Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၂

ဝေဿန္တရာမင်းသားသည် အသက် ၁၆-နှစ်အရွယ်သို့ ရောက်သောအခါ မင်းသားတို့ တတ်အပ်သော အတတ်မျိုးစုံကို တတ်မြောက်သည်။ ထိုအခါ မင်းကြီးသည် မိဖုရားကြီးနှင့် တိုင်ပင်ကာ ဝေဿန္တရာ မင်းသားအား အလွန်လှပတင့်တယ် ယဉ်ကျေးသော မဒ္ဒီမင်းသမီးနှင့် ထိမ်းမြားပေးသည်။ ထီးနန်းကိုလည်း လွှဲအပ်သည်။ မဒ္ဒီဒေဝီကား မဒ္ဒရာဇ်မင်း၏ သမီးတော် ဖြစ်ပေသည်။

ဝေဿန္တရာမင်းသားသည် မင်းဖြစ်သည့်နေ့မှစ၍ နေ့စဉ်နေ့တိုင်းပင် ၆-သိန်း၊ ၆-သိန်းသော ဥစ္စာတို့ကို ပေးလှူလေသည်။

မကြာမီ မဒ္ဒီဒေဝီသည် သားတော်တစ်ပါးဖွားမြင်သည်။ ဇာလီဟု အမည်ပေးသည်။ ဇာလီမင်းသား မတ်တတ်ပြေးနိုင်သောအရွယ်တွင် မဒ္ဒီဒေဝီသည် သမီးတော်တစ်ပါး ဖွားမြင်ပြန်သည်။ ကဏှာဇိန်ဟု အမည်ပေးသည်။

ဝေဿန္တရာမင်းသည် နေ့စဉ် အလှူကြီးပေးရာတွင် တစ်လလျှင် ၆-ကြိမ်၊ ဆင်ဖြူတော်ပစ္စယကို စီးလျက် အလှူဇရပ် ၆-ဆောင်တို့ကို လှည့်လည်ကြည့်ရှုတော်မူလေသည်။

ထိုအချိန်တွင် ကလိင်္ဂရာဇ်ပြည်၌ မိုးခေါင်သည်။ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်ရောက်နေလေသည်။ ကလိင်္ဂရာဇ်မင်းသည် မိုးရွာစေရန် ၇-ရက်တိုင်တိုင် ဥပုသ်ဆောက်တည်သည်။ သို့သော် မိုးမရွာချေ။ ထိုအခါ အမတ်ပညာရှိတို့က “ဆင်ဖြူတော် ရောက်ရာ အရပ်၌ မိုးရွာပါသည်။ စေတုတ္တရာပြည်၊ ဝေဿန္တရာမင်းကြီး၌ ဆင်ဖြူတော် ရှိသည်။ ဝေဿန္တရာမင်းသည် အလှူပေးရာ၌ ထင်ရှားကျော်စောသည်။ ထိုမင်းထံ ဆင်ဖြူတော်ကို အလှူခံသင့်ပါသည်” ဟူ၍ အကြံပေး လျှောက်ထားကြသည်။

ကလိင်္ဂရာဇ်မင်းသည် “ကောင်းပြီ” ဟု ဆိုကာ သင့်တော်သော ပုဏ္ဏား ၈-ယောက်ကို ရွေးချယ်သည်။ “ဝေဿန္တရာမင်းထံမှ ဆင်ဖြူတော်ကို ရအောင် အလှူခံချေ” ဟူ၍ စေလွှတ်လိုက်သည်။

ပုဏ္ဏားတို့သည် ဝေဿန္တရာမင်းထံ ရောက်သော် ဆင်ဖြူတော်ကို အလှူခံသည်။ ဝေဿန္တရာမင်းလည်း ဆင်ဖြူတော်ကိုနှင့်တကွ ဆင်ဖြူတော်၌ ဆင်ယင်ထားသော အဖိုးတန် အဆင်တန်ဆာတို့ကိုပါ ပေးလှူလိုက်သည်။ ထို့ပြင် ဆင်ထိန်းနှင့်တကွ ဆင်ဖြူတော်အား ပြုစုစောင့်ရှောက်ရသူများကိုပါ ပေးလှူလိုက်သည်။ ထိုအခါ ဤ မဟာမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ဒုတိယအကြိမ် ငလျင်ကြီးလှုပ်လေသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၃ အားဆက်တင်ပါမည်)

No comments:

Post a Comment