Showing posts with label မဟောသဓာဇာတ်. Show all posts
Showing posts with label မဟောသဓာဇာတ်. Show all posts

Wednesday, May 16, 2012

မဟောသဓာဇာတ် အပိုင်း- ၃၈ (ဇာတ်သိမ်း)

“အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး)
 
ပရိဗိုဇ်မက “ညီတော် တိက္ခိနမန္တိကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးပြန်သည်။

မင်းကြီးက “ညီတော်သည် စလာကဒေဝီနှင့် ဆမ္ဘီပုဏ္ဏားတို့ လက်ဆက်ပြီးမှ ဖွားမြင်သော မင်းသားဖြစ်သည်။ ထို့ကြောင့် ဆမ္ဘီပုဏ္ဏားက သူနှင့် သင့်၍ရသော မင်းသားဟု မှတ်ထင်ကာ အရွယ်ရောက်သောအခါ သန်လျက်ပေးအပ်၍ အခစား ခိုင်းထားသည်။ မင်းသားကလည်း သူ့ဖခင် ဟူ၍ပင် ထင်သည်။ သို့ရာတွင် အမတ်များက မင်းသားအား ‘သင့်မယ်တော်သည် သင့်ကို ကိုယ်ဝန်ရှိသော အချိန်၌ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ခတ်သတ်ပြီး ပုဏ္ဏားကို နန်းတင်ခြင်းသာ ဖြစ်သည်’ ဟု ပြောပြကြသည်။ ဤတွင် တိက္ခိနမန္တိ မင်းသားသည် ဆမ္ဘီပုဏ္ဏားကို လုပ်ကြံသတ်ဖြတ်လျက် နန်းတက်မည်ပြုသည်။ ထိုအခါ မယ်တော်က ‘မဒ္ဒရာဇ်တိုင်း၌ သင့်နောင်တော် ရှိနေသေးသည်’ ဆိုသဖြင့် နောင်တော်ဖြစ်သော ကျွန်ုပ် စူဠနီဗြဟ္မဒတ်ကို ပင့်ဆောင်ကာ နန်းတင်ခဲ့သည်။ ဤမျှ ကျွန်ုပ်အပေါ် ကျေးဇူးကြီးလှပါသည်။ သို့ရာတွင် သူချီးမြှောက်၍ မင်းအဖြစ်သို့ ရောက်ရသည်ဟု သဘောထားကာ ကျွန်ုပ်အပေါ် မထေမဲ့မြင် ပြုတတ်ပါသည်။ ထို့ကြောင့် ရေစောင့်ဘီလူးအား ညီတော်ကို ပေးမည်ဟု ပြောရပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ဓနုသေခကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီးက “ဓနုသေခသည် ငယ်စဉ်က အတူအိပ်၊ အတူစား၊ ကစားဖော်ဖြစ်ခဲ့သည်။ ကျွန်ုပ် မင်းအဖြစ်သို့ ရောက်သောအခါ အရေးအရာမသိ၊ မင်းမဖြစ်မီကကဲ့သို့ပင် ရောရောနှောနှောနေကာ ရယ်မော ပြောဆိုလေ့ရှိသည်။ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့် ရထားသည်ဆိုပြီး ကျွန်ုပ်နှင့် မိဖုရားကြီး နှစ်ကိုယ်တူနေသည့် အခါတွင်လည်း အခွင့်မတောင်း၊ အကြောင်းမကြား၊ စွပ်ခနဲ ဝင်ချင်ဝင်လာတတ်သည်။ ထို့ကြောင့် ဓနုသေခကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ပရိဗိုဇ်မက “ပုရောဟိတ် ကေဝဋ်ပုဏ္ဏားကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေးမြန်း၏။ မင်းကြီက “ကေဝဋ်ပုဏ္ဏားသည် ပရိသတ်အလယ်၌ ကျွန်ုပ်ကို မျက်မှောင်ချီလျက် ဒေါသဖြင့် မျက်စိပြူး ကြည့်တတ်ပါသည်။ ထို့ကြောင့် သူ့ကို ရေစောင့်ဘီလူးအား ပေးမည် ပြောခြင်းဖြစ်ပါသည်” ဟု ဆို၏။

ထို့နောက် ဘေရီ ပရိဗိုဇ်မက “မယ်တော် စသော ပုဂ္ဂိုလ်ငါးဦးတို့ကို ရေစောင့်ဘီလူးအား ပေးမည်ဆိုသည့် အကြောင်းရင်းကို သိရပါပြီ။ သင်မင်းကြီး ကိုယ်တိုင်ကား ဧကရာဇ်ဘုရင်ကြီး ဖြစ်ပါလျက် မဟောသဓာကိုယ်စား မိမိအသက်ကို စွန့်မည်ဆိုခြင်းကား အဘယ်ကြောင့်ပါနည်း” ဟု မေး၏။

မင်းကြီးက “မဟောသဓာ သုခမိန်သည် အကျွန်ုပ်ထံသို့ ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ကျွန်ုပ်အား ကိုယ်နှုတ်ဖြင့် ပြစ်မှားခြင်း လုံးဝမရှိခဲ့ပါ။ မဟောသဓာ သုခမိန်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် တည်းဟူသော ကာလသုံးပါးတို့၌ အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည်တို့ကိုလည်း သိမြင်နိုင်သူဖြစ်သည်။ သူတစ်ပါးတို့အား ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ဖြင့်လည်း ပြစ်မှားခြင်း မပြုတတ်။ မဟောသဓာ သုခမိန် မသေမီ အကျွန်ုပ် သေရလျှင် သားတော်အစဉ်၊ မြေးတော်အဆက်တိုင်အောင် မဟောသဓာသည် စောင့်ရှောက်လိမ့်မည်။ ဤတွင် ကျွန်ုပ်အဖို့ ကောင်းသောသေရခြင်း ဖြစ်ပါသည်။ ထို့ပြင် မဟောသဓာ သုခမိန်၏ ကောင်းကျိုးပြုမှုကြောင့် လူခပ်သိမ်းတို့အဖို့လည်း ပစ္စုပ္ပန် သံသရာတို့၌ စီးပွားချမ်းသာ ရနိုင်ပါသည်။ ထို့ကြောင့် မဟောသဓာကိုယ်စား ကျွန်ုပ်၏ အသက်ကို ရေစောင့်ဘီလူးအား ပေးမည်ဟု ဆိုခြင်းဖြစ်သည်” ဟု ရှင်းလင်း ပြောဆို၏။

ဘေရီ ပရိဗိုဇ်မလည်း မဟောသဓာ၏ ဂုဏ်ကို ထို့ထက် ပို၍ ထင်ရှားစေလိုသောကြောင့် မြို့သူမြို့သားတို့ကို စည်းဝေးစေသည်။ မင်းကြီးအား ပရိသတ်အလယ်တွင် ရေစောင့်ဘီလူး ပြဿနာကို အထက်ပါအတိုင်း ထပ်၍ မေးပြန်၏။ မင်းကြီကလည်း အထက်ပါအတိုင်းပင် ဖြေကြား၏။

ပညာမည်သည်

ထိုအခါ ပရိဗိုဇ်မက “တိုင်းသူပြည်သား အပေါင်းတို့၊ ယခု မင်းကြီးပြောသည့် စကားကို ကြားကြပြီ မဟုတ်လော၊ ပညာရှိ မဟောသဓာအတွက် မိမိအသက်ကိုပင် စွန့်မည်ဟု ပြောချေပြီ။ မင်းကြီးသည် မယ်တော်၊ မိဖုရား၊ ညီတော်၊ အဆွေခင်ပွန်း၊ ပုရောဟိတ်ပုဏ္ဏားနှင့် မိမိကိုယ်ကိုပင် စွန့်၍ ပညာရှိကို စောင့်ရှောက်ပေသည်။ ပညာမည်သည် မဏိဇောတ ပတ္တမြားနှင့် တူ၏။ အလိုရှိအပ်သော အရာခပ်သိမ်းကို ပြီးစေ၏။ အလွန် တန်ခိုးကြီး၏။ ပညာသည် ဒုစရိုက် ဆယ်ပါးကို ရှောင်ရှားစေ၍ သူတော်ကောင်း တရားကို ပွားစေ၏။ ပညာသည်သာလျှင် မျက်မှောက်ဘဝ၌ ကိုယ်၏ စီးပွားနှင့် သူတစ်ပါးတို့၏ စီးပွားအကျိုးကို ဆောင်နိုင်၏။ နောင်တမလွန် ဘဝ၌လည်း ကောင်းမြတ်သော သုဂတိသို့ ပို့ဆောင်ပေးနိုင်၏။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာကိုလည်း ရွက်ဆောင်နိုင်၏” ဟူ၍ မဟောသဓာ၏ ပညာဂုဏ်ကို ချီးမွမ်း ပြောဆိုလေ၏။

(ဇာတ်ပေါင်းသော် မဟောသဓာသည် ဂေါတမမြတ်စွာဘုရား၊ အမရာဒေဝီသည် ယသော်ဓရာ၊ မဟောသဓာ၏ ခမည်းတော် သီရိဝဍ္ဎန သူဌေးသည် သုဒ္ဓေါဒန မင်းကြီး၊ သူဌေးကတော် သုမနဒေဝီသည် မယ်တော်မာယာ၊ ဝိဒေဟရာဇ်မင်းသည် ကာဠုဒါယီ၊ စူဠနီဗြဟ္မဒတ်မင်းသည် အရှင်သာရိပုတ္တရာ၊ ကေဝဋ်ပုဏ္ဏားသည် ဒေဝဒတ်၊ သေနက အမတ်သည် အရှင် မဟောကဿပ၊ ပက္ကုသ်အမတ်သည် အမ္ဗဌလုလင်၊ ကာမိန္ဒအမတ်သည် ကုဋဒန္တပုဏ္ဏား၊ ဒေဝိန္ဒအမတ်သည် ပိလောတိကလုလင်၊ ဥဒုမ္ဗရဒေဝီသည် ဒိဌမင်္ဂလိက အမျိုးသမီး၊ ပဉ္စာလစန္ဒီ မင်းသမီးသည် သုန္ဒရီ၊ ဘေရီ ပရိဗိုဇ်မသည် ဥပ္ပလဝဏ်၊ ကျေးလိမ္မာသည် အရှင်အာနန္ဒာ၊ သာလိကာမသည် မလ္လိကာ မိဖုရားတို့ အသီးသီး ဖြစ်လာကြလေသည်)

***ဤမဟောသဓာဇာတ်တော်တွင် ဂေါတမဘုရားရှင် ပညာပါရမီ၊ ဝီရိယပါရမီနှင့် ခန္တီပါရမီတို့ ဖြည့်ဆည်းခဲ့ပုံကို သိမြင်နိုင်ပါသည်***

မဟောသဓာဇာတ် အပိုင်း- ၃၇

 “မဟောသဓာ စူးစမ်းခြင်း”
 
ဤသို့ စစ်သေနာပတိ ရာထူးကို ကြီးကျယ်စွာ ချီးမြှောက်လိုက်သောအခါ မဟောသဓာသည် သံသယဝင်မိ၏။ ‘မင်းကြီးသည် ငါ့အား သဘောရိုးဖြင့် ချီးမြှောက်ခြင်း ဟုတ်ပါလေစ’ ဟု တွေးတောသည်။ သို့ဖြင့် ပရိဗိုဇ်မထံ သွားသည်။

“အရှင်မက ကျွန်ုပ်၏ ဂုဏ်ကို ပြောဆိုသည့်အတွက် မင်းကြီးသည် လက်ရှိ မှူးမတ်များကို လွှမ်းမိုး၍ ကျွန်ုပ်အား ထူးထူးကဲကဲ မြှောက်စားတော်မူပါသည်။ ‘ဤသို့ ပြုခြင်းသည် သဘောရိုးဖြင့်လော၊ သို့တည်းမဟုတ် ပရိယာယ်ဖြင့်လော’ ဟု တွေးတောစရာ ဖြစ်နေပါသည်။ စုံစမ်းပေးတော်မူပါ” ဟု ပန်ကြား၏။

ပရိဗိုဇ်မလည်း “ကောင်းပြီး” ဟု ဝန်ခံလိုက်သည်။ နောက်တစ်နေ့ နန်းတော်သို့ ကြွသောအခါ အခြားသူများကို ဖယ်ရှားခိုင်းပြီးလျှင် မင်းကြီးတစ်ပါးတည်းအား မေးမြန်း၏။

“အရှင်မင်းကြီး၊ အရှင်မင်းကြီးသည် မယ်တော် စလာကဒေဝီ၊ မိဖုရားနန္ဒာဒေဝီ၊ ညီတော်တိက္ခိနမန္တိ မင်းသား၊ ဓနုသေခ အဆွေခင်ပွန်း၊ ပုရောဟိတ်ကေဝဋ်၊ မဟောသဓာ ပညာရှိတို့နှင့် အတူ ပင်လယ်ထဲသို့ လှေဖြင့်သွားသည် ဆိုပါစို့။ ထိုစဉ် လူသားစားသည့် ရေစောင့်ဘီလူးက လှေကို ချုပ်ကိုင်မည်။ ဤသူ ခြောက်ယောက်တို့ကို ငါ့အား အစဉ်အတိုင်း တစ်ယောက်စီပေးမှ သင်မင်းကြီးအား လွှတ်မည်ဆိုလျှင် မည်သူ့ကို အလျင်ပေးမည်နည်း”

ထိုအခါ မင်းကြီးက “ပထမဆုံး မယ်တော် စလာဒေဝီကို ပေးမည်။ ထို့နောက် နန္ဒာဒေဝီ၊ ထို့နောက် တိက္ခိနမန္တိ မင်းသား၊ ထို့နောက် ဓနုသေခ၊ ထို့နောက် ပုရောဟိတ်ကေဝဋ်တို့ကို ပေးမည်။ မဟောသဓာကိုမူ မပေး၊ သူ့ကိုယ်စား ကျွန်ုပ်ကိုယ်ကိုပင် ပေးမည်” ဟု ဆို၏။

ဤသို့ ပြောသဖြင့် မဟောသဓာအပေါ် မင်းကြီး ချစ်မြတ်နိုးလှကြောင်းကို ဘေရီ ပရိဗိုဇ်မ ကောင်းစွာ သိသွားလေသည်။ သို့ရာတွင် ပို၍ စိတ်ချစေရန်နှင့် မဟောသဓာ၏ ဂုဏ်လည်း ထင်ရှားစေရန်အတွက် မှူးမတ် ပရိသတ်တို့ကို စုဝေးစေသည်။ ထိုသူတို့အလယ်၌ အထက်ပါ ပြဿနာကို ထပ်၍ မေးမြန်းသည်။ မင်းကြီးကလည်း ရှေးနည်းအတိုင်းပင် ဖြေကြားသည်။

အားကိုးထိုက်သူ မဟောသဓာ

ထိုအခါ ပရိဗိုဇ်မက “အရှင်မင်းကြီး၊ အရှင်မင်းကြီးက မယ်တော်ကို ပထမဦးဆုံး ပေးမည်ဟု ဆိုသည်။ လောက၌ မိခင်သည် အလွန်ကျေးဇူးကြီးလှသူ ဖြစ်သည်။ အရှင်မင်းကြီး၏ မိခင်မူ အခြားမိခင်များနှင့် မတူပေ။ မင်းကြီးအပေါ် လွန်စွာ ကျေးဇူးများလှသည်။ ဆမ္ဘီပုဏ္ဏားက သင်မင်းကြီးကို ဖျောက်ဖျက်မည် ပြုသောအခါ မယ်တော်သည် ဥပါယ်တံမျဉ်းဖြင့် သင်မင်းကြီး၏ အသက်ကို ကယ်ခဲ့သည် မဟုတ်လော” ဟု ဆို၏။

စင်စစ် စူဠနီဗြဟ္မဒတ်မင်း၏ ခမည်းတော်ကား မဟာစူဠနီဗြဟ္မဒတ်မင်းကြီး ဖြစ်သည်။ မိဖုရား စလာကဒေဝီသည် စူဠနီဗြဟ္မဒတ်မင်းကြီး ငယ်စဉ်အချိန်က ဆမ္ဘီအမည်ရှိ ပုရောဟိတ်ပုဏ္ဏားနှင့် ဖောက်ပြန်ခဲ့သည်။ မဟာစူဠနီဗြဟ္မဒတ် မင်းကြီးကို အဆိပ်ကျွေးသတ်ခဲ့သည်။ ဆမ္ဘိပုဏ္ဏားကို နန်းတင်ခဲ့သည်။ ဆမ္ဘီပုဏ္ဏားသည် စူဠနီဗြဟ္မဒတ် မင်းသား ကြီးပြင်းလာသောအခါ ထီးနန်းကို ယူလိမ့်မည်ဟု စိုးရိမ်သည်။ မင်းသားလေးအား သတ်ရန် စလာကဒေဝီကို စေခိုင်းသည်။ စလေကဒေ၀ီသည် သားတော်ကို မသတ်ဘဲ စားဖိုသည်ထံအပ်ကာ မဒ္ဒရာဇ်တိုင်း သာဂရပြည်သို့ ထွက်ပြေးစေသည်။ စားဖိုသည်လည်း မိမိ၏ သား ဓနုသေခနှင့်အတူ မင်းသားလေးကို ခေါ်၍ ပြေးသွားသည်။ စလာကဒေဝီက ဆိတ်ရိုးတို့ကို ပြကာ သူ့သား စူဠနီ သေပြီဖြစ်ကြောင်း ဆမ္ဘီ ပုဏ္ဏားအား လိမ်လည်လျှောက်ထားသည်။ ပုဏ္ဏားလည်း ယုံကြည်သွားသည်။ နောင်အခါ စူဠနီမင်းသားလေးသည် မဒ္ဒရာဇ်မင်း၏ ချီးမြှောက်ခြင်းကို ခံရလေသည်။ မဒ္ဒရာဇ်မင်း၏ သမီးတော်နှင့် ထိမ်းမြားကာ မင်းဖြစ်လာသည်။

ဘေရီပရိဗိုဇ်မက “ဤသို့ ဆမ္ဘီ ပုဏ္ဏား၏ လက်မှ အသင့်ကို မယ်တော် ကယ်ခဲ့ပါလျက် အဘယ့်ကြောင့် ရေစောင့်ဘီလူးအား ပေးမည် ဆိုရသနည်း” ဟု မေး၏။
မင်းကြီးက “အရှင်မ၊ အကျွန်ုပ်အပေါ် မယ်တော်၏ ကျေးဇူးများကြောင်း သိပါသည်။ သို့ရာတွင် မယ်တော်သည် အရွယ်နှင့် မလိုက်အောင် ကာမဂုဏ် တပ်မက်လွန်းသူ ဖြစ်ပါသည်။ အသက်အရွယ်၊ အဆင့်အတန်း မရွေး၊ လူအမျိုးမျိုးကို မြှူဆွယ်တတ်ပါသည်။ တိုင်းတစ်ပါးမှ မင်းများထံသို့ပင် ကာမဂုဏ် ပျော်ပါးရန် ကြံစည် စီစဉ်ခဲ့သဖြင့် ကျွန်ုပ်သိရှိကာ အရှက်တကွဲ ဖြစ်ခဲ့ရပါသည်။ ဤအပြစ်များကြောင့် မယ်တော်အား ရေစောင့်ဘီလူးကို ပေးမည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်” ဟု ဖြေကြား၏။

ထို့နောက် ပရိဗိုဇ်မက “နန္ဒာဒေဝီကို ပေးမည်ဆိုခြင်းကား အဘယ်ကြောင့်နည်း” ဟု မေး၏။ မင်းကြီးက “နန္ဒာဒေဝီသည် ကျွန်ုပ်နှင့် ကာမဂုဏ် ခံစား၍ ပျော်ပါးနေသည့်အခါမျိုး၌ ဘာမဆို တောင်းသမျှ ရလိမ့်မည်ဟု သိသည်။ သို့ဖြင့် အခြားသားတော်၊ သမီးတော်တို့အား ကျွန်ုပ်ပေးသည့် လက်ဝတ်လက်စား တန်ဆာများကို မတောင်းထိုက်ဘဲလျက် သူ့ကို ပေးပါဟု တောင်းသည်။ ကျွန်ုပ်ကလည်း ကာမဂုဏ် ပျော်မြူးခိုက်ဖြစ်၍ သူ တောင်းသမျှ ပေးမိသည်။ နန္ဒာဒေဝီသည် နောက်တစ်နေ့ရောက်လျှင် သားတော်၊ သမီးတော်တို့၏ လက်ဝတ်လက်စားများကို ‘မင်းကြီးက ငါ့အားပေးသည်’ ဆိုပြီး အတင်းချွတ်ယူသည်။ သားတော်၊ သမီးတော်တို့က ငိုယိုလျက် ကျွန်ုပ်ကို တိုင်ကြသည်။ ကျွန်ုပ်ဘာမျှ မတတ်နိုင်တော့။ စိတ်မကောင်းသာ ဖြစ်ခဲ့ရသည်။ ဤသို့ မတောင်းထိုက်သည့် သားသမီးပစ္စည်းကို တောင်းသဖြင့် နန္ဒာဒေဝီကို ရေစောင့်ဘီလူးအား ပေးမည်ဟု ပြောခြင်းဖြစ်ပါသည်” ဟု ဆိုလေသည်။

(မဟောသဓာအပိုင်း- ၃၈ “အားကိုးထိုက်သူ မဟောသဓာ” အဆက် (နိဂုံး) အား ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၆

“ဒီဃာဝုမင်းသား”
 
ဝိဒေဟရာဇ်မင်းကြီးသည် ပဉ္စာလစန္ဒီမိဖုရားအား ဥဒုမ္ဗရဒေဝီနှင့် ထပ်တူ မေတ္တာထားသည်။ မိဖုရားကြီး အရာထား၍ ချစ်မြတ်နိုးစွာ ချီးမြှောက်တော်မူလေသည်။ ၂-နှစ်ကြာသောအခါ ပဉ္စာလစန္ဒီ မိဖုရားသည် သားတော်တစ်ပါး ဖွားမြင်သည်။ ထိုသားတော်ကလေးကို “ဒီဃာဝု” ဟူ၍ အမည်ပေးသည်။

ဒီဃာဝုမင်းသား ဆယ်နှစ်အရွယ်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီး နတ်ရွာစံလေသည်။ မဟောသဓာသည် ဒီဃာဝုမင်းသားကလေးကို မင်းမြှောက်၍ “အရှင်မင်းမြတ်၊ အကျွန်ုပ်သည် အရှင်မင်းမြတ်၏ ဘိုးတော် စူဠနီဗြဟ္မဒတ်မင်း ထံသို့သွားရောက် ခစားရပါမည်” ဟု ဆိုလေသည်။

ဒီဃာဝုမင်းသားက “သုခမိန်၊ အကျွန်ုပ်ကား အလွန်ငယ်လှသေး၏။ သုခမိန် စောင်မမှသာ ဤထီးနန်းကို စိုးအုပ်နိုင်ပါမည်။ ငယ်ရွယ်သေးသော အကျွန်ုပ်သည် သုခမိန်ကို ခမည်းတော် အရာ၌ ထား၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပါမည်” ဟု ပြောဆို တောင်းပန်၏။ ပဉ္စာလစန္ဒီ မိဖုရားကလည်း ‘မိမိတို့ကို ပစ်၍ မသွားရန်’ တောင်းပန်၏။

ပဉ္စာလရာဇ်ပြည်သို့

မဟောသဓာက “စူဠနီဗြဟ္မဒတ်မင်းကြီးအား မိမိကတိပေးထားသဖြင့် မသွားဘဲ မနေသာ၊ အကယ်၍ သွားသည့်တိုင်အောင် ပြည်ထောင်နှစ်ခုတို့ စည်ပင်သာယာရေးကို ကြည့်ရှုစောင်မပါမည်” ဟု ပြောကြား၏။ သို့ဖြင့် မဟောသဓာသည် မိမိ၏ မိသားစု၊ အလုပ်အကျွေး၊ အခြွေအရံတို့နှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ သွားလေသည်။ ပြည်သူပြည်သား အပေါင်းလည်း မဟောသဓာကို နှမြောတသ မဆုံးရှိကြသည်။ ငိုကြွေးမြည်တမ်းကြလျက် ခရီးလမ်းတိုင်အောင် လိုက်လံ ပို့ဆောင်ကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးလည်း မဟောသဓာလာသောအခါ ဝမ်းမြောက်ဝမ်းသာပင် ကြီးကျယ်စွာ ကြိုဆို၏။ နေရန်အတွက်လည်း အိမ်ကြီးတစ်ဆောင် ပေးအပ်သည်။ သို့ရာတွင် ရှေးကပေးထားသော ရွာကြီးရှစ်ဆယ်အပြင် နောက်ထပ်ပေးကမ်း ချီးမြှောက်မှုကား မပြုပေ။

