Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၂၁

ပြဿနာလေးချက် အဖြေလေးချက်

မင်းကြီးသည် မဟောသဓာ၏ စကားကို ကြားရသောအခါ လေးစားမြတ်နိုးသွားသည်။ ထို့ကြောင့် မဟောသဓာအား ထီးဖြူစိုက်ထားသော ရာဇပလ္လင်ပေါ်၌ ထိုင်စေသည်။ မိမိမူကား ကြမ်းပြင်ပေါ်၌ ထိုင်သည်။ ထို့နောက် နတ်သမီးမေးသော ပြဿနာလေးချက်ကို တစ်ချက်စီမေးသည်။ မဟောသဓာကလည်း ပိုင်နိုင်စွာဖြင့် တစ်ချက်စီ ဖြေဆိုပြသည်။


"သုခမိန်၊ ပထမပြဿနာမှာ လက်၊ ခြေတို့ဖြင့် မျက်နှာကို ပုတ်ခတ်၏။ သူ့ကို ယင်းသို့ပုတ်ခတ်သည့် အတွက် ချစ်နေရသည်။ သူကား မည်သူနည်း"
"အရှင်မင်းကြီး၊ နို့စို့အရွယ် ရင်သွေးငယ်ကို ဆိုခြင်းဖြစ်ပါသည်။ နို့စို့အရွယ် ရင်သွေးငယ်သည် မိခင်က ရင်ခွင်ပိုက်၍ ချော့မြှူသောအခါ မြူးရွှင်လျက် လက်၊ ခြေတို့ဖြင့် မိခင်ကို ပုတ်ခတ် ကန်ကျောက်သည်။ ဆံပင်ကို ဆွဲသည်။ လက်သီးဆုပ်ကလေးဖြင့် မိခင်၏ မျက်နှာကို ထုသည်။ ယင်းသို့ ပုတ်ခတ်သည့် အတွက် မိခင်တို့က ချစ်မဝနိုင်အောင် ဖြစ်နေရပါသည်"

"သုခမိန်၊ ဒုတိယပြဿနာမှာ နှုတ်ကဆဲရေး၏။ သို့ရာတွင် သူမလာမည်ကိုလည်း စိုးရိမ်သည်။ သူ့ကိုပင် ချစ်နေရသည်။ သူကား မည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာမျာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော သားကလေးကို ဆိုခြင်းဖြစ်ပါသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော သားသည် မိခင်ဖြစ်သူက လယ်တောသို့ ဖြစ်စေ၊ ဈေးဆိုင်သို့ ဖြစ်စေ အသွားခိုင်းလျှင် မုန့်ပေးမှ သွားမည်ဟု ပြောပါသည်။ မုန့်ပေးလိုက်သောအခါ ခိုင်းရာသို့ မသွား၊ တော်ရာတွင် အခြားကလေးများနှင့် ကစားနေပြီး နောက်မှ ပြန်လာပါသည်။ မိခင်က ထပ်၍ သွားခိုင်းသောအခါ ပြောင်ပြပြီး ထွက်ပြေးပါသည်။ ထိုအခါ မိခင်က မြည်တွန် ဆဲရေးပြီး တုတ်ကိုင်၍ လိုက်ပါသည်။ ယင်းသို့ နှုတ်က ဆဲရေးသော်လည်း စိတ်ထဲက မပါပါ။ နေဝင်၍ အိမ်ပြန်မလာလျှင် 'ငါ့သားသည် ငါဆဲရေး ခြိမ်းခြောက်သောကြောင့် အိမ်မှ ထွက်ပြေးရှာသည်။ ယခု အချိန်တန်သော်လည်း ပြန်မရောက်လာသေး။ အဘယ်အရပ်၌ ရှိနေပါသနည်း' ဟု စိုးရိမ်ပူပန်စွာ လှည့်လည် ရှာဖွေပါသည်။ နောက်ဆုံး ဆွေမျိုးအိမ်တွင် သားငယ်ကို တွေ့မြင်သောအခါ မျက်ရည်ကျလျက် သားငယ်၏ နဖူးဆံစတို့ကို နမ်းရှုပ်ပါသည်။ "ချစ်သား၊ မိခင် ဆဲရေးသည်ကို စိတ်ဆိုးသလော" ဟု ဆိုကာ ချော့မော့၍ အိမ်သို့ခေါ်ဆောင်သွားပါသည်"

"သုခမိန်၊ တတိယပြဿနာမှာ မဟုတ်မမှန် စွပ်စွဲပြောဆို၏။ မခံချင်အောင် မဟုတ်မမှန် ပြောတတ်၏။ ယင်းသို့ ပြောသည့်အတွက်ပင် သူ့ကို ချစ်နေရသည်။ သူကားမည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာကား ညားခါစ ဇနီးမောင်နှံကို ဆိုခြင်းဖြစ်ပါသည်။ ညားခါစ ဇနီးမောင်နှံတို့သည် သင်သည် ငါ့အပေါ်၌ ချစ်စိတ် မရှိ၊ အခြားသူတစ်ယောက်အပေါ်၌သာ ချစ်စိတ်ရောက်နေသည် စသည်ဖြင့် မဟုတ်မမှန် စွပ်စွဲကာ မခံချင်အောင် ပြောဆိုတတ်ကြသည်။ ဤသို့ ပြောဆိုလျက်နှင့်ပင် အချင်းချင်း အလွန်ချစ်နေကြရပါသည်"

"သုခမိန်၊ စတုတ္ထပြဿနာမျာ ထမင်း၊ အဖျော်၊ အဝတ်အစား၊ အိပ်ရာနေရာ စသည်တို့ကို ယူဆောင်၏။ ယင်းသို့ ယူဆောင်သွားသည့်အတွက်ပင် သူ့ကို ချစ်ခင်မြတ်နိုး လေးစားနေရသည်။ သူကားမည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာကား အကျင့်သီလရှိသော ရဟန်း ပုဏ္ဏားတို့ကို ဆိုခြင်းဖြစ်ပါသည်။ သဒ္ဓါတရားရှိသော သူတို့သည် ရဟန်း ပုဏ္ဏားတို့ကို မိမိတို့အား ဆွမ်းဘောဇဉ် စသည်ကို အလှူခံလျှင်လည်း ဝမ်းသာကြသည်။ ပေးလှူကြသည်။ အကယ်၍ အလှူမခံဘဲ မိမိဘာသာ လှူသော ပစ္စည်းတို့ကို ထိုရဟန်း ပုဏ္ဏားတို့က သုံးဆောင်လျှင်လည်း ဝမ်းသာကြပါသည်"

ဤသို့လျှင် ထီးချက်စောင့် နတ်သမီးမေးသော ပြဿနာတစ်ချက်စီကို မင်းကြီးက ပြန်မေးသည်။ မဟောသဓာသုခမိန်ကလည်း တစ်ချက်စီကို သေချာစွာ ရှင်းလင်းဖြေကြားသည်။ ပြဿနာတစ်ချက် ဖြေပြီးတိုင်း ထီးချက်စောင့်နတ်သမီးသည် ကိုယ်တစ်ပိုင်းပြလျက် မဟောသဓာအား ကောင်းချီးပေးသည်။ နတ်ပန်းနံ့သာတို့ဖြင့် ပူဇော်သည်။ နောက်ဆုံးဖြစ်သည့် စတုတ္ထပြဿနာကို ဖြေပြီးသောအခါ၌ကား ထီးချက်စောင့်နတ်သမီးသည် မဟောသဓာကို ကောင်းချီးလည်းပေးသည်။ ရတနာ ခုနှစ်ပါးကိုလည်း ရတနာကလပ်ဖြင့် ထည့်၍ ပူဇော်လေသည်။

မင်းကြီးသည်လည်း မဟောသဓာသုခမိန်အား ရှေးကထက်တိုး၍ ပူဇော်သည်။ စစ်သူကြီးအရာကိုလည်း ပေးလိုက်လေသည်။

(မဟောသဓာအပိုင်း- ၂၂ "သုခမိန်ငါးဦး ပြဿနာ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၀

မဟောသဓာကို ပြန်ခေါ်ခန်း

မဟောသဓာကို ခေါ်ဆောင်လာသော အမတ်သည် နန်းတော်တံခါးပြင်၌ မဟောသဓာကို ထားခဲ့သည်။ ထို့နောက် မင်းကြီးရှေ့တော်သို့ ဝင်သည်။ မဟောသဓာကို တွေ့သဖြင့် အတူခေါ်လာကြောင်း လျှောက်ထားသည်။ မင်းကြီက "မဟောသဓာသုခမိန်ကို သင်အဘယ်အရပ်၌ တွေ့သနည်း" ဟု မေးမြန်းသည်။


"အရှင်မင်းကြီး၊ မဟောသဓာသုခမိန်သည် တောင်ယဝမဇ္ဈဂုံးရွာ၌ အိုးထိန်းသည် လုပ်နေပါသည်။ နိမ့်ကျစွာဖြင့် မုယောထမင်းကို စားနေစဉ် အကျွန်ုပ်တွေ့ပါသည်။ အမိန့်တော်အရ ခေါ်ကြောင်း ပြောသောအခါ အိုးထိန်းအမှုလုပ်ရာ ရွှံ့ထဲမှထ၍ ရေမျှမချိုးဘဲ လိုက်လာပါသည်။ ရွှံ့အလိမ်းလိမ်း ကပ်သော ကိုယ်ဖြင့်ပင်လျှင် ယခုရောက်ရှိနေပါပြီ" ဟူ၍ လျှောက်၏။

ထိုစကားကိုကြားလျှင် မင်းကြီးသည် ကျေနပ်သွားသည်။ "မဟောသဓာသည် ငါ့ကို ရန်ပြုလိုသူ ဖြစ်ပါက ဆင်၊ မြင်း စီရင်ခင်းကျင်း နေရာ၏။ ယခုမူ ဆင်းရဲသား အဖြစ် အိုးထိန်းသည် လုပ်၍ အသက်မွေးနေသည်။ ငါ့ရန်သူ မဟုတ်" ဟု တွေးတော ဝမ်းသာသွားသည်။

"ငါ့သားတော် မဟောသဓာ အိမ်ပြန်၍ ရေမိုးချိုးပါစေ။ ထို့နောက်မှ ငါချီးမြှောက်တော်မူသည့် အဆောင်အယောင်ဖြင့် အခစားဝင်ပါစေ" ဟု မိန့်တော်မူလိုက်လေသည်။

မဟောသဓာသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း ပြုပြီးမှ အခစားဝင်လာသည်။ မင်းကြီးသည် မဟောသဓာကို မြင်တွေ့သောအခါ မဟောသဓာ၏ စိတ်ကို စမ်းလိုသောကြောင့် မေးမြန်းပြန်သည်။

"သုခမိန်၊ အချို့သော စည်းစိမ်ရှင်တို့သည် ဤမျှလောက်ကြွယ်ဝ ချမ်းသာလျှင် တော်လောက်ပြီဟု နှလုံးပိုက်လိုက်ကြသည်။ နောက်ထပ် တိုး၍ ချမ်းသာရန်အတွက် မကောင်းမှုကို မပြုဘဲနေကြသည်။ အချို့ကား ကဲ့ရဲ့ခံရမည်ကို ကြောက်သောကြောင့် မကောင်းမှုကို မပြုဘဲ နေကြသည်။ ပထမလူမှာ အစွမ်းမရှိသောသူ ဖြစ်သည်။ ဒုတိယလူကား ပညာနည်းသူ ဖြစ်သည်။ သင်ကား အစွမ်းရှိသူလည်း ဖြစ်သည်။ ပညာရှိသူလည်း ဖြစ်သည်။ သို့ဖြစ်လျက် အဘယ့်ကြောင့် ငါ့ကို ဒုက္ခမပေးပါသနည်း"

"အရှင်မင်းကြီး၊ ပညာရှိတို့သည် မိမိ၏ ချမ်းသာမှုအတွက် မကောင်းမှုကို မပြုကြကုန်။ သူတော်ကောင်းမှန်က ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာမှ လျှောကျ၍ ဆင်းရဲဒုက္ခနှင့် တွေ့နေသော်လည်း မမှုပါ။ လိုချင်လောဘကြောင့် ဖြစ်စေ၊ အမျက်ဒေါသကြောင့် ဖြစ်စေ သုစရိုက်တရားကို မစွန့်ပါ"
"သုခမိန်၊ မိမိသည် အကြောင်းတစ်ခုခုကြောင့် ဆင်းရဲဒုက္ခ ရောက်နေလျှင် ထိုဆင်းရဲဒုက္ခမှ လွတ်အောင်လုပ်ပြီးမှသာ သုစရိုက်တရားကို လိုက်နာပြုကျင့်အပ်သည် မဟုတ်ပါလော"
"အရှင်မင်းကြီး၊ လူကိုမဆိုထားဘိ၊ အသက်မဲ့သော သစ်ပင်ဖြစ်သော်လည်း အရိပ်ခိုဖူးက ထိုသစ်ပင်၏ အကိုင်းအခက်ကိုမဖျက်ဆီးသင့်ပါ။ ဖျက်ဆီးလျှင် ကျေးဇူးရှင်ကို ပြစ်မှားသည် မည်ပါသည်။ ကျေးဇူးရှင်ကို ပြစ်မှားသောသူသည် လူယုတ်မာ ဖြစ်ပါသည်။
"အရှင်မင်းကြီး၊ အကြင်ဆရာထံမှ အနည်းငယ်မျှ သိရသည် ဖြစ်စေ၊ မိမိ၏ မရှင်းလင်းချက်ကို ရှင်းလင်းပေးသည် ဖြစ်စေ၊ ထိုဆရာသည် မိမိ၏ မှီခိုအားထားရာပင် ဖြစ်ပါသည်။ ပညာရှိမှန်က ထိုကဲ့သို့သော ဆရာမျိုးနှင့် အဆွေခင်ပွန်း ဖွဲ့အပ်ပါသည်။ ပြစ်မှားခြင်း မပြုအပ်ပါ"

ထို့နောက် မဟောသဓာသည် မင်းကြီးအား အိမ်ရာထောင်သောသူသည် မပျင်းရိသင့်ကြောင်း၊ ရသေ့ရဟန်းသည် ကိုယ်နှုတ်နှလုံး စောင့်စည်းသင့်ကြောင်း၊ မင်းသည် အမှုကို စူးစမ်းဆင်ခြင်၍ ပြုသင့်ကြောင်း၊ ပညာရှိသည် အမျက်မထွက်သင့်ကြောင်း စသည်ဖြင့် လျှောက်ထားသည်။

(မဟောသဓာအပိုင်း- ၂၁ "ပြဿနာလေးချက် အဖြေလေးချက်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၉

ထီးချက်စောင့် နတ်သမီး၏ ပြဿနာလေးရပ်

မဟောသဓာ ထွက်ပြေးသည်မှစ၍ နန်းတော်မှာ တရားသံ ဆိတ်သုဉ်းသွားသည်။ မျက်မှောက်ဘဝနှင့် တမလွန်ဘဝအတွက် တန်ဖိုးရှိသော တရားစကားကို ညွှန်ပြမည့်သူ မရှိတော့ပေ။


ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၏ ထီးချက်စောင့်နတ်သမီးသည် အလိုမကျ။ မဟောသဓာကို ပြန်ခေါ်စေလိုသည်။ ထို့ကြောင့် မဟောသဓာကို ပြန်ခေါ်စေရန်အတွက် တစ်ညတွင် မင်းကြီးအား ပြဿနာလေးရပ်ကို ဖြေဆိုရန် မေးမြန်းသည်။

မေးမြန်းသော ပထမပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို ခြေ၊ လက်တို့ဖြင့် ရင်၊ မျက်နှာ စသည်တို့ကို ပုတ်ခတ်၏။ ထိုသို့ ပုတ်ခတ်လျက်ပင် ပုတ်ခတ်သူကို ပုတ်ခတ်ခံရသူသည် အလွန်ချစ်ခင်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်နည်။

ဒုတိယပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို ဆိုမြည်ဆဲရေး၏။ ထိုသို့ ဆဲရေးလျက်ပင် ထိုသူကို လာစေချင်၏။ ထိုသူကို အလွန်ချစ်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်နည်း။

တတိယပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို မခံချင်အောင် မဟုတ်မမှန် စွပ်စွဲပြောဆို၏။ စွပ်စွဲခံရသူသည် တစ်ဖန် မခံချင်အောင် ပြန်လှန်ပြောဆို စွပ်စွဲ၏။ ထိုသို့ ပြောဆို စွပ်စွဲလျက်ပင် တစ်ဦးကို တစ်ဦး အလွန်ချစ်မြတ်နိုးကြ၏။ ထို ပုဂ္ဂိုလ်တို့ကား အဘယ် ပုဂ္ဂိုလ်တို့နည်း။

စတုတ္ထပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦး၏ အစားအသောက်၊ အဝတ်ပုဆိုး၊ အိပ်ရာနေရာတို့ကို သုံးဆောင်ယူငင်၏။ ထိုသို့ ပြုလျက်ပင် ဥစ္စာရှင်သည် သုံးဆောင်ယူငင်တိုင်း အလွန်ချစ်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ် ပုဂ္ဂိုလ်နည်း။

နတ်သမီးသည် ညဥ့်အခါ၌ ထီးချက်ကို ဖွင့်လှစ်ပြီးလျှင် "ဤပြဿနာလေးရပ်ကို မင်းကြီးဖြေဆိုလော့" ဟု ဆို၏။ မင်းကြီးက "နတ်သမီး၊ ဤပြဿနာတို့ကို နံနက်သို့ ရောက်သောအခါမှ ပညာရှိ သုခမိန်တို့ကို မေး၍ ဖြေပါမည်။ စောင့်ဆိုင်းပါဦးလော့" ဟု ဆို၏။

နတ်သမီးကလည်း "ကောင်းပါပြီ မင်းကြီး" ဟု ဆို၏။

နံနက်လင်းသောအခါ မင်းကြီးသည် သုခမိန်လေးယောက်ကို အခေါ်ခိုင်းသည်။ သုခမိန် လေးယောက်တို့လည်း မိမိတို့မှာ ခေါင်းတုံးများဖြစ်နေသဖြင့် ရှက်ရွံ့နေကြသည်။ ထိုအကြောင်းကို မင်းကြီးသိသော် ဗောင်းထုပ်လေးခု ပို့ခိုင်းလိုက်သည်။ သုခမိန်လေးယောက်တို့လည်း ဗောင်းထုပ် ကိုယ်စီဆောင်း၍ လာကြ၏။

သူတို့ရောက်လာသောအခါ မင်းကြီးသည် အကျိုးအကြောင်း ပြောပြသည်။ ထီးချက်စောင့် နတ်သမီးမေးသော ပြဿနာလေးရပ်ကို ဖြေဆိုစေသည်။ မည်သူမျှ မဖြေဆိုနိုင်ကြချေ။ ညအချိန်ရောက်သောအခါ မင်းကြီးသည် နတ်သမီးကို သုခမိန်တို့လည်း မဖြေနိုင်ကြောင်း ပြောပြသည်။

နတ်သမီးက "မဟောသဓာသုခမိန်မှတစ်ပါး ဤပြဿနာကို ဖြေဆိုနိုင်မည့်သူ မရှိ" ဟု ဆို၏။ ထိုသို့ဆိုရာမှ အလျှံတပြောင်ပြောင်တောက်သော သံတုတ်ဖြင့် မင်းကြီးကို မိုးလျက် "ပြဿနာကို မဖြေဆိုနိုင်လျှင် သင်မင်းကြီး၏ ဦးခေါင်းကို ရိုက်ခွဲအံ့" ဟု ခြိမ်းခြောက်၏။

ထို့နောက် "မင်းကြီး၊ မီးကို လိုချင်လျှင် ပိုးစုန်းကြူးကို မှုတ်၍ မရနိုင်။ နွားနို့ကို လိုချင်လျှင် နွားမ၏ ဦးချို၌ ညှစ်၍ မရနိုင်" ဟုဆိုကာ ကွယ်သွားလေသည်။ နံနက်မိုးသောက်သော် မင်းကြီးသည် အမတ်လေးယောက်တို့ကို ခေါ်တော်မူသည်။ မြို့ပြင်လေးရပ်သို့ အသီးသီးသွားပြီးလျှင် မဟောသဓာကို ရှာဖွေခေါ်ဆောင်ခဲ့ရန် စေလွှတ်လိုက်သည်။ အမတ်လေးယောက်လည်း ရထားတစ်စီးစီ စီးလျက် အသီးသီးထွက်ခဲ့ကြသည်။ တောင်ယာမဇ္ဈဂုံးရွာသို့ အရှာထွက်သော အမတ်သည် အိုးလုပ်သမားအိမ်၌ မဟောသဓာကို တွေ့လေ၏။

ထိုအချိန်၌ မဟောသဓာသည် အိုးလုပ်သမားကြီး အိုးလုပ်သည်ကို ကူညီလုပ်ကိုင်ပေးလျက် ရှိသည်။ သူသည် အိုးထိန်းစက်ကို လှည့်ပေးနေသည်။ သူ့တစ်ကိုယ်လုံး ရွှံ့များ ပေနေသည်။ အတန်ကြာသော် သူသည် ကောက်ရိုးမှိုက်ပုံပေါ်၌ ထိုင်လျက် မုယောထမင်းကို ဟင်းကလေးနည်းနည်းဖြင့် စားနေသည်။ ဤသို့ အိုးလုပ်သမား အဖြစ်ဖြင့် ဆင်းရဲခံ၍ နေခြင်းမှာ အကြောင်းရှိသည်။

မင်းကြီးက သူ့ကို ထီးနန်းလုယူလိမ့်မည်ဟု စိုးရိမ်နေမှုကို ပပျောက်စေရန် ဖြစ်သည်။ မဟောသဓာကို တွေ့သောအမတ်သည် သေနကသုခမိန်၏ ဘက်တော်သားဖြစ်သည်။ ထို့ကြောင့် မဟောသဓာကို မြင်သောအခါ သူက "မဟောသဓာ သုခမိန်၊ ပညာရှင်ထက် စည်းစိမ်ရှင်ကသာ မြတ်သည်ဆိုသော သိန်းဆရာ၏ စကားသည် မှန်နေပြီ မဟုတ်ပါလော။ သင်သုခမိန်သည် ပညာရှိကြီး တစ်ဆူဖြစ်ပါလျက် ယခုကဲ့သို့ ဆင်းရဲဒုက္ခ ရောက်နေသောအခါ တတ်သိသော ပညာများလည်း အားကိုးရာ မရ ဖြစ်နေပြီ မဟုတ်ပါလော" ဟု ဆို၏။

မဟောသဓာက "အမတ်မိုက်၊ ငါသည် ရှေးက ရှိရင်းဖြစ်သော စည်းစိမ်ကို ငါ၏ ပညာစွမ်းဖြင့် ပြန်၍ ရအောင် ပြုလိုသောကြောင့် ယခုကဲ့သို့ အဆင်းရဲခံ၍ နေခြင်းဖြစ်သည်။ မထင်မရှား နေရမည့်အခါနှင့် ပေါ်ပေါ်ထင်ထင် နေရမည့်အခါ ဟူ၍ ရှိသည်။ ယခုအခါကား မင်းကြီး အမျက်တော်ရှိနေခိုက် ဖြစ်၍ မထင်မရှား နေရမည့် အခါဖြစ်သည်။ ထို့ကြောင့် မထင်မရှား အိုးလုပ်သမားအဖြစ်ဖြင့် ငါနေခြင်းဖြစ်သည်။ ဤသို့နေသည်ကို မင်းကြီးသိလျှင် ဖြောင့်မှန်သော ငါ့စိတ်ရင်း အမှန်ကို သိလိမ့်မည်" ဟု ဆိုသည်။

ထို့နောက် အမတ်သည် ထီးချက်စောင့် နတ်သမီးက ပြဿနာလေးရပ်မေးပုံ၊ သုခမိန်လေးယောက်ကို မေးရာ မဖြေနိုင်ပုံ၊ ထို့ကြောင့် မင်းကြီးက မဟောသဓာကို အခေါ်လွှတ်သဖြင့် လာရပုံတို့ကို ပြောပြသည်။

ထိုအခါ မဟောသဓာက "သို့ဖြစ်ပါလျက် ပညာ၏ အာနုဘော်ကို အဘယ့်ကြောင့် သင် မသိလေသနည်း။ ဤကဲ့သို့ အခါမျိုး၌ စည်းစိမ်ချမ်းသာသည် အားထားရာ မဟုတ်၊ ပညာရှင်သည်သာလျှင် အားထားရာဖြစ်သည် မဟုတ်ပါလော" ဟု ဆို၏။

အမတ်က "မဟောသဓာသုခမိန်အား တွေ့ရာအရပ်တွင် အသပြာတစ်ထောင်ဖြင့် ပူဇော်ပြီး ခေါ်ဆောင်ခဲ့ရမည်ဟု အမိန့်တော် ပါပါသည်" ဟု ဆိုသည်။ ဆိုသည့်အတိုင်းလည်း မဟောသဓာကို အသပြာတစ်ထောင် ပေးဆက်သည်။

