Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၂၈

စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓာ

စူဠနီဗြဟ္မဒတ်မင်းကြီးသည် ထီးဆောင်းမင်း အပေါင်းခြံရံလျက် များလှစွာသော စစ်သည် ဗိုလ်ပါတို့ကို ဦးဆောင်ကာ မိထိလာပြည်သို့ ချီတက်လသည်။ ထိုအကြောင်းစုံကို မဟောသဓာ၏ သူလျှိုများက မဟောသဓာထံ မပြတ် သတင်းပို့ကြသည်။ မဟောသဓာသည် စိုးရွံ့ခြင်း မရှိ။ ခုခံရန် သတိဝီရိယကြီးစွာဖြင့် အသင့်ပြင်ထားသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း တစ်ယောက်စကား တစ်ယောက်နားဖြင့် ကြားသိထားသည်။


များမကြာမီပင် စူဠနီဗြဟ္မဒတ်မင်းကြီး၏ တပ်များသည် မိထိလာသို့ ရောက်လာကြသည်။ သူတို့သည် ညဥ့်ဦးယံအချိန်တွင် မြို့ကို ဝိုင်းလေသည်။ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ်တို့ဖြင့် အထပ်ထပ် ဝန်းရံထားကြသည်။ ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စစ်သည်တို့၏ အသံတို့မှာ ဆူညံနေသည်။ မဟာပထဝီမြေကြီး ပြိုကွဲအံ့သကဲ့သို့ မြည်ဟည်းနေသည်။

သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း ဟူသော အမတ်သုခမိန် လေးယောက်တို့မူ အကြောင်း မသိသဖြင့် မင်းကြီးထံ ပြေးလာကြသည်။ "ကြောက်မက်ဖွယ် အသံတို့ မည်သည်ကြောင့် ဖြစ်ပေါ်လာရသည်ကို သိရအောင် စုံစမ်းတောမူမှ သင့်မည်" ဟု လျှောက်ထားကြသည်။

မင်းကြီးသည် နန်းတော်လေသာပြတင်းကို ဖွင့်ကြည့်သည်။ စူဠနီဗြဟ္မဒတ်မင်း၏ စစ်တပ်များ ရောက်လာကြောင်း သိရှိသွားသည်။ "ငါတို့အားလုံး ရန်သူလက်သို့ ရောက်၍ ပျက်စီးရတော့မည်" ဟု ဆိုကာ လွန်စွာ ကြောက်လန့်နေသည်။

မဟောသဓာမူ ရန်သူတပ်များ ဝန်းရံလာကြောင်း သိသော်လည်း မဖြုံ။ တစ်မြို့လုံးကို လုံခြုံအောင် အစောင့်အနေ ချထား စီမံသည်။ ထို့နောက်မှ မင်းကြီးကို အားပေးရန် နန်းတော်သို့ လာခဲ့သည်။

မင်းကြီးသည် မဟောသဓာကို မြင်သောအခါ အနည်းငယ် ကြောက်စိတ်ပြေသွားသည်။ "ငါ့သား မဟောသဓာ၊ စူဠနီဗြဟ္မဒတ်မင်းကြီးသည် တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဝန်းရံထားပြီ။ သူ၏ စစ်တပ်၌ ပညာရှိကြီး ၁၀-ယောက်သာမက သူ၏ မယ်တော် စလာကဒေဝီလည်း ပါလာသည်။ စလာကဒေဝီသည် လွန်စွာပညာရှိသည်ဟု ကျော်စောသည်။ ပညာရှိပေါင်းများစွာပါသော ရန်သူတို့ဘေးရန်မှ ငါတို့ လွတ်မြောက်နိုင်ပါမည်လော။ လွတ်မြောက်နိုင်အောင် ငါ့သားမှတစ်ပါး အခြားစွမ်းဆောင်နိုင်မည့်သူကို ငါမမြင်။ ငါ့သား အဘယ်သို့ လွတ်မြောက်အောင် ကြံပါအံ့နည်း" ဟု ဆို၏။

မဟောသဓာလည်း မင်းကြီး လွန်စွာကြောက်ရွံ့နေသည်ကို သိသဖြင့် အားပေးသည်။ "အရှင်မင်းကြီး၊ စိုးရိမ်တော် မမူပါနှင့်။ ရွှေနန်းတော်၌သာ အေးချမ်းစွာ စံနေတော်မူပါ။ ကျီးအုပ်ကို ခဲဖြင့် ခြောက်သကဲ့သို့၊ မျောက်အုပ်ကို လေးဖြင့် ခြောက်သကဲ့သို့ တစ်ဆယ့်ရှစ်ခေါဘဏီ ရှိသည့် ရန်သူ့တပ်ကြီး တစ်ခုလုံးကို ဖရိုဖရဲ ထွက်ပြေးအောင် ကျွန်ုပ်လုပ်ပြပါမည်" ဟု နှစ်သိမ့်စကား လျှောက်ထားသည်။

ထို့နောက် နန်းတော်မှ ပြန်ကာ မြို့သူမြို့သားတို့အား စည်လည်စေသည်။ "အချင်းတို့၊ ရန်သူစစ်တပ်ကြီး ဝိုင်းထားသော်လည်း မည်သို့မျှ စိုးရိမ်ထိတ်လန့်ခြင်း မဖြစ်ကြနှင့်။ ခုနစ်ရက်ပတ်လုံး ပျော်ပွဲသဘင်ခံလျက် ပျော်ရွှင်စွာ နေကြ။ မျိုးရိက္ခာတို့အတွက်လည်း မပူပန်ကြနှင့်။ ငါ မဟောသဓာ၏ တာဝန်ဖြစ်သည်။ ငါ၏ အတတ်ပညာစွမ်းကို ဤစစ်ပွဲတွင် ထင်ရှားစွာပြအံ့။ သင်တို့ရှုကြည့်ကြကုန်လော့"ဟူ၍ ကြေညာစေသည်။

မြို့သူမြို့သားတို့လည်း မဟောသဓာဆိုတိုင်း ပျော်ပွဲသဘင် ဆင်ယင်ကျင်းပနေကြသည်။ ရန်သူတပ်သား အချို့သည် မြို့တံတိုင်း မလွယ်ပေါက်များမှ ဝင်ကာ ပျော်ပွဲသဘင်ကို ကြည့်ရှုကြသည်။ ဤသို့ ဝင်လာရာတွင် ရန်မမူပါက ဖမ်းဆီးခြင်း မပြု၊ လှည့်ပတ်ကြည့်ရှုခွင့် ပေးထားသည်။