ဘေရီ ပရိဗိုဇ်မ

ထိုအချိန်တွင် ‘ဘေရိ’ အမည်ရှိသော ပရိဗိုဇ်မသည် စူဠနီဗြဟ္မဒတ်မင်း၏ နန်းတော်၌ နေ့စဉ် လာရောက် ဆွမ်းစားလေ့ရှိသည်။ ဘေရီ ပရိဗိုဇ်မကား ပညာရှိ၏။ သူမသည် မဟောသဓာ ရောက်လာပြီး မင်းကြီးအား ခစားနေကြောင်း သတင်းကိုသာ ကြားသည်။ မဟောသဓာကိုကား မမြင်ဖူးသေးချေ။ မဟောသဓာကလည်း ဘေရီ ပရိဗိုဇ်မကို မမြင်ဖူးသေးချေ။

စူဠနီဗြဟ္မဒတ်မင်းကြီး၏ မိဖုရား နန္ဒာဒေဝီသည်ကား မဟောသဓာကို ရန်ငြိုးမပြေ။ ‘မိမိတို့အား မိထိလာပြည်သို့ ခေါ်ဆောင်၍ စိတ်ဆင်းရဲအောင် ပြုပေသည်’ ဟု အခဲမကျေနိုင် ရှိလေ၏။ ထို့ကြောင့် ရင်းနှီးသော ကိုယ်လုပ် မောင်းမတို့အား “မဟောသဓာ၏ အပြစ်တစ်ခုခုကို မြင်လျှင် ပြောကြ၊ မင်းကြီးကို ပြောပြ ကုန်းတိုက်မည်” ဟူ၍ မှာထားလေသည်။

တစ်နေ့သောအခါ ဘေရီ ပရိဗိုဇ်မသည် နန်းတော်မှ ဆွမ်းစားပြီး ပြန်ထွက်လာသည်။ ထိုအချိန်၌ မဟောသဓာကလည်း နန်းတော်သို့ အခစားဝင်လာရာ လမ်းတွင် ဆုံမိကြသည်။ ဘေရီ ပရိဗိုဇ်မက မဟောသဓာသည် အလွန်ပညာရှိလှသည်ဟု ပြောကြသည်။ ပညာရှိ ဟုတ်-မဟုတ်သိရန် စမ်းဦးမည်ဟု ကြံလျက် မဟောသဓာကို ကြည့်ပြီး လက်ဝါးဖြန့်ပြသည်။ မဟောသဓာကလည်း သူ့အကြံကို ရိပ်စားမိသဖြင့် လက်ဆုပ်ပြ၍ ဖြေလေသည်။ ထိုအခါ ဘေရီ ပရိဗိုဇ်မက မိမိ၏ ဦးခေါင်းကို သပ်၍ ပြပြန်သည်။ မဟောသဓာကလည်း ဝမ်းဗိုက်ကို သပ်၍ ပြန်ပြသည်။ ထို့နောက် ဘေရီ ပရိဗိုဇ်မသည် မိမိကျောင်းသို့ ဆက်လက်ကြွသွားသည်။ မဟောသဓာလည်း မင်းကြီးထံသို့ အခစားဝင်သွားသည်။

ထိုအခြင်းအရာကို နန္ဒာဒေဝီ မှာထားသော မောင်းမတို့ တွေ့မြင်သွားကြသည်။ သို့ဖြင့် မင်းကြီးထံသို့ ဝင်ပြီးလျှင် “မဟောသဓာသည် ဘေရီ ပရိဗိုဇ်မနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ကာ အရှင်မင်းကြီး၏ ထီးနန်းကို လုယူရန် ကြံနေပါသည်” ဟူ၍ ကုန်းတိုက် လျှောက်ထားကြသည်။ ဆက်လက်၍ “ဘေရီ ပရိဗိုဇ်မက ‘ထီးနန်းကို မိမိလက်ရောက်အောင် လုပ်နိုင်ပါမည်လော’ ဟူသော အဓိပ္ပာယ်ဖြင့် လက်ဝါးဖြန့်၍ ပြပါသည်။ မဟောသဓာက သန်လျက်ကို ဆုပ်သည့် အသွင်ဖြင့် လက်ကိုဆုပ်ပြပါသည်။ ‘မကြာမီ မင်းကြီးကို သန်လျက်ဖြင့် လုပ်ကြံ၍ ထီးနန်းကို မိမိလက်ရောက်အောင် လုပ်မည်’ ဟူသော အဓိပ္ပာယ်ဖြင့် လက်ဆုပ်ပြပါသည်။ တစ်ဖန် ဘေရီ ပရိဗိုဇ်မက ‘ခေါင်းကိုလာဖြတ်ပါ’ ဟူသော အဓိပ္ပာယ်ဖြင့် ဦးခေါင်းသပ်၍ ပြပြန်ပါသည်။ မဟောသဓာကလည်း ‘ဝမ်းဗိုက်ကို ထိုးဖောက်မည်’ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းဗိုက်ကို သပ်၍ ပြပါသည်။ အရှင်မင်းကြီး မေ့မေ့လျော့လျော့ မနေပါနှင့်” ဟူ၍ လျှောက်ထားကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မောင်းမတို့ ကုန်းချောတိုင်း မယုံကြည်။ ‘မဟောသဓာသည် ငါ့ကို ပြစ်မှားမည့်သူ မဟုတ်၊ ပရိဗိုဇ်မကို မေးရဦးမည်’ ဟု ကြံသည်။

နောက်တစ်နေ့တွင် ဘေရီ ပရိဗိုဇ်မ ဆွမ်းစားလာသောအခါ “အရှင်မ၊ မဟောသဓာကို တွေ့ပါသလား” ဟု မေး၏။ ပရိဗိုဇ်မက “မနေ့က တွေ့ပါသည်။ စကားပြောခြင်းကား မရှိပါ။ မဟောသဓာ၏ ပညာစွမ်းကို သိလိုသဖြင့် လက်ဝါးဖြန့်ပြလျက် ပုစ္ဆာမေးပါသည်။ အဓိပ္ပာယ်မှာ ‘မင်းကြီးက သင့်ကို ဆုပ်ထားသောလက်ကဲ့သို့ မပြုဘဲ ဖြန့်ထားသောလက်ကဲ့သို့ ပြုပါ၏လော။ ချီးမြှောက်ပါ၏လော’ ဟူ၍ ဆိုလိုပါသည်။ မဟောသဓာသည် ပညာရှိစင်စစ် ဖြစ်ပါသည်။ ကျွန်ုပ်လက်ဝါးဖြန့်ပြသည်ကို လက်ဆုပ်ပြ၍ ဖြေပါသည်။ အဓိပ္ပာယ်မှာ ‘မင်းကြီးက တစ်စုံတစ်ရာ ချီးမြှောက်ခြင်း မပြုသေး’ ဟူ၍ ဆိုလိုပါသည်။ ထိုအခါ ကျွန်ုပ်က ‘ဤသို့ဖြစ်၍ ဆင်းရဲ ပင်ပန်းလျှင် ကျွန်ုပ်ကဲ့သို့ အဘယ်ကြောင်း ဦးပြည်းရိတ်၍ ရဟန်းမပြုပါသနည်း’ ဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းကို သပ်၍ ပြပါသည်။ မဟောသဓာကလည်း ‘မိမိ၌ ကျွေးမွေးရမည့် သားမယားရှိသဖြင့် ရဟန်းမပြုနိုင်ပါ’ ဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းဗိုက်ကို သပ်၍ပြပါသည်” ဟု ရှင်းလင်း ပြောပြသည်။

ထို့နောက်မင်းကြီးသည် မဟောသဓာကို ဘေရီ ပရိဗိုဇ်မ နည်းတူမေးမြန်း၏။ မဟောသဓာကလည်း ဘေရီ ပရိဗိုဇ်မ နည်းတူပင် ဟုတ်တိုင်းမှန်ရာ ရှင်းလင်း လျှောက်ထား၏။ မင်းကြီးသည် မဟောသဓာကို ယုံကြည်ရုံမျှမက ပိုမိုလေးစား ကြည်ညိုသွားလေသည်။ ထို့ကြောင့် ထိုနေ့မှာပင် စစ်သေနာပတိရာထူးကို ပေးအပ်လေသည်။

(မဟောသဓာအပိုင်း- ၃၇ “မဟောသဓာ စူးစမ်းခြင်း” ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၅

“ပညာရှိဟူသည်”
 
မင်းကြီးက “မဟောသဓာ သုခမိန်၊ သည်မျှ ပညာစွမ်းနှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် မင်းအဖြစ်ကို မခံယူသနည်း” ဟု မေး၏။ မဟောသဓာက “အကျွန်ုပ် အလိုရှိလျှင် ယနေ့ပင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံးရှိ မင်းတို့ကို သတ်ပြီး မင်းအဖြစ်ကို ယူနိုင်ပါသည်။ သူတစ်ပါးကို သတ်ပြီး စည်းစိမ် ချမ်းသာယူခြင်းမျိုးကို ပညာရှိတို့ မလိုလားပါ။ မချီးမွမ်းပါ” ဟု လျှောက်ထား၏။

ထို့နောက် မစောသဓာသည် ခလုတ်ကို နှိပ်လိုက်ပြန်ရာ ဥမင်တံခါးအားလုံး ပွင့်သွားလေသည်။ မီးများလည်း လင်းထိန်သွားလေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့က “မဟောသဓာ သုခမိန်ကြောင့် ကျွန်ုပ်တို့ အသက်ရှင်ရပေသည်။ နောက်တစ်ခဏမျှကြာလျှင် ဥမင်တံခါးကို မဖွင့်ဘဲထားလျှင် ကျွန်ုပ်တို့အားလုံး သေကြရမည် ဖြစ်သည်” ဟု ဆိုကြသည်။

မဟောသဓာက “မင်းအပေါင်းတို့၊ ယခုအခါ၌သာ ကျွန်ုပ်ကြောင့် အသင်တို့ အသက်ရှင်ကြရသည် မဟုတ်ပါ။ ရှေးအခါကလည်း ကျွန်ုပ်ကြောင့် အသင်တို့ အသက်ရှင်ခဲ့ကြရဖူးပါသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မတိုင်ပင်အပ်သည့် ကေဝဋ်အမတ်နှင့် တိုင်ပင်ပြီး ဥယျာဉ်ထဲတွင် အောင်သေသောက်ပွဲ ကျင်းပမည်ဆိုကာ အရက်နှင့်အမဲသားများတွင် အဆိပ်ခတ်၍ သင်တို့အား သတ်ရန် စီမံခဲ့ပါသည်။ ထိုအကြောင်းကို ကျွန်ုပ်သိသဖြင့် ငါကဲ့သို့သော ပညာရှိတစ်ယောက် ရှိနေပါလျက် မင်းအပေါင်း ဤသို့ မသေစကောင်းဟု ခံယူခဲ့ပါသည်။ ချက်ချင်းပင် ကျွန်ုပ်၏ ဖွားဖက်တော် တစ်ထောင်အား သေရည်အိုးအားလုံးကို ရိုက်ခွဲ ဖျက်ဆီးစေခဲ့ပါသည်။ ထို့ကြောင့် အသင်မင်းမြတ်တို့ အသက် မသေကြရခြင်း ဖြစ်ပါသည်” ဟု ဆို၏။

ထိုအခါ တစ်ရာ့တစ်ပါးသော မင်းတို့သည် ထိတ်လန့်သွားကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးအား “ယခု မဟောသဓာ ပြောသည့်အတိုင်း မှန်ပါသလော” ဟု မေးကြ၏။ မင်းကြီးက “မှန်ပါသည်။ ကေဝဋ်၏ အကြံအတိုင်း ပြုလုပ်မိခဲ့ပါသည်” ဟု ဝန်ခံ၏။

တစ်ရာ့တစ်ပါးသော မင်းတို့သည် မဟောသဓာအား ချစ်ခင်စွာ လည်ပင်းဖက်ကြသည်။
“သုခမိန်သည် ကျွန်ုပ်တို့အားလုံး၏ ကျေးဇူးရှင် ဖြစ်ပေသည်” ဟု ဆိုကြသည်။ ဝတ်ဆင်ထားသော အဆင်တန်ဆာတို့ကို ချွတ်၍ ပူဇော်ကြသည်။ မင်းကြီးသည်လည်း မဟောသဓာ၏ တိုက်တွန်းချက်အရ တစ်ရာ့တစ်ပါးသော မင်းတို့ကို ဝန်ချတောင်းပန်သည်။

စူဠနီဗြဟ္မဒတ်မင်းကြီးနှင့် တကွ တရာ့တစ်ပါးသော မင်းတို့သည် ဗိုလ်ပါ ပရိသတ်များနှင့်အတူ ဥမင်ကြီးအတွင်း၌ ခုနှစ်ရက်တိုင် ပျော်ပွဲသဘင် ခံကြသည်။ ထို့နောက်မှ ပဉ္စာလရာဇ်မြို့တွင်းသို့ ဝင်ကြလေသည်။

နန်းတော်သို့ ရောက်သောအခါ မင်းကြီးသည် မဟောသဓာအား ကြီးကျယ်ခမ်းနားစွာ ပူဇော်သက္ကာရ ပြုသည်။ “မဟောသဓာ သုခမိန်၊ ဝိဒေဟရာဇ်မင်းကြီး ချီးမြှောက်သည့် စည်းစိမ်ထက် နှစ်ဆပို၍ ချီးမြှောက်ပါမည်။ ကျွန်ုပ်တိုင်းပြည်၌ နေပါ” ဟု ဆို၏။

မဟောသဓာက “အရှင်မင်းကြီး၊ စည်းစိမ်ဥစ္စာ ဟူသောအကြောင်းကြောင့် မိမိ၏ အရှင်ကို မစွန့်ထိုက်ပါ။ အကယ်၍ စွန့်ပစ်လျှင် ထိုသူမျိုးသည် ကျေးဇူးရှင်ကို စွန့်ပစ်သည့် မကောင်းမှုကို ပြုပေသည် ဟု မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို ကဲ့ရဲ့ ရှုတ်ချရပါလိမ့်မည်။ သူတစ်ပါး၏ ကဲ့ရဲ့ ရှုတ်ချခြင်းကိုလည်း ခံရပါလိမ့်မည်။ သို့ဖြစ်၍ ဝိဒေဟရာဇ်မင်းကြီး အသက်ထင်ရှား ရှိနေသမျှ ကာလပတ်လုံး တစ်ပါးသော မင်းထံ၌ ကျွန်ုပ် မခစားနိုင်ပါ” ဟု လျှောက်တင်၏။

မင်းကြီးက “သို့ဖြစ်လျှင် ဝိဒေဟရာဇ်မင်းကြီး မရှိသည့်နောက် ကျွန်ုပ်၏တိုင်းပြည်သို့လာမည်ဟု ကတိပြုပါ” ဟု ဆို၏။ မဟောသဓာကလည်း “ကောင်းပါပြီ၊ ကျွန်ုပ် အသက်ရှင်လျက် ရှိလျှင် လာပါမည်” ဟု ကတိပေး၏။

မင်းနှစ်ပါး ချစ်ကြည်ကြခြင်း

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မဟောသဓာအား ရွှေစင်အချိန် တစ်ထောင်၊ အခွန်တစ်သိန်း ထွက်သော ရွာကြီးဆယ်ရွာနှင့် အလုပ်အကျွေးပြု မိန်းမတို့ကို ပေးလေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့ကလည်း များစွာသော လက်ဆောင် ပဏ္ဏာများကို ပေးလေသည်။ မင်းကြီးသည် ပဉ္စာလစန္ဒီ အတွက်လည်း ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ရွှေ ငွေတန်ဆာ၊ ဆင်၊ မြင်း စသည်တို့ကို လက်ဖွဲ့ လိုက်လေသည်။

မဟောသဓာသည် များစွာသော အခြံအရံတို့ဖြင့် မိထိလာပြည်သို့ ပြန်လာခဲ့လေသည်။ ဝိဒေဟရာဇ် မင်းကြီးသည် မဟောသဓာပြန်လာသည်ကို နန်းတော် လေသွန်တံခါးမှ မျှော်ကြည့်နေသည်။ ဗိုလ်ပါ အင်အား များပြားလှသဖြင့် ‘သားတော် မဟောသဓာမှ ဟုတ်ပါလေစ၊ စူဠနီဗြဟ္မဒတ်မင်း စစ်ချီလာလေသလော’ ဟု တွေးကာ ကြောက်လန့်သွားသည်။

သိန်းအမတ်အား မေးရာ သိန်းအမတ်က “အရှင်မင်းကြီး၊ ကြောက်လန့်ရမည့် အရာ မဟုတ်ပါ။ ဝမ်းသာရမည့် အရာသာ ဖြစ်ပါသည်။ မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်းအား မိမိကို ကြည်ညိုအောင် ပြုလုပ်သဖြင့် စူဠနီဗြဟ္မဒတ်မင်းကြီးက မဟောသဓာကို ကြည်ညိုပြီး ပေးလိုက်သည့် အခြံအရံတို့ ဖြစ်ပါလိမ့်မည်” ဟု လျှောက်ထား၏။

မင်းကြီးသည် “မြို့ကို တန်ဆာဆင်လျက် သားတော် မဟောသဓာကို ကြိုဆိုကြရမည်” ဟု စည်လည်စေသည်။ မြို့သူမြို့သားတို့လည်း ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြသည်။ တစ်ပြည်လုံး ပွဲလမ်းသဘင်ကြီး ကျင်းပလျက် မဟောသဓာကို ပူဇော်ကြသည်။ ထို့နောက် မင်းကြီးသည် မဟောသဓာ၏ အလိုဆန္ဒအတိုင်းပင် စူဠနီဗြဟ္မဒတ်မင်း၏ မယ်တော် စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာတို့ကို အခြံအရံ ပရိသတ်ဗိုလ်ပါတို့နှင့်အတူ ပဉ္စာလရာဇ်ပြည်သို့ ပြန်ပို့လေသည်။

မယ်တော်၊ မိဖုရား၊ သားတော်တို့ ရောက်လာသောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးက “ဝိဒေဟရာဇ် မင်းကြီးသည် မယ်တော်တို့ကို ကောင်းစွာ ချီးမြှောက်ပါ၏လော” ဟု မေးသည်။

မယ်တော်က “ငါ့သားတော်၊ ဝိဒေဟရာဇ်မင်းကြီးသည် ငါ့ကို အိမ်ဦးနတ်အရာမှာ ထား၍ ပူဇော်သည်။ နန္ဒာဒေဝီကိုလည်း မယ်တော်အရာထား၍ လုပ်ကျွေးသည်။ ပဉ္စာလစန္ဒာမင်းသားကိုလည်း ညီတော်အရာထား၍ မြှောက်စားသည်” ဟု ဆို၏။

ထိုအခါ မင်းကြီးသည် လွန်စွာ နှစ်သက်ဝမ်းမြောက်လှသဖြင့် ဝိဒေဟရာဇ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ပို့လေသည်။ ထိုအချိန်မှစ၍ မင်းနှစ်ပါးတို့သည် ငြိမ်းချမ်း ချစ်ကြည်စွာ ဆက်ဆံကြလေ၏။

(မဟောသဓာအပိုင်း- ၃၆ “ဒီဃာဝုမင်းသား” ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၄

"အံချီးဖွယ် မဟောသဓာ၏ စွမ်းရည်"
 
မဟောသဓာသည် စူဠနီဗြဟ္မဒတ်မင်းကြီး လွန်စွာဒေါသထွက်သည်ကို သိရှိရသောအခါ အတန်ငယ် စိုးရိမ်သွားသည်။ ‘ယခု အခြေအနေတွင် မင်းကြီးသည် ဗိုလ်ပါအင်အား ကြီးမားလှသည်။ မိဖုရား၊ သားတော်၊ သမီးတော်တို့ သေမည့်အရေးကို ပူပန်စရာမလို ဟူသော ရာဇမာန်ဖြင့် ငါ့ကို နှိပ်စက်လျှင် ခက်ချေမည်။ သူ၏ မိဖုရားကြီး နန္ဒာဒေဝီ၏ ရုပ်ဆင်းတင့်တယ်ပုံကို ချီးကျူးပြောဆိုမှသာ သူ့မိဖုရားကို ချစ်ခင်စွဲလမ်း သတိရမည်။ မဟောသဓာယကို သတ်လျှင် ငါ့မိဖုရားကို ပြန်ရမည် မဟုတ်ဟု စဉ်းစားကာ ငါ့ကို မနှိပ်စက် ရှိချေမည်’ ဟု တွေးတောမိသည်။ သို့ဖြင့် ပြာသာဒ်ထက်၌ ရပ်လျက် ဥမင်ရှိရာသို့ လက်ညှိုးညွှန်ကာ-

“အရှင်မင်းကြီး၊ မိန်းမမြတ်တို့၏ ကောင်းခြင်း အင်္ဂါလက္ခဏာနှင့် ပြည့်စုံသော၊ ရွှေဟင်္သာမလေး၏ တွန်ကျူးသံပမာ သာယာချိုအေးသည့် အသံရှိသော နန္ဒာနေဒဝီမဟေသီ မိန်းမမြတ်သည် ဤ ဥမင်လမ်းမှပင် ကြွသွားတော်မူပါသည်” ဟု ဆိုကာ နန္ဒာဒေဝီ၏ အလှကို အမျိုးမျိုး ချီးကျူး ဖွဲ့နွဲ့ ပြောဆိုသည်။

ထို့နောက် “သည်လို လွန်စွာထူးမြတ်သည့် ရုပ်ဆင်းအင်္ဂါ လက္ခဏာရှိသော မိန်းမမြတ် နန္ဒာဒေဝီ မိဖုရားကြီး သေမည်ကို အရှင်မင်းကြီး လိုလားပါသလော။ အရှင်မင်းကြီးက အကျွန်ုပ်ကို သတ်လျှင် ဝိဒေဟရာဇ်မင်းကြီးကလည်း နန္ဒာဒေဝီကို မုချ သတ်ပါလိမ့်မည်။ ဤသို့ သတ်သဖြင့် ကျွန်ုပ်တို့ နှစ်ယောက် သေသွားပြီးနောက် ယမမင်းထံသို့ နှစ်ယောက်အတူ ရောက်သွားကြလျှင် ယမမင်းက အကျွန်ုပ်အား နန္ဒာဒေဝီကို မုချပေးအပ်ပါလိမ့်မည်။ နန္ဒာဒေဝီကို ရမည်ဖြစ်သောကြောင့် မင်းကြီးသတ်၍ သေရသော်လည်း ကျွန်ုပ်အဖို့ အရှုံး မရှိပါ” ဟူ၍ ပြောဆိုပြန်၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် နန္ဒာဒေဝီကို မြင်ယောင်ကာ လွမ်းတမိသည်။ မဟောသဓာမှ တစ်ပါး နန္ဒာဒေဝီကို ခေါ်ဆောင်ပေးနိုင်မည့်သူ မရှိကြောင်းကိုလည်း စဉ်းစားမိသည်။

မဟောသဓာသည် မင်းကြီး၏ အမူအရာကို အကဲခတ်မိသဖြင့် “အရှင်မင်းကြီး၊ စိုးရိမ်တော် မမူပါလင့်။ နန္ဒာဒေဝီမိဖုရားကြီး၊ သားတော် ပဉ္စာလစန္ဒာနှင့် မယ်တော်စလာကဒေဝီတို့ သုံးဦးသည် ပဉ္စာလရာဇ်ပြည်သို့ ပြန်လာကြပါလိမ့်မည်။ ထိုသုံးဦး ပြန်လာနိုင်အောင်လည်း မိထိလာပြည်သို့ အကျွန်ုပ်သွား၍ ဆောင်ရွက်နိုင်ပါသည်” ဟူ၍ လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းကြီးလည်း မဟောသဓာ၏ စွမ်းရည်ကို အံ့ချီးမဆုံး ရှိမိသည်။ “သင်သည် ငါ့လက်တွင်း ရောက်နေသည့် ဝိဒေဟရာဇ်မင်းကြီးကို လွတ်မြောက်စေသည်မှာ နတ်တို့၏ မယာကိုပင် တတ်သလော။ သို့တည်းမဟုတ် မျက်လှည့်အတတ်ဖြင့် ပြုလုပ်ခြင်း ဖြစ်သလော” ဟု မေး၏။