အိုးလုပ်သမားကြီးသည် သူ့ထံ၌ အခစားလုပ်နေသူမှာ အခြားသူမဟုတ်။ မဟောသဓာသုခမိန် ဖြစ်ကြောင်း သိသွားသည်။ ထိုအခါ ခိုင်းစေမိသည့်အတွက် ကြောက်လန့်နေသည်။ မဟောသဓာက "ဆရာ၊ မကြောက်ပါနှင့်။ ဆရာသည် ကျွန်ုပ်အပေါ် ကျေးဇူးများလှပါသည်" ဟုဆိုကာ ငွေတစ်ထောင် ပေးသည်။ ထို့နောက် ရွှံ့ပေးနေသော ကိုယ်ဖြင့်ပင် ရထားပေါ်တက်၍ လိုက်သွားလေသည်။

(မဟောသဓာအပိုင်း- ၂၀ "မဟောသဓာကို ပြန်ခေါ်ခန်း" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၈

အမရာ၏ စွမ်းရည်

တစ်နေ့သောအခါ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ အမတ်ပညာရှိ ၄-ယောက်တို့သည် လျှို့ဝှက်စွာ တိုင်ပင်ကြသည်။ "ငါတို့သည် မဟောသဓာ တစ်ယောက်တည်း ရှိစဉ်ကပင် ပညာချင်း မယှဉ်နိုင်၊ အရာမဝင်သကဲ့သို့ ဖြစ်ခဲ့ကြသည်။ ယခုအခါ မဟောသဓာသည် နှစ်ကိုယ့်တစ်စိတ် ဖြစ်သော ပညာရှိမယားကောင်းနှင့် ပေါင်းမိပြန်ပြီ။


မဟောသဓာနှစ်ယောက် ဖြစ်သကဲ့သို့ ရှိချေသော် ငါတို့ ရှေးကထက်ပင် အရာမဝင်ဖြစ်တော့မည်။ မဟောသဓာ ပျက်စီးအောင် ငါတို့ ကုန်းချော၍ မင်းကြီးအား လျှောက်ထားရသော် မသင့်ပါလော" ဟု သေနကအမတ်က ဆို၏။

ကျန်သုခမိန် ၃-ယောက်တို့သည် မဟောသဓာ ပျက်စီးအောင် မည်သို့ ကုန်းချောရမည်ကို မကြံတတ် ဖြစ်နေကြသည်။ နောက်ဆုံးတွင် သေနကအမတ်ကြီး၏ အကြံပေးချက်အရ သူတို့သည် 'မင်းကြီး၏ ပတ္တမြားဆံထိုး၊ ရွှေပန်းကုံး၊ ကမ္ဗလာ၊ ရွှေခြေနင်းတို့ကို ရှေးဦးစွာ ခိုးယူကြမည်။ ထို့နောက် ယင်းတို့ကို မဟောသဓာအိမ်ရောက်အောင် စီမံမည်။ ရောက်သော် မဟာသဓာကို ရာဇဝတ်မှုဖြစ်အောင် ပြုမည်' ဟူ၍ စီစဉ်ကြသည်။

ရှေးဦးစွာ သေနကအမတ်သည် မင်းကြီး၏ ပတ္တမြားဆံထိုးကို ခိုးယူသည်။ ယင်းကို ရက်တက်အိုးထဲ ထည့်သည်။ ကျွန်မတစ်ယောက်အား ထိုရက်တက်အိုးကို မဟောသဓာအိမ်သို့ သွားရောင်းစေသည်။

ထိုကျွန်မလည်း ရက်တက်အိုးကို အခြားအိမ်သို့မရောင်း။ မဟောသဓာအိမ်နား၌သာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ ရောင်းသည်။

အမရာသည် ထိုကျွန်မ၏ ထူးခြားပုံကိုမြင်သော် 'အကြောင်းထူးရှိရမည်' ဟု တွေးဆသည်။ မိမိအိမ်ရှိ အဖော်တို့ကို အခြားသို့ရှောင်နေစေသည်။ ထို့နောက် ထိုဈေးသည်မကို လှမ်းခေါ်သည်။

ဈေးသည်မ ရောက်လာသောအခါ မိမိ၏ အိမ်ဖော်တို့ကို ခေါ်၍ မရသဖြင့် ဈေးသည်မအား ခေါ်ပေးရန်ပြောသည်။ ဈေးသည်မသည် အိမ်ဖော်တို့ကို သွားခေါ်နေစဉ် အမရာသည် ရက်တက်အိုးထဲသို့ နှိုက်ကြည့်သည်။ ပတ္တမြားဆံထိုးကို တွေ့သည်။ ဈေးသည်မ ပြန်ရောက်လာသောအခါ "အမယ်- သင်သည် မည်သူ့အိမ်ကပေနည်း" ဟု မေးသည်။

ဈေးသည်မလည်း "အကျွန်ုပ်သည် သေနကသုခမိန်၏ အိမ်မှ ကျွန်မဖြစ်သည်" ဟု ဆို၏။

ထိုအခါ အမရာသည် ဈေးသည်မ၏ အမည်နှင့် မိဘအမည်ကို မေးပြီး၊ ရက်တက်အိုးကို ဝယ်ထားလိုက်လေသည်။ ထိုဈေးသည်မ ပြန်သွားသောအခါ သိန်းအမတ်အိမ်မှ မည်သူ၏ သမီး၊ မည်သည့်ကျွန်မသည် မင်းကြီး၏ ပတ္တမြားဆံထိုးကို ရက်တက်အိုးထဲထည့်၍ လာရောင်းကြောင်း နေ့စွဲ- ရက်စွဲနှင့်တကွ ရေးမှတ်ထားလေသည်။

ဤနည်းတူပင် ပက္ကုသအမတ်ကလည်း ရွှေပန်းကုံးကို ခိုးယူကာ မြတ်လေးပန်းတောင်း၌ ထည့်၍ မဟောသဓာအိမ်ရောက်အောင် စီမံပို့သည်။ ကာမိန္ဒအမတ်ကလည်း ကမ္ဗလာကိုခိုး၍ ဟင်းရွက်ခြင်းထဲ၌ ထည့်၍ ပို့သည်။ ဒေဝိန္ဒအမတ်ကလည်း ရွှေခြေနင်းကို ခိုး၍ မုယောစပါး အစည်းထဲ၌ ထည့်၍ ပို့သည်။ အမရာကလည်း ထိုပစ္စည်းတို့ကို ယခင်နည်းအတိုင်း ရေးမှတ်ပြီး ဝယ်ယူထားလိုက်လေသည်။

မဟောသဓာ အိမ်သို့ ပစ္စည်းလေးမျိုးလုံး ရောက်ပြီးနောက် မကြာမီပင် အမတ်လေးယောက်သည် မင်းကြီးအား "အဘယ့်ကြောင့် ပတ္တမြားဆံထိုးကို မဆင်ပါသနည်း" ဟု မေးကြသည်။ မင်းကြီးလည်း ထိုအခါမှ သတိရကာ ပတ္တမြားဆံထိုးကို အယူခိုင်းသည်။ ထိုအခါ ရှာမတွေ့၊ ပျောက်နေကြောင်း သိရသည်။ ပတ္တမြားဆံထိုးသာမဟုတ် ရွှေပန်းကုံး၊ ကမ္ဗလာ၊ ရွှေခြေနင်းတို့ပါ ပျောက်နေကြောင်း သိရသည်။

ဤတွင် သူတို့က "အရှင်မင်းကြီး၊ ထိုတန်ဆာ ၄-ခုသည် မဟောသဓာအိမ်၌ ရှိနေပါသည်။ မဟောသဓာသည် ထိုတန်ဆာတို့ကို ဝတ်ဆင် အသုံးပြုနေပါသည်။ မဟောသဓာသည် အရှင်မင်းကြီး၏ ရန်သူပင်ဖြစ်ပါသည်" ဟူ၍ လျှောက်တင်ကြသည်။ ထိုအကြောင်းကို မဟောသဓာ၏ အကျိုးကို လိုလားသော အမတ်တို့သည် မဟောသဓာထံသို့ လျင်မြန်စွာ သွားရောက် ပြောပြကြသည်။ မဟောသဓာလည်း အဖြစ်မှန်ကို သိရန် မင်းကြီးရှေ့တော်သို့ အခစားဝင်သည်။ မင်းကြီးလည်း စိတ်ဆိုးကာ အတွေ့မခံဘဲ နေသည်။

မဟောသဓာသည် အခြေအနေမကောင်းသဖြင့် အိမ်သို့ ပြန်ခဲ့သည်။ မင်းကြီးလည်း မဟောသဓာကို ဖမ်းရန် အမိန့်ထုတ်လိုက်သည်။ ထိုသို့အမိန့်ထုတ်သည်ကို မဟောသဓာသည် မိမိအကျိုးလိုလားသူ အမတ်များထံမှတဆင့် ကြားသိရသည်။ ထိုအခါ ဖမ်းမည့်သူများ ရောက်မလာမီ မထင်ရှားသော အသွင်ဖြင့် တိမ်းရှောင်သွားသည်။ တောင် ယဝမဇ္ဈဂုံးရွာသို့ သွားသည်။ အိုးလုပ်သမားအိမ်တွင် မှီခို၍ အိုးလုပ်သမား အလုပ်ကို လုပ်ဆောင်နေလေသည်။

မဟောသဓာ ထွက်ပြေးကြောင်း သိရသောအခါ ကောက်ကျစ်သော သုခမိန်အမတ် ၄-ယောက်တို့သည် အချင်းချင်း အသိမပေးဘဲ အမရာဒေဝီကို သိမ်းယူမည်ဟု ကြံကြသည်။ စကားကမ်းကာ လက်ဆောင်များ ပို့ကြသည်။

အမရာသည် မိမိလင် မဟောသဓာကို ရာဇဝတ်သင့်အောင် မတရားပြုသည့် အမတ် ၄-ယောက်ကို စိတ်နာလျက် ရှိသည်။ ထိုစဉ် အသက်အရွယ်နှင့် မမျှအောင် မဖွယ်မရာ ပြုမူကြသည်ကို သိရသောအခါ လွန်စွာရွံမုန်းသွားသည်။ 'သူမိုက်ကြီး ၄-ယောက်ကို မှတ်လောက်အောင် အရှက်ခွဲမည်' ဟု ကြံ၍ တွင်းကြီးတစ်တွင်း တူးသည်။ ထိုတွင်းထဲသို့ မစင်နှင့်ရေများ ပြည့်အောင် ထည့်သည်။ အပေါ်က ပျဉ်ပြားဖုံးလျက် ခလုတ်တပ်ထားသည်။

ထို့နောက် မိမိထံလာရန် သုခမိန် ၄-ယောက်ကို အချိန်ခွာ၍ တစ်ယောက်စီ ချိန်းလိုက်သည်။

ရှေးဦးစွာ သေနကအမတ်ကြီး ရောက်လာသည်။ အမရာသည် ပျူငှားစွာ ကြိုဆိုသည်။ ပရိယာယ်မာယာဖြင့် "ရေအလျင်ချိုးပါဦး" ဟု ဆိုသည်။ မိမိကိုယ်တိုင် ရေလောင်းပေးမည့်ဟန်ဖြင့် သေနကအမတ်ကို ပျဉ်ချပ်ပေါ်၌ ရပ်ခိုင်းသည်။ သေနကအမတ်လည်း အမရာ၏ အကြံကို မရိပ်မိ။ ပျဉ်ချပ်ပေါ်၌ ရပ်သည်။ ထိုအခါ အမရာက ခလုတ်ကို အမှတ်တမဲ့ ဖြုတ်လိုက်သည်။ သေနကအမတ်သည် ပျဉ်ချပ်မှ လျှောကာ မစင်တွင်းထဲသို့ ကျသွားလေသည်။ သေနကအမတ် နည်းတူပင် ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ အမတ်တို့သည်လည်း အမရာချိန်းသည့်အတိုင်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ အမရာကလည်း ယခင်နည်းအတိုင်းပင် တစ်ယောက်ပြီး တစ်ယောက် မစင်တွင်းထဲသို့ ချသည်။ နောက်ဆုံး လေးယောက်လုံး မစင်တွင်းထဲသို့ ရောက်သွားကြလေသည်။

နောက်တစ်နေ့ နံနက်တွင် အမရာသည် သုခမိန်လေးယောက်ကို မစင်တွင်းမှ ထုတ်စေသည်။ သူတို့၏ ဆံပင် မုတ်ဆိတ်တို့ကို ရိတ်စေသည်။ တစ်ကိုယ်လုံး ကော်ရည်သုတ်၍ ဂွမ်းများဖြင့် ကပ်စေသည်။ ထို့နောက် တစ်ယောက်စီကို ဖျာတစ်ချပ်စီဖြင့် လိပ်၍ ပတ္တမြားဆံထိုး၊ ရွှေပန်းကုံး၊ ကမ္ဗလာ၊ ရွှေခြေနင်းတို့နှင့်အတူ မင်းကြီးထံ ယူဆောင်သွားသည်။

မင်းကြီးရှေ့တော်သို့ ရောက်သောအခါ "အရှင်မင်းကြီး၊ လက်ဆောင်ထူး မျောက်ဖြူလေးကောင်ကို လက်ခံတော်မူပါ" ဟု ဆိုကာ ဖျာလိပ်လေးလိပ်ကို မင်းကြီးခြေရင်း၌ ချထားသည်။

မင်းကြီးသည် ဖျာလိပ်များကို ဖွင့်ကြည့်သည်။ ထိုအခါ မျောက်ဖြူနှင့်တူသော သုခမိန် လေးယောက်ကို တွေ့ရသည်။ ထိုအချိန်မှာ ညီလာခံ ကျင်းပနေချိန်ဖြစ်သည်။ မှူးမတ်အပေါင်းက "တစ်ခါမှ မမြင်ဖူး၊ အလွန်ထူးသည့် မျောက်ဖြူကြီးများပါတကား" ဟု ဆိုကာ တဝါးဝါး ရယ်ကြလေသည်။ သုခမိန်မိုက် လေးယောက်တို့သည် အရှက်ကြီး ရလေသည်။

ထို့နောက် အမရာက "အရှင်မင်းကြီး၊ မဟောသဓာသည် ခိုးသူမဟုတ်ပါ။ ဤသုခမိန် လေးယောက်သာ ခိုးသူများ ဖြစ်ပါသည်" ဟု ဆိုကာ ထိုပစ္စည်း ၄-ခုကို မည်သည့်နေ့က မည်သူလာရောက်ကြောင်းကို ရေးမှတ်ထားသော စာနှင့်တကွ ဆက်သလေသည်။

မင်းကြီးသည် မဟောသဓာ ထွက်ပြေးကြောင်း သိသဖြင့် စိုးရိမ်နေသည်။ 'အကယ်၍ မိမိကို မဟောသဓာ ပုန်ကန်ခြားနားလေသော် တိုင်ပင်စရာ ဤသုခမိန် လေးဦးသာ ရှိသည်' ဟု တွေးလျက် သုခမိန် ၄-ယောက်ကို အပြစ်မယူပေ။ "ဆရာသုခမိန်တို့၊ ဤနန်းတွင်း၌ ရေချိုးပြီးလျှင် ဤပုဆိုးကို ဝတ်၍ သင်တို့၏ အိမ်သို့ သွားကြလေ" ဟု ဆို၍ လွှတ်လိုက်လေ၏။

အမရာလည်း မဟောသဓာ၌ အပြစ်မရှိကြောင်း လျှောက်ထားပြီးလျှင် မိမိအိမ်သို့ ပြန်သွားလေသည်။

(မဟောသဓာအပိုင်း- ၁၉ "ထီးချက်စောင့် နတ်သမီး၏ ပြဿနာလေးရပ်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၇

အမရာဒေဝီကို ဆောင်ယူခြင်း

မဟောသဓာသည် အမရာကို ခေါ်လာစဉ် လမ်းခရီး၌ ပညာစမ်းလိုသောကြောင့် ထီးနှင့်ဖိနပ် ပေးသည်။ ထိုအခါ အမရာသည် ထီးကို နေပူသော လွင်ပြင်၌ မဆောင်း။ နေရိပ်သော သစ်ပင်အောက်သို့ ရောက်သောအခါမှ ဆောင်းသည်။ ထို့ပြင် ဖိနပ်ကိုလည်း ကုန်းပေါ်တွင် မစီး။ ရေထဲသွားသောအခါ၌သာ စီးသည်။


မဟောသဓာက မေးသောအခါ အမရာက "အရှင်၊ လွင်ပြင်၌ အပေါ်မှ ကျစရာမရှိ။ သစ်ပင်အောက်၌သာ အပေါ်မှ သစ်ကိုင်းခြောက်များ ကျစရာရှိသဖြင့် ထီးဆောင်းခြင်းပြုပါသည်။ ထို့ပြင် ကုန်းပေါ်၌ ဆူးငြောင့်ရှိလျှင် မြင်နိုင်သည်။ ရေထဲ၌ကား ငါးရိုးစသော ဆူးငြောင့်များရှိလျှင် မမြင်နိုင်။ စူးမည်ကို စိုးရိမ်ရသဖြင့် ဖိနပ်စီးခြင်း ပြုပါသည်" ဟူ၍ ပြန်ပြောသည်။ မဟောသဓာလည်း အလွန်နှစ်သက်သွားလေသည်။ ဆက်လက်သွားကြရာ လမ်းဘေးတစ်နေရာ၌ ဆီးပင်တစ်ပင်ကို တွေ့သည်။ အမရာသည် ဆီးသီး တက်ခူးသောအခါ မဟောသဓာက တောင်းသည်။ အမရာက-
"အရှင်၊ ဆီးသီးအပူကို စားလိုသလော၊ ဆီးသီးအအေးကို စားလိုသလော" ဟု ပညာစမ်း၍ မေးသည်။ မဟောသဓာက-
"နှမ၊ ဆီးသီးပူကို စားလိုပါသည်" ဟုဆိုသည်။ အမရာလည်း ဆီးသီးကို ဆွတ်ယူပြီးလျှင် သဲပူထဲသို့ ချပေးသည်။ မဟောသဓာလည်း ထိုဆီးသီးကို စားပြီးလျှင်-
"နှမ၊ ဆီးသီးအေးကို စားလိုသည်" ဟု ဆိုသည်။ အမရာလည်း ဆီးသီးကို ဆွတ်ယူပြီးလျှင် မြက်တောထဲသို့ ချပေးသည်။ မဟောသဓာလည်း 'ဤမိန်းမကား အလွန်ပညာရှိပေသည်' ဟူ၍ ကျေနပ်နှစ်သက်မိသည်။

ခရီးဆက်ကြရာ မိထိလာမြို့သို့ ရောက်လာကြသည်။ မဟောသဓာသည် အမရာ၏ စိတ်ကို စမ်းလိုသဖြင့် မိမိအိမ်သို့ ခေါ်မသွားသေး။ တံခါးမှူးအိမ်မှာပင် ထားသည်။ တံခါးမှူး၏ မိန်းမထံ အပ်နှံထားပြီးလျှင် တစ်ဦးတည်းပင် အိမ်သို့ ပြန်လာခဲ့သည်။

အိမ်သို့ရောက်သော် လုလင်ပျို မင်းချင်းတို့ကို ခေါ်သည်။ "ငါသည် တံခါးမှူးအိမ်၌ အမျိုးသမီး တစ်ယောက်ကို ထားခဲ့သည်။ အသပြာ တစ်ထောင်ထုပ်ကို ယူသွား၍ ထိုအမျိုးသမီး၏ စိတ်ကို စမ်းကြချေ" ဟူ၍ စေလိုက်သည်။

မင်းချင်းတို့သည် အမရာထံ သွားကြသည်။ အမရာအား အသပြာတစ်ထောင်ထုပ်ကို ပေးလျက် ဘုရင့်သားတော်က အလိုရှိသဖြင့် လိုက်ခဲ့ရန် ပြောဆို စုံစမ်းကြသည်။ အမရာသည် အသပြာ ထောင်ထုပ်ကို လုံးဝလက်မခံ။ "မောင်ကြီးတို့၊ ဤအသပြာ တထောင်သည် ကျွန်ုပ်လင်၏ ခြေဖဝါး၌ ကပ်သော မြူမှုန်မျှလောက် အဖိုးမထိုက်။ အခြားနေရာမှာသာ နှစ်သက်ရာ အမျိုးသမီးကို ရှာပါ။ ကျွန်ုပ်ကား လွတ်လပ်သူမဟုတ်" ဟူ၍ ငြင်းဆိုလိုက်သည်။

လုလင်ပျို မင်းချင်းတို့သည် ဤနည်းအတိုင်း သုံးကြိမ်ဖြားယောင်းကြသည်။ အမရာကလည်း သုံးကြိမ်လုံးပင် ငြင်းပယ်လိုက်သည်။

နောက်ဆုံး၌ မဟောသဓာက မင်းချင်းတို့အား "အသာအယာ ပြောမရလျှင် အတင်းဆွဲခေါ်ခဲ့ကြ" ဟု စေခိုင်းသည်။ လုလင်ပျိုတို့လည်း စေခိုင်းသည့်အတိုင်း အမရာကို ဆွဲခေါ်လာကြသည်။

မဟောသဓာသည် ဘုရင့်သားတော် အသွင်ဝတ်ဆင်လျက် ခမ်းနားသော အိမ်ကြီးပေါ်တွင် အခြံအရံတို့ဖြင့် နေထိုင်လျက်ရှိသည်။ ထို့ကြောင့် အမရာသည် မဟောသဓာကို မမှတ်မိ။ ဘုရင့်သားတော် တစ်ပါးဟုပင် မှတ်ထင်သည်။ မဟောသဓာကို ကြည့်လျက် ရှေးဦးစွာ ပြုံးရယ်၏။ ထို့နောက် ငို၏။

မဟောသဓာက အကျိုးအကြောင်းမေးသောအခါ အမရာက "အရှင့်သား၏ စည်းစိမ် ချမ်းသာကို ကြည့်ပြီး ဤစည်းစိမ်ချမ်းသာကို အကြောင်းမဲ့ ရသည်မဟုတ်။ ရှေးကုသိုလ်ကံ အကျိုးပေး ကောင်းသောကြောင့် ရခြင်းဖြစ်သည်ဟု အားရဝမ်းမြောက် ဖြစ်မိပါသည်။ ထို့ကြောင့် ပြုံးရယ်မိပါသည်။ ထိုသို့ ပြုံးရယ်ပြီးနောက် ငိုမိသည်မှာ အရှင့်သားသည် ယခု ကာမပိုင် လင်ယောက်ျား ရှိသည့် မိန်းမကို ပြစ်မှားတော့မည် ဖြစ်၍ သေလျှင် ငရဲသို့ လားရတော့မည့်အဖြစ်ကို ကရုဏာသက်မိသောကြောင့် ငိုပါသည်" ဟု ဆိုလေသည်။

မဟောသဓာသည် အမရာ၏ တည်ကြည်သောစိတ်နှင့် မွန်မြတ်သော နှလုံးသားကို သိသွားသည်။ ချက်ချင်းပင် တံခါးမှူးအိမ်သို့ ပြန်ပို့ခိုင်းလိုက်သည်။ ထို့နောက် အပ်ချုပ်သမားအသွင် ဆောင်ကာ တံခါးမှူးအိမ်သို့ သွားသည်။ ထိုညတွင် အမရာနှင့်အတူ အိပ်လေသည်။

နောက်တစ်နေ့တွင် မဟောသဓာသည် ဥဒုမ္ဗရဒေဝီကို မိမိအတွက် မိမိကိုယ်တိုင်ပင် သတို့သမီး ရှာဖွေခေါ်ယူလာပြီဖြစ်ကြောင်း လျှောက်ထားသည်။ မိဖုရားလည်း မင်းကြီးအား လျှောက်ကြားသည်။ ထို့နောက် အမရာကို အဆောင်အယောင် အခမ်းအနားဖြင့် ခေါ်ဆောင်၍ မဟောသဓာနှင့် လက်ထပ်ပေးသည်။ ထိုအခါတွင်မှ အမရာသည် မိမိခင်ပွန်းမှာ သာမန်လူ မဟုတ်။ မင်းနှင့်မိဖုရားတို့က သားတော်အဖြစ် ချီးမြှောက်ထားသော မဟောသဓာ သုခမိန်ဖြစ်ကြောင်း သိရှိရလေတော့သည်။

လက်ထပ်ပွဲတွင် မင်းကြီးသည် မဟောသဓာကို အသပြာတစ်ထောင်တန်သော လက်ဆောင်ပစ္စည်းများ ပေးတော်မူသည်။ တံခါးမှူးစသော မြို့သူမြို့သားများကလည်း လက်ဆောင်များ ပေးပို့ကြသည်။ အမရာသည် မင်းကြီးပေးသော လက်ဆောင်ပစ္စည်းကို တစ်ဝက်ခွဲ၍ မင်းကြီးအား ပြန်လည်ဆက်သသည်။ အလားတူပင် မြို့သူမြို့သားများ ပေးသော လက်ဆောင်များကိုလည်း တစ်ဝက်ခွဲကာ လက်ဆောင်တုံ့ပြန်လေသည်။ ထိုနေ့မှစ၍ အမရာသည် မဟောသဓာနှင့် စိတ်တူ ကိုယ်တူ ပေါင်းသင်းနေထိုင်လေသည်။

(မဟောသဓာအပိုင်း- ၁၈ "အမရာ၏ စွမ်းရည်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၆

