Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၅

“ပညာရှိဟူသည်”
 
မင်းကြီးက “မဟောသဓာ သုခမိန်၊ သည်မျှ ပညာစွမ်းနှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် မင်းအဖြစ်ကို မခံယူသနည်း” ဟု မေး၏။ မဟောသဓာက “အကျွန်ုပ် အလိုရှိလျှင် ယနေ့ပင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးရှိ မင်းတို့ကို သတ်ပြီး မင်းအဖြစ်ကို ယူနိုင်ပါသည်။ သူတစ်ပါးကို သတ်ပြီး စည်းစိမ် ချမ်းသာယူခြင်းမျိုးကို ပညာရှိတို့ မလိုလားပါ။ မချီးမွမ်းပါ” ဟု လျှောက်ထား၏။

ထို့နောက် မစောသဓာသည် ခလုတ်ကို နှိပ်လိုက်ပြန်ရာ ဥမင်တံခါးအားလုံး ပွင့်သွားလေသည်။ မီးများလည်း လင်းထိန်သွားလေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့က “မဟောသဓာ သုခမိန်ကြောင့် ကျွန်ုပ်တို့ အသက်ရှင်ရပေသည်။ နောက်တစ်ခဏမျှကြာလျှင် ဥမင်တံခါးကို မဖွင့်ဘဲထားလျှင် ကျွန်ုပ်တို့အားလုံး သေကြရမည် ဖြစ်သည်” ဟု ဆိုကြသည်။

မဟောသဓာက “မင်းအပေါင်းတို့၊ ယခုအခါ၌သာ ကျွန်ုပ်ကြောင့် အသင်တို့ အသက်ရှင်ကြရသည် မဟုတ်ပါ။ ရှေးအခါကလည်း ကျွန်ုပ်ကြောင့် အသင်တို့ အသက်ရှင်ခဲ့ကြရဖူးပါသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မတိုင်ပင်အပ်သည့် ကေဝဋ်အမတ်နှင့် တိုင်ပင်ပြီး ဥယျာဉ်ထဲတွင် အောင်သေသောက်ပွဲ ကျင်းပမည်ဆိုကာ အရက်နှင့်အမဲသားများတွင် အဆိပ်ခတ်၍ သင်တို့အား သတ်ရန် စီမံခဲ့ပါသည်။ ထိုအကြောင်းကို ကျွန်ုပ်သိသဖြင့် ငါကဲ့သို့သော ပညာရှိတစ်ယောက် ရှိနေပါလျက် မင်းအပေါင်း ဤသို့ မသေစကောင်းဟု ခံယူခဲ့ပါသည်။ ချက်ချင်းပင် ကျွန်ုပ်၏ ဖွားဖက်တော် တစ်ထောင်အား သေရည်အိုးအားလုံးကို ရိုက်ခွဲ ဖျက်ဆီးစေခဲ့ပါသည်။ ထို့ကြောင့် အသင်မင်းမြတ်တို့ အသက် မသေကြရခြင်း ဖြစ်ပါသည်” ဟု ဆို၏။

ထိုအခါ တစ်ရာ့တစ်ပါးသော မင်းတို့သည် ထိတ်လန့်သွားကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးအား “ယခု မဟောသဓာ ပြောသည့်အတိုင်း မှန်ပါသလော” ဟု မေးကြ၏။ မင်းကြီးက “မှန်ပါသည်။ ကေဝဋ်၏ အကြံအတိုင်း ပြုလုပ်မိခဲ့ပါသည်” ဟု ဝန်ခံ၏။

တစ်ရာ့တစ်ပါးသော မင်းတို့သည် မဟောသဓာအား ချစ်ခင်စွာ လည်ပင်းဖက်ကြသည်။
“သုခမိန်သည် ကျွန်ုပ်တို့အားလုံး၏ ကျေးဇူးရှင် ဖြစ်ပေသည်” ဟု ဆိုကြသည်။ ဝတ်ဆင်ထားသော အဆင်တန်ဆာတို့ကို ချွတ်၍ ပူဇော်ကြသည်။ မင်းကြီးသည်လည်း မဟောသဓာ၏ တိုက်တွန်းချက်အရ တစ်ရာ့တစ်ပါးသော မင်းတို့ကို ဝန်ချတောင်းပန်သည်။

စူဠနီဗြဟ္မဒတ်မင်းကြီးနှင့် တကွ တရာ့တစ်ပါးသော မင်းတို့သည် ဗိုလ်ပါ ပရိသတ်များနှင့်အတူ ဥမင်ကြီးအတွင်း၌ ခုနှစ်ရက်တိုင် ပျော်ပွဲသဘင် ခံကြသည်။ ထို့နောက်မှ ပဉ္စာလရာဇ်မြို့တွင်းသို့ ဝင်ကြလေသည်။

နန်းတော်သို့ ရောက်သောအခါ မင်းကြီးသည် မဟောသဓာအား ကြီးကျယ်ခမ်းနားစွာ ပူဇော်သက္ကာရ ပြုသည်။ “မဟောသဓာ သုခမိန်၊ ဝိဒေဟရာဇ်မင်းကြီး ချီးမြှောက်သည့် စည်းစိမ်ထက် နှစ်ဆပို၍ ချီးမြှောက်ပါမည်။ ကျွန်ုပ်တိုင်းပြည်၌ နေပါ” ဟု ဆို၏။