အင်အားကြီးမားလှသော မိမိ၏ တပ်ကြီး ဝိုင်းထားခြင်းခံရပါလျက် ပျော်ပွဲသဘင်ကို ဆင်ယင် ကျင်းပနေကြောင်း စူဠနီဗြဟ္မဒတ်မင်းကြီး ကြားသိရသော် အံ့အားသင့်သွားသည်။ "အကြောင်း အသို့နည်း" ဟု စုံစမ်းမေးမြန်းသည်။ ထိုအခါ သူ၏ အနီးတွင် ခစားနေသော မဟောသဓာ၏ သူလျှိုတို့က "ကျွန်တော်မျိုးများ မိထိလာမြို့တွင်းသို့ ဝင်၍ စုံစမ်းကြည့်ပါသည်။ ထိုအခါ မြို့သူမြို့သားတို့က "ငါတို့ ဝိဒေဟရာဇ် မင်းကြီးသည် ပျိုရွယ်စဉ်ကပင် ဇမ္ဗူဒိပ်ရှိ ပြည့်ရှင်မင်းများ ဝန်းရံကာ ပျော်ပွဲသဘင် ဆင်ယင် ကျင်းပလိုသော ဆန္ဒ ရှိခဲ့သည်။ ယခု တစ်ရာသော မင်းတို့ ဝန်းရံလာသဖြင့် 'ယခုမှပင် အလိုဆန္ဒ ပြည့်ဝလေတော့သည်' ဟု ဆိုကာ ပျော်ပွဲသဘင် ဆင်ယင်ကျင်းပခြင်း ဖြစ်သည်ဟု ပြောကြပါသည်" ဟူ၍ မဟုတ်မမှန် လုပ်ကြံ လျှောက်တင်ကြ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် လွန်စွာ အမျက်ထွက်သည်။ "ယခု ချက်ချင်းပင် မြို့တွင်းသို့ ဝင်ရောက် တိုက်ခိုက်ကြလော့" ဟု အမိန့်ပေးလေသည်။ ထိုအခါ သူ၏ စစ်သည်တို့သည် လက်နက်အမျိုးမျိုး ကိုင်စွဲလျက် မြို့တံခါးသို့ ချဉ်းကပ်ကြသည်။ ဖြိုဖျက်ကြသည်။ သို့ရာတွင် မဟောသဓာ၏ တပ်သားများက ရွပ်ရွပ်ချွံချွံ ဆီးဆို့ ခုခံတိုက်ခိုက်ကြသောကြောင့် မအောင်မြင်။ မြို့တံခါးနားသို့ မကပ်နိုင်ဘဲ ရှိလေ၏။

(မဟောသဓာအပိုင်း- ၂၉ "ကေဝဋ်ပုဏ္ဏား၏အကြံ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၇

ကြောက်စရာ အောင်သေသောက်ပွဲ

စူဠနီဗြဟ္မဒတ်မင်းကြီးသည် ကေဝဋ်ပုဏ္ဏား အကြံပေးသည့်အတိုင်း တိုင်းပြည်ငယ်များ ကိုစစ်အင်အားဖြင့် ဝန်းရံ ခြိမ်းခြောက်သည်။ တစ်ပြည်ပြီးတစ်ပြည် သိမ်းပိုက်သည်။ ၇-နှစ်၊ ၇-လ၊ ၇-ရက် ရှိသောအခါ မိထိလာပြည်မှ တစ်ပါး ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ တိုင်းပြည်အားလုံးကို သိမ်းပိုက်မိသည်။ ထိုအကြောင်းကို မဟောသဓာ စေလွှတ်ထားသော သူလျှိုတို့ကလည်း မဟောသဓာထံ သတင်းပို့ကြသည်။


စူဠနီဗြဟ္မဒတ်မင်းကြီးသည် မိထိလာပြည်ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသဖြင့် ဆက်လက် ချီတက်သိမ်းပိုက်မည် ပြုသည်။ ထိုအခါ ကေဝဋ်ပုဏ္ဏားက တားမြစ်သည်။ မိထိလာပြည်၌ မဟောသဓာ သုခမိန် ရှိနေသည်။ မဟောသဓာသည် ဥပါယ်တံမျဉ်၌ လွန်စွာလိမ္မာလှသည်။ မိထိလာပြည်ကို သိမ်းပိုက်ရန် မလွယ်ဟုဆိုကာ ဖျက်လေသည်။ စူဠနီဗြဟ္မမင်း၏ လက်အောက်ခံ ဖြစ်လာသည့် ကိုးကျိပ်ကိုးယောက်သော မင်းတို့ကမူ မိထိလာပြည်ကို သိမ်းပိုက်ရန် ပြောကြသည်။ ထိုအခါ ကေဝဋ်ပုဏ္ဏားက "ခေတ္တဆိုင်းငံ့ကြပါ၊ မကြာမီ မိထိလာပြည်သည် ကျွန်ုပ်တို့၏ လက်နက်နိုင်ငံ ဖြစ်လာပါလိမ့်မည်" ဟု ကျေနပ်လောက်အောင် ပြောဆိုသည်။ သို့ဖြင့် ဥတ္တရပဉ္စလ ပြည်သို့ တပ်ခေါက်ပြန်ခဲ့ကြသည်။

ရောက်သောအခါ စူဠနီဗြဟ္မဒတ်မင်းသည် ယခင်ကစီစဉ် ထားသည့်အတိုင်း မင်းအပေါင်းကို သတ်ရန် အောင်သေသောက်ပွဲကြီး ကျင်းပဖို့ စီမံလေသည်။ ထိုအကြောင်းကို သူလျှိုများကလည်း မဟောသဓာထံ သတင်းပို့ကြသည်။

မဟောသဓာက ငြိမ်မနေ။ "ငါသို့သော ပညာရှိတစ်ယောက် ထင်ရှားရှိနေပါလျက် မင်းအပေါင်း သေကြရမည်ဆိုသည်မှာ မဖြစ်စကောင်း" ဟု ကြံ၍ ဖွားဖက်တော် တစ်ထောင်ကို ခေါ်သည်။

"အချင်းတို့၊ ဥတ္တရပဉ္စာလပြည်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် အောင်သေသောက်ပွဲကြီး ကျင်းပရန် စီစဉ်နေသည်။ သင်တို့သည် ထိုပြည် ထိုနေရာသို့ အရောက်သွားကြလော့။ အခမ်းအနား ပြင်ဆင်နေသည်ကို ဝင်ကြ။ 'စူဠနီဗြဟ္မဒတ်မင်းကြီး ထိုင်မည့်နေရာနှင့် ယှဉ်နေသော နေရာထူး နေရာမြတ်ကို ငါတို့ အရှင် ဝိဒေဟရာဇ်မင်းကြီး အတွက် ပေးရမည်' ဟု ဆိုကြ။ ထိုသူတို့က ငြင်းဆန်လိမ့်မည်။ ထိုအခါ ငါတို့မင်းအတွက် ထူးမြတ်သောနေရာကို မရလျှင် အောင်သေသောက်ပွဲကို ဖျက်မည်ဟု ဆိုပြီးလျှင် သေရည်အိုး အားလုံးကို ရိုက်ခွဲဖျက်ကြ။ သင်တို့အား ဝန်းရံလာသော ဗိုလ်ပါရဲမက်တို့ကို ဖောက်ထွင်း၍ 'ငါတို့ကား မိထိလာပြည်၊ မဟောသဓာသုခမိန်၏ သူရဲကောင်း တစ်ထောင်တည်း။ သင်တို့ ဖမ်းဝံ့လျှင် ဖမ်းလှည့်ကုန်။ ငါတို့၏ အကြောင်းကို သင်တို့ သိရစေမည်' ဟု ခြင်္သေ့မင်း၏ အသံကဲ့သို့ ကြောက်ရွံ့ခြင်း ကင်းသောအသံဖြင့် ကြွေးကြော်လျက် ပြန်လာကြကုန်" ဟူ၍ မှာထား စေလွှတ်လိုက်လေသည်။

ဖွားဖက်တော် တစ်ထောင်တို့သည်လည်း လက်နက်မျိုးစုံ ကိုင်ဆောင်လျက် ဥတ္တရပဉ္စာလပြည်သို့ သွားကြသည်။ ရောက်သော် မဟောသဓာ မှာကြားသည့်အတိုင်းပင် ပြုကြသည်။ သေရည်အိုး အားလုံးကို ရိုက်ခွဲ ဖျက်ဆီး၍ ပြန်လာခဲ့ကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် လွန်စွာ အမျက်ထွက်သည်။ "မိထိလာပြည်သို့ သွားမည်။ ဝိဒေဟရာဇ်မင်း၏ ဦးခေါင်းကို ဖြတ်၍ ခြေဖြင့်နင်းပြီး အောင်သေသောက်မည်" ဟု ကြုံးဝါးသည်။ "စစ်တပ်ပြင်လော့" ဟူ၍ အမိန့်ပေးသည်။

