Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၁

ရှေးလွန်လေပြီးသောအခါ သိဝိတိုင်း၊ စေတုတ္တရာပြည်၌ သိဉ္စည်းမင်းကြီး မင်းပြု၏။ ထိုမင်း၏ မိဖုရားကြီးသည် ဖုဿတီဒေဝီ အမည်တွင်၏။ အလွန်လှပတင့်တယ်၏။ အချိန်တန်သော် ဖုဿတီဒေဝီသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကို ဝေဿန္တရာဟု အမည်ပေးသည်။

ဝေဿန္တရာကို ဖွားမြင်သောနေ့၌ပင် ကောင်းကင်၌ ကျက်စားသွားလာနေသော ဆင်ပျံမတစ်စီးသည် ဆင်ဖြူပေါက်ကလေးကို မင်း၏ဆင်တင်းကုပ်၌ ထားခဲ့ပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။ ထိုဆင်ဖြူတော်ကလေးအား ပစ္စယဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသားသည် မွေးစကပင် အလှူအတန်းကို မြတ်နိုးသည်။ မင်းကြီးသည် ဝေဿန္တရာအား အဖိုးတစ်သိန်းထိုက်သော လည်ရွဲတန်ဆာကို ဆင်ပေးထားသည်။ ဝေဿန္တရာသည် အသက် ၄-၅ နှစ် ရှိသောအခါ ထိုလည်ရွဲတန်ဆာကို အထိန်းတော်တို့အား ချွတ်၍ ပေးလှူသည်။ အထိန်းတော်တို့က မယူဝံ့သဖြင့် မင်းကြီးအား ပြန်ပေးသည်။ မင်းကြီးက “ငါ့သားတော်ပေးခြင်းသည် ငါပေးသည်နှင့် အတူတူဖြစ်သည်။ ယူပါ” ဟုဆို၍ လက်ခံစေသည်။ ထို့နောက် လည်ရွဲတန်ဆာအသစ်ကို မင်းသားအား ဆင်မြန်းစေသည်။ ဝေဿန္တရာမင်းသားသည် ထိုလည်ရွဲတန်ဆာအသစ်ကိုလည်း တစ်ဖန် အထိန်းတော်တို့အား ပေးလှူပြန်သည်။ ဤသို့လျှင် ၉-ကြိမ် တိုင်အောင် အထိန်းတော်တို့အား ပေးလှူခဲ့သည်။

ဝေဿန္တရာမင်းသားသည် ၈-နှစ်အရွယ်သို့ ရောက်သောအခါ လည်ရွဲတန်ဆာစသော ပစ္စည်းများ ပေးလှူရသည်ကို ကျေနပ်အားရခြင်းမရှိ။ ‘အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ငါ၏နှလုံးသားကို တောင်းလာအံ့။ ငါသည် ရင်ကိုခွဲ၍ နှလုံးသားကို ပေးလှူမည်။ ငါ၏မျက်စိကို တောင်းလာအံ့။ မျက်စိအစုံကို ထုတ်၍ပေးလှူမည်။ ငါ့ကိုယ်၏ အသားကို တောင်းလာအံ့။ ဓားငယ်ဖြင့် အသားကိုလှီးဖြတ် ပေးလှူမည်။ ငါ့ကို ကျွန်ပြုလုပ်လိုသည်ဟု တောင်းဆိုအံ့။ ထိုသူ၏ ကျွန်အဖြစ်ခံမည်’ ဟု အကြံဖြစ်၏။ ထိုအခါ ဤမဟာပထဝီမြေကြီးသည် ပြင်းထန်စွာ မြည်ဟည်းလျက် ငလျင်လှုပ်လေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၂ ကိုဆက်တင်ပါမည်)

No comments:

Post a Comment