Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၇

 “မဟောသဓာ စူးစမ်းခြင်း”
 
ဤသို့ စစ်သေနာပတိ ရာထူးကို ကြီးကျယ်စွာ ချီးမြှောက်လိုက်သောအခါ မဟောသဓာသည် သံသယဝင်မိ၏။ ‘မင်းကြီးသည် ငါ့အား သဘောရိုးဖြင့် ချီးမြှောက်ခြင်း ဟုတ်ပါလေစ’ ဟု တွေးတောသည်။ သို့ဖြင့် ပရိဗိုဇ်မထံ သွားသည်။

“အရှင်မက ကျွန်ုပ်၏ ဂုဏ်ကို ပြောဆိုသည့်အတွက် မင်းကြီးသည် လက်ရှိ မှူးမတ်များကို လွှမ်းမိုး၍ ကျွန်ုပ်အား ထူးထူးကဲကဲ မြှောက်စားတော်မူပါသည်။ ‘ဤသို့ ပြုခြင်းသည် သဘောရိုးဖြင့်လော၊ သို့တည်းမဟုတ် ပရိယာယ်ဖြင့်လော’ ဟု တွေးတောစရာ ဖြစ်နေပါသည်။ စုံစမ်းပေးတော်မူပါ” ဟု ပန်ကြား၏။

ပရိဗိုဇ်မလည်း “ကောင်းပြီး” ဟု ဝန်ခံလိုက်သည်။ နောက်တစ်နေ့ နန်းတော်သို့ ကြွသောအခါ အခြားသူများကို ဖယ်ရှားခိုင်းပြီးလျှင် မင်းကြီးတစ်ပါးတည်းအား မေးမြန်း၏။

“အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် မယ်တော် စလာကဒေဝီ၊ မိဖုရားနန္ဒာဒေဝီ၊ ညီတော်တိက္ခိနမန္တိ မင်းသား၊ ဓနုသေခ အဆွေခင်ပွန်း၊ ပုရောဟိတ်ကေဝဋ်၊ မဟောသဓာ ပညာရှိတို့နှင့် အတူ ပင်လယ်ထဲသို့ လှေဖြင့်သွားသည် ဆိုပါစို့။ ထိုစဉ် လူသားစားသည့် ရေစောင့်ဘီလူးက လှေကို ချုပ်ကိုင်မည်။ ဤသူ ခြောက်ယောက်တို့ကို ငါ့အား အစဉ်အတိုင်း တစ်ယောက်စီပေးမှ သင်မင်းကြီးအား လွှတ်မည်ဆိုလျှင် မည်သူ့ကို အလျင်ပေးမည်နည်း”

ထိုအခါ မင်းကြီးက “ပထမဆုံး မယ်တော် စလာဒေဝီကို ပေးမည်။ ထို့နောက် နန္ဒာဒေဝီ၊ ထို့နောက် တိက္ခိနမန္တိ မင်းသား၊ ထို့နောက် ဓနုသေခ၊ ထို့နောက် ပုရောဟိတ်ကေဝဋ်တို့ကို ပေးမည်။ မဟောသဓာကိုမူ မပေး၊ သူ့ကိုယ်စား ကျွန်ုပ်ကိုယ်ကိုပင် ပေးမည်” ဟု ဆို၏။

ဤသို့ ပြောသဖြင့် မဟောသဓာအပေါ် မင်းကြီး ချစ်မြတ်နိုးလှကြောင်းကို ဘေရီ ပရိဗိုဇ်မ ကောင်းစွာ သိသွားလေသည်။ သို့ရာတွင် ပို၍ စိတ်ချစေရန်နှင့် မဟောသဓာ၏ ဂုဏ်လည်း ထင်ရှားစေရန်အတွက် မှူးမတ် ပရိသတ်တို့ကို စုဝေးစေသည်။ ထိုသူတို့အလယ်၌ အထက်ပါ ပြဿနာကို ထပ်၍ မေးမြန်းသည်။ မင်းကြီးကလည်း ရှေးနည်းအတိုင်းပင် ဖြေကြားသည်။

အားကိုးထိုက်သူ မဟောသဓာ

ထိုအခါ ပရိဗိုဇ်မက “အရှင်မင်းကြီး၊ အရှင်မင်းကြီးက မယ်တော်ကို ပထမဦးဆုံး ပေးမည်ဟု ဆိုသည်။ လောက၌ မိခင်သည် အလွန်ကျေးဇူးကြီးလှသူ ဖြစ်သည်။ အရှင်မင်းကြီး၏ မိခင်မူ အခြားမိခင်များနှင့် မတူပေ။ မင်းကြီးအပေါ် လွန်စွာ ကျေးဇူးများလှသည်။ ဆမ္ဘီပုဏ္ဏားက သင်မင်းကြီးကို ဖျောက်ဖျက်မည် ပြုသောအခါ မယ်တော်သည် ဥပါယ်တံမျဉ်းဖြင့် သင်မင်းကြီး၏ အသက်ကို ကယ်ခဲ့သည် မဟုတ်လော” ဟု ဆို၏။

