Saturday, May 12, 2012

စတုတ္ထသင်္ဂါယနာတင်ရခြင်း

ဤဆိုခဲ့ပြီးသော ဆရာ၊တပည့်စဉ်ဆက်ရှိလေသော် ထိုဆရာစဉ်တပည့်တို့ လက်ထက်တော်၌ ပိဋကတ်တော်များကို နှုတ်ကပတ်တော်၌သာထားတော်မူလေသည်။အပြည့်အစုံရေးသားမထားကြပေ။ အကြောင်းထူးကားနှုတ်တွင်သာထားတော်မူကြလေသဖြင့် အလွန်ငြိုငြင်ခက်ခဲသောအမှုကိုပြုလာခဲ့ကြရာ  သီဟိုဠ်ကျွန်း၌ ပြည်ရွာကို လုယက်သော စဏ္ဍာလတိဿ မည်သော ဒွန်းစဏ္ဍား သူဖုန်းစား ဘေးဖြစ်သောအခါ မိုးကောင်းစွာမရွာ ၊ မလုပ်ဆောင်ရ၍ ငတ်မွတ်ကြလေသော် သိကြားမင်း လာပြီး အရှင်ဘုရားတို့ ပိဋကတ်တော်ကိုမဆောင်နိုင်ကြကုန်သော် ဖောင်စီး၍ ဖောင်မဆံ့လျှင် သစ်တုံး၊၀ါးလုံးတို့ကိုဖတ်ပြီးဟိုဘက်ကမ်းကို ကူးပါကုန်ကျွနှ်ပ်စောင့်ရှောက်ပါအံ့ ဟုပြောသဖြင့်  ( ဇမ္ဗူဒိတ် သို့သွားခိုင်းခြင်းဖြစ်လေသည်။) သမုဒ္ဒရာနားသို့ရောက်မှ မကူးလို၍ ဤတွင်သာ ပိဋကတ်တော်ကို စောင့်ရှောက်ကြကုန်ဟု ကတိက၀တ်ပြုလျက် သီဟိုဠ်ကျွန်း အစိတ်မလယ ဇနပုဒ် သို့သွားကြလေသည်။ သစ်ဖု ၊ သစ်ဥ ၊သစ်ရွက် စသည်တို့ကိုသာမျှတစေလျက်ပိဋကတ်စာပေ များကို သရဇ္ဈာယ်ကြလေသည်။ဆာလောင်ခြင်းပြင်းပြ၍ မသရဇ္ဈာယ်နိုင်သောအခါ သဲကိုဝမ်းအောက်တွင်စုပုံ ကာထားပြီးတစ်ခုတည်းသောအရပ်၌ ဦးခေါင်းချင်းဆိုင်ကုန်လျက် ပိဋကတ်စာပေတို့ကို စိတ်ဖြင့်ဆင်ချင်ကြကုန်လေသည်။ ဤသို့တိုင်တစ်ဆယ့်နှစ်နှစ်တိုင်အောင် အဠကထာနှင်တကွ ပိဋကတ်သုံးပုံကို အကွယ်ရလေအောင် ဆောင်ရွက်တော်မူလာကြလေသည်။ ဒွန်းစဏ္ဍားသူဖုန်းစားဘေး ကုန်လွန်လေသော် သီဟိုဠ်ကျွန်း ၊ အစိတ်ကလ္လာရာမဇနပုဒ် ၊ မဏ္ဍလာရာမ ကျောင်းသို့ရောက်ကုန်လေ၏။ ကျန်ရှိသောရဟန်းတော်များမှာ ခြောက်ကျိတ်မျှသာဖြစ်ကြောင်းတည်း။ထိုခေတ်မဟာဝင်ကျမ်း၌လာသည်မှာ သာသနာတော်နှစ် ၄၅၀ ရောက် သီဟိုဠ်မင်းဆက် ၁၈ ဆက် သဒ္ဓါတိဿမင်းသား ၀ဋ္ဋဂါမင်းနန်းစံသက်ခြောက်နှစ်မြောက် တွင်နောင်သောအခါ မုခပဌ်တော်ဖြင့်မဆောင် ရွက်နိုင်တော်မူသည်ကို မြင်တော်မူ၍ ယခင်ဆရာစဉ်ဆက်မှလာသောရဟန္တာကြီးငါးရာတို့သည် ထိုမင်းလက်ထက်အစောင့်အရှောက်ပြုသည်ဖြစ်၍ သီဟိုဠ်ကျွန်း ၊ အစိတ်မလယဇနပုဒ် ၊အာလောက မည်သော လိုဏ်၌ အဋ္ဌကထာနှင့်တကွ ပိဋကတ်သုံးပုံကိုပေထက်ရေးသားတင်ထားလေသည်။