မဟောသဓာက “အကျွန်ုပ်တွင် အလွန်ကျွမ်းကျင်လိမ္မာသည့် လုလင်ပျို သူရဲကောင်းများ ရှိပါသည်။ ထိုလုလင်ပျို သူရဲကောင်းများ တူးထားသည့် ဥမင်လမ်းဖြင့် ဝိဒေဟရာဇ်မင်းကြီး ကြွသွားတော်မူပါသည်။ အရှင်မင်းကြီး ရှုစားတော်မူလိုပါက ဥမင်ကြီးကို ပြပါမည်။ အကျွန်ုပ်၏ ပညာစွမ်းဖြင့် ဖန်ဆင်းထားသော ဥမင်ကြီးကား တံခါးကြီး ၈၀၊ တံခါးငယ် ၆၄ ခုရှိပါသည်။ တစ်ရာ့တစ်ပါးသော မင်းတို့အတွက် အိပ်ရာတိုက်ခန်းပေါင်း တစ်ရာ့တစ်ခု ရှိပါသည်။ ရာပေါင်းများစွာသော မီးတိုင်တို့ဖြင့် ထိန်ထိန်လင်းနေပါသည်။ ဆင်၊ မြင်း၊ ရထား၊ ခြေသည် တည်းဟူသော စစ်အင်္ဂါ ၄-ပါး ရုပ်တုတို့ဖြင့် တင့်တယ်လှပစွာ စီစဉ်ခင်းကျင်းထားပါသည်။ အရှင်မင်းကြီးသည် အကျွန်ုပ်နှင့် အတူတကွ ချစ်ကြည်စွာ စကားပြောရင်း ဝင်ရောက် ရှုစားတော်မူပါ” ဟု ဖိတ်ခေါ်သည်။ လုလင်တို့အား ဥမင်တံခါးကို ဖွင့်စေသည်။

ပညာစွမ်းပြခြင်း

စူဠနီဗြဟ္မဒတ်မင်းကြီးသည်တစ်ရာ့တစ်ပါးသော မင်းတို့ ခြံရံလျက် ဥပကာရီမြို့ထဲသို့ ဝင်လာသည်။ မဟောသဓာသည် ပြာသာဒ်မှ ဆင်း၍ မင်းကြီးကို ကြိုဆိုလျက် ဥမင်ထဲသို့ ခေါ်ဆောင်သွားသည်။ မင်းကြီးသည် နတ်ဘုံ နတ်နန်းတမျှ ခမ်းနားလှသော ဥမင်ကြီးကို တွေ့ရသောအခါ လွန်စွာ အံ့သြ ချီးကျူးမိသည်။ “သည်ကဲ့သို့သော ပညာရှိမျိုး ပေါ်ထွန်းရာ ဝိဒေဟရာဇ်တိုင်းသည် ကံကောင်းလေစွ။ သည်ကဲ့သို့သော ပညာရှိနှင့် အတူတကွနေကြရသည့် ဝိဒေဟရာဇ် ပြည်သူပြည်သားတို့သည် ကံကောင်းလေစွ။ သည်ကဲ့သို့သော ပညာရှိကို ရထားသော ဝိဒေဟရာဇ်မင်းသည် ကံကောင်းလေစွ” ဟု ဆိုမြည်း ကျူးရင့်လေသည်။

မင်းကြီးသည် ဥမင်ကြီး၏ ခမ်းနားပုံကို ရှုကြည့်ရင်း ရှေ့ကသွား၏။ ဂင်္ဂါမြစ်ဘက်တံခါးသို့ ရောက်သောအခါ ဥမင်ပြင်ဘက်သို့ ထွက်သည်။ မဟောသဓာလည်း မင်းကြီးနောက်မှ ထက်ကြပ်မကွာ လိုက်၍ အပြင်သို့ ထွက်သည်။ ထိုအချိန်တွင် တစ်ရာ့တစ်ပါးသော မင်းများနှင့် စစ်တပ်ကြီး တစ်ခုလုံးသည် ဥမင်ထဲသို့ ရောက်ရှိနေသည်။ မဟောသဓာသည် ဥမင်တံခါးမှ အထွက်တွင် ခလုတ်ကို နင်းလိုက်သည်။ ထိုအခါ ဥမင်ကြီးတစ်ခုံလုံးရှိ တံခါးအားလုံး တစ်ပြိုင်နက် ပိတ်သွားသည်။ မီးတိုင်အားလုံးလည်း ငြိမ်းသွားသည်။ ဥမင်ကြီးတစ်ခုလုံး မှောင်အတိ ဖြစ်သွားသည်။ ဤတွင် ဥမင်တွင်း၌ ပိတ်မိနေကြသော တစ်ရာ့တစ်ပါးသော မင်းတို့နှင့်တကွ စစ်တပ်ကြီး တစ်လုံးသည် လွန်စွာကြောက်ရွံ့ ထိတ်လန့်သွားကြသည်။

မဟောသဓာသည် ယမန်နေ့ညကမြှုပ်ထားခဲ့သော သန်လျက်ကို သဲထဲမှ ထုတ်ယူပြီးလျှင် ၁၈-တောင်မြင့်အောင် ခုန်ပျံလိုက်သည်။ မြေသို့ပြန်ကျသောအခါ စူဠနီဗြဟ္မဒတ်မင်း၏ လည်ကို ဆုပ်ကိုင်လျက် သန်လျက်ဖြင့် မိုးထားလိုက်သည်။

“ဇမ္ဗူဒီပါ တစ်ကျွန်းလုံးရှိ တိုင်းနိုင်ငံများသည် မည်သူ့တိုင်းနိုင်ငံ ဖြစ်သနည်း” ဟု မေး၏။
မင်းကြီးသည် ကြောက်ရွံ့ တုန်လှုပ်လျက် ရှိ၏။
“သင် သုခမိန်၏ တိုင်းနိုင်ငံများဖြစ်ပါသည်” ဟုဆို၏။
“ကျွန်ုပ်၏ အသက်ကို ချမ်းသာပေးပါ” ဟူ၍လည်း တောင်းပန်၏။

မဟောသဓာက “အရှင်မင်းကြီး၊ မကြောက်ပါနှင့်။ အရှင်မင်းကြီးကို သတ်လိုသောကြောင့် သန်လျက်ကိုင်သည် မဟုတ်ပါ။ အကျွန်ုပ်၏ ပညာစွမ်းကို ပြလိုသောကြောင့် ကိုင်ခြင်းဖြစ်ပါသည်” ဟု ဆို၏။ သန်လျက်ကိုလည်း မင်းကြီးအားပေး၏။
“အရှင်မင်းကြီး၊ အကယ်၍ အကျွန်ုပ်ကို သတ်လိုပါလျှင် ယခုပင် သည်သန်လျက်ဖြင့် သတ်တော်မူပါ။ သို့မဟုတ် ဘေးမဲ့ပေးလိုလျှင်လည်း ဘေးမဲ့ပေးတော်မူပါ” ဟု လျှောက်၏။

မင်းကြီးက “သုခမိန်၊ ကျွန်ုပ်ကလည်း သင့်ကို ဘေးမဲ့ပေးပါမည်” ဟုဆိုကာ သန်လျက်ကို ချထားလိုက်သည်။ ထို့နောက် အချင်းချင်း မသတ်ဖို့ရန် ကတိသစ္စာ ဆိုကြလေသည်။

(မဟောသဓာအပိုင်း- ၃၅ “ပညာရှိဟူသည်” ဆင်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၃

"စစ်သူကြီး မဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည် "
 
မဟောသဓာက ငြင်းဆိုလိုက်သည်။
"အရှင်မင်းကြီး၊ အကျွန်ုပ်မှာ စစ်သေနာပတိချုပ် ဖြစ်ပါသည်။ ယခု မလိုက်လိုသေးပါ။ မိမိ၏ တပ်သားအားလုံးကို ခေါ်ဆောင်ပြီးမှသာလျှင် လိုက်ပါနိုင်ပါမည်။ ထိုသို့မဟုတ်ဘဲ ကျန်ရှိနေသော မိမိ၏ တပ်သားများကို ရန်သူ့လက်တွင် ထားခဲ့ပြီး ကိုယ်လွတ် ရုန်းမည်ဆိုလျှင် တရားရာ မရောက်ပါ။

ဆင်းရဲဘက်ဖြစ်သော ဗိုလ်ပါ တပ်သားတို့ကို သနားကြင်နာခြင်း မရှိ။ မိမိနှင့်ထပ်တူ မပြု၊ သူ့လက်တွင်း ထားခဲ့၍ ကိုယ်လွတ်ရုံးချေသော် အကျွန်ုပ်အား စစ်သူကြီးတို့ ကျင့်ဆောင်အပ်သော တရား၊ ခြောက်ပါးသော နာယကဂုဏ်တို့ ပျက်စေသဖြင့် ဘုန်းကျက်သရေ မဆုတ်ယုတ်ပြီလော။ ဥပကာရီ မြို့တော်ထဲတွင် အရှင်မင်းကြီးနှင့် ပါလာသော စစ်သည် တပ်သားများ ကျန်ရစ်နေပါသေးသည်။ ထို့ပြင် အကျွန်ုပ်နှင့် အတူ လေးလတိုင်တိုင် ကူညီလုပ်ဆောင်ကြသော လူပေါင်းများစွာတို့ ကျန်ရှိနေပါသေးသည်။ ထိုသူတို့ကို တစ်ယောက်မျှ အကျွန်ုပ် စွန့်ပစ်မသွားပါ။ ဥပကာရီမြို့သို့ ပြန်သွားရပါဦးမည်။ စူဠနီဗြဟ္မဒတ်မင်းအား ရင်ဆိုင်၍ ထိုဗိုလ်ခြေ တပ်သား အားလုံးကို ခေါ်ဆောင်ပြီးမှ လိုက်လာခဲ့ပါမည်။ အရှင်မင်းကြီးသာ အနှောင့်အယှက် ကင်းစွာဖြင့် တိုင်းပြည်သို့ ပြန်ရောက်အောင် အလျင်အမြန် ကြွချီတော်မူပါ။ လမ်းခရီး၌ စိုးရိမ်ဖွယ် ဘာမျှ မရှိပါ။ ထိုသို့ မရှိရလေအောင် တစ်ယူဇနာလျှင် တစ်ရွာကျ အရှင်မင်းကြီး ကြွလာလျှင် ဆင်၊ မြင်း အသစ်လဲလှယ်၍ မိထိလာပြည်သို့ အမြန်ရောက်အောင် ပို့ဆောင်ပေးကြရန် မှာထားပြီး ဖြစ်ပါသည်။ အသင့် စီစဉ်ထားပြီး ဖြစ်ပါသည်" ဟု လျှောက်ထား၍ မင်းကြီးကို လွှတ်လိုက်လေသည်။

မင်းကြီးလည်း မဟောသဓာ စီစဉ်သည့်အတိုင်း သွားရာ လမ်းခရီးတွင် ဘေးရန် မရှိ။ အခက်အခဲ မရှိ။ ယူဇနာတစ်ရာ ဝေးသော မိထိလာပြည်သို့ နောက်တစ်နေ့မှာပင် ဆိုက်ရောက်သွားလေသည်။ မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့ကို ပို့ဆောင်ပြီးသောအခါ သန်လျက်ကို ဥမင်တံခါးဝရှိ သဲပုံအောက်တွင် မြှုပ်ထားလိုက်သည်။ ထို့နောက် ဥမင်ထဲသို့ ဝင်၍ တဲနန်းပြာသာဒ်ပေါ်သို့ တက်ရောက်သည်။ 'ငါ့အကြံ အထမြောက်ပြီ' ဟု ဆိုကာ စိတ်ချလက်ချ အိပ်စက်လေသည်။

နံနက်မိုးသောက်သောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဆင်ပြောင်ကို စီးလျက် ချီတက်လာသည်။ မိမိ၏ ရဲမက်ဗိုလ်ပါတို့အား ဥပကာရီမြို့ကို ဖြိုဖျက်တိုက်ခိုက်ရန် အမိန့်ပေး၍ ချဉ်းကပ်လာသည်။

ထိုအချိန်၌ မဟောသဓာသည် အဖိုးတစ်သိန်းထိုက်သည့် ကာသိတိုင်းဖြစ် ပုဆိုးကို ဝတ်လျက်၊ ကမ္ဗလာနီကို လက်ဝဲပခုံးတွင် ရစ်သိုင်းလျက်၊ ရတနာလှံတံကို ကိုင်စွဲလျက်၊ ရွှေခြေနင်း စီးလျက်၊ စူဠနီဗြဟ္မဒတ်မင်းကြီး မြင်သာအောင် နန်းပြာသာဒ်၌ စင်္ကြံလျှောက်နေလေသည်။

အလွန်လှပတင့်တယ်သော အမျိုးသမီးကလေးများကလည်း မဟောသဓာကို သားမြီးယပ်ဖြင့် ခတ်ပေးနေကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း "မဟောသဓာကို ယခုပင် ဖမ်းအံ့" ဟု ဆိုကာ ဆင်တော်ကို ချွန်းဖွင့်၍ အပြင်းနှင်လာသည်။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး အဘယ့်ကြောင့် အဆောတလျင် ဆင်တော်ကို နှင်လာပါသနည်း။ အဘယ့်ကြောင့် ရွှင်သောမျက်နှာဖြင့် လာပါသနည်း။ ငါ့အလုပ် ကိစ္စပြီးမြောက်ပြီဟု ထင်တော်မူပါသလော။ အရှင်မင်းကြီး လက်နက်ကို စွန့်ပစ်တော် မူလိုက်ပါလော့။ အပင်ပန်းခံ မနေပါလင့်။ နန်းတော်သို့ ပြန်ကြွတော်မူပါ" ဟု အေးဆေးစွာ ပြောလိုက်သည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် မဟောသဓာက သူ့အား ပြက်ရယ်ပြုနေသည်ဟု ထင်မိသည်။ "မဟောသဓာ၊ သင်သည် မျက်နှာရွှင်လန်းလျက် ပြုံးချိုစွာ ပြောနေသည်။ သေခါနီးတွင် ဤသို့ပင် မျက်နှာ ကြည်လင်တတ်စမြဲ ဖြစ်သည်။ ငါသည် ယနေ့ပင် သင့်ဦးခေါင်းကို ဖြတ်၍ အောင်သေသောက်ရတော့မည်" ဟု ဆိုလေသည်။

ဤတွင် မဟောသဓာက "အရှင်မင်းကြီး၏ ကြုံးဝါးခြင်းကား အချည်းနှီးဖြစ်ခဲ့ပြီ။ အရှင်မင်းကြီးတို့ တိုင်ပင်ထားသည့် ကိစ္စကား ပျက်လေပြီ။ အရှင်မင်းကြီးနှင့် ကေဝဋ်အမတ်တို့ တိုင်ပင်သည့် အကြံကို ရှေးဦးကပင် အကျွန်ုပ် သိထားသည်။ မြင်းခြေကျိုး စီးသူသည် သိန္ဓောမြင်း စီးသူကို မဖမ်းနိုင်ပါ။ ထို့အတူ ကေဝဋ်အမတ် တည်းဟူသော မြင်းခြေကျိုး စီးသည့် အရှင်မင်းကြီးသည် အကျွန်ုပ် မဟောသဓာ တည်းဟူသော သိန္ဓောမြင်းကို စီးသည့် ဝိဒေဟရာဇ် မင်းကြီးကို မဖမ်းနိုင်ပါ။ ဝိဒေဟရာဇ်မင်းကြီးသည် ယမန်နေ့ညကပင် မှူးမတ်ဗိုလ်ပါ အခြံအရံတို့ဖြင့် ထွက်ခွာသွားတော်မူပါပြီ" ဟု ဆိုလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးက 'မဟောသဓာသည် အလွန်ရဲရင့်စွာ ပြောဆိုနေပေသည်။ မုချပင် ဝိဒေဟရာဇ် မင်းကြီး ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်မည်။ ရှေးကလည်း မဟောသဓာကြောင့်ပင် ငါတို့ စစ်တပ်ကြီး ပျက်၍ ပြေးခဲ့ရသည်။ ယခုလည်း မဟောသဓာသည် ငါ့လက်တွင်း ရောက်နေသည့် ရန်သူကို လွတ်မြောက်အောင် ပြုပြန်ပြီ။ ငါ၏ အကျိုးမဲ့ကို မဟောသဓာပြုသည်ကား များလှပြီ။ သို့ဖြစ်၍ ဝိဒေဟရာဇ်နှင့် မဟောသဓာ နှစ်ယောက်အပေါ် ပေးရမည့် ပြစ်ဒဏ် နှစ်ခုကို မဟောသဓာ တစ်ယောက်တည်းအား စုပေါင်းပေးရတော့မည်' ဟု ကြံကာ "မဟောသဓာကို ဖမ်းကြလော့။ သင်း၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ကြလော့။ သင်းကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်ကြကုန်။ နွားရေကို ငုတ်စိုက်ကြက်သကဲ့သို့ပင် မဟောသဓာအား မြေပြင်တွင် ကားကြက်ကြကုန်။ ငါကိုယ်တိုင်လည်း သင်းကို သန်လျက်ဖြင့် ထိုးသတ်အံ့" ဟု ဒေါသကြီးစွာဖြင့် အမိန့်ပေးလေသည်။

ထိုအခါ မဟောသဓာက ရယ်မောလိုက်သည်။ "အရှင်မင်းကြီးက အကျွန်ုပ်၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်လျှင် အကျွန်ုပ်၏ အရှင် ဝိဒေဟရာဇ်မင်းကြီးက အရှင်မင်းကြီး၏ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ပါလိမ့်မည်။ အရှင်မင်းကြီးက အကျွန်ုပ်ကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်လျှင် ဝိဒေဟရာဇ်မင်းကြီးက အရှင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို အမဲဖျက်သလို ဖျက်ပြီး အသားကို တံစို့ထိုး၍ ကင်ပါလိမ့်မည်။ အရှင်မင်းကြီးက အကျွန်ုပ်ကို ကားကြက်ပြီး သန်လျက်ဖြင့် ထိုးသတ်လျှင် ဝိဒေဟရာဇ်မင်းကြီးကလည်း အရှင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ကားကြက်ပြီး သန်လျက်ဖြင့် ထိုးသတ်ပါလိမ့်မည်။ သည်လို အရှင်မင်းကြီးက အကျွန်ုပ်ကို စီရင်သကဲ့သို့ အရှင်မင်းကြီး၏ မိဖုရား၊ သားတော်နှင့် သမီးတော်တို့ကိုလည်း စီရင်ရန် အကျွန်ုပ်နှင့် ဝိဒေဟရာဇ်မင်းကြီးတို့ တိုင်ပင်ထားပြီးဖြစ်ပါသည်။ အကျွန်ုပ်သည် လုလင်များအား စေလွှတ်၍ အရှင်မင်းကြီး၏ မယ်တော် စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ဥမင်လမ်းဖြင့် ခေါ်ထုတ်ခဲ့ပါသည်။ သူတို့ကို ဝိဒေဟရာဇ်မင်းကြီးအား ပေးအပ်လိုက်ပါပြီ" ဟု ဆိုလေ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် 'ညဦးကလည်း ဂင်္ဂါမြစ်နားတွင် နန္ဒာဒေဝီတို့၏ ငိုသံလိုလို ကြားခဲ့သည်။ ယခု မဟောသဓာ ပြောနေသည်မှာ အမှန်တကယ် ဖြစ်လိမ့်မည်' ဟု ယူဆမိသည်။ အလွန်စိုးရိမ်လာသည်။ သို့ရာတွင် ရာဇဣနြေ္ဒကို ထိန်းလိုက်သည်။ အမတ်တစ်ယောက်အား နန်းတော်သို့ သွား၍ ကြည့်ရှုရန် စေလွှတ်လိုက်သည်။

အမတ်သည် နန်းတော်သို့ရောက်သောအခါ မယ်တော် စလာကဒေဝီကိုလည်း မတွေ့ရ။ မိဖုရား၊ သားတော်၊ သမီးတို့ကိုလည်း မတွေ့ရ။ နန်းတော်တစ်ခုလုံး အသုံးအဆောင်ပစ္စည်းများ ပြန့်ကြဲကာ ဖရိုဖရဲ ဖြစ်နေသည်ကိုသာ တွေ့ရသည်။

နန်းတော်အစောင့်အရှောက်များနှင့် နန်းတွင်းသူများကိုမူ တွေ့ရသည်။ သို့ရာတွင် သူတို့၏ ပါးစပ်များမှာ ပိတ်ဆို့ခံထားရလျက် ခန္ဓာကိုယ်တို့မှာလည်း တုပ်နှောင်ခြင်း ခံထားရသည်ကို တွေ့ရသည်။ အမတ်သည် ထိုသူတို့အား အနှောင်အဖွဲ့မှ လွှတ်ပြီးလျှင် အကျိုးအကြောင်း မေးမြန်းသည်။ မဟောသဓာ၏ လုလင်များ လက်ချက်ဖြစ်မှန်း သိရှိရသည်။

သူသည် ချက်ချင်းပင် မင်းကြီးထံ ပြန်သွားသည်။ မဟောသဓာ ပြောသည့်အတိုင်း ဟုတ်မှန်ကြောင်း လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း တုတ်ဖြင့် အရိုက်ခံရသော မြွေဟောက်ပမာ ပြင်းစွာဒေါသထွက်လျက် ရှိလေသည်။

(မဟောသဓာအပိုင်း- ၃၄ "အံချီးဖွယ် မဟောသဓာ၏ စွမ်းရည်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၂

"ဥမင်ခရီး"
ထိုအခါ မဟောသဓာသည် 'ဤမင်းကြီးကား အလွန်ပညာနည်း၏။ ပညာရှိသော ယောက်ျား၏ ဂုဏ်ထူးကို မသိတတ်၊ အနည်းငယ် စိတ်ပင်ပန်းအောင် ပြုပြီးမှ အားကိုးရာ နည်းလမ်းကို ရွက်ဆောင်မည်' ဟူ၍ ကြံစည်ပြီးလျှင်-

"အရှင်မင်းကြီး၊ တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဤမြို့ငယ် မြို့ကျဉ်းကို ဝန်းရံထားသည့် အရေးကို အဘယ်လူသား ပညာရှိသည် လွတ်မြောက်အောင် ကြံဆောင်နိုင်ပါမည်နည်း။ ဆင်ပျံ၊ မြင်းပျံများရှိလျှင်ကား အရှင်မင်းကြီးကို လွတ်မြောက်အောင် သယ်ဆောင်နိုင်ကြပေမည်။ အကျွန်ုပ်ကား မိုးပျံ မြေလျှိုးနိုင်သော တန်ခိုးရှိသူ မဟုတ်သဖြင့် လွတ်မြောက်အောင် မကြံဆောင်နိုင်ပါ" ဟု လျှောက်တင်၏။

ထိုအခါ မင်းကြီးသည် စကားဆိုစရာ မရှိတော့သဖြင့် ငြိမ်ဆိတ်နေလေသည်။ အားကိုးရာ မမြင်တော့သဖြင့် သုခမိန် လေးယောက်ထံမှ အကြံဉာဏ်များ ရလိုရငြား မေးမြန်းစုံစမ်းကြည့်သည်။ သုခမိန် လေးယောက်တို့သည် လွတ်မြောက်ရာလမ်းကို မညွှန်းပြနိုင်ကြ။

