Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၉

"ကေဝဋ်ပုဏ္ဏား၏အကြံ"
ထိုအခါ ကေဝဋ်ပုဏ္ဏား အကြံပေးသည့်အတိုင်း မြို့ပြင်မှရေကို မြို့တွင်းသို့ မသွင်းနိုင်အောင် ပိတ်ဆို့ထားသည်။ မဟောသဓာက ကြာရိုးရှည်များကို ခွေပြီး မြို့ပြင်ရှိ စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများဆီသို့ မြို့တံတိုင်းပေါ်မှ ပစ်ချသည်။ မိထိလာမြို့တွင်း၌ အတောင် တစ်ရာခန့် နက်သော ရေကန်များရှိဟန် မိမိသူလျှိုတို့အား သတင်းလွှင့် ပြောကြားစေသည်။

ဤတွင် ကေဝဋ်ပုဏ္ဏားသည် မြို့ပြင်မှ ဆန်စပါးများ မသွင်းနိုင်အောင် တားဆီးပြန်သည်။ မဟောသဓာကလည်း မြို့တံတိုင်းပေါ်၌ ရွှံနွံများ တင်၍ စပါးများတင်၍ စိုက်ပျိုးပြသည်။ မြို့တွင်း၌ ဆန်စပါးကို ပြည့်လျှံနေသဖြင့် ပိုလျှံသော စပါးများကို သွန်ကြဲပစ်ရာမှ အပင်ပေါက်နေဟန် မိမိ သူလျှိုတို့အား သတင်းလွှင့် ပြောကြားစေသည်။

ထိုအခါ ကေဝဋ်ပုဏ္ဏားသည် ထင်းများ မသွင်းနိုင်အောင် ပြုပြန်သည်။ မဟောသဓာက မြို့တံတိုင်းပေါ်၌ ထင်းတို့ကို ပုံစေသည်။ ရန်သူတပ်သားများထံ ထင်းတုံးကြီးများကို ပစ်ချပေးစေသည်။ မြို့တွင်း၌ ထင်းတုံးကြီးများ ပေါများနေ၍ ထင်းပုံကြီးများမှာ မြို့တံတိုင်းကိုပင် ကျော်လွန်နေဟန် မိမိသူလျှိုတို့အား ပြောကြားစေသည်။

ဤသို့ အမျိုးမျိုးကြံ၍ မအောင်မြင်နိုင် ဖြစ်သောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် လက်လျှော့ချင်လာသည်။ "မိထိလာပြည်ကို မသိမ်းနိုင်လျှင်လည်း မိမိတိုင်းပြည်သို့ ပြန်ကြမည်" ဟု ဆိုသည်။

ကေဝဋ်ပုဏ္ဏားက "အရှင်မင်းကြီး၊ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မင်းအပေါင်းတစ်ရာနှင့် တိုက်ခိုက်ပါလျက် ဝိဒေဟရာဇ်မင်းကို မနိုင်ဟု ဆိုက ရှက်စရာဖြစ်နေပါသည်။ မဟောသဓာသာ ပညာရှိသည် မဟုတ်ပါ။ ကျွန်ုပ်လည်း ပညာရှိ ဖြစ်ပါသည်။ မဟောသဓာနှင့် ကျွန်ုပ် တရားစစ်ထိုးလိုပါသည်။ တရားစစ်ထိုးရာတွင် နှစ်ဖက်သော မင်းတို့၏ ပညာရှိ နှစ်ယောက် တစ်နေရာတည်းတွင် ဆိုင်ပြိုင်တွေ့ဆုံ ကြပါရပါသည်။။ ယင်းသို့ ဆိုင်ပြိုင်ရာတွင် ရှိခိုးသူဘက်က အရှုံး ဖြစ်ပါသည်။ ယခု တိုင်ပင်သည်ကို မဟောသဓာ သိမည်မဟုတ်ပါ။ ကျွန်ုပ်က အသက်ကြီးသူ ဖြစ်၍ မဟောသဓာသည် ကျွန်ုပ်ကို မြင်လျှင် ရှိခိုးပါလိမ့်မည်" ဟု လျှောက်တင်၏။

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းမြတ်ပေ၏" ဟု ဆိုသည်။ ဝိဒေဟရာဇ်မင်းထံသို့ ပညာရှိချင်း တရားစစ်ထိုးလိုကြောင်း သဝဏ်လွှာရေး၍ ပို့လေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ လျှို့ဝှက်သော အကြံကို သူလျှိုများထံမှ ကြားသိရသည်။ 'ကေဝဋ်ပုဏ္ဏားကို ရှုံးလျှင် ငါပညာရှိ မဟုတ်တော့ပေ' ဟု တွေးတော ဆင်ခြင်သည်။ ထိုစဉ် ဝိဒေဟရာဇ်မင်းကြီးက ခေါ်၍ ကေဝဋ်ပုဏ္ဏား စစ်ထိုးလိုကြောင်း ပြောသည်။

