Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၁၁

ဘုရင် ပညာစမ်းခန်း

နွားလားဥသဘ ပြဿနာ


တစ်နေ့သောအခါ ဝိဒေဟရာဇ် မင်းကြီးသည် မိမိ၏ မင်္ဂလာ နွားလားဥသဘ တစ်ကောင်ကို ပဲအမြောက်အမြား ပြုတ်၍ ကျွေးစေသည်။ဝမ်းဗိုက် ဖောင်းကားလာသောအခါ ကိုယ်ကို နနွင်းရည်ဖြင့် သုတ်လိမ်းစေသည်။ ရက်စေ့ပြီး ဖွားလုနီးသော နွားမကဲ့သို့ ရှိစေပြီးလျှင် မဟောသဓာ နေထိုင်ရာ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ပို့ဆောင်စေသည်။


"သင်တို့ရွာသားများ ပညာရှိကြောင်း ငါကြားသိရသည်။ ငါ၏ နွားလားဥသဘသည် ကိုယ်ဝန်ဆောင်နေပြီ။ ထိုနွားလားဥသဘကို သားဖွားစေပြီးလျှင် သားငယ်နှင့် တကွ ငါ့ထံပို့ဆက်ရမည်။ ဆိုတိုင်း မပို့ဆက်ကြလျှင် ဒဏ်ငွေတစ်ထောင် ဆောင်ရမည်" ဟုလည်း မိန့်ဆိုလိုက်သည်။

ရွာသားတို့မှာ မည်သို့မျှ မတတ်နိုင်။ မဟောသဓာကိုပင် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြသည်။ ထိုအခါ မဟောသဓာသည် မင်းကြီးနှင့် မကြောက်မရွံ့ စကားပြောဝံ့သော လူတစ်ယောက်ကို ရွေးချယ်ကာ-
"အချင်းယောက်ျား၊ သင်သည် ဆံပင်ဖားလျားချလျက် ငိုကြွေးမြည်တမ်းကာ နန်းတော်သို့ သွားပါ။ အခြားသူများက မေးလျှင် တစ်စုံတစ်ရာ မပြောပါနှင့်။ မင်းကြီးက ခေါ်မေးမှသာ 'ကျွန်တော်မျိုး၏ ဖခင်သည် သားမဖွားနိုင် ဖြစ်နေသည်မှာ ခုနှစ်ရက်ရှိပါပြီ။ အရှင်မင်းကြီး ကယ်တော်မူပါ။ ကျွန်တော်မျိုး ဖခင် သားဖွားနိုင်အောင် စီရင်ပေးတော်မူပါ' ဟု လျှောက်ထားလေ။ မင်းကြီးက 'သင်ရူးသလော၊ ယောက်ျားက သားဖွားရိုးမရှိ' ဟု ဆိုပေလိမ့်မည်။ ထိုအခါ အသင်က 'အရှင်မင်းကြီး၊ ယောက်ျား သားဖွားရိုး မရှိပါဘဲလျက် အဘယ့်ကြောင့် အရှေ့ယဝမဇ္ဈဂုံး ရွာသားများအား မင်္ဂလာနွားလားဥသဘကို သားဖွားအောင် လုပ်ပေးရမည်ဟု မိန့်တော်မူပါသနည်း' ဟု ပြောဆိုရန် သင်ကြားပေးသည်။

ထို့နောက် နန်းတော်သို့ သွားစေသည်။ ထိုယောက်ျားလည်း မဟောသဓာ သင်ကြားပေးသည့်အတိုင်း နန်းတော်သို့ သွား၍ မင်းကြီးအား လျှောက်ထားလေသည်။

မင်းကြီးက "အချင်း ယောက်ျား၊ ဤသို့ပြုရန် မည်သူစီရင်သနည်း" ဟု မေး၏။

ယောက်ျားက "အရှင်မင်းကြီး၊ သူဌေးသား မဟောသဓာ စီရင်ပါသည်" ဟု လျှောက်၏။ မင်းကြီးလည်း အလွန်နှစ်သက်လှသဖြင့် သေနကအမတ်အား မဟောသဓာကို ခေါ်ယူရန် ရှေးနည်းအတိုင်း တိုင်ပင်ပြန်သည်။ သေနကအမတ်လည်း "အရှင်မင်းကြီး၊ ထပ်မံစုံစမ်းသင့်ပါသေးသည်၊ ဆိုင်းငံ့တော်မူပါဦးလော့" ဟု လျှောက်ပြန်သည်။ မင်းကြီးလည်း ဆိုင်းငံ့ကာ နောက်ထပ်၍ ပညာစမ်းရန် စီစဉ်ရပြန်လေသည်။

သဲလွန်ကြိုး ပြဿနာ

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာကို ဆက်လက် ပညာစမ်းပြန်သည်။ မင်းကြီးက "ငါ၏ ပုခက်ယာဉ်တွင် ဆွဲသော သဲလွန်ကြိုးဟောင်း ပြတ်သွားပြီ။ အရှေ့ယဝမဇ္ဈဂုံး ရွာသားတို့ ပညာရှိကြောင်း ငါကြားသိရသည်။ ထိုရွာသားတို့သည် သဲဖြင့် သဲလွန်ကြိုးသစ်ကို ကျစ်၍ ငါ့ထံ ပို့ဆက်ကြရမည်။ မပို့ဆက်နိုင်သော် ဒဏ်ငွေ တစ်ထောင် သင့်စေ" ဟု ဆင့်ဆိုလိုက်သည်။