ထိုအခါ ကေဝဋ်ပုဏ္ဏားက "မိထိလာပြည်သည် ခြင်္သေ့စောင့်သော ဂူကဲ့သို့ မဟောသဓာ ပညာရှိ စောင့်ရှောက်သော တိုင်းပြည်ဖြစ်သည်။ မည်သူမျှ တိုက်ခိုက်သိမ်းယူနိုင်မည် မဟုတ်။ ကျွန်ုပ်တို့သာ အရှုံးရကြလိမ့်မည်" ဟု လျှောက်ထား တားမြစ်သည်။ မင်းကြီးက လက်မခံ။ တား၍မရ။ နောက်ဆုံး မင်းနှင့် မဆန့်ကျင်လိုသဖြင့် လိုက်ပါရလေသည်။

(မဟောသဓာအပိုင်း- ၂၈ "စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓာ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၆

စူဠနီဗြဟ္မမဒတ်မင်းနှင့် ကေဝဋ်ပုဏ္ဏား

ထိုအချိန်တွင် ကပိလတိုင်း၊ ဥတ္တရပဉ္စာလရာဇ်ပြည်၌ သင်္ခပါလကမည်သော စူဠနီဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုမင်းတွင် ကေဝဋ်အမည်ရှိ ပုရောဟိတ် ပညာရှိအမတ် ရှိသည်။ ထိုမင်းသည် တစ်နေ့တွင် စစ်သည်သူရဲကောင်းတို့ကို စုရုံးသည်။ လက်နက်အမျိုးမျိုးကို ပြင်ဆင်သည်။


ထိုအခါ မဟောသဓာ သူလျှိုအဖြစ် စေလွှတ်ထားသော ယောက်ျားသည် အကြောင်းစုံကို သတင်းပေးပို့သည်။ မဟောသဓာလည်း ထပ်မံစုံစမ်းဖို့ မိမိကျေးလိမ္မာကို စေလွှတ်ရန် စီစဉ်လေသည်။

ထိုကျေးလိမ္မာသည် လူစကားကို နားလည်သည်။ လူစကားကိုလည်း ပြောတတ်သည်။ တစ်စုံတစ်ခု အမှုရှိ၍ စေလွှတ်လျှင် မဟောသဓာ တစ်ဦးတည်း သိစေလိုပါက မဟောသဓာ၏ ပခုံးပေါ်၌ နား၍ ကြားသိခဲ့သမျှ အကြောင်းခြင်းရာတို့ကို ပြန်ပြောသည်။ အမရာကိုပါ သိစေလိုလျှင် မဟောသဓာ၏ ရင်ပေါ်၌ နား၍ ပြန်ပြောသည်။ ပရိသတ်အများကိုပါ သိစေလိုလျှင် အိမ်ကြမ်းပြင်၌ နား၍ ပြန်ပြောသည်။

မဟောသဓာသည် ထိုကျေးလိမ္မာကို ခေါ်သည်။ "ရွှေကျေးသား၊ ပဉ္စာလရာဇ်ပြည့်ရှင် စူဠနီဗြဟ္မဒတ်မင်း၏ အကြံအစည် အပြုအမူကိုလည်းကောင်း၊ အခြားသော ထီးဆောင်းမင်းတို့၏ အကြံအစည် အပြုအမူတို့ကို လည်းကောင်း အခိုင်အမာသိအောင် သွားရောက်စုံစမ်းပါ" ဟူ၍ စေလွှတ်လိုက်လေသည်။

ကျေးသားလည်း "ကောင်းပါပြီ အရှင်" ဟု ဝန်ခံလျက် တစ်ရာသော မင်းနေပြည်တို့သို့ လှည့်လည် ပျံသန်းသည်။ ရှေးဦးစွာ မဟောသဓာ စေလွှတ်သော သူလျှိုတို့အိမ်၌ နားဝင် မေးမြန်းသည်။ ထို့နောက် ထိုထိုမင်းတို့၏ အမူအရာကို မျက်မြင်သိအောင် စုံစမ်းသည်။ ယင်းသို့ စုံစမ်း၍ ထိုထိုမင်းတို့၏ အကြောင်းကို သိပြီးသောအခါ ဥတ္တရ ပဉ္စာလရာဇ်ပြည်သို့ ပျံသန်းသွား၍ စုံစမ်းသည်။

ထိုကျေးသား ရောက်ရှိပြီး မကြာမီ တစ်နေ့တွင် ကေဝဋ်ပုဏ္ဏားသည် 'ငါသည် မင်းကြီး ချီးမြှောက်သဖြင့်သာ ဤစည်းစိမ်ချမ်းသာကို ရပေသည်။ မင်းကြီး၏ ကျေးဇူးသည် ကြီးမားလှပေသည်။ ငါ၏ ပညာစွမ်းဖြင့် မင်းကြီးအား တစ်ရာသော ထီးဆောင်းမင်းတို့ ပျပ်ဝပ်ကျိုးနွံရသည့် ဧကရာဇ်မင်းအဖြစ်သို့ ရောက်အောင် ဆောင်ကြဉ်းပေးသင့်သည်။ မင်းကြီး ဧကရာဇ်ဖြစ်သော် ငါလည်း ဧကရာဇ်မင်း၏ ပရောဟိတ် အမတ်ကြီး ဖြစ်လတ္တံ့' ဟု အကြံပေါက်သည်။ သို့ဖြင့် မင်းကြီးထံ ဝင်သည်။ တိုင်ပင်ရန် အထူးရှိသည်ဟု လျှောက်တင်ပြီးလျှင် နှစ်ဦးသား ဥယျာဉ်တော်သို့ ထွက်ခဲ့ကြလေသည်။

မဟောသဓာ၏ ကျေးလိမ္မာလည်း ကေဝဋ်ပုဏ္ဏားနှင့် စူဠနီဗြဟ္မဒတ်မင်းတို့ကို စောင့်ကြည့်နေသည် ဖြစ်ရာ ထိုအပြုအမူကို မြင်သွားသည်။ အကြောင်းထူး ရှိရမည်ဟု ဆင်ခြင်ကာ နောက်မှ ပျံသန်းလိုက်သွားသည်။

မင်းနှင့်ပုဏ္ဏားတို့သည် ဥယျာဉ်တွင်းသို့ ရောက်သောအခါ အင်ကြင်းပင်အောက်ရှိ ကျောက်ဖျာပေါ်၌ ထိုင်၍ တီးတိုးတိုင်ပင် ပြောဆိုကြသည်။ ကျေးလိမ္မာလည်း အင်ကြင်းပင်အခက်ကြားတွင် ပုန်းကွယ်လျက် နားနေသည်။ မင်းနှင့် ပုဏ္ဏားတို့ ပြောစကားကို တိတ်တဆိတ် နားထောင်သည်။

ကေဝဋ်ပုဏ္ဏားကလည်း မင်းကြီးအား "တစ်ရာသော ထီးဆောင်းမင်းတို့၏ အရှင်ဧကရာဇ်မင်း ဖြစ်အောင် မိမိအကြံပေးမည်" ဟု ဆိုသည်။ မင်းကြီးကလည်း ပုဏ္ဏား၏ အကြံကို "လိုက်နာမည်" ဟု ဝမ်းမြောက်ဝမ်းသာ ဆို၏။