ပဉ္စမသင်္ဂါယနာ

သာသနာနှစ်-၂၄၁၅(အေဘီ-၁၈၇၁)သို့ရောက်သော်၊ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု-ဘွဲ့တံဆိပ်တော်ရ)အမှူးရှိသောသံဃာတော် ၂၄၀၀-တို့သည် မင်းတုန်းမင်းတရားကြီး၏ ပံပိုးကူညီမူဖြင့် မူအမျိုးမျိုးကွဲပြားနေသည့် ပိဋကတ်တော်များကို သုတ်သင်တည်းဖြတ်၍ ၅-လတိုင်တိုင် သင်္ဂါယနာတင်ပွဲကြီးကို (ပဉ္စမအကြိမ်) ကျင်းပပြုလုပ်ပြီးနောက် မင်းတုန်းမင်းကြီးသည် ထိုမူသန့် ပိဋကတ်တော်များကို  အရျည်တည်တံ့နိုင်စေရန် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင် အက္ခရာရေးထွင်း(ကျောက်ထက် အက္ခရာတွင်)စေခဲ့ရာ၊ ၇-နှစ်ခွဲမျှကြာမှ ပြီးစီးသွားခဲ့ပေ၏။

ဆဋ္ဌသင်္ဂါယနာ

သာသနာနှစ် ၂၄၉၈(အေဒီ-၁၉၅၄)ခုသို့ရောက်သော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှူးပြုသော နိုင်ငံတော်အစိုးရသည် မြန်မာ" သီဟိုဠ်(သီရိလင်္ကာ)" ထိုင်း(ယိုးဒယား) '' လာအို(လော)" ကမ္ဘောဒီးယား" ဟူသော ထေရ၀ါဒ ငါးနိုင်ငံတို့မှာ သံဃာတော် ၂၅၀၀ တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက " အဋ္ဌကထာကျမ်းများ'' ဋီကာကျမ်းများကိုပါ မူအမျိုးမျိုးညှိနှိုင်းတည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန် စက်တင်ပုံနှိပ်ဖြန့်ချီခဲ့ပေသည်၊ ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း)မြန်မာနိုင်ငံမှ
ဘဒ္ဒန္တရေ၀တမထေရ်(အဘိဓဇ မဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိအဖြစ်၎င်း၊
မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက=မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ်(ပထမဆုံး- '' တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက=ဖြေဆိုသူ အဖြစ်၎င်း၊ သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။

ဆဌမသင်္ဂါယနာ


ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို အထူးစုစည်းကာတင်ဆက်ထားပါသည်။ ဆဌမသင်္ဂါယနာတင် တရားတော်များကို ရိုသေစွာတရားနာယူခြင်းဖြင့် ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ။

ဆရာတော်ကြီးများ၏ဆုံးမစာများ

ပန်းနံ့ထက် သီလနံ့က ပိုမွှေး
            အပ္ပမတ္တေ  အယံ ဂန္ဓော၊  ယွာယံ  တဂရစန္ဒနံ။
          ယော စ  သီလ၀တံ ဂန္ဓော၊ ၀ါတိ  ဒေဝေသု  ဥတ္တမော။

                                                                              
(ဓမ္မပဒပါဠိတော်)
      တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာ မွှေး၏။ သီလရှိသူတို့၏ သတင်းအနံ့
သည်  ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ  ပျံ့နှံ့ ကြိုင်လှိုင်၏။

      Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous,
wafting even amongst the gods
 
***************************
မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို ကိုယ်ပြုသမျှ ကိုယ့်မှာပေါ်လိမ့်မည်
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ အနှစ်ချုပ်)
  ၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
   ၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျှားအသက်ကို။
  ၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
  ၄။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
  ၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
  ၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
  ၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
   ၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြံရံကို။
  ၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
                             (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနဂုဏ်ရည်မှ)
 