အမရာဒေဝီ ရှာခန်း

မဟောသဓာ အသက် ၁၆-နှစ်သို့ ရောက်သောအခါ ဥဒုမ္ဗရဒေဝီသည် အကြံဖြစ်၏။ "ငါ့မောင် မဟောသဓာသည် ယခု အရွယ်ရောက်ပြီ။ ဥစ္စာစည်းစိမ်တို့လည်း များစွာရှိနေသည်။ စောင့်ရှောက် ထိန်းသိမ်းမည့်သူ မရှိသေး။ ထိုက်တန်သော သတို့သမီးနှင့် ထိမ်းမြားရသော် သင့်မည်"


ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားတိုင်ပင်၏။ မင်းကြီးလည်း သဘောတူသဖြင့် မိဖုရားသည် မဟောသဓာအား အကျိုးအကြောင်း ပြောပြ၏။

ထိုအခါ မဟောသဓာက 'မင်းနှင့် မိဖုရားတို့ ရှာပေးသော မိန်းမသည် မိမိစိတ်တိုင်းကျ ဖြစ်ချင်မှဖြစ်မည်။ မိမိစိတ်တိုင်းကျ မိန်းမကို ရှာဖွေစုံစမ်းယူမည်' ဟု ကြံ၏။ မိဖုရားအား "အရှင် မိဖုရား၊ သုံးလေးရက် ခွင့်ပေးတော်မူပါ။ အကျွန်ုပ်စိတ်တိုင်းကျ နှစ်သက်သော မိန်းမကို ရှာဖွေပြီး တွေ့သောအခါ ပြောပါမည်" ဟု ဆို၏။ မိဖုရားကလည်း "ငါ့မောင် စိတ်တိုင်းကျ မိန်းမကိုရှာပါ" ဟု ဆို၏။

မဟောသဓာသည် အိမ်သို့ပြန်၍ အပေါင်းအဖော် သူငယ်တို့အား အကျိုးအကြောင်း ပြောပြသည်။ မိမိကိုယ်စား မင်းရေးမင်းရာကိစ္စကို လိုအပ်သလို ဆောင်ရွက်ရန် မှာထားသည်။ သူကိုယ်တိုင်ကား မထင်မရှား အပ်ချုပ်သမားအသွင် ဆောင်လျက် မြို့တော်၏ မြောက်တံခါးမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် မြောက်ဘက်ယဝမဇ္ဈဂုံး ရွာကြီး၌ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခဲ့ဖူးသော အထည်ကြီးပျက် လယ်သမားတစ်ဦး ရှိသည်။ ထိုလယ်သမားတွင် အမရာအမည်ရှိ သမီးပျို တစ်ယောက် ရှိသည်။ အမရာသည် လွန်စွာလှပသည်။ ဉာဏ်ပညာနှင့်လည်း အထူးပြည့်စုံသည်။ အမရာသည် သူ့ဖခင် လယ်ထွန်ရာသို့ နေ့စဉ် ထမင်းသွားပို့ရသည်။

မဟောသဓာသည် ထိုရွာသို့ ရောက်သွားရာ အမရာနှင့် လမ်းမှာ ဆုံတွေ့သည်။ အမရာသည် ဖခင်ထံ ယာဂုသွားပို့စဉ် ဆုံမိခြင်းဖြစ်သည်။

မဟောသဓာသည် အမရာကိုမြင်သောအခါ နှစ်သက်မြတ်နိုးမိသည်။ အလားတူပင် အမရာကလည်း မဟောသဓာကို နှစ်သက်မြတ်နိုးမိသည်။ သို့ရာတွင် မဟောသဓာက 'သည်မိန်းမ၌ လင်ယောက်ျား ရှိ မရှိ မသိရသေး။ သိရအောင် ဉာဏ်ထောင်၍ မေးမည်' ဟု ကြံကာ အဝေးကရပ်လျက် လက်ဆုပ်၍ ပြ၏။ အမရာလည်း မဟောသဓာ၏ အကြံကို ရိပ်မိသွားသည်။ လင်မရှိ ဟူသော အထိမ်းအမှတ်ဖြင့် ဉာဏ်ဆောင်လျက်ပင် လက်ဝါးဖြန့်ကာပြ၏။ မဟောသဓာသည် အမျိုးသမီး၌ ခင်ပွန်းလင် မရှိကြောင်း သိရလျှင် အနီးသို့ ကပ်လာကာ မေးမြန်းသည်။

"နှမ၊ သင့်အမည် မည်သို့ ခေါ်သနည်း"
"အရှင်၊ အကျွန်ုပ်၏ အမည်ကား ဖြစ်ဆဲ၊ ဖြစ်လတ္တံ့၊ ဖြစ်ပြီး ဟူသော ကာလသုံးပါး၌ မရှိသော အမည်ကို ဆိုပါသည်"

ဤတွင် မဟောသဓာက ကာလသုံးပါး၌ မရှိခြင်းသည် မသေသူဖြစ်ရမည်။ 'မသေ' ဟူသည် 'အမရာ' ပင်ဖြစ်၏ ဟု ကြံဆကာ-
"နှမ၊ သင်၏ အမည်သည် အမရာ မဟုတ်ပါလော"
"ဟုတ်ပါသည် အရှင်"
"နှမ၊ ဤယာဂုကို မည်သူ့ထံ ပို့ဆောင်မည်နည်း"
"အရှင်၊ အိမ်ရှေ့နတ်ထံ ပို့ဆောင်ပါမည်"
"နှမ၊ အိမ်ရှေ့နတ် ဟူသည် သင်၏ အဖကို ဆိုလိုသည် မဟုတ်ပါလော"
"မှန်ပါသည် အရှင်"
"နှမ၊ သင်၏ အဖသည် မည်သည့် အမှုကို ယခု လုပ်ဆောင်ပါသနည်း"
"အရှင်၊ တစ်ယောက်တည်းဖြင့် နှစ်ခုကွဲသော အမှုကို လုပ်ဆောင်ပါသည်"

မဟောသဓာက လယ်ထွန်ခြင်းသည် ထွန်သွားဖြင့် လယ်မြေကို နှစ်ကွဲ ကွဲစေသည်။ လယ်ထွန်ခြင်း ဖြစ်ရမည်ဟု ကြံဆကာ-
"နှမ၊ သင်၏ အဖသည် ယခု လယ်ထွန်ခြင်း အမှုကို ပြုသည် မဟုတ်ပါလော"
"မှန်ပါသည်"
"နှမ၊ သင်၏အဖ ယခု ဘယ်အရပ်၌ လယ်လုပ်ပါသနည်း"
"အရှင်၊ အကျွန်ုပ်၏အဖသည် ထိုအရပ်သို့ တစ်ကြိမ်ရောက်သောသူတို့ တစ်ခေါက်တစ်ဖန် မပြန်လာကြရသော အရပ်၌ လယ်လုပ်ပါသည်"
"သင်၏ အဖသည် သင်္ချိုင်းကုန်း၌ လယ်လုပ်သည် မဟုတ်လော"
"မှန်ပါသည်"
"နှမ၊ ယနေ့အိမ်သို့ သင်ပြန်လာမည်လော"
"အရှင်၊ လာလျှင် အကျွန်ုပ် မလာရ၊ မလာလျှင် အကျွန်ုပ် လာရပါအံ့"

မဟောသဓာက ချောင်းတစ်ဖက်၌ အမရာ၏ ဖခင် လယ်ထွန်နေရာသည်။ မိုးရွာ၍ ချောင်းရေ စီးလာလျှင် မပြန်နိုင်၊ ချောင်းရေ မလာမှ ပြန်နိုင်မည်ကို ရည်ရွယ်ပြောခြင်းဖြစ်မည် ဟု ကြံဆ သိလိုက်သည်။ ထို့ကြောင့်-
"နှမ၊ သင်၏အဖသည် ချောင်းတစ်ဖက်၌ လယ်လုပ်သည် မဟုတ်ပါလော"
"ဟုတ်ပါသည်"

ထို့နောက် အမရာက မဟောသဓာအား "ယာဂု တိုက်ကျွေးလိုပါသည်။ အရှင် သုံးဆောင်တော်မူပါမည်လော" ဟု ဆိုသည်။ မဟောသဓာက လာဘ်ဦးကို မပယ်ကောင်းဟု တွေးကာ- "သောက်ပါမည်" ဟု ဆိုသည်။ အမရာသည် ခွက်ကို သန့်ရှင်းစွာ ဆေးကြောပြီးလျှင် ထည့်ပေးသည်။ ယာဂုကား အနည်းငယ်ပျစ်၏။ မဟောသဓာက "နှမ၊ ယာဂုပျစ်လှပါတကား" ဟုဆို၏။ အမရာက "ရေရှားသောကြောင့် ယာဂုပျစ်ပါသည်" ဟု ဆို၏။ မဟောသဓာက "နှမ ဖခင်လယ်၌ ရေမအောင်ထင်သည်" ဟု ဆိုသည်။ အမရာက "ဟုတ်ပါသည်" ဟု ဆို၏။

ယာဂုသောက်ပြီးသောအခါ မဟောသဓာက "နှမ၊ ငါသည် သင်၏ အိမ်သို့ သွားနှင့်လိုပါသည်။ ငါ့အား လမ်းညွှန်ပါ" ဟု ဆို၏။

အမရာလည်း ဉာဏ်ကစား၍ ညွှန်လိုက်သည်။ မဟောသဓာကလည်း ဉာဏ်ဖြင့် ဖြေရှင်း၍ ရောက်အောင် သွားလေသည်။

မဟောသဓာရောက်လာသော် အမရာ၏ မိခင်သည် နေရာကောင်းစွာပေးသည်။ ထို့နောက် ယာဂုတိုက်မည်ပြုသည်။ မဟောသဓာက "အမရာ တိုက်သဖြင့် သောက်ခဲ့ပြီးပါပြီ" ဟု ဆို၏။ ထိုအခါ အမရာ၏ မိခင်သည် သမီးအတွက် လာခြင်းဖြစ်သည်ကို ရိပ်မိလေသည်။

မဟောသဓာက-
"မိခင်၊ ကျွန်ုပ်သည် အပ်ချုပ်သမား ဖြစ်ပါသည်။ ချုပ်ရန် အဝတ်များ ရှိပါသလော" ဟု မေး၏။
"ချစ်သား၊ ချုပ်စရာ အဝတ်ကား ရှိပါသည်။ သို့သော် ချုပ်ခပေးစရာ မရှိပါ"
"မိခင်၊ မိခင်တို့အတွက် ချုပ်ခမယူပါ၊။ ချုပ်စရာ အဝတ်များကိုသာ ယူခဲ့ပါ"

အမရာ၏ မိခင်သည်လည်း အဝတ်ဟောင်းများကို ယူ၍ပေးသည်။ မဟောသဓာသည် ပေးသမျှ အဝတ်များကို ခဏချင်း အပြီးချုပ်ပေးသည်။ အမရာ၏ မိခင်က ပြောသဖြင့် အခြားအိမ်များကလည်း လာ၍ အဝတ်ချုပ်ခိုင်းကြသည်။ မဟောသဓာကလည်း ပေးသမျှကို တစ်နေ့တည်းဖြင့် အပြီးချုပ်ပေးသည်။ ချုပ်ခတစ်ထောင်ရရှိသည်။

အမရာ၏ မိခင်လည်း မဟောသဓာကို နံနက်စာ ထမင်းချက်ကျွေးသည်။ ညစာအတွက်လည်း ကျွေးရန် ဟင်းကောင်းများ ချက်ပြုတ်စီမံထားသည်။

ညနေချမ်းအချိန်သို့ ရောက်သောအခါ အမရာသည် လယ်တောမှ ပြန်လာသည်။ သူမသည် ထင်းစီးကို ဦးခေါင်း၌ ရွက်လျက်၊ ဟင်းရွက်ကို တဘက်မြိတ်ဖြင့် ပိုက်လျက် ပြန်ရောက်လာသည်။ ထို့နောက် သူမ၏ ဖခင်လည်း ရောက်လာလေသည်။ သူမလည်း မဟောသဓာအား ကောင်းမြတ်သော ဟင်းတို့ဖြင့် ညစာထမင်း ကျွေးမွေးသည်။

မဟောသဓာသည် အမရာ၏ အမူအရာ အလေ့အကျင့်ကို အကဲခပ်ရန်အတွက် ထိုအိမ်၌ နှစ်ရက်၊ သုံးရက်ခန့် နေထိုင်သည်။

တစ်နေ့တွင် မဟောသဓာက အမရာအား ပညာစမ်းလိုသဖြင့် ဆန်တစ်ခွက်ပေးသည်။ "နှမ၊ မုန့်ကြွပ်၊ ယာဂု၊ ထမင်း၊ ဤသုံးမျိုး ရအောင်ချက်၍ ပေးပါ" ဟု ဆို၏။

အမရာလည်း "ကောင်းပါပြီ" ဆိုကာ ထိုဆန်ကို ဆုံ၌ ဖြူစင်အောင် ဖွပ်သည်။ ထို့နောက် ဆန်ရင်းကို ထမင်းချက်သည်။ ဆန်လတ်ကို ယာဂု ကျိုသည်။ ဆန်ကွဲကို ဆုံ၌ ထောင်း၍ မုန့်ကြွပ် လုပ်သည်။ တစ်မျိုးစီကို မဟောသဓာအား ကျွေးသည်။ အားလုံးကောင်းလှသည်။ အရသာ ရှိလှသည်။ သို့သော်လည်း မဟောသဓာသည် အမရာ၏ စိတ်ကို စမ်းလိုသဖြင့် စိတ်ဆိုးဟန် ပြုသည်။ "ထွီ" ဟု ဆို၍ သွန်ပစ်လိုက်သည်။ အမရာကား စိတ်မဆိုးချေ။

မဟောသဓာက "သင်သည် ငါ့ဆန်ကို ဖျက်ဆီးပစ်ပြီ" ဆိုကာ သုံးမျိုးလုံးကို ရောနယ်သည်။ ထို့နောက် အမရာ၏ ဦးခေါင်းက လောင်းချလိုက်သည်။ "တံခါးမှာ သွားထိုင်နေချေ" ဟု လည်းမာန်မဲလွှတ်လိုက်သည်။ အမရာက စိတ်မဆိုး။ "ကောင်းပါပြီအရှင်" ဟုဆိုကာ တံခါး၌ သွားထိုင်နေလေသည်။

မဟောသဓာသည် 'ဤမိန်းမကား အမျက်စောင်မာန်မရှိ။ မိန်းမမြတ်ပေတည်း' ဟု သိရှိသွားသည်။ "နှမ၊ လာလှည့်" ဟု ခေါ်သည်။

အမရာလည်း ရိုသေစွာ လာ၍ အနီး၌နေသည်။ မဟောသဓာသည် မိမိအိမ်မှ ယူဆောင်လာသည့် မိန်းမဝတ်ထဘီကို ကွမ်းအစ်ထည့်သော အိတ်ထဲမှထုတ်၍ အမရာအား ပေးသည်။ "ရေချိုးပြီး ဝတ်လာခဲ့ပါ" ဟု ဆို၏။ အမရာလည်း မဟောသဓာပြောသည့်အတိုင်း ဝတ်လာ၏။

မဟောသဓာသည် အဝတ်ချုပ်၍ ရသော ငွေတစ်ထောင်နှင့် မိမိအိမ်မှ ယူဆောင်လာသော ငွေတစ်ထောင်၊ ပေါင်းနှစ်ထောင်ကို အမရာ၏ မိဘများအားပေးသည်။ အမရာကို ကောင်းစွာ ပေါင်းသင်း နေထိုင်မည်ဖြစ်ကြောင်း ကတိပေး၍ တောင်းရမ်းသည်။ မိဘတို့လည်း အကြည်အသာ လက်ခံကြသည်။ မဟောသဓာလည်း အမရာကို ခေါ်၍ မြို့သို့ ပြန်လာခဲ့လေသည်။

(မဟောသဓာအပိုင်း- ၁၇ "အမရာဒေဝီကို ဆောင်ယူခြင်း" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၅

ပညာရှင်နှင့် ဥစ္စာရှင်

တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် သုခမိန် ၅-ယောက်တို့ကို ပြဿနာတစ်ရပ် မေးမြန်းသည်။

ရှေးဦးစွာ သိန်းအမတ်ကြီးအား "ဆရာအမတ်ကြီး၊ ဤလောက၌ နှစ်ယောက်သောသူတို့တွင် တစ်ယောက်မှာ ပညာရှိ၏။ စည်းစိမ်ဥစ္စာကား မရှိ။ တစ်ယောက်သောသူမှာ စည်းစိမ်ဥစ္စာ ရှိ၏။ ပညာကား မရှိ။ ထိုသူနှစ်ယောက်တို့တွင် အဘယ်သူကို မြတ်သည်ဟု ဆိုမည်နည်း" ဟု မင်းကြီးက မေးမြန်း၏။

သိန်းအမတ်သည် စည်းစိမ်ရှင် မှူးမတ်နွယ်ဖြစ်သောကြောင့် စည်းစိမ်ဥစ္စာ ရှိသူဘက်ကို လိုက်၍ ဖြေဆို၏။
"အရှင်မင်းကြီး၊ လောက၌ ပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတို့ကို တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ အမျိုး မြတ်သည်ဖြစ်စေ၊ မမြတ်သည်ဖြစ်စေ ထိုသူအားလုံးသည် စည်းစိမ်ဥစ္စာရှိသူ၏ အစေအပါးသာ ဖြစ်ပါသည်။ ထို့ကြောင့် ပညာရှိသူထက် စည်းစိမ်ဥစ္စာ ရှိသူက မြတ်ပါသည်" ဟူ၍ ဖြေကြား၏။

ထိုအခါ မင်းကြီးသည် အခြားသုခမိန်တို့ကို မမေးတော့ဘဲ မဟောသဓာကိုသာလျှင် "မဟောသဓာ သုခမိန်၊ အသင် မည်သို့ ယူဆပါသနည်း" ဟု မေးတော်မူ၏။

မဟောသဓာက "အရှင်မင်းကြီး၊ ပညာမဲ့သူသည် လောက၌ စည်းစိမ်ဥစ္စာသာလျှင် မြတ်သည်ဟု မှတ်ထင်သည်ဖြစ်၍ မကောင်းမှုကို ပြုတတ်သည်။ ဤဘဝအရေးကိုသာ ကြည့်၍ နောင်သံသရာအရေးကို မကြည့်တတ်ပါ။ ထို့ကြောင့် သေလွန်သောအခါ အပါယ်သို့ လားရပါသည်။ တစ်ဖန် အပါယ်မှ လွတ်သောအခါ၌လည်း ယုတ်ညံ့သောအမျိုး၌ ဖြစ်ရပါသည်။ နှစ်ဘဝလုံး အရှုံးချည်း ဖြစ်ရပါသည်။ ထို့ကြောင့်စည်းစိမ်ဥစ္စာရှိသူထက် ပညာရှိသူကသာ မြတ်သည်ဟု အကျွန်ုပ် ယူဆပါသည်" ဟုဖြေ၏။

ဤတွင် သိန်းအမတ်ကြီးက စည်းစိမ်ဥစ္စာ ရှိသူသာလျှင် မြတ်ကြောင်း၊ နေပြည်တော်ရှိ ရုပ်အဆင်းအင်္ဂါ မလှပသော၊ ပါးစောင်နှစ်ဖက်မှ ရွံရှာဖွယ် အရိအရွဲများ ယိုကျတတ်သော ဂေါဝိန္ဒ သူဌေးကြီးကို ကိုးကားပြောဆို၏။

မဟောသဓာကမူ "စည်းစိမ်ဥစ္စာ ရှိသောသူသည် ဆင်းရဲ ဒုက္ခနှင့် ကြုံတွေ့လျှင် အလွန်တွေဝေတတ်၏။ သဲပူတွင်ထားသော ငါးကဲ့သို့ တုန်လှုပ်တတ်၏။ ပညာနှင့် မထိန်းတတ်။ ထို့ကြောင့် စည်းစိမ်ရှိသောသူထက် ပညာရှိသောသူက မြတ်ပါသည်" ဟုသာဆို၏။

ဤသို့လျှင် သိန်းအမတ်နှင့် မဟောသဓာတို့သည် အပြန်အလှန် အမျိုးမျိုး အဖုံဖုံ တင်ပြလျှောက်ထားကြ၏။ မိမိတို့ အဆိုအမိန့် မှန်ကန်ကြောင်းကိုလည်း ဥပမာအမျိုးမျိုးဖြင့် ကိုးကား တင်ပြကြ၏။

နောက်ဆုံးတွင် သိန်းအမတ်သည် မဟောသဓာ နောက်ထပ် မချေပနိုင်အောင် ဆိုမည်ဟု ကြံလျက်-
"အရှင်မင်းကြီး၊ ကျွန်ုပ်တို့ ၅-ယောက်လုံးသည် ပညာရှိသုခမိန်များ ဖြစ်ကြပါသည်။ သို့သော်လည်း သိကြားမင်းကြီးပမာ စည်းစိမ်ရှင်ဖြစ်သော အရှင်မင်းကြီးကို ရှိခိုးခစားရပါသည်။ ထို့ကြောင့် ပညာရှိသူထက် စည်းစိမ်ဥစ္စာရှိသူက ပို၍ မြတ်ပါသည်" ဟု လျှောက်ထား၏။

သိန်းအမတ်၏ လျှောက်တင်ချက်မှာ ချေဖျက်ရန် မလွယ်ပေ။ မင်းကြီးလည်း မဟောသဓာ ချေပနိုင်တော့မည် မဟုတ်ဟု တွေးကာ "မဟောသဓာ၊ အသို့နည်း" ဟု မေးတော်မူ၏။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး၊ ပညာမရှိသော စည်းစိမ်ရှင်သည် အကြောင်းကြီးငယ် ပေါ်ပေါက်သောအခါ ပညာရှိသောသူကိုသာလျှင် အားကိုး ဆည်းကပ်ရပါသည်။ ထိုအခါ ပညာရှိကသာလျှင် အကြောင်းကြီးငယ် အမှုအခင်းတို့ကို လွယ်ကူစွာ ဖြေရှင်းပေးနိုင်ပါသည်။ ထို့ကြောင့် စည်းစိမ်ရှိသောသူထက် ပညာရှိသောသူကသာ မြတ်ပါသည်" ဟု လျှောက်တင်၏။

ထိုအခါ သိန်းအမတ်သည် ထပ်မံမချေပနိုင်။ မှိုင်တွေ၍သာ နေရ၏။ မဟောသဓာသည် ပညာရှိ မြတ်ကြောင်းကို ထပ်လောင်း၍ ချီးကျူးပြောဆိုပြန်သည်။

"အရှင်မင်းကြီး၊ စင်စစ်အားဖြင့် ဘုရား အစရှိသော သူတော်ကောင်းတို့သည် ပညာကိုသာလျှင် ချီးမွမ်းတော်မူကြပါသည်။ လောကသုံးပါး၌ အမြတ်တကာတို့၏ အမြတ်ဆုံးမှာ သဗ္ဗညုတ ဉာဏ်တော်ရသော ပညာရှင် မြတ်စွာဘုရားသာလျှင် ဖြစ်ပါသည်။ စည်းစိမ်ရှင်များ အားလုံးသည် ပညာရှင်ဖြစ်သော မြတ်စွာဘုရားကို ရှိခိုးဦးခိုက်ကြရပါသည်" ဟု လျှောက်တင်၏။

မင်းကြီးသည် မဟောသဓာ၏ ဖြေဆိုချက်ကို နှစ်သက်လှသဖြင့် နို့စားနွားမတစ်ထောင်၊ ဆင်တစ်စီး၊ အာဇာနည်မြင်းလေးကောင် ကသော ရထားဆယ်စီး၊ ရွာကြီး ၁၆-ရွာ တို့ကို ဆုပေးတော်မူလေသည်။

(မဟောသဓာအပိုင်း- ၁၆ "အမရာဒေဝီ ရှာခန်း" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၄

ဆိတ်နှင့်ခွေး
တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် နံနက်စာ ပွဲတော်တည်၏။ ထို့နောက် နန်းတော်ဆောင်၌ လမ်းလျှောက်ရင်း ပြတင်းပေါက်၌ ခေတ္တရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ဆိတ်နှင့်ခွေးတို့ သင့်မြတ်စွာ အဆွေ ခင်ပွန်းဖွဲ့နေကြသည်ကို အံ့ဖွယ် မြင်တွေ့ရသည်။

