက်ကို အခေါ်ခိုင်းသည်။ သုခမိန် လေးယောက်တို့လည်း မိမိတို့မှာ ခေါင်းတုံးများဖြစ်နေသဖြင့် ရှက်ရွံ့နေကြသည်။ ထိုအကြောင်းကို မင်းကြီးသိသော် ဗောင်းထုပ်လေးခု ပို့ခိုင်းလိုက်သည်။ သုခမိန်လေးယောက်တို့လည်း ဗောင်းထုပ် ကိုယ်စီဆောင်း၍ လာကြ၏။

သူတို့ရောက်လာသောအခါ မင်းကြီးသည် အကျိုးအကြောင်း ပြောပြသည်။ ထီးချက်စောင့် နတ်သမီးမေးသော ပြဿနာလေးရပ်ကို ဖြေဆိုစေသည်။ မည်သူမျှ မဖြေဆိုနိုင်ကြချေ။ ညအချိန်ရောက်သောအခါ မင်းကြီးသည် နတ်သမီးကို သုခမိန်တို့လည်း မဖြေနိုင်ကြောင်း ပြောပြသည်။

နတ်သမီးက "မဟောသဓာသုခမိန်မှတစ်ပါး ဤပြဿနာကို ဖြေဆိုနိုင်မည့်သူ မရှိ" ဟု ဆို၏။ ထိုသို့ဆိုရာမှ အလျှံတပြောင်ပြောင်တောက်သော သံတုတ်ဖြင့် မင်းကြီးကို မိုးလျက် "ပြဿနာကို မဖြေဆိုနိုင်လျှင် သင်မင်းကြီး၏ ဦးခေါင်းကို ရိုက်ခွဲအံ့" ဟု ခြိမ်းခြောက်၏။

ထို့နောက် "မင်းကြီး၊ မီးကို လိုချင်လျှင် ပိုးစုန်းကြူးကို မှုတ်၍ မရနိုင်။ နွားနို့ကို လိုချင်လျှင် နွားမ၏ ဦးချို၌ ညှစ်၍ မရနိုင်" ဟုဆိုကာ ကွယ်သွားလေသည်။ နံနက်မိုးသောက်သော် မင်းကြီးသည် အမတ်လေးယောက်တို့ကို ခေါ်တော်မူသည်။ မြို့ပြင်လေးရပ်သို့ အသီးသီးသွားပြီးလျှင် မဟောသဓာကို ရှာဖွေခေါ်ဆောင်ခဲ့ရန် စေလွှတ်လိုက်သည်။ အမတ်လေးယောက်လည်း ရထားတစ်စီးစီ စီးလျက် အသီးသီးထွက်ခဲ့ကြသည်။ တောင်ယာမဇ္ဈဂုံးရွာသို့ အရှာထွက်သော အမတ်သည် အိုးလုပ်သမားအိမ်၌ မဟောသဓာကို တွေ့လေ၏။

ထိုအချိန်၌ မဟောသဓာသည် အိုးလုပ်သမားကြီး အိုးလုပ်သည်ကို ကူညီလုပ်ကိုင်ပေးလျက် ရှိသည်။ သူသည် အိုးထိန်းစက်ကို လှည့်ပေးနေသည်။ သူ့တစ်ကိုယ်လုံး ရွှံ့များ ပေနေသည်။ အတန်ကြာသော် သူသည် ကောက်ရိုးမှိုက်ပုံပေါ်၌ ထိုင်လျက် မုယောထမင်းကို ဟင်းကလေးနည်းနည်းဖြင့် စားနေသည်။ ဤသို့ အိုးလုပ်သမား အဖြစ်ဖြင့် ဆင်းရဲခံ၍ နေခြင်းမှာ အကြောင်းရှိသည်။