ထိုအခါ ပုဏ္ဏားက "အရှင်မင်းကြီး၊ ရဲမက်ဗိုလ်ပါ အပေါင်း ခြံရံလျက် တစ်ပါးသော ပြည်ငယ်၊ မြို့ငယ်များကို ရှေးဦးစွာ ဝန်းရံတော်မူပါ။ ထိုအခါ ထိုပြည့်ရှင်မင်းမှ စ၍ ပြည်သူပြည်သားတို့သည် လွန်စွာ ကြောက်ရွံ့ ထိတ်လန့်ကြလိမ့်မည်။ ဤတွင် အကျွန်ုပ်သည် မလွယ်ပေါက်မှ မြို့တွင်းသို့ ဝင်မည်။ ထိုပြည့်ရှင်မင်းတို့အား ပျပ်ဝပ်ကျိုးနွံစေကြောင်း ဖြားယောင်းပြောဆိုမည်။ ထိုပြည့်ရှင်မင်းတို့သည် အရှင်မင်းကြီး၏ ခြေတော်ရင်းသို့ ခိုလှုံလာမည် မုချဖြစ်သည်။ ထိုပြည်ငယ်၊ မြို့ငယ်မင်းတို့ကို သိမ်းသွင်းပြီးနောက် တိုင်းကြီးပြည်ကြီးမှ ထီးဆောင်းမင်းတို့ကို ရှေးနည်းအတူ ဝန်းရံ၍ ကျိုးနွံပျပ်ဝပ်အောင် ပြုရပါမည်။

နောက်ဆုံးတွင် တစ်ရာသော ထီးဆောင်းမင်းအပေါင်းကို နေပြည်တော်သို့ ခေါ်တော်မူလာရပါမည်။ ရောက်သော 'သေသောက်ခြင်းမင်္ဂလာ ပြုအံ့' ဟု ဥယျာဉ်တော်၌ နေစေရပါမည်။ ထို့နောက် ထိုတစ်ရာသော မင်းတို့အား အဆိပ်နှင့်ရောသော သေရည်ကို တိုက်၍ လုပ်ကြံသတ်ဖြတ်ကာ ဂင်္ဂါမြစ်၌ အသေကောင်တို့ကို မျှောလိုက်ရပါမည်။ ထို့နောက် ကြီးစွာသော ရာဇာဘိသေက မင်္ဂလာကို ဆောင်၍ ဧကရာဇ်မင်း အဖြစ် စိုးစံတော်မူပါ" ဟူ၍ လျှောက်ထား၏။

မင်းကြီးလည်း "ဆရာပုရောဟိတ်၏ အကြံ သင့်ပေစွတကား" ဟု ဆို၏။ ထို့နောက် နှစ်ဦးသား ကျောက်ဖျာပေါ်မှ ထသွားကြ၏။ သူတို့နှစ်ဦး၏ စကားကို ကျေးသားလည်း ကောင်းစွာ ကြားလိုက်ရသည်။ သူသည် ပုဏ္ဏား၏ ဦးခေါင်းထက်သို့ မစင်စွန့်ချကာ မိထိလာပြည်သို့ ရှေ့ရှုပျံသန်းလာခဲ့သည်။ ရောက်သော် မဟောသဓာ၏ ပခုံးထက်၌ နား၍ အကြောင်းစုံကို ပြောပြ၏။

ထိုအခါ မဟောသဓာက "ရန်သူတို့ လာ၍ မိထိလာပြည်ကို လာရောက် နှောင့်ယှက်ပါက ငါ၏ ပညာစွမ်းဖြင့် ခုခံတားဆီးအံ့" ဟု ဆိုကာ အစစအရာရာ တင်ကြို ပြင်ဆင်ထားလေသည်။

(မဟောသဓာအပိုင်း- ၂၇ "ကြောက်စရာ အောင်သေသောက်ပွဲ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၅

မဟောသဓာ၏ စိတ်ထား

ဤတွင် မဟောသဓာက သုခမိန်တို့ကို ကယ်ဆယ်ရပြန်သည်။ "ဤသုခမိန် လေးယောက်သည် အရှင်မင်းကြီး၏ အမတ်ဟောင်းများ ဖြစ်ကြပါသည်။ သူတို့အပြစ်ကို သည်းခံတော်မူပါ" ဟူ၍ မဟောသဓာက တောင်းပန်လျှောက်ထားသည်။


ထိုအခါတွင်မှ မင်းကြီးသည် သုခမိန်လေးယောက်၏ အသက်ကို ချမ်းသာပေးလိုက်သည်။ သို့ရာတွင် မူလစည်းစိမ်ကို ပြန်မပေးပေ။ "ငါ့သား သုခမိန်၊ ထိုသူလေးယောက်ကို အစေအပါး ကျွန်ပြုလေ" ဟု ဆိုကာ မဟောသဓာအား ပေးလိုက်လေသည်။

မဟောသဓာလည်း ချက်ချင်းပင် သုခမိန်လေးယောက်ကို ကျွန်အဖြစ်မှ လွှတ်လိုက်သည်။ ထိုအခါ မင်းကြီးက "ငါ့သားသုခမိန်၊ ထိုသူလေးယောက်ကို ကျွန် မပြုလိုလျှင် ငါ့နိုင်ငံတော်မှ နှင်ထုတ်လေ" ဟု ဆိုပြန်သည်။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး ထိုသူလေးယောက်လုံးသည် အရှင်မင်းကြီးမှ တစ်ပါး ကိုးကွယ်ရာ မရှိပါ။ မလိမ္မာသဖြင့် အမှားကို အမှန်ထင်၍ ပြုကျင့်မိကြပါသည်။ ထိုသူတို့၏ အပြစ်ကို သည်းခံတော်မူပါ။ မူလစည်းစိမ်ကိုပင် ပေး၍ ပြန်လည် ချီးမြှောက်တော်မူပါ" ဟု တောင်းပန်လျှောက်ထား၏။ မင်းကြီးလည်း မဟောသဓာ၏ စကားကို နာယူသည်။ သုခမိန်လေးယောက်အား ခွင့်လွှတ်၍ မူလစည်းစိမ်ကို ပြန်ပေးသည်။

မင်းကြီးက "ငါ့သား သုခမိန် မဟောသဓာသည် မိမိ၏ အသက်ကို ရန်ပြုသော ရန်သူလေးယောက်ကိုပင်လျှင် ရန်ငြိုးမသို၊ မေတ္တာထားနိုင်သေးသည်။ သူ့ကို ကြီးစွာချီးမြှောက်သော ငါ့ကိုကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း" ဟုဆို၏။ မဟောသဓာကို ရှေးကထက် ယုံကြည်စွာ ကြည်ညိုမြတ်နိုး၏။ သို့ဖြင့် စစ်ဘုရင်သေနာပတိ ရာထူးကို ထပ်၍ ပေးပြန်လေသည်။

ထိုနေ့မှစ၍ သုခမိန်လေးယောက်တို့သည် မဟောသဓာကို တုပြိုင်ခြင်း မပြုဝံ့တော့။ အစွယ်ကျိုးသော မြွေများကဲ့သို့ ငြိမ်းအေးစွာ နေထိုင်ကြလေသည်။

မဟောသဓာ၏ ပြင်ဆင်မှု

သုခမိန်လေးဦး၏ အနှောင့်အယှက်မှလည်း ကင်းဝေးပြီ။ စစ်သူကြီး ရာထူးကိုလည်း ရရှိပြီ။ ထို့ကြောင့် မဟောသဓာသုခမိန်သည် ဝိဒေဟရာဇ် မင်းကြီးအကျိုးနှင့် တိုင်းသူပြည်သားတို့၏ အကျိုးကို အစွမ်းကုန် ဆောင်ရွက်ခွင့် ရသွားလေသည်။

