Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၈ (ဇာတ်သိမ်း)

“အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး)
 
ပရိဗိုဇ်မက “ညီတော် တိက္ခိနမန္တိကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးပြန်သည်။

မင်းကြီးက “ညီတော်သည် စလာကဒေဝီနှင့် ဆမ္ဘီပုဏ္ဏားတို့ လက်ဆက်ပြီးမှ ဖွားမြင်သော မင်းသားဖြစ်သည်။ ထို့ကြောင့် ဆမ္ဘီပုဏ္ဏားက သူနှင့် သင့်၍ရသော မင်းသားဟု မှတ်ထင်ကာ အရွယ်ရောက်သောအခါ သန်လျက်ပေးအပ်၍ အခစား ခိုင်းထားသည်။ မင်းသားကလည်း သူ့ဖခင် ဟူ၍ပင် ထင်သည်။ သို့ရာတွင် အမတ်များက မင်းသားအား ‘သင့်မယ်တော်သည် သင့်ကို ကိုယ်ဝန်ရှိသော အချိန်၌ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ခတ်သတ်ပြီး ပုဏ္ဏားကို နန်းတင်ခြင်းသာ ဖြစ်သည်’ ဟု ပြောပြကြသည်။ ဤတွင် တိက္ခိနမန္တိ မင်းသားသည် ဆမ္ဘီပုဏ္ဏားကို လုပ်ကြံသတ်ဖြတ်လျက် နန်းတက်မည်ပြုသည်။ ထိုအခါ မယ်တော်က ‘မဒ္ဒရာဇ်တိုင်း၌ သင့်နောင်တော် ရှိနေသေးသည်’ ဆိုသဖြင့် နောင်တော်ဖြစ်သော ကျွန်ုပ် စူဠနီဗြဟ္မဒတ်ကို ပင့်ဆောင်ကာ နန်းတင်ခဲ့သည်။ ဤမျှ ကျွန်ုပ်အပေါ် ကျေးဇူးကြီးလှပါသည်။ သို့ရာတွင် သူချီးမြှောက်၍ မင်းအဖြစ်သို့ ရောက်ရသည်ဟု သဘောထားကာ ကျွန်ုပ်အပေါ် မထေမဲ့မြင် ပြုတတ်ပါသည်။ ထို့ကြောင့် ရေစောင့်ဘီလူးအား ညီတော်ကို ပေးမည်ဟု ပြောရပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ဓနုသေခကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီးက “ဓနုသေခသည် ငယ်စဉ်က အတူအိပ်၊ အတူစား၊ ကစားဖော်ဖြစ်ခဲ့သည်။ ကျွန်ုပ် မင်းအဖြစ်သို့ ရောက်သောအခါ အရေးအရာမသိ၊ မင်းမဖြစ်မီကကဲ့သို့ပင် ရောရောနှောနှောနေကာ ရယ်မော ပြောဆိုလေ့ရှိသည်။ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့် ရထားသည်ဆိုပြီး ကျွန်ုပ်နှင့် မိဖုရားကြီး နှစ်ကိုယ်တူနေသည့် အခါတွင်လည်း အခွင့်မတောင်း၊ အကြောင်းမကြား၊ စွပ်ခနဲ ဝင်ချင်ဝင်လာတတ်သည်။ ထို့ကြောင့် ဓနုသေခကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ပုရောဟိတ် ကေဝဋ်ပုဏ္ဏားကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီက “ကေဝဋ်ပုဏ္ဏားသည် ပရိသတ်အလယ်၌ ကျွန်ုပ်ကို မျက်မှောင်ချီလျက် ဒေါသဖြင့် မျက်စိပြူး ကြည့်တတ်ပါသည်။ ထို့ကြောင့် သူ့ကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ထို့နောက် ဘေရီ ပရိဗိုဇ်မက “မယ်တော် စသော ပုဂ္ဂိုလ်ငါးဦးတို့ကို ရေစောင့်ဘီလူးအား ပေးမည်ဆိုသည့် အကြောင်းရင်းကို သိရပါပြီ။ သင်မင်းကြီး ကိုယ်တိုင်ကား ဧကရာဇ်ဘုရင်ကြီး ဖြစ်ပါလျက် မဟောသဓာကိုယ်စား မိမိအသက်ကို စွန့်မည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေး၏။

