Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၆

“ဒီဃာဝုမင်းသား”
 
ဝိဒေဟရာဇ်မင်းကြီးသည် ပဉ္စာလစန္ဒီမိဖုရားအား ဥဒုမ္ဗရဒေဝီနှင့် ထပ်တူ မေတ္တာထားသည်။ မိဖုရားကြီး အရာထား၍ ချစ်မြတ်နိုးစွာ ချီးမြှောက်တော်မူလေသည်။ ၂-နှစ်ကြာသောအခါ ပဉ္စာလစန္ဒီ မိဖုရားသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကလေးကို “ဒီဃာဝု” ဟူ၍ အမည်ပေးသည်။

ဒီဃာဝုမင်းသား ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီး နတ်ရွာစံလေသည်။ မဟောသဓာသည် ဒီဃာဝုမင်းသားကလေးကို မင်းမြှောက်၍ “အရှင်မင်းမြတ်၊ အကျွန်ုပ်သည် အရှင်မင်းမြတ်၏ ဘိုးတော် စူဠနီဗြဟ္မဒတ်မင်း ထံသို့သွားရောက် ခစားရပါမည်” ဟု ဆိုလေသည်။

ဒီဃာဝုမင်းသားက “သုခမိန်၊ အကျွန်ုပ်ကား အလွန်ငယ်လှသေး၏။ သုခမိန် စောင်မမှသာ ဤထီးနန်းကို စိုးအုပ်နိုင်ပါမည်။ ငယ်ရွယ်သေးသော အကျွန်ုပ်သည် သုခမိန်ကို ခမည်းတော် အရာ၌ ထား၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပါမည်” ဟု ပြောဆို တောင်းပန်၏။ ပဉ္စာလစန္ဒီ မိဖုရားကလည်း ‘မိမိတို့ကို ပစ်၍ မသွားရန်’ တောင်းပန်၏။

ပဉ္စာလရာဇ်ပြည်သို့

မဟောသဓာက “စူဠနီဗြဟ္မဒတ်မင်းကြီးအား မိမိကတိပေးထားသဖြင့် မသွားဘဲ မနေသာ၊ အကယ်၍ သွားသည့်တိုင်အောင် ပြည်ထောင်နှစ်ခုတို့ စည်ပင်သာယာရေးကို ကြည့်ရှုစောင်မပါမည်” ဟု ပြောကြား၏။ သို့ဖြင့် မဟောသဓာသည် မိမိ၏ မိသားစု၊ အလုပ်အကျွေး၊ အခြွေအရံတို့နှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ သွားလေသည်။ ပြည်သူပြည်သား အပေါင်းလည်း မဟောသဓာကို နှမြောတသ မဆုံးရှိကြသည်။ ငိုကြွေးမြည်တမ်းကြလျက် ခရီးလမ်းတိုင်အောင် လိုက်လံ ပို့ဆောင်ကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးလည်း မဟောသဓာလာသောအခါ ဝမ်းမြောက်ဝမ်းသာပင် ကြီးကျယ်စွာ ကြိုဆို၏။ နေရန်အတွက်လည်း အိမ်ကြီးတစ်ဆောင် ပေးအပ်သည်။ သို့ရာတွင် ရှေးကပေးထားသော ရွာကြီးရှစ်ဆယ်အပြင် နောက်ထပ်ပေးကမ်း ချီးမြှောက်မှုကား မပြုပေ။

ဘေရီ ပရိဗိုဇ်မ

ထိုအချိန်တွင် ‘ဘေရိ’ အမည်ရှိသော ပရိဗိုဇ်မသည် စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်၌ နေ့စဉ် လာရောက် ဆွမ်းစားလေ့ရှိသည်။ ဘေရီ ပရိဗိုဇ်မကား ပညာရှိ၏။ သူမသည် မဟောသဓာ ရောက်လာပြီး မင်းကြီးအား ခစားနေကြောင်း သတင်းကိုသာ ကြားသည်။ မဟောသဓာကိုကား မမြင်ဖူးသေးချေ။ မဟောသဓာကလည်း ဘေရီ ပရိဗိုဇ်မကို မမြင်ဖူးသေးချေ။