မဟောသဓာသည် မင်းကြီးအား မင်းကျင့်တရားနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်း ညွှန်ပြသည်။ မင်းကြီး စိတ်အေးချမ်းသာ နေနိုင်အောင်လည်း ပြည်ထဲရေးရာ ကိစ္စအဝဝကို မိမိကသာ တာဝန်ယူ ဆောင်ရွက်ပေးသည်။

သူသည် နိုင်ငံတည်တံ့ခိုင်မြဲအောင် မိထိလာမြို့ကို ကျုံးသုံးထပ်လည်း ကာရံစေသည်။ တံတိုင်းကြီး၊ တံတိုင်းငယ်တို့လည်း ကာရံစေသည်။ အိမ်အို၊ အိမ်ဟောင်းများကိုလည်း ပြုပြင်စေသည်။ ရေတွင်း ရေကန်များကိုလည်း အလုံအလောက် တူးစေသည်။ စပါးကျီတို့၌လည်း စပါးအပြည့် သိုလှောင်စေသည်။ ရိက္ခာဖူလုံအောင် ဆောင်ရွက်စေသည်။

ထို့နောက် ဖွားဖက်တော် သူငယ်ဖော်များထဲမှ လက်ရွေးစဉ် တစ်ရာကို ရွေးသည်။ တိုင်းတစ်ပါးရှိ ထီးဆောင်းမင်းတစ်ရာထံသို့ လက်ဆောင်ပဏ္ဏာများ ဆက်၍ သွားရောက် အမှုထမ်းစေသည်။ သတင်းများရအောင် စုံစမ်းစေသည်။ သူလျှိုများ အဖြစ် ဆောင်ရွက်စေသည်။

(မဟောသဓာအပိုင်း- ၂၆ "စူဠနီဗြဟ္မမဒတ်မင်းနှင့် ကေဝဋ်ပုဏ္ဏား" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၄

မဟောသဓာ၏ ထုတ်ဖော်ချက်

ထမင်းခုံအောက်တွင် ပုန်းအောင်းနေသော မဟောသဓာသည် ထိုစကားအားလုံးကို ကြားသိရလေသည်။ သူသည် ယင်းတို့ကို ကောင်းစွာ မှတ်သားထားလိုက်သည်။ မကြာမီ သုခမိန်လေးဦးတို့ ပြန်သွားကြသည်။ ထိုအခါ သူငယ်ဖော်တို့သည် မဟောသဓာထံ လာရောက်ကြသည်။ ထမင်းခုံကို မ,ချီ၍ မဟောသဓာကို ခေါ်ဆောင်သွားကြလေသည်။

မဟောသဓာသည် ယနေ့ညပင် ဥဒုမ္ဗရဒေဝီထံမှ သတင်းထူး ပို့လိမ့်မည်ဟု တွက်ဆထားသည်။ ထို့ကြောင့် သူငယ်ဖော် တစ်ယောက်ကို နန်းတော်တံခါး၌ စောင့်ခိုင်းထားသည်။ "နန်းတော်မှ တစ်စုံတစ်ယောက်လာလျှင် ငါ့ထံသို့ အမြန် လွှတ်ရမည်" ဟူ၍လည်း မှာထားသည်။

ထိုညတွင် မင်းကြီးသည် စက်တော်မခေါ်နိုင်။ မဟောသဓာ၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိသည်။ မဆင်ခြင်ဘဲ အသတ်ခိုင်းလိုက်မိသည်ကို နောင်တရနေသည်။ 'နက်ဖြန်တွင် မဟောသဓာကို မြင်ရတော့မည် မဟုတ်' ဟု တွေးကာ သောကရောက်နေသည်။

ဥဒုမ္ဗရဒေဝီသည် မင်းကြီး မအိပ်နိုင်ဖြစ်နေသည်ကို သတိပြုမိသည်။ အကျိုးအကြောင်း သိလိုသဖြင့် မေးလျှောက်သည်။ မင်းကြီးက အကျိုးအကြောင်း ပြောပြသည်။

ဤတွင် ဥဒုမ္ဗရဒေဝီသည် မဟောသဓာအတွက် လွန်စွာ စိုးရိမ်သောက ဖြစ်သွားသည်။ မဟောသဓာ ချမ်းသာရာ ရအောင်ပြုမှ သင့်တော့မည်ဟု ကြံစည်သည်။ မိန်းမတို့ ပရိယာယ်ဖြင့် မင်းကြီးအား နှစ်သိမ့်သည်။ "မဟောသဓာသည် အရှင်မင်းကြီး ချီးမြှောက်ထားပါလျက်နှင့် ကျေးဇူးကို မထောက်မြော်၊ အရှင်မင်းကြီး၏ ရန်သူဖြစ်သည်ဆိုပါလျှင် သတ်ပစ်ထိုက်ပေသည်။ စိတ်မကောင်း မဖြစ်ပါနှင့်" ဟူ၍ ပရိယာယ်ဖြင့် ချော့မော့ လျှောက်တင်သည်။ မင်းကြီးလည်း သောက လျော့ပါးသွားသဖြင့် အိပ်ပျော်သွား၏။

ထိုအခါ ဥဒုမ္ဗရဒေဝီသည် မဟောသဓာထံ လျင်မြန်စွာ စာရေးသည်။ စာထဲ၌ "သုခမိန်လေးယောက်တို့ ကုန်းတိုက်ထားသဖြင့် မင်းကြီးသည် သင့်ကို သတ်လိမ့်မည်။ သတ်ရန်လည်း သုခမိန် လေးယောက်ကို သန်လျက် ပေးထားသည်။ နက်ဖြန်တွင် သင်အခစားဝင်လာပါက သုခမိန် လေးယောက်သည် တံခါးကြားမှာ ပုန်းအောင်နေရာမှ ထွက်လာပြီး သင့်ကို သတ်ကြလိမ့်မည်။ နန်းတော်သို့ နက်ဖြန် မလာနှင့်။ အကယ်၍ လာလျှင်လည်း တစ်မြို့လုံးကို လက်ရသိမ်းနိုင်မှ လာပါ" ဟူ၍ ပါရှိသည်။

ထိုစာကို ကတွတ်မုန့်ထဲ၌ သွင်း၍ ချည်မျှင်ဖြင့် ရစ်ပတ်သည်။ ထို့နောက် အိုးသစ်၌ ထည့်၍ အဖုံးကို လုံစွာ ဖုံးအုပ်သည်။ တံဆိပ်ခတ်ပြီးလျှင် ယုံကြည်စိတ်ချရသော အစေအပါး မိန်းမတစ်ယောက်အား မဟောသဓာထံ ပို့စေသည်။ မဟောသဓာ အစောင့်ထားသော သူငယ်ဖော်လည်း ထိုမိန်းမကို တွေ့လျှင်တွေ့ချင်း မဟောသဓာထံ ခေါ်ဆောင်သွားလေသည်။

ထိုညမှာပင် မဟောသဓာသည် မိဖုရား၏ စာကို ဖတ်ရသည်။ အကျိုးအကြောင်း ထပ်မံသိရပြန်သည်။ ဥဒုမ္ဗရဒေဝီမိဖုရားအား ကျေးဇူးတင်ကြောင်း ပြန်လည် လျှောက်ထားစေသည်။ ထို့နောက် အေးဆေးစွာ အိပ်စက်လိုက်လေသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ သုခမိန်လေးယောက်တို့သည် နန်းတော်တံခါးဝသို့ စောစောကပင် သွားနှင့်ကြသည်။ မဟောသဓာကို သတ်ရန် တံခါးတိုင်ကြား၌ ပုန်းစောင့်၍ နေကြသည်။ သို့ရာတွင် မဟောသဓာ ရောက်မလာသဖြင့် အကြံမအောင်ကြပေ။ နောက်ဆုံး၌ စိတ်ပျက် အားလျော့စွာဖြင့် မင်းကြီးထံ ဝင်ကြသည်။ မဟောသဓာ မလာကြောင်း လျှောက်ထားကြသည်။