မင်းကြီးက “မဟောသဓာ သုခမိန်သည် အကျွန်ုပ်ထံသို့ ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ကျွန်ုပ်အား ကိုယ်နှုတ်ဖြင့် ပြစ်မှားခြင်း လုံးဝမရှိခဲ့ပါ။ မဟောသဓာ သုခမိန်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တည်းဟူသော ကာလသုံးပါးတို့၌ အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည်တို့ကိုလည်း သိမြင်နိုင်သူဖြစ်သည်။ သူတစ်ပါးတို့အား ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့်လည်း ပြစ်မှားခြင်း မပြုတတ်။ မဟောသဓာ သုခမိန် မသေမီ အကျွန်ုပ် သေရလျှင် သားတော်အစဉ်၊ မြေးတော်အဆက်တိုင်အောင် မဟောသဓာသည် စောင့်ရှောက်လိမ့်မည်။ ဤတွင် ကျွန်ုပ်အဖို့ ကောင်းသောသေရခြင်း ဖြစ်ပါသည်။ ထို့ပြင် မဟောသဓာ သုခမိန်၏ ကောင်းကျိုးပြုမှုကြောင့် လူခပ်သိမ်းတို့အဖို့လည်း ပစ္စုပ္ပန် သံသရာတို့၌ စီးပွားချမ်းသာ ရနိုင်ပါသည်။ ထို့ကြောင့် မဟောသဓာကိုယ်စား ကျွန်ုပ်၏ အသက်ကို ရေစောင့်ဘီလူးအား ပေးမည်ဟု ဆိုခြင်းဖြစ်သည်” ဟု ရှင်းလင်း ပြောဆို၏။

ဘေရီ ပရိဗိုဇ်မလည်း မဟောသဓာ၏ ဂုဏ်ကို ထို့ထက် ပို၍ ထင်ရှားစေလိုသောကြောင့် မြို့သူမြို့သားတို့ကို စည်းဝေးစေသည်။ မင်းကြီးအား ပရိသတ်အလယ်တွင် ရေစောင့်ဘီလူး ပြဿနာကို အထက်ပါအတိုင်း ထပ်၍ မေးပြန်၏။ မင်းကြီကလည်း အထက်ပါအတိုင်းပင် ဖြေကြား၏။

ပညာမည်သည်

ထိုအခါ ပရိဗိုဇ်မက “တိုင်းသူပြည်သား အပေါင်းတို့၊ ယခု မင်းကြီးပြောသည့် စကားကို ကြားကြပြီ မဟုတ်လော၊ ပညာရှိ မဟောသဓာအတွက် မိမိအသက်ကိုပင် စွန့်မည်ဟု ပြောချေပြီ။ မင်းကြီးသည် မယ်တော်၊ မိဖုရား၊ ညီတော်၊ အဆွေခင်ပွန်း၊ ပုရောဟိတ်ပုဏ္ဏားနှင့် မိမိကိုယ်ကိုပင် စွန့်၍ ပညာရှိကို စောင့်ရှောက်ပေသည်။ ပညာမည်သည် မဏိဇောတ ပတ္တမြားနှင့် တူ၏။ အလိုရှိအပ်သော အရာခပ်သိမ်းကို ပြီးစေ၏။ အလွန် တန်ခိုးကြီး၏။ ပညာသည် ဒုစရိုက် ဆယ်ပါးကို ရှောင်ရှားစေ၍ သူတော်ကောင်း တရားကို ပွားစေ၏။ ပညာသည်သာလျှင် မျက်မှောက်ဘဝ၌ ကိုယ်၏ စီးပွားနှင့် သူတစ်ပါးတို့၏ စီးပွားအကျိုးကို ဆောင်နိုင်၏။ နောင်တမလွန် ဘဝ၌လည်း ကောင်းမြတ်သော သုဂတိသို့ ပို့ဆောင်ပေးနိုင်၏။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာကိုလည်း ရွက်ဆောင်နိုင်၏” ဟူ၍ မဟောသဓာ၏ ပညာဂုဏ်ကို ချီးမွမ်း ပြောဆိုလေ၏။

(ဇာတ်ပေါင်းသော် မဟောသဓာသည် ဂေါတမမြတ်စွာဘုရား၊ အမရာဒေဝီသည် ယသော်ဓရာ၊ မဟောသဓာ၏ ခမည်းတော် သီရိဝဍ္ဎန သူဌေးသည် သုဒ္ဓေါဒန မင်းကြီး၊ သူဌေးကတော် သုမနဒေဝီသည် မယ်တော်မာယာ၊ ဝိဒေဟရာဇ်မင်းသည် ကာဠုဒါယီ၊ စူဠနီဗြဟ္မဒတ်မင်းသည် အရှင်သာရိပုတ္တရာ၊ ကေဝဋ်ပုဏ္ဏားသည် ဒေဝဒတ်၊ သေနက အမတ်သည် အရှင် မဟောကဿပ၊ ပက္ကုသ်အမတ်သည် အမ္ဗဌလုလင်၊ ကာမိန္ဒအမတ်သည် ကုဋဒန္တပုဏ္ဏား၊ ဒေဝိန္ဒအမတ်သည် ပိလောတိကလုလင်၊ ဥဒုမ္ဗရဒေဝီသည် ဒိဌမင်္ဂလိက အမျိုးသမီး၊ ပဉ္စာလစန္ဒီ မင်းသမီးသည် သုန္ဒရီ၊ ဘေရီ ပရိဗိုဇ်မသည် ဥပ္ပလဝဏ်၊ ကျေးလိမ္မာသည် အရှင်အာနန္ဒာ၊ သာလိကာမသည် မလ္လိကာ မိဖုရားတို့ အသီးသီး ဖြစ်လာကြလေသည်)

***ဤမဟောသဓာဇာတ်တော်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

No comments:

Post a Comment