စင်စစ် ဆိတ်နှင့်ခွေးတို့သည် မသင့်မြတ်ကြ။ ရန်ဘက်ဖြစ်ကြသည်။ သို့ရာတွင် တစ်နေ့သ၌ ဆိတ်သည် ဆင်တင်းကုပ်သို့ သွား၍ ဆင်စာမြက်ကို စားသည်။ ဆင်ထိန်းသိသသောအခါ ရိုက်လွှတ်လိုက်သည်။ ဆိတ်သည် ပြေးခဲ့ပြီး မင်းကြီး၏ အိမ်တော်နံရံကို မှီ၍ အိပ်နေသည်။ ထိုနေ့မှာပင် ခွေးသည်လည်း စားတော်ကဲအလစ်တွင် စားဖိုအိမ်သို့ဝင်ကာ အမဲဟင်းကို ခိုးစားသည်။ စားတော်ကဲ သိသောအခါ ခွေးကို ရိုက်လွှတ်သည်။ ခွေးလည်း ထွက်ပြေးလာရာ ဆိတ်နေသောနေရာသို့ ရောက်လာသည်။ ဤတွင် အချင်းချင်းစကားဆိုရာမှ အကျိုးအကြောင်း သိသွားသည်။ ထိုအခါ ဆိတ်၏ အကြံပေးချက်အရ ခွေးသည် ဆင်တင်းကုပ်သို့ သွား၏။ ခွေးသည် မြက်စားတတ်သူမဟုတ်သဖြင့် ဆင်ထိန်းက ဘေးမဲ့ပေးထားသည်။ ဤတွင် ခွေးက အလစ်တွင် ဆင်စာမြက်ကို ချီယူလာပြီး ဆိတ်ကိုပေးသည်။ အလားတူပင် ဆိတ်ကလည်း စားဖိုအိမ်သို့ သွားသည်။ ဆိတ်သည် အမဲဟင်း စားတတ်သူ မဟုတ်သဖြင့် စားတော်ကဲက ဘေးမဲ့ ပေးထားပြန်သည်။ ဤတွင် ဆိတ်သည် အလစ်၌ အမဲဟင်းကို ခိုးယူလာပြီး ခွေးကိုပေးသည်။ ဤသို့ဖြင့် ဆိတ်ကလည်း မြက်ကိုစားရသည်။ ခွေးကလည်း အမဲဟင်းကို စားရသည်။ သို့ဖြင့် သူတို့နှစ်ကောင်သည် အဆွေခင်ပွန်း ဖြစ်နေကြလေသည်။

ထိုအကြောင်းကို မင်းကြီးမသိ။ ဆိတ်နှင့်ခွေးတို့ မိတ်ဆွေဖြစ်နေကြသည်ကို အံ့မဆုံးဖြစ်နေသည်။ ဤအကြောင်းကို ပြဿနာလုပ်ပြီး ပညာရှိများကို မေးအံ့ဟု ကြံစည်သည်။ နောက်တစ်နေ့ ညီလာခံတွင်-

"သုခမိန်တို့၊ ဤလောက၌ မည်သည့်အခါကမျှ အဆွေခင်ပွန်း အဖြစ် မပေါင်းသင်းဖူးသော ရန်ဘက် သတ္တဝါ နှစ်ဦးသည် ယခုအခါ အဆွေခင်ပွန်း ဖွဲ့နေကြသည်။ အကြောင်းရင်းကို ငါသိချင်သည်။ ယနေ့ နံနက်စာ စားပြီးချိန်၌ ဖြေကြားရမည်။ မဖြေနိုင်လျှင် တိုင်းပြည်မှ နှင်ထုတ်မည်" ဟု မိန့်တော်မူသည်။

သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ ပက္ကုသ် တည်းဟူသော သုခမိန်ကြီး ၄-ယောက်မှာ မည်သို့မျှ မဖြေနိုင်။ အခက်ကြုံတွေ့နေကြသည်။ မဟောသဓာသုခမိန်မူ တစ်ရက်လောက် အချိန်ရလျှင် အဖြေမှန်ကို ဖော်ထုတ်နိုင်စရာရှိသည်ဟု တွေးပြီးလျှင် သိန်းအမတ်လည်း မဟောသဓာ၏ အလိုကိုသိသဖြင့်-
"အရှင်မင်းကြီး၊ ကျွန်ုပ်တို့ စဉ်းစားပြီးမှ ဖြေဆိုပါမည်။ ကျွန်ုပ်တို့အား ၁-ရက်မျှ အချိန်ပေးတော်မူပါ" ဟု လျှောက်ထား၏။

မင်းကြီးက "ကောင်းပြီ။ ငါ ၁-ရက် အချိန်ပေးမည်။ စဉ်းစားပြီးမှ ဖြေဆိုကြ။ မဖြေနိုင်လျှင် သင်တို့ကို တိုင်းပြည်မှ နှင်ထုတ်မည်" ဟု မိန့်တော်မူသည်။

သုခမိန်း ၅-ယောက်တို့သည်လည်း မင်းကြီးရှေ့မှ ပြန်လာကြသည်။ မဟောသဓာသည် အိမ်သို့မပြန်သေး။ ဥဒုမ္ဗရဒေဝီမိဖုရားကြီးထံသို့ သွား၍ ယမန်နေ့က မင်းကြီးဘယ်အရပ်၌ နေသည်ကို စုံစမ်း၏။ မိဖုရားက- "မင်းကြီးသည် ယမန်နေ့က နန်းတော်အဆောင်၌ စင်္ကြံလျှောက်ရင်း ပြတင်းပေါက်၌ အချိန်တန်ကြာစွာ ရပ်နေသည်" ဟု ဆို၏။ မဟောသဓာလည်း ထိုပြတင်းပေါက်သို့ သွား၍ စုံစမ်းကြည့်ရှု၏။ ထိုအခါ ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့၍ နေသည်ကို တွေ့မြင်သွားသည်။ မင်းကြီးသည် ဤဆိတ်နှင့်ခွေးတို့ကို မြင်သဖြင့် ပြဿနာပြုလုပ်၍ မေးကြောင်း အတပ်သိသွားသည်။ စိတ်လက်ကြည်သာစွာဖြင့် အိမ်သို့ ပြန်ခဲ့သည်။

ပက္ကုသ်အမတ်၊ ကာမိန်းအမတ်၊ ဒေဝိန်းအမတ်တို့မူ မည်သို့မျှ မကြံတတ်သဖြင့် သိန်းအမတ်ကြီးအိမ်သို့ သွားကြသည်။ အကြံတောင်းကြသည်။ သိန်းအမတ်ကြီးလည်း မတတ်နိုင်။ နောက်ဆုံးတွင် မဟောသဓာသည် သူတို့ထက် အသိဉာဏ်ကျယ်သူ ဖြစ်သည်ဟုဆိုကာ အားကိုးတကြီးဖြင့် မဟောသဓာထံ သွားကြလေသည်။

မဟောသဓာလည်း ပညာရှိရုံမက သဘောထားကြီး၍ စိတ်ထားမြင့်မြတ်သူ ဖြစ်သည်။ 'ဤသူတို့ကို ငါမကယ်ပါက ၄-ယောက်လုံးပင် ပြည်နှင်ဒဏ် ခံရတော့မည်။ သူတို့မရှိပါက ငါသည် မင်းကြီး၏ ချီးမြှောက် ပူဇော်မှုကို ပိုမိုခံရမည်။ သို့ရာတွင် ဤသူ ၄-ယောက်မှာ ပျက်စီးရှာတော့မည်။ သူတို့မပျက်စီးရလေအောင် ငါ ကူမတော့မည်' ဟု ဆိုကာ အဖြေဖြစ်ရုံ တစ်ယောက်တစ်မျိုးစီ သင်ကြားပေးလိုက်သည်။

နောက်တစ်နေ့ ညီလာခံတွင် မင်းကြီးကမေးသောအခါ သိန်းအမတ်က "အရှင်မင်းကြီး၊ လူတို့သည် ဆိတ်၏ အသားကို နှစ်သက်စွာ စားကြသည်။ ခွေး၏ အသားကိုကား မစားကြပါ။ ယင်းသို့ အသားချင်း မတူကြပါလျက် ဆိတ်နှင့်ခွေးတို့သည် အဆွေခင်ပွန်း ဖွဲ့ကြသည်ဖြစ်ရာ၏" ဟု ဖြေဆိုသည်။

ပက္ကုသ်အမတ်က "အရှင်မင်းကြီး၊ လူတို့သည် ဆိတ်၏အရေကို မြင်းကုန်းနှီးလုပ်ကြ၏။ ခွေး၏ အရေကိုကား မြင်းကုန်းနှီးမလုပ်ကြပါ။ ယင်းသို့ အရေခြင်း မတူကြပါလျက် ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့သည်ဖြစ်ရာ၏" ဟု ဖြေဆို၏။

ကာမိန်းအမတ်က "အရှင်မင်းကြီး၊ ဆိတ်သည် ကောက်လိမ်သော ဦးချိုရှိ၏။ ခွေးကား ဦးချိုမရှိပါ။ ထို့ပြင် ဆိတ်သည် မြက်ကိုသာစား၏။ ခွေးကား အသားကို စားပါသည်။ ယင်းသို့ မတူပါလျက် ဆိတ်နှင့်ခွေးတို့ အဆွေခင်ပွန်း ဖွဲ့သည်ဖြစ်ရာ၏" ဟု ဖြေဆိုသည်။

ဒေဝိန်းအမတ်က "အရှင်မင်းကြီး၊ ဆိတ်သည် မြက်သစ်ရွက်ကို စား၏။ သူတစ်ပါးကို ဖမ်းယူ၍ မစား။ ခွေးကား မြက်သစ်ရွက်ကို မစား။ ယုန်၊ ကြောင်စသည်တို့ကို ဖမ်း၍စားတတ်၏။ ယင်းသို့ မတူပါလျက် ဆိတ်နှင့်ခွေးတို့သည် အဆွေခင်ပွန်း ဖွဲ့ကြသည် ဖြစ်ရာ၏" ဟု ဖြေဆိုလေသည်။

သုခမိန် ၄-ယောက်တို့သည် မဟောသဓာ နှုတ်တိုက်သင်ပေးလိုက်သည့်အတိုင်း ရွတ်ဆို လျှောက်တင်ခြင်းသာ ဖြစ်သည်။ အနက် အဓိပ္ပာယ်ကိုကား မသိကြချေ။ သို့ရာတွင် မင်းကြီးကမူ သုခမိန်တို့သည် အနက်အဓိပ္ပာယ်ကို သသောကြောင့် ဖြေဆိုနိုင်ကြခြင်း ဖြစ်သည်ဟု မှတ်ထင်လေသည်။

ထို့နောက် မဟောသဓာကိုမေးရာ မဟောသဓာက "အရှင်မင်းကြီး၊ ဆိတ်သည် ခွေးအတွက် စဖိုအိမ်မှ အမဲကို အမှတ်မဲ့ ယူဆောင်ပေးသည်။ ခွေးကလည်း ဆိတ်အတွက် ဆင်တင်းကုပ်မှ မြက်ကို အမှတ်မဲ့ ယူဆောင်ပေးသည်။ ဤသို့ ဆိတ်နှင့်ခွေး အချင်းချင်း တစ်ဦးအစာ တစ်ဦး ယူဆောင်ပေးကာ အဆွေခင်ပွန်း ဖွဲ့ကြသည်ကို မင်းကြီး မြင်တော်မူခြင်း ဖြစ်ရာသည်" ဟု လျှောက်၏။

မင်းကြီးလည်း အလွန်နှစ်သက်ရသဖြင့် သုခမိန် ၅-ယောက်အား အဿတိုရ်မြင်းကသောရထား တစ်စီးစီ၊ ၇ွာတစ်ရွာစီ ချီးမြှင့်လေသည်။

သုခမိန် ၄-ယောက်တို့သည် မိမိတို့အစွမ်းဖြင့် သိသည်မဟုတ်၊ မဟောသဓာ သင်ပေးသောကြောင့်သာ ဖြေဆိုနိုင်ခြင်းဖြစ်သည်ကို ဥဒုမ္ဗရဒေဝီ သိသည်။ ထို့ကြောင့် မင်းကြီးက ညီတူညီမျှ ချီးမြှောက်သည်ကို မကျေနပ်။ ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက ချီးမြှောက်ပြီးဖြစ်၍ မပြင်သာပြီ။ နောက်တစ်ကြိမ် ပြဿနာအသစ်တစ်ခု မေးပြီး မဟောသဓာကို ထိုက်တန်အောင် ချီးမြှင့်ရတော့မည်ဟု ဆိုလေ၏။

(မဟောသဓာဇာတ် အပိုင်း- ၁၅ ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၁၃

ပိင်္ဂုတ္တရလုလင်

တစ်ခါသော် မိထိလာပြည်မှ ပိင်္ဂုတ္တရအမည်ရှိသော လုလင်ပျိုတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ သွား၍ ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားသည်။ ပညာတတ်မြောက်၍ ပြန်မည်ပြုသောအခါ ဒိသာပါမောက္ခ ဆရာကြီးက သမီးနှင့် ထိမ်းမြားပေးလေသည်။


ဆရာကြီး၏ သမီးကား ရုပ်ဆင်းအင်္ဂါလည်း လှပချောမောသည်။ ဘုန်းကျက်သရေနှင့် ပြည့်စုံသော မိန်းမမြတ်လည်း ဖြစ်သည်။ ပိင်္ဂုတ္တရလုလင်ကား ဘုန်းမဲ့သူဖြစ်သည်။ ဆရာ့သြဇာကို မလွန်ဆန်နိုင်သဖြင့်သာ လက်ခံလိုက်ရသည်။ ဆရာ့သမီးကို တပ်မက်နှစ်သက်သောစိတ် မရှိချေ။ ထိမ်းမြားပြီးနောက် ဆရာ့အိမ်တွင် ၇-ရက်လည်အောင် နေစဉ် သတိုးသမီးနှင့် ယှဉ်၍ပင် မအိပ်နိုင်။ သတို့သမီးက အိပ်ရာခုတင်ပေါ်၌ အိပ်၍ သူက အောက်တွင် ဆင်းအိပ်လေသည်။

၇-ရက်လည်သော် ထုံးစံအတိုင်းပင် လုလင်သည် သတို့သမီးကို ခေါ်၍ မိထိလာပြည်သို့ ပြန်လာခဲ့သည်။ လမ်းခရီး၌ မေးထူးခေါ်ပြောပင် မလုပ်ဘဲ လာခဲ့ကြသည်။ မိထိလာပြည်နှင့် မနီးမဝေးအရပ်သို့ ရောက်သောအခါ ရေသဖန်းပင်တစ်ပင်ကို တွေ့သဖြင့် လုလင်သည် အပင်ပေါ်သို့တက်သည်။ သဖန်းသီးကို ခူးစားသည်။ သတို့သမီးက မိမိအဖို့လည်း သဖန်းသီး ဆွတ်ခူးပေးပါရန် တောင်းသည်။ လုလင်က မပေး။ "သင့်မှာလည်း လက်နှင့်ခြေပါသည်။ သင့်ဘာသာ တက်ခူးပါလော့" ဟု ဆို၏။

သတို့သမီးလည်း သဖန်းပင်ပေါ်သို့ တက်သည်။ ထိုအခါ လုလင်သည် သဖန်းပင်ပေါ်မှ လျင်မြန်စွာ ဆင်းသည်။ သတို့သမီး မဆင်းနိုင်စေရန် အပင်ရင်း၌ ဆူးခက်များ စုပုံပြီးလျှင် ထွက်ပြေးသွားလေသည်။ သတို့သမီးလည်း အပင်ပေါ်မှ ဆင်းမရသဖြင့် အပင်ပေါ်မှာပင် တစ်ကိုယ်တည်း နေရရှာလေသည်။

ဥဒုမ္ဗရဒေဝီ

ထိုအခိုက် ဝိဒေဟရာဇ်မင်းကြီးသည် ဥယျာဉ်ကစားရာမှ ဆင်စီး၍ ပြန်လာသည်။ ထိုသတို့သမီးကို မြင်၍ မေးမြန်းစုံစမ်းသည်။ အကြောင်းစုံကို သိရသောအခါ နန်းတော်သို့ ခေါ်လာခဲ့သည်။ ရေသဖန်းပင်ပေါ်က ရသဖြင့် ဥဒုမ္ဗရဒေဝီ ဟူသော အမည်ကိုပေး၍ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မြှောက်လေသည်။

တစ်နေ့သောအခါ မင်းကြီးသည် ဥဒုမ္ဗရဒေဝီနှင့်အတူ ဥယျာဉ်သို့ ထွက်တော်မူသည်။ ထုံးစံအတိုင်းပင် မင်းကြီး ထွက်တော်မူမည့်လမ်းကို မြို့တံခါးအနီးရှိ ရွာသားများက ရှင်းလင်း လှည်းကျင်းပေးရသည်။ ထိုသူတို့အထဲတွင် ပိင်္ဂုတ္တရ လုလင်လည်း ပါဝင်သည်။

လမ်း ရှင်းလင်း လှည်းကျင်းမပြီးမီပင် မင်းကြီးနှင့် ဥဒုမ္ဗရဒေဝီ မိဖုရားတို့ အတူရထားစီး၍ ထွက်တော်မူလာသည်။ မိဖုရားသည် ခါးတောင်းကျိုက်လျက် ပေါက်တူး တစ်ချောင်းဖြင့် မြေညှိနေသော ပိင်္ဂုတ္တရလုလင်ကို မြင်သွားသည်။ ထိုအခါ ဖြစ်ပျက်ပုံကို တွေး၍ ဣနြေ္ဒမဆည်နိုင်ဘဲ ရယ်မိလေသည်။

မင်းကြီးသည် အမျက်ထွက်လျက် "အဘယ်ကြောင့် ရယ်ရသနည်း" ဟု မေး၏။ မိဖုရားက "လမ်းပြင်နေသော ထိုယောက်ျားမှာ ကျွန်တော်မကို သဖန်းပင်ပေါ်မှ မဆင်းနိုင်အောင် ပြုပြီး ထွက်ပြေးသော ခင်ပွန်းဟောင်း ဖြစ်ပါသည်။ ကျွန်တော်မကဲ့သို့ ဘုန်းကျက်သရေရှိသူကို ဤယောက်ျားညံ့ မဆောင်နိုင်ရှာဟု တွေးမိကာ ရယ်ခြင်းဖြစ်ပါသည်" ဟု လျှောက်တင်သည်။

မင်းကြီးကမယုံ။ "သင် လိမ်ညာ၍ လျှောက်ခြင်းဖြစ်သည်။ အခြား ယောက်ျားတစ်ယောက်ကို မြင်၍ ရယ်ခြင်းဖြစ်မည်။ သင့်ကို သတ်မည်" ဟု ဆိုကာ သန်လျက်ကို ဆွဲလေသည်။ မိဖုရားသည် လွန်စွာကြောက်လှသောကြောင့် "အရှင်မင်းကြီး၊ ကျွန်တော်မ၏ လျှောက်တင်ချက် မှန် မမှန်ကို ပညာရှိ သုခမိန်များအား မေးမြန်းတော်မူပါ" ဟု လျှောက်ထားသည်။

မင်းကြီးလည်း သိန်းအမတ်အား "မိဖုရား လျှောက်တင်ချက်ကို သင်ယုံသလော" ဟု မေးသည်။ သိန်းအမတ်က "ကျွန်တော်မျိုး မယုံပါ၊ ဤမျှလောက် ထူးမြတ်သော မိန်းမရတနာကို အဘယ်ယောက်ျား စွန့်ပစ်မည်နည်း" ဟု ဆို၏။

ထိုအခါ မင်းကြီးက မဟောသဓာကို မေးသည်။ မဟောသဓာက "ဤမိန်းမမြတ်ကို ယောက်ျားက စွန့်ပစ်သွားသည် ဆိုသောစကားကို ကျွန်တော်မျိုး ယုံပါသည်။ ထိုယောက်ျားသည် ဘုန်းမဲ့သူဖြစ်ရမည်။ ဘုန်းမဲ့သောသူသည် ဘုန်းရှိသောသူနှင့်အတူ ဆက်ဆံ၍ မနေနိုင်ပါ" ဟု ဆိုလေသည်။

ဤတွင် မင်းကြီးသည် အမျက်တော်ပြေငြိမ်းသွားသည်။ "ငါ့သား မဟောသဓာကြောင့် မိန်းမမြတ် ဖြစ်သော မိဖုရားရတနာ မဆုံးရှုံးရခြင်းဖြစ်သည်" ဟု ဆိုကာ မဟောသဓာအား အသပြာ တစ်သိန်း ပူဇော်လေသည်။

ဥဒုမ္ဗရဒေဝီလည်း မင်းကြီးကို ရှိခိုးလျက် "အရှင်မင်းကြီး၊ မဟောသဓာကြောင့် ကျွန်တော်မျိုးမ အသက်ရှင်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မဟောသဓာကို မောင်အရာ၌ ထားပါရစေ။ ယနေ့မှစ၍ ကျွန်တော်မျိုးမ စားရသမျှ စားကောင်း သောက်ဖွယ်အချို့ကို မောင်ငယ် မဟောသဓာထံ အချိန်မရွေး အစစ်အဆေး အမေးအမြန်း မရှိ၊ ပို့ခွင့်ပြုတော်မူပါ" ဟု အခွင့်တောင်း၏။ မင်းကြီးကလည်း အခွင်းပေးလိုက်လေသည်။

(မဟောသဓာဇာတ် အပိုင်း- ၁၄) ဆက်တင်ပါမည်

မဟောသဓာဇာတ် အပိုင်း-၁၂

ရေကန်ထဲမှ ပတ္တမြားရောင်

ဝိဒေဟရာဇ်မင်းကြီးထံ၌ မဟော်သဓာသည် သုခမိန်အဖြစ် ခစားနေစဉ် မင်းကြီးတွင် ဆန္ဒတစ်ခု ဖြစ်မိသည်။ မဟောသဓာ၏ ပညာကို မျက်ကွယ်၌သာ ကြားသိရသည်။ မျက်မှောက်ထင်ထင် မမြင်ရသေး။ မကြာမီ မျက်မှောက်ထင်ထင် မြင်ချင်စမ်းပါဘိ ဟူသော ဆန္ဒပင်ဖြစ်သည်။


ထိုအချိန်မှာပင် မြို့၏တောင်တံခါးဝနှင့် မနီးမဝေးရှိ ရေကန်ထဲ၌ ပတ္တမြားအရောင် ပေါ်ထွက်နေ၏။ ထိုရေကန်သို့ ရောက်လာကြသူတို့သည် ထိုပတ္တမြားရောင်ကို မြင်သောအခါ အုတ်အုတ် ကျက်ကျက် ဖြစ်ကြ၏။ ဤရေကန်၌ ပတ္တမြားကျောက်ကောင်း ရှိရာ၏။ ဤပတ္တမြားသည် မင်းကြီးနှင့်ထိုက်၏ ဟုဆိုကာ မင်းကြီးထံ လျှောက်ထားကြသည်။ မင်းကြီးလည်း သိန်းအမတ်ကြီးကို ခေါ်တော်မူသည်။
"ပတ္တမြားကိုရအောင် မည်သို့ပြုရမည်နည်း" ဟု မေးသည်။
သိန်းအမတ်က "ရေကန်ထဲမှ ရေကိုခပ်ထုတ်၍ ပတ္တမြားကို ယူသင့်ပါသည်" ဟု လျှောက်၏။ မင်းကြီးလည်း ထိုသို့ပြုရန် သိန်းအမတ်ကိုပင် တာဝန်ပေးလိုက်၏။

သိန်းအမတ်သည် မြို့သူမြို့သားတို့ကို ခေါ်၏။ ကန်တွင်းမှ ရေနှင့်ရွှံ့ညွန်တို့ကို ထုတ်ပစ်စေပြီး ပတ္တမြားကို ရှာကြစေ၏။ မရကြပေ။ ရေပြည့်သောအခါ ပတ္တမြားရောင်သည် ရှိမြဲရှိနေ၏။ သို့ဖြင့် သိန်းအမတ်သည် နောက်တစ်ကြိမ် ရေနှင့်ညွန်တို့ကို ထုတ်ပစ်စေပြန်သည်။ ပတ္တမြားကို ရှာကြပြန်သည်။ ဤအကြိမ်တွင်လည်း မရရှိပေ။

ထိုအခါ မင်းကြီးက မဟောသဓာအား-
"ရေကန်ထဲက ပတ္တမြားကို ယူပေးနိုင်ပါမည်လော" ဟု မေး၏။
မဟော်သဓာကလည်း-
"ယူပေးနိုင်ပါသည်" ဟု ဆို၏။
ချက်ချင်းပင် မင်းကြီးနှင့်အတူ ရေကန်သို့လာခဲ့သည်။ ဖွားဖက်တော်တစ်ထောင်တို့လည်း ပါသည်။ များစွာသော မူးမတ်ပရိသတ်အပေါင်းတို့သည်လည်း ရေကန်ထဲက ပတ္တမြားအား မဟောသဓာထုတ်ယူသည်ကို ကြည့်ရန် လိုက်ပါလာကြလေသည်။

မဟောသဓာသည် ရေကန်သို့ ရောက်သောအခါ ကန်ပေါင်ဝန်းကျင်ကို လေ့လာစူးစမ်း ကြည့်ရှုသည်။ ထိုအခါ ရေကန်နား၌ ထန်းပင်တစ်ပင်ရှိသည်ကိုလည်း တွေ့သည်။ ထိုထန်းပင်၌ ကျီးတို့ အသိုက်ဖွဲ့၍ နေသည်ကိုလည်း မြင်သည်။ ဤတွင် ပတ္တမြားသည် ရေကန်ထဲ၌ မရှိ။ ထန်းပင်ပေါ်က ကျီးသိုက်ထဲ၌သာ ရှိမည်ဟု ဆင်ခြင်မိသည်။ မင်းကြီးအား "ရေကန်ထဲ၌ ပတ္တမြား မရှိပါ" ဟု ရဲဝံ့စွာ လျှောက်တင်သည်။ ထိုအခါ မင်းကြီးက "ရေကန်ထဲ၌ ပတ္တမြားရောင် ထင်နေသည် မဟုတ်လော" ဟု ဆိုသည်။

