Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၁၀

ဘုရင် ပညာစမ်းခန်း

ရှားနှစ်ထုတ်ပြဿနာ


တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် မိမိကိုယ်တိုင် မဟောသဓာကို ပညာစမ်းရန် အကြံဖြစ်ပေါ်သည်။ သို့ဖြင့် ရှားသားအနှစ် တစ်ထွာခန့်ကို တစ်ညီတည်း ဖြစ်အောင် ဖြတ်စေသည်။ ထို့နောက် "ရှားနှစ်ထုတ်ကို မည်သည့်ဘက်က အရင်း၊ မည်သည့်ဘက်က အဖျားဟု ခွဲခြားပေးရမည် မခွဲနိုင်လျှင် ဒဏ်ငွေ တစ်ထောင် ပေးဆောင်ရမည်" ဟု ဆိုကာ မဟောသဓာ နေထိုင်ရာ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ပို့စေသည်။ ရွာသားတို့သည် မခွဲခြားနိုင်။ မဟောသဓာထံ ပို့၍ ခွဲခြားစေသည်။


မဟောသဓာလည်း ရေတစ်ခွက် ခပ်ခိုင်းသည်။ ရှားနှစ်ထုတ်၏ အလယ်တည့်တည့်ကို ချည်ကြိုးဖြင့် ချည်သည်။ ထို့နောက် ကြိုးဖျားမှ ကိုက်လျက် ရေထဲသို့ ဖြည်းညင်းစွာ ချသည်။ အရင်းပိုင်းသည် အဖျားပိုင်းထက် ပိုလေးသောကြောင့် အလျင်မြုပ်လေသည်။ မဟောသဓာက ယင်းကို မှတ်သားကာ "ဤဘက်ကား အရင်းဖြစ်သည်၊ ထိုဘက်က အဖျားဖြစ်သည်" ဟူ၍ ခွဲခြား ပို့လိုက်သည်။

ဟုတ်မှန်နေသဖြင့် မင်းကြီးသည် ဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို တိုင်ပင်ပြန်သည်။ အမတ်ကြီးက တားပြန်သည်။ မခေါ်ဖြစ်ချေ။

ဦးခေါင်းခွံ ပြဿနာ

ထို့နောက် မင်းကြီးသည် လူဦးခေါင်းခွံ နှစ်ခုကို ပို့စေသည်။ ယောက်ျား ခေါင်းခွံ၊ မိန်းမ ခေါင်းခွံ ခွဲခြားပေးရမည်" ဟု မှာကြားသည်။

မဟောသဓာက 'ဦးခွံ ဆက်ကြောင်း ဖြောင့်သော ခေါင်းခွံကို ယောက်ျား၊ ဦးခွံ ဆက်ကြောင်း ကောက်ကွေ့သော ခေါင်းခွံကို မိန်းမ' ဟု ခွဲခြားပို့လိုက်သည်။ ဟုတ်မှန်နေပြန်သည်။ သို့ရာတွင် သေနကအမတ်ကြီးက တားပြန်သည်။ မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပြန်ချေ။

မြွေပြဿနာ

ထို့နောက် တစ်နေ့တွင် မင်းကြီးသည် မြွေထီး၊ မြွေမ နှစ်ကောင်ကို မဟောသဓာထံသို့ ပို့လိုက်သည်။ အထီး၊ အမ ခွဲခြားပေးရမည်ဟု မှာကြားလိုက်သည်။ မဟောသဓာက 'ခေါင်းကြီး၊ အမြီးတုတ်၊ မျက်စိကျယ်၍ လည်ရေးစပ်သော မြွေကို မြွေထီး။ ခေါင်းသေး၊ အမြီးငယ်၊ မျက်စိကျဉ်း၍ လည်ရေးမစပ်သော မြွေကို မြွေမ' ဟု ခွဲခြား ပို့လိုက်သည်။ ဟုတ်မှန်သဖြင့် မင်းကြီး နှစ်သက်ပြန်သည်။ မဟောသဓာကို ခေါ်မည်ပြုသည်။ သေနက အမတ်ကြီးက တားပြန်သည်။ မခေါ်ဖြစ်ပြန်ချေ။