စူဠနီဗြဟ္မဒတ်မင်းကြီး၏ မိဖုရား နန္ဒာဒေဝီသည်ကား မဟောသဓာကို ရန်ငြိုးမပြေ။ ‘မိမိတို့အား မိထိလာပြည်သို့ ခေါ်ဆောင်၍ စိတ်ဆင်းရဲအောင် ပြုပေသည်’ ဟု အခဲမကျေနိုင် ရှိလေ၏။ ထို့ကြောင့် ရင်းနှီးသော ကိုယ်လုပ် မောင်းမတို့အား “မဟောသဓာ၏ အပြစ်တစ်ခုခုကို မြင်လျှင် ပြောကြ၊ မင်းကြီးကို ပြောပြ ကုန်းတိုက်မည်” ဟူ၍ မှာထားလေသည်။

တစ်နေ့သောအခါ ဘေရီ ပရိဗိုဇ်မသည် နန်းတော်မှ ဆွမ်းစားပြီး ပြန်ထွက်လာသည်။ ထိုအချိန်၌ မဟောသဓာကလည်း နန်းတော်သို့ အခစားဝင်လာရာ လမ်းတွင် ဆုံမိကြသည်။ ဘေရီ ပရိဗိုဇ်မက မဟောသဓာသည် အလွန်ပညာရှိလှသည်ဟု ပြောကြသည်။ ပညာရှိ ဟုတ်-မဟုတ်သိရန် စမ်းဦးမည်ဟု ကြံလျက် မဟောသဓာကို ကြည့်ပြီး လက်ဝါးဖြန့်ပြသည်။ မဟောသဓာကလည်း သူ့အကြံကို ရိပ်စားမိသဖြင့် လက်ဆုပ်ပြ၍ ဖြေလေသည်။ ထိုအခါ ဘေရီ ပရိဗိုဇ်မက မိမိ၏ ဦးခေါင်းကို သပ်၍ ပြပြန်သည်။ မဟောသဓာကလည်း ဝမ်းဗိုက်ကို သပ်၍ ပြန်ပြသည်။ ထို့နောက် ဘေရီ ပရိဗိုဇ်မသည် မိမိကျောင်းသို့ ဆက်လက်ကြွသွားသည်။ မဟောသဓာလည်း မင်းကြီးထံသို့ အခစားဝင်သွားသည်။

ထိုအခြင်းအရာကို နန္ဒာဒေဝီ မှာထားသော မောင်းမတို့ တွေ့မြင်သွားကြသည်။ သို့ဖြင့် မင်းကြီးထံသို့ ဝင်ပြီးလျှင် “မဟောသဓာသည် ဘေရီ ပရိဗိုဇ်မနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကာ အရှင်မင်းကြီး၏ ထီးနန်းကို လုယူရန် ကြံနေပါသည်” ဟူ၍ ကုန်းတိုက် လျှောက်ထားကြသည်။ ဆက်လက်၍ “ဘေရီ ပရိဗိုဇ်မက ‘ထီးနန်းကို မိမိလက်ရောက်အောင် လုပ်နိုင်ပါမည်လော’ ဟူသော အဓိပ္ပာယ်ဖြင့် လက်ဝါးဖြန့်၍ ပြပါသည်။ မဟောသဓာက သန်လျက်ကို ဆုပ်သည့် အသွင်ဖြင့် လက်ကိုဆုပ်ပြပါသည်။ ‘မကြာမီ မင်းကြီးကို သန်လျက်ဖြင့် လုပ်ကြံ၍ ထီးနန်းကို မိမိလက်ရောက်အောင် လုပ်မည်’ ဟူသော အဓိပ္ပာယ်ဖြင့် လက်ဆုပ်ပြပါသည်။ တစ်ဖန် ဘေရီ ပရိဗိုဇ်မက ‘ခေါင်းကိုလာဖြတ်ပါ’ ဟူသော အဓိပ္ပာယ်ဖြင့် ဦးခေါင်းသပ်၍ ပြပြန်ပါသည်။ မဟောသဓာကလည်း ‘ဝမ်းဗိုက်ကို ထိုးဖောက်မည်’ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းဗိုက်ကို သပ်၍ ပြပါသည်။ အရှင်မင်းကြီး မေ့မေ့လျော့လျော့ မနေပါနှင့်” ဟူ၍ လျှောက်ထားကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မောင်းမတို့ ကုန်းချောတိုင်း မယုံကြည်။ ‘မဟောသဓာသည် ငါ့ကို ပြစ်မှားမည့်သူ မဟုတ်၊ ပရိဗိုဇ်မကို မေးရဦးမည်’ ဟု ကြံသည်။

