Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၈

စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓာ

စူဠနီဗြဟ္မဒတ်မင်းကြီးသည် ထီးဆောင်းမင်း အပေါင်းခြံရံလျက် များလှစွာသော စစ်သည် ဗိုလ်ပါတို့ကို ဦးဆောင်ကာ မိထိလာပြည်သို့ ချီတက်လသည်။ ထိုအကြောင်းစုံကို မဟောသဓာ၏ သူလျှိုများက မဟောသဓာထံ မပြတ် သတင်းပို့ကြသည်။ မဟောသဓာသည် စိုးရွံ့ခြင်း မရှိ။ ခုခံရန် သတိဝီရိယကြီးစွာဖြင့် အသင့်ပြင်ထားသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း တစ်ယောက်စကား တစ်ယောက်နားဖြင့် ကြားသိထားသည်။


များမကြာမီပင် စူဠနီဗြဟ္မဒတ်မင်းကြီး၏ တပ်များသည် မိထိလာသို့ ရောက်လာကြသည်။ သူတို့သည် ညဥ့်ဦးယံအချိန်တွင် မြို့ကို ဝိုင်းလေသည်။ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ်တို့ဖြင့် အထပ်ထပ် ဝန်းရံထားကြသည်။ ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စစ်သည်တို့၏ အသံတို့မှာ ဆူညံနေသည်။ မဟာပထဝီမြေကြီး ပြိုကွဲအံ့သကဲ့သို့ မြည်ဟည်းနေသည်။

သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း ဟူသော အမတ်သုခမိန် လေးယောက်တို့မူ အကြောင်း မသိသဖြင့် မင်းကြီးထံ ပြေးလာကြသည်။ "ကြောက်မက်ဖွယ် အသံတို့ မည်သည်ကြောင့် ဖြစ်ပေါ်လာရသည်ကို သိရအောင် စုံစမ်းတောမူမှ သင့်မည်" ဟု လျှောက်ထားကြသည်။

မင်းကြီးသည် နန်းတော်လေသာပြတင်းကို ဖွင့်ကြည့်သည်။ စူဠနီဗြဟ္မဒတ်မင်း၏ စစ်တပ်များ ရောက်လာကြောင်း သိရှိသွားသည်။ "ငါတို့အားလုံး ရန်သူလက်သို့ ရောက်၍ ပျက်စီးရတော့မည်" ဟု ဆိုကာ လွန်စွာ ကြောက်လန့်နေသည်။

မဟောသဓာမူ ရန်သူတပ်များ ဝန်းရံလာကြောင်း သိသော်လည်း မဖြုံ။ တစ်မြို့လုံးကို လုံခြုံအောင် အစောင့်အနေ ချထား စီမံသည်။ ထို့နောက်မှ မင်းကြီးကို အားပေးရန် နန်းတော်သို့ လာခဲ့သည်။

မင်းကြီးသည် မဟောသဓာကို မြင်သောအခါ အနည်းငယ် ကြောက်စိတ်ပြေသွားသည်။ "ငါ့သား မဟောသဓာ၊ စူဠနီဗြဟ္မဒတ်မင်းကြီးသည် တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဝန်းရံထားပြီ။ သူ၏ စစ်တပ်၌ ပညာရှိကြီး ၁၀-ယောက်သာမက သူ၏ မယ်တော် စလာကဒေဝီလည်း ပါလာသည်။ စလာကဒေဝီသည် လွန်စွာပညာရှိသည်ဟု ကျော်စောသည်။ ပညာရှိပေါင်းများစွာပါသော ရန်သူတို့ဘေးရန်မှ ငါတို့ လွတ်မြောက်နိုင်ပါမည်လော။ လွတ်မြောက်နိုင်အောင် ငါ့သားမှတစ်ပါး အခြားစွမ်းဆောင်နိုင်မည့်သူကို ငါမမြင်။ ငါ့သား အဘယ်သို့ လွတ်မြောက်အောင် ကြံပါအံ့နည်း" ဟု ဆို၏။

မဟောသဓာလည်း မင်းကြီး လွန်စွာကြောက်ရွံ့နေသည်ကို သိသဖြင့် အားပေးသည်။ "အရှင်မင်းကြီး၊ စိုးရိမ်တော် မမူပါနှင့်။ ရွှေနန်းတော်၌သာ အေးချမ်းစွာ စံနေတော်မူပါ။ ကျီးအုပ်ကို ခဲဖြင့် ခြောက်သကဲ့သို့၊ မျောက်အုပ်ကို လေးဖြင့် ခြောက်သကဲ့သို့ တစ်ဆယ့်ရှစ်ခေါဘဏီ ရှိသည့် ရန်သူ့တပ်ကြီး တစ်ခုလုံးကို ဖရိုဖရဲ ထွက်ပြေးအောင် ကျွန်ုပ်လုပ်ပြပါမည်" ဟု နှစ်သိမ့်စကား လျှောက်ထားသည်။