ကြက်ပြဿနာ

ထို့နောက် မင်းကြီးက "အရှေ့ယဝမဇ္ဈဂုံး ရွာသားတို့သည် ခြေတွင် ချိုပေါက်သော၊ ဦးခေါင်း၌ လပို့ရှိသော၊ အချိန်သုံးပါးကို မကျော်လွန်စေဘဲ တွန်တတ်သော၊ ဖြူသောဥသဘကို ရှာ၍ ငါ့ထံ ပို့ရမည်။ မပို့နိုင်က ဒဏ်ငွေတစ်ထောင်" ဟု ဆင့်ဆိုလိုက်သည်။ ရွာသားများက မဟောသဓာကိုပင် ထိုဥသဘကို ရှာစေသည်။ မဟောသဓာက "ကြက်ဖသည် ခြေထောက်၌ အတက်ရှိသောကြောင့် ဦးချိုရှိသည် မည်၏။ ဦးခေါင်း၌ အမောက်ရှိသောကြောင့် လပို့ရှိသည် မည်၏။ တစ်နေ့သုံးချိန် တွန်သောကြောင့် အချိန်သုံးပါးကို မကျော်လွန်စေဘဲ တွန်သည်မည်၏" ဟုဆိုကာ ကြက်ဖဖြူကို ပို့စေသည်။ ဟုတ်မှန်ပြန်သည်။ သို့ရာတွင် သေနကအမတ် တားမြစ်ပြန်သဖြင့် မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပေ။

ပတ္တမြား ပြဿနာ

ဝိဒေဟရာဇ်မင်းကြီးတွင် မင်းအဆက်ဆက် အသုံးပြုသော ပတ္တမြားတစ်လုံးရှိသည်။ ထိုပတ္တမြားမှာ ကြိုးတပ်သော အပေါက် အကောက်ရှစ်ခု ရှိ၏။ ထိုပတ္တမြားတွင် ရှေးက ရှိသော ကြိုးဟောင်းသည် ပြတ်နေသည်။ မည်သူမျှ ကြိုးဟောင်းကို ထုတ်၍ ကြိုးသစ် ပြန်မတပ်နိုင်။

မင်းကြီးက "ကြိုးသစ်တပ်ပေးရမည်" ဟု ဆိုကာ မဟောသဓာ၏ ရွာသို့ ပို့လိုက်ပြန်သည်။ မဟောသဓာသည် ပတ္တမြား၏ ဘေးနှစ်ဖက် အပေါက်တွင် ပျားရည်သုတ်လိမ်းသည်။ ကြိုးသစ်ကို ရှာဖွေ၍ အဖျားကို ပျားရည်သုတ်သည်။ ပတ္တမြား၏ တစ်ဖက်အပေါက်တွင် အနည်းငယ် သွင်းသည်။ ထို့နောက် ပတ္တမြားကို ပုရွက်ဆိတ် တွင်းဝတွင် ကပ်ထားသည်။ ထားရာ၌ ကြိုးသစ်မတပ်သော အပေါက်ဖြင့် ကပ်ထားသည်။ ပုရွက်ဆိတ်များသည် ပျားရည်နံ့ ရသဖြင့် ပတ္တမြား၏ အပေါက်ထဲသို့ ဝင်၍ ပျားရည်စွတ်နေသည့် ကြိုးဟောင်းကို စားကြသည်။ ဤသို့ စားရင်း ပတ္တမြား၏ အပေါက်ထဲသို့ ဆက်လက် ဝင်သွားသည်။ ပျားရည်သုတ်ထားသော ကြိုးသစ်ကို တွေ့သောအခါ ကိုက်ချီ၍ လာလမ်းအတိုင်း နောက်ဆုတ်၍ ဆွဲယူသွားကြသည်။ ထိုအခါ ပတ္တမြားတွင် ကြိုးတပ်ပြီး ဖြစ်သွားသည်။ ရွာသားများသည် ကြိုးသစ်တပ်ထားသော ပတ္တမြားကို မင်းကြီးထံ ပြန်ပို့သည်။ မင်းကြီးလည်း မဟောသဓာ၏ ဉာဏ်စွမ်းကို ချီးကျူးသည်။ ခေါ်ယူမည်ပြုသည်။ ယခင်အတိုင်းပင် သေနကအမတ်က ကန့်ကွက်ပြန်သည်။ မခေါ်ဖြစ်ပြန်ချေ။

(မဟောသဓာဇာတ် အပိုင်း-၁၁ "ဘုရင် ပညာစမ်းခန်း" ဆက်တင်ပါမည်)

No comments:

Post a Comment