***************************
သာသနာအတွက် အသက်ပင်ဆုံးပါစေ
ဗုဒ္ဓမြတ်စွာ  လျောင်းလျာတုန်းက၊  နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့၊  အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊  ငါပါ အသက်ဆုံးစေမည်။
နောက်မဆုပ်ပေါင် ခုလိုတွေးလို့၊  ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဒို့လည်း ကြိုးစားမည်၊  ဒို့လည်း ကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
   လူမိုက်ဆိုတာ မကောင်းမှုကို ပျားရည်လိုထင်
(ပါဠိ)                  မဓူဝ  မညတိ  ဗာလော၊   ယာဝ  ပါပံ  န ပစ္စတိ။
                         ယဒါ  စ  ပစ္စတိ  ပါပံ၊   ဗာလော  ဒုက္ခံ  နိဂစ္ဆတိ။
 
(မြန်မာ)    “ လူမိုက်သည်  မိမိ၏မကောင်းမှု အကျိုးမပေးခင်မှာ  မကောင်းမှုကို ပျားရည်လို မှတ်ထင်၏။
               မကောင်းမှု အကျိုးပေးသောအခါ  လူမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရ၏။”
                                                                            
      မြတ်တ်ဗုဒ္ဓ (ဓမ္မပဒပါဠိတော်)
***************************
ကိုယ့်လမ်းကို လျှောက်
အများအကျိုး၊ ရွက်သည်ပိုးက။   ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊   စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။  ။
                (ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
***************************
လမ်းနှင့်ရေစဉ် မဂ်လေးခွင် သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊ ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊
    လမ်းတွက် မဟုတ်ပေ။
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
    သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊ ထွက်မပြေးလို၊ မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။
                                                                           
(မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး)
***************************
ဘုရားရှင်ကျေးဇူးတော်
၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
    ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
    ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။
၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
             ပဋိပတ်နှစ်ဖြာ၊ သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊ လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။
                                                                 (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ဓမ္မသံဝေဂ လင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
                                               (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ
မနေရလို့၊ သေရသောခါ၊  ကိုယ့်နောက်ကိုယ်ကား၊ ဘယ်များပါမှာ။
ပစ္စည်းအစုစု၊ တစ်ခု မပါ၊  ကိုယ်ပြုထား၊ ကံများ သူတို့ပါ။
                                             
