Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၃

"စစ်သူကြီး မဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည် "
 
မဟောသဓာက ငြင်းဆိုလိုက်သည်။
"အရှင်မင်းကြီး၊ အကျွန်ုပ်မှာ စစ်သေနာပတိချုပ် ဖြစ်ပါသည်။ ယခု မလိုက်လိုသေးပါ။ မိမိ၏ တပ်သားအားလုံးကို ခေါ်ဆောင်ပြီးမှသာလျှင် လိုက်ပါနိုင်ပါမည်။ ထိုသို့မဟုတ်ဘဲ ကျန်ရှိနေသော မိမိ၏ တပ်သားများကို ရန်သူ့လက်တွင် ထားခဲ့ပြီး ကိုယ်လွတ် ရုန်းမည်ဆိုလျှင် တရားရာ မရောက်ပါ။

ဆင်းရဲဘက်ဖြစ်သော ဗိုလ်ပါ တပ်သားတို့ကို သနားကြင်နာခြင်း မရှိ။ မိမိနှင့်ထပ်တူ မပြု၊ သူ့လက်တွင်း ထားခဲ့၍ ကိုယ်လွတ်ရုံးချေသော် အကျွန်ုပ်အား စစ်သူကြီးတို့ ကျင့်ဆောင်အပ်သော တရား၊ ခြောက်ပါးသော နာယကဂုဏ်တို့ ပျက်စေသဖြင့် ဘုန်းကျက်သရေ မဆုတ်ယုတ်ပြီလော။ ဥပကာရီ မြို့တော်ထဲတွင် အရှင်မင်းကြီးနှင့် ပါလာသော စစ်သည် တပ်သားများ ကျန်ရစ်နေပါသေးသည်။ ထို့ပြင် အကျွန်ုပ်နှင့် အတူ လေးလတိုင်တိုင် ကူညီလုပ်ဆောင်ကြသော လူပေါင်းများစွာတို့ ကျန်ရှိနေပါသေးသည်။ ထိုသူတို့ကို တစ်ယောက်မျှ အကျွန်ုပ် စွန့်ပစ်မသွားပါ။ ဥပကာရီမြို့သို့ ပြန်သွားရပါဦးမည်။ စူဠနီဗြဟ္မဒတ်မင်းအား ရင်ဆိုင်၍ ထိုဗိုလ်ခြေ တပ်သား အားလုံးကို ခေါ်ဆောင်ပြီးမှ လိုက်လာခဲ့ပါမည်။ အရှင်မင်းကြီးသာ အနှောင့်အယှက် ကင်းစွာဖြင့် တိုင်းပြည်သို့ ပြန်ရောက်အောင် အလျင်အမြန် ကြွချီတော်မူပါ။ လမ်းခရီး၌ စိုးရိမ်ဖွယ် ဘာမျှ မရှိပါ။ ထိုသို့ မရှိရလေအောင် တစ်ယူဇနာလျှင် တစ်ရွာကျ အရှင်မင်းကြီး ကြွလာလျှင် ဆင်၊ မြင်း အသစ်လဲလှယ်၍ မိထိလာပြည်သို့ အမြန်ရောက်အောင် ပို့ဆောင်ပေးကြရန် မှာထားပြီး ဖြစ်ပါသည်။ အသင့် စီစဉ်ထားပြီး ဖြစ်ပါသည်" ဟု လျှောက်ထား၍ မင်းကြီးကို လွှတ်လိုက်လေသည်။

မင်းကြီးလည်း မဟောသဓာ စီစဉ်သည့်အတိုင်း သွားရာ လမ်းခရီးတွင် ဘေးရန် မရှိ။ အခက်အခဲ မရှိ။ ယူဇနာတစ်ရာ ဝေးသော မိထိလာပြည်သို့ နောက်တစ်နေ့မှာပင် ဆိုက်ရောက်သွားလေသည်။ မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့ကို ပို့ဆောင်ပြီးသောအခါ သန်လျက်ကို ဥမင်တံခါးဝရှိ သဲပုံအောက်တွင် မြှုပ်ထားလိုက်သည်။ ထို့နောက် ဥမင်ထဲသို့ ဝင်၍ တဲနန်းပြာသာဒ်ပေါ်သို့ တက်ရောက်သည်။ 'ငါ့အကြံ အထမြောက်ပြီ' ဟု ဆိုကာ စိတ်ချလက်ချ အိပ်စက်လေသည်။

နံနက်မိုးသောက်သောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဆင်ပြောင်ကို စီးလျက် ချီတက်လာသည်။ မိမိ၏ ရဲမက်ဗိုလ်ပါတို့အား ဥပကာရီမြို့ကို ဖြိုဖျက်တိုက်ခိုက်ရန် အမိန့်ပေး၍ ချဉ်းကပ်လာသည်။

