Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၇

သားခိုးအမှု

တစ်နေ့သ၌ မိန်းမတစ်ယောက်သည် သားငယ်ကို ပိုက်ချီလျက် မဟောသဓာ စီရင်သော ရေကန်သို့ ရောက်လာသည်။ သူသည် သားငယ်ကို ရှေးဦးစွာ ရေချိုးပေးသည်။ ထို့နောက် မိမိ မျက်နှာသစ်ရန်အတွက် သားငယ်ကို အဝတ်ပေါ်၌ သိပ်ထားပြီးလျှင် ရေကန်သို့ ဆင်းသည်။


ထိုအခြင်းအရာကို ဘီလူးမတစ်ယောက် တွေ့မြင်သွားသည်။ ဘီလူးမသည် သားငယ်ကို စားချင်သဖြင့် မိန်းမအသွင် ဖန်ဆင်းလာသည်။

"အဆွေမ၊ သည်သူငယ်သည် ချစ်ကြင်နာဖွယ်ရှိ၏။ သင့်သားပေလော့"
"မှန်ပါသည်။ ကျွန်ုပ်၏သားဖြစ်ပါသည်"
"ထိုသူငယ်ကိုချီ၍ ကျွန်ုပ်နို့တိုက်စမ်းပါရစေ"

သူငယ့်အမိလည်း သဘောရိုးထင်၍ "တိုက်ပါလော့" ဟုဆိုသည်။ ဘီလူးမသည် သူငယ်ကို ပိုက်၍ နို့တိုက်ဟန်ဆောင်ကာ ခိုးယူထွက်ပြေးလေသည်။

သူငယ့်အမိလည်း "သင် ငါ့သားကိုယူ၍ အဘယ်သို့ သွားမည်နည်း" ဟု ဆိုလျက် ပြေးလာ၏။ ဘီလူးမလက်ကို ကိုင်ဆွဲ၏။

ဘီလူးမက "ဤသူငယ်ကား သင့်သား မဟုတ်။ ငါ့သားတည်း" ဟု ဆိုကာ မပေးဘဲထား၏။ နှစ်ဦးငြင်းခုံကြလျက် မဟောသဓာ ကစားရာ တံခါးဝသို့ ရောက်လာ၏။ လူအများလည်း ဝိုင်းဝန်းလာကြသည်။

ဘီလူးမက "အရှင့်သား၊ ကျွန်ုပ်သားကို ကျွန်ုပ်ပိုက်ချီလျက် ခရီးသွားပါသည်။ ထိုစဉ် ထိုမိန်းမက သူ့သားကို ယူသည်ဟု စွပ်စွဲပါသည်။ ကျွန်ုပ်သည် ထိုမိန်းမကို လုံးဝမသိကျွမ်းပါ" ဟု ဆို၏။

သူငယ့်အမိက "အရှင့်သား၊ ထိုသို့မဟုတ်ပါ" ဟု ဆို၍ ဖြစ်ပျက်ပုံ အလုံးစုံကို ဟုတ်တိုင်း ပြန်ကြား၏။

မဟောသဓာသည် စကားနှစ်ခွန်းကို ကြားပြီးနောက် မိန်းမနှစ်ဦးကို အကဲခတ် ကြည့်ရှုသည်။ ဘီလူးမနှင့် သူငယ့်အမိကို ခွဲခြားသိမြင်သွားသည်။ သို့ရာတွင် အများသိအောင် စီရင်ပြမည်ဟု ကြံသည်။ "သင်တို့၊ ငါ့အဆုံးအဖြတ်ကို လိုက်နာမည်လော" ဟု မေးသည်။ "လိုက်နာပါမည်" ဟု နှစ်ဦးလုံးကလည်း ဝန်ခံကြသည်။

ဤတွင် မဟောသဓာသည် မြေ၌ စည်းသားသည်။ စည်းပေါ်၌ သူငယ်ကို သိပ်ထားစေသည်။ ထို့နောက် ဘီလူးမအား သူငယ်၏ လက်တို့ကို ကိုင်စေသည်။ သူငယ်၏ အမိအား သူငယ်၏ ခြေတို့ကို ကိုင်စေသည်။ အသင့်ရှိကြသော် "သင်တို့နှစ်ယောက် ကလေးကို လုကြလော့။ လု၍ နိုင်သောသူသည် သားရှင်ဖြစ်စေ" ဟု ဆို၏။