ရွာသားတို့သည် အခက်တွေ့ကြပြန်သည်။ မဟောသဓာ သုခမိန်ထံ ချဉ်းကပ်၍ မေးကြသည်။

မဟောသဓာက "မစိုးရိမ်ကြလင့်" ဟု ဆိုကာ စကားအပြောအဆို ကျွမ်းကျင်သော ရွာသားနှစ်ဦးကို ခေါ်သည်။ ထိုသူတို့အား 'မင်းကြီးထံမှောက်သို့ သွား၍ မည်သို့မည်ပုံ လျှောက်ထားလေ' ဟု မှာကြား သင်ပေးလိုက်သည်။

ထိုနှစ်ယောက်လည်း မင်းကြီး၏ ရှေ့တော်မှောက်သို့ သွား၍ မဟောသဓာ သင်ပေးသည့်အတိုင်း လျှောက်ထားကြသည်။

"အရှင်မင်းကြီး ဆင့်ဆိုတော်မူသည့်အတိုင်း ကျွန်တော်မျိုး သဲလွန်ကြိုး ကျစ်ပါမည်။ သို့ရာတွင် သဲလွန်ကြိုး ကြီးငယ် ပမာဏကိုလည်း မသိပါ။ အလုံးအထွား သဏ္ဌာန်ကိုလည်း မသိပါ။ သဲလွန်ကြိုးဟောင်းပြတ် တစ်ထွာ၊ လက်လေးသစ်ခန့်မျှကို နမူနာ ကြည့်လိုပါသည်။ ထိုနမူနာကို ရမှ ပုံတူပြု၍ ကျစ်နိုင်ပါမည်"

"ဟယ်- ရွာသားတို့၊ ငါ၏ နန်းတော်၌ သဲလွန်ကြိုးဟောင်း အပြတ်အစ ဘယ်မှာရနိုင်မည်နည်း။ မအပ်မရာ စကားကို သင်တို့အဘယ့်ကြောင့် လျှောက်ထားကြသနည်း"

"အလိုရှိတိုင်း ပြီးစေနိုင်သူ၊ ဘုန်းတော်ကြီးလှသော အရှင်မှ သဲကို လွန်ကြိုးကျစ်၍ မဖြစ်နိုင်လျှင် ဘုန်းညံ့သော အရှေ့ယဝမဇ္ဈဂုံး ရွာသား ကျွန်တော်မျိုးတို့မှာ အဘယ်သို့ သဲလွန်ကြိုး ကျစ်ရပါမည်နည်း"

"ဤသို့ ဖြေဆိုလျှောက်တင်ရန် မည်သူစီရင်သနည်း"

"မဟောသဓာ ဖြေဆို လျှောက်စေပါသည်"

မင်းကြီးလည်း နှစ်သက်လှသဖြင့် မဟောသဓာကို ခေါ်မည်ပြုပြန်သည်။ သို့ရာတွင် သေနကအမတ်ကြီးက "ဆိုင်းငံ့တော်မူပါဦး" ဟု ဆိုသဖြင့် မခေါ်ဖြစ်ပြန်။ ဆိုင်းငံ့ရပြန်သည်။

ရေကန် ပြဿနာ

ထို့နောက် မင်းကြီးသည် မဟောသဓာကို ထပ်မံ၍ ပညာစမ်းပြန်သည်။ "အရှေ့ယဝမဇ္ဈဂုံး ရွာသားတို့သည် ကြာမျိုးငါးပါးနှင့် တင့်တယ်သော ရေကန်တစ်ခုကို ငါ့ထံ ပို့ဆက်ရမည်" ဟု စေလိုက်ပြန်သည်။ ရွာသားတို့လည်း မကြံနိုင်ကြ။ မဟောသဓာထံသို့သာ ချဉ်းကပ်ကြရပြန်သည်။

မဟောသဓာကလည်း "မစိုးရိမ်ကြလင့်" ဟု ဆိုကာ လက်ရွေးစင် လူသုံးယောက်ကို ခေါ်ယူ၏။ ထို့နောက် လိုအပ်သည်များကို မှာကြား၍ မင်းကြီးထံ စေလွှတ်လိုက်၏။

ထိုသူတို့လည်း မျက်လုံးများ နီသည့်တိုင်အောင် ရေငုပ်၏။ တစ်ကိုယ်လုံး ရွှံ့များပေကြံအောင် ပြု၏။ ကြိုးအပြတ်များ၊ တုတ်၊ အုတ်ခဲများကို ကိုင်ဆောင်၏။ ထို့နောက် နန်းတော်သို့ သွားကြ၏။

