Sunday, May 13, 2012

ဝေဿန္တရာဇာတ် အပိုင်း-၎

"အရှင်မင်းကြီး၊ ဟိမဝန္တာဝယ် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်၍ နေသောအခါ ပန်းနံ့သာ လိမ်းပန်လျက် ကခုန်ရွှင်ပျော်ကြသော သားငယ်၊ သမီးငယ်တို့ မျက်နှာကို မြင်ရလျှင် ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားမျိုးစုံလင်သော ဟိမဝန္တာမြိုင်တောခွင်ဝယ် ......

တင့်တယ်လှသော ဆင်ပြောင်ကြီးတို့ အနီးအပါးမှ ဖြတ်သန်းသွားသည်ကို မြင်တွေ့ရသဖြင့်လည်း ပြည့်စည်းစိမ်ကို အောက်မေ့မှုတို့ ပြေပျောက်ရပါလိမ့်မည်။ သားရဲဖြင့် ပြည့်သော တောစုံမြိုင်ခန်း၌ သစ်ခက်၊ အညွန့်၊ အဖူးတို့ ယှက်ကူးနေသော သိစ်ရိပ်ကို ခိုလျက် တောအရေး၏ တင့်တယ်ခြင်းကို မျှော်ရှုကာ သွားကြရလျှင် ရွှေနန်းရွှေဘုံကို အရှင်ဘယ်မှာ အောက်မေ့တော့မည်နည်း။ ညနေချမ်း အခါဝယ် မြစ်သို့ ဆင်းသက်လာသော သမင်၊ စိုင်၊ ဖား၊ သား အပေါင်းတို့ကို မြင်လျှင်လည်း အရှင်ဘယ်မှာ ပြည်နန်းသာကို သတိရတော့မည်နည်း။ ကိန္နရီ၊ ကိန္နရာတို့ မြူးပျော် ပျံဝဲသီဆို ကခုန်သည်ကို မြင်ကြားလျှင်လည်း ရွှေပြည်နန်းကို အရှင်ဘယ်မှာ လွမ်းဆွတ်တော့မည်နည်း။ ညဥ့်အခါဝယ် ခင်ပုပ်၊ ဇီဝဇိုး၊ ကြိုးကြာ၊ ဥဒေါင်း တို့၏ ရင့်ရူကြွေးသော ငှက်တေးသံသာသည် အရှင့်အတွက် ဖျော်ဖြေစရာ ရပါလိမ့်မည်။ နွေဦးရောက်လျှင် ပိတောက်၊ အင်ကြင်း၊ စွယ်တော်၊ ကံ့ကော်၊ စကား၊ ချရား၊ ပုန်းညက်တို့ ပင်လုံးညွတ်အောင် ပွင့်ဝတ်ဆင်သည်ကို တွေ့မြင်လျှင် အရှင် ပျော်မြူး ရွှင်လန်းရပါလိမ့်မည်" စသည်ဖြင့် အားပေး ပြောဆိုလျှောက်ထား၏။

ဝေဿန္တရာမင်းကြီးလည်း မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော် တို့ကို ဟိမဝန္တာသို့ အတူခေါ်ဆောင် သွားရန် သဘောတူလိုက်လေ၏။ ဝေဿန္တရာမင်းကြီး ပြည်မှထွက်ခွာရမည့်သတင်းသည် တစ်နန်းတော်လုံး ပျံ့နှံ့သွားသည်။ မယ်တော် ဖုဿတီမိဖုရားကြီးနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသား အာလုံး ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ဝေဿန္တရာမင်းကြီးသည် အလှူမဏ္ဍပ်သို့ သွားသည်။ ဆင်ခုနှစ်ရာ၊ မြင်းခုနှစ်ရာ၊ ရထားခုနှစ်ရာ၊ သတို့သမီးခုနှစ်ရာ၊ နွားမခုနှစ်ရာ၊ ကျွန်ယောက်ျားခုနှစ်ရာ၊ ကျွန်မိန်းမခုနှစ်ရာ စသည်ဖြင့် ခုနှစ်ရာခုနှစ်လီသော အလှူကြီးကို ကိုယ်တိုင် ကြပ်မတ်လှူဒါန်းသည်။ လှူဒါန်းစဉ် "ဤ အလှူသည် သဗ္ဗညုတဉာဏ်၏ အထောက်အပံ့ ဖြစ်စေသတည်း" ဟု လက်အုပ်ချီ၍ ဆုတောင်းသည်။ ထိုအခါ မဟာပထဝီ မြေကြီးသည် မြည်ဟည်း၍ ငလျင်ကြီး လှုပ်ပြန်လေ၏။