မဟောသဓာကား အရုဏ်တက်ချိန်ကပင် မြို့ကို လက်ရ သိမ်းပိုက်ထားလိုက်ပြီ။ အရေးကြီးသော နေရာများ၌ အစောင့်များချထားသည်။ ထို့နောက် လူအပေါင်းများစွာ ခြံရံလျက် ရထားစီးကာ နန်းတော်သို့ သွားလေသည်။

ထိုအချိန်၌ မင်းကြီးသည် ပြတင်းပေါက်၌ ရပ်လျက် အပြင်ကို ကြည့်နေသည်။ မဟောသဓာသည် နန်းတော်တံခါးဝသို့ ရောက်သောအခါ အတွင်းသို့ မဝင်သေး။ ထိုတံခါးဝကပင် မင်းကြီးကို ရှိခိုးလျက် ရပ်နေသည်။

မင်းကြီးလည်း မဟောသဓာကို မြင်သောအခါ 'ငါ့ရန်သူဖြစ်လျှင် ငါ့ကို ရှိမခိုးလေရာ' ဟု တွေးဆသည်။ မဟောသဓာကို အခေါ်ခိုင်းလိုက်သည်။

မဟောသဓာသည် မင်းကြီးရှေ့မှောက်သို့ ရောက်သောအခါ သုခမိန်လေးယောက် ခစားနေနှင့်သည်ကို တွေ့ရသည်။ မင်းကြီးက တစ်စုံတစ်ရာ မသိလေဟန်ပြုကာ "ချစ်သား မဟောသဓာ၊ ယနေ့ နေမြင့်မှ အခစားရောက်လာသည်။ မည်သည့် သတင်းကို ကြား၍ မည်သူကို မသင်္ကာသောကြောင့် နောက်ကျပါသနည်း" ဟု မေး၏။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီးသည် နက်ဖြန်နံနက်တွင် အကျွန်ုပ်ကို သတ်ရမည်ဟု သုခမိန်များနှင့် တိုင်ပင်စီစဉ်ခဲ့သည်။ မဟုတ်ပါလော။ သို့ရာတွင် ဤလျှို့ဝှက်ရမည့်ကိစ္စကို မိဖုရားအား ဖွင့်ဟပြောဆိုခဲ့သဖြင့် အကျွန်ုပ် သိရှိပါသည်" ဟု လျှောက်၏။

ဤတွင် မင်းကြီးသည် အမျက်ထွက်ကာ ဥဒုမ္ဗဒေဝီကို လှမ်းကြည့်၏။ ထိုအခါ မဟောသဓာက "အရှင်မင်းကြီး၊ အရှင်မိဖုရားအား အမျက် ထွက်တော်မမူပါနှင့်။ အကျွန်ုပ်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးလုံး၌ ဖြစ်သမျှအကြောင်းတို့ကို သိသူဖြစ်ပါသည်။ အရှင်မင်းကြီး၏ လျှို့ဝှက်သော ကိစ္စကို မိဖုရားက ပြောသည်ထားပါဦး။ သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်းတို့၏ လျှို့ဝှက်သော ကိစ္စကို အဘယ်သူက အကျွန်ုပ်အား ပြောပါမည်နည်း။ အကျွန်ုပ်သည် ထိုသုခမိန်လေးယောက်တို့၏ ကိစ္စကိုလည်း အလုံးစုံ သိပါ၏" ဟု ဆိုသည်။

သို့ဆိုပြီးလျှင် "သိန်းအမတ်သည် ပြည့်တန်ဆာမကိုသတ်၍ လက်ဝတ်လက်စားတို့ကို ယူထားကြောင်း၊ ပက္ကုသ်အမတ်၏ ပေါင်တွင် နူနာရှိကြောင်း၊ ကာမိန်းအမတ်သည် လကွယ်နေ့တိုင်း နရစိုးနတ် ဖမ်းစားခံနေရကြောင်း၊ ဒေဝိန်းအမတ်သည် မင်းကြီး၏ ပတ္တမြားကို ခိုးယူထားကြောင်း လျှောက်ထား၏။ 'ဤလျှို့ဝှက်အပ်သော ကိစ္စများကို သူတို့ လျှို့ဝှက်မထား။ တစ်ပါးသူတို့အား ပြောပြသဖြင့်သာ ကျွန်ုပ်သိရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် လျှို့ဝှက်ချက် ကိစ္စကို မပြီးမီ မည်သူ့ကိုမျှ မပြောအပ်' ဟု ဆိုခြင်း ဖြစ်ပါသည်" ဟု လျှောက်၏။

မင်းကြီးလည်း သုခမိန်လေးယောက်ကို စစ်မေးသည်။ လေးယောက်လုံးပင် မငြင်းနိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံကြရသည်။ မင်းကြီးက "ဤသူလေးယောက်သည် သူတို့ကိုယ်တိုင်က ငါ၏ ရန်သူများ ဖြစ်ပါလျက် မဟောသဓာကို ငါ့ရန်သူဟု လုပ်ကြံ ပြောကြသည်" ဟု ဆိုသည်။ ချက်ချင်းပင် သုခမိန်လေးယောက်ကို သုသာန်ထုတ်၍ တံကျင်လျှိုကာ ခေါင်းဖြတ်သတ်ရန် အမိန့်ချမှတ် လိုက်လေသည်။

ထိုအခါ အာဏာသားတို့သည် သုခမိန်လေးယောက်ကို လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင် သွားကြသည်။ သို့ခေါ်ဆောင်ရာမှ လမ်းဆုံ လမ်းခွသို့ ရောက်တိုင်း ကြိမ်ဖြင့် အချက် တစ်ထောင်စီ ရိုက်ကြသည်။

(မဟောသဓာအပိုင်း- ၂၅ "မဟောသဓာ၏ စိတ်ထား" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၃

သုခမိန်လေးဦး၏ လျှို့ဝှက်ချက်

သုခမိန်ငါးဦးတို့ ပြဿနာကို ဖြေပြီးချိန်တွင် နေဝင်ချိန်သို့ ရောက်လာသည်။ နန်းတော်တစ်ခုလုံး ဆီးမီးများ ညှိထွန်းကြသည်။


မဟောသဓာသည် "ယခုကား ညဥ့်အချိန်သို့ ရောက်ပြီ။ မင်းရေးမင်းရာဟူသည် သိနိုင်ခဲသည်။ မည်သို့ဖြစ်လာမည်ကို အတပ်မသိနိုင်။ မြန်မြန် ပြန်မှ တော်မည်" ဟူ၍ စဉ်းစားဆင်ခြင်သည်။ သို့ဖြင့် မင်းကြီးအား ရှိခိုးခွင့်ပန်လျက် နန်းတော်မှ ထွက်လာခဲ့သည်။

ဤသို့ထွက်လာစဉ် 'သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း တို့စကားကို ဆင်ခြင်လေ့လာသည်။ သူတို့စကားသည် ပညာရှိတို့စကား မဟုတ်၊ လုပ်ကြံ၍ ဆိုခြင်းလည်း မဟုတ်တန်ရာ။ ဧကန္တ သူတို့၌ သူတို့ဆိုသည့်အတိုင်း အမှုတစ်ခုစီ ရှိနေဟန်တူသည်။ ယနေ့ညပင် သိအောင် ငါ ပြုမည်' ဟု ကြံ၏။