မင်းကြီးက သူ့ကို ထီးနန်းလုယူလိမ့်မည်ဟု စိုးရိမ်နေမှုကို ပပျောက်စေရန် ဖြစ်သည်။ မဟောသဓာကို တွေ့သောအမတ်သည် သေနကသုခမိန်၏ ဘက်တော်သားဖြစ်သည်။ ထို့ကြောင့် မဟောသဓာကို မြင်သောအခါ သူက "မဟောသဓာ သုခမိန်၊ ပညာရှင်ထက် စည်းစိမ်ရှင်ကသာ မြတ်သည်ဆိုသော သိန်းဆရာ၏ စကားသည် မှန်နေပြီ မဟုတ်ပါလော။ သင်သုခမိန်သည် ပညာရှိကြီး တစ်ဆူဖြစ်ပါလျက် ယခုကဲ့သို့ ဆင်းရဲဒုက္ခ ရောက်နေသောအခါ တတ်သိသော ပညာများလည်း အားကိုးရာ မရ ဖြစ်နေပြီ မဟုတ်ပါလော" ဟု ဆို၏။

မဟောသဓာက "အမတ်မိုက်၊ ငါသည် ရှေးက ရှိရင်းဖြစ်သော စည်းစိမ်ကို ငါ၏ ပညာစွမ်းဖြင့် ပြန်၍ ရအောင် ပြုလိုသောကြောင့် ယခုကဲ့သို့ အဆင်းရဲခံ၍ နေခြင်းဖြစ်သည်။ မထင်မရှား နေရမည့်အခါနှင့် ပေါ်ပေါ်ထင်ထင် နေရမည့်အခါ ဟူ၍ ရှိသည်။ ယခုအခါကား မင်းကြီး အမျက်တော်ရှိနေခိုက် ဖြစ်၍ မထင်မရှား နေရမည့် အခါဖြစ်သည်။ ထို့ကြောင့် မထင်မရှား အိုးလုပ်သမားအဖြစ်ဖြင့် ငါနေခြင်းဖြစ်သည်။ ဤသို့နေသည်ကို မင်းကြီးသိလျှင် ဖြောင့်မှန်သော ငါ့စိတ်ရင်း အမှန်ကို သိလိမ့်မည်" ဟု ဆိုသည်။

ထို့နောက် အမတ်သည် ထီးချက်စောင့် နတ်သမီးက ပြဿနာလေးရပ်မေးပုံ၊ သုခမိန်လေးယောက်ကို မေးရာ မဖြေနိုင်ပုံ၊ ထို့ကြောင့် မင်းကြီးက မဟောသဓာကို အခေါ်လွှတ်သဖြင့် လာရပုံတို့ကို ပြောပြသည်။

ထိုအခါ မဟောသဓာက "သို့ဖြစ်ပါလျက် ပညာ၏ အာနုဘော်ကို အဘယ့်ကြောင့် သင် မသိလေသနည်း။ ဤကဲ့သို့ အခါမျိုး၌ စည်းစိမ်ချမ်းသာသည် အားထားရာ မဟုတ်၊ ပညာရှင်သည်သာလျှင် အားထားရာဖြစ်သည် မဟုတ်ပါလော" ဟု ဆို၏။

အမတ်က "မဟောသဓာသုခမိန်အား တွေ့ရာအရပ်တွင် အသပြာတစ်ထောင်ဖြင့် ပူဇော်ပြီး ခေါ်ဆောင်ခဲ့ရမည်ဟု အမိန့်တော် ပါပါသည်" ဟု ဆိုသည်။ ဆိုသည့်အတိုင်းလည်း မဟောသဓာကို အသပြာတစ်ထောင် ပေးဆက်သည်။

အိုးလုပ်သမားကြီးသည် သူ့ထံ၌ အခစားလုပ်နေသူမှာ အခြားသူမဟုတ်။ မဟောသဓာသုခမိန် ဖြစ်ကြောင်း သိသွားသည်။ ထိုအခါ ခိုင်းစေမိသည့်အတွက် ကြောက်လန့်နေသည်။ မဟောသဓာက "ဆရာ၊ မကြောက်ပါနှင့်။ ဆရာသည် ကျွန်ုပ်အပေါ် ကျေးဇူးများလှပါသည်" ဟုဆိုကာ ငွေတစ်ထောင် ပေးသည်။ ထို့နောက် ရွှံ့ပေးနေသော ကိုယ်ဖြင့်ပင် ရထားပေါ်တက်၍ လိုက်သွားလေသည်။

(မဟောသဓာအပိုင်း- ၂၀ "မဟောသဓာကို ပြန်ခေါ်ခန်း" ဆက်တင်ပါမည်)

No comments:

Post a Comment