သိန်းအမတ်က အသက်သေရမည့်အတူတူ ရန်သူ့အသတ်ကို မခံဘဲ ဤတဲနန်းမြို့ကို မီးတိုက်ပြီး အချင်းချင်း သတ်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ပက္ကုသ်အမတ်က "အဆိပ်သောက်၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ကာမိန္ဒအမတ်က "ကြိုးဆွဲချ၍ သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။ ဒေဝိန္ဒအမတ်က "သိန်းအမတ် ပြောသကဲ့သို့ အချင်းချင်းသတ်သေကြလျှင် သင့်မည်" ဟု လျှောက်တင်၏။

သူတို့၏ စကားကို ကြားရသောအခါ မင်းကြီးသည် လွန်စွာ စိတ်မချမ်းမသာ ဖြစ်မိ၏။ "ငှက်ပျောပင်၊ လက်ပံပင်တို့မှ အနှစ်ကို ရှာ၍ မရနိုင်သကဲ့သို့ ဤဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းကို ဤသူတို့ထံမှ ရှာ၍ မရနိုင်ပါတကား။ ယခု ငါ၏ ကိုယ်သည် ပန်းပဲဖိုကဲ့သို့ အလွန် ပူလောင်နေချေပြီ။ ငါ၏ နှလုံးသည်လည်း နွေကာလ နေပူခိုက် လွင်တီးခေါင်၌ မီးလျှံဝိုင်းမိသော သူကဲ့သို့ ပူလောင်နေလေပြီတကား" ဟူ၍ မြည်တမ်း၏။

ဤတွင် မဟောသဓာသည် "မင်းကြီးကား လွန်စွာ စိတ်ပင်ပန်းနေရှာပြီ။ စိတ်သက်သာရာ ရအောင် ငါမလုပ်လျှင် နှလုံးကွဲ၍ နတ်ရွာစံလိမ့်မည်" ဟု တွေးပြီးလျှင်-
"အရှင်မင်းကြီး၊ ကြောက်ရွံ့တော် မမူပါနှင့်။ လနှင့်နေတို့ကို ရာဟု ဖမ်းထားရာမှ လွတ်မြောက်စေသကဲ့သို့၊ ညွံအိုင်ထဲ၌ ကျွံနစ်နေသော ဆင်ပြောင်ကြီးကို ကျွံနစ်ရာမှ လွတ်မြောက်စေသကဲ့သို့၊ ပခြုပ်ထဲမှ မြွေကို အချုပ်မှ လွတ်မြောက်စေသကဲ့သို့၊ လှောင်ချိုင့်ထဲမှ ငှက်ကို အနှောင်အဖွဲ့မှ လွတ်မြောက်စေသကဲ့သို့၊ ပိုက်ကွန်ထဲမှ ငါးတို့ကို ငြိတွယ်ရာမှ လွတ်မြောက်စေသကဲ့သို့ အကျွန်ုပ်သည် အရှင်မင်းကြီးကို ဗိုလ်ပါနှင့်တကွ ရန်သူ့ဘေးမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါက အကျွန်ုပ်၏ ပညာသည် အဘယ်မှာလျှင် အသုံးကျတော့အံ့နည်း။ အရှင်မင်းကြီး၊ ဤအရပ်သို့ အကျွန်ုပ် ကြိုတင်၍ လာခြင်းမှာ မည်သည့်အတွက် လာသည်ဟု ထင်ပါသနည်း။ ဘေးဒုက္ခမှ လွတ်မြောက်အောင် လာခြင်းသာ ဖြစ်သည်။ စိုးကြောက်တော် မမူပါနှင့်"
ထိုအခါတွင်မှ ဝိဒေဟရာဇ်မင်းကြီးသည် "ငါ့အသက် မသေရတော့ပြီး" ဟု ဆိုကာ စိတ်သက်သာရာ ရသွားသည်။ မှူးမတ် ဗိုလ်ပါအားလုံးလည်း ဝမ်းမြောက် ရွှင်လန်းသွားကြတော့သည်။

သိန်းအမတ်က မဟောသဓာအား "ကျွန်ုပ်တို့အားလုံးကို ဘေးရန်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းမည်ဆိုသည်မှာ အဘယ်နည်းဖြင့် ဆောင်ကြဉ်းပါမည်နည်း" ဟု မေးသည်။

မဟောသဓာက "ဥမင်ခရီးဖြင့် ခေါ်ဆောင်ပါမည်။ သွားရန် ပြင်ဆင်ကြပါကုန်လော့" ဟု ပြောသည်။ တစ်ဆက်တည်းပင် လုလင်တို့အား ဥမင်တံခါးကို ဖွင့်ရန် စေခိုင်းလိုက်လေသည်။

ထို့နောက် မင်းကြီးအား "အရှင်မင်းကြီး၊ သွားရန် အချိန်တော်ပါပြီ။ ကြွတော်မူပါ" ဟု လျှောက်တင်၏။ ဥမင်ခရီးလမ်းဖြင့် သွားရမည်ဆိုသဖြင့် သိန်းအမတ်သည် ပေါင်းထုပ်ကို ချွတ်၍ ပုဆိုးကို ခါးတောင်းကျိုက်လိုက်လေသည်။

ထိုအခါ မဟောသဓာက "ဥမင်ထဲသို့ ငုံ့လျှိုးဝင်ရန် မလိုပါ။ ဆင်စီးလျက်ပင် ဝင်လိုက ဝင်နိုင်ပါသည်။ ဆရာသေနက စိတ်ကြိုက် အဝတ်တန်ဆာ ဆင်ပြီး ရှေ့ကသွားပါ" ဟု ဆို၏။

မင်းကြီးအမှူးပြုသော သုခမိန်များနှင့် မှူးမတ် ဗိုလ်ပါတို့သည် ဥမင်တွင်းသို့ ဝင်မိသောအခါ အံ့သြမဆုံး ရှိကြသည်။ အခင်းအကျင်း အပြင်အဆင်တို့မှာ လွန်စွာ ခမ်းနားလှသည်။ နတ်မြို့ကြီးပမာ ဖြစ်နေလေသည်။ မင်းကြီးသည် ဥမင်ကြီးကို ကြည့်ရှုအံ့သြနေသဖြင့် မဟောသဓာက "မင်းကြီး ကြွတော်မူပါ။ မင်းကြီး ကြွတော်မူပါ" ဟု မကြာခဏ သတိပေးနေရပေသည်။

ဝိဒေဟရာဇ်မင်းကြီး ကြွလာကြောင်းကို သိသောအခါ မယ်တော်စလာကဒေဝီ၊ မိဖုရားကြီး နန္ဒာဒေဝီ၊ သားတော် ပဉ္စာလစန္ဒာ၊ သမီးတော် ပဉ္စာလစန္ဒီတို့ကို ထိန်းသိမ်း စောင့်ရှောက်နေကြသည့် လုလင်များသည် ထိုမင်း ၄-ပါးကို ဥမင် အပြင်သို့ ထုတ်ကြသည်။ ဂင်္ဂါမြစ်ကမ်းရှိ မင်းကွန်းအပေါ်၌ တင်ထားကြသည်။

မယ်တော် တလာကဒေဝီ စသူတို့သည် ဥမင်မှ ထွက်လာသော ဝိဒေဟရာဇ်မင်းကြီးနှင့် မဟောသဓာတို့ကို မြင်သောအခါကျမှ မိမိတို့၏ ဖြစ်ရပ်မှန်ကို သိကြသည်။

"ငါတို့ကား ရန်သူ့လက်သို့ ရောက်နေကြပြီ။ ငါတို့ကို လာခေါ်သူတို့မှာ မဟောသဓာ၏ လူများ ဖြစ်လိမ့်မည်" ဟု ဆိုကြသည်။ သေဘေးကို ကြောက်လန့်သဖြင့် ဟစ်အော် ငိုကြွေးကြသည်။

ထိုအချိန်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် ဂင်္ဂါမြစ်နှင် တစ်ဂါဝုတ်ဝေးသော နေရာ၌ ရောက်ရှိနေသည်။ ထို့ကြောင့် နန္ဒာဒေဝီတို့၏ ငိုကြွေးသံကို အဝေးမှ ကြားရလေသည်။ သို့ရာတွင် နန်းတော်တွင် အစောင့်များဖြင့် ထားခဲ့သည်ဖြစ်သောကြောင့် 'နန္ဒာဒေဝီတို့၏ အသံနှင့် တူပါပေသည်' ဟု မှူးမတ်တို့အား မေးလိုသော်လည်း မမေးဝံ့။ မှူးမတ်တို့ ပြက်ရယ်ပြုမည်ကို စိုးသဖြင့် နှုတ်ဆိတ်နေလိုက်လေသည်။

မင်းကွန်း၌ မဟောသဓာသည် ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားအဖြစ် ဘိသိက်သွန်းသည်။ ဝိဒေဟရာဇ်မင်းကြီးအား "အရှင်မင်းကြီး၊ ပဉ္စာလစန္ဒီမင်းသမီးကို မိဖုရားကြီးအရာ၌ ထား၍ ဥဒုမ္ဗရဒေဝီနည်းတူ ချစ်မြတ်နိုးစွာ မြှောက်စားတော်မူပါ။ ယောက္ခမဖြစ်သူ နန္ဒာဒေဝီ မိဖုရားကြီးကိုလည်း မယ်တော်အရာထား၍ ပြုစုတော်မူပါ။ ယောက်ဖဖြစ်သူ ပဉ္စလာစန္ဒာမင်းသားကိုလည်း ညီတော်ရင်း အရာထား၍ မြှောက်စားတော်မူပါ" ဟု လျှောက်ထားသည်။

မင်းကြီးကလည်း "ချစ်သား မဟောသဓာ၊ သင့်လျှောက်ထားသည့်အတိုင်း ကျင့်ဆောင်ပါမည်" ဟု ဝန်ခံလေ၏။

ထို့နောက် မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးတို့အား ဂင်္ဂါမြစ်ကြောင်းခရီးဖြင့် မိထိလာသို့ ထွက်ခွာသွားစေသည်။ မိမိမူကား မလိုက်ပါ။ ထိုအခါ မင်းကြီးက "ချစ်သား မဟောသဓာ၊ လှေပေါ်သို့ အမြန်တက်လော့။ အဘယ်ကြောင့် ကမ်းပေါ်၌ ရပ်နေသနည်း။ မိထိလာပြည်သို့ ပြန်ကြပါစို့" ဟု ခေါ်ဆောင်၏။

(မဟောသဓာအပိုင်း- ၃၃ "စစ်သူကြီးမဟောသဓာ၏ စိတ်ထားနှင့်စွမ်းရည်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၁

"ကေဝဋ်၏ အကြံဆိုး"

ကေဝဋ်ပုဏ္ဏားသည် မှန်ကြည့်တိုင်း နဖူးတွင် အမာရွတ်ကို မြင်နေရသည်။ ထိုအခါ မဟောသဓာ အပေါ် အခဲမကျေနိုင်။ လက်စားချေရန် အမြဲကြံနေသည်။

တစ်နေ့တွင် အကြံရသွားသည်။ ဝိဒေဟရာဇ်မင်းကြီးကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ သမီးတော် ပဉ္စာလစန္ဒီနှင့် ဖြားယောင်းမျှားခေါ်မည်။ မဟောသဓာလည်း အတူလိုက်ပါလိမ့်မည်။ ထိုအခါ နှစ်ဦးစလုံးကို သုတ်သင်ပစ်မည်ဟူ၍ ကြံစည်သည်။ ထို့နောက် စူဠနီဗြဟ္မဒတ်မင်းကြီးကို ပြာသာဒ် အထက်ထပ်သို့ ခေါ်သည်။ သူ၏အကြံကို ပြောပြသည်။

"အရှင်မင်းကြီး၊ ယခု အကြံမှာ အလွန်ကောင်းသော အကြံဖြစ်ပါသည်။ ဝိဒေဟရာဇ်မင်းကြီးကို ကိလေသာ ကာမဂုဏ်ဖြင့် ဖြားယောင်းပြီး မဟောသဓာနှင့် တကွ သုတ်သင်ရန် ဖြစ်သည်။ အရှင့်သမီးတော် ပဉ္စာလစန္ဒီသည် ရုပ်ဆင်းအင်္ဂါ လွန်စွာ ချောမောလှပသူ ဖြစ်ပါသည်။ သမီးတော်၏ အလှကို စာဆိုတော်တို့အား တေးကဗျာ ရေးဖွဲ့စေမည်။ ထိုတေးကဗျာတို့ကို မိထိလာပြည်တွင် သွားရောက် သီဆိုစေမည်။ ဝိဒေဟရာဇ်မင်းကြီးသည် ကြားရဖန် များသောအခါ သမီးတော်ကို တပ်မက်လာလိမ့်မည်။ ထိုအခါ မိထိလာပြည်သို့ ကျွန်ုပ်သွားမည်။ အရှင်မင်းကြီးက နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက်သည့်သဘောဖြင့် သမီးတော်ကို ဆက်သလိုကြောင်း ပရိယာယ်ဖြင့် ဆိုမည်။ နေ့ကောင်း ရက်သာ ရွေးချယ် ချိန်းချက်မည်။ 'ငါးမျှားချိတ်ကို မမြင်၊ ငါးစာကိုသာ မြင်သောငါး' ကဲ့သို့ ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓာနှင့်အတူ လာလိမ့်မည်။ ထိုအခါ သင်းတို့နှစ်ဦးကို သုတ်သင်ပြီး အောင်သေအောင်ပွဲကြီး ပြုလုပ်မည်"

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းလှသည်။ ဤအတိုင်း အမြန်လုပ်ပါ" ဟု ဆို၏။

ဤတိုင်ပင်သည့် စကားများကို စူဠနီဗြဟ္မဒတ်မင်းကြီး၏ အိပ်ရာစောင့် သာလိကာမလေးသည် ကြားသိလေသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် စာဆိုတော်တို့အား ဆုလာဘ်များစွာပေး၍ သမီးတော် ပဉ္စာလစန္ဒီ၏ အလှကို ကဗျာဖွဲ့ဆိုစေသည်။ ထို့နောက် အဆိုတော်များနှင့် သဘင်အနုပညာရှင်တို့အား မိထိလာပြည်သို့ သွား၍ သီဆိုစေသည်။ ထို့ပြင် ငှက်ကြီးများကို ဖမ်း၍ လည်တွင် ချူဆွဲစေလျက် ညဥ့်လူခြေတိတ်ချိန်တွင် ငှက်များနှင့်အတူ သစ်ပင်ပေါ်တက်၍ သီချင်းဆိုစေသည်။ ထို့နောက် ငှက်ကြီးများကို လူမနိုးခင် လွှတ်စေသည်။ ဤသို့ ပြုခြင်းမှာ ပဉ္စာလစန္ဒီမင်းသမီး၏ အလှကို နတ်များကပါ သီဆို ချီးကျူးကြသည်ဟု ထင်စေရန် ဖြစ်သည်။ ထို့နောက် တစ်ဖန် ဤမျှလောက် ချောမောလှပသော ပဉ္စာလစန္ဒီမင်းသမီးသည် ဝိဒေဟရာဇ်မင်းကြီးနှင့်သာ ထိုက်တန်ကြောင်း ရေးစပ်ထားသော သီချင်းများကိုလည်း ဆိုစေပြန်သည်။ ထိုထိုသီချင်းများကို ကြားရသောအခါ ဝိဒေဟရာဇ်မင်းကြီးသည် လွန်စွာ နှစ်သက် သဘောကျသွားသည်။ အဆိုတော် သဘင်သည်တို့ကို ခေါ်၍ ဆုလာဘ်များစွာ ပေးလေသည်။

ထိုသတင်းကို ကြားရသောအခါ ကေဝဋ်ပုဏ္ဏားသည် မိထိလာသို့ နေ့ရက်ချိန်းရန် သွားရောက်သည်။ မိထိလာပြည်သူ ပြည်သားတို့သည် ထိုအကြောင်းကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုနေကြသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း ဝမ်းမြောက်မဆုံး ရှိနေသည်။

မဟောသဓာကမူ ကေဝဋ်ပုဏ္ဏားလာခြင်းကို သံသယ ဖြစ်မိသည်။ အကောင်းလာခြင်း မဟုတ် ဟု ထင်မိသည်။ အကြောင်းမှန်သိရန် စူဠနီဗြဟ္မဒတ်မင်းထံ စေလွှတ်ထားသည့် မိမိ၏ သူလျှိုထံ စုံစမ်းမေးမြန်းသည်။ သူလျှိုက "မင်းကြီးနှင့် ကေဝဋ်ပုဏ္ဏားတို့သည် နန်းပြာသာဒ် အထက်ထပ်၌ တိုင်ပင်ကြခြင်းဖြစ်၍ အကြောင်းမှန်ကို မသိရပါ။ မင်းကြီး၏ အိပ်ရာစောင့် သာလိကာမကလေးသည်သာ သိနိုင်စရာ အကြောင်းရှိပါသည်" ဟု ပြန်ကြားလိုက်လေသည်။

မဟောသဓာထံ ကေဝဋ်ပုဏ္ဏားသွာခြင်း

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ အကြံကို မသိရသေး။ ထို့ကြောင့် ရန်ဘက်ဖြစ်သူအား မိမိ၏ အနေအထားကို သိမြင်ခွင့်ပေးရန် မသင့်ဟု ခံယူမိသည်။ သို့ဖြင့် မြို့တံခါးမှ နန်းတော်အထိ ကေဝဋ်ပုဏ္ဏားလာမည့် လမ်းတစ်လျှောက်လုံးနှင့် နန်းတော်မှ မိမိအိမ်သို့ လာမည့်လမ်းကို ဘေးနှစ်ဖက်တွင် ဖျာများဖြင့် ကာရံထားသည်။ အပေါ်ကလည်း ဖျာမိုးထားသည်။ ဤသို့ မြို့အခြေအနေကို မမြင်စေချင်၍ ပြုလုပ်ထားသည်ကို ကေဝဋ်ပုဏ္ဏား မသိရအောင်လည်း စီမံထားသည်။ လမ်းကို တန်ဆာဆင်သောအနေဖြင့် ပန်းချီကားများ ရေးဆွဲထားသည်။ တံခွန်၊ ကုက္ကားများ စိုက်ထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာ၏ အကြံကို မရိပ်မိ။ ဝိဒေဟရာဇ်မင်းက မိမိကို ကြိုဆိုသောအားဖြင့် လမ်းကို ပြင်ဆင်ထားသည်ဟုသာ ထင်နေသည်။

သူသည် နန်းတော်သို့ ရောက်သောအခါ ဝိဒေဟရာဇ်မင်းကြီးအား လက်ဆောင်ပဏ္ဏာများ ဆက်သသည်။
"အကျွန်ုပ်တို့၏ မင်းကြီးသည် ပဉ္စာလရာဇ်ပြည်နှင့် ဝိဒေဟရာဇ်ပြည်တို့ကို နှစ်ပြည့်တစ်ပြည် ရွှေလမ်း၊ ငွေလမ်း ဖောက်ရန် သမီးတော် ပဉ္စာလစန္ဒီကို အရှင်မင်းကြီးအား ဆက်သလိုပါသည်။ နေ့ရက် ချိန်းဆိုရန် ကျွန်ုပ် လာရောက်ရခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဝိဒေဟရာဇ်မင်းကြီးလည်း လွန်စွာ ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားသည်။
"မဟောသဓာသုခမိန်ထံ သွားတွေ့ပါ။ ယခင်က ဖြစ်ခဲ့သည့် အပြစ်များကို ကျေအေးအောင် ပညာရှိ အချင်းချင်း ဆွေးနွေးတိုင်ပင်ပါ" ဟု မိန့်တော်မူသည်။
"ကောင်းပါပြီ အရှင်" ဟူ၍ ကေဝဋ်က မဟောသဓာအိမ်သို့ သွားလေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏားကို စကားလက်ခံ မပြောလိုပေ။ ထို့ကြောင့် ထောပတ်သစ်သီးကို သောက်၍ အိပ်နေလေသည်။ အခန်းထဲ၌လည်း ညောင်စောင်း၊ ခုတင်၊ ထိုင်ခုံ စသည်တို့ကို မခင်းကျင်းထား။ သိမ်းဆည်းထားသည်။ ထို့ပြင် ကြမ်းပြင်နှင့် နံရံတို့ကိုလည်း နွားချေးအစိုများ လိမ်းကျံထားသည်။

ကေဝဋ်ပုဏ္ဏားသည် မဟောသဓာထံ ရောက်သောအခါ ထိုင်စရာ မရှိ ဖြစ်နေသည်။ နွားချေးလိမ်းထားသော ကြမ်းပြင်ပေါ်၌ မတ်တတ်ရပ်လျက်ပင် နှုတ်ဆက်သည်။ မဟောသဓာကလည်း ပြန်၍ နှုတ်ဆက်စကား ပြောမည်ပြုသည်။ ထိုအခါ အစောင့်အရှောက်များက မဟောသဓာ လျှို့ဝှက်စွာ မှာကြားထားသည့်အတိုင်း ပြုသည်။ "အရှင့်သားသည် ယနေ့ အလွန်တက်သော ထောပတ်သစ်ကို သောက်ထားပါသည်။ စကား မပြောပါနှင့်" ဟု တားမြစ်သည်။ ကေဝဋ်ပုဏ္ဏားကိုလည်း ပြန်သွားရန် အမူအရာဖြင့် ပြကြသည်။

ကေဝဋ်ပုဏ္ဏားက "ကျွန်ုပ် ပြန်မည်" ဟု မဟောသဓာကို နှုတ်ဆက်သည်။ အစောင့်အရှောက်များက "စကားကျယ်ကျယ် ပြောရသလော" ဟု ဆိုကာ ရိုက်နှက် တွန်းထိုး၍ ဆွဲထုတ်ကြလေသည်။

(မဟောသဓာအပိုင်း- ၃၂ "ဥမင်ခရီး" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၃၀

 "အနုကေဝဋ်ပုဏ္ဏား"
 
အနုကေဝဋ်ပုဏ္ဏားသည် ဝိဒေဟရာဇ်မင်း၏ ပုရောဟိတ် ဖြစ်သည်။ မဟောသဓာသည် အနုကေဝဋ်အား မည်သို့မည်ပုံ ဥပါယ်တံမျဉ်ဖြင့် ပြုလုပ်ရမည်ကို မှာထားသည်။ အနုကေဝဋ်ကလည်း "ကောင်းလှပြီး" ဟူ၍ ဝန်ခံကာ မဟောသဓာ မှာထားသည့်အတိုင်း ပြုလေသည်။

အနုကေဝဋ်သည် ရှေးဦးစွာ မြို့တံတိုင်းပေါ်သို့ တက်သည်။ မဟောသဓာ၏ တပ်သားများ အလစ်တွင် စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများထံသို့ စားသောက်ဖွယ်ရာများ ချပေးသည်။ "သင်တို့ စိတ်မပျက်ကြပါနှင့်" မိထိလာမြို့သူမြို့သားတို့သည် ဆောင်း၌ အလှောင်ခံရသော ကြက်ကဲ့သို့ ထွက်ပြေးရာ မမြင်။ စိတ်ပျက်နေကြပြီ။ မကြာမီ မြို့တံခါး ဖွင့်ကြလိမ့်မည်" ဟု အားပေးစကား ပြောသည်။ မဟောသဓာ၏ တပ်သားများကြားလျှင် စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်များ မြင်အောင် အနုကေဝဋ်ကို ဟန်ဆောင်ရိုက်ကြသည်။ "အကြံအစည် ဖျက်တတ်သော ပုဏ္ဏားယုတ်၊ နင်သည် ငါတို့မြို့နှင့်မတန်၊။ သွားလေ" ဟု ဆဲဆို ခြိမ်းခြောက်၍ မြို့ပြင်သို့ ချလိုက်ကြသည်။

စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများလည်း အနုကေဝဋ်ကို ဗြဟ္မဒတ်မင်းထံ ခေါ်ဆောင်သွားကြသည်။ စူဠနီဗြဟ္မဒတ်မင်းကြီးကလည်း အနုကေဝဋ်အား "သင့်မှာ ဘာအပြစ်ရှိ၍ နှင်ထုတ်သနည်း" ဟု မေး၏။

