Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၆

ထိုအချိန်၌ ကလိင်္ဂတိုင်းဒုန္နိဝိဌ အမည်ရှိသော ပုဏ္ဏားရွာ၌ ဇူဇကာအမည်ရှိသော ပုဏ္ဏားသည် သားမယားမရှိ၊ တစ်ဦးတည်းနေထိုင်၏။ သူသည် အလှူလှည့်လည်ခံသဖြင့် အသပြာတစ်ရာ ရ၏။ ထိုအသပြာတစ်ရာကို ပုဏ္ဏားတစ်ဦးထံ အပ်နှံထားလေသည်။

ထိုနောက် နှစ်အတန်ကြာမှ ပြန်တောင်းသောအခါ ငွေကို သိမ်းထားသော ပုဏ္ဏားသည် ပြန်မပေးနိုင်တော့ပေ။ ထို့ကြောင့် အမိတ္တာပုံ အမည်ရှိသော သမီးကို ဇူဇကာပုဏ္ဏားအား ပေးလိုက်လေသည်။

ဇူဇကာပုဏ္ဏားကား သက်ကျားအိုဖြစ်သည်။ ရုပ်ရည်ကြမ်းတမ်းသည်။ အမိတ္တာပုံကား ငယ်ရွယ် နုပျိုသည်။ လှပသည်။ ဇူဇကာပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာဖြင့် အမိတ္တာပုံကို ခေါ်လျက် မိမိရွာသို့ ပြန်လာလေသည်။

အမိတ္တာပုံသည် ဇူဇကာပုဏ္ဏားအား ချစ်မြတ်နိုးစွာဖြင့် ကောင်းစွာ လုပ်ကျွေးပြုစုသည်။ အမိတ္တာပုံ၏ ဝတ္တရား ကျေပွန်ပုံတို့ကို မြင်သောအခါ အခြားပုဏ္ဏားငယ်တို့သည် မိမိတို့၏ မယားတို့ကို မကျေမနပ် ဖြစ်လာကြ၏။

"အမိတ္တာပုံသည် အဆင်းလည်းလှ၊ အရွယ်လည်း နုပျိုသည်။ သို့ပါလျက် သက်ကျားရွယ်အို ဇူဇကာကြီးအား ကောင်းစွာပြုစု လုပ်ကျွေးပေသည်။ သင်တို့ကား ထိုသို့မဟုတ်။ ငါတို့နှင့် အရွယ်တူ မျှပါလျက် ဘာကြောင့် မပြုစုကြပါသနည်း" ဟူ၍ ဆူပူကြိမ်းမောင်း ကြ၏။

ထိုအခါ ထိုရွာရှိ ပုဏ္ဏေးမတို့သည် အမိတ္တာပုံကို မလိုလားကြ။ ရွာ၌ မနေနိုင်အောင် ပြုကြသည်။ သူတို့သည် ရေခပ်သွားရာ၌ အမိတ္တာပုံကို တွေ့လျှင် "သင်သည် အရွယ် ငယ်သော်လည်း သက်ကျားအိုကြီးနှင့် ပေါင်းသင်းနေရသည်။ သင့်မိဘတို့သည် ဘာကြောင့် သင့်ကို သက်ကျားအိုကြီးနှင့် ပေးစားရသနည်း။ သက်တူရွယ်တူ လင်ကို ရှာမရ၍လော။ လင်အိုကြီးနှင့် ပေါင်းနေရခြင်းထက် သေရသော်မှ ကောင်းသေး၏" စသည်ဖြင့် အမျိုးမျိုး ပြောဆိုကြ၏။

အမိတ္တာပုံလည်း လွန်စွာရှက်လှသဖြင့် ငို၍ ပြန်လာ၏။ ဇူဇကာအား အကြောင်းစုံ ပြောပြ၏။ ဇူဇကာက "ယနေ့မှစ၍ သင်ရေခပ် မသွားနှင့်တော့။ ငါပင် ရေခပ်မည်" ဟု ဆို၏။

အမိတ္တာပုံက "ကျွန်ုပ်တို့အမျိုးသည် လင်ကို စေခိုင်းသော အမျိုးမဟုတ်။ ခိုင်းစေရာ ကျွန်သာ ရှာပေးပါ။ ရှာမပေးနိုင်လျှင် သင်၏အိမ်၌ ကျွန်ုပ် မနေတော့ပြီ" ဟု ဆို၏။

ဇူဇကာက "ငါသည် ကျွန်မွေးနိုင်လောက်အောင် ကြွယ်ဝချမ်းသာသူ မဟုတ်ပါ။ ငါ ကိုယ်တိုင်ပင် ကိစ္စကြီးငယ်ကို ပြုလုပ်ပေးပါမည်" ဟု ဆိုသည်။ အမိတ္တာပုံက "ဝေဿန္တရာမင်းကြီးသည် ဝင်္ကပါတောင်၌ နေသည်ဟု ကြားသည်။ မင်းကြီးထံသွား၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို အလှူခံပါချေ" ဟူ၍ ဆို၏။

ဇူဇကာလည်း အမိတ္တာပုံ၏ အကြံကို နှစ်သက်သွားသည်။ ဝေဿန္တရာမင်းကြီး၏ သားနှင့်သမီးကို အလှူခံ၍ ကျွန်ပြုစေခိုင်းမည်ဟု အကြံဖြစ်ပေါ်၏။ သို့ဖြင့် ဇနီးအား သတိဝီရိယဖြင့် နေထိုင်းရန် မှာကြားသည်။ ထို့နောက် သိဝိတိုင်း၊ စေတုတ္တရာပြည်သို့ ရှေးရှုထွက်ခွာသွားသည်။ စေတုတ္တရာပြည်မှ တစ်ဆင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားကာ ဝင်္ကပါတောင်သို့ အရောက်သွားလေသည်။

ဇူဇကာသည် ဝေဿန္တရာမင်းကြီးတို့ နေထိုင်ရာ ကျောင်းသင်္ခမ်းအနီးသို့ ရောက်သောအခါ ချက်ချင်းမသွားပေ။ 'ယခု မိုးချုပ်ပြီ၊ မဒ္ဒီဒေဝီသည် သစ်သီးရှာရာမှ ပြန်ရောက်နေလိမ့်မည်။ မိန်းမတို့သည် အလှူဒါနပြုရာ၌် အနှောင့်အယှက် ပေးတတ်သည်။ဝေဿန္တရာက ငါ့အား သား သမီးတို့ကို လှူလိုက်သော်လည်း မဒ္ဒီဒေဝီက နှောင့်ယှက်လျှင် ပျက်လိမ့်မည်။ သို့ဖြစ်၍ နက်ဖြန်ခါ မဒ္ဒီဒေဝီ သစ်သီးရှာထွက်မှ ကျောင်းသင်္ခမ်းသို့သွားမည်။ ဝေဿန္တရာမင်းကြီးထံ သားသမီးတို့ကို အလှူခံပြီး မဒ္ဒီဒေဝီ ပြန်မရောက်မီ ခေါ်ဆောင်သွားမည်' ဟူ၍ ကြံစည်၏။ သို့ဖြင့် ဇူဇကာသည် ကျောင်းသင်္ခမ်းနှင့် မနီးမဝေး တစ်နေရာ၌ အိပ်စက်နေ၏။

(ဝေဿန္တရာဇာတ် အပိုင်း-၇ ဆက်တင်ပါမည်)

No comments:

Post a Comment