Monday, May 21, 2012

လူတစ်မျိုးရှိသည်

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
ကိုယ်နှင့်အတူရှိနေသော အချိန်များတွင် အစားအသောက်ကောင်းများကို ကိုယ့်အတွက်  အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစ အရာရာ  သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်က  နားပူသည်ဟု ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသော မေတ္တာကိုခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသော အချိန်လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က တပျစ်တောက်တောက်ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေး နေတတ်သည်။  ထိုလူမျိုးကို *မိဘ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီးအရင်းချာကဲ့သို့  ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွင် ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို  မျှဝေပေးတတ်သည်။ ဆူပူကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။ ထိုလူမျိုးကို *ဆရာ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်းလုတတ်သေးသည်။ ကိုယ့်ဝေစုကို  လုစားတတ်ပြီး မိဘကိုလည်း အတိုင်အတောလုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားသူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါက သွေးနီးကြသည်။ ထိုလူမျိုးကို *မောင်နှမ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
မတွေ့မမြင်ရလျှင် လွမ်းနေတတ်ပြီး တွေ့ပြန်လျှင် ရင်တွေခုန်က ဆွံအနေတတ်သည်။
စိတ်ထဲ၊ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးဆိုးနေတတ်သည်။ ကိုယ့်အတွက် အလှပဆုံးနှင့်
အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။
ထိုလူမျိုးကို *ချစ်သူ* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
တခြားသူ မသိသော ကိုယ်၏ လှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင်
ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး
ဝန်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး၊ ၀မ်းနည်းနေသည့်
အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး
အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်နှင့်
နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထပ်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။
ထိုလူမျိုးကို *သူငယ်ချင်း* ဟုခေါ်သည်။

*လောကကြီးတွင် လူတစ်မျိုးရှိသည်……*
မိဘ၏ ဆိုဆုံးမမှုနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏
သွန်သင်ဆုံးမ မှုအောင်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏
ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏
ကြင်နာယုယမှုအောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏
ကူညီမှုအောက်တွင် ဘ၀၏ တက်လမ်းကို ရွှေးချယ်တတ်လာခဲ့သည်။ ထိုသူများသည်
ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တစ်ယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။
သူတို့သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတ တိုးပွားအောင် ကူညီပေးကြသည်။ ဘ၀ကို
ပျော်ရွှင်မှုများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း
လှိုက်လှိုက်လဲလဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။
ထိုလူမျိုးများမှာ *ကိုယ့်ကိုယ်တိုင်* ပင်ဖြစ်ပါတော့သည်။

1 comment:

  1. အရမ်းကို ကြိုက်ပါတယ်... ဒီပိုစ်လေးကို ကျွန်တော်ပီစီပေါ်ကို သူငယ်ချင်းတစ်ယောက်က လာတင်ထားလို့တွေပြီးဖက်ကြည့်ရက နှစ်သက်တဲ့အတွက် ကျွန်တော်စာမျက်နှာ http://www.friendsday.ning.com
    လေးမှာ ခွင့်မတောင်းပဲ တင်ထားမိပါတယ်။
    ခွင့်ပြုပေးစေပေးပါလို့ ဒီနေရာလေးကနေခွင့်တောင်းလိုက်ရပါတယ်။.
    အစဉ်လေးစားလျှက်ပါ....

    ReplyDelete