မဟောသဓာလည်း ခွက်ဖြင့် ကန်ရေကို ခပ်ခိုင်းသည်။ မင်းကြီးအား ပြလျက်-
"ရှုစားတော်မူပါ။ ဤခွက်ထဲမှာလည်း ပတ္တမြားရောင် ထင်နေပါသည်။ စင်စစ် ပတ္တမြားသည် ရေကန်ထဲ၌ မရှိ။ ထန်းပင်ပေါ်က ကျီးသိုက်ထဲမှာ ရှိနေပါသည်။ ထိုပတ္တမြားရောင်က ရေကန်တွင် ထင်ဟပ်နေခြင်းသာ ဖြစ်ပါသည်" ဟု လျှောက်တင်၏။

လျှောက်တင်သည့်အတိုင်းလည်း မင်းချင်းတစ်ယောက်အား ထန်းပင်ပေါ်သို့ တက်၍ ကျီးသိုက်ထဲက ပတ္တမြားကို ယူစေသည်။ ထို့နောက် မင်းကြီးအား ဆက်သသည်။

မှူးမတ်ပရိသတ်တို့သည် မဟောသဓာအား ချီးကျူးကြသည်။ သိန်းအမတ်ကိုကား "မြို့သူမြို့သားတို့ကိုလဲ ပင်ပန်းစေသည်။ မြို့ကျက်သရေဆောင် ရေကန်ကိုလည်း ပျက်စီးစေသည်" ဟု ဆိုကာ ပြစ်တင်ရှုတ်ချကြသည်။

မင်းကြီးလည်း အလွန်နှစ်သက် ဝမ်းမြောက်လှသဖြင့် မိမိလည်၌ ဆင်သော ပုလဲသွယ်လည်ရွဲကို ချွတ်၍ မဟောသဓာအား ပေး၏။ မဟောသဓာ၏ ဖွားဖက်တော် သူငယ်တစ်ထောင်တို့ကိုလည်း ပုလဲသွယ်တစ်ကုံးစီ ပေးတော်မူလေ၏။

 

ပုတ်သင်ပြဿနာ

တစ်နေ့သောအခါ မင်းကြီးသည် မှူးမတ် အခြွေအရံတို့ ခြံရံလျက် မဟောသဓာနှင့်အတူ ဥယျာဉ်သို့ ထွက်တော်မူသည်။ ဥယျာဉ်အဝင် တံခါးတိုင်ထိပ်၌ နေသော ပုတ်သင်တစ်ကောင်သည် မင်းကြီးကို မြင်သောအခါ မြေကြီးသို့ ဆင်း၍ ဝပ်သည်။

မင်းကြီးမြင်လျှင် မဟောသဓာအား အကြောင်းရင်းကို မေးတော်မူသည်။ မဟောသဓာက "ပုတ်သင်သည် အရှင်မင်းကြီးကို ခစားခြင်း ဖြစ်ပါသည်" ဟု လျှောက်ထား၏။

မင်းကြီးသည် နှစ်သက်သွားသည်။ မင်းချင်းတစ်ယောက်အား ပုတ်သင်ကို နေ့စဉ် ပဲဝက်ဖိုး အမဲသား ဝယ်ကျွေးရန် မိန့်တော်မူသည်။ မင်းချင်းလည်း အမိန့်တော်အတိုင်းပင် ပုတ်သင်အား နေ့စဉ် အမဲ ဝယ်ကျွေးသည်။

ဥပုသ်နေ့သို့ ရောက်သောအခါ အမဲမပေါ်သဖြင့် အမဲဝယ်မရ။ ထိုအခါ မင်းချင်းသည် ပဲဝက်ငွေစကို အပေါက်ဖောက်ပြီးလျှင် ပုတ်သင်၏ လည်တွင် ကြိုးငယ်ဖြင့် ချည်ပေးလိုက်လေသည်။

ထိုနေ့၌ မင်းကြီးသည် ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ အခြားနေ့များ၌ ပုတ်သင်သည် မင်းကြီးအား ခစားမြဲဖြစ်သည်။ ထိုနေ့၌မူ မင်းကြီးကို မြင်သော်လည်း တံခါးတိုင်ပေါ်မှ မဆင်းပေ။

ပုတ်သင်အမူအရာ ပြောင်းသည်ကို မြင်သောအခါ မင်းကြီးသည် အကြောင်းရင်းကိုမေးသည်။

မဟောသဓာက "အရှင်မင်းကြီး၊ ဤပုတ်သင်သည် ရှေးကမရစဖူးသော ပဲဝက်ငွေ အသပြာကို ရသဖြင့် အရှင်မင်းကြီးကို မထီမဲ့မြင် ပြုနေပါသည်။ လည်တွင် ဆွဲထားသော အသပြာကြောင့် မာန်ထောင်လွှားနေပါသည်" ဟု လျှောက်ထား၏။

မင်းကြီးသည် ဟုတ် မဟုတ် သိလိုသဖြင့် မင်းချင်းကို ခေါ်မေးသည်။ မင်းချင်းလည်း အခါကြီး ရက်ကြီးဖြစ်၍ အမဲသားမရသောကြောင့် ပဲဝက်အသပြာကို ပုတ်သင်လည်၌ ဆွဲပေးထားကြောင်း ဟုတ်တိုင်းမှန်ရာ လျှောက်ထားသည်။ မင်းကြီးလည်း မဟောသဓာ၏ စဉ်းစားဉာဏ် ထက်မြက်မှုကို ချီးမွမ်းတော်မူသည်။ မြို့တံခါးလေးခုမှ ရသော အခွန်အတုတ်ကို ဆုအဖြစ် မဟောသဓာအား ချီးမြှင့်တော်မူလေသည်။

(မဟောသဓာဇာတ် အပိုင်း-၁၃ ဆက်တင်ပါမည်)
 
 
 

မြင်းကောင်းတစ်စီးနှင့် သူဌေးကောင်းတစ်ယောက်

နောက်တစ်နေ့၌ မင်းကြီးသည် သေနကအမတ်အား "မဟောသဓာကို မည်သို့ခေါ်ဆောင် ရမည်နည်း" ဟု မေးတော်မူ၏။ အမတ်ကြီးက


"မင်းကြီး၊ အရှေ့ယဝမဇ္ဈဂုံ ရွာသားတို့အား မြင်းကောင်းတစ်စီးနှင့် သူဌေးတစ်ယောက် ငါ့ထံ ပို့ဆက်စေရမည်ဟု စေတော်မူပါ။ မဟောသဓာသည် ပညာရှိမှန်လျှင် မြင်းကောင်းဆိုသည်ကား ငါ့ကို ရည်၍ဆိုသည်။ သူဌေးကောင်းဆိုသည်ကား ငါ့အဖ သူဌေးကြီးကို ရည်၍ဆိုသည်ဟု သိပါလိမ့်မည်" ဟူ၍ လျှောက်၏။

မင်းကြီးလည်း ထိုအကြံကို လက်ခံကာ အမတ်တစ်ယောက်အား မဟောသဓာ့ရွာသို့ စေလွှတ်လိုက်၏။ ထိုအခါ မဟောသဓာက 'ဤမှာကြားချက်သည် သာမန်ရည်ရွယ် မှာကြားချက် မဟုတ်။ ငါ့ကိုလည်းကောင်း၊ ငါ့ဖခင်ကိုလည်းကောင်း တွေ့မြင်လို၍ မှာကြားခြင်းသာ ဖြစ်တန်ရာသည်' ဟု တွေးတောမိသည်။

ထို့ကြောင့် ဖခင်သူဌေးကြီးအား အကျိုးအကြောင်း ပြောပြ၏။ မင်းကြီးထံ ဖခင်ကို မိမိအလျင် သွားစေ၏။ မသွားမီလည်း-
"ဖခင်၊ ဖခင်၏ နောက်မှ အကျွန်ုပ် လိုက်လာပါမည်။ ကျွန်ုပ်မရောက်မီ မင်းကြီးက ဖခင်အား နေရာချထား ပေးပါလိမ့်မည်။ ထိုပေးသောနေရာ၌ ဖခင် နေတော်မူပါ။ ကျွန်ုပ်ရောက်လာသောအခါ၌လည်း မင်းကြီးက ကျွန်ုပ်ကို နေရာချထားပေးပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်က ဖခင့်မျက်နှာကို ကြည့်ပါမည်။ ကျွန်ုပ်ကြည့်လျှင် ဖခင်က သည်းခံ၍ နေရာမှထပြီး ကျွန်ုပ်ကို နေရာပေးတော်မူပါ။ ဤသို့ပြုလျှင် တစ်ခုသောပြဿနာကို ဖြေဆိုပြီး ဖြစ်ပါလိမ့်မည်" ဟု မှာကြား တောင်းပန်၏။

သူဌေးကြီးလည်း သား သုခမိန် မှာကြားသည့်အတိုင်း ပြု၏။ သူသည် သူဌေးငယ် အပေါင်းခြံရံလျက် မင်းကြီးထံမှောက်သို့ သွား၏။ မင်းကြီးပေးသော နေရာ၌ နေ၏။ ထိုအချိန်တွင် မဟောသဓာသည်လည်း ဖွားဖက်တစ်ထောင် ခြံရံလျက် မြင်းရထားစီးကာ လိုက်လာ၏။ နန်းတော်သို့ ဝင်ခါနီးတွင် မြည်းတစ်ကောင်ကို မြင်သည်။ ထိုအခါ လုလင်တို့အား မြည်းကို ဖမ်းစေပြီး ဖျာဖြင့် လိပ်၍ ယူဆောင်လာစေ၏။ လူအပေါင်းလည်း ကျော်ကြားလှသော သုခမိန်ကလေးကို မြင်လိုတွေ့လိုကြသဖြင့် ဝိုင်းဝန်းကြည့်ရှုကြ၏။ ချစ်ခင်မြတ်နိုးကြသဖြင့် နန်းတော်တံခါးဝတိုင်အောင် လိုက်၍ ကြည့်ကြ၏။

မဟောသဓာသည် မင်းကြီးရှေ့တော်မှောက်သို့ ရောက်သောအခါ ရှိခိုးလျက် သင့်တင့်သော နေရာ၌ ရပ်နေ၏။ မင်းကြီးလည်း နှစ်သက်ဝမ်းမြောက်စွာဖြင့် ချိုသာစွာ နှုတ်ခွန်းဆက်၏။
"ချစ်သား သုခမိန်၊ လျောက်ပတ်သောနေရာကို ရွေးချယ်နေလော့" ဟု ဆို၏။

ထိုအခါ မဟောသဓာသည် ဖခင်သူဌေးကြီး မျက်နှာကို လှမ်းကြည့်လိုက်၏။ သူဌေးကြီးသည်လည်း တင်ကြိုမှာကြားထားသည့်အတိုင်း မိမိနေရာမှ ထ၍ "ချစ်သား၊ ဤနေရာ၌ နေလှည့်လော့" ဟု ဆို၏။ နေရာဖယ်ပေး၏။ မဟောသဓာလည်း ဖခင်၏နေရာ၌ နေ၏။ ထိုအခါ သေနက၊ ပက္ကုသ၊ ကာမိန္ဒ၊ ဒေဝိန္ဒ အမည်ရှိသော အမတ်သုခမိန်လေးဦးတို့သည် လက်ခုပ်တီးကာ ပြင်းစွာရယ်ကြ၏။ ပြက်ရယ်ပြုကြ၏။ နန်းတွင်းသား မူးမတ်တို့သည်လည်း လိုက်လံပြက်ရယ် ပြုကြ၏။

မြည်းပြဿနာ

ထိုအခါ ကြည်ရွှင်ပျနေသော မင်းကြီးသည် မျက်နှာညှိုးသွား၏။ "သုခမိန်၊ အမျိုးကောင်းသားတို့သည် မိမိထက် အသက်ကြီးသော သူစိမ်းကိုသော်မှ နေရာမှထစေခြင်းငှာ မထိုက်။ ယခု သင်မူကား ကျေးဇူးရှင် ဖခင်ကိုပင် နေရာမှထစေ၏။ သင့်တော်ပါ၏လော" ဟု မေး၏။ ထိုအခါ မဟောသဓာကလည်း လိမ္မာစွာ ပြန်လည်လျှောက်တင်၏။

"အရှင်မင်းကြီး၊ နေရာတိုင်းတွင် သားထက် အဖမြတ်သည်ဟု ထင်မှတ်ပါသလော"
"သုခမိန်၊ နေရာတိုင်းမှာပင် သားထက်အဖက မြတ်ပေသည်"

ထိုအခါ မဟောသဓာသည် လုလင်ပျိုတို့အား မြည်းကို ဆောင်ယူလာစေပြီး မင်းကြီးရှေ့တော်မှောက်တွင် ထားစေ၍ ဆက်လက် လျှောက်ထား၏။

"အရှင်မင်းကြီး၊ ဤမြည်းသည် အဖိုးမည်မျှ ထိုက်ပါသနည်း"
"သုခမိန်၊ မြည်းကောင်းဖြစ်လျှင် အလွန်ဆုံး ၈-ကျပ်မျှ အဖိုးထိုက်၏"
"အရှင်မင်းကြီး၊ ဤမြည်းထီးနှင့် အာဇာနည်မြင်းမတို့ ပေါင်းဖော်၍ရသော အဿတိုရ်မြင်းကောင်းသည် အဘယ်မျှ အဖိုးထိုက်ပါသနည်း"
"သုခမိန်၊ အဿတိုရ် မြင်းကောင်းသည် တန်ဖိုးမဖြတ်နိုင်ပါ"
"အရှင်မင်းကြီး၊ ဤသို့ဆိုလျှင် နေရာတိုင်းမှာ အဖကသားထက် မြတ်၏ ဆိုခြင်းမှာ မှန်ကန်ပါ၏လော။ စင်စစ်မှာ အခြေအနေကို လိုက်၍ ထိုက်ရာသာ အမြတ်အယုတ်ကို ယူရပါမည်။ အရှင်မင်းကြီး၏ သုခမိန်ကျော်လေးယောက်တို့ ဤမျှလောက်ကိုပင် မသိရှိကြပါတကား။ အရှင်မင်းကြီး၊ ထိုသို့ မြည်းကို ပုံပြု၍ အကျွန်ုပ်တင်လျှောက်သည်ကို လက်မခံလိုပါက ကျွန်ုပ်တို့ သားအဖတွင် အဖမြတ်လျှင် အဖကို ကောက်ယူတော်မူပါ။ အကျွန်ုပ်မြတ်လျှင် အကျွန်ုပ်ကို ကောက်ယူတော်မူပါ"

ဤစကားကို ကြားလျှင် မင်းကြီးသည် ညှိုးငယ်ရာမှ ရွှင်ပြုံးလာ၏။ မင်းပရိသတ်တို့သည်လည်း ရွှင်မြူးစွာ ကောင်းချီးပေးကြ၏။ သုခမိန်ကျော်လေးယောက်တို့သည်ကား မျက်နှာအောက်ချလျက် ငေးမှိုင်နေကြ၏။

ဤနေရာ၌ မဟောသဓာသည် ဖခင်ကို နေရာမှ ထစေခြင်းမှာ မရိုမသေပြုခြင်း မဟုတ်။ "မြင်းကောင်းတစ်စီးကို ဖြစ်စေ၊ သူဌေးကောင်း တစ်ယောက်ကိုဖြစ်စေ ပို့ဆက်စေ" ဟု ဆင့်ဆိုသည့် ပြဿနာကို ဖြေလိုသောကြောင့်ဖြစ်သည်။

မင်းကြီးသည် မဟောသဓာ၏ မြည်းပြဿနာ ဖြေဆိုချက်ကို လွန်စွာ နှစ်သက်တော်မူ၏။ ထို့ကြောင့် မဟောသဓာ၏ ဖခင် သူဌေးကြီးအား အရှေ့ယဝမဇ္ဈဂုံးရွာကို အပိုင်စားပေး၍ မြို့စားမင်း ခန့်တော်မူ၏။ မဟောသဓာ၏ မိခင်ကိုလည်း မြို့စားကတော်၏ အဆောင်အယောင် အဝတ်တန်ဆာတို့ ပို့ဆက်စေသည်။

ထို့နောက် မင်းကြီးက သူဌေးကြီးအား "မဟောသဓာကို ငါ့အား သားတော်အဖြစ် မွေးရန်ပေးပါ" ဟု ဆို၏။ သူဌေးကြီးက "မဟောသဓာသည် ငယ်ပါသေးသည်။ အရွယ်ရောက်သောအခါ မင်းကြီးထံ၌ ခစား ထမ်းရွက်ပါလိမ့်မည်" ဟု လျှောက်၏။

မင်းကြီးက မစောင့်နိုင်။ ထပ်မံ၍ တောင်းခံပြန်၏။ သူဌေးကြီးလည်း မငြင်းဆန်သာဘဲ မဟောသဓာကို နန်းတော်၌ ထားခဲ့ရ၏။ သွားခါနီးတွင် သားကို ရင်ခွင်၌ထားလျက် "ချစ်သား၊ သတိဖြင့် ခစားပါလေ" ဟု မှာကြား၏။ မဟောသဓာကလည်း ဖခင်ကို ရိုသေစွာ ရှိခိုးလျက် "မစိုးရိမ်၊ မကြောင့်ကြပါလင့်" ဟု နှစ်သိမ့်စကား ပြန်ကြား၏။

သူဌေးကြီး ပြန်သွားသောအခါ မင်းကြီးက မဟောသဓာအား "ချစ်သား၊ အတွင်း၌ နေ၍ ခစားမည်လော၊ အပြင်၌နေ၍ ခစားမည်လော" ဟု မေးတော်မူ၏။
မဟောသဓာက "အကျွန်ုပ်မှာ ဖွားဖက်တစ်ထောင်နှင့်တကွ အခြံအရံ များလှပါသည်။ အပြင်၌နေ၍သာ ခစားပါမည်" ဟု လျှောက်တင်၏။

ထိုအခါမင်းကြီးသည် မဟောသဓာအား သင့်လျော်သော နေအိမ်ကိုပေး၏။ အခြံအရံများအတွက်လည်း နေအိမ်များပေး၏။ ထိုအခါမှစ၍ မဟောသဓာသည် နေ့စဉ်ပင် မင်းကြီးကို ခစားရလေသည်။

(မဟောသဓာဇာတ် အပိုင်း-၁၃ "ရေကန်ထဲမှ ပတ္တမြားရောင်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၁၁

ဘုရင် ပညာစမ်းခန်း

နွားလားဥသဘ ပြဿနာ


တစ်နေ့သောအခါ ဝိဒေဟရာဇ် မင်းကြီးသည် မိမိ၏ မင်္ဂလာ နွားလားဥသဘ တစ်ကောင်ကို ပဲအမြောက်အမြား ပြုတ်၍ ကျွေးစေသည်။ဝမ်းဗိုက် ဖောင်းကားလာသောအခါ ကိုယ်ကို နနွင်းရည်ဖြင့် သုတ်လိမ်းစေသည်။ ရက်စေ့ပြီး ဖွားလုနီးသော နွားမကဲ့သို့ ရှိစေပြီးလျှင် မဟောသဓာ နေထိုင်ရာ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ပို့ဆောင်စေသည်။


"သင်တို့ရွာသားများ ပညာရှိကြောင်း ငါကြားသိရသည်။ ငါ၏ နွားလားဥသဘသည် ကိုယ်ဝန်ဆောင်နေပြီ။ ထိုနွားလားဥသဘကို သားဖွားစေပြီးလျှင် သားငယ်နှင့် တကွ ငါ့ထံပို့ဆက်ရမည်။ ဆိုတိုင်း မပို့ဆက်ကြလျှင် ဒဏ်ငွေတစ်ထောင် ဆောင်ရမည်" ဟုလည်း မိန့်ဆိုလိုက်သည်။

ရွာသားတို့မှာ မည်သို့မျှ မတတ်နိုင်။ မဟောသဓာကိုပင် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြသည်။ ထိုအခါ မဟောသဓာသည် မင်းကြီးနှင့် မကြောက်မရွံ့ စကားပြောဝံ့သော လူတစ်ယောက်ကို ရွေးချယ်ကာ-
"အချင်းယောက်ျား၊ သင်သည် ဆံပင်ဖားလျားချလျက် ငိုကြွေးမြည်တမ်းကာ နန်းတော်သို့ သွားပါ။ အခြားသူများက မေးလျှင် တစ်စုံတစ်ရာ မပြောပါနှင့်။ မင်းကြီးက ခေါ်မေးမှသာ 'ကျွန်တော်မျိုး၏ ဖခင်သည် သားမဖွားနိုင် ဖြစ်နေသည်မှာ ခုနှစ်ရက်ရှိပါပြီ။ အရှင်မင်းကြီး ကယ်တော်မူပါ။ ကျွန်တော်မျိုး ဖခင် သားဖွားနိုင်အောင် စီရင်ပေးတော်မူပါ' ဟု လျှောက်ထားလေ။ မင်းကြီးက 'သင်ရူးသလော၊ ယောက်ျားက သားဖွားရိုးမရှိ' ဟု ဆိုပေလိမ့်မည်။ ထိုအခါ အသင်က 'အရှင်မင်းကြီး၊ ယောက်ျား သားဖွားရိုး မရှိပါဘဲလျက် အဘယ့်ကြောင့် အရှေ့ယဝမဇ္ဈဂုံး ရွာသားများအား မင်္ဂလာနွားလားဥသဘကို သားဖွားအောင် လုပ်ပေးရမည်ဟု မိန့်တော်မူပါသနည်း' ဟု ပြောဆိုရန် သင်ကြားပေးသည်။

ထို့နောက် နန်းတော်သို့ သွားစေသည်။ ထိုယောက်ျားလည်း မဟောသဓာ သင်ကြားပေးသည့်အတိုင်း နန်းတော်သို့ သွား၍ မင်းကြီးအား လျှောက်ထားလေသည်။

မင်းကြီးက "အချင်း ယောက်ျား၊ ဤသို့ပြုရန် မည်သူစီရင်သနည်း" ဟု မေး၏။

ယောက်ျားက "အရှင်မင်းကြီး၊ သူဌေးသား မဟောသဓာ စီရင်ပါသည်" ဟု လျှောက်၏။ မင်းကြီးလည်း အလွန်နှစ်သက်လှသဖြင့် သေနကအမတ်အား မဟောသဓာကို ခေါ်ယူရန် ရှေးနည်းအတိုင်း တိုင်ပင်ပြန်သည်။ သေနကအမတ်လည်း "အရှင်မင်းကြီး၊ ထပ်မံစုံစမ်းသင့်ပါသေးသည်၊ ဆိုင်းငံ့တော်မူပါဦးလော့" ဟု လျှောက်ပြန်သည်။ မင်းကြီးလည်း ဆိုင်းငံ့ကာ နောက်ထပ်၍ ပညာစမ်းရန် စီစဉ်ရပြန်လေသည်။

သဲလွန်ကြိုး ပြဿနာ

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာကို ဆက်လက် ပညာစမ်းပြန်သည်။ မင်းကြီးက "ငါ၏ ပုခက်ယာဉ်တွင် ဆွဲသော သဲလွန်ကြိုးဟောင်း ပြတ်သွားပြီ။ အရှေ့ယဝမဇ္ဈဂုံး ရွာသားတို့ ပညာရှိကြောင်း ငါကြားသိရသည်။ ထိုရွာသားတို့သည် သဲဖြင့် သဲလွန်ကြိုးသစ်ကို ကျစ်၍ ငါ့ထံ ပို့ဆက်ကြရမည်။ မပို့ဆက်နိုင်သော် ဒဏ်ငွေ တစ်ထောင် သင့်စေ" ဟု ဆင့်ဆိုလိုက်သည်။

ရွာသားတို့သည် အခက်တွေ့ကြပြန်သည်။ မဟောသဓာ သုခမိန်ထံ ချဉ်းကပ်၍ မေးကြသည်။

မဟောသဓာက "မစိုးရိမ်ကြလင့်" ဟု ဆိုကာ စကားအပြောအဆို ကျွမ်းကျင်သော ရွာသားနှစ်ဦးကို ခေါ်သည်။ ထိုသူတို့အား 'မင်းကြီးထံမှောက်သို့ သွား၍ မည်သို့မည်ပုံ လျှောက်ထားလေ' ဟု မှာကြား သင်ပေးလိုက်သည်။

ထိုနှစ်ယောက်လည်း မင်းကြီး၏ ရှေ့တော်မှောက်သို့ သွား၍ မဟောသဓာ သင်ပေးသည့်အတိုင်း လျှောက်ထားကြသည်။

"အရှင်မင်းကြီး ဆင့်ဆိုတော်မူသည့်အတိုင်း ကျွန်တော်မျိုး သဲလွန်ကြိုး ကျစ်ပါမည်။ သို့ရာတွင် သဲလွန်ကြိုး ကြီးငယ် ပမာဏကိုလည်း မသိပါ။ အလုံးအထွား သဏ္ဌာန်ကိုလည်း မသိပါ။ သဲလွန်ကြိုးဟောင်းပြတ် တစ်ထွာ၊ လက်လေးသစ်ခန့်မျှကို နမူနာ ကြည့်လိုပါသည်။ ထိုနမူနာကို ရမှ ပုံတူပြု၍ ကျစ်နိုင်ပါမည်"