ထို့နောက် ဝေဿန္တရာမင်း၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ခမည်းတော် မယ်တော်တို့ကို ရှိခိုးကန်တော့ကာ မြင်းလေးကောင်ကသော ရထားဖြင့် ထွက်ခွာသွားကြသည်။ ထိုစဉ် အလှူကြီးကို မမီလိုက်သော ပုဏ္ဏားလေးယောက်တို့သည် မြင်းတို့ကို အလှူခံမည်ဆိုကာ လိုက်လာကြသည်။ မဒ္ဒီဒေဝီက ပုဏ္ဏားလေးယောက်တို့ လိုက်လာကြောင်း လျှောက်ထားသောအခါ ဝေဿန္တရာမင်းကြီးသည် ရထားကို ရပ်လိုက်သည်။

ပုဏ္ဏားလေးယောက်လည်း မကြာမီ ရောက်လာသည်။ မြင်းတို့ကို အလှူခံသည်။ ဝေဿန္တရာလည်း မြင်းလေးကောင်ကို ရထားမှ ဖြုတ်၍ တစ်ယောက်တစ်ကောင်စီ လှူလိုက်သည်။ ထိုအခါ နတ်သားလေးယောက်သည် စိုင်လေးစီးအသွင် ဖန်ဆင်းလျက် ရထားထမ်းပိုးခွင်သို့ ဝင်၍ ရုန်းကြသည်။ ထိုစဉ် ပုဏ္ဏားတစ်ယောက် ပေါ်ပေါက်လာသည်။ ရထားကို အလှူခံပြန်သည်။ ဝေဿန္တရာကလည်း ထိုပုဏ္ဏားအား ရထားကို လှူလိုက်သည်။ ထိုအခါ စိုင်းလေးစီး (နတ်သားလေးယောက်) ကွယ်ပျောက်သွားလေသည်။

ထိုနေရာမှစ၍ မင်းကြီးက သားတော်ဇာလီကို ချီလျက်၊ မဒ္ဒီဒေဝီက သမီးတော် ကဏှာဇိန်ကို ချီလျက် ခြေကျင် သွားကြရလေ၏။

ဝေဿန္တရာနှင့် မဒ္ဒီဒေဝီတို့ မိသားစုသည် ရှေးဦးစွာ သုဝဏ္ဏဂီရိတာလတောင်သို့ ရောက်သည်။ ထိုမှတစ်ဖန် ကောန္တိမာရမြစ်၊ ထိုမှတစ်ဖန် အဉ္စနဂီရိတောင်၊ ထိုမှ တစ်ဖန် တုဏ္ဏဝိနာလိ ဒဏ္ဍပုဏ္ဏားရွာ၊ ထိုမှတစ်ဖန် စေတတိုင်း၊ မဒ္ဒရာဇ်ပြည်သို့ ရောက်လာကြသည်။ မဒ္ဒရာဇ်ပြည်ကား ဝေဿန္တရာ၏ ဦးရီး၊ မဒ္ဒီဒေဝီ၏ ဖခမည်းတော် မယ်တော်များ စံရာပြည် ဖြစ်သည်။

ဝေဿန္တရာနှင့် မဒ္ဒီဒေဝီသည် မဒ္ဒရာဇ်ပြည်သို့ ရောက်သောအခါ မြို့ထဲသို့မဝင်။ မြို့ပြင်ရှိ ဇရပ်ပေါ်၌သာ နေကြသည်။ မကြာမီပင် သူတို့ရောက်ရှိနေကြောင်းကို မဒ္ဒရာဇ်မင်းကြီး သိရှိသွားသည် ချက်ချင်းပင် ဆွေတော်၊ မျိုးတော်များသည် စိုးရိမ်ပူပန်ကာ ဇရပ်သို့ ပြေးလာကြသည်။ အကျိုးအကြောင်း မေးကြသည်။

(ဝေဿန္တရာဇာတ် အပိုင်း-၅ ဆက်တင်ပါမည်)

No comments:

Post a Comment