ချက်ချင်းပင် နန်းတော်တံခါးဝရှိ အစားအစာများ တင်စားရာ ထမင်းခုံကြီးရှိရာသို့ သွား၏။ သုခမိန် လေးယောက်သည် နန်းတော်မှ ပြန်တိုင်း ထိုထမင်းခုံပေါ်၌ ထိုင်ပြီးလျှင် တိုင်ပင် ဆွေးနွေးနေကျ ဖြစ်သည်။ မဟောသဓာသည် ထိုထမင်းခုံကြီးအား သူ၏ အခြွေအရံ သူငယ်ဖော်တို့ကို မ စေကာ ထိုအောက်၌ ပုန်းအောင်းနေလိုက်သည်။ သူငယ်ဖော်တို့အား သုခမိန်လေးယောက် ပြန်သွားသောအခါမှ သူ့ကို လာခေါ်ရန် မှာကြားလိုက်သည်။

မဟောသဓာ ဘုရင့်ရှေ့မှောက်တွင် မရှိသောအခါ သိန်းအမတ်သည် မင်းကြီးအား ထပ်မံ ကုန်းတိုက်ပြန်လေတော့သည်။ မင်းကြီးလည်း သူ၏ စကားကို ယုံကြည်သွားသည်။ မဟောသဓာသည် သူ့ကို ရန်ပြုမည့်သူဟူ၍ မှတ်ထင်သွားသည်။ သို့ဖြင့် "နက်ဖြန်တွင် မဟောသဓာ နန်းတော်သို့ အခစားဝင်သောအခါ တံခါးကြားမှနေ၍ လုပ်ကြံသတ်ဖြတ်လေလော့" ဟု ဆိုလိုက်သည်။ ထိုသို့ သတ်ဖြတ်ရန်လည်း သူ၏ သန်လျက်ကို သိန်းအမတ်အား ပေးလိုက်လေသည်။

သုခမိန်းလေးယောက်တို့လည်း အကြံအောင်သဖြင့် ဝမ်းသာအားရပင် နန်းတော်မှ ထွက်လာခဲ့ကြသည်။ ခါတိုင်းကဲ့သို့ပင် ထမင်းခုံပေါ်၌ ထိုင်ကြသည်။ မဟောသဓာကို သတ်ရန်အတွက် တိုင်ပင် ဆွေးနွေးကြသည်။ ထို့နောက် သူတို့သည် "လျှို့ဝှက်သော ကိစ္စကို မိတ်ဆွေ၊ ညီ၊ သား၊ မိခင်တို့အား ပြောအပ်၏ ဟု ဆိုခြင်းမှာ မိမိကိုယ်တွေ့အရ ပြောပါသလော။ သို့မဟုတ် မြင်ဖူးကြားဖူးသောကြောင့်ပြောပါသလော' ဟူ၍ အချင်းချင်း မေးမြန်းကြသည်။

ထိုအခါ သိန်းအမတ်က "ဤမြို့ရှိ နာမည်ကြီး ပြည့်တန်ဆာမတစ်ယောက်ကို ကျွန်ုပ်သည် အင်ကြင်းတောသို့ခေါ်၍ ပျော်ပါးခဲ့ပါသည်။ ထို့နောက် ထိုမိန်းမ၏ လက်ဝတ် လက်စားတို့ကို လိုချင်သောကြောင့် သတ်ခဲ့ပါသည်။ ထိုလက်ဝတ် လက်စားတို့ကို မိန်းမဝတ်သော အဝတ်ဖြင့်ပင် ထုပ်၍ ယူလာခဲ့ပါသည်။ သို့ရာတွင် အမှုပေါ်မည်စိုးသဖြင့် ထိုလက်ဝတ် လက်စားတို့ကို အသုံးမပြုဝံ့ပါ။ သည်အတိုင်း ဝှက်ထားရသည်။ ဤအကြောင်းကို သင်တို့လည်း မသိကြ။ အခြားသူများလည်း မသိကြ။ သို့ရာတွင် ကျွန်ုပ်၏ ယုံကြည်ရသော မိတ်ဆွေကိုကား ပြောပြခဲ့ပါသည်။ ထိုမိတ်ဆွေ ကောင်းစွာသိသည်။ မိတ်ဆွေကလည်း မည်သူ့ကိုမျှ မပြောပါ။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို မိတ်ဆွေအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်' ဟု ဆို၏။

ပက္ကုသ်အမတ်က "ကျွန်ုပ်၏ ပေါင်၌ နူနာကွက် ရှိသည်။ ကျွန်ုပ်၏ ညီသည် ဘယ်သူမျှ မသိအောင် နေ့တိုင်း နံနက်စောစောထ၍ ဖန်ရည်ဆေးပေးသည်။ ထို့နောက် ဆေးလိမ်းပေးသည်။ ထိုအကြောင်းကို ထိုညီမှတစ်ပါး မည်သူမျှ မသိ။ မင်းကြီးသည် တစ်ခါတစ်ရံ စိတ်လိုသောအခါ ကျွန်ုပ်၏ ပေါင်ကို ခေါင်းအုံးပြီး အိပ်စက်တတ်သည် မဟုတ်ပါလော။ အကယ်၍ ပေါင်တွင် နူနာရှိကြောင်း သိလျှင် ကျွန်ုပ်ကို ချမ်းသာပေးမည် မဟုတ်။ ထို့ကြောင့် 'လျှို့ဝှက်သောကိစ္စကို ညီအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ကာမိန်းအမတ်က "ကျွန်ုပ်သည် တစ်လတစ်ခါ လကွယ်နေ့ရောက်တိုင်း နရစိုးနတ် ဖမ်းစားသဖြင့် ခွေးရူးကဲ့သို့ အော်နေရပါသည်။ ဤအကြောင်းကို ကျွန်ုပ်၏ သားအား ပြောထားပါသည်။ ကျွန်ုပ် ထိုသို့ ခွေးရူးကဲ့သို့ အော်သည့်အခါတိုင်း ကျွန်ုပ်သားသည် ကျွန်ုပ်ကို အခန်းထဲ၌ ပိတ်ထားပါသည်။ ကျွန်ုပ်၏ အော်သံကို အခြားသူများ မကြားစေရန် ဆူညံစွာ ပွဲသဘင်ခံ၍ နေပါသည်။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို သားအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဒေဝိန်းအမတ်က "ကုသမင်အား သိကြားမင်း ပေးသော တန်ခိုးရှိသည့် ပတ္တမြားသည် မင်းကြီး၌ ရှိသည် မဟုတ်ပါလော။ ထို ပတ္တမြားကို မင်းကြီးအလစ်တွင် ကျွန်ုပ်ခိုးယူထားခဲ့ပါသည်။ ယင်းကို မိခင်အား ပေးထားပါသည်။ မိခင်ကလည်း လျှို့ဝှက်စွာ သိမ်းပေးပါသည်။ ကျွန်ုပ် နန်းတော်သို့ အခစားဝင်သောအခါတွင်မှ ထုတ်ပေးပါသည်။ ထို ပတ္တမြား၏ တန်ခိုးကြောင့် မင်းကြီးသည် ကျွန်ုပ်နှင့်သာ ရှေးဦးစွာ စကားပြောသည်။ ရိက္ခာကိုလည်း နေ့စဉ်ပေးသည်။ ဤအကြောင်းကို မင်းကြီးသိလျှင် ကျွန်ုပ်ကို အရေးယူမည်မှာ မုချဖြစ်သည်။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို မိခင်အား ပြောအပ်သည်ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟူ၍ ဆို၏။