မဟောသဓာက "အရှင်မင်းကြီး၊ နက်ဖြန်တွင် အနောက်မြို့တံခါး၌ တရားစစ်ထိုးရန် စီစဉ်ပါမည်။ ကေဝဋ်ပုဏ္ဏားအား ချိန်းဆိုတော်မူပါ" ဟူ၍ လျှောက်ထားသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ကေဝဋ်ပုဏ္ဏားသည် နံနက်စောစောကပင် တရားစစ်ထိုးရာ နေရာသို့ ရောက်ရှိနေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့လည်း ရောက်ရှိနေကြသည်။ မဟောသဓာ စေလွှတ်ထားသော သူလျှိုတစ်ရာ့တစ်ယောက် တို့သည်လည်း ရောက်ရှိနေကြသည်။ သူတို့သည် မဟောသဓာကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

မဟောသဓာနှင့် ကေဝဋ်ပုဏ္ဏား

မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးထံမှ အကောက်ရှစ်မြှောင့်ရှိသော ပတ္တမြားကို တောင်းယူသည်။ ထို့နောက် ဖွားဖက်တော် တစ်ထောင်ခြံရံလျက် ရထားစီးကာ ထွက်လာသည်။ ကေဝဋ်ပုဏ္ဏားသည် မဟောသဓာကို မြင်သောအခါ မဟောသဓာ၏ အရှိန်အဝါကို မခံနိုင်။ ခရီးဦးကြိုပြု၍ နှုတ်ခွန်းဆက်သည်။

"မဟောသဓာသုခမိန်၊ ပညာရှိချင်း ဖြစ်ပါလျက် သင်တို့ပြည်တွင် အကျွန်ုပ်ရောက်နေသည်မှာ ၄-၅-၆- ရက်ရှိပြီ။ သို့သော်လည်း မည်သည့် လက်ဆောင်မျှ မရပါတကား။ အသင်မပေးပြီလော"
"အသင်ပညာရှိကြီးတို့နှင့် ထိုက်တန်သည့် လက်ဆောင်ကို အကျွန်ုပ် ရှာဖွေခဲ့ပါသည်။ ယနေ့မှ ဤပတ္တမြားကို ရပါသည်။ ဤပတ္တမြားကို လက်ခံပါ။ ဤပတ္တမြားလောက် အရည်အသွေးကောင်းသော ပတ္တမြား မရှိပါ" မဟောသဓာက ဤသို့ဆိုကာ ပတ္တမြားကို လက်ပေါ်တင်၍ ပြလေသည်။

မဟောသဓာ၏ ပရိယာယ်

ကေဝဋ်ပုဏ္ဏားသည် ပတ္တမြားကို မြင်သောအခါ အလွန်လိုချင်သွားသည်။ သူ့ကို မဟောသဓာက တကယ်ပေးမည်ဟုလည်း ထင်သည်။ ထို့ကြောင့် "စစ်သူကြီး သုခမိန်၊ ပတ္တမြားရတနာ ငါ့အား ပေးလော့" ဟု ဆိုကာ လက်ဖြန့်ခံ၏။

မဟောသဓာကလည်း "ပုရောဟိတ် သုခမိန်၊ ယူလော့" ဟုဆိုကာ ကေဝဋ်ပုဏ္ဏား၏ ဖြန့်ထားသော လက်ဝါးမှ လက်ချောင်းကြားသို့ ကျအောင် ပစ်ချလိုက်၏။ ထိုအခါ ပတ္တမြားသည် လက်ချောင်းကြားမှ လျှောကျ၍ မြေပေါ်သို့ ရောက်သွားသည်။ မဟောသဓာ၏ ခြေရင်း၌ တည်လေသည်။