မဟောသဓာက “အရှင်မင်းကြီး၊ စည်းစိမ်ဥစ္စာ ဟူသောအကြောင်းကြောင့် မိမိ၏ အရှင်ကို မစွန့်ထိုက်ပါ။ အကယ်၍ စွန့်ပစ်လျှင် ထိုသူမျိုးသည် ကျေးဇူးရှင်ကို စွန့်ပစ်သည့် မကောင်းမှုကို ပြုပေသည် ဟု မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို ကဲ့ရဲ့ ရှုတ်ချရပါလိမ့်မည်။ သူတစ်ပါး၏ ကဲ့ရဲ့ ရှုတ်ချခြင်းကိုလည်း ခံရပါလိမ့်မည်။ သို့ဖြစ်၍ ဝိဒေဟရာဇ်မင်းကြီး အသက်ထင်ရှား ရှိနေသမျှ ကာလပတ်လုံး တစ်ပါးသော မင်းထံ၌ ကျွန်ုပ် မခစားနိုင်ပါ” ဟု လျှောက်တင်၏။

မင်းကြီးက “သို့ဖြစ်လျှင် ဝိဒေဟရာဇ်မင်းကြီး မရှိသည့်နောက် ကျွန်ုပ်၏တိုင်းပြည်သို့လာမည်ဟု ကတိပြုပါ” ဟု ဆို၏။ မဟောသဓာကလည်း “ကောင်းပါပြီ၊ ကျွန်ုပ် အသက်ရှင်လျက် ရှိလျှင် လာပါမည်” ဟု ကတိပေး၏။

မင်းနှစ်ပါး ချစ်ကြည်ကြခြင်း

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မဟောသဓာအား ရွှေစင်အချိန် တစ်ထောင်၊ အခွန်တစ်သိန်း ထွက်သော ရွာကြီးဆယ်ရွာနှင့် အလုပ်အကျွေးပြု မိန်းမတို့ကို ပေးလေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့ကလည်း များစွာသော လက်ဆောင် ပဏ္ဏာများကို ပေးလေသည်။ မင်းကြီးသည် ပဉ္စာလစန္ဒီ အတွက်လည်း ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ရွှေ ငွေတန်ဆာ၊ ဆင်၊ မြင်း စသည်တို့ကို လက်ဖွဲ့ လိုက်လေသည်။

မဟောသဓာသည် များစွာသော အခြံအရံတို့ဖြင့် မိထိလာပြည်သို့ ပြန်လာခဲ့လေသည်။ ဝိဒေဟရာဇ် မင်းကြီးသည် မဟောသဓာပြန်လာသည်ကို နန်းတော် လေသွန်တံခါးမှ မျှော်ကြည့်နေသည်။ ဗိုလ်ပါ အင်အား များပြားလှသဖြင့် ‘သားတော် မဟောသဓာမှ ဟုတ်ပါလေစ၊ စူဠနီဗြဟ္မဒတ်မင်း စစ်ချီလာလေသလော’ ဟု တွေးကာ ကြောက်လန့်သွားသည်။

သိန်းအမတ်အား မေးရာ သိန်းအမတ်က “အရှင်မင်းကြီး၊ ကြောက်လန့်ရမည့် အရာ မဟုတ်ပါ။ ဝမ်းသာရမည့် အရာသာ ဖြစ်ပါသည်။ မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်းအား မိမိကို ကြည်ညိုအောင် ပြုလုပ်သဖြင့် စူဠနီဗြဟ္မဒတ်မင်းကြီးက မဟောသဓာကို ကြည်ညိုပြီး ပေးလိုက်သည့် အခြံအရံတို့ ဖြစ်ပါလိမ့်မည်” ဟု လျှောက်ထား၏။

မင်းကြီးသည် “မြို့ကို တန်ဆာဆင်လျက် သားတော် မဟောသဓာကို ကြိုဆိုကြရမည်” ဟု စည်လည်စေသည်။ မြို့သူမြို့သားတို့လည်း ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြသည်။ တစ်ပြည်လုံး ပွဲလမ်းသဘင်ကြီး ကျင်းပလျက် မဟောသဓာကို ပူဇော်ကြသည်။ ထို့နောက် မင်းကြီးသည် မဟောသဓာ၏ အလိုဆန္ဒအတိုင်းပင် စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော် စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာတို့ကို အခြံအရံ ပရိသတ်ဗိုလ်ပါတို့နှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ ပြန်ပို့လေသည်။

မယ်တော်၊ မိဖုရား၊ သားတော်တို့ ရောက်လာသောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးက “ဝိဒေဟရာဇ် မင်းကြီးသည် မယ်တော်တို့ကို ကောင်းစွာ ချီးမြှောက်ပါ၏လော” ဟု မေးသည်။

မယ်တော်က “ငါ့သားတော်၊ ဝိဒေဟရာဇ်မင်းကြီးသည် ငါ့ကို အိမ်ဦးနတ်အရာမှာ ထား၍ ပူဇော်သည်။ နန္ဒာဒေဝီကိုလည်း မယ်တော်အရာထား၍ လုပ်ကျွေးသည်။ ပဉ္စာလစန္ဒာမင်းသားကိုလည်း ညီတော်အရာထား၍ မြှောက်စားသည်” ဟု ဆို၏။

ထိုအခါ မင်းကြီးသည် လွန်စွာ နှစ်သက်ဝမ်းမြောက်လှသဖြင့် ဝိဒေဟရာဇ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ပို့လေသည်။ ထိုအချိန်မှစ၍ မင်းနှစ်ပါးတို့သည် ငြိမ်းချမ်း ချစ်ကြည်စွာ ဆက်ဆံကြလေ၏။

(မဟောသဓာအပိုင်း- ၃၆ “ဒီဃာဝုမင်းသား” ဆက်တင်ပါမည်)

No comments:

Post a Comment