အနုကေဝဋ်က "မဟောသဓာသည် စစ်သူကြီး ဖြစ်လာသောအခါ ကျွန်ုပ်၏ စည်းစိမ်ကို ဖျက်ဆီးခဲ့ပါသည်။ ထို့ကြောင့် မဟောသဓာ၏ ဦးခေါင်းကို သန်လျက်စာ ကျွေးမည်ဟု ကြံနေဆဲတွင် အရှင်မင်းကြီး၏ စစ်တပ်များ ရောက်လာသဖြင့် အခွင့်ကောင်းကို စောင့်နေခဲ့ပါသည်။ ယနေ့ အခွင့်ရသဖြင့် အရှင်မင်းကြီး၏ တပ်သားများအား စားသောက်ဖွယ်ရာများ ချပေး၍ အားပေးစကား ပြောသည်ကို မဟောသဓာ၏ တပ်သားများ မိသွားပါသည်။ ကျွန်ုပ်ကို ရိုက်နှက်၍ နှင်ထုတ်လိုက်ပါသည်။ ထိုသို့ ပြုသည်ကို အရှင်မင်းကြီး၏ တပ်သားများ မြင်ကြပါသည်" ဟူ၍ မဟောသဓာ သင်ကြားပေးသည့်အတိုင်း လိမ်လည်လျှောက်ထား၏။ စူဠနီဗြဟ္မဒတ်မင်းကြီးလည်း ယုံကြည်သွားလေသည်။

အနုကေဝဋ်ပုဏ္ဏားသည် မဟောသဓာ သင်ကြားပေးသည့်အတိုင်း စူဠနီဗြဟ္မဒတ်မင်းကြီးကို အမျိုးမျိုး အယုံသွင်းသည်။ မင်းကြီးလည်း အနုကေဝဋ်ပုဏ္ဏားကို အထူးယုံကြည်သွားသည်။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားက "အရှင်မင်းကြီး၊ ဝိဒေဟရာဇ်မင်းနှင့် မဟောသဓာတို့ အရှင့်လက်သို့ ရောက်စေရမည်။ အကျွန်ုပ်သည် မိထိလာမြို့ တံတိုင်း၏ ခိုင်လုံသော နေရာကိုလည်း သိသည်။ မခိုင်လုံသော နေရာကိုလည်း သိသည်။ တံတိုင်းကို ဆီးတားထားသော ကျုံး၌ မိကျောင်း ရှိသော အရပ်ကိုလည်း သိသည်။ မိကျောင်း မရှိသော အရပ်ကိုလည်း သိသည်။ မကြာမြင့်မီပင် ဤမြို့ကို သိမ်းယူ၍ ရွှေလက်တော်ရောက် ဆက်သပါမည်" ဟု တင်လျှောက်၏။

စူဠနီဗြဟ္မဒတ်မင်းလည်း နှစ်သက် သဘောကျသွားသည်။ အနုကေဝဋ်ပုဏ္ဏားကို ကောင်းစွာ ချီးမြှောက်သည်။ စစ်သည်ဗိုလ်ပါ အပေါင်းကိုလည်း အပ်နှင်းသည်။

အနုကေဝဋ်လည်း မဟောသဓာ ညွှန်ကြားသင်ပေးထားသည့်အတိုင်းပင် စစ်သည် ဗိုလ်ပါတို့အား သူ့လူ ကိုယ်လူ ခွဲခြားနိုင်အောင် အမှတ်အသား ပြုထားရမည်ဟု ဆို၏။ ထိုသူတို့၏ စစ်ဝတ်တန်ဆာတို့၌ မဟောသဓာ၏ တံဆိပ် ခပ်နှိပ်ပေးသည်။ ထို့နောက် "အချင်းတို့၊ ကျုံးကို ဖြတ်ကူးကြလော့။ ယခုပင် မိထိလာပြည်ကို သိမ်းပိုက်အံ့" ဟု ဆိုသည်။ ထို့နောက် မိကျောင်းရှိရာ ရေကျုံးသို့ ဆင်းသက်စေသည်။ ထိုအခါ မိကျောင်းများက ဖမ်းယူ ကိုက်ခဲကြသည်။
မိထိလာမြို့ ထိပ်ပေါ်၌ အသင့်နေရာယူထားသော မဟောသဓာ၏ စစ်သည်များကလည်း ပဉ္စာလရာဇ်စစ်သည်တို့ကို မြား၊ လှံ စသည်တို့ဖြင့် ပစ်ခတ်ကြသည်။ ရန်သူ၏ စစ်သည် ဗိုလ်ပါတို့သည် မိကျောင်းဘေး၊ လက်နက်ဘေးကြောင့် အထိအရှ၊ အကျအဆုံး များကြသည်။ ဤတွင် နောက်ထပ်၍ တစ်ဦးတစ်ယောက်မျှ ကျုံးထဲသို့ မဆင်းဝံ့ကြတော့ပေ။

ထိုအခါ အနုကေဝဋ်ပုဏ္ဏားသည် စူဠနီဗြဟ္မဒတ်မင်းကြီးထံ သွားရောက်သည်။ "အရှင်မင်းကြီး၊ စစ်သည် ဗိုလ်ပါတို့သည် ကျုံးတွင်းသို့ ကောင်းစွာ မဆင်းသက်ကြပါ။ ဆင်းသက်၍ ကျုံးတစ်ဖက်သို့ ကူးမိသောသူတို့ကလည်း မြို့ရင်းကို ကောင်းစွာ မကပ်ကြပါ။ ရှောင်ရှားကာသာ ပြုနေကြပါသည်။ အကြောင်းရင်းကို သိလိုသဖြင့် အကျွန်ုပ် စုံစမ်းကြည့်ပါသည်။ ထိုအခါ ကိုးကျိပ်ကိုးယောက်သော ထီးဆောင်းမင်းနှင့်တကွ ကေဝဋ်အမတ်ကြီး အပါအဝင် စစ်သည် ဗိုလ်ပါတို့သည် အရှင့်ကျေးဇူးသစ္စာတော်ကို မစောင့်ကြ။ မဟောသဓာက တံစိုးလက်ဆောင် ပေးသဖြင့် မဟောသဓာ၏ သစ္စာခံများဖြစ်နေသည်ကို တွေ့ရပါသည်။ ထိုစစ်သည် ဗိုလ်ပါတို့ကို အသီးသီးခေါ်၍ သူတို့၏ စစ်ဝတ်တန်ဆာတို့ကို အမှတ်မထင် ရှုကြည့်တော်မူပါ။ သူတို့၏ အဝတ်တန်ဆာတို့တွင် မဟောသဓာ ခတ်နှိပ်ပေးလိုက်သော တံဆိပ်ကို မြင်တော်မူပါလိမ့်မည်" ဟု ပရိယာယ်ဖြင့် ဆို၏။

စူဠဗြဟ္မဒတ်မင်းလည်း "စစ်သည် ဗိုလ်ပါ အားလုံး ယခု ဝတ်ဆင်သည့် စစ်ဝတ်တန်ဆာဖြင့် လာခဲ့ရမည်" ဟူ၍ ဆင့်ခေါ်စေသည်။ ထို့နောက် အမှတ်မဲ့ ရှုကြည့်သည်။ မဟောသဓာ၏ တံဆိပ် ခပ်နှိပ်ထားသည်ကို မြင်သွားသည်။ စစ်သည် ဗိုလ်ပါတို့ အင်အားကောင်းလှသဖြင့် အတင်းအကျပ်လည်း မမေး မစစ်ဝံ့။ လျောက်ပတ်ရုံစကားကိုသာ ဆိုပြီးလျှင် မိမိတို့နေရာသို့ ပြန်သွားစေသည်။

ထို့နောက် မင်းကြီးသည် အနုကေဝဋ်ပုဏ္ဏားကို ခေါ်သည်။ "ဆရာပုရောဟိတ်၊ သင်လျှောက်တိုင်း ဟုတ်မှန်နေပြီ။ ငါ မည်သို့ ကြံရမည်နည်း" ဟူ၍ ဆို၏။

အနုကေဝဋ်က "အရှင်မင်းကြီး၊ အပြင်ရန်မီးကို အနီးမရောက်အောင် ကာဆီးရန် လွယ်၏။ အတွင်းရန်မီးကိုကား ပယ်လှန်နုတ်ပစ်ရန် အလွန်ခက်၏။ အထူးမကြံနိုင်။ ဤအရပ်တွင် ကြာရှည်နေပါက မဟောသဓာ၏ လက်တွင်းသို့ သက်ဆင်းရလိမ့်မည်။ ကေဝဋ်အမတ်ကြီးပင်လျှင် မဟောသဓာက ပတ္တမြားမြတ်တစ်လုံး လာဘ်ထိုးသဖြင့် ရန်သူ၏ခြေကို ရှိခိုးဦးချခဲ့သေးသည် မဟုတ်ပါလော။ ယခုလည်း အရှင်မင်းကြီးကို အမှတ်မဲ့ ဖမ်းယူ၍ မဟောသဓာထံ ပို့ဆက်မည့် အကြံ ရှိနေပါသည်။ အခြားသူတို့မှာ ပို၍ပင် မယုံနိုင်ဖွယ် ရှိပါသည်။ ကျွန်ုပ်အလိုမှာ ကြာကြာ မဆိုင်းစေချင်ပါ။ ယနေ့ညဥ့်ပင် သန်းခေါင်ကျော် အချိန်၌ မည်သူမျှ မသိစေဘဲ စီးတော်မြင်းနှင့် ထွက်ပြေးသင့်ပါသည်။ အကျွန်ုပ်လည်း အတူလိုက်ပါပါမည်" ဟု လျှောက်ထား၏။

စူဠနီဗြဟ္မဒတ်မင်းသည် အနုကေဝဋ်ကို လုံးဝ ယုံကြည်ထားပြီး ဖြစ်သည်။ အနုကေဝဋ်ဆိုတိုင်း ထွက်ပြေးရန် လက်ခံလိုက်သည်။

အနုကေဝဋ်လည်း မဟောသဓာ လွှတ်ထားသော သူလျှိုအမတ်တို့ထံ တိတ်တဆိတ် သွားရောက် မှာကြားထားသည်။ မိမိအချက်ပေးပါက ပေးသည့်အတိုင်း ပြုရန် သေချာစွာ မှာထားသည်။

ထိုနေ့ သန်းခေါင်ကျော်အချိန်တွင် အနုကေဝဋ်နှင့် စူဠနီ ဗြဟ္မဒတ်မင်းတို့သည် အခြားသူများ မသိစေဘဲ မြင်းကိုယ်စီ စီးလျက် ပဉ္စာလရာဇ်ပြည်သို့ ရှေ့ရှု ထွက်ပြေးကြသည်။

အနုကေဝဋ်မှာ အကြံနှင့်ဖြစ်ရာ မင်းနှင့် အနည်းငယ်သာ လိုက်ဟန်ပြုသည်။ ထို့နောက် ရုတ်တရက် ပြန်လှည့်ပြေးကာ တပ်ထဲသို့ ဝင်သည်။ "ပဉ္စာလရာဇ်မင်း ထွက်ပြေးပြီ၊ ထွက်ပြေးပြီ" ဟူ၍ ကျယ်လောင်စွာ ဟစ်အော်သည်။ မဟောသဓာ၏ သူလျှိုအမတ်တို့ကလည်း မှာထားသည့်အတိုင်းပင် ဝိုင်းဝန်းအော်ဟစ်ကြသည်။

ထိုအချိန်တွင် ကိုးကျိပ်ကိုးယောက်သော မင်းများ၊ ကေဝဋ်ပုဏ္ဏားနှင့် စစ်သည် ဗိုလ်ပါတို့သည် အိပ်ပျော်နေကြသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် နိုးကြသည်။ "မဟောသဓာ၏ တပ်များသည် သူတို့၏ တပ်များကို အလစ်တွင် ဝင်စီးနေပြီ" ဟု ထင်မှတ်ကြသည်။ ကြောက်ရွံ့ ထိတ်လန့်လှသဖြင့် ဦးတည့်ရာ ပရမ်းပတာ ထွက်ပြေးကြသည်။

ထိုအခါ မိထိလာမြို့ ထိပ်ပေါ်ရှိ မဟောသဓာ၏ စစ်သည်တို့ကလည်း တိုက်စည်တိုက်မောင်းကို ဆော်တီးလျက် ပဲ့တင်ထပ်မျှ ကြွေးကြော်ကြသည်။ စူဠနီဗြဟ္မဒတ်မင်းသည် ခရီးတစ်ဝက်ရောက်မှ ဖြစ်ပျက်ပုံ အကြောင်းစုံကို ဆင်ခြင်မိသည်။ သူသည် ရပ်တန့်စောင့်ဆိုင်းသည်။ ထီးဆောင်းမင်းများနှင့် စစ်သည် ဗိုလ်ပါတို့ ရောက်လာသောအခါတွင်မှ အားလုံးကို ခေါ်၍ ပဉ္စာလရာဇ်ပြည်သို့ ပြန်ခဲ့လေသည်။ စူဠနီဗြဟ္မဒတ်မင်းကြီး၏ စစ်တပ်ကြီး ထွက်ပြေးရာတွင် ဆင်၊ မြင်း၊ ရထား၊ ရွှေ၊ ငွေ၊ ပစ္စည်းမျိုးစုံ ကျန်ရစ်သည်။ မိထိလာပြည်သူ ပြည်သားအပေါင်းသည် ယင်းတို့ကို သယ်ယူကြသည်။ လေးလကြာမှ ကုန်လေသည်။

ရန်စစ်ပြေငြိမ်းလေသော် မဟောသဓာသည် မိမိသင်ပြ ညွှန်ကြားသည့်အတိုင်း အောင်မြင်စွာ ဆောင်ရွက်နိုင်သော အနုကေဝဋ်ပုဏ္ဏားအား ချီးကျူးသည်။ များစွာသော စည်းစိမ်ဥစ္စာတို့ကို ပေး၍ ချီးမြှောက်ထားလေသည်။

(မဟောသဓာအပိုင်း- ၃၁ "ကေဝဋ်၏ အကြံဆိုး" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၉

"ကေဝဋ်ပုဏ္ဏား၏အကြံ"
ထိုအခါ ကေဝဋ်ပုဏ္ဏား အကြံပေးသည့်အတိုင်း မြို့ပြင်မှရေကို မြို့တွင်းသို့ မသွင်းနိုင်အောင် ပိတ်ဆို့ထားသည်။ မဟောသဓာက ကြာရိုးရှည်များကို ခွေပြီး မြို့ပြင်ရှိ စူဠနီဗြဟ္မဒတ်မင်း၏ တပ်သားများဆီသို့ မြို့တံတိုင်းပေါ်မှ ပစ်ချသည်။ မိထိလာမြို့တွင်း၌ အတောင် တစ်ရာခန့် နက်သော ရေကန်များရှိဟန် မိမိသူလျှိုတို့အား သတင်းလွှင့် ပြောကြားစေသည်။

ဤတွင် ကေဝဋ်ပုဏ္ဏားသည် မြို့ပြင်မှ ဆန်စပါးများ မသွင်းနိုင်အောင် တားဆီးပြန်သည်။ မဟောသဓာကလည်း မြို့တံတိုင်းပေါ်၌ ရွှံနွံများ တင်၍ စပါးများတင်၍ စိုက်ပျိုးပြသည်။ မြို့တွင်း၌ ဆန်စပါးကို ပြည့်လျှံနေသဖြင့် ပိုလျှံသော စပါးများကို သွန်ကြဲပစ်ရာမှ အပင်ပေါက်နေဟန် မိမိ သူလျှိုတို့အား သတင်းလွှင့် ပြောကြားစေသည်။

ထိုအခါ ကေဝဋ်ပုဏ္ဏားသည် ထင်းများ မသွင်းနိုင်အောင် ပြုပြန်သည်။ မဟောသဓာက မြို့တံတိုင်းပေါ်၌ ထင်းတို့ကို ပုံစေသည်။ ရန်သူတပ်သားများထံ ထင်းတုံးကြီးများကို ပစ်ချပေးစေသည်။ မြို့တွင်း၌ ထင်းတုံးကြီးများ ပေါများနေ၍ ထင်းပုံကြီးများမှာ မြို့တံတိုင်းကိုပင် ကျော်လွန်နေဟန် မိမိသူလျှိုတို့အား ပြောကြားစေသည်။

ဤသို့ အမျိုးမျိုးကြံ၍ မအောင်မြင်နိုင် ဖြစ်သောအခါ စူဠနီဗြဟ္မဒတ်မင်းကြီးသည် လက်လျှော့ချင်လာသည်။ "မိထိလာပြည်ကို မသိမ်းနိုင်လျှင်လည်း မိမိတိုင်းပြည်သို့ ပြန်ကြမည်" ဟု ဆိုသည်။

ကေဝဋ်ပုဏ္ဏားက "အရှင်မင်းကြီး၊ စူဠနီဗြဟ္မဒတ်မင်းကြီးသည် မင်းအပေါင်းတစ်ရာနှင့် တိုက်ခိုက်ပါလျက် ဝိဒေဟရာဇ်မင်းကို မနိုင်ဟု ဆိုက ရှက်စရာဖြစ်နေပါသည်။ မဟောသဓာသာ ပညာရှိသည် မဟုတ်ပါ။ ကျွန်ုပ်လည်း ပညာရှိ ဖြစ်ပါသည်။ မဟောသဓာနှင့် ကျွန်ုပ် တရားစစ်ထိုးလိုပါသည်။ တရားစစ်ထိုးရာတွင် နှစ်ဖက်သော မင်းတို့၏ ပညာရှိ နှစ်ယောက် တစ်နေရာတည်းတွင် ဆိုင်ပြိုင်တွေ့ဆုံ ကြပါရပါသည်။။ ယင်းသို့ ဆိုင်ပြိုင်ရာတွင် ရှိခိုးသူဘက်က အရှုံး ဖြစ်ပါသည်။ ယခု တိုင်ပင်သည်ကို မဟောသဓာ သိမည်မဟုတ်ပါ။ ကျွန်ုပ်က အသက်ကြီးသူ ဖြစ်၍ မဟောသဓာသည် ကျွန်ုပ်ကို မြင်လျှင် ရှိခိုးပါလိမ့်မည်" ဟု လျှောက်တင်၏။

စူဠနီဗြဟ္မဒတ်မင်းကြီးက "ဆရာ့အကြံ ကောင်းမြတ်ပေ၏" ဟု ဆိုသည်။ ဝိဒေဟရာဇ်မင်းထံသို့ ပညာရှိချင်း တရားစစ်ထိုးလိုကြောင်း သဝဏ်လွှာရေး၍ ပို့လေသည်။

မဟောသဓာသည် ကေဝဋ်ပုဏ္ဏား၏ လျှို့ဝှက်သော အကြံကို သူလျှိုများထံမှ ကြားသိရသည်။ 'ကေဝဋ်ပုဏ္ဏားကို ရှုံးလျှင် ငါပညာရှိ မဟုတ်တော့ပေ' ဟု တွေးတော ဆင်ခြင်သည်။ ထိုစဉ် ဝိဒေဟရာဇ်မင်းကြီးက ခေါ်၍ ကေဝဋ်ပုဏ္ဏား စစ်ထိုးလိုကြောင်း ပြောသည်။

မဟောသဓာက "အရှင်မင်းကြီး၊ နက်ဖြန်တွင် အနောက်မြို့တံခါး၌ တရားစစ်ထိုးရန် စီစဉ်ပါမည်။ ကေဝဋ်ပုဏ္ဏားအား ချိန်းဆိုတော်မူပါ" ဟူ၍ လျှောက်ထားသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ကေဝဋ်ပုဏ္ဏားသည် နံနက်စောစောကပင် တရားစစ်ထိုးရာ နေရာသို့ ရောက်ရှိနေသည်။ တစ်ရာ့တစ်ပါးသော မင်းတို့လည်း ရောက်ရှိနေကြသည်။ မဟောသဓာ စေလွှတ်ထားသော သူလျှိုတစ်ရာ့တစ်ယောက် တို့သည်လည်း ရောက်ရှိနေကြသည်။ သူတို့သည် မဟောသဓာကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

မဟောသဓာနှင့် ကေဝဋ်ပုဏ္ဏား

မဟောသဓာသည် ဝိဒေဟရာဇ်မင်းကြီးထံမှ အကောက်ရှစ်မြှောင့်ရှိသော ပတ္တမြားကို တောင်းယူသည်။ ထို့နောက် ဖွားဖက်တော် တစ်ထောင်ခြံရံလျက် ရထားစီးကာ ထွက်လာသည်။ ကေဝဋ်ပုဏ္ဏားသည် မဟောသဓာကို မြင်သောအခါ မဟောသဓာ၏ အရှိန်အဝါကို မခံနိုင်။ ခရီးဦးကြိုပြု၍ နှုတ်ခွန်းဆက်သည်။

"မဟောသဓာသုခမိန်၊ ပညာရှိချင်း ဖြစ်ပါလျက် သင်တို့ပြည်တွင် အကျွန်ုပ်ရောက်နေသည်မှာ ၄-၅-၆- ရက်ရှိပြီ။ သို့သော်လည်း မည်သည့် လက်ဆောင်မျှ မရပါတကား။ အသင်မပေးပြီလော"
"အသင်ပညာရှိကြီးတို့နှင့် ထိုက်တန်သည့် လက်ဆောင်ကို အကျွန်ုပ် ရှာဖွေခဲ့ပါသည်။ ယနေ့မှ ဤပတ္တမြားကို ရပါသည်။ ဤပတ္တမြားကို လက်ခံပါ။ ဤပတ္တမြားလောက် အရည်အသွေးကောင်းသော ပတ္တမြား မရှိပါ" မဟောသဓာက ဤသို့ဆိုကာ ပတ္တမြားကို လက်ပေါ်တင်၍ ပြလေသည်။

မဟောသဓာ၏ ပရိယာယ်

ကေဝဋ်ပုဏ္ဏားသည် ပတ္တမြားကို မြင်သောအခါ အလွန်လိုချင်သွားသည်။ သူ့ကို မဟောသဓာက တကယ်ပေးမည်ဟုလည်း ထင်သည်။ ထို့ကြောင့် "စစ်သူကြီး သုခမိန်၊ ပတ္တမြားရတနာ ငါ့အား ပေးလော့" ဟု ဆိုကာ လက်ဖြန့်ခံ၏။

မဟောသဓာကလည်း "ပုရောဟိတ် သုခမိန်၊ ယူလော့" ဟုဆိုကာ ကေဝဋ်ပုဏ္ဏား၏ ဖြန့်ထားသော လက်ဝါးမှ လက်ချောင်းကြားသို့ ကျအောင် ပစ်ချလိုက်၏။ ထိုအခါ ပတ္တမြားသည် လက်ချောင်းကြားမှ လျှောကျ၍ မြေပေါ်သို့ ရောက်သွားသည်။ မဟောသဓာ၏ ခြေရင်း၌ တည်လေသည်။

ကေဝဋ်ပုဏ္ဏားလည်း ပတ္တမြားကို ကုန်း၍ ကောက်ယူသည်။ ထိုအခါ မဟောသဓာ၏ ခြေကို ဦးညွတ်သကဲ့သို့ ဖြစ်နေသည်။ ဤတွင် မဟောသဓာသည် ကေဝဋ်၏ ကျောက်ကုန်းကို လက်တစ်ဖက်ဖြင့် မထနိုင်အောင် နှိပ်ထားသည်။ ကျန်လက်တစ်ဖက်ဖြင့် လည်ကုပ်ကို ကိုင်နှိပ်ထားသည်။ ထို့နောက် "ပုရောဟိတ်၊ ထလော့။ အကျွန်ုပ်ကား ဆရာ၏ မြေးအရွယ်သာ ရှိပါသည်။ အကျွန်ုပ်ကို ရှိမခိုးပါနှင့်" ဟု ပရိသတ်အပေါင်း ကြားအောင် ကျယ်လောင်စွာ ပြောဆိုသည်။ ယင်းသို့ပြောဆိုရာမှ ကေဝဋ်၏ နဖူးကို မြေတလင်းတွင် ပွတ်တိုက်သည်။ ကေဝဋ်၏ နဖူးမှာ စုတ်ပြဲ၍ သွေးများထွက်လာသည်။ ထို့နောက် "ပုဏ္ဏားမိုက်၊ ကျွန်ုပ်ကဲ့သို့ မြေးအရွယ်ကို ရှိခိုးချင်ရသလော" ဟူ၍ ငေါက်ငမ်းကာ လည်ကုပ်ကို ဆွဲ၍ တွန်းပစ်လိုက်လေသည်။