ထို့နောက် နန်းတော်မှ ပြန်ကာ မြို့သူမြို့သားတို့အား စည်လည်စေသည်။ "အချင်းတို့၊ ရန်သူစစ်တပ်ကြီး ဝိုင်းထားသော်လည်း မည်သို့မျှ စိုးရိမ်ထိတ်လန့်ခြင်း မဖြစ်ကြနှင့်။ ခုနစ်ရက်ပတ်လုံး ပျော်ပွဲသဘင်ခံလျက် ပျော်ရွှင်စွာ နေကြ။ မျိုးရိက္ခာတို့အတွက်လည်း မပူပန်ကြနှင့်။ ငါ မဟောသဓာ၏ တာဝန်ဖြစ်သည်။ ငါ၏ အတတ်ပညာစွမ်းကို ဤစစ်ပွဲတွင် ထင်ရှားစွာပြအံ့။ သင်တို့ရှုကြည့်ကြကုန်လော့"ဟူ၍ ကြေညာစေသည်။

မြို့သူမြို့သားတို့လည်း မဟောသဓာဆိုတိုင်း ပျော်ပွဲသဘင် ဆင်ယင်ကျင်းပနေကြသည်။ ရန်သူတပ်သား အချို့သည် မြို့တံတိုင်း မလွယ်ပေါက်များမှ ဝင်ကာ ပျော်ပွဲသဘင်ကို ကြည့်ရှုကြသည်။ ဤသို့ ဝင်လာရာတွင် ရန်မမူပါက ဖမ်းဆီးခြင်း မပြု၊ လှည့်ပတ်ကြည့်ရှုခွင့် ပေးထားသည်။

အင်အားကြီးမားလှသော မိမိ၏ တပ်ကြီး ဝိုင်းထားခြင်းခံရပါလျက် ပျော်ပွဲသဘင်ကို ဆင်ယင် ကျင်းပနေကြောင်း စူဠနီဗြဟ္မဒတ်မင်းကြီး ကြားသိရသော် အံ့အားသင့်သွားသည်။ "အကြောင်း အသို့နည်း" ဟု စုံစမ်းမေးမြန်းသည်။ ထိုအခါ သူ၏ အနီးတွင် ခစားနေသော မဟောသဓာ၏ သူလျှိုတို့က "ကျွန်တော်မျိုးများ မိထိလာမြို့တွင်းသို့ ဝင်၍ စုံစမ်းကြည့်ပါသည်။ ထိုအခါ မြို့သူမြို့သားတို့က "ငါတို့ ဝိဒေဟရာဇ် မင်းကြီးသည် ပျိုရွယ်စဉ်ကပင် ဇမ္ဗူဒိပ်ရှိ ပြည့်ရှင်မင်းများ ဝန်းရံကာ ပျော်ပွဲသဘင် ဆင်ယင် ကျင်းပလိုသော ဆန္ဒ ရှိခဲ့သည်။ ယခု တစ်ရာသော မင်းတို့ ဝန်းရံလာသဖြင့် 'ယခုမှပင် အလိုဆန္ဒ ပြည့်ဝလေတော့သည်' ဟု ဆိုကာ ပျော်ပွဲသဘင် ဆင်ယင်ကျင်းပခြင်း ဖြစ်သည်ဟု ပြောကြပါသည်" ဟူ၍ မဟုတ်မမှန် လုပ်ကြံ လျှောက်တင်ကြ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် လွန်စွာ အမျက်ထွက်သည်။ "ယခု ချက်ချင်းပင် မြို့တွင်းသို့ ဝင်ရောက် တိုက်ခိုက်ကြလော့" ဟု အမိန့်ပေးလေသည်။ ထိုအခါ သူ၏ စစ်သည်တို့သည် လက်နက်အမျိုးမျိုး ကိုင်စွဲလျက် မြို့တံခါးသို့ ချဉ်းကပ်ကြသည်။ ဖြိုဖျက်ကြသည်။ သို့ရာတွင် မဟောသဓာ၏ တပ်သားများက ရွပ်ရွပ်ချွံချွံ ဆီးဆို့ ခုခံတိုက်ခိုက်ကြသောကြောင့် မအောင်မြင်။ မြို့တံခါးနားသို့ မကပ်နိုင်ဘဲ ရှိလေ၏။

(မဟောသဓာအပိုင်း- ၂၉ "ကေဝဋ်ပုဏ္ဏား၏အကြံ" ဆက်တင်ပါမည်)

No comments:

Post a Comment