ထိုအချိန်၌ မဟောသဓာသည် အဖိုးတစ်သိန်းထိုက်သည့် ကာသိတိုင်းဖြစ် ပုဆိုးကို ဝတ်လျက်၊ ကမ္ဗလာနီကို လက်ဝဲပခုံးတွင် ရစ်သိုင်းလျက်၊ ရတနာလှံတံကို ကိုင်စွဲလျက်၊ ရွှေခြေနင်း စီးလျက်၊ စူဠနီဗြဟ္မဒတ်မင်းကြီး မြင်သာအောင် နန်းပြာသာဒ်၌ စင်္ကြံလျှောက်နေလေသည်။

အလွန်လှပတင့်တယ်သော အမျိုးသမီးကလေးများကလည်း မဟောသဓာကို သားမြီးယပ်ဖြင့် ခတ်ပေးနေကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း "မဟောသဓာကို ယခုပင် ဖမ်းအံ့" ဟု ဆိုကာ ဆင်တော်ကို ချွန်းဖွင့်၍ အပြင်းနှင်လာသည်။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး အဘယ့်ကြောင့် အဆောတလျင် ဆင်တော်ကို နှင်လာပါသနည်း။ အဘယ့်ကြောင့် ရွှင်သောမျက်နှာဖြင့် လာပါသနည်း။ ငါ့အလုပ် ကိစ္စပြီးမြောက်ပြီဟု ထင်တော်မူပါသလော။ အရှင်မင်းကြီး လက်နက်ကို စွန့်ပစ်တော် မူလိုက်ပါလော့။ အပင်ပန်းခံ မနေပါလင့်။ နန်းတော်သို့ ပြန်ကြွတော်မူပါ" ဟု အေးဆေးစွာ ပြောလိုက်သည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မဟောသဓာက သူ့အား ပြက်ရယ်ပြုနေသည်ဟု ထင်မိသည်။ "မဟောသဓာ၊ သင်သည် မျက်နှာရွှင်လန်းလျက် ပြုံးချိုစွာ ပြောနေသည်။ သေခါနီးတွင် ဤသို့ပင် မျက်နှာ ကြည်လင်တတ်စမြဲ ဖြစ်သည်။ ငါသည် ယနေ့ပင် သင့်ဦးခေါင်းကို ဖြတ်၍ အောင်သေသောက်ရတော့မည်" ဟု ဆိုလေသည်။

ဤတွင် မဟောသဓာက "အရှင်မင်းကြီး၏ ကြုံးဝါးခြင်းကား အချည်းနှီးဖြစ်ခဲ့ပြီ။ အရှင်မင်းကြီးတို့ တိုင်ပင်ထားသည့် ကိစ္စကား ပျက်လေပြီ။ အရှင်မင်းကြီးနှင့် ကေဝဋ်အမတ်တို့ တိုင်ပင်သည့် အကြံကို ရှေးဦးကပင် အကျွန်ုပ် သိထားသည်။ မြင်းခြေကျိုး စီးသူသည် သိန္ဓောမြင်း စီးသူကို မဖမ်းနိုင်ပါ။ ထို့အတူ ကေဝဋ်အမတ် တည်းဟူသော မြင်းခြေကျိုး စီးသည့် အရှင်မင်းကြီးသည် အကျွန်ုပ် မဟောသဓာ တည်းဟူသော သိန္ဓောမြင်းကို စီးသည့် ဝိဒေဟရာဇ် မင်းကြီးကို မဖမ်းနိုင်ပါ။ ဝိဒေဟရာဇ်မင်းကြီးသည် ယမန်နေ့ညကပင် မှူးမတ်ဗိုလ်ပါ အခြံအရံတို့ဖြင့် ထွက်ခွာသွားတော်မူပါပြီ" ဟု ဆိုလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးက 'မဟောသဓာသည် အလွန်ရဲရင့်စွာ ပြောဆိုနေပေသည်။ မုချပင် ဝိဒေဟရာဇ် မင်းကြီး ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်မည်။ ရှေးကလည်း မဟောသဓာကြောင့်ပင် ငါတို့ စစ်တပ်ကြီး ပျက်၍ ပြေးခဲ့ရသည်။ ယခုလည်း မဟောသဓာသည် ငါ့လက်တွင်း ရောက်နေသည့် ရန်သူကို လွတ်မြောက်အောင် ပြုပြန်ပြီ။ ငါ၏ အကျိုးမဲ့ကို မဟောသဓာပြုသည်ကား များလှပြီ။ သို့ဖြစ်၍ ဝိဒေဟရာဇ်နှင့် မဟောသဓာ နှစ်ယောက်အပေါ် ပေးရမည့် ပြစ်ဒဏ် နှစ်ခုကို မဟောသဓာ တစ်ယောက်တည်းအား စုပေါင်းပေးရတော့မည်' ဟု ကြံကာ "မဟောသဓာကို ဖမ်းကြလော့။ သင်း၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ကြလော့။ သင်းကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်ကြကုန်။ နွားရေကို ငုတ်စိုက်ကြက်သကဲ့သို့ပင် မဟောသဓာအား မြေပြင်တွင် ကားကြက်ကြကုန်။ ငါကိုယ်တိုင်လည်း သင်းကို သန်လျက်ဖြင့် ထိုးသတ်အံ့" ဟု ဒေါသကြီးစွာဖြင့် အမိန့်ပေးလေသည်။