နောက်တစ်နေ့တွင် ဘေရီ ပရိဗိုဇ်မ ဆွမ်းစားလာသောအခါ “အရှင်မ၊ မဟောသဓာကို တွေ့ပါသလား” ဟု မေး၏။ ပရိဗိုဇ်မက “မနေ့က တွေ့ပါသည်။ စကားပြောခြင်းကား မရှိပါ။ မဟောသဓာ၏ ပညာစွမ်းကို သိလိုသဖြင့် လက်ဝါးဖြန့်ပြလျက် ပုစ္ဆာမေးပါသည်။ အဓိပ္ပာယ်မှာ ‘မင်းကြီးက သင့်ကို ဆုပ်ထားသောလက်ကဲ့သို့ မပြုဘဲ ဖြန့်ထားသောလက်ကဲ့သို့ ပြုပါ၏လော။ ချီးမြှောက်ပါ၏လော’ ဟူ၍ ဆိုလိုပါသည်။ မဟောသဓာသည် ပညာရှိစင်စစ် ဖြစ်ပါသည်။ ကျွန်ုပ်လက်ဝါးဖြန့်ပြသည်ကို လက်ဆုပ်ပြ၍ ဖြေပါသည်။ အဓိပ္ပာယ်မှာ ‘မင်းကြီးက တစ်စုံတစ်ရာ ချီးမြှောက်ခြင်း မပြုသေး’ ဟူ၍ ဆိုလိုပါသည်။ ထိုအခါ ကျွန်ုပ်က ‘ဤသို့ဖြစ်၍ ဆင်းရဲ ပင်ပန်းလျှင် ကျွန်ုပ်ကဲ့သို့ အဘယ်ကြောင်း ဦးပြည်းရိတ်၍ ရဟန်းမပြုပါသနည်း’ ဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းကို သပ်၍ ပြပါသည်။ မဟောသဓာကလည်း ‘မိမိ၌ ကျွေးမွေးရမည့် သားမယားရှိသဖြင့် ရဟန်းမပြုနိုင်ပါ’ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းဗိုက်ကို သပ်၍ပြပါသည်” ဟု ရှင်းလင်း ပြောပြသည်။

ထို့နောက်မင်းကြီးသည် မဟောသဓာကို ဘေရီ ပရိဗိုဇ်မ နည်းတူမေးမြန်း၏။ မဟောသဓာကလည်း ဘေရီ ပရိဗိုဇ်မ နည်းတူပင် ဟုတ်တိုင်းမှန်ရာ ရှင်းလင်း လျှောက်ထား၏။ မင်းကြီးသည် မဟောသဓာကို ယုံကြည်ရုံမျှမက ပိုမိုလေးစား ကြည်ညိုသွားလေသည်။ ထို့ကြောင့် ထိုနေ့မှာပင် စစ်သေနာပတိရာထူးကို ပေးအပ်လေသည်။

(မဟောသဓာအပိုင်း- ၃၇ “မဟောသဓာ စူးစမ်းခြင်း” ဆက်တင်ပါမည်)

No comments:

Post a Comment