မိန်းမနှစ်ယောက်လည်း မဟောသဓာ ဆိုတိုင်း လုကြသည်။ သူငယ်သည် အလွန်နာကျင်သဖြင့် သည်းစွာငိုသည်။ အမိသည် သူငယ်၏ ဖြစ်အင်ကို မရှုရက်။ မိမိ၏ နှလုံး ကွဲအံ့သကဲ့သို့ စိတ်ထိခိုက်သည်။ ထို့ကြောင့် သူငယ်၏ ခြေတို့ကို လွှတ်လိုက်သည်။ ရပ်လျက် ညှိုးငယ်စွာ နေ၏။

ဤတွင် မဟောသဓာက ပရိသတ်အား "အချင်းတို့၊ အမိနှင့်သူစိမ်းတွင် သားကို မည်သူက ချစ်သနည်း" ဟု မေးသည်။

ပရိသတ်က "အရှင့်သား၊ အမိသာလျှင် သားကိုချစ်၏" ဟု ဆိုကြ၏။

ထိုအခါ ပရိသတ်ကို မဟောသဓာ မေးပြန်သည်။

"အချင်းတို့၊ ယခု သူငယ်ကို လုယူနိုင်သောမိန်းမသည် ထိုသူငယ်၏ မိခင်လော။ သို့တည်းမဟုတ်၊ မလုနိုင်သော မိန်းမသည် ထိုသူငယ်၏ မိခင်လော။ သင်တို့ အသို့ထင်ကြသနည်း"

"အရှင့်သား၊ သူငယ်နာကျင်သည်ကို မရှုရက်သဖြင့် လွှတ်လိုက်သော မိန်းမသည်သာလျှင် သူငယ်၏ မိခင်ဖြစ်မည်ဟု အကျွန်ုပ်တို့ ထင်ပါသည်"

"အချင်းတို့၊ သင်တို့အထင် မှန်ပေသည်။ သူငယ်နာကျင်သည်ကို ရှုစိမ့်သော မိန်းမသည် ခိုးသူမဖြစ်သည်။ ထိုခိုးသူမကို သင်တို့ သိကြသလော"
"အရှင့်သား၊ ကျွန်ုပ်တို့ မသိကြပါ"
"အချင်းတို့၊ ထိုမိန်းမသည် လူမဟုတ်။ ဘီလူးမတည်း။ ဤသူငယ်ကို စားလို၍ ခိုးယူခြင်းဖြစ်သည်"
"အရှင့်သား၊ အဘယ့်ကြောင့်သိသနည်း"
"အချင်းတို့၊ ရှုကြလော့။ ဤခိုးသူမသည် မျက်တောင်လည်း မခတ်။ မျက်ထောင့်လည်း နီ၏။ သူငယ်ကိုလည်း သနားချစ်ခင်ခြင်း လုံးဝမရှိ"

ဤသို့ဆိုကာ မဟောသဓာက ဘီလူးမအား "သင် အဘယ်သူနည်း။ မှန်တိုင်း ပြောလော့" ဟု မေး၏။

ဘီလူးမလည်း မကွယ်မဝှက်နိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံရပေသည်။ မဟောသဓာလည်း ဘီလူးမအား "နောင် ဤကဲ့သို့ မကောင်းမှုကို မပြုပါလေနှင့်" ဟူ၍ ဆိုဆုံးမ၏။ ငါးပါးသီလ၌ တည်စေလျက် လွှတ်လိုက်၏။

သူငယ့်အမိလည်း "အရှင့်သား၊ ဤသူငယ်တွင် အကျွန်ုပ်၏ မွေးသောအသက် မရှိပြီ။ အရှင့်သားပေးသော အသက်သာ ရှိတော့သည်" ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းသည်။ "အရှင့်သားသည် သက်တမ်းတစ်လျှောက်လုံး သက်တော်ရှည်စွာ နေရပါစေသတည်း" ဟု ဆုတောင်း၍ သားငယ်ကို ပိုက်ချီလျက် အိမ်သို့ ပြန်သွားသည်။

ဝိဒေဟရာဇ် မင်းကြီး၏ အမတ်သည် ဤအခြင်းအရာကို လျှောက်စာတင်၍ မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို ရှေးနည်းအတူ တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးကလည်း ရှေးနည်းအတူ ဟန့်တားပြန်သည်။ ဤတွင် မင်းကြီးက "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၈ "ငမည်းကွနှင့် ငကျောရှည် အမှု" ဆက်တင်ပါမည်)

No comments:

Post a Comment