Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၂၀

မဟောသဓာကို ပြန်ခေါ်ခန်း

မဟောသဓာကို ခေါ်ဆောင်လာသော အမတ်သည် နန်းတော်တံခါးပြင်၌ မဟောသဓာကို ထားခဲ့သည်။ ထို့နောက် မင်းကြီးရှေ့တော်သို့ ဝင်သည်။ မဟောသဓာကို တွေ့သဖြင့် အတူခေါ်လာကြောင်း လျှောက်ထားသည်။ မင်းကြီက "မဟောသဓာသုခမိန်ကို သင်အဘယ်အရပ်၌ တွေ့သနည်း" ဟု မေးမြန်းသည်။


"အရှင်မင်းကြီး၊ မဟောသဓာသုခမိန်သည် တောင်ယဝမဇ္ဈဂုံးရွာ၌ အိုးထိန်းသည် လုပ်နေပါသည်။ နိမ့်ကျစွာဖြင့် မုယောထမင်းကို စားနေစဉ် အကျွန်ုပ်တွေ့ပါသည်။ အမိန့်တော်အရ ခေါ်ကြောင်း ပြောသောအခါ အိုးထိန်းအမှုလုပ်ရာ ရွှံ့ထဲမှထ၍ ရေမျှမချိုးဘဲ လိုက်လာပါသည်။ ရွှံ့အလိမ်းလိမ်း ကပ်သော ကိုယ်ဖြင့်ပင်လျှင် ယခုရောက်ရှိနေပါပြီ" ဟူ၍ လျှောက်၏။

ထိုစကားကိုကြားလျှင် မင်းကြီးသည် ကျေနပ်သွားသည်။ "မဟောသဓာသည် ငါ့ကို ရန်ပြုလိုသူ ဖြစ်ပါက ဆင်၊ မြင်း စီရင်ခင်းကျင်း နေရာ၏။ ယခုမူ ဆင်းရဲသား အဖြစ် အိုးထိန်းသည် လုပ်၍ အသက်မွေးနေသည်။ ငါ့ရန်သူ မဟုတ်" ဟု တွေးတော ဝမ်းသာသွားသည်။

"ငါ့သားတော် မဟောသဓာ အိမ်ပြန်၍ ရေမိုးချိုးပါစေ။ ထို့နောက်မှ ငါချီးမြှောက်တော်မူသည့် အဆောင်အယောင်ဖြင့် အခစားဝင်ပါစေ" ဟု မိန့်တော်မူလိုက်လေသည်။

မဟောသဓာသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း ပြုပြီးမှ အခစားဝင်လာသည်။ မင်းကြီးသည် မဟောသဓာကို မြင်တွေ့သောအခါ မဟောသဓာ၏ စိတ်ကို စမ်းလိုသောကြောင့် မေးမြန်းပြန်သည်။

"သုခမိန်၊ အချို့သော စည်းစိမ်ရှင်တို့သည် ဤမျှလောက်ကြွယ်ဝ ချမ်းသာလျှင် တော်လောက်ပြီဟု နှလုံးပိုက်လိုက်ကြသည်။ နောက်ထပ် တိုး၍ ချမ်းသာရန်အတွက် မကောင်းမှုကို မပြုဘဲနေကြသည်။ အချို့ကား ကဲ့ရဲ့ခံရမည်ကို ကြောက်သောကြောင့် မကောင်းမှုကို မပြုဘဲ နေကြသည်။ ပထမလူမှာ အစွမ်းမရှိသောသူ ဖြစ်သည်။ ဒုတိယလူကား ပညာနည်းသူ ဖြစ်သည်။ သင်ကား အစွမ်းရှိသူလည်း ဖြစ်သည်။ ပညာရှိသူလည်း ဖြစ်သည်။ သို့ဖြစ်လျက် အဘယ့်ကြောင့် ငါ့ကို ဒုက္ခမပေးပါသနည်း"

"အရှင်မင်းကြီး၊ ပညာရှိတို့သည် မိမိ၏ ချမ်းသာမှုအတွက် မကောင်းမှုကို မပြုကြကုန်။ သူတော်ကောင်းမှန်က ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာမှ လျှောကျ၍ ဆင်းရဲဒုက္ခနှင့် တွေ့နေသော်လည်း မမှုပါ။ လိုချင်လောဘကြောင့် ဖြစ်စေ၊ အမျက်ဒေါသကြောင့် ဖြစ်စေ သုစရိုက်တရားကို မစွန့်ပါ"
"သုခမိန်၊ မိမိသည် အကြောင်းတစ်ခုခုကြောင့် ဆင်းရဲဒုက္ခ ရောက်နေလျှင် ထိုဆင်းရဲဒုက္ခမှ လွတ်အောင်လုပ်ပြီးမှသာ သုစရိုက်တရားကို လိုက်နာပြုကျင့်အပ်သည် မဟုတ်ပါလော"
"အရှင်မင်းကြီး၊ လူကိုမဆိုထားဘိ၊ အသက်မဲ့သော သစ်ပင်ဖြစ်သော်လည်း အရိပ်ခိုဖူးက ထိုသစ်ပင်၏ အကိုင်းအခက်ကိုမဖျက်ဆီးသင့်ပါ။ ဖျက်ဆီးလျှင် ကျေးဇူးရှင်ကို ပြစ်မှားသည် မည်ပါသည်။ ကျေးဇူးရှင်ကို ပြစ်မှားသောသူသည် လူယုတ်မာ ဖြစ်ပါသည်။
"အရှင်မင်းကြီး၊ အကြင်ဆရာထံမှ အနည်းငယ်မျှ သိရသည် ဖြစ်စေ၊ မိမိ၏ မရှင်းလင်းချက်ကို ရှင်းလင်းပေးသည် ဖြစ်စေ၊ ထိုဆရာသည် မိမိ၏ မှီခိုအားထားရာပင် ဖြစ်ပါသည်။ ပညာရှိမှန်က ထိုကဲ့သို့သော ဆရာမျိုးနှင့် အဆွေခင်ပွန်း ဖွဲ့အပ်ပါသည်။ ပြစ်မှားခြင်း မပြုအပ်ပါ"

ထို့နောက် မဟောသဓာသည် မင်းကြီးအား အိမ်ရာထောင်သောသူသည် မပျင်းရိသင့်ကြောင်း၊ ရသေ့ရဟန်းသည် ကိုယ်နှုတ်နှလုံး စောင့်စည်းသင့်ကြောင်း၊ မင်းသည် အမှုကို စူးစမ်းဆင်ခြင်၍ ပြုသင့်ကြောင်း၊ ပညာရှိသည် အမျက်မထွက်သင့်ကြောင်း စသည်ဖြင့် လျှောက်ထားသည်။

(မဟောသဓာအပိုင်း- ၂၁ "ပြဿနာလေးချက် အဖြေလေးချက်" ဆက်တင်ပါမည်)

No comments:

Post a Comment