"ဟယ်- ရွာသားတို့၊ ငါ၏ နန်းတော်၌ သဲလွန်ကြိုးဟောင်း အပြတ်အစ ဘယ်မှာရနိုင်မည်နည်း။ မအပ်မရာ စကားကို သင်တို့အဘယ့်ကြောင့် လျှောက်ထားကြသနည်း"

"အလိုရှိတိုင်း ပြီးစေနိုင်သူ၊ ဘုန်းတော်ကြီးလှသော အရှင်မှ သဲကို လွန်ကြိုးကျစ်၍ မဖြစ်နိုင်လျှင် ဘုန်းညံ့သော အရှေ့ယဝမဇ္ဈဂုံး ရွာသား ကျွန်တော်မျိုးတို့မှာ အဘယ်သို့ သဲလွန်ကြိုး ကျစ်ရပါမည်နည်း"

"ဤသို့ ဖြေဆိုလျှောက်တင်ရန် မည်သူစီရင်သနည်း"

"မဟောသဓာ ဖြေဆို လျှောက်စေပါသည်"

မင်းကြီးလည်း နှစ်သက်လှသဖြင့် မဟောသဓာကို ခေါ်မည်ပြုပြန်သည်။ သို့ရာတွင် သေနကအမတ်ကြီးက "ဆိုင်းငံ့တော်မူပါဦး" ဟု ဆိုသဖြင့် မခေါ်ဖြစ်ပြန်။ ဆိုင်းငံ့ရပြန်သည်။

ရေကန် ပြဿနာ

ထို့နောက် မင်းကြီးသည် မဟောသဓာကို ထပ်မံ၍ ပညာစမ်းပြန်သည်။ "အရှေ့ယဝမဇ္ဈဂုံး ရွာသားတို့သည် ကြာမျိုးငါးပါးနှင့် တင့်တယ်သော ရေကန်တစ်ခုကို ငါ့ထံ ပို့ဆက်ရမည်" ဟု စေလိုက်ပြန်သည်။ ရွာသားတို့လည်း မကြံနိုင်ကြ။ မဟောသဓာထံသို့သာ ချဉ်းကပ်ကြရပြန်သည်။

မဟောသဓာကလည်း "မစိုးရိမ်ကြလင့်" ဟု ဆိုကာ လက်ရွေးစင် လူသုံးယောက်ကို ခေါ်ယူ၏။ ထို့နောက် လိုအပ်သည်များကို မှာကြား၍ မင်းကြီးထံ စေလွှတ်လိုက်၏။

ထိုသူတို့လည်း မျက်လုံးများ နီသည့်တိုင်အောင် ရေငုပ်၏။ တစ်ကိုယ်လုံး ရွှံ့များပေကြံအောင် ပြု၏။ ကြိုးအပြတ်များ၊ တုတ်၊ အုတ်ခဲများကို ကိုင်ဆောင်၏။ ထို့နောက် နန်းတော်သို့ သွားကြ၏။

သူတို့သည် မင်းကြီးရှေ့တော်မှောက်သို့ ရောက်သောအခါ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့သည် အမိန့်တော်အရ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေကန်ကို ကြိုးဖြင့် တုပ်နှောင်၍ ယူဆောင်လာကြပါသည်။ ထိုရေကန်မှာ တောက ရေကန်ဖြစ်သောကြောင့် မြို့တော်နားသို့ ရောက်သောအခါ အလွန်ခမ်းနား ကြီးကျယ်၍ စည်ကားလှသော အရှင့်မြို့တော်ကြီးကို မြင်သဖြင့် ကြောက်လန့်ပြီး ထွက်ပြေးကြပါသည်။ ကျွန်တော်မျိုးတို့က တုတ်၊ အုတ်ခဲတို့ဖြင့် ရိုက်နှက် ပစ်ခတ်ကြသော်လည်း ပြန်ခေါ်၍ မရပါ။ အလွန်ရိုင်းသော ရေကန်ဖြစ်ပါသည်။ ထို့ကြောင့် အရှင်မင်းကြီး နန်းတော်တွင်းရှိ ရေကန်ယဉ်ကို ပေးသနားတော်မူပါ" ဟု လျှောက်ထားကြ၏။

မင်းကြီးက "အချင်းရွာသားတို့၊ သည်အရပ်မှာ ရေကန်ကို ဆောင်ယူ၍ ရသည်ဟု မကြားစဖူး။ ရေကန်ရိုင်းကို ရေကန်ယဉ်နှင့် ဆောင်ယူ၍ ရသည်ဟုလည်း မကြားစဖူး" ဟု ဆို၏။ ထိုအခါ ရွာသားတို့က ဘုန်းတော်ကြီးသော အရှင်သော်မှ ရေကန်ကို မဆောင်နိုင်သော် ဘုန်းနည်းသော ကျွန်တော်မျိုးတို့ ရွာသားများသည် အဘယ်သို့လျှင် ရေကန်ကို ရွှေ့နိုင်ပါအံ့နည်း" ဟု လျှောက်တင်ကြသည်။

ထိုအခါ မင်းကြီးက "ဤပြဿနာကို ဖြေရန် မည်သူစီရင်သနည်း" ဟု မေး၏။ ရွာသားတို့က "မဟောသဓာ သုခမိန် စီရင်ပါသည်" ဟု လျှောက်ကြ၏။ မင်းကြီးလည်း နှစ်သက်လှသဖြင့် မဟောသဓာကို ခေါ်မည်ပြုပြန်၏။ သေနကအမတ် တားမြစ်သဖြင့် မခေါ်ဖြစ်ပြန်ချေ။

ထို့နောက် မင်းကြီးသည် အလားတူ ဥယျာဉ် တစ်ခုကို ပို့ရမည်ဟု ဆင့်ဆိုပြန်သည်။ ထိုအခါ မဟောသဓာက ရေကန်ပြဿနာတွင် ဖြေဆိုသည့်အတိုင်း သင်ကြားစေလွှတ်၍ လျှောက်တင်ခိုင်း၏။ မင်းကြီးသည် နှစ်သက်သွားပြန်သည်။ မဟောသဓာကို ခေါ်မည်ပြုပြန်၏။ သေနကအမတ်ကြီး တားမြစ်သဖြင့် မခေါ်ဖြစ်ပြန်ချေ။

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာကို ခေါ်ယူလိုသော်လည်း သေနကအမတ်ကြီးက တားမြစ်သဖြင့် မခေါ်ဖြစ်။ ဤအတွက် မကျေမနပ်ဖြစ်မိ၏။ နောက်ဆုံးတွင် သေနကအမတ်စကားကို မနာယူ၊ မတိုင်ပင်၊ အသိမပေး။ လက်စွဲတော်မှူးမတ်များ ခြံရံလျက် မဟောသဓာရွာသို့ မြင်းစီးလျက် မထင်မရှား ထွက်ခွာသွား၏။ မဟောသဓာကို ကိုယ်တော်တိုင် ခေါ်ယူရန် ဖြစ်သည်။

ဤသို့ ထွက်ခွာလာစဉ် လမ်းခရီး၌ မင်းကြီးစီးသော မင်္ဂလာမြင်းတော်သည် မြေဝပ်ကြား၌ ကျွံနစ်ကာ ခြေတစ်ဖက် ကျိုးသွား၏။ မင်းကြီးလည်း ဆက်လက် မသွားတော့။ ထိုအရပ်ကပင် နန်းတော်သို့ လှည့်ပြန်ခဲ့သည်။ နောက်တစ်နေ့တွင် ထိုအကြောင်းကို သေနကအမတ် သိရှိသွားသည်။ "အရှင်မင်းကြီးသည် အလျင်စလို ထွက်တော်မူသဖြင့် မင်္ဂလာမြင်းတော် ခြေကျိုးရချေပြီ" ဟု ဆို၏။ မင်းကြီးလည်း ဆိတ်ဆိတ်သာ နေတော်မူ၏။

(မဟောသဓာဇာတ် အပိုင်း-၁၂ ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၁၀

ဘုရင် ပညာစမ်းခန်း

ရှားနှစ်ထုတ်ပြဿနာ


တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် မိမိကိုယ်တိုင် မဟောသဓာကို ပညာစမ်းရန် အကြံဖြစ်ပေါ်သည်။ သို့ဖြင့် ရှားသားအနှစ် တစ်ထွာခန့်ကို တစ်ညီတည်း ဖြစ်အောင် ဖြတ်စေသည်။ ထို့နောက် "ရှားနှစ်ထုတ်ကို မည်သည့်ဘက်က အရင်း၊ မည်သည့်ဘက်က အဖျားဟု ခွဲခြားပေးရမည် မခွဲနိုင်လျှင် ဒဏ်ငွေ တစ်ထောင် ပေးဆောင်ရမည်" ဟု ဆိုကာ မဟောသဓာ နေထိုင်ရာ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ပို့စေသည်။ ရွာသားတို့သည် မခွဲခြားနိုင်။ မဟောသဓာထံ ပို့၍ ခွဲခြားစေသည်။


မဟောသဓာလည်း ရေတစ်ခွက် ခပ်ခိုင်းသည်။ ရှားနှစ်ထုတ်၏ အလယ်တည့်တည့်ကို ချည်ကြိုးဖြင့် ချည်သည်။ ထို့နောက် ကြိုးဖျားမှ ကိုက်လျက် ရေထဲသို့ ဖြည်းညင်းစွာ ချသည်။ အရင်းပိုင်းသည် အဖျားပိုင်းထက် ပိုလေးသောကြောင့် အလျင်မြုပ်လေသည်။ မဟောသဓာက ယင်းကို မှတ်သားကာ "ဤဘက်ကား အရင်းဖြစ်သည်၊ ထိုဘက်က အဖျားဖြစ်သည်" ဟူ၍ ခွဲခြား ပို့လိုက်သည်။

ဟုတ်မှန်နေသဖြင့် မင်းကြီးသည် ဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို တိုင်ပင်ပြန်သည်။ အမတ်ကြီးက တားပြန်သည်။ မခေါ်ဖြစ်ချေ။

ဦးခေါင်းခွံ ပြဿနာ

ထို့နောက် မင်းကြီးသည် လူဦးခေါင်းခွံ နှစ်ခုကို ပို့စေသည်။ ယောက်ျား ခေါင်းခွံ၊ မိန်းမ ခေါင်းခွံ ခွဲခြားပေးရမည်" ဟု မှာကြားသည်။

မဟောသဓာက 'ဦးခွံ ဆက်ကြောင်း ဖြောင့်သော ခေါင်းခွံကို ယောက်ျား၊ ဦးခွံ ဆက်ကြောင်း ကောက်ကွေ့သော ခေါင်းခွံကို မိန်းမ' ဟု ခွဲခြားပို့လိုက်သည်။ ဟုတ်မှန်နေပြန်သည်။ သို့ရာတွင် သေနကအမတ်ကြီးက တားပြန်သည်။ မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပြန်ချေ။

မြွေပြဿနာ

ထို့နောက် တစ်နေ့တွင် မင်းကြီးသည် မြွေထီး၊ မြွေမ နှစ်ကောင်ကို မဟောသဓာထံသို့ ပို့လိုက်သည်။ အထီး၊ အမ ခွဲခြားပေးရမည်ဟု မှာကြားလိုက်သည်။ မဟောသဓာက 'ခေါင်းကြီး၊ အမြီးတုတ်၊ မျက်စိကျယ်၍ လည်ရေးစပ်သော မြွေကို မြွေထီး။ ခေါင်းသေး၊ အမြီးငယ်၊ မျက်စိကျဉ်း၍ လည်ရေးမစပ်သော မြွေကို မြွေမ' ဟု ခွဲခြား ပို့လိုက်သည်။ ဟုတ်မှန်သဖြင့် မင်းကြီး နှစ်သက်ပြန်သည်။ မဟောသဓာကို ခေါ်မည်ပြုသည်။ သေနက အမတ်ကြီးက တားပြန်သည်။ မခေါ်ဖြစ်ပြန်ချေ။

ကြက်ပြဿနာ

ထို့နောက် မင်းကြီးက "အရှေ့ယဝမဇ္ဈဂုံး ရွာသားတို့သည် ခြေတွင် ချိုပေါက်သော၊ ဦးခေါင်း၌ လပို့ရှိသော၊ အချိန်သုံးပါးကို မကျော်လွန်စေဘဲ တွန်တတ်သော၊ ဖြူသောဥသဘကို ရှာ၍ ငါ့ထံ ပို့ရမည်။ မပို့နိုင်က ဒဏ်ငွေတစ်ထောင်" ဟု ဆင့်ဆိုလိုက်သည်။ ရွာသားများက မဟောသဓာကိုပင် ထိုဥသဘကို ရှာစေသည်။ မဟောသဓာက "ကြက်ဖသည် ခြေထောက်၌ အတက်ရှိသောကြောင့် ဦးချိုရှိသည် မည်၏။ ဦးခေါင်း၌ အမောက်ရှိသောကြောင့် လပို့ရှိသည် မည်၏။ တစ်နေ့သုံးချိန် တွန်သောကြောင့် အချိန်သုံးပါးကို မကျော်လွန်စေဘဲ တွန်သည်မည်၏" ဟုဆိုကာ ကြက်ဖဖြူကို ပို့စေသည်။ ဟုတ်မှန်ပြန်သည်။ သို့ရာတွင် သေနကအမတ် တားမြစ်ပြန်သဖြင့် မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပေ။

ပတ္တမြား ပြဿနာ

ဝိဒေဟရာဇ်မင်းကြီးတွင် မင်းအဆက်ဆက် အသုံးပြုသော ပတ္တမြားတစ်လုံးရှိသည်။ ထိုပတ္တမြားမှာ ကြိုးတပ်သော အပေါက် အကောက်ရှစ်ခု ရှိ၏။ ထိုပတ္တမြားတွင် ရှေးက ရှိသော ကြိုးဟောင်းသည် ပြတ်နေသည်။ မည်သူမျှ ကြိုးဟောင်းကို ထုတ်၍ ကြိုးသစ် ပြန်မတပ်နိုင်။

မင်းကြီးက "ကြိုးသစ်တပ်ပေးရမည်" ဟု ဆိုကာ မဟောသဓာ၏ ရွာသို့ ပို့လိုက်ပြန်သည်။ မဟောသဓာသည် ပတ္တမြား၏ ဘေးနှစ်ဖက် အပေါက်တွင် ပျားရည်သုတ်လိမ်းသည်။ ကြိုးသစ်ကို ရှာဖွေ၍ အဖျားကို ပျားရည်သုတ်သည်။ ပတ္တမြား၏ တစ်ဖက်အပေါက်တွင် အနည်းငယ် သွင်းသည်။ ထို့နောက် ပတ္တမြားကို ပုရွက်ဆိတ် တွင်းဝတွင် ကပ်ထားသည်။ ထားရာ၌ ကြိုးသစ်မတပ်သော အပေါက်ဖြင့် ကပ်ထားသည်။ ပုရွက်ဆိတ်များသည် ပျားရည်နံ့ ရသဖြင့် ပတ္တမြား၏ အပေါက်ထဲသို့ ဝင်၍ ပျားရည်စွတ်နေသည့် ကြိုးဟောင်းကို စားကြသည်။ ဤသို့ စားရင်း ပတ္တမြား၏ အပေါက်ထဲသို့ ဆက်လက် ဝင်သွားသည်။ ပျားရည်သုတ်ထားသော ကြိုးသစ်ကို တွေ့သောအခါ ကိုက်ချီ၍ လာလမ်းအတိုင်း နောက်ဆုတ်၍ ဆွဲယူသွားကြသည်။ ထိုအခါ ပတ္တမြားတွင် ကြိုးတပ်ပြီး ဖြစ်သွားသည်။ ရွာသားများသည် ကြိုးသစ်တပ်ထားသော ပတ္တမြားကို မင်းကြီးထံ ပြန်ပို့သည်။ မင်းကြီးလည်း မဟောသဓာ၏ ဉာဏ်စွမ်းကို ချီးကျူးသည်။ ခေါ်ယူမည်ပြုသည်။ ယခင်အတိုင်းပင် သေနကအမတ်က ကန့်ကွက်ပြန်သည်။ မခေါ်ဖြစ်ပြန်ချေ။

(မဟောသဓာဇာတ် အပိုင်း-၁၁ "ဘုရင် ပညာစမ်းခန်း" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၉

ရထားခိုးမှု

တစ်နေ့သ၌ ယောက်ျားတစ်ယောက်သည် မြင်းရထားမောင်းလျက် ထွက်လာသည်။ ထိုစဉ် သိကြားမင်းသည် 'သုခမိန် မဟောသဓာ၏ ပညာဂုဏ်ကို ထင်ရှားသိစေအံ့' ဟု ကြံရွယ်ကာ လူ့ပြည်သို့ ဆင်းလာသည်။ လူယောင်ဖန်ဆင်း၍ ရထားနောက်စွန်းကို ကိုင်လျက် လိုက်လာသည်။


တစ်နေရာသို့ ရောက်သောအခါ ရထားရှင်လည်း ရထားကို ရပ်တန့်သည်။ ကိုယ်လက်သုတ်သင်ရန် ရထားမှ ခေတ္တဆင်းသွားသည်။ ထိုအခါ သိကြားမင်းသည် ရထားကို မောင်းနှင်ထွက်ပြေးလေသည်။

ရထားရှင်လည်း သိကြားမင်းမှန်း မသိ။ ခိုးသူဟု ထင်မှတ်သည်။ "အချင်း ရပ်လော့၊ ရပ်လော့" ဟု ဆို၍ နောက်မှ ပြေးလိုက်သည်။ မီသောအခါ "သင် အဘယ့်ကြောင့် ရထားကို ခိုးယူ ပြေးသနည်း" ဟု ဆို၏။ သိကြားမင်းကလည်း "ဤ ရထားကား ငါ့ရထားတည်း။ သင့်ရထား မဟုတ်" ဟု ဆို၏။

ဤသို့ အငြင်းအခုံ ဖြစ်ကြရာ လူအများ ဝန်းရံလာကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် မဟောသဓာထံ ရောက်လာကြသည်။ မဟောသဓာသည် သူတို့နှစ်ဦးကို ကြည့်ရှုသောအခါ ရထားမောင်းပြေးသူသည် အကြောက်အရွံ့မရှိ။ မျက်တောင်လည်း မခတ်။ သိကြားမင်း လူယောင်ဖန်ဆင်းလာခြင်း ဖြစ်ကြောင်း သိလိုက်သည်။ သို့ရာတွင် ထင်ရှားအောင် တရားဆုံးဖြတ်မည်ဟု ကြံရွယ်ကာ "အချင်းတို့၊ သင်တို့ရထားကို ငါ၏ လူတစ်ယောက်အား မောင်းနှင်စေမည်။ သင်တို့နှစ်ယောက် ရထားနောက်မြီးကို တစ်ဖက်စီ ကိုင်ဆွဲ၍ လိုက်ကြလော့။ ရထားကို မလွှတ်လျှင် ရထားရှင် ဖြစ်စေ" ဟု ဆို၏။

ထို့နောက် လုလင်တစ်ယောက်အား ရထားကို အပြင်းမောင်းနှင်စေသည်။ ထိုသူနှစ်ယောက်ကိုလည်း ရထားနောက်မြီးကို ဆွဲ၍ လိုက်စေသည်။

အတန်ကြာ မောင်းနှင်သော် ရထားရှင်သည် လူသားဖြစ်သောကြောင့် မောပန်းလာသည်။ ကြာရှည် မတတ်နိုင်။ ရထားကို လက်လွှတ်လိုက်ရသည်။ သိကြားမင်းမူကား မမောမပန်း၊ ရထားနှင့် တစ်ပါတည်း ပါသွားသည်။ ရထားရပ်မှသာ ရပ်လေသည်။

ထိုအခါ မဟောသဓာက ပရိသတ်အပေါင်းအား "အချင်းတို့၊ မောပန်းသဖြင့် ရထားကို လက်လွှတ်လိုက်ရသူသည် ရထားရှင်ဖြစ်သည်။ ရထားနောက် အစဉ်လိုက်နိုင်သူကား လူသားမဟုတ်။ မောပန်းခြင်းလည်း မရှိ။ ချွေးတစ်စက်မျှလည်း မထွက်။ ထွက်သက် ဝင်သက်လည်း မရှူ။ အကြောက်အရွံ့လည်း မရှိ။ မျက်တောင်လည်း မခတ်။ သိကြားနတ် စင်စစ် ဖြစ်သည်" ဟု ရှင်းလင်း ပြောပြ၏။

သိကြားမင်းကလည်း ဝန်ခံ၏။ "သုခမိန်၊ ငါသည် သိကြားမင်းမှန်ပေသည်။ သင်၏ ပညာကို ထင်ရှားစေလို၍ ဤသို့ပြုသည်" ဟု ဆို၏။

မဟောသဓာက "သိကြားမင်း၊ နောင်ကို ဤသို့ မပြုပါနှင့်" ဟူ၍ ဆိုဆုံးမ၏။ သိကြားမင်းလည်း သိကြားအသွင်ပြ၍ ကောင်းကင်၌ ရပ်၏။ "မဟောသဓာသုခမိန်သည် တရားကို ကောင်းစွာ ဆုံးဖြတ်ပေသည် တကား" ဟု ကောင်းချီးပေး၍ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။

အဖြစ်ထူးလှသဖြင့် မင်းကြီး စေလွှတ်ထားသော အမတ်သည် ဤအကြိမ်တွင် စာဖြင့် မလျှောက်တင်။ ဝိဒေဟရာဇ်မင်းကြီးထံ ကိုယ်တိုင်သွား၍ လျှောက်တင်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူတော်မူရန် သေနကအမတ်ကြီးကို တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးက ယခင်နည်းအတိုင်းပင် တားမြစ်ပြန်သည်။ မင်းကြီးလည်း "ထပ်မံစုံစမ်းပါဦး" ဟူ၍ အမတ်ကို စေရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၁၀ "ဘုရင် ပညာစမ်းခန်း" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၈

ငမည်းကွနှင့် ငကျောရှည် အမှု

တစ်ခါသော် ငမည်းကွ (ဂေါတကာဠ) အမည်ရှိသော ယောက်ျားပျိုတစ်ယောက် ရှိသည်။ သူသည် အရပ်ကလည်း ပုကွသည်။ အသားကလည်း မည်းသည်။ ထို့ကြောင့် 'ငမည်းကွ' ဟု အမည်တွင်ခြင်း ဖြစ်သည်။


သူသည် ရွာနီးချင်းမှ လယ်လုပ်သူ တစ်ဦး၏ သမီးကို မေတ္တာရှိသည်။ ထိုအမျိုးသမီးမှာ ထန်းပင်ကဲ့သို့ မြင့်သွယ်သော ကိုယ်ဟန်ရှိသဖြင့် မအိမ်ထန်း(ဒီဃတာလာ) ဟု အမည်တွင်သည်။

ငမည်းကွသည် မအိမ်ထန်း၏ မိဘတို့အား သမီးကို ထိမ်းမြားပေးပါရန် တောင်းခံသည်။ မအိမ်ထန်း၏ မိဘများက မိမိတို့၏ အိမ်၌ ၇-နှစ် အလုပ်လုပ်လျက် ကျွန်ခံလျှင် ထိမ်းမြားပေးမည်ဟု ဆိုသည်။ ငမည်းကွလည်း လက်ခံကာ ၇-နှစ်တိုင် ကျွန်ခံသည်။ ၇-နှစ် စေ့သောအခါ မအိမ်ထန်း၏ မိဘများကလည်း ကတိအတိုင်း ပေးထိမ်းမြားသည်။ မိမိတို့အိမ်မှာပင် နေစေသည်။

ငမည်းကွသည် ယောက္ခမအိမ်၌ နေရာမှ တစ်နေ့တွင် ထိုအိမ်၌ မနေလို။ မိဘရပ်ထံ သွားရောက်နေလိုသော ဆန္ဒဖြစ်လာသည်။ ထို့ကြောင့် မအိမ်ထန်းအား သူ၏ မိဘရပ်ထံ သွားရောက်နေထိုင်လိုကြောင်း ပြောသည်။ မအိမ်ထန်းက ၃-ကြိမ်တိုင် တားမြစ်သည်။ မရ။ နောက်ဆုံးတွင် ငမည်းကွနောက်သို့ လိုက်ပါသွားသည်။

လမ်းခရီးတွင် မြစ်တစ်ခုသို့ ရောက်လာသည်။ သူတို့နှစ်ဦးလုံး ရေကြောက်သူများ ဖြစ်ကြသဖြင့် မြစ်ကို မကူးဝံ့။ ကမ်းပါးတွင် ရပ်လျက် တစ်ဖက်ကမ်းကို မျှော်လျက်နေကြသည်။

ထိုအခိုက် သူတို့အနီးသို့ ယောက်ျားတစ်ယောက် ရောက်လာသည်။ သူသည် ကျောကုန်း ရှည်လှသည်။ ထို့ကြောင့် ငကျောရှည် (ဒီဃပိဌိ) ဟု အမည်တွင်သည်။