ကေဝဋ်ပုဏ္ဏားလည်း ပတ္တမြားကို ကုန်း၍ ကောက်ယူသည်။ ထိုအခါ မဟောသဓာ၏ ခြေကို ဦးညွတ်သကဲ့သို့ ဖြစ်နေသည်။ ဤတွင် မဟောသဓာသည် ကေဝဋ်၏ ကျောက်ကုန်းကို လက်တစ်ဖက်ဖြင့် မထနိုင်အောင် နှိပ်ထားသည်။ ကျန်လက်တစ်ဖက်ဖြင့် လည်ကုပ်ကို ကိုင်နှိပ်ထားသည်။ ထို့နောက် "ပုရောဟိတ်၊ ထလော့။ အကျွန်ုပ်ကား ဆရာ၏ မြေးအရွယ်သာ ရှိပါသည်။ အကျွန်ုပ်ကို ရှိမခိုးပါနှင့်" ဟု ပရိသတ်အပေါင်း ကြားအောင် ကျယ်လောင်စွာ ပြောဆိုသည်။ ယင်းသို့ပြောဆိုရာမှ ကေဝဋ်၏ နဖူးကို မြေတလင်းတွင် ပွတ်တိုက်သည်။ ကေဝဋ်၏ နဖူးမှာ စုတ်ပြဲ၍ သွေးများထွက်လာသည်။ ထို့နောက် "ပုဏ္ဏားမိုက်၊ ကျွန်ုပ်ကဲ့သို့ မြေးအရွယ်ကို ရှိခိုးချင်ရသလော" ဟူ၍ ငေါက်ငမ်းကာ လည်ကုပ်ကို ဆွဲ၍ တွန်းပစ်လိုက်လေသည်။

မဟောသဓာ အော်ပြောသံကို ပရိသတ်အားလုံး ကြားကြသည်။ မဟောသဓာ၏ သူလျှိုများကလည်း "ကေဝဋ်ပုဏ္ဏားက မဟောသဓာကို ရှိခိုးလေပြီ" ဟု တစ်ပြိုင်နက် အော်ကြလေသည်။

စူဠနီဗြဟ္မဒတ်မင်း အမှူးပြုသော မင်းမှူးမတ် ဗိုလ်ပါတို့သည် ကျယ်လောင်သော ထိုအသံများကိုလည်း ကြားကြသည်။ မဟောသဓာ၏ ခြေရင်း၌ ကေဝဋ်ပုဏ္ဏား ဦးခေါင်းစိုက်သည်ကိုလည်း မြင်ကြရသည်။ ဤတွင် "ငါတို့ ပညာရှိက မဟောသဓာကို ရှိခိုးလေပြီ။ ငါတို့ ရှုံးပြီ" ဟုဆိုကာ မိမိတို့၏ မြင်းများကို စီး၍ ထွက်ပြေးကြလေသည်။ မဟောသဓာ၏ ဘက်တော်သားတို့က "ရန်သူတို့ ပြေးလေပြီ။ လိုက်ကြကုန်။ ဖမ်းဆီးကြကုန်" ဟု တစ်ပြိုင်တည်း ကြွေးကြော်ကြလေသည်။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တော်များသည် မထိန်းနိုင်၊ မသိမ်းနိုင်၊ ဖရိုဖရဲ ထွက်ပြေးကြလေသည်။ မဟောသဓာလည်း အခြံအရံတို့နှင့်တကွ မြို့တွင်းသို့ ရွှင်ပျစွာ ဝင်လေသည်။

ကေဝဋ်ပုဏ္ဏားသည် လဲကျရာအရပ်မှ ထပြေးသည်။ မိမိမြင်းကို တက်စီးသည်။ နဖူးအနာမှ ယိုစီးသော သွေးကို သုတ်လျက် စစ်သည်တို့ ပြေးရာနောက်က အစဉ်တစိုက် လိုက်သည်။ "အချင်းတို့၊ မပြေးကြနှင့်။ သူကြွယ်သားကို ငါ ရှိခိုးသည် မဟုတ်။ ရပ်ကြကုန်၊ ရပ်ကြကုန်" ဟု လိုက်၍ ပြောသည်။ အဖြစ်မှန်ကို ရှင်းလင်း ပြောပြသည်။

ထိုအခါတွင် စူဠနီဗြဟ္မဒတ်မင်းက စစ်သည်တို့ကို ပြန်လည် စုရုံးသည်။ ကေဝဋ်အား "မည်သို့ ပြုလုပ်ရမည်နည်း" ဟု မေးသည်။ ကေဝဋ်က "မြို့တွင်းမှ မည်သူ့ကိုမျှ ထွက်ခွင့် မပေးဘဲ တံခါးငယ်လေးများကို ပိတ်ဆို့ထားပါမည်" ဟု လျှောက်တင်သည်။ စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်ဆိုတိုင်း ပြုစေသည်။ ထိုအကြောင်းကို သူလျှိုများမှ တစ်ဆင့် မဟောသဓာ သိသောအခါ 'ဥပါယ်တံမျဉ်ဖြင့် စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တို့ လျင်မြန်စွာ ပြေးစေအံ့" ဟူ၍ ကြံစည်သည်။ သူသည် လိမ္မာရဲရင့်သော အနုကေဝဋ်ပုဏ္ဏားကို ခေါ်ယူသည်။

(မဟောသဓာအပိုင်း- ၃၀ "အနုကေဝဋ်ပုဏ္ဏား" ဆက်တင်ပါမည်)

No comments:

Post a Comment