ထိုအခါ မဟောသဓာက ရယ်မောလိုက်သည်။ "အရှင်မင်းကြီးက အကျွန်ုပ်၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်လျှင် အကျွန်ုပ်၏ အရှင် ဝိဒေဟရာဇ်မင်းကြီးက အရှင်မင်းကြီး၏ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ပါလိမ့်မည်။ အရှင်မင်းကြီးက အကျွန်ုပ်ကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်လျှင် ဝိဒေဟရာဇ်မင်းကြီးက အရှင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်ပါလိမ့်မည်။ အရှင်မင်းကြီးက အကျွန်ုပ်ကို ကားကြက်ပြီး သန်လျက်ဖြင့် ထိုးသတ်လျှင် ဝိဒေဟရာဇ်မင်းကြီးကလည်း အရှင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ကားကြက်ပြီး သန်လျက်ဖြင့် ထိုးသတ်ပါလိမ့်မည်။ သည်လို အရှင်မင်းကြီးက အကျွန်ုပ်ကို စီရင်သကဲ့သို့ အရှင်မင်းကြီး၏ မိဖုရား၊ သားတော်နှင့် သမီးတော်တို့ကိုလည်း စီရင်ရန် အကျွန်ုပ်နှင့် ဝိဒေဟရာဇ်မင်းကြီးတို့ တိုင်ပင်ထားပြီးဖြစ်ပါသည်။ အကျွန်ုပ်သည် လုလင်များအား စေလွှတ်၍ အရှင်မင်းကြီး၏ မယ်တော် စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ဥမင်လမ်းဖြင့် ခေါ်ထုတ်ခဲ့ပါသည်။ သူတို့ကို ဝိဒေဟရာဇ်မင်းကြီးအား ပေးအပ်လိုက်ပါပြီ" ဟု ဆိုလေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် 'ညဦးကလည်း ဂင်္ဂါမြစ်နားတွင် နန္ဒာဒေဝီတို့၏ ငိုသံလိုလို ကြားခဲ့သည်။ ယခု မဟောသဓာ ပြောနေသည်မှာ အမှန်တကယ် ဖြစ်လိမ့်မည်' ဟု ယူဆမိသည်။ အလွန်စိုးရိမ်လာသည်။ သို့ရာတွင် ရာဇဣနြေ္ဒကို ထိန်းလိုက်သည်။ အမတ်တစ်ယောက်အား နန်းတော်သို့ သွား၍ ကြည့်ရှုရန် စေလွှတ်လိုက်သည်။

အမတ်သည် နန်းတော်သို့ရောက်သောအခါ မယ်တော် စလာကဒေဝီကိုလည်း မတွေ့ရ။ မိဖုရား၊ သားတော်၊ သမီးတို့ကိုလည်း မတွေ့ရ။ နန်းတော်တစ်ခုလုံး အသုံးအဆောင်ပစ္စည်းများ ပြန့်ကြဲကာ ဖရိုဖရဲ ဖြစ်နေသည်ကိုသာ တွေ့ရသည်။

နန်းတော်အစောင့်အရှောက်များနှင့် နန်းတွင်းသူများကိုမူ တွေ့ရသည်။ သို့ရာတွင် သူတို့၏ ပါးစပ်များမှာ ပိတ်ဆို့ခံထားရလျက် ခန္ဓာကိုယ်တို့မှာလည်း တုပ်နှောင်ခြင်း ခံထားရသည်ကို တွေ့ရသည်။ အမတ်သည် ထိုသူတို့အား အနှောင်အဖွဲ့မှ လွှတ်ပြီးလျှင် အကျိုးအကြောင်း မေးမြန်းသည်။ မဟောသဓာ၏ လုလင်များ လက်ချက်ဖြစ်မှန်း သိရှိရသည်။

သူသည် ချက်ချင်းပင် မင်းကြီးထံ ပြန်သွားသည်။ မဟောသဓာ ပြောသည့်အတိုင်း ဟုတ်မှန်ကြောင်း လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း တုတ်ဖြင့် အရိုက်ခံရသော မြွေဟောက်ပမာ ပြင်းစွာဒေါသထွက်လျက် ရှိလေသည်။

(မဟောသဓာအပိုင်း- ၃၄ "အံချီးဖွယ် မဟောသဓာ၏ စွမ်းရည်" ဆက်တင်ပါမည်)

No comments:

Post a Comment