မဟောသဓာ အော်ပြောသံကို ပရိသတ်အားလုံး ကြားကြသည်။ မဟောသဓာ၏ သူလျှိုများကလည်း "ကေဝဋ်ပုဏ္ဏားက မဟောသဓာကို ရှိခိုးလေပြီ" ဟု တစ်ပြိုင်နက် အော်ကြလေသည်။

စူဠနီဗြဟ္မဒတ်မင်း အမှူးပြုသော မင်းမှူးမတ် ဗိုလ်ပါတို့သည် ကျယ်လောင်သော ထိုအသံများကိုလည်း ကြားကြသည်။ မဟောသဓာ၏ ခြေရင်း၌ ကေဝဋ်ပုဏ္ဏား ဦးခေါင်းစိုက်သည်ကိုလည်း မြင်ကြရသည်။ ဤတွင် "ငါတို့ ပညာရှိက မဟောသဓာကို ရှိခိုးလေပြီ။ ငါတို့ ရှုံးပြီ" ဟုဆိုကာ မိမိတို့၏ မြင်းများကို စီး၍ ထွက်ပြေးကြလေသည်။ မဟောသဓာ၏ ဘက်တော်သားတို့က "ရန်သူတို့ ပြေးလေပြီ။ လိုက်ကြကုန်။ ဖမ်းဆီးကြကုန်" ဟု တစ်ပြိုင်တည်း ကြွေးကြော်ကြလေသည်။ ထိုအခါ စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တော်များသည် မထိန်းနိုင်၊ မသိမ်းနိုင်၊ ဖရိုဖရဲ ထွက်ပြေးကြလေသည်။ မဟောသဓာလည်း အခြံအရံတို့နှင့်တကွ မြို့တွင်းသို့ ရွှင်ပျစွာ ဝင်လေသည်။

ကေဝဋ်ပုဏ္ဏားသည် လဲကျရာအရပ်မှ ထပြေးသည်။ မိမိမြင်းကို တက်စီးသည်။ နဖူးအနာမှ ယိုစီးသော သွေးကို သုတ်လျက် စစ်သည်တို့ ပြေးရာနောက်က အစဉ်တစိုက် လိုက်သည်။ "အချင်းတို့၊ မပြေးကြနှင့်။ သူကြွယ်သားကို ငါ ရှိခိုးသည် မဟုတ်။ ရပ်ကြကုန်၊ ရပ်ကြကုန်" ဟု လိုက်၍ ပြောသည်။ အဖြစ်မှန်ကို ရှင်းလင်း ပြောပြသည်။

ထိုအခါတွင် စူဠနီဗြဟ္မဒတ်မင်းက စစ်သည်တို့ကို ပြန်လည် စုရုံးသည်။ ကေဝဋ်အား "မည်သို့ ပြုလုပ်ရမည်နည်း" ဟု မေးသည်။ ကေဝဋ်က "မြို့တွင်းမှ မည်သူ့ကိုမျှ ထွက်ခွင့် မပေးဘဲ တံခါးငယ်လေးများကို ပိတ်ဆို့ထားပါမည်" ဟု လျှောက်တင်သည်။ စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်ဆိုတိုင်း ပြုစေသည်။ ထိုအကြောင်းကို သူလျှိုများမှ တစ်ဆင့် မဟောသဓာ သိသောအခါ 'ဥပါယ်တံမျဉ်ဖြင့် စူဠနီဗြဟ္မဒတ်မင်း၏ စစ်သည်တို့ လျင်မြန်စွာ ပြေးစေအံ့" ဟူ၍ ကြံစည်သည်။ သူသည် လိမ္မာရဲရင့်သော အနုကေဝဋ်ပုဏ္ဏားကို ခေါ်ယူသည်။

(မဟောသဓာအပိုင်း- ၃၀ "အနုကေဝဋ်ပုဏ္ဏား" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၈

စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓာ

စူဠနီဗြဟ္မဒတ်မင်းကြီးသည် ထီးဆောင်းမင်း အပေါင်းခြံရံလျက် များလှစွာသော စစ်သည် ဗိုလ်ပါတို့ကို ဦးဆောင်ကာ မိထိလာပြည်သို့ ချီတက်လသည်။ ထိုအကြောင်းစုံကို မဟောသဓာ၏ သူလျှိုများက မဟောသဓာထံ မပြတ် သတင်းပို့ကြသည်။ မဟောသဓာသည် စိုးရွံ့ခြင်း မရှိ။ ခုခံရန် သတိဝီရိယကြီးစွာဖြင့် အသင့်ပြင်ထားသည်။ ဝိဒေဟရာဇ်မင်းကြီးလည်း တစ်ယောက်စကား တစ်ယောက်နားဖြင့် ကြားသိထားသည်။


များမကြာမီပင် စူဠနီဗြဟ္မဒတ်မင်းကြီး၏ တပ်များသည် မိထိလာသို့ ရောက်လာကြသည်။ သူတို့သည် ညဥ့်ဦးယံအချိန်တွင် မြို့ကို ဝိုင်းလေသည်။ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေသည်တပ်တို့ဖြင့် အထပ်ထပ် ဝန်းရံထားကြသည်။ ဆင်သံ၊ မြင်းသံ၊ ရထားသံ၊ စစ်သည်တို့၏ အသံတို့မှာ ဆူညံနေသည်။ မဟာပထဝီမြေကြီး ပြိုကွဲအံ့သကဲ့သို့ မြည်ဟည်းနေသည်။

သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း ဟူသော အမတ်သုခမိန် လေးယောက်တို့မူ အကြောင်း မသိသဖြင့် မင်းကြီးထံ ပြေးလာကြသည်။ "ကြောက်မက်ဖွယ် အသံတို့ မည်သည်ကြောင့် ဖြစ်ပေါ်လာရသည်ကို သိရအောင် စုံစမ်းတောမူမှ သင့်မည်" ဟု လျှောက်ထားကြသည်။

မင်းကြီးသည် နန်းတော်လေသာပြတင်းကို ဖွင့်ကြည့်သည်။ စူဠနီဗြဟ္မဒတ်မင်း၏ စစ်တပ်များ ရောက်လာကြောင်း သိရှိသွားသည်။ "ငါတို့အားလုံး ရန်သူလက်သို့ ရောက်၍ ပျက်စီးရတော့မည်" ဟု ဆိုကာ လွန်စွာ ကြောက်လန့်နေသည်။

မဟောသဓာမူ ရန်သူတပ်များ ဝန်းရံလာကြောင်း သိသော်လည်း မဖြုံ။ တစ်မြို့လုံးကို လုံခြုံအောင် အစောင့်အနေ ချထား စီမံသည်။ ထို့နောက်မှ မင်းကြီးကို အားပေးရန် နန်းတော်သို့ လာခဲ့သည်။

မင်းကြီးသည် မဟောသဓာကို မြင်သောအခါ အနည်းငယ် ကြောက်စိတ်ပြေသွားသည်။ "ငါ့သား မဟောသဓာ၊ စူဠနီဗြဟ္မဒတ်မင်းကြီးသည် တစ်ဆယ့်ရှစ်ခေါဘဏီရှိသော စစ်တပ်ကြီးဖြင့် ဝန်းရံထားပြီ။ သူ၏ စစ်တပ်၌ ပညာရှိကြီး ၁၀-ယောက်သာမက သူ၏ မယ်တော် စလာကဒေဝီလည်း ပါလာသည်။ စလာကဒေဝီသည် လွန်စွာပညာရှိသည်ဟု ကျော်စောသည်။ ပညာရှိပေါင်းများစွာပါသော ရန်သူတို့ဘေးရန်မှ ငါတို့ လွတ်မြောက်နိုင်ပါမည်လော။ လွတ်မြောက်နိုင်အောင် ငါ့သားမှတစ်ပါး အခြားစွမ်းဆောင်နိုင်မည့်သူကို ငါမမြင်။ ငါ့သား အဘယ်သို့ လွတ်မြောက်အောင် ကြံပါအံ့နည်း" ဟု ဆို၏။

မဟောသဓာလည်း မင်းကြီး လွန်စွာကြောက်ရွံ့နေသည်ကို သိသဖြင့် အားပေးသည်။ "အရှင်မင်းကြီး၊ စိုးရိမ်တော် မမူပါနှင့်။ ရွှေနန်းတော်၌သာ အေးချမ်းစွာ စံနေတော်မူပါ။ ကျီးအုပ်ကို ခဲဖြင့် ခြောက်သကဲ့သို့၊ မျောက်အုပ်ကို လေးဖြင့် ခြောက်သကဲ့သို့ တစ်ဆယ့်ရှစ်ခေါဘဏီ ရှိသည့် ရန်သူ့တပ်ကြီး တစ်ခုလုံးကို ဖရိုဖရဲ ထွက်ပြေးအောင် ကျွန်ုပ်လုပ်ပြပါမည်" ဟု နှစ်သိမ့်စကား လျှောက်ထားသည်။

ထို့နောက် နန်းတော်မှ ပြန်ကာ မြို့သူမြို့သားတို့အား စည်လည်စေသည်။ "အချင်းတို့၊ ရန်သူစစ်တပ်ကြီး ဝိုင်းထားသော်လည်း မည်သို့မျှ စိုးရိမ်ထိတ်လန့်ခြင်း မဖြစ်ကြနှင့်။ ခုနစ်ရက်ပတ်လုံး ပျော်ပွဲသဘင်ခံလျက် ပျော်ရွှင်စွာ နေကြ။ မျိုးရိက္ခာတို့အတွက်လည်း မပူပန်ကြနှင့်။ ငါ မဟောသဓာ၏ တာဝန်ဖြစ်သည်။ ငါ၏ အတတ်ပညာစွမ်းကို ဤစစ်ပွဲတွင် ထင်ရှားစွာပြအံ့။ သင်တို့ရှုကြည့်ကြကုန်လော့"ဟူ၍ ကြေညာစေသည်။

မြို့သူမြို့သားတို့လည်း မဟောသဓာဆိုတိုင်း ပျော်ပွဲသဘင် ဆင်ယင်ကျင်းပနေကြသည်။ ရန်သူတပ်သား အချို့သည် မြို့တံတိုင်း မလွယ်ပေါက်များမှ ဝင်ကာ ပျော်ပွဲသဘင်ကို ကြည့်ရှုကြသည်။ ဤသို့ ဝင်လာရာတွင် ရန်မမူပါက ဖမ်းဆီးခြင်း မပြု၊ လှည့်ပတ်ကြည့်ရှုခွင့် ပေးထားသည်။

အင်အားကြီးမားလှသော မိမိ၏ တပ်ကြီး ဝိုင်းထားခြင်းခံရပါလျက် ပျော်ပွဲသဘင်ကို ဆင်ယင် ကျင်းပနေကြောင်း စူဠနီဗြဟ္မဒတ်မင်းကြီး ကြားသိရသော် အံ့အားသင့်သွားသည်။ "အကြောင်း အသို့နည်း" ဟု စုံစမ်းမေးမြန်းသည်။ ထိုအခါ သူ၏ အနီးတွင် ခစားနေသော မဟောသဓာ၏ သူလျှိုတို့က "ကျွန်တော်မျိုးများ မိထိလာမြို့တွင်းသို့ ဝင်၍ စုံစမ်းကြည့်ပါသည်။ ထိုအခါ မြို့သူမြို့သားတို့က "ငါတို့ ဝိဒေဟရာဇ် မင်းကြီးသည် ပျိုရွယ်စဉ်ကပင် ဇမ္ဗူဒိပ်ရှိ ပြည့်ရှင်မင်းများ ဝန်းရံကာ ပျော်ပွဲသဘင် ဆင်ယင် ကျင်းပလိုသော ဆန္ဒ ရှိခဲ့သည်။ ယခု တစ်ရာသော မင်းတို့ ဝန်းရံလာသဖြင့် 'ယခုမှပင် အလိုဆန္ဒ ပြည့်ဝလေတော့သည်' ဟု ဆိုကာ ပျော်ပွဲသဘင် ဆင်ယင်ကျင်းပခြင်း ဖြစ်သည်ဟု ပြောကြပါသည်" ဟူ၍ မဟုတ်မမှန် လုပ်ကြံ လျှောက်တင်ကြ၏။

ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် လွန်စွာ အမျက်ထွက်သည်။ "ယခု ချက်ချင်းပင် မြို့တွင်းသို့ ဝင်ရောက် တိုက်ခိုက်ကြလော့" ဟု အမိန့်ပေးလေသည်။ ထိုအခါ သူ၏ စစ်သည်တို့သည် လက်နက်အမျိုးမျိုး ကိုင်စွဲလျက် မြို့တံခါးသို့ ချဉ်းကပ်ကြသည်။ ဖြိုဖျက်ကြသည်။ သို့ရာတွင် မဟောသဓာ၏ တပ်သားများက ရွပ်ရွပ်ချွံချွံ ဆီးဆို့ ခုခံတိုက်ခိုက်ကြသောကြောင့် မအောင်မြင်။ မြို့တံခါးနားသို့ မကပ်နိုင်ဘဲ ရှိလေ၏။

(မဟောသဓာအပိုင်း- ၂၉ "ကေဝဋ်ပုဏ္ဏား၏အကြံ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၇

ကြောက်စရာ အောင်သေသောက်ပွဲ

စူဠနီဗြဟ္မဒတ်မင်းကြီးသည် ကေဝဋ်ပုဏ္ဏား အကြံပေးသည့်အတိုင်း တိုင်းပြည်ငယ်များ ကိုစစ်အင်အားဖြင့် ဝန်းရံ ခြိမ်းခြောက်သည်။ တစ်ပြည်ပြီးတစ်ပြည် သိမ်းပိုက်သည်။ ၇-နှစ်၊ ၇-လ၊ ၇-ရက် ရှိသောအခါ မိထိလာပြည်မှ တစ်ပါး ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ တိုင်းပြည်အားလုံးကို သိမ်းပိုက်မိသည်။ ထိုအကြောင်းကို မဟောသဓာ စေလွှတ်ထားသော သူလျှိုတို့ကလည်း မဟောသဓာထံ သတင်းပို့ကြသည်။


စူဠနီဗြဟ္မဒတ်မင်းကြီးသည် မိထိလာပြည်ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသဖြင့် ဆက်လက် ချီတက်သိမ်းပိုက်မည် ပြုသည်။ ထိုအခါ ကေဝဋ်ပုဏ္ဏားက တားမြစ်သည်။ မိထိလာပြည်၌ မဟောသဓာ သုခမိန် ရှိနေသည်။ မဟောသဓာသည် ဥပါယ်တံမျဉ်၌ လွန်စွာလိမ္မာလှသည်။ မိထိလာပြည်ကို သိမ်းပိုက်ရန် မလွယ်ဟုဆိုကာ ဖျက်လေသည်။ စူဠနီဗြဟ္မမင်း၏ လက်အောက်ခံ ဖြစ်လာသည့် ကိုးကျိပ်ကိုးယောက်သော မင်းတို့ကမူ မိထိလာပြည်ကို သိမ်းပိုက်ရန် ပြောကြသည်။ ထိုအခါ ကေဝဋ်ပုဏ္ဏားက "ခေတ္တဆိုင်းငံ့ကြပါ၊ မကြာမီ မိထိလာပြည်သည် ကျွန်ုပ်တို့၏ လက်နက်နိုင်ငံ ဖြစ်လာပါလိမ့်မည်" ဟု ကျေနပ်လောက်အောင် ပြောဆိုသည်။ သို့ဖြင့် ဥတ္တရပဉ္စလ ပြည်သို့ တပ်ခေါက်ပြန်ခဲ့ကြသည်။

ရောက်သောအခါ စူဠနီဗြဟ္မဒတ်မင်းသည် ယခင်ကစီစဉ် ထားသည့်အတိုင်း မင်းအပေါင်းကို သတ်ရန် အောင်သေသောက်ပွဲကြီး ကျင်းပဖို့ စီမံလေသည်။ ထိုအကြောင်းကို သူလျှိုများကလည်း မဟောသဓာထံ သတင်းပို့ကြသည်။

မဟောသဓာက ငြိမ်မနေ။ "ငါသို့သော ပညာရှိတစ်ယောက် ထင်ရှားရှိနေပါလျက် မင်းအပေါင်း သေကြရမည်ဆိုသည်မှာ မဖြစ်စကောင်း" ဟု ကြံ၍ ဖွားဖက်တော် တစ်ထောင်ကို ခေါ်သည်။

"အချင်းတို့၊ ဥတ္တရပဉ္စာလပြည်၌ စူဠနီဗြဟ္မဒတ်မင်းကြီးသည် အောင်သေသောက်ပွဲကြီး ကျင်းပရန် စီစဉ်နေသည်။ သင်တို့သည် ထိုပြည် ထိုနေရာသို့ အရောက်သွားကြလော့။ အခမ်းအနား ပြင်ဆင်နေသည်ကို ဝင်ကြ။ 'စူဠနီဗြဟ္မဒတ်မင်းကြီး ထိုင်မည့်နေရာနှင့် ယှဉ်နေသော နေရာထူး နေရာမြတ်ကို ငါတို့ အရှင် ဝိဒေဟရာဇ်မင်းကြီး အတွက် ပေးရမည်' ဟု ဆိုကြ။ ထိုသူတို့က ငြင်းဆန်လိမ့်မည်။ ထိုအခါ ငါတို့မင်းအတွက် ထူးမြတ်သောနေရာကို မရလျှင် အောင်သေသောက်ပွဲကို ဖျက်မည်ဟု ဆိုပြီးလျှင် သေရည်အိုး အားလုံးကို ရိုက်ခွဲဖျက်ကြ။ သင်တို့အား ဝန်းရံလာသော ဗိုလ်ပါရဲမက်တို့ကို ဖောက်ထွင်း၍ 'ငါတို့ကား မိထိလာပြည်၊ မဟောသဓာသုခမိန်၏ သူရဲကောင်း တစ်ထောင်တည်း။ သင်တို့ ဖမ်းဝံ့လျှင် ဖမ်းလှည့်ကုန်။ ငါတို့၏ အကြောင်းကို သင်တို့ သိရစေမည်' ဟု ခြင်္သေ့မင်း၏ အသံကဲ့သို့ ကြောက်ရွံ့ခြင်း ကင်းသောအသံဖြင့် ကြွေးကြော်လျက် ပြန်လာကြကုန်" ဟူ၍ မှာထား စေလွှတ်လိုက်လေသည်။

ဖွားဖက်တော် တစ်ထောင်တို့သည်လည်း လက်နက်မျိုးစုံ ကိုင်ဆောင်လျက် ဥတ္တရပဉ္စာလပြည်သို့ သွားကြသည်။ ရောက်သော် မဟောသဓာ မှာကြားသည့်အတိုင်းပင် ပြုကြသည်။ သေရည်အိုး အားလုံးကို ရိုက်ခွဲ ဖျက်ဆီး၍ ပြန်လာခဲ့ကြသည်။

စူဠနီဗြဟ္မဒတ်မင်းကြီးသည် လွန်စွာ အမျက်ထွက်သည်။ "မိထိလာပြည်သို့ သွားမည်။ ဝိဒေဟရာဇ်မင်း၏ ဦးခေါင်းကို ဖြတ်၍ ခြေဖြင့်နင်းပြီး အောင်သေသောက်မည်" ဟု ကြုံးဝါးသည်။ "စစ်တပ်ပြင်လော့" ဟူ၍ အမိန့်ပေးသည်။

ထိုအခါ ကေဝဋ်ပုဏ္ဏားက "မိထိလာပြည်သည် ခြင်္သေ့စောင့်သော ဂူကဲ့သို့ မဟောသဓာ ပညာရှိ စောင့်ရှောက်သော တိုင်းပြည်ဖြစ်သည်။ မည်သူမျှ တိုက်ခိုက်သိမ်းယူနိုင်မည် မဟုတ်။ ကျွန်ုပ်တို့သာ အရှုံးရကြလိမ့်မည်" ဟု လျှောက်ထား တားမြစ်သည်။ မင်းကြီးက လက်မခံ။ တား၍မရ။ နောက်ဆုံး မင်းနှင့် မဆန့်ကျင်လိုသဖြင့် လိုက်ပါရလေသည်။

(မဟောသဓာအပိုင်း- ၂၈ "စူဠနီဗြဟ္မဒတ်မင်းနှင့် မဟောသဓာ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၆

စူဠနီဗြဟ္မမဒတ်မင်းနှင့် ကေဝဋ်ပုဏ္ဏား

ထိုအချိန်တွင် ကပိလတိုင်း၊ ဥတ္တရပဉ္စာလရာဇ်ပြည်၌ သင်္ခပါလကမည်သော စူဠနီဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုမင်းတွင် ကေဝဋ်အမည်ရှိ ပုရောဟိတ် ပညာရှိအမတ် ရှိသည်။ ထိုမင်းသည် တစ်နေ့တွင် စစ်သည်သူရဲကောင်းတို့ကို စုရုံးသည်။ လက်နက်အမျိုးမျိုးကို ပြင်ဆင်သည်။


ထိုအခါ မဟောသဓာ သူလျှိုအဖြစ် စေလွှတ်ထားသော ယောက်ျားသည် အကြောင်းစုံကို သတင်းပေးပို့သည်။ မဟောသဓာလည်း ထပ်မံစုံစမ်းဖို့ မိမိကျေးလိမ္မာကို စေလွှတ်ရန် စီစဉ်လေသည်။

ထိုကျေးလိမ္မာသည် လူစကားကို နားလည်သည်။ လူစကားကိုလည်း ပြောတတ်သည်။ တစ်စုံတစ်ခု အမှုရှိ၍ စေလွှတ်လျှင် မဟောသဓာ တစ်ဦးတည်း သိစေလိုပါက မဟောသဓာ၏ ပခုံးပေါ်၌ နား၍ ကြားသိခဲ့သမျှ အကြောင်းခြင်းရာတို့ကို ပြန်ပြောသည်။ အမရာကိုပါ သိစေလိုလျှင် မဟောသဓာ၏ ရင်ပေါ်၌ နား၍ ပြန်ပြောသည်။ ပရိသတ်အများကိုပါ သိစေလိုလျှင် အိမ်ကြမ်းပြင်၌ နား၍ ပြန်ပြောသည်။

မဟောသဓာသည် ထိုကျေးလိမ္မာကို ခေါ်သည်။ "ရွှေကျေးသား၊ ပဉ္စာလရာဇ်ပြည့်ရှင် စူဠနီဗြဟ္မဒတ်မင်း၏ အကြံအစည် အပြုအမူကိုလည်းကောင်း၊ အခြားသော ထီးဆောင်းမင်းတို့၏ အကြံအစည် အပြုအမူတို့ကို လည်းကောင်း အခိုင်အမာသိအောင် သွားရောက်စုံစမ်းပါ" ဟူ၍ စေလွှတ်လိုက်လေသည်။

ကျေးသားလည်း "ကောင်းပါပြီ အရှင်" ဟု ဝန်ခံလျက် တစ်ရာသော မင်းနေပြည်တို့သို့ လှည့်လည် ပျံသန်းသည်။ ရှေးဦးစွာ မဟောသဓာ စေလွှတ်သော သူလျှိုတို့အိမ်၌ နားဝင် မေးမြန်းသည်။ ထို့နောက် ထိုထိုမင်းတို့၏ အမူအရာကို မျက်မြင်သိအောင် စုံစမ်းသည်။ ယင်းသို့ စုံစမ်း၍ ထိုထိုမင်းတို့၏ အကြောင်းကို သိပြီးသောအခါ ဥတ္တရ ပဉ္စာလရာဇ်ပြည်သို့ ပျံသန်းသွား၍ စုံစမ်းသည်။