(မဟောသဓာအပိုင်း- ၂၄ "မဟောသဓာ၏ ထုတ်ဖော်ချက်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၂

သုခမိန်ငါးဦး ပြဿနာ

မဟောသဓာသည် စစ်သူကြီးရာထူးကို တိုးမြင့်ရရှိသွားသောအခါ အမတ်သုခမိန် သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း လေးဦးတို့သည် လွန်စွာ မနာလို ဖြစ်မိကြပြန်သည်။ ထို့ကြောင့် မဟောသဓာ ပျက်စီးစေရန် ကြံကြပြန်သည်။


သူတို့လေးဦးသည် တိုင်ပင်ပြီးလျှင် မဟောသဓာအိမ်သို့ သွားကြသည်။ ရောက်သော် သိန်းအမတ်က မဟောသဓာအား မေးမြန်းသည်။
"သုခမိန်၊ ယောက်ျားတို့ မည်သည် အဘယ်တရား၌ တည်အပ်ပါသနည်း"
"ဆရာသေနက၊ ယောက်ျားတို့မည်သည် သစ္စာတရား၌သာ တည်အပ်၏"
"သုခမိန်၊ သစ္စာတရား၌ တည်သူသည် အဘယ်ကို ပြုအပ်ပါသနည်း"
"ဆရာသေနက၊ သစ္စာတရား၌ တည်သောသူသည် ဥစ္စာစည်းစိမ် ဖြစ်ထွန်းအောင် ပြုအပ်ပါ၏"
"သုခမိန်၊ ဥစ္စာစည်းစိမ် ဖြစ်ထွန်းပြီးသောသူသည် အဘယ်ကို ပြုအပ်ပါသနည်း"
"ဆရာသေနက၊ ဥစ္စာစည်းစိမ် ဖြစ်ထွန်းပြီးသောသူသည် တိုင်ပင်မှုကို ပြုအပ်ပါ၏"
"သုခမိန်၊ တိုင်ပင်မှုပြုသောအခါ အရာရာတိုင်းကို ပြောဆိုတိုင်ပင်အပ်ပါသလော"
"ဆရာအမတ်၊ တိုင်ပင်မှုပြုသောအခါ မိမိလျှို့ဝှက်အပ်သော အမှုကို သူတစ်ပါးအား မပြောအပ်ပါ"
"သုခမိန်၊ သင်၏ စကားသည် ကောင်းလေစွ"

ဤသို့ ပြောဆိုမေးမြန်းပြီးသော် အမတ်သုခမိန် လေးယောက်တို့သည် မဟောသဓာအိမ်မှ ဝမ်းမြောက် ဝမ်းသာ ပြန်လာခဲ့ကြသည်။

ထို့နောက် နန်းတော်သို့ ဝင်ပြီးလျှင် မင်းကြီးအား ကုန်းချောကြလေသည်။
"အရှင်မင်းကြီး၊ မဟောသဓာသည် နှုတ်ဖြင့်သာ အရှင့်စီးပွားတော်ကို အကျိုးလိုဟန် ပြောဆိုသည်။ စိတ်ထဲတွင်ကား မဖြောင့်မမှန်၊ အကောက်ကြံလျက် ရှိပါသည်။ မဟောသဓာသည် အရှင်မင်းကြီး၏ ရန်သူ ဖြစ်ပါသည်"
မင်းကြီးက-
"သင်တို့စကားကို ငါမယုံ၊ မဟောသဓာသည် ငါ့ရန်သူ မဖြစ်နိုင်" ဟု ဆို၏။
သိန်းအမတ်က-
"အရှင်မင်းကြီး၊ ယုံတော်မမူလျှင် မဟောသဓာအား မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောအပ်သနည်းဟု မေးတော်မူပါ၊ အကယ်၍ မင်းကြီး၏ ရန်သူမဟုတ်လျှင် မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောအပ်၏ဟု ဆိုပါလိမ့်မည်။ ရန်သူဖြစ်လျှင်ကား မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောအပ်ဟု ဆိုပါလိမ့်မည်။ ထိုအခါကျမှ ကျွန်ုပ်တို့၏ စကား မှန်ကြောင်း ယုံတော်မူပါလိမ့်မည်" ဟု လျှောက်၏။

မင်းကြီးက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
မကြာမီ သုခမိန် ငါးယောက်တို့ စုံညီစွာ ခစားနေကြစဉ်-
"သုခမိန်တို့၊ ငါ ပြဿနာတစ်ခု မေးမည်။ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောကြားအပ်သနည်း" ဟု မေးလေသည်။
ထိုအခါ သိန်းအမတ်သည် 'ငါတို့ဘက်၌ မင်းကြီးမပါဘဲ မဟောသဓာကို ယှဉ်ပြိုင်၍ မနိုင်နိုင်။ ငါတို့ဘက်၌ မင်းကြီးပါအောင် ပြုပြီးမှ ယှဉ်ပြိုင်ရလျှင် မဟောသဓာ ခံနိုင်မည်လော' ဟု ကြံသည်။ ထို့နောက် -
"အရှင်မင်းကြီးကစ၍ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောကြားအပ်သည်ဟု မိန့်တော်မူပါ" ဟု လျှောက်ထားလေသည်။

ဤတွင် မင်းကြီးက "မိမိ၏ လျှို့ဝှက်ချက်ကို မယားအား ပြောကြားအပ်၏" ဟု ဆို၏။ သိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို အဆွေခင်ပွန်းအား ပြောကြားအပ်၏" ဟု ဆို၏။ ပက္ကုသ်အမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို ညီဖြစ်သူအား ပြောကြားအပ်၏" ဟု ဆို၏။ ကာမိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို သားဖြစ်သူအား ပြောကြားအပ်၏" ဟု ဆို၏။ ဒေဝိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို မိခင်အား ပြောကြားအပ်၏" ဟု ဆို၏။

ထို့နောက် မဟောသဓာကို မင်းကြီးက မေးတော်မူသည်။ မဟောသဓာက "အရှင်မင်းကြီး၊ လျှို့ဝှက်အပ်သော ကိစ္စကို လျှို့ဝှက်ထားခြင်းသာ ကောင်းသည်။ မိမိ၏ လျှို့ဝှက်ချက်ကို ကိစ္စမပြီးမီ မည်သူ့ကိုမျှ မပြောအပ်။ ကိစ္စပြီးသောအခါကျမှသာ ပြောသင့်၏" ဟု ဆိုလေသည်။

ထိုအခါ မင်းကြီးသည် စိတ်မကောင်းဖြစ်သွားသည်။ သိန်းအမတ်သည် မင်းကြီး၏ မျက်နှာကို လှမ်းကြည့်သည်။ မင်းကြီးကလည်း သိန်းအမတ်၏ မျက်နှာကို လှမ်းကြည့်သည်။ ဤတွင် မဟောသဓာသည် မင်းကြီးနှင့် သိန်းအမတ်တို့၏ အမူအရာကို မြင်သောအခါ 'သုခမိန် လေးယောက်တို့သည် ရှေးမဆွကပင် မင်းကြီးကို ကုန်းချောထားပြီး ဖြစ်မည်။ စုံစမ်းသည့် သဘောဖြင့် ပြဿနာ ပြုလုပ်မေးမြန်းခြင်း ဖြစ်မည်' ဟု အကဲခတ်မိသွားလေသည်။

(မဟောသဓာအပိုင်း- ၂၃ "သုခမိန်လေးဦး၏ လျှို့ဝှက်ချက်" ဆက်တင်ပါမည်)