စင်စစ် စူဠနီဗြဟ္မဒတ်မင်း၏ ခမည်းတော်ကား မဟာစူဠနီဗြဟ္မဒတ်မင်းကြီး ဖြစ်သည်။ မိဖုရား စလာကဒေဝီသည် စူဠနီဗြဟ္မဒတ်မင်းကြီး ငယ်စဉ်အချိန်က ဆမ္ဘီအမည်ရှိ ပုရောဟိတ်ပုဏ္ဏားနှင့် ဖောက်ပြန်ခဲ့သည်။ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ကျွေးသတ်ခဲ့သည်။ ဆမ္ဘိပုဏ္ဏားကို နန်းတင်ခဲ့သည်။ ဆမ္ဘီပုဏ္ဏားသည် စူဠနီဗြဟ္မဒတ် မင်းသား ကြီးပြင်းလာသောအခါ ထီးနန်းကို ယူလိမ့်မည်ဟု စိုးရိမ်သည်။ မင်းသားလေးအား သတ်ရန် စလာကဒေဝီကို စေခိုင်းသည်။ စလေကဒေ၀ီသည် သားတော်ကို မသတ်ဘဲ စားဖိုသည်ထံအပ်ကာ မဒ္ဒရာဇ်တိုင်း သာဂရပြည်သို့ ထွက်ပြေးစေသည်။ စားဖိုသည်လည်း မိမိ၏ သား ဓနုသေခနှင့်အတူ မင်းသားလေးကို ခေါ်၍ ပြေးသွားသည်။ စလာကဒေဝီက ဆိတ်ရိုးတို့ကို ပြကာ သူ့သား စူဠနီ သေပြီဖြစ်ကြောင်း ဆမ္ဘီ ပုဏ္ဏားအား လိမ်လည်လျှောက်ထားသည်။ ပုဏ္ဏားလည်း ယုံကြည်သွားသည်။ နောင်အခါ စူဠနီမင်းသားလေးသည် မဒ္ဒရာဇ်မင်း၏ ချီးမြှောက်ခြင်းကို ခံရလေသည်။ မဒ္ဒရာဇ်မင်း၏ သမီးတော်နှင့် ထိမ်းမြားကာ မင်းဖြစ်လာသည်။

ဘေရီပရိဗိုဇ်မက “ဤသို့ ဆမ္ဘီ ပုဏ္ဏား၏ လက်မှ အသင့်ကို မယ်တော် ကယ်ခဲ့ပါလျက် အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ပေးမည် ဆိုရသနည်း” ဟု မေး၏။
မင်းကြီးက “အရှင်မ၊ အကျွန်ုပ်အပေါ် မယ်တော်၏ ကျေးဇူးများကြောင်း သိပါသည်။ သို့ရာတွင် မယ်တော်သည် အရွယ်နှင့် မလိုက်အောင် ကာမဂုဏ် တပ်မက်လွန်းသူ ဖြစ်ပါသည်။ အသက်အရွယ်၊ အဆင့်အတန်း မရွေး၊ လူအမျိုးမျိုးကို မြှူဆွယ်တတ်ပါသည်။ တိုင်းတစ်ပါးမှ မင်းများထံသို့ပင် ကာမဂုဏ် ပျော်ပါးရန် ကြံစည် စီစဉ်ခဲ့သဖြင့် ကျွန်ုပ်သိရှိကာ အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။ ဤအပြစ်များကြောင့် မယ်တော်အား ရေစောင့်ဘီလူးကို ပေးမည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်” ဟု ဖြေကြား၏။

ထို့နောက် ပရိဗိုဇ်မက “နန္ဒာဒေဝီကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်နည်း” ဟု မေး၏။ မင်းကြီးက “နန္ဒာဒေဝီသည် ကျွန်ုပ်နှင့် ကာမဂုဏ် ခံစား၍ ပျော်ပါးနေသည့်အခါမျိုး၌ ဘာမဆို တောင်းသမျှ ရလိမ့်မည်ဟု သိသည်။ သို့ဖြင့် အခြားသားတော်၊ သမီးတော်တို့အား ကျွန်ုပ်ပေးသည့် လက်ဝတ်လက်စား တန်ဆာများကို မတောင်းထိုက်ဘဲလျက် သူ့ကို ပေးပါဟု တောင်းသည်။ ကျွန်ုပ်ကလည်း ကာမဂုဏ် ပျော်မြူးခိုက်ဖြစ်၍ သူ တောင်းသမျှ ပေးမိသည်။ နန္ဒာဒေဝီသည် နောက်တစ်နေ့ရောက်လျှင် သားတော်၊ သမီးတော်တို့၏ လက်ဝတ်လက်စားများကို ‘မင်းကြီးက ငါ့အားပေးသည်’ ဆိုပြီး အတင်းချွတ်ယူသည်။ သားတော်၊ သမီးတော်တို့က ငိုယိုလျက် ကျွန်ုပ်ကို တိုင်ကြသည်။ ကျွန်ုပ်ဘာမျှ မတတ်နိုင်တော့။ စိတ်မကောင်းသာ ဖြစ်ခဲ့ရသည်။ ဤသို့ မတောင်းထိုက်သည့် သားသမီးပစ္စည်းကို တောင်းသဖြင့် နန္ဒာဒေဝီကို ရေစောင့်ဘီလူးအား ပေးမည်ဟု ပြောခြင်းဖြစ်ပါသည်” ဟု ဆိုလေသည်။

(မဟောသဓာအပိုင်း- ၃၈ “အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး) အား ဆက်တင်ပါမည်)

No comments:

Post a Comment