ထိုကျေးသား ရောက်ရှိပြီး မကြာမီ တစ်နေ့တွင် ကေဝဋ်ပုဏ္ဏားသည် 'ငါသည် မင်းကြီး ချီးမြှောက်သဖြင့်သာ ဤစည်းစိမ်ချမ်းသာကို ရပေသည်။ မင်းကြီး၏ ကျေးဇူးသည် ကြီးမားလှပေသည်။ ငါ၏ ပညာစွမ်းဖြင့် မင်းကြီးအား တစ်ရာသော ထီးဆောင်းမင်းတို့ ပျပ်ဝပ်ကျိုးနွံရသည့် ဧကရာဇ်မင်းအဖြစ်သို့ ရောက်အောင် ဆောင်ကြဉ်းပေးသင့်သည်။ မင်းကြီး ဧကရာဇ်ဖြစ်သော် ငါလည်း ဧကရာဇ်မင်း၏ ပရောဟိတ် အမတ်ကြီး ဖြစ်လတ္တံ့' ဟု အကြံပေါက်သည်။ သို့ဖြင့် မင်းကြီးထံ ဝင်သည်။ တိုင်ပင်ရန် အထူးရှိသည်ဟု လျှောက်တင်ပြီးလျှင် နှစ်ဦးသား ဥယျာဉ်တော်သို့ ထွက်ခဲ့ကြလေသည်။

မဟောသဓာ၏ ကျေးလိမ္မာလည်း ကေဝဋ်ပုဏ္ဏားနှင့် စူဠနီဗြဟ္မဒတ်မင်းတို့ကို စောင့်ကြည့်နေသည် ဖြစ်ရာ ထိုအပြုအမူကို မြင်သွားသည်။ အကြောင်းထူး ရှိရမည်ဟု ဆင်ခြင်ကာ နောက်မှ ပျံသန်းလိုက်သွားသည်။

မင်းနှင့်ပုဏ္ဏားတို့သည် ဥယျာဉ်တွင်းသို့ ရောက်သောအခါ အင်ကြင်းပင်အောက်ရှိ ကျောက်ဖျာပေါ်၌ ထိုင်၍ တီးတိုးတိုင်ပင် ပြောဆိုကြသည်။ ကျေးလိမ္မာလည်း အင်ကြင်းပင်အခက်ကြားတွင် ပုန်းကွယ်လျက် နားနေသည်။ မင်းနှင့် ပုဏ္ဏားတို့ ပြောစကားကို တိတ်တဆိတ် နားထောင်သည်။

ကေဝဋ်ပုဏ္ဏားကလည်း မင်းကြီးအား "တစ်ရာသော ထီးဆောင်းမင်းတို့၏ အရှင်ဧကရာဇ်မင်း ဖြစ်အောင် မိမိအကြံပေးမည်" ဟု ဆိုသည်။ မင်းကြီးကလည်း ပုဏ္ဏား၏ အကြံကို "လိုက်နာမည်" ဟု ဝမ်းမြောက်ဝမ်းသာ ဆို၏။

ထိုအခါ ပုဏ္ဏားက "အရှင်မင်းကြီး၊ ရဲမက်ဗိုလ်ပါ အပေါင်း ခြံရံလျက် တစ်ပါးသော ပြည်ငယ်၊ မြို့ငယ်များကို ရှေးဦးစွာ ဝန်းရံတော်မူပါ။ ထိုအခါ ထိုပြည့်ရှင်မင်းမှ စ၍ ပြည်သူပြည်သားတို့သည် လွန်စွာ ကြောက်ရွံ့ ထိတ်လန့်ကြလိမ့်မည်။ ဤတွင် အကျွန်ုပ်သည် မလွယ်ပေါက်မှ မြို့တွင်းသို့ ဝင်မည်။ ထိုပြည့်ရှင်မင်းတို့အား ပျပ်ဝပ်ကျိုးနွံစေကြောင်း ဖြားယောင်းပြောဆိုမည်။ ထိုပြည့်ရှင်မင်းတို့သည် အရှင်မင်းကြီး၏ ခြေတော်ရင်းသို့ ခိုလှုံလာမည် မုချဖြစ်သည်။ ထိုပြည်ငယ်၊ မြို့ငယ်မင်းတို့ကို သိမ်းသွင်းပြီးနောက် တိုင်းကြီးပြည်ကြီးမှ ထီးဆောင်းမင်းတို့ကို ရှေးနည်းအတူ ဝန်းရံ၍ ကျိုးနွံပျပ်ဝပ်အောင် ပြုရပါမည်။

နောက်ဆုံးတွင် တစ်ရာသော ထီးဆောင်းမင်းအပေါင်းကို နေပြည်တော်သို့ ခေါ်တော်မူလာရပါမည်။ ရောက်သော 'သေသောက်ခြင်းမင်္ဂလာ ပြုအံ့' ဟု ဥယျာဉ်တော်၌ နေစေရပါမည်။ ထို့နောက် ထိုတစ်ရာသော မင်းတို့အား အဆိပ်နှင့်ရောသော သေရည်ကို တိုက်၍ လုပ်ကြံသတ်ဖြတ်ကာ ဂင်္ဂါမြစ်၌ အသေကောင်တို့ကို မျှောလိုက်ရပါမည်။ ထို့နောက် ကြီးစွာသော ရာဇာဘိသေက မင်္ဂလာကို ဆောင်၍ ဧကရာဇ်မင်း အဖြစ် စိုးစံတော်မူပါ" ဟူ၍ လျှောက်ထား၏။

မင်းကြီးလည်း "ဆရာပုရောဟိတ်၏ အကြံ သင့်ပေစွတကား" ဟု ဆို၏။ ထို့နောက် နှစ်ဦးသား ကျောက်ဖျာပေါ်မှ ထသွားကြ၏။ သူတို့နှစ်ဦး၏ စကားကို ကျေးသားလည်း ကောင်းစွာ ကြားလိုက်ရသည်။ သူသည် ပုဏ္ဏား၏ ဦးခေါင်းထက်သို့ မစင်စွန့်ချကာ မိထိလာပြည်သို့ ရှေ့ရှုပျံသန်းလာခဲ့သည်။ ရောက်သော် မဟောသဓာ၏ ပခုံးထက်၌ နား၍ အကြောင်းစုံကို ပြောပြ၏။

ထိုအခါ မဟောသဓာက "ရန်သူတို့ လာ၍ မိထိလာပြည်ကို လာရောက် နှောင့်ယှက်ပါက ငါ၏ ပညာစွမ်းဖြင့် ခုခံတားဆီးအံ့" ဟု ဆိုကာ အစစအရာရာ တင်ကြို ပြင်ဆင်ထားလေသည်။

(မဟောသဓာအပိုင်း- ၂၇ "ကြောက်စရာ အောင်သေသောက်ပွဲ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၅

မဟောသဓာ၏ စိတ်ထား

ဤတွင် မဟောသဓာက သုခမိန်တို့ကို ကယ်ဆယ်ရပြန်သည်။ "ဤသုခမိန် လေးယောက်သည် အရှင်မင်းကြီး၏ အမတ်ဟောင်းများ ဖြစ်ကြပါသည်။ သူတို့အပြစ်ကို သည်းခံတော်မူပါ" ဟူ၍ မဟောသဓာက တောင်းပန်လျှောက်ထားသည်။


ထိုအခါတွင်မှ မင်းကြီးသည် သုခမိန်လေးယောက်၏ အသက်ကို ချမ်းသာပေးလိုက်သည်။ သို့ရာတွင် မူလစည်းစိမ်ကို ပြန်မပေးပေ။ "ငါ့သား သုခမိန်၊ ထိုသူလေးယောက်ကို အစေအပါး ကျွန်ပြုလေ" ဟု ဆိုကာ မဟောသဓာအား ပေးလိုက်လေသည်။

မဟောသဓာလည်း ချက်ချင်းပင် သုခမိန်လေးယောက်ကို ကျွန်အဖြစ်မှ လွှတ်လိုက်သည်။ ထိုအခါ မင်းကြီးက "ငါ့သားသုခမိန်၊ ထိုသူလေးယောက်ကို ကျွန် မပြုလိုလျှင် ငါ့နိုင်ငံတော်မှ နှင်ထုတ်လေ" ဟု ဆိုပြန်သည်။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီး ထိုသူလေးယောက်လုံးသည် အရှင်မင်းကြီးမှ တစ်ပါး ကိုးကွယ်ရာ မရှိပါ။ မလိမ္မာသဖြင့် အမှားကို အမှန်ထင်၍ ပြုကျင့်မိကြပါသည်။ ထိုသူတို့၏ အပြစ်ကို သည်းခံတော်မူပါ။ မူလစည်းစိမ်ကိုပင် ပေး၍ ပြန်လည် ချီးမြှောက်တော်မူပါ" ဟု တောင်းပန်လျှောက်ထား၏။ မင်းကြီးလည်း မဟောသဓာ၏ စကားကို နာယူသည်။ သုခမိန်လေးယောက်အား ခွင့်လွှတ်၍ မူလစည်းစိမ်ကို ပြန်ပေးသည်။

မင်းကြီးက "ငါ့သား သုခမိန် မဟောသဓာသည် မိမိ၏ အသက်ကို ရန်ပြုသော ရန်သူလေးယောက်ကိုပင်လျှင် ရန်ငြိုးမသို၊ မေတ္တာထားနိုင်သေးသည်။ သူ့ကို ကြီးစွာချီးမြှောက်သော ငါ့ကိုကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း" ဟုဆို၏။ မဟောသဓာကို ရှေးကထက် ယုံကြည်စွာ ကြည်ညိုမြတ်နိုး၏။ သို့ဖြင့် စစ်ဘုရင်သေနာပတိ ရာထူးကို ထပ်၍ ပေးပြန်လေသည်။

ထိုနေ့မှစ၍ သုခမိန်လေးယောက်တို့သည် မဟောသဓာကို တုပြိုင်ခြင်း မပြုဝံ့တော့။ အစွယ်ကျိုးသော မြွေများကဲ့သို့ ငြိမ်းအေးစွာ နေထိုင်ကြလေသည်။

မဟောသဓာ၏ ပြင်ဆင်မှု

သုခမိန်လေးဦး၏ အနှောင့်အယှက်မှလည်း ကင်းဝေးပြီ။ စစ်သူကြီး ရာထူးကိုလည်း ရရှိပြီ။ ထို့ကြောင့် မဟောသဓာသုခမိန်သည် ဝိဒေဟရာဇ် မင်းကြီးအကျိုးနှင့် တိုင်းသူပြည်သားတို့၏ အကျိုးကို အစွမ်းကုန် ဆောင်ရွက်ခွင့် ရသွားလေသည်။

မဟောသဓာသည် မင်းကြီးအား မင်းကျင့်တရားနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်း ညွှန်ပြသည်။ မင်းကြီး စိတ်အေးချမ်းသာ နေနိုင်အောင်လည်း ပြည်ထဲရေးရာ ကိစ္စအဝဝကို မိမိကသာ တာဝန်ယူ ဆောင်ရွက်ပေးသည်။

သူသည် နိုင်ငံတည်တံ့ခိုင်မြဲအောင် မိထိလာမြို့ကို ကျုံးသုံးထပ်လည်း ကာရံစေသည်။ တံတိုင်းကြီး၊ တံတိုင်းငယ်တို့လည်း ကာရံစေသည်။ အိမ်အို၊ အိမ်ဟောင်းများကိုလည်း ပြုပြင်စေသည်။ ရေတွင်း ရေကန်များကိုလည်း အလုံအလောက် တူးစေသည်။ စပါးကျီတို့၌လည်း စပါးအပြည့် သိုလှောင်စေသည်။ ရိက္ခာဖူလုံအောင် ဆောင်ရွက်စေသည်။

ထို့နောက် ဖွားဖက်တော် သူငယ်ဖော်များထဲမှ လက်ရွေးစဉ် တစ်ရာကို ရွေးသည်။ တိုင်းတစ်ပါးရှိ ထီးဆောင်းမင်းတစ်ရာထံသို့ လက်ဆောင်ပဏ္ဏာများ ဆက်၍ သွားရောက် အမှုထမ်းစေသည်။ သတင်းများရအောင် စုံစမ်းစေသည်။ သူလျှိုများ အဖြစ် ဆောင်ရွက်စေသည်။

(မဟောသဓာအပိုင်း- ၂၆ "စူဠနီဗြဟ္မမဒတ်မင်းနှင့် ကေဝဋ်ပုဏ္ဏား" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၄

မဟောသဓာ၏ ထုတ်ဖော်ချက်

ထမင်းခုံအောက်တွင် ပုန်းအောင်းနေသော မဟောသဓာသည် ထိုစကားအားလုံးကို ကြားသိရလေသည်။ သူသည် ယင်းတို့ကို ကောင်းစွာ မှတ်သားထားလိုက်သည်။ မကြာမီ သုခမိန်လေးဦးတို့ ပြန်သွားကြသည်။ ထိုအခါ သူငယ်ဖော်တို့သည် မဟောသဓာထံ လာရောက်ကြသည်။ ထမင်းခုံကို မ,ချီ၍ မဟောသဓာကို ခေါ်ဆောင်သွားကြလေသည်။

မဟောသဓာသည် ယနေ့ညပင် ဥဒုမ္ဗရဒေဝီထံမှ သတင်းထူး ပို့လိမ့်မည်ဟု တွက်ဆထားသည်။ ထို့ကြောင့် သူငယ်ဖော် တစ်ယောက်ကို နန်းတော်တံခါး၌ စောင့်ခိုင်းထားသည်။ "နန်းတော်မှ တစ်စုံတစ်ယောက်လာလျှင် ငါ့ထံသို့ အမြန် လွှတ်ရမည်" ဟူ၍လည်း မှာထားသည်။

ထိုညတွင် မင်းကြီးသည် စက်တော်မခေါ်နိုင်။ မဟောသဓာ၏ ဂုဏ်ကျေးဇူးကို အောက်မေ့မိသည်။ မဆင်ခြင်ဘဲ အသတ်ခိုင်းလိုက်မိသည်ကို နောင်တရနေသည်။ 'နက်ဖြန်တွင် မဟောသဓာကို မြင်ရတော့မည် မဟုတ်' ဟု တွေးကာ သောကရောက်နေသည်။

ဥဒုမ္ဗရဒေဝီသည် မင်းကြီး မအိပ်နိုင်ဖြစ်နေသည်ကို သတိပြုမိသည်။ အကျိုးအကြောင်း သိလိုသဖြင့် မေးလျှောက်သည်။ မင်းကြီးက အကျိုးအကြောင်း ပြောပြသည်။

ဤတွင် ဥဒုမ္ဗရဒေဝီသည် မဟောသဓာအတွက် လွန်စွာ စိုးရိမ်သောက ဖြစ်သွားသည်။ မဟောသဓာ ချမ်းသာရာ ရအောင်ပြုမှ သင့်တော့မည်ဟု ကြံစည်သည်။ မိန်းမတို့ ပရိယာယ်ဖြင့် မင်းကြီးအား နှစ်သိမ့်သည်။ "မဟောသဓာသည် အရှင်မင်းကြီး ချီးမြှောက်ထားပါလျက်နှင့် ကျေးဇူးကို မထောက်မြော်၊ အရှင်မင်းကြီး၏ ရန်သူဖြစ်သည်ဆိုပါလျှင် သတ်ပစ်ထိုက်ပေသည်။ စိတ်မကောင်း မဖြစ်ပါနှင့်" ဟူ၍ ပရိယာယ်ဖြင့် ချော့မော့ လျှောက်တင်သည်။ မင်းကြီးလည်း သောက လျော့ပါးသွားသဖြင့် အိပ်ပျော်သွား၏။

ထိုအခါ ဥဒုမ္ဗရဒေဝီသည် မဟောသဓာထံ လျင်မြန်စွာ စာရေးသည်။ စာထဲ၌ "သုခမိန်လေးယောက်တို့ ကုန်းတိုက်ထားသဖြင့် မင်းကြီးသည် သင့်ကို သတ်လိမ့်မည်။ သတ်ရန်လည်း သုခမိန် လေးယောက်ကို သန်လျက် ပေးထားသည်။ နက်ဖြန်တွင် သင်အခစားဝင်လာပါက သုခမိန် လေးယောက်သည် တံခါးကြားမှာ ပုန်းအောင်နေရာမှ ထွက်လာပြီး သင့်ကို သတ်ကြလိမ့်မည်။ နန်းတော်သို့ နက်ဖြန် မလာနှင့်။ အကယ်၍ လာလျှင်လည်း တစ်မြို့လုံးကို လက်ရသိမ်းနိုင်မှ လာပါ" ဟူ၍ ပါရှိသည်။

ထိုစာကို ကတွတ်မုန့်ထဲ၌ သွင်း၍ ချည်မျှင်ဖြင့် ရစ်ပတ်သည်။ ထို့နောက် အိုးသစ်၌ ထည့်၍ အဖုံးကို လုံစွာ ဖုံးအုပ်သည်။ တံဆိပ်ခတ်ပြီးလျှင် ယုံကြည်စိတ်ချရသော အစေအပါး မိန်းမတစ်ယောက်အား မဟောသဓာထံ ပို့စေသည်။ မဟောသဓာ အစောင့်ထားသော သူငယ်ဖော်လည်း ထိုမိန်းမကို တွေ့လျှင်တွေ့ချင်း မဟောသဓာထံ ခေါ်ဆောင်သွားလေသည်။

ထိုညမှာပင် မဟောသဓာသည် မိဖုရား၏ စာကို ဖတ်ရသည်။ အကျိုးအကြောင်း ထပ်မံသိရပြန်သည်။ ဥဒုမ္ဗရဒေဝီမိဖုရားအား ကျေးဇူးတင်ကြောင်း ပြန်လည် လျှောက်ထားစေသည်။ ထို့နောက် အေးဆေးစွာ အိပ်စက်လိုက်လေသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ သုခမိန်လေးယောက်တို့သည် နန်းတော်တံခါးဝသို့ စောစောကပင် သွားနှင့်ကြသည်။ မဟောသဓာကို သတ်ရန် တံခါးတိုင်ကြား၌ ပုန်းစောင့်၍ နေကြသည်။ သို့ရာတွင် မဟောသဓာ ရောက်မလာသဖြင့် အကြံမအောင်ကြပေ။ နောက်ဆုံး၌ စိတ်ပျက် အားလျော့စွာဖြင့် မင်းကြီးထံ ဝင်ကြသည်။ မဟောသဓာ မလာကြောင်း လျှောက်ထားကြသည်။

မဟောသဓာကား အရုဏ်တက်ချိန်ကပင် မြို့ကို လက်ရ သိမ်းပိုက်ထားလိုက်ပြီ။ အရေးကြီးသော နေရာများ၌ အစောင့်များချထားသည်။ ထို့နောက် လူအပေါင်းများစွာ ခြံရံလျက် ရထားစီးကာ နန်းတော်သို့ သွားလေသည်။

ထိုအချိန်၌ မင်းကြီးသည် ပြတင်းပေါက်၌ ရပ်လျက် အပြင်ကို ကြည့်နေသည်။ မဟောသဓာသည် နန်းတော်တံခါးဝသို့ ရောက်သောအခါ အတွင်းသို့ မဝင်သေး။ ထိုတံခါးဝကပင် မင်းကြီးကို ရှိခိုးလျက် ရပ်နေသည်။

မင်းကြီးလည်း မဟောသဓာကို မြင်သောအခါ 'ငါ့ရန်သူဖြစ်လျှင် ငါ့ကို ရှိမခိုးလေရာ' ဟု တွေးဆသည်။ မဟောသဓာကို အခေါ်ခိုင်းလိုက်သည်။

မဟောသဓာသည် မင်းကြီးရှေ့မှောက်သို့ ရောက်သောအခါ သုခမိန်လေးယောက် ခစားနေနှင့်သည်ကို တွေ့ရသည်။ မင်းကြီးက တစ်စုံတစ်ရာ မသိလေဟန်ပြုကာ "ချစ်သား မဟောသဓာ၊ ယနေ့ နေမြင့်မှ အခစားရောက်လာသည်။ မည်သည့် သတင်းကို ကြား၍ မည်သူကို မသင်္ကာသောကြောင့် နောက်ကျပါသနည်း" ဟု မေး၏။

ထိုအခါ မဟောသဓာက "အရှင်မင်းကြီးသည် နက်ဖြန်နံနက်တွင် အကျွန်ုပ်ကို သတ်ရမည်ဟု သုခမိန်များနှင့် တိုင်ပင်စီစဉ်ခဲ့သည်။ မဟုတ်ပါလော။ သို့ရာတွင် ဤလျှို့ဝှက်ရမည့်ကိစ္စကို မိဖုရားအား ဖွင့်ဟပြောဆိုခဲ့သဖြင့် အကျွန်ုပ် သိရှိပါသည်" ဟု လျှောက်၏။

ဤတွင် မင်းကြီးသည် အမျက်ထွက်ကာ ဥဒုမ္ဗဒေဝီကို လှမ်းကြည့်၏။ ထိုအခါ မဟောသဓာက "အရှင်မင်းကြီး၊ အရှင်မိဖုရားအား အမျက် ထွက်တော်မမူပါနှင့်။ အကျွန်ုပ်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးလုံး၌ ဖြစ်သမျှအကြောင်းတို့ကို သိသူဖြစ်ပါသည်။ အရှင်မင်းကြီး၏ လျှို့ဝှက်သော ကိစ္စကို မိဖုရားက ပြောသည်ထားပါဦး။ သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်းတို့၏ လျှို့ဝှက်သော ကိစ္စကို အဘယ်သူက အကျွန်ုပ်အား ပြောပါမည်နည်း။ အကျွန်ုပ်သည် ထိုသုခမိန်လေးယောက်တို့၏ ကိစ္စကိုလည်း အလုံးစုံ သိပါ၏" ဟု ဆိုသည်။

သို့ဆိုပြီးလျှင် "သိန်းအမတ်သည် ပြည့်တန်ဆာမကိုသတ်၍ လက်ဝတ်လက်စားတို့ကို ယူထားကြောင်း၊ ပက္ကုသ်အမတ်၏ ပေါင်တွင် နူနာရှိကြောင်း၊ ကာမိန်းအမတ်သည် လကွယ်နေ့တိုင်း နရစိုးနတ် ဖမ်းစားခံနေရကြောင်း၊ ဒေဝိန်းအမတ်သည် မင်းကြီး၏ ပတ္တမြားကို ခိုးယူထားကြောင်း လျှောက်ထား၏။ 'ဤလျှို့ဝှက်အပ်သော ကိစ္စများကို သူတို့ လျှို့ဝှက်မထား။ တစ်ပါးသူတို့အား ပြောပြသဖြင့်သာ ကျွန်ုပ်သိရပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် လျှို့ဝှက်ချက် ကိစ္စကို မပြီးမီ မည်သူ့ကိုမျှ မပြောအပ်' ဟု ဆိုခြင်း ဖြစ်ပါသည်" ဟု လျှောက်၏။

မင်းကြီးလည်း သုခမိန်လေးယောက်ကို စစ်မေးသည်။ လေးယောက်လုံးပင် မငြင်းနိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံကြရသည်။ မင်းကြီးက "ဤသူလေးယောက်သည် သူတို့ကိုယ်တိုင်က ငါ၏ ရန်သူများ ဖြစ်ပါလျက် မဟောသဓာကို ငါ့ရန်သူဟု လုပ်ကြံ ပြောကြသည်" ဟု ဆိုသည်။ ချက်ချင်းပင် သုခမိန်လေးယောက်ကို သုသာန်ထုတ်၍ တံကျင်လျှိုကာ ခေါင်းဖြတ်သတ်ရန် အမိန့်ချမှတ် လိုက်လေသည်။

ထိုအခါ အာဏာသားတို့သည် သုခမိန်လေးယောက်ကို လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင် သွားကြသည်။ သို့ခေါ်ဆောင်ရာမှ လမ်းဆုံ လမ်းခွသို့ ရောက်တိုင်း ကြိမ်ဖြင့် အချက် တစ်ထောင်စီ ရိုက်ကြသည်။

(မဟောသဓာအပိုင်း- ၂၅ "မဟောသဓာ၏ စိတ်ထား" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၃

သုခမိန်လေးဦး၏ လျှို့ဝှက်ချက်

သုခမိန်ငါးဦးတို့ ပြဿနာကို ဖြေပြီးချိန်တွင် နေဝင်ချိန်သို့ ရောက်လာသည်။ နန်းတော်တစ်ခုလုံး ဆီးမီးများ ညှိထွန်းကြသည်။


မဟောသဓာသည် "ယခုကား ညဥ့်အချိန်သို့ ရောက်ပြီ။ မင်းရေးမင်းရာဟူသည် သိနိုင်ခဲသည်။ မည်သို့ဖြစ်လာမည်ကို အတပ်မသိနိုင်။ မြန်မြန် ပြန်မှ တော်မည်" ဟူ၍ စဉ်းစားဆင်ခြင်သည်။ သို့ဖြင့် မင်းကြီးအား ရှိခိုးခွင့်ပန်လျက် နန်းတော်မှ ထွက်လာခဲ့သည်။