ငမည်းကွက "အဆွေ- ဤမြစ်သည် ရေနက်သလော။ ရေတိမ်သလော" ဟု ငကျောရှည်ကို မေး၏။ ငကျောရှည်က "ဤမြစ်ကား အလွန်ပင် ရေနက်၏။ ငါး၊ လိပ်၊ မကန်း၊ မိကျောင်း၊ လင်းပိုင်တို့လည်း ရှိ၏" ဟူ၍ လိမ်ညာပြော၏။ ငမည်းကွက "ဤသို့ဆိုလျှင် သင် မည်သို့ကူးမည်နည်း" ဟု မေး၏။ ငကျောရှည်က "ဤမြစ်၌ ငါသည် ကျင်လည်နေသဖြင့် မိကျောင်း၊ လင်းပိုင်တို့သည် ငါနှင့် ယဉ်ပါးနေသည်။ ငါ့ကို ရန်မပြုကြပါ" ဟူ၍ လိမ်ညာပြောပြန်၏။

ငမည်းကွလည်း ငကျောရှည်စကားကို ယုံကြည်ကာ မိမိတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန် တောင်းပန်၏။ ငကျောရှည်လည်း လက်ခံသည်။ မအိမ်ထန်းကို ပခုံးပေါ်မှာ ထမ်းလျက် အလျင်ပို့၏။ မြစ်ထဲသို့ အတန်ငယ် ဆင်းမိသောအခါ ရေနက်သည်ဟု ထင်စေရန် ဆောင့်ကြောင့်ထိုင်၍ သွားလေသည်။

မြစ်လယ်သို့ရောက်သောအခါ ငကျောရှည်သည် မအိမ်ထန်းအား ချစ်ကြိုက်စကားပြောသည်။ မအိမ်ထန်းကလည်း သဘောတူသည်။ တစ်ဖက်ကမ်းသို့ရောက်သောအခါ နှစ်ယောက်အတူ ထွက်ပြေးကြလေသည်။

ထိုအခါ ငမည်းကွသည် လိုက်ရန်အတွက် အသက်စွန့်၍ မြစ်ထဲသို့ဆင်းသည်။ ရေမနက်။ ရေတိမ်မှန်း သိသွားသည်။ အမြန်လိုက်ရာ ငကျောရှည်တို့ကို မှီလေသည်။

ငမည်းကွက "ဟယ် သူယုတ်မာ၊ ငါ့မိန်းမကို အဘယ်သို့ ခိုးယူသွားမည်နည်း" ဟုဆို၏။ ငကျောရှည်ကလည်း "ဟယ် သူယုတ်သား ငကွ၊ ငါ့မယားနှင့်ငါ ခရီးသွားရာ အဘယ့်ကြောင့် ငါ့ကို မယားခိုးဟု စွပ်စွဲပါသနည်း" ဟု ဆိုကာ တွန်းပစ်၏။

ယင်းသို့ အငြင်းအခုံဖြစ်ရာမှ ထိုအမှုသည် မဟောသဓာထံ ရောက်လာသည်။ မဟောသဓာလည်း ရှေးဦးစွာ ငကျောရှည်ကို ခေါ်ယူ၍ သူ၏အမည၊် မယားအမည်၊ မယားရွာအမည်၊ မယားမိဘအမည် စသည်တို့ကို မေးသည်။ ငကျောရှည်သည် မိမိအမည်မှ တစ်ပါး အခြား အမည်တို့ကို မှန်အောင် မပြောတတ်။ ရမ်းဆ၍သာ ပြော၏ ထိုစကားတို့ကို မဟောသဓာသည် ပရိသတ်အား မှတ်သားစေသည်။

ထို့နောက် ငမည်းကွကို ခေါ်သည်။ ငကျောရှည်နည်းတူ မေးမြန်းသည်။ ငမည်းကွက မိမိအမည်၊ မယားအမည်၊ မယားရွာအမည်၊ မယားမိဘအမည် စသည်တို့ကို ဟုတ်တိုင်းမှန်ရာ ပြောပြသည်။ မဟောသဓာသည် ထိုစကားတို့ကိုလည်း ပရိသတ်အား မှတ်သားစေသည်။

ထို့နောက် မအိမ်ထန်းကို အထက်ပါအတိုင်း စစ်မေးပြန်သည်။ မအိမ်ထန်းလည်း မိမိအမည်၊ မိမိရွာအမည်၊ မိမိ မိဘအမည် စသည်တို့ကို ဟုတ်တိုင်းမှန်ရာ ပြောနိုင်သည်။ လင်အမည်ကိုကား မပြောနိုင်။ ငကျောရှည်အမည်ကို မသိသဖြင့် ရမ်းဆ၍ ပြောလိုက်သည်။ မမှန်။ မဟောသဓာသည် ထိုစကားကိုလည်း ပရိသတ်အား မှတ်သားစေသည်။

ပြီးသော် ပရိသတ်အား "အချင်းတို့၊ ဤမိန်းမ ထွက်ဆိုသော စကားသည် ဤလူကျောရှည်စကားနှင့် ညီသလော၊ သို့မဟုတ် ဤလူကွစကားနှင့် ညီသလော" ဟု မေးသည်။ ပရိသတ်က "ဤမိန်းမစကားသည် ဤလူကွစကားနှင့်သာ ညီတော့သည်။ အရှင့်သား၊ ဤ လူကွသည် ဤ မိန်းမ၏ လင်တည်း။ ဤလူကျောရှည်ကား မယားခိုးတည်း" ဟူ၍ တညီတညွတ်တည်း ဆိုကြ၏။

ငကျောရှည်လည်း မငြင်းသာ။ မယားခိုးကြောင်း ဝန်ခံရလေသည်။ ငမည်းကွလည်း မဟောသဓာအား ချီးကျူးစကားဆိုပြီးလျှင် မအိမ်ထန်းကို မိမိ၏ မိဘအိမ်သို့ ခေါ်သွားလေသည်။

မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ငကျောရှည်အား ဆုံးမ၍လည်းကောင်း၊ ဒဏ်ပေး၍လည်းကောင်း လွှတ်လိုက်၏။

ဤအကြောင်းကို အမတ်သိလျှင် အလုံးစုံကို စာရေး၍ ဝိဒေဟရာဇ်မင်းကြီးအား လျှောက်စေသည်။ မင်းကြီးက မဟောသဓာအားခေါ်မည် ပြုပြန်သည်။ သေနကအမတ်က တားမြစ်ပြန်သည်။ ဤတွင် မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပြန်။ "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၉ "ရထားခိုးမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၇

သားခိုးအမှု

တစ်နေ့သ၌ မိန်းမတစ်ယောက်သည် သားငယ်ကို ပိုက်ချီလျက် မဟောသဓာ စီရင်သော ရေကန်သို့ ရောက်လာသည်။ သူသည် သားငယ်ကို ရှေးဦးစွာ ရေချိုးပေးသည်။ ထို့နောက် မိမိ မျက်နှာသစ်ရန်အတွက် သားငယ်ကို အဝတ်ပေါ်၌ သိပ်ထားပြီးလျှင် ရေကန်သို့ ဆင်းသည်။


ထိုအခြင်းအရာကို ဘီလူးမတစ်ယောက် တွေ့မြင်သွားသည်။ ဘီလူးမသည် သားငယ်ကို စားချင်သဖြင့် မိန်းမအသွင် ဖန်ဆင်းလာသည်။

"အဆွေမ၊ သည်သူငယ်သည် ချစ်ကြင်နာဖွယ်ရှိ၏။ သင့်သားပေလော့"
"မှန်ပါသည်။ ကျွန်ုပ်၏သားဖြစ်ပါသည်"
"ထိုသူငယ်ကိုချီ၍ ကျွန်ုပ်နို့တိုက်စမ်းပါရစေ"

သူငယ့်အမိလည်း သဘောရိုးထင်၍ "တိုက်ပါလော့" ဟုဆိုသည်။ ဘီလူးမသည် သူငယ်ကို ပိုက်၍ နို့တိုက်ဟန်ဆောင်ကာ ခိုးယူထွက်ပြေးလေသည်။

သူငယ့်အမိလည်း "သင် ငါ့သားကိုယူ၍ အဘယ်သို့ သွားမည်နည်း" ဟု ဆိုလျက် ပြေးလာ၏။ ဘီလူးမလက်ကို ကိုင်ဆွဲ၏။

ဘီလူးမက "ဤသူငယ်ကား သင့်သား မဟုတ်။ ငါ့သားတည်း" ဟု ဆိုကာ မပေးဘဲထား၏။ နှစ်ဦးငြင်းခုံကြလျက် မဟောသဓာ ကစားရာ တံခါးဝသို့ ရောက်လာ၏။ လူအများလည်း ဝိုင်းဝန်းလာကြသည်။

ဘီလူးမက "အရှင့်သား၊ ကျွန်ုပ်သားကို ကျွန်ုပ်ပိုက်ချီလျက် ခရီးသွားပါသည်။ ထိုစဉ် ထိုမိန်းမက သူ့သားကို ယူသည်ဟု စွပ်စွဲပါသည်။ ကျွန်ုပ်သည် ထိုမိန်းမကို လုံးဝမသိကျွမ်းပါ" ဟု ဆို၏။

သူငယ့်အမိက "အရှင့်သား၊ ထိုသို့မဟုတ်ပါ" ဟု ဆို၍ ဖြစ်ပျက်ပုံ အလုံးစုံကို ဟုတ်တိုင်း ပြန်ကြား၏။

မဟောသဓာသည် စကားနှစ်ခွန်းကို ကြားပြီးနောက် မိန်းမနှစ်ဦးကို အကဲခတ် ကြည့်ရှုသည်။ ဘီလူးမနှင့် သူငယ့်အမိကို ခွဲခြားသိမြင်သွားသည်။ သို့ရာတွင် အများသိအောင် စီရင်ပြမည်ဟု ကြံသည်။ "သင်တို့၊ ငါ့အဆုံးအဖြတ်ကို လိုက်နာမည်လော" ဟု မေးသည်။ "လိုက်နာပါမည်" ဟု နှစ်ဦးလုံးကလည်း ဝန်ခံကြသည်။

ဤတွင် မဟောသဓာသည် မြေ၌ စည်းသားသည်။ စည်းပေါ်၌ သူငယ်ကို သိပ်ထားစေသည်။ ထို့နောက် ဘီလူးမအား သူငယ်၏ လက်တို့ကို ကိုင်စေသည်။ သူငယ်၏ အမိအား သူငယ်၏ ခြေတို့ကို ကိုင်စေသည်။ အသင့်ရှိကြသော် "သင်တို့နှစ်ယောက် ကလေးကို လုကြလော့။ လု၍ နိုင်သောသူသည် သားရှင်ဖြစ်စေ" ဟု ဆို၏။

မိန်းမနှစ်ယောက်လည်း မဟောသဓာ ဆိုတိုင်း လုကြသည်။ သူငယ်သည် အလွန်နာကျင်သဖြင့် သည်းစွာငိုသည်။ အမိသည် သူငယ်၏ ဖြစ်အင်ကို မရှုရက်။ မိမိ၏ နှလုံး ကွဲအံ့သကဲ့သို့ စိတ်ထိခိုက်သည်။ ထို့ကြောင့် သူငယ်၏ ခြေတို့ကို လွှတ်လိုက်သည်။ ရပ်လျက် ညှိုးငယ်စွာ နေ၏။

ဤတွင် မဟောသဓာက ပရိသတ်အား "အချင်းတို့၊ အမိနှင့်သူစိမ်းတွင် သားကို မည်သူက ချစ်သနည်း" ဟု မေးသည်။

ပရိသတ်က "အရှင့်သား၊ အမိသာလျှင် သားကိုချစ်၏" ဟု ဆိုကြ၏။

ထိုအခါ ပရိသတ်ကို မဟောသဓာ မေးပြန်သည်။

"အချင်းတို့၊ ယခု သူငယ်ကို လုယူနိုင်သောမိန်းမသည် ထိုသူငယ်၏ မိခင်လော။ သို့တည်းမဟုတ်၊ မလုနိုင်သော မိန်းမသည် ထိုသူငယ်၏ မိခင်လော။ သင်တို့ အသို့ထင်ကြသနည်း"

"အရှင့်သား၊ သူငယ်နာကျင်သည်ကို မရှုရက်သဖြင့် လွှတ်လိုက်သော မိန်းမသည်သာလျှင် သူငယ်၏ မိခင်ဖြစ်မည်ဟု အကျွန်ုပ်တို့ ထင်ပါသည်"

"အချင်းတို့၊ သင်တို့အထင် မှန်ပေသည်။ သူငယ်နာကျင်သည်ကို ရှုစိမ့်သော မိန်းမသည် ခိုးသူမဖြစ်သည်။ ထိုခိုးသူမကို သင်တို့ သိကြသလော"
"အရှင့်သား၊ ကျွန်ုပ်တို့ မသိကြပါ"
"အချင်းတို့၊ ထိုမိန်းမသည် လူမဟုတ်။ ဘီလူးမတည်း။ ဤသူငယ်ကို စားလို၍ ခိုးယူခြင်းဖြစ်သည်"
"အရှင့်သား၊ အဘယ့်ကြောင့်သိသနည်း"
"အချင်းတို့၊ ရှုကြလော့။ ဤခိုးသူမသည် မျက်တောင်လည်း မခတ်။ မျက်ထောင့်လည်း နီ၏။ သူငယ်ကိုလည်း သနားချစ်ခင်ခြင်း လုံးဝမရှိ"

ဤသို့ဆိုကာ မဟောသဓာက ဘီလူးမအား "သင် အဘယ်သူနည်း။ မှန်တိုင်း ပြောလော့" ဟု မေး၏။

ဘီလူးမလည်း မကွယ်မဝှက်နိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံရပေသည်။ မဟောသဓာလည်း ဘီလူးမအား "နောင် ဤကဲ့သို့ မကောင်းမှုကို မပြုပါလေနှင့်" ဟူ၍ ဆိုဆုံးမ၏။ ငါးပါးသီလ၌ တည်စေလျက် လွှတ်လိုက်၏။

သူငယ့်အမိလည်း "အရှင့်သား၊ ဤသူငယ်တွင် အကျွန်ုပ်၏ မွေးသောအသက် မရှိပြီ။ အရှင့်သားပေးသော အသက်သာ ရှိတော့သည်" ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းသည်။ "အရှင့်သားသည် သက်တမ်းတစ်လျှောက်လုံး သက်တော်ရှည်စွာ နေရပါစေသတည်း" ဟု ဆုတောင်း၍ သားငယ်ကို ပိုက်ချီလျက် အိမ်သို့ ပြန်သွားသည်။

ဝိဒေဟရာဇ် မင်းကြီး၏ အမတ်သည် ဤအခြင်းအရာကို လျှောက်စာတင်၍ မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို ရှေးနည်းအတူ တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးကလည်း ရှေးနည်းအတူ ဟန့်တားပြန်သည်။ ဤတွင် မင်းကြီးက "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၈ "ငမည်းကွနှင့် ငကျောရှည် အမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၆

ချည်လုံးခိုးမှု

တစ်နေ့သ၌ ဝါခင်းစောင့်သော မိန်းမတစ်ယောက်သည် ဝါပေါက်သန့်သန့်ကို ချည်ငင်လျက် လုံးသည်။ ထို့နောက် ထိုချည်လုံးကို ယူ၍ ရွာသို့ ပြန်ခဲ့သည်။


ထိုမိန်းမသည် မဟောသဓာ၏ ရေကန်သို့ ရောက်သောအခါ ရေချိုးမည်ဟူ၍ အကြံဖြစ်သည်။ ထို့ကြောင့် ချည်လုံးကို မိမိအင်္ကျီပုံပေါ်၌ တင်ထား၍ ရေဆင်းချိုးသည်။

အခြားမိန်းမတစ်ယောက်သည် ထိုချည်လုံးကို မြင်လျှင် လိုချင်လာသည်။ "အမယ်- ဤချည်ကို အမယ်ငင်လေသလော၊ ဖြစ်ခဲပေစွ" ဟု ဆိုသည်။ ထို့နောက် ကြည့်ချင်ဟန်ပြု၍ ယူပြေးလေသည်။

ချည်လုံးရှင် မိန်းမလည်း ရေမှတက်၍ လိုက်သည်။ "သင် အဘယ်ကြောင့် ငါ့ချည်လုံးကို ခိုးယူပြေးသနည်း" ဟု ဆို၍ အင်္ကျီစကို ကိုင်ဆွဲထား၏။ ခိုးသူမလည်း "ငါ့ချည်လုံးကို ငါယူလျက် ခရီးသွားသည်။ သင့် အဘယ့်ကြောင့် ငါ့အား ခိုးသူမဟု စွပ်စွဲရသနည်း။ ငါ့ကို မနှောင့်ယှက်နှင့်။ ဆုတ်လော့" ဟု ဆို၍ အတင်းထွက်သွားမည်ပြု၏။ ချည်လုံးရှင်ကလည်း မသွားရအောင် တားမြစ်၏။ အငြင်းအခုံ ဖြစ်ကြ၏။ လူအများ ဝိုင်းဝန်းလာကြ၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်ကို ခေါ်စေသည်။ အမူအရာ အသွင်အပြင် လက္ခဏာကို ဆင်ခြင်ကြည့်လိုက်လျှင်ပင် ဤသူကား ခိုးသူမ၊ ဤသူကား ချည်လုံးရှင်ဟု အတပ်သိလိုက်သည်။ သို့ရာတွင် လူအများသိစေခြင်းငှာ စစ်ဆေးမေးမြန်းသည်။ ရှေးဦးစွာ ခိုးသူမအား မေးမြန်းသည်။

"ချည်လုံး၏ အတွင်း၌ မည်သည့်အရာကို ထည့်ခံ၍ လုံးပါသနည်း"
"အရှင့်သား၊ ဝါစေ့ကို ထည့်၍ လုံးပါသည်"

ထို့နောက် ချည်လုံးရှင်ကို မဟောသဓာက မေးပြန်သည်။ ထိုအခါ ချည်လုံးရှင်က "အရှင့်သား၊ တည်စေ့ကို ထည့်၍ လုံးပါသည်" ဟု ဖြေကြား၏။

မဟောသဓာသည် ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေသည်။ ထို့နောက် ချည်လုံးကို ဖြေဖွင့်ကြည့်စေသည်။ ထိုအခါ တည်စေ့ကို တွေ့လေ၏။

ခိုးသူမလည်း မငြင်းနိုင်။ မိမိ ခိုးယူကြောင်း ဝန်ခံရလေသည်။ မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ခိုးသူမကို ဆုံးမ၍ လွှတ်လိုက်လေသည်။

ဤအကြောင်းကို အမတ်သိရှိသော် မင်းကြီးအား လျှောက်ထားစေ၏။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနက အမတ်ကြီးကို တိုင်ပင်ပြန်သည်။ သေနက အမတ်ကြီးကလည်း ရှေးနည်းအတူ ဖျက်ပြန်သည်။ မင်းကြီးလည်း "ထပ်မံစုံစမ်းပါလေဦး" ဟူ၍ စေတော်မူလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၇ "သားခိုးအမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၅

လည်ရွဲအမှု

တစ်ခါသော် သူဆင်းရဲမ တစ်ယောက်သည် သူချမ်းသာမများကဲ့သို့ ရွှေ၊ ငွေ၊ ကျောက်များကို ခြယ်သော လည်ရွဲဘယက်တို့ကို မဆင်နိုင်ရှာ။ ချည်ရောင်စုံဖြင့် ထိုးချုပ်သော ချည်လည်ရွဲကိုသာ ဆင်ရရှာသည်။


တစ်နေ့သ၌ ထိုမိန်းမသည် မဟောသဓာ တည်ထားသော ရေကန်သို့ ဆင်း၍ ရေချိုးမည်ပြုသည်။ ရေကန်သို့ မဆင်းမီသူမသည် ထိုချည်လည်ရွဲကို လည်မှချွတ်သည်။ အဝတ်အစားများပေါ်၌ တင်ထားသည်။ ထို့နောက်မှ ရေကန်သို့ ဆင်းသည်။

ထိုစဉ် မိန်းမငယ် တစ်ယောက်သည် ထိုလည်ရွဲကို မြင်သော် လိုချင်စိတ် ဖြစ်ပေါ်လာသည်။ ထိုလည်ရွဲကို ကောက်ယူပြီးလျှင်-

"အစ်မ၊ ဤလည်ရွဲသည် အလွန်လှပတင့်တယ်၏။ ထိုးချုပ်ရန် ချည်မည်မျှ ကုန်သနည်း။ ဤလည်ရွဲကဲ့သို့ ကျွန်မလည်း ထိုးချုပ်ချင်ပါသည်။ ခဏ ကြည့်ပါရစေ" ဟု ဆို၏။

လည်ရွဲရှင် မိန်းမကလည်း သဘောရိုးဖြင့် ဆိုသည်ထင်၍ "ကောင်းပြီ၊ ကြည့်ပါလော့" ဟု ဆို၏။

ထိုအခါ မိန်းမငယ်သည် လည်ရွဲကို မိမိလည်၌ ဆင်၍ လျင်မြန်စွာ ပြေးလေ၏။

လည်ရွဲရှင် မိန်းမလည်း နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ-
"အဘယ့်ကြောင့် ငါ့လည်ရွဲကို ယူပြေးရသနည်း" ဟု ဆို၌ မိန်းမငယ်၏ တဘက်ကို ဆွဲထား၏။

မိန်းမငယ်လည်း "ငါ့လည်ရွဲကို ငါဆင်၍ ထားသည်။ အဘယ့်ကြောင့် ရှင်မ၏ လည်ရွဲခိုးသူဟု စွပ်စွဲ ဆွဲငင်ရသနည်း" ဟု ဆို၍ ရုန်းကန်၏။

ရွာသူရွာသား အပေါင်းကလည်း ဝန်းရံလာကြ၏။ ထိုအမှုသည် မဟောသဓာထံ ရောက်လာ၏။ မဟောသဓာသည် သူတို့နှစ်ဦး၏ အမူအယာကို ကြည့်ရုံမျှဖြင့် မည်သူ သူခိုး၊ မည်သူ လည်ရွဲရှင် ဖြစ်သည်ကို အတပ်သိလိုက်၏။ သို့ရာတွင် အများသိအောင် သက်သေပြမည် ကြံ၍ စစ်ဆေး မေးမြန်း၏။

မဟောသဓာသည် ရှေးဦးစွာ ခိုးသူမကို မေးမြန်း၏။

"သင်၏ လည်ရွဲကို မည်သည့်နံသာရည်ဖြင့် မပြတ် သုတ်လိမ်းပါသနည်း"
"အမွှေးပေါင်းစုံဖြင့် လုပ်သော နံ့သာပေါင်းဖြင့် နေ့တိုင်း အမြဲသုတ်လိမ်းပါ၏"

ထို့နောက် လည်ရွဲရှင် မိန်းမကို မေးပြန်သော်-
"အရှင့်သား၊ ဆင်းရဲသူ ကျွန်ုပ်မှာ နံ့သာပေါင်း ဘယ်မှာ ရနိုင်မည်နည်း။ အကျွန်ုပ်သည် ဤလည်ရွဲကို သျှစ်သျှားပွင့်ဖြင့်သာ နေ့တိုင်းးမပြတ် သုတ်လိမ်းပါ၏" ဟု ဆို၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေ၏။ ထို့နောက် ရေခွက်ကို ဆောင်ယူစေ၍ ထိုရေခွက်၌ လည်ရွဲကို နှစ်စေ၏။ ပြီးသော် အနံ့၌ ကျွမ်းကျင်သော လူတစ်ယောက်ကို ခေါ်သည်။ မည်သည့်အနံ့ နံသည်ကို သိရအောင် နမ်းစေ၏။

ထိုသူသည် ရေစိုသော လည်ရွဲကို နမ်းသောအခါ သျှစ်သျှားပွင့်နံ့ ရ၏။ ထို့ကြောင့် "အရှင့်သား၊ ဤ လည်ရွဲ၌ နံ့သာပေါင်းနံ့ မရှိ။ သျှစ်သျှားပွင့်နံ့သာ လှိုင်၏။ မိန်းမငယ်စကား မမှန်။ ဒုတိယ မိန်းမစကား မှန်၏" ဟု ပြန်ကြား၏။

မဟောသဓာလည်း ခိုးသူမအား "သင့်ဥစ္စာဟု သင်ဆိုသည်။ လည်ရွဲက သင့်ကို ခိုးသူမဟု ထုတ်ဖော်ပြနေပြီ။ သင်အသို့နည်း" ဟု မေး၏။

ခိုးသူမလည်း မလိမ်ညာနိုင်။ မိမိခိုးယူကြောင်း ဝန်ခံရ၏။ ထိုအခါ မဟောသဓာနှင့် ဖွားဖက်တစ်ထောင်တို့သည် ခိုးသူမကို ဆုံးမလွှတ်လိုက်၏။ လည်ရွဲရှင်အား လည်ရွဲကို ပြန်ပေးလိုက်၏။

ထိုအကြောင်းကို မင်းကြီး စေလွှတ်ထားသော အမတ်သိလျှင် အဖြစ်အပျက် အလုံးစုံကို လျှောက်စာတင်၍ မင်းကြီးကို ကြားလျှောက်စေ၏။

ဝိဒေဟရာဇ်မင်းကြီးလည်း နှစ်သက်ခြင်းဖြစ်၏။ သေနကအမတ်ကြီးအား ခေါ်၍ "မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်သင့်ပြီ မဟုတ်ပါလော" ဟု တိုင်ပင်တော်မူ၏။