     (တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
***************************
ကိုယ့်ကိုယ်ကိုယ်  အနိုင်ယူနည်း
၁။  မိမိရဲ့ လောဘများကို  ဒါနတရားဖြင့် အနိုင်ယူပါ။
၂။  မိမိရဲ့ ဒေါသများကို    သီလတရားဖြင့် အနိုင်ယူပါ။
၃။  မိမိရဲ့ မောဟများကို   ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။  မိမိရဲ့ သူတပါးအပေါ်  ယှဉ်ပြိုင်လိုမှုများကို  မေတ္တာတရားဖြင့် အနိုင်ယူပါ။ 
၅။  မိမိရဲ့ သူတပါးအပေါ်  အနိုင်ယူလိုမှုများကို  ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ သူတပါးအပေါ်  မနာလိုမှုများကို  မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။  မိမိရဲ့ သူတပါးအပေါ် ရန်လိုမှုများကို   ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။  မိမိရဲ့ သူတပါးအပေါ် အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ မနောကံ အကုသိုလ်များကို  ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၆။  မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို  မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
                                                                    (ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
***************************
သေဘို့အချိန် ရှိရဲ့လား
 အမေရိကန်မှာ၊ လူများစွာ၊ ဘယ်ခါ အားသည် မရှိပြီ။
          ကွေ့ကြသူငှါ၊ ပြောကြတာ၊ ငါ့မှာ “အချိန်မရှိ” ပြီ။
          သင့်အချိန်ကို၊ ဘယ်တွက်ပို၊ သုံးလို ကုန်ခဲ့သည်။
          တဏှာလိုလိုက်၊ သူ့စရိုက်၊ အကြိုက်လိုက်ခါနေခဲ့ပြီ။
          ဘုရား တရား၊ ချိန်မအား၊ သင်ကားငြင်းခဲ့ပြီ။
          တစ်ဘ၀တာ၊ ခဏစာ၊ ပြင်ကာနေခဲ့သည်။
          ဘ၀များစွာ၊ သံသရာ၊ ရှည်ကြာမည်ကို သိသင့်သည်။
          ဘ၀ တို-ရှည်၊ ထိုနှစ်လီ၊ ဘယ်သည် ပို၍ပြင်သင့်သည်။
          သံသရာမှ၊ လွတ်လမ်းစ၊ ခုက စ၍ရှာသင့်ပြီ။
          အချိန်မပို၊ သင်ကဆို၊ အို-နာ-သေ ချိန် လာလိမ့်မည်။
          အချိန်မရှိ၊ သင်ဆို၏၊ သေမည့် အချိန်ရှိလိမ့်မည်။
          အချိန်မရ၊ သင့်ဘ၀၊ သေမှ ဒုက္ခတွေ့လိမ့်မည်။
          အချိန် မအား၊ စောင့်ရန်တား။ ဆိုင်းထားသေမင်း မရှိပြီ။
          သေဘို့အရေး၊ အချိန်ပေး၊ အလေးထား၍ ပြင်သင့်ပြီ။  ။
                                                 (အဇူဇာကျောင်းဆရာတော် အရှင်ဧသက။ )
***************************
ခန္ဓာ့အသွင်  စိတ်ထားပြင်
    * အသက်တွေကြီးလာပြီ၊
                 လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေကြတုန်းပဲလား။
    * သွားတွေ ကျိုးနေပြီ၊
                 မာန်စွယ်တွေ မကျိုးကြသေးဘူးလား။
    * အရေတွေ တွန့်နေပြီ၊
                 မကောင်းမှု အကုသိုလ်တွေပြုရတာ  မတွန့်ကြသေးဘူးလား။
    * ဆန်ပင်တွေ ဖြူနေပြီ၊
                 စိတ်ထားတွေ မဖြူကြသေးဘူးလား။
    * ခါးတွေ ကိုင်းနေပြီ၊
                 ကမ္မဋ္ဌာန်း ဘာဝနာဘက် မကိုင်းကြသေးဘူးလား။
   * မျက်စေ့တွေ မှုန်ဝါးနေပြီ၊
                 နိဗ္ဗာန်သွားမယ့်လမ်း မှုန်ဝါးနေကြတုန်းပဲလား။
    * ဒီအခြေအနေရောက်တာတောင် မပြင်ရင်
                 အပါယ်လေးခွင် သွားဖို့သာ  ပြင်ကြပေတော့။   ။ 
***************************
အကုသိုလ်တား  ကုသိုလ်ပွား
* အကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ  “လောဘ၊ ဒေါသ၊ မောဟ” တို့ကြောင့်ဖြစ်ရ၏။
လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဆင်ချင် စောင့်စီး ချုပ်တီးနိုင်လျှင် အကုသိုလ်စိတ်မဖြစ်နိုင်။
* ကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ  “အလောဘ၊ဒေါသ၊မောဟတို့ကြောင့်ဖြစ်ရ၏။
အလောဘ၊ဒေါသ၊မောဟ ဖြစ်အောင် ဆင်ချင် ပွားများ တိုးပွားနိုင်လျှင် ကုသိုလ်စိတ်များဖြစ်၏။
(အလောဘ=မလိုချင်မှု၊  ဒေါသ=မေတ္တာ၊  မောဟ= ဉာဏ် ပညာ။)  
 
လောဘ၊ဒေါသ၊မောဟ စိတ်ဖြင့် မပြုလုပ်ပါနဲ့
လောဘော အတ္ထံ  န ဇာနာတိ။ (လောဘသည် အမှား-အမှန်ကို မသိ)
ဒေါသော   အတ္ထံ   ဇာနာတိ။ (ဒေါသသည်    အမှား-အမှန်ကို မသိ)
မောဟော  အတ္ထံ  ဇာနာတိ။ (မောဟသည်  အမှား-အမှန်ကို မသိ)
လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ခိုက်မှာ ဉာဏ်ပညာမဖြစ်နိုင်၍ အမှား-အမှန်ကို ဆင်ချင်သိနိုင်စွမ်းမရှိ။
အကျိုးမဲ့အမှားများကိုသာ ပြုမိတတ်၏၊ ထို့ကြောင့် ယင်းစိတ်များဖြစ်ခိုက်မှာ ဘာမှမပြုမိပါစေနှင့်၊
ဘာမှ မဆုံးဖြတ်ပါလေနှင့်။                                               
 
မြင့်မြတ်သူနှင့် ယုတ်ညံ့သူ
စိတ်ဓါတ် မြင့်မြတ်သူတို့သည် ကုသိုလ်အဖြစ်များလေ့ရှိ၏။  စိတ်ဓါတ် နှိပ်ကျ ယုတ်ညံ့သူတို့သည်
အကုသိုလ် အဖြစ်များလေ့ရှိ၏၊ 
စိတ်ဓါတ် မြင့်မြတ်သူတို့သည် တစ်ပါးသူ၏ အကုသိုလ်မှုကို မတုန့်ပြန် သိခံနိုင်စွမ်းရှိ၏။စိတ်ဓါတ်နှိပ်ကျ
ယုတ်ညံ့သူတို့သည် တစ်ပါးသူ၏ အမှုမှန်သမျှ ဘာတစ်ခုမှ သည်းခံနိုင်စွမ်းမရှိ။ မကောင်းမှုကို ကတ်ကတ်
လန်အောင်တုန့်ပြန်တတ်၏။ ကောင်းမှုများကိုလည်း အဘိဇ္ဈာ  ဣဿာပွား၍ တိုက်ခိုက်ဖျက်ဆီးတတ်၏။
                                                                                                     
စိတ်ပျော့သူထဲ  ရန်ညိုစွဲ
တစ်ပါးသူ စိတ်ဆိုးတိုင်း  ကိုယ်ကပြန်စိတ်ဆိုးရင် ကိုယ့်စိတ် နုနေသေး၏။
မြေပျော့ရင် ခြေရာထင်သလို  စိတ်ပျော့ရင် အငြိုးအတေး စွဲထင်၏။ အငြိုးကြီးတတ်၏။
ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀မှ ထားခဲ့တဲ့ ရန်ငြိုးကြောင့် သံသရာတလျှောက်လုံး ဘုရားလောင်းအား
ရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့၏၊ အ၀ီစိငရဲသို့လဲ အခေါက်ခေါက် အခါခါ ရောက်ခဲ့ရ၏။
ရန်ငြိုးကို မပယ်ပါက တစ်သံသရာလုံး စွဲထင်တတ်၏။ သူတပါးအား ဖျက်ဆီးလိုသောရန်ငြိုးသည်
မိမိကို ဖျက်ဆီး၏။                                               
***************************
မကြမီ ၀ဋ်လည်တတ်သည်
* မိဘအပေါ် ဆိုးသူသည်   သားဆိုးသမီးဆိုး ရတတ်၏။
* ယောက္ခမအပေါ် ဆိုးသူသည်  သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။
* ဆရာသမားအပေါ် ဆိုးသူသည်   တပည့်ဆိုးနှင့်တွေ့ရတတ်၏။
* သူငယ်ချင်းအပေါ် ဆိုးသူသည်    သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
   ကိုယ်ဆိုးလျှင်  ကိုယ့်ပတ်ဝန်းကျင်က  ဆိုးလိမ့်မည်။
   ကိုယ်ကောင်းလျှင်  ကိုယ့်ပ၀တ်ဝန်းကျင်က  ကောင်းလိမ့်မည်။     

ဘုရားပွင့်ရာ ကပ်ကမ္ဘာ

သတ္တ၀ါတစ်ဦး တစ်ယောက်သည် သံသရာကျင်လည်ရာ၌ မရေမတွက် နိုင်သော ကပ်ကမ္ဘာတို့ကို ကျော်လွှား ဖြတ်သန်းခဲ့ရသည်။ သန္တိသုခဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ သံသရာအလည် ပြတ်၍ ကပ်ကမ္ဘာတို့ကို ကျော်ဖြတ်ရမှုမှ ကင်းဝေးတော့၏။ ထိုသို့ ကျော်ဖြတ်ခဲ့ရသော မရေမတွက် နိုင်သော ကပ်ကမ္ဘာများအနက် ဘုရားရှင်များပွင့်ရာ ကပ်ကမ္ဘာသည် လွန်မင်းစွာ နည်းပါးပြီး ဘုရားရှင်များ မပွင့်သော သုညကပ်ကမ္ဘာများကသာ မရေမတွက် နိုင်လောက်အောင် များလှပါသည်။ ဘုရားရှင်များပွင့်သော ကမ္ဘာသည် ---
(၁) သာရကမ္ဘာ
(၂) မဏ္ဍကမ္ဘာ
(၃) ၀ရကမ္ဘာ
(၄) သာရမဏ္ဍကမ္ဘာ
(၅) ဘဒ္ဒကမ္ဘာ ဟု ငါးမျိုးရှိသည်။

ထိုငါးမျိုးသော ကပ်ကမ္ဘာတို့အနက် သာရကမ္ဘာတွင် ဘုရားရှင်တစ်ဆူသာ၊ မဏ္ဍကမ္ဘာတွင် ဘုရားရှင်နှစ်ဆူ၊ ၀ရကမ္ဘာ တွင် ဘုရားရှင်သုံးဆူ၊ သာရမဏ္ဍကမ္ဘာတွင် ဘုရားရှင်လေးဆူတို့ အသီး သီးပွင့်တော်မူခဲ့ကြပြီး ဤဘဒ္ဒကမ္ဘာတွင် ဘုရားရှင်ငါးဆူတို့ ပွင့်တော်မူ ကြပါမည်။ ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဂေါတမဘုရားရှင် ပွင့်တော်မူပြီးဖြစ်၍ ယခုအချိန်သည် ထိုဂေါတမဘုရားရှင်၏ သာသနာတော်တွင်း ကာလဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘ၀ဖြင့် ဘုရားဖြစ် ဖို့ရန် စိတ်တော်၌ ကြံစည်ဆုတောင်းခဲ့သည့် ကာလက ခုနစ်အသင်္ချေ၊ နှုတ်တော်>မက်၍ ဆုတောင်းပေးခဲ့သော ကာလက ကိုးအသင်္ချေ၊ ကိုယ်နှုတ်စိတ်တို့ဖြင့် ဆုတောင်းခဲ့သော ကာလက လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပေါင်းအသင်္ချေနှစ်ဆယ်နှင့် ကမ္ဘာတစ်သိန်းတို့တိုင်တိုင် ဆုတောင်းခဲ့ပါသည်။ ထိုသို့ ဆုတောင်းခဲ့သော ကာလများအနက် ဘုရားဖြစ်ရန် ကျိန်းသေသော နိယတဗျာဒိတ် ခံယူ ရရှိခဲ့သည့် ကာလမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြစ်၏။ ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ အတွင်း နောက်ဆုံး ပွင့်တော်မူသော ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင် အပါအ၀င် ပွင့်တော်မူပြီး ဘုရားရှင်များမှာ ---

(၁) တဏှင်္ကရာ ဘုရားရှင်
(၂) မေဓင်္ကရာ ဘုရားရှင်
(၃) သရဏင်္ကရာ ဘုရားရှင်
(၄) ဒီပင်္ကရာ ဘုရားရှင်
(၅) ကောဏ္ဍည ဘုရားရှင်
(၆) မင်္ဂလ ဘုရားရှင်
(၇) သုမန ဘုရားရှင်
(၈) ရေ၀တ ဘုရားရှင်
(၉) သောဘိတ ဘုရားရှင်
(၁၀) အနောမဒဿီ ဘုရားရှင်
(၁၁) ပဒုမ ဘုရားရှင်
(၁၂) နာရဒ ဘုရားရှင်
(၁၃) ပဒုမုတ္တရ ဘုရားရှင်
(၁၄) သုမေဓ ဘုရားရှင်
(၁၅) သုဇာတ ဘုရားရှင်
(၁၆) ပိယဒဿီ ဘုရားရှင်
(၁၇) အတ္ထဒဿီ ဘုရားရှင်
(၁၈) ဓမ္မဒဿီ ဘုရားရှင်
(၁၉) သိဒ္ဓတ္ထ ဘုရားရှင်
(၂၀) တိဿ ဘုရားရှင်
(၂၁) ဖုဿ ဘုရားရှင်
(၂၂) ၀ိပဿီ ဘုရားရှင်
(၂၃) သိခီ ဘုရားရှင်
(၂၄) ဝေဿဘူ ဘုရားရှင်
(၂၅) ကကုသန္ဓ ဘုရားရှင်
(၂၆) ကောဏာဂမန ဘုရားရှင်
(၂၇) ကဿပ ဘုရားရှင်
(၂၈) ဂေါတမ ဘုရားရှင် ဟူ၍နှစ်ဆယ့်ရှစ်ပါး (နှစ်ကျိပ်ရှစ်ဆူ) တို့ဖြစ်ပါသည်။

ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် နှစ်ဆယ့်လေးပါးသော ဘုရားရှင်တို့၏ အထံတော်တွင် ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် နိယတဗျာဒိတ်တော်ကို ဆင်မြန်းရရှိတော်မူခဲ့သည်။ ဂေါတမဗုဒ္ဓ လာင်းလျာသည် ထိုသာရ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင်လေးဆူတို့အနက် နောက်ဆုံး ဖြစ်သော ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်၌ နိယတဗျာဒိတ်ကို စတင်ခံယူခဲ့ပါသည်။

ဘုရားကို နှလုံးသားနဲ့ ထိထိမိမိ ဖူးကြမယ်

နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကား ရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။

တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့် ယှဉ်ပြီးဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာကရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို
ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကိုနမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။

စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကိုဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကိုအခြေခံပြီး ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည်လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကိုလေ့လာ ထား သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း
၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း
၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံမှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာစတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ်ပြေပြေလေး ပြောင်းလဲယူခြင်း ဖြစ်ကြောင်း
၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်းစည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း
၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်းသည်သဘော တရား ပင် ဖြစ်ကြောင်း
၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သောဗိသုကာဖြစ်ကြောင်း
၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာအပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကိုဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည်နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။ ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထားသောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ်စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာလက်ရာကြောင့် အမှောင်ထဲတွင်လင်းနေသောရုပ်ပွားတော်ကိုဖူးမြော်စေလေရာ ကြည်ညိုသဒ္ဓါစိတ်ကို  ဖြစ်ပေါ်စေ ကြောင်း၊ စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကိုထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှတခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင်လမ်းညွှန်ပါရန်နှင့် ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန်နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီးအားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင်အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။

 သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေးဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏသွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေးဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံ ရသော ကျွန်မ လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာလက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့်မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ..စသည် စသည်ဖြင့်
ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော် ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။ မမျှော်လင့်ဘဲဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင် ၀မ်းသာမိရပါသည်။

၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေအများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီးဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံဆောက် လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း

၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကိုလိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး
အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲနိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့်ထားရခြင်း

၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကိုမပြုလုပ်၊ လက်မခံဟူသောအဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင်ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကိုညွှန်းဆိုလိုသောကြောင့် သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက်မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူးထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သောသောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအား ထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက်ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှု အကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း

 ၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊လောကီ နယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထိုဥာဏ်စဉ်၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန်  ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာအလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့်အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း

၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသောကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသောဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်းခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း

၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နားဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကိုငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကိုကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော
မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်းအကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊

၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း

(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည်အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တမဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝ စင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသောဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ်
ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသောမေး ခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင်ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်းနိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာသက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။

၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သောစေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညိုပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့်ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။ ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန်တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ
ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင်ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသောသူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည်တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့်အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါကဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။ ဒါကြောင့်လည်း ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရောအားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကိုရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာသနားလေမည်။ အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။


*အထက်ဖော်ပြပါအကြောင်းအရာကိုကြိုက်နှစ်သက်သဖြင့် ကျွန်တော်ကူးယူထားခဲ့သည်မှာ ကြာလှပါပြီ ။ ရေးသားသူကို မမှတ်မိတော့ပါ။ မိတ်ဆွေအပေါင်းအသိပညာတိုးတက်နိုင်ရန်နှင့် မြတ်စွာဘုရားရှင်အား ရိုရိုသေသေဖူးမျှော်နိုင်ရန်အတွက် ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါတယ်။ ရေးသားခဲ့သူအားလည်း ကျေးဇူး အထူးတင်ရှိပါတယ်။ *

* ၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။ *