ဤသို့ထွက်လာစဉ် 'သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း တို့စကားကို ဆင်ခြင်လေ့လာသည်။ သူတို့စကားသည် ပညာရှိတို့စကား မဟုတ်၊ လုပ်ကြံ၍ ဆိုခြင်းလည်း မဟုတ်တန်ရာ။ ဧကန္တ သူတို့၌ သူတို့ဆိုသည့်အတိုင်း အမှုတစ်ခုစီ ရှိနေဟန်တူသည်။ ယနေ့ညပင် သိအောင် ငါ ပြုမည်' ဟု ကြံ၏။

ချက်ချင်းပင် နန်းတော်တံခါးဝရှိ အစားအစာများ တင်စားရာ ထမင်းခုံကြီးရှိရာသို့ သွား၏။ သုခမိန် လေးယောက်သည် နန်းတော်မှ ပြန်တိုင်း ထိုထမင်းခုံပေါ်၌ ထိုင်ပြီးလျှင် တိုင်ပင် ဆွေးနွေးနေကျ ဖြစ်သည်။ မဟောသဓာသည် ထိုထမင်းခုံကြီးအား သူ၏ အခြွေအရံ သူငယ်ဖော်တို့ကို မ စေကာ ထိုအောက်၌ ပုန်းအောင်းနေလိုက်သည်။ သူငယ်ဖော်တို့အား သုခမိန်လေးယောက် ပြန်သွားသောအခါမှ သူ့ကို လာခေါ်ရန် မှာကြားလိုက်သည်။

မဟောသဓာ ဘုရင့်ရှေ့မှောက်တွင် မရှိသောအခါ သိန်းအမတ်သည် မင်းကြီးအား ထပ်မံ ကုန်းတိုက်ပြန်လေတော့သည်။ မင်းကြီးလည်း သူ၏ စကားကို ယုံကြည်သွားသည်။ မဟောသဓာသည် သူ့ကို ရန်ပြုမည့်သူဟူ၍ မှတ်ထင်သွားသည်။ သို့ဖြင့် "နက်ဖြန်တွင် မဟောသဓာ နန်းတော်သို့ အခစားဝင်သောအခါ တံခါးကြားမှနေ၍ လုပ်ကြံသတ်ဖြတ်လေလော့" ဟု ဆိုလိုက်သည်။ ထိုသို့ သတ်ဖြတ်ရန်လည်း သူ၏ သန်လျက်ကို သိန်းအမတ်အား ပေးလိုက်လေသည်။

သုခမိန်းလေးယောက်တို့လည်း အကြံအောင်သဖြင့် ဝမ်းသာအားရပင် နန်းတော်မှ ထွက်လာခဲ့ကြသည်။ ခါတိုင်းကဲ့သို့ပင် ထမင်းခုံပေါ်၌ ထိုင်ကြသည်။ မဟောသဓာကို သတ်ရန်အတွက် တိုင်ပင် ဆွေးနွေးကြသည်။ ထို့နောက် သူတို့သည် "လျှို့ဝှက်သော ကိစ္စကို မိတ်ဆွေ၊ ညီ၊ သား၊ မိခင်တို့အား ပြောအပ်၏ ဟု ဆိုခြင်းမှာ မိမိကိုယ်တွေ့အရ ပြောပါသလော။ သို့မဟုတ် မြင်ဖူးကြားဖူးသောကြောင့်ပြောပါသလော' ဟူ၍ အချင်းချင်း မေးမြန်းကြသည်။

ထိုအခါ သိန်းအမတ်က "ဤမြို့ရှိ နာမည်ကြီး ပြည့်တန်ဆာမတစ်ယောက်ကို ကျွန်ုပ်သည် အင်ကြင်းတောသို့ခေါ်၍ ပျော်ပါးခဲ့ပါသည်။ ထို့နောက် ထိုမိန်းမ၏ လက်ဝတ် လက်စားတို့ကို လိုချင်သောကြောင့် သတ်ခဲ့ပါသည်။ ထိုလက်ဝတ် လက်စားတို့ကို မိန်းမဝတ်သော အဝတ်ဖြင့်ပင် ထုပ်၍ ယူလာခဲ့ပါသည်။ သို့ရာတွင် အမှုပေါ်မည်စိုးသဖြင့် ထိုလက်ဝတ် လက်စားတို့ကို အသုံးမပြုဝံ့ပါ။ သည်အတိုင်း ဝှက်ထားရသည်။ ဤအကြောင်းကို သင်တို့လည်း မသိကြ။ အခြားသူများလည်း မသိကြ။ သို့ရာတွင် ကျွန်ုပ်၏ ယုံကြည်ရသော မိတ်ဆွေကိုကား ပြောပြခဲ့ပါသည်။ ထိုမိတ်ဆွေ ကောင်းစွာသိသည်။ မိတ်ဆွေကလည်း မည်သူ့ကိုမျှ မပြောပါ။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို မိတ်ဆွေအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်' ဟု ဆို၏။

ပက္ကုသ်အမတ်က "ကျွန်ုပ်၏ ပေါင်၌ နူနာကွက် ရှိသည်။ ကျွန်ုပ်၏ ညီသည် ဘယ်သူမျှ မသိအောင် နေ့တိုင်း နံနက်စောစောထ၍ ဖန်ရည်ဆေးပေးသည်။ ထို့နောက် ဆေးလိမ်းပေးသည်။ ထိုအကြောင်းကို ထိုညီမှတစ်ပါး မည်သူမျှ မသိ။ မင်းကြီးသည် တစ်ခါတစ်ရံ စိတ်လိုသောအခါ ကျွန်ုပ်၏ ပေါင်ကို ခေါင်းအုံးပြီး အိပ်စက်တတ်သည် မဟုတ်ပါလော။ အကယ်၍ ပေါင်တွင် နူနာရှိကြောင်း သိလျှင် ကျွန်ုပ်ကို ချမ်းသာပေးမည် မဟုတ်။ ထို့ကြောင့် 'လျှို့ဝှက်သောကိစ္စကို ညီအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ကာမိန်းအမတ်က "ကျွန်ုပ်သည် တစ်လတစ်ခါ လကွယ်နေ့ရောက်တိုင်း နရစိုးနတ် ဖမ်းစားသဖြင့် ခွေးရူးကဲ့သို့ အော်နေရပါသည်။ ဤအကြောင်းကို ကျွန်ုပ်၏ သားအား ပြောထားပါသည်။ ကျွန်ုပ် ထိုသို့ ခွေးရူးကဲ့သို့ အော်သည့်အခါတိုင်း ကျွန်ုပ်သားသည် ကျွန်ုပ်ကို အခန်းထဲ၌ ပိတ်ထားပါသည်။ ကျွန်ုပ်၏ အော်သံကို အခြားသူများ မကြားစေရန် ဆူညံစွာ ပွဲသဘင်ခံ၍ နေပါသည်။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို သားအား ပြောအပ်သည်' ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟု ဆို၏။

ဒေဝိန်းအမတ်က "ကုသမင်အား သိကြားမင်း ပေးသော တန်ခိုးရှိသည့် ပတ္တမြားသည် မင်းကြီး၌ ရှိသည် မဟုတ်ပါလော။ ထို ပတ္တမြားကို မင်းကြီးအလစ်တွင် ကျွန်ုပ်ခိုးယူထားခဲ့ပါသည်။ ယင်းကို မိခင်အား ပေးထားပါသည်။ မိခင်ကလည်း လျှို့ဝှက်စွာ သိမ်းပေးပါသည်။ ကျွန်ုပ် နန်းတော်သို့ အခစားဝင်သောအခါတွင်မှ ထုတ်ပေးပါသည်။ ထို ပတ္တမြား၏ တန်ခိုးကြောင့် မင်းကြီးသည် ကျွန်ုပ်နှင့်သာ ရှေးဦးစွာ စကားပြောသည်။ ရိက္ခာကိုလည်း နေ့စဉ်ပေးသည်။ ဤအကြောင်းကို မင်းကြီးသိလျှင် ကျွန်ုပ်ကို အရေးယူမည်မှာ မုချဖြစ်သည်။ ထို့ကြောင့် 'လျှို့ဝှက်သော ကိစ္စကို မိခင်အား ပြောအပ်သည်ဟု ကျွန်ုပ်ပြောခြင်း ဖြစ်ပါသည်" ဟူ၍ ဆို၏။

(မဟောသဓာအပိုင်း- ၂၄ "မဟောသဓာ၏ ထုတ်ဖော်ချက်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၂

သုခမိန်ငါးဦး ပြဿနာ

မဟောသဓာသည် စစ်သူကြီးရာထူးကို တိုးမြင့်ရရှိသွားသောအခါ အမတ်သုခမိန် သိန်း၊ ပက္ကုသ်၊ ကာမိန်း၊ ဒေဝိန်း လေးဦးတို့သည် လွန်စွာ မနာလို ဖြစ်မိကြပြန်သည်။ ထို့ကြောင့် မဟောသဓာ ပျက်စီးစေရန် ကြံကြပြန်သည်။


သူတို့လေးဦးသည် တိုင်ပင်ပြီးလျှင် မဟောသဓာအိမ်သို့ သွားကြသည်။ ရောက်သော် သိန်းအမတ်က မဟောသဓာအား မေးမြန်းသည်။
"သုခမိန်၊ ယောက်ျားတို့ မည်သည် အဘယ်တရား၌ တည်အပ်ပါသနည်း"
"ဆရာသေနက၊ ယောက်ျားတို့မည်သည် သစ္စာတရား၌သာ တည်အပ်၏"
"သုခမိန်၊ သစ္စာတရား၌ တည်သူသည် အဘယ်ကို ပြုအပ်ပါသနည်း"
"ဆရာသေနက၊ သစ္စာတရား၌ တည်သောသူသည် ဥစ္စာစည်းစိမ် ဖြစ်ထွန်းအောင် ပြုအပ်ပါ၏"
"သုခမိန်၊ ဥစ္စာစည်းစိမ် ဖြစ်ထွန်းပြီးသောသူသည် အဘယ်ကို ပြုအပ်ပါသနည်း"
"ဆရာသေနက၊ ဥစ္စာစည်းစိမ် ဖြစ်ထွန်းပြီးသောသူသည် တိုင်ပင်မှုကို ပြုအပ်ပါ၏"
"သုခမိန်၊ တိုင်ပင်မှုပြုသောအခါ အရာရာတိုင်းကို ပြောဆိုတိုင်ပင်အပ်ပါသလော"
"ဆရာအမတ်၊ တိုင်ပင်မှုပြုသောအခါ မိမိလျှို့ဝှက်အပ်သော အမှုကို သူတစ်ပါးအား မပြောအပ်ပါ"
"သုခမိန်၊ သင်၏ စကားသည် ကောင်းလေစွ"

ဤသို့ ပြောဆိုမေးမြန်းပြီးသော် အမတ်သုခမိန် လေးယောက်တို့သည် မဟောသဓာအိမ်မှ ဝမ်းမြောက် ဝမ်းသာ ပြန်လာခဲ့ကြသည်။

ထို့နောက် နန်းတော်သို့ ဝင်ပြီးလျှင် မင်းကြီးအား ကုန်းချောကြလေသည်။
"အရှင်မင်းကြီး၊ မဟောသဓာသည် နှုတ်ဖြင့်သာ အရှင့်စီးပွားတော်ကို အကျိုးလိုဟန် ပြောဆိုသည်။ စိတ်ထဲတွင်ကား မဖြောင့်မမှန်၊ အကောက်ကြံလျက် ရှိပါသည်။ မဟောသဓာသည် အရှင်မင်းကြီး၏ ရန်သူ ဖြစ်ပါသည်"
မင်းကြီးက-
"သင်တို့စကားကို ငါမယုံ၊ မဟောသဓာသည် ငါ့ရန်သူ မဖြစ်နိုင်" ဟု ဆို၏။
သိန်းအမတ်က-
"အရှင်မင်းကြီး၊ ယုံတော်မမူလျှင် မဟောသဓာအား မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောအပ်သနည်းဟု မေးတော်မူပါ၊ အကယ်၍ မင်းကြီး၏ ရန်သူမဟုတ်လျှင် မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောအပ်၏ဟု ဆိုပါလိမ့်မည်။ ရန်သူဖြစ်လျှင်ကား မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောအပ်ဟု ဆိုပါလိမ့်မည်။ ထိုအခါကျမှ ကျွန်ုပ်တို့၏ စကား မှန်ကြောင်း ယုံတော်မူပါလိမ့်မည်" ဟု လျှောက်၏။

မင်းကြီးက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
မကြာမီ သုခမိန် ငါးယောက်တို့ စုံညီစွာ ခစားနေကြစဉ်-
"သုခမိန်တို့၊ ငါ ပြဿနာတစ်ခု မေးမည်။ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောကြားအပ်သနည်း" ဟု မေးလေသည်။
ထိုအခါ သိန်းအမတ်သည် 'ငါတို့ဘက်၌ မင်းကြီးမပါဘဲ မဟောသဓာကို ယှဉ်ပြိုင်၍ မနိုင်နိုင်။ ငါတို့ဘက်၌ မင်းကြီးပါအောင် ပြုပြီးမှ ယှဉ်ပြိုင်ရလျှင် မဟောသဓာ ခံနိုင်မည်လော' ဟု ကြံသည်။ ထို့နောက် -
"အရှင်မင်းကြီးကစ၍ မိမိ၏ လျှို့ဝှက်ချက်ကို မည်သူ့အား ပြောကြားအပ်သည်ဟု မိန့်တော်မူပါ" ဟု လျှောက်ထားလေသည်။

ဤတွင် မင်းကြီးက "မိမိ၏ လျှို့ဝှက်ချက်ကို မယားအား ပြောကြားအပ်၏" ဟု ဆို၏။ သိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို အဆွေခင်ပွန်းအား ပြောကြားအပ်၏" ဟု ဆို၏။ ပက္ကုသ်အမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို ညီဖြစ်သူအား ပြောကြားအပ်၏" ဟု ဆို၏။ ကာမိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို သားဖြစ်သူအား ပြောကြားအပ်၏" ဟု ဆို၏။ ဒေဝိန်းအမတ်က "မိမိ၏ လျှို့ဝှက်ချက်ကို မိခင်အား ပြောကြားအပ်၏" ဟု ဆို၏။

ထို့နောက် မဟောသဓာကို မင်းကြီးက မေးတော်မူသည်။ မဟောသဓာက "အရှင်မင်းကြီး၊ လျှို့ဝှက်အပ်သော ကိစ္စကို လျှို့ဝှက်ထားခြင်းသာ ကောင်းသည်။ မိမိ၏ လျှို့ဝှက်ချက်ကို ကိစ္စမပြီးမီ မည်သူ့ကိုမျှ မပြောအပ်။ ကိစ္စပြီးသောအခါကျမှသာ ပြောသင့်၏" ဟု ဆိုလေသည်။

ထိုအခါ မင်းကြီးသည် စိတ်မကောင်းဖြစ်သွားသည်။ သိန်းအမတ်သည် မင်းကြီး၏ မျက်နှာကို လှမ်းကြည့်သည်။ မင်းကြီးကလည်း သိန်းအမတ်၏ မျက်နှာကို လှမ်းကြည့်သည်။ ဤတွင် မဟောသဓာသည် မင်းကြီးနှင့် သိန်းအမတ်တို့၏ အမူအရာကို မြင်သောအခါ 'သုခမိန် လေးယောက်တို့သည် ရှေးမဆွကပင် မင်းကြီးကို ကုန်းချောထားပြီး ဖြစ်မည်။ စုံစမ်းသည့် သဘောဖြင့် ပြဿနာ ပြုလုပ်မေးမြန်းခြင်း ဖြစ်မည်' ဟု အကဲခတ်မိသွားလေသည်။

(မဟောသဓာအပိုင်း- ၂၃ "သုခမိန်လေးဦး၏ လျှို့ဝှက်ချက်" ဆက်တင်ပါမည်)

Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း- ၂၁

ပြဿနာလေးချက် အဖြေလေးချက်

မင်းကြီးသည် မဟောသဓာ၏ စကားကို ကြားရသောအခါ လေးစားမြတ်နိုးသွားသည်။ ထို့ကြောင့် မဟောသဓာအား ထီးဖြူစိုက်ထားသော ရာဇပလ္လင်ပေါ်၌ ထိုင်စေသည်။ မိမိမူကား ကြမ်းပြင်ပေါ်၌ ထိုင်သည်။ ထို့နောက် နတ်သမီးမေးသော ပြဿနာလေးချက်ကို တစ်ချက်စီမေးသည်။ မဟောသဓာကလည်း ပိုင်နိုင်စွာဖြင့် တစ်ချက်စီ ဖြေဆိုပြသည်။


"သုခမိန်၊ ပထမပြဿနာမှာ လက်၊ ခြေတို့ဖြင့် မျက်နှာကို ပုတ်ခတ်၏။ သူ့ကို ယင်းသို့ပုတ်ခတ်သည့် အတွက် ချစ်နေရသည်။ သူကား မည်သူနည်း"
"အရှင်မင်းကြီး၊ နို့စို့အရွယ် ရင်သွေးငယ်ကို ဆိုခြင်းဖြစ်ပါသည်။ နို့စို့အရွယ် ရင်သွေးငယ်သည် မိခင်က ရင်ခွင်ပိုက်၍ ချော့မြှူသောအခါ မြူးရွှင်လျက် လက်၊ ခြေတို့ဖြင့် မိခင်ကို ပုတ်ခတ် ကန်ကျောက်သည်။ ဆံပင်ကို ဆွဲသည်။ လက်သီးဆုပ်ကလေးဖြင့် မိခင်၏ မျက်နှာကို ထုသည်။ ယင်းသို့ ပုတ်ခတ်သည့် အတွက် မိခင်တို့က ချစ်မဝနိုင်အောင် ဖြစ်နေရပါသည်"

"သုခမိန်၊ ဒုတိယပြဿနာမှာ နှုတ်ကဆဲရေး၏။ သို့ရာတွင် သူမလာမည်ကိုလည်း စိုးရိမ်သည်။ သူ့ကိုပင် ချစ်နေရသည်။ သူကား မည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာမျာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော သားကလေးကို ဆိုခြင်းဖြစ်ပါသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော သားသည် မိခင်ဖြစ်သူက လယ်တောသို့ ဖြစ်စေ၊ ဈေးဆိုင်သို့ ဖြစ်စေ အသွားခိုင်းလျှင် မုန့်ပေးမှ သွားမည်ဟု ပြောပါသည်။ မုန့်ပေးလိုက်သောအခါ ခိုင်းရာသို့ မသွား၊ တော်ရာတွင် အခြားကလေးများနှင့် ကစားနေပြီး နောက်မှ ပြန်လာပါသည်။ မိခင်က ထပ်၍ သွားခိုင်းသောအခါ ပြောင်ပြပြီး ထွက်ပြေးပါသည်။ ထိုအခါ မိခင်က မြည်တွန် ဆဲရေးပြီး တုတ်ကိုင်၍ လိုက်ပါသည်။ ယင်းသို့ နှုတ်က ဆဲရေးသော်လည်း စိတ်ထဲက မပါပါ။ နေဝင်၍ အိမ်ပြန်မလာလျှင် 'ငါ့သားသည် ငါဆဲရေး ခြိမ်းခြောက်သောကြောင့် အိမ်မှ ထွက်ပြေးရှာသည်။ ယခု အချိန်တန်သော်လည်း ပြန်မရောက်လာသေး။ အဘယ်အရပ်၌ ရှိနေပါသနည်း' ဟု စိုးရိမ်ပူပန်စွာ လှည့်လည် ရှာဖွေပါသည်။ နောက်ဆုံး ဆွေမျိုးအိမ်တွင် သားငယ်ကို တွေ့မြင်သောအခါ မျက်ရည်ကျလျက် သားငယ်၏ နဖူးဆံစတို့ကို နမ်းရှုပ်ပါသည်။ "ချစ်သား၊ မိခင် ဆဲရေးသည်ကို စိတ်ဆိုးသလော" ဟု ဆိုကာ ချော့မော့၍ အိမ်သို့ခေါ်ဆောင်သွားပါသည်"

"သုခမိန်၊ တတိယပြဿနာမှာ မဟုတ်မမှန် စွပ်စွဲပြောဆို၏။ မခံချင်အောင် မဟုတ်မမှန် ပြောတတ်၏။ ယင်းသို့ ပြောသည့်အတွက်ပင် သူ့ကို ချစ်နေရသည်။ သူကားမည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာကား ညားခါစ ဇနီးမောင်နှံကို ဆိုခြင်းဖြစ်ပါသည်။ ညားခါစ ဇနီးမောင်နှံတို့သည် သင်သည် ငါ့အပေါ်၌ ချစ်စိတ် မရှိ၊ အခြားသူတစ်ယောက်အပေါ်၌သာ ချစ်စိတ်ရောက်နေသည် စသည်ဖြင့် မဟုတ်မမှန် စွပ်စွဲကာ မခံချင်အောင် ပြောဆိုတတ်ကြသည်။ ဤသို့ ပြောဆိုလျက်နှင့်ပင် အချင်းချင်း အလွန်ချစ်နေကြရပါသည်"

"သုခမိန်၊ စတုတ္ထပြဿနာမျာ ထမင်း၊ အဖျော်၊ အဝတ်အစား၊ အိပ်ရာနေရာ စသည်တို့ကို ယူဆောင်၏။ ယင်းသို့ ယူဆောင်သွားသည့်အတွက်ပင် သူ့ကို ချစ်ခင်မြတ်နိုး လေးစားနေရသည်။ သူကားမည်သူနည်း"
"အရှင်မင်းကြီး၊ ဤပြဿနာကား အကျင့်သီလရှိသော ရဟန်း ပုဏ္ဏားတို့ကို ဆိုခြင်းဖြစ်ပါသည်။ သဒ္ဓါတရားရှိသော သူတို့သည် ရဟန်း ပုဏ္ဏားတို့ကို မိမိတို့အား ဆွမ်းဘောဇဉ် စသည်ကို အလှူခံလျှင်လည်း ဝမ်းသာကြသည်။ ပေးလှူကြသည်။ အကယ်၍ အလှူမခံဘဲ မိမိဘာသာ လှူသော ပစ္စည်းတို့ကို ထိုရဟန်း ပုဏ္ဏားတို့က သုံးဆောင်လျှင်လည်း ဝမ်းသာကြပါသည်"

ဤသို့လျှင် ထီးချက်စောင့် နတ်သမီးမေးသော ပြဿနာတစ်ချက်စီကို မင်းကြီးက ပြန်မေးသည်။ မဟောသဓာသုခမိန်ကလည်း တစ်ချက်စီကို သေချာစွာ ရှင်းလင်းဖြေကြားသည်။ ပြဿနာတစ်ချက် ဖြေပြီးတိုင်း ထီးချက်စောင့်နတ်သမီးသည် ကိုယ်တစ်ပိုင်းပြလျက် မဟောသဓာအား ကောင်းချီးပေးသည်။ နတ်ပန်းနံ့သာတို့ဖြင့် ပူဇော်သည်။ နောက်ဆုံးဖြစ်သည့် စတုတ္ထပြဿနာကို ဖြေပြီးသောအခါ၌ကား ထီးချက်စောင့်နတ်သမီးသည် မဟောသဓာကို ကောင်းချီးလည်းပေးသည်။ ရတနာ ခုနှစ်ပါးကိုလည်း ရတနာကလပ်ဖြင့် ထည့်၍ ပူဇော်လေသည်။

မင်းကြီးသည်လည်း မဟောသဓာသုခမိန်အား ရှေးကထက်တိုး၍ ပူဇော်သည်။ စစ်သူကြီးအရာကိုလည်း ပေးလိုက်လေသည်။

(မဟောသဓာအပိုင်း- ၂၂ "သုခမိန်ငါးဦး ပြဿနာ" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၂၀

မဟောသဓာကို ပြန်ခေါ်ခန်း

မဟောသဓာကို ခေါ်ဆောင်လာသော အမတ