သူတို့သည် မင်းကြီးရှေ့တော်မှောက်သို့ ရောက်သောအခါ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့သည် အမိန့်တော်အရ ကြာမျိုးငါးပါးနှင့် ပြည့်စုံသော ရေကန်ကို ကြိုးဖြင့် တုပ်နှောင်၍ ယူဆောင်လာကြပါသည်။ ထိုရေကန်မှာ တောက ရေကန်ဖြစ်သောကြောင့် မြို့တော်နားသို့ ရောက်သောအခါ အလွန်ခမ်းနား ကြီးကျယ်၍ စည်ကားလှသော အရှင့်မြို့တော်ကြီးကို မြင်သဖြင့် ကြောက်လန့်ပြီး ထွက်ပြေးကြပါသည်။ ကျွန်တော်မျိုးတို့က တုတ်၊ အုတ်ခဲတို့ဖြင့် ရိုက်နှက် ပစ်ခတ်ကြသော်လည်း ပြန်ခေါ်၍ မရပါ။ အလွန်ရိုင်းသော ရေကန်ဖြစ်ပါသည်။ ထို့ကြောင့် အရှင်မင်းကြီး နန်းတော်တွင်းရှိ ရေကန်ယဉ်ကို ပေးသနားတော်မူပါ" ဟု လျှောက်ထားကြ၏။

မင်းကြီးက "အချင်းရွာသားတို့၊ သည်အရပ်မှာ ရေကန်ကို ဆောင်ယူ၍ ရသည်ဟု မကြားစဖူး။ ရေကန်ရိုင်းကို ရေကန်ယဉ်နှင့် ဆောင်ယူ၍ ရသည်ဟုလည်း မကြားစဖူး" ဟု ဆို၏။ ထိုအခါ ရွာသားတို့က ဘုန်းတော်ကြီးသော အရှင်သော်မှ ရေကန်ကို မဆောင်နိုင်သော် ဘုန်းနည်းသော ကျွန်တော်မျိုးတို့ ရွာသားများသည် အဘယ်သို့လျှင် ရေကန်ကို ရွှေ့နိုင်ပါအံ့နည်း" ဟု လျှောက်တင်ကြသည်။

ထိုအခါ မင်းကြီးက "ဤပြဿနာကို ဖြေရန် မည်သူစီရင်သနည်း" ဟု မေး၏။ ရွာသားတို့က "မဟောသဓာ သုခမိန် စီရင်ပါသည်" ဟု လျှောက်ကြ၏။ မင်းကြီးလည်း နှစ်သက်လှသဖြင့် မဟောသဓာကို ခေါ်မည်ပြုပြန်၏။ သေနကအမတ် တားမြစ်သဖြင့် မခေါ်ဖြစ်ပြန်ချေ။

ထို့နောက် မင်းကြီးသည် အလားတူ ဥယျာဉ် တစ်ခုကို ပို့ရမည်ဟု ဆင့်ဆိုပြန်သည်။ ထိုအခါ မဟောသဓာက ရေကန်ပြဿနာတွင် ဖြေဆိုသည့်အတိုင်း သင်ကြားစေလွှတ်၍ လျှောက်တင်ခိုင်း၏။ မင်းကြီးသည် နှစ်သက်သွားပြန်သည်။ မဟောသဓာကို ခေါ်မည်ပြုပြန်၏။ သေနကအမတ်ကြီး တားမြစ်သဖြင့် မခေါ်ဖြစ်ပြန်ချေ။

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာကို ခေါ်ယူလိုသော်လည်း သေနကအမတ်ကြီးက တားမြစ်သဖြင့် မခေါ်ဖြစ်။ ဤအတွက် မကျေမနပ်ဖြစ်မိ၏။ နောက်ဆုံးတွင် သေနကအမတ်စကားကို မနာယူ၊ မတိုင်ပင်၊ အသိမပေး။ လက်စွဲတော်မှူးမတ်များ ခြံရံလျက် မဟောသဓာရွာသို့ မြင်းစီးလျက် မထင်မရှား ထွက်ခွာသွား၏။ မဟောသဓာကို ကိုယ်တော်တိုင် ခေါ်ယူရန် ဖြစ်သည်။

ဤသို့ ထွက်ခွာလာစဉ် လမ်းခရီး၌ မင်းကြီးစီးသော မင်္ဂလာမြင်းတော်သည် မြေဝပ်ကြား၌ ကျွံနစ်ကာ ခြေတစ်ဖက် ကျိုးသွား၏။ မင်းကြီးလည်း ဆက်လက် မသွားတော့။ ထိုအရပ်ကပင် နန်းတော်သို့ လှည့်ပြန်ခဲ့သည်။ နောက်တစ်နေ့တွင် ထိုအကြောင်းကို သေနကအမတ် သိရှိသွားသည်။ "အရှင်မင်းကြီးသည် အလျင်စလို ထွက်တော်မူသဖြင့် မင်္ဂလာမြင်းတော် ခြေကျိုးရချေပြီ" ဟု ဆို၏။ မင်းကြီးလည်း ဆိတ်ဆိတ်သာ နေတော်မူ၏။

(မဟောသဓာဇာတ် အပိုင်း-၁၂ ဆက်တင်ပါမည်)

No comments:

Post a Comment