သေနကအမတ်ကြီးကလည်း "အရှင်မင်းကြီး၊ ဤမျှလောက်ဖြင့် သုခမိန် မခန့်လောက်သေး။ ငံ့တော်မူပါဦးလော့" ဟု ဆို၍ ဝန်တိုစိတ်ဖြင့် တားမြစ်ပြန်လေ၏။

(မဟောသဓာဇာတ် အပိုင်း-၆ "ချည်လုံးခိုးမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၎

နွားခိုးမှု

တစ်နေ့သ၌ မဟောသဓာနေသော ရွာမှ လူတစ်ယောက်သည်မိုးကျလျှင် လယ်ထွန်ရန် အခြားရွာမှ နွားတစ်ရှဉ်း ဝယ်လာသည်။ ထို့နောက် ထိုနွားတို့ကို စားကျက်၌ ကျောင်းရင်း အိပ်ချင်သဖြင့် သစ်ပင်အောက်၌ ဝင်အိပ်၏။ ထိုစဉ် သူခိုးတစ်ယောက် ရောက်လာပြီး ထိုနွားတစ်ရှဉ်းကို ခိုးပြေးလေသည်။


နွားရှင်နိုး၍ နွားတို့ကို သူခိုးမောင်းပြေးသည်ကို မြင်သောအခါ နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ "သင် အဘယ့်ကြောင့် ငါ့နွားတို့ကို ခိုးယူသနည်း" ဟု ဆို၏။

သူခိုးကလည်း "သင်ဘယ်သူနည်း။ ငါ့နွားကို ငါလိုရာဆောင်သည်။ ငါ့အား အဘယ်ကြောင့် သူခိုးဟု စွပ်စွဲရသနည်း" ဟု ဆို၏။ ဤသို့ နွားရှင်နှင့် နွားသူခိုးတို့ အငြင်းပွားနေရာသို့ လူအများ ဝိုင်းအုံရောက်လာကြသည်။ မဟောသဓာ သိသောအခါ မိမိထံ အခေါ်ခိုင်းသည်။ မြင်လျှင်ပင် မည်သူ သူခိုးဖြစ်သည်ကို သိလိုက်ပြီ။ သို့ရာတွင် အများသိစေအံ့ဟု ကြံလျက် "ကျွန်ုပ်ဆုံးဖြတ်ရာ နာခံကြမည်လော" ဟု မေးသည်။

ထိုသူနှစ်ယောက်လုံးကလည်း "နာခံပါမည်" ဟု ဆို၏။ ဤတွင် မဟောသဓာက သူခိုးအား "သင့်နွားကို မည်သည့်အစာ ကျွေးသနည်း" ဟု မေး၏။
သူခိုးက "ယာဂုတိုက်ပြီး နှမ်းဖတ်နှင့် ပဲမှော်တို့ကို ကျွေးပါသည်" ဟု ဖြေ၏။

ထို့နောက် မဟောသဓာက နွားရှင်ကိုမေးသည်။ နွားရှင်ကမူ "မြက်ကိုသာ ကျွေးပါသည်" ဟု ဖြေသည်။

မဟောသဓာသည် သူတို့နှစ်ယောက်၏ စကားကို ပရိသတ်အား မှတ်သားစေသည်။ ထို့နောက် သျှိသျှားရွက်ကို ထောင်း၍ ရေနှင့်ဖျော်ကာ နွားတို့ကို ဝမ်းသွားအောင် တိုက်စေသည်။ နွားတို့လည်း ဝမ်းသွားကြရာ မြက်ဖတ်သာ ပါကြသည်။

မဟောသဓာက ပရိသတ်အား "ဤနွားချေးကို ရှုကြလော့" ဟု ပြသည်။ ထို့နောက် နွားသူခိုးအား "သင် ငြင်းမရ။ သင် နွားခိုး မဟုတ်လော" ဟု မေး၏။ သူခိုးလည်း ဟုတ်မှန်ရာ ဝန်ခံရသည်။

မဟောသဓာသည် နွားရှင်အား နွားများကို ပေးအပ်သည်။ ဖွားဖက်တော်များက သူခိုး အရှက်ရအောင် ထောင်းထုကြသည်။ မဟောသဓာလည်း သူငယ်ဖော်တို့ ထောင်းထု၍ မှတ်လောက်သောအခါ သူခိုးကို ဆုံးမလွှတ်လိုက်သည်။

စုံစမ်းသော အမတ်သည် ထိုအကြောင်းကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း နှစ်သက် သဘောကျသဖြင့် သိန်းအမတ်ကို ခေါ်ပြန်သည်။ "အမတ်ကြီး မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်တန်ပြီ မဟုတ်လော" ဟုဆို၏။ သိန်းအမတ်လည်း မနာလိုဖြစ်မြဲဖြစ်ကာ "ထို နွားခိုးမှုကို စီရင်နိုင်ရုံမျှဖြင့် သုခမိန် မခေါ်လောက်သေး။ ဆိုင်းပါဦး" ဟု ဆိုပြန်သည်။

မင်းကြီးလည်း "ထပ်မံစုံစမ်းပါဦး" ဟူ၍ စုံစမ်းရန် စေခိုင်းထားသော အမတ်အား ညွှန်ကြားလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၅ "လည်ရွဲအမှု" ကိုဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၃

စွန်ချီလာသော သားတစ်

တစ်နေ့သ၌ စွန်ရဲတစ်ကောင်သည် ဈေးထဲမှ သားတစ်တစ်ခုကို ချီ၍ ပျံလာသည်။ မဟောသဓာ၏ ဖွားဖက်တော် သူငယ်ချင်းများ မြင်သော် သားတစ်ကို ချစေလိုသဖြင့် အော်ဟစ် ခြောက်လှန့်ကြသည်။ မရ။ ဤတွင် စွန်ကို မျှော်ကြည့်၍ ပြေးလိုက်ရာ ခလုတ်တိုက်၍ လဲပြိုကြသည်။


ထိုအခါ မဟောသဓာက "အချင်းတို့ ထိုစွန်ချီသော သားတစ်ကို ယခုပင် ချစေအံ့" ဟု ဆိုကာ ကောင်းကင်ကို မကြည့်။ စွန်၏ အရိပ်ကိုသာ ကြည့်၍ ပြေးလိုက်သည်။ ထို့နောက် စွန်၏ အရိပ်ကို နင်းပြီးလျှင် လက်ခုပ်တီးလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ စွန်လည်း ကြောက်လန့်၍ သားတစ်ကို လွှတ်ချလိုက်လေသည်။

ထိုသားတစ်ကို မဟောသဓာသည် မော်၍မကြည့်၊ အရိပ်ကို ကြည့်၍သာ လက်ဖြင့် ဖမ်းယူလိုက်လေသည်။ မြင်သူအပေါင်းလည်း အံ့သြ ချီးမွမ်းမဆုံး ရှိကြသည်။

စုံစမ်းနေသော အမတ်သည် ထိုအခြင်းအရာကို တွေ့မြင်သောအခါ မင်းကြီးထံ တမန်စေလွှတ်လျက် အကြောင်းစုံ လျှောက်ထားသည်။ မင်းကြီးက သိန်းအမတ်ကို တင်ပင်ပြန်သည်။ သိန်းအမတ်သည် မဟောသဓာ ရောက်လာလျှင် ငါတို့ တန်ခိုး မှိန်လိမ့်မည်ဟု တွေးသည်။ "ဤမျှလောက်ဖြင့် ပညာရှိ မဆိုနိုင်သေးပါ" ဟု ဆိုကာ တားမြစ်ပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၄ "နွားခိုးမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၂

ထူးခြားသောဇရပ်

မဟောသဓာနှင့် ဖွားဖက်တစ်ထောင်သည် အတူကစားရွှင်ပျော်လျက် ကြီးပြင်းလာကြသည်။ ၇-နှစ် အရွယ်သို့ ရောက်သောအခါ မဟောသဓာသည် 'မိမိတို့ ပျော်ပါးကစားရာဇြဖစ်သော မြေတလင်းကား မသင့်။ ဆူးငြောင့်ခလုတ်လည်း ထူထပ်သည်။ မိုးရွာသောအခါ ရွှံ့နှင့်မကင်း။ နေပူသောအခါတွင်လည်း မိမိတို့မှာ နေပူဒဏ်ခံရသည်' ဟူ၍ အကြံဖြစ်၏။ ဖွားဖက်တော်တို့အား အကျိုးအကြောင်း ပြောပြကာ "အချင်းတို့၊ ငါတို့ကစားရန်အတွက် ဇရပ်ဆောက်ရသော် သင့်မည်။ ဇရပ်ဆောက်လုပ်ရန် တစ်ယောက်လျှင် အသပြာတစ်ကျပ်စီ ဆောင်ယူ စုပေါင်းကြလော့" ဟူ၍ ဆို၏။


ဖွားဖက်တော်တို့လည်း မဟောသဓာဆိုတိုင်းပင် မိမိတို့အိမ်မှ တစ်ကျပ်စီ ဆောင်ယူလာကြသည်။ စုပေါင်းလိုက်သောအခါ အသပြာ တစ်ထောင်ရသည်။ မဟောသဓာသည် တတ်သိကျွမ်းကျင်သော လက်သမားဆရာကြီးကို ခေါ်သည်။ အသပြာတစ်ထောင်ပေးကာ ဇရပ်ဆောက်စေသည်။ လက်သမားကြီးသည် ဇရပ်ဆောက်ရာ၌ မဟောသဓာစိတ်ကြိုက် မဆောက်နိုင်။ ထို့ကြောင့် မဟော်သဓာက ဦးဆောင်စီမံရသည်။ မဟောသဓာ စီမံသည့်အတိုင်း လက်သမားဆရာကြီက ဆောက်ပေးရလေသည်။

မဟော်သဓာ စီမံဆောက်လုပ် ဇရပ်မှာ သာမန်ဇရပ် မဟုတ်။ ခိုကိုးရာမဲ့ ခရီးသွား ကိုယ်ဝန်ဆောင် မိန်းမများ သားဖွားရန်အခန်း၊ အာဂန္တုရဟန်း ပုဏ္ဏားများ တည်းခိုရန် အခန်း၊ ခရီးသွား လူဧည့်သည်များ တည်းခိုရန်အခန်း၊ ရီးသွား ကုန်သည်များ ကုန်စည်ထားရန်အခန်း စသည်ဖြင့်အခန်းများ ဖွဲ့၍ဆောက်ထားသော ဇရပ်ဖြစ်သည်။ ထို့ပြင် ဇရပ်ထဲ၌ တရားစစ်ဆေး ဆုံးဖြတ်ရာဌာနကိုလည်း စီမံထားသည်။ ပန်းချီကား အမျိုးမျိုးကိုလည်း စိတ်တိုင်းကျ ရေးဆွဲခိုင်းသည်။ ထိုဇရပ်၌ပင် မိမိတို့ ကစားရန် ကစားကွင်းတစ်ခု ပြုလုပ်ထားသည်။ ဇရပ်အနီး၌ ထောင့်ကွေး အကောက်တစ်ထောင်နှင့် ရေဆိပ်ပေါင်း တစ်ရာရှိသော အုတ်ရေကန်ကြီးကိုလည်း တူးထားသည်။ ရေကန်ထဲ၌ ကြာမျိုးငါးပါး စိုက်၍ ကန်ပေါင်၌ ပန်းပင်သစ်ပင်များကို စိုက်ထားသည်။

ဤအရာအားလုံးကို မဟော်သဓာကိုယ်တိုင် စီမံ ပြုလုပ်ခိုင်းခြင်းဖြစ်သည်။ မဟောသဓာ၏ ဂုဏ်သတင်းမှာ ထင်ရှားကျော်ကြားသွားသည်။ အရပ်လေးမျက်နှာမှ လူအပေါင်းသည် တင့်တယ်လှသော ဇရပ်၊ ရေကန်၊ ဥယျာဉ်ကိုလည်း လာရောက်ကြည့်ကြသည်။ စီမံသူ မဟောသဓာကိုလည်း လာရောက်ကြည့်ကြ၏။

မဟော်သဓာသည် ရောက်လာသော သူတို့ကို သင့်တင့်လျောက်ပတ်စွာ စကားပြောဟောသည်။ အမှုကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင်လည်း တရားသဖြင့် ဆုံးဖြတ်ပေးလေသည်။

ဝိဒေဟရာဇ်မင်းကြီးသည် အိပ်မက်ထူးမြင်မက်ပြီးနောက် ၇-နှစ် ကျော်လာသောအခါ မိမိအိပ်မက် မြင်မက်သော ပညာရှိကို တွေ့လိုနေသည်။ ထို့ကြောင့် အမတ်လေးယောက်အား မြို့ပြင်လေးရပ်သို့ ထွက်၍ ရှာစေသည်။

အမတ်လေးယောက်တို့တွင် တောင်၊ မြောက်၊ အနောက် အရပ်သုံးမျက်နှာသို့ ထွက်ရှာကြသော အမတ်တို့သည် ပညာရှိကို ရှာမတွေ့ကြ။ အရှေ့အရပ်သို့ ထွက်၍ရှာသော အမတ်မူ အရှေ့ယဝမဇ္ဈဂုံးရွာ အရောက်၌ ထူးခြားဆန်းကြယ်သော ဇရပ်၊ ရေကန်တို့ကို မြင်တွေ့သွားသည်။ ထူးခြားလှသဖြင့် စုံစမ်းမေးမြန်းရာ ဤဇရပ် ဤရေကန်တို့ကို လူကြီး စီမံဆောက်လုပ်ထားသည် မဟုတ်။ ၇-နှစ်သား အရွယ် မဟောသဓာ ဆောက်လုပ်ကြောင်း သိရသည်။ ဤအခါ မင်းကြီး အိပ်မက်သော ပညာရှိ ဆိုသူမှာ ဤသူငယ်ပင် ဖြစ်လိမ့်မည် ဟူ၍ တွက်ဆသည်။ ဘုရင့်ထံ တမန် စေလွှတ်၍ အကျိုးအကြောင်း လျှောက်ထားစေသည်။

မင်းကြီးလည်း အမတ်၏ စကားကို ကြားသောအခါ လွန်စွာဝမ်းမြောက်သွားသည်။ သိန်းအမတ်ကို ခေါ်ပြီးလျှင် ပညာရှိကို ခေါ်ဆောင်ရန် တိုင်ပင်သည်။ သိန်းအမတ်က မနာလို။ "အရှင်မင်းကြီး ဇရပ်ဆောက်၊ ရေကန်တူးတတ်ရုံမျှဖြင့် ပညာရှိမဆိုနိုင်။ မည်သူမဆို ပြုလုပ်နိုင်ပါသည်" ဟူ၍ ဆိုကာ တားမြစ်သည်။ ဤတွင် မင်းကြီးက အမတ်အား "ထိုရွာ၌ပင် နေ၍ ထိုပညာရှိကလေး၏ အပြုအမူတို့ကို ဆက်လက်စုံစမ်းပါဦး" ဟူ၍ ညွှန်ကြားလိုက်သည်။ အမတ်လည်း ထိုရွာ၌ နေ၍ မဟောသဓာ၏ အပြုအမူတို့ကို စုံစမ်းရာ အောက်ပါတိုင်း အံ့ချီးဖွယ်တို့ကို မြင်တွေ့ရသည်။

(မဟောသဓာဇာတ် အပိုင်း-၃ ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၁

လွန်လေပြီးသောအခါ ဝိဒေဟတိုင်း၊ မိထိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီးသည် မင်းပြု၏။ ထိုမင်း၌ သေနက(သိန်း)၊ ပက္ကုသ(ပက္ကုသ်)၊ ကာမိန္ဒ(ကာမိန်)၊ ဒေဝိန္ဓ(ဒေဝိန်း) အမည်ရှိသော အမတ်ကြီး လေးယောက် ရှိ၏။

မိထိလာပြည်၏ အနီးမဝေး၊ အရပ်လေးမျက်နှာ၌ အရှေ့ယဝမဇ္ဈဂုံးရွာ၊ တောင်ယဝမဇ္ဈဂုံးရွာ၊ အနောက်ယဝမဇ္ဈဂုံးရွာ၊ မြောက်ယဝမဇ္ဈဂုံးရွာ ဟူသော ရွာကြီးလေးရွာလည်း ရှိ၏။ ထိုရွာကြီးလေးရွာ အနက် အရှေ့ယဝမဇ္ဈဂုံးရွာ၌ သီရိဝဍ္ဎနနှင့် သုမနဒေဝီ ဟူသော သူဌေးကြီး ဇနီးမောင်နှံတို့ ရှိနေကြသည်။

တစ်နေ့သ၌ ဘုရားလောင်းသည် တာဝတိံသာ နတ်ပြည်မှ စုတေ၍ သုမနဒေဝီ သူဌေးကတော်ထံ၌ ပဋိသန္ဓေ တည်လေသည်။ ဘုရားလောင်းနှင့် အတူ နတ်သားတစ်ထောင်တို့လည်း ထိုအချိန်မှာပင် ထိုရွာရှိ အခြားသော သူဌေးသူကြွယ်တို့အိမ်၌ ပဋိသန္ဓေ တည်ကြလေသည်။

ဤသို့ ဘုရားလောင်း ပဋိသန္ဓေတည်သည်နှင့် တစ်ပြိုင်နက် ဝိဒေဟရာဇ် မင်းကြီးသည် အိပ်မက် မြင်မက်လေသည်။ အိပ်မက်မှာလည်း ထူးဆန်းသည်။ နန်းရင်ပြင်၌ ထောင့်လေးထောင့်တွင် မီးပုံကြီး လေးပုံ တောက်နေစဉ် ထိုမီးပုံကြီး လေးပုံအလယ်၌ မီးပုံကလေး တစ်ပုံ ထတောက်သည်။ ထိုမီးပုံကလေးသည် ပိုးစုန်းကြူးခန့်သာ ရှိသည်။ သို့ရာတွင် အစွမ်းထက်လှသည်။ တစ်ခဏချင်းဖြင့် မီးပုံကြီး လေးပုံကို ကျော်လွန်လျက် အထက် ဗြဟ္မာဘုံသို့ ရောက်အောင် တက်သွားလေသည်။ လူ နတ် ဗြဟ္မာ အပေါင်းတို့သည် ထိုမီးပုံကလေးကို ပန်း နံ့သာစသည်တို့ဖြင့် ပူဇော်ကြသည်။ မီးလျှံအတွင်း၌ လူအပေါင်းတို့သည် သွားလာကြသည်။ သို့ရာတွင် မွေးညင်းကလေး တစ်ပင်မျှပင် ပူလောင်ခြင်း မရှိချေ။

မင်းကြီးသည် ဤအိပ်မက်ကို မြင်မက်သောအခါ လွန်စွာ ထိတ်လန့်သဖြင့် ဆက်လက် မအိပ်နိုင်။ မိုးလင်းသည့် တိုင်အောင် အိပ်မက် အကြောင်းကိုသာ တွေး၍ နေလေသည်။

နံနက်မိုးသောက်၍ ပညာရှိ အမတ်ကြီး လေးယောက်တို့ အခစား ရောက်လာသောအခါ မင်းကြီးက အိပ်မက်အကြောင်းကို ပြောပြလေသည်။ ထိုအခါ သိန်းအမတ်က "အရှင်မင်းကြီး၊ မည်သည်ကိုမျှ စိုးရိမ်တော် မမူပါနှင့်။ အရှင်မင်းကြီး၏ အိပ်မက်သည် မင်္ဂလာရှိသော အိပ်မက်ဖြစ်ပါသည်။ အရှင်မင်းကြီးအား ဘုန်းကျက်သရေ တိုးပွားခြင်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်တို့ ပညာရှိလေးယောက်ကို လွှမ်းမိုး၍ နောက်ထပ် ပညာရှိတစ်ယောက် ပေါ်ပေါက်လာပါလိမ့်မည်။ ထိုပညာရှိသည် ဤလောက၌ ပြိုင်ဘက်ကင်းသူ ဖြစ်ပါလိမ့်မည်" ဟု အိပ်မက်ဖတ်လေသည်။

မင်းကြီးက "ထိုပညာရှိသည် ယခု အဘယ်မှာ ရှိမည်နည်း" ဟု မေးသည်။ သိန်းအမတ်က "ထိုပညာရှိသည် ပဋိသန္ဓေ ယူဆဲသော်လည်း ဖြစ်ရာသည်။ သို့မဟုတ် ဖွားဆဲသော်လည်း ဖြစ်ရာသည်" ဟု လျှောက်၏။

မင်းကြီးသည် ဝမ်းမြောက်ဝမ်းသာ ရှိသွားသည်။ အမတ်ကြီး၏ စကားကိုသာလျှင် တစ်နေ့မပြတ် အောက်မေ့လျက် နေလေသည်။

သုမနဒေဝီသည် ၁၀-လ စေ့သောအခါ ဘုရားအလောင်းကို ဖွားမြင်သည်။ ဘုရားလောင်း ဖွားမြင်သော ခဏ၌ပင် သိကြားမင်းသည် မိမိ၏ တန်ခိုးဖြင့် ဘုရားအလောင်း၏ လက်ထဲတွင် ဆေးတုံးတစ်ခုကို ထည့်ပေးလိုက်သည်။

သုမနဒေဝီသည် သားငယ်၏ လက်ထဲတွင် ဆေးတုံးကလေး ဆုပ်ထားသည်ကို တွေ့မြင်သည်။ "ချစ်သား၊ ဘာကို ဆုပ်ကိုင်ထားသနည်း" ဟု မေးသည်။

ဘုရားလောင်းက "မိခင်၊ ဤကား နတ်ဆေးတုံးတည်း၊ မိခင်ယူလော့။ အနာရောဂါ ရှိသူတို့အား ဤဆေးတုံးကို သွေး၍ လိမ်းစေလော့။ အနာရောဂါများ မုချ ပျောက်ကင်းပါလိမ့်မည်" ဟု ဆို၍ မိခင်အား ပေး၏။

သုမနဒေဝီလည်း ထိုအကြောင်းကို သူဌေးကြီးအား ဝမ်းမြောက်ဝမ်းသာ ပြောပြ၏။ ထိုအချိန်၌ သူဌေးကြီးတွင် ၇-နှစ် တိုင်တိုင်စွဲကပ်နေသော ခေါင်းကိုက်ရောဂါ ရှိသည်။ သူဌေးကြီးလည်း "ဤကလေးသည် အမိဝမ်းမှ ဆေးတုံးကိုင်၍ ဖွားမြင်လာသည်။ မွေးလျှင်မွေးချင်းပင် မိခင်နှင့်လည်း စကားပြောသည်။ အလွန်ဘုန်းကံထူးသော ကလေးပင်ဖြစ်သည်။ သူ့လက်တွင်းမှ ဆေးတုံးသည် အမှန်ပင် အစွမ်းသတ္တိရှိလိမ့်မည်" ဆိုကာ ဆေးတုံးကို အနည်းငယ် သွေးသည် နားထင်၌ သုတ်လိမ်းသည်။ ခဏအတွင်းမှာပင် ခေါင်းကိုက်ရောဂါသည် ပျောက်ကင်းသွားလေသည်။ သူဌေးကြီးလည်း ဝမ်းသာအားရမဆုံး ရှိလေသည်။

ထိုသတင်းသည် အရပ်လေးမျက်နှာ၌ ကျော်ကြားသွားသည်။ ရောဂါသည်တို့သည် သူဌေးကြီး အိမ်သို့လာ၍ ဆေးတောင်းကြသည်။ သူဌေးကြီးလည်း ဆေးကို အနည်းငယ်သွေး၍ ရေနှင့်ရောသည်။ ဆေးတောင်းသူ အားလုံးကို ပေးသည်။ ဆေးကိုသုံးသဖြင့် အားလုံးပင် ရောဂါဝေဒနာများ ပျောက်ကင်းကြသည်။

မဟောသဓာ

သူဌေးကြီးနှင့် သူဌေးကတော်တို့သည် သားငယ်ကို အမည်ပေးသောအခါ အစွမ်းထက်မြက်သော ဆေးကို ကိုင်လျက် ဖွားမြင်လာသည်ကို အစွဲပြု၍ မဟောသဓာဟု အမည်ပေးသည်။
['မဟောသဓာ' ဟူသောစကားသည် မဟာနှင့် သြသဓ နှစ်ပုဒ် တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနုဘော်ကြီးသော၊ သြသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်]

သူဌေးကြီးက 'ငါ့သားက ဘုန်းကြီးသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားလာမည်မထင်။ ငါ့သားနှင့် အတူ မွေးဖွားလာသော ဖွားဖက်များ ရှိရမည်' ဟု တွေးကာ စုံစမ်းစေသည်။ ထိုအခါ မဟောသဓာနှင့် တစ်ချိန်တည်း ဖွားမြင်သည့် သူငယ်ပေါင်း တစ်ထောင်ရှိကြောင်း သိရသည်။ ဤတွင် "ဤကလေးတို့သည် နောင်အခါ ငါ့သား၏ အပေါင်းအဖော် အခြံအရံများ ဖြစ်လိမ့်မည်" ဆိုကာ ထိုကလေးတစ်ထောင်တို့အား အဝတ်တန်ဆာနှင့် နို့ထိန်းသည်တို့ကို ပေး၏။

(မဟောသဓာဇာတ် အပိုင်း-၂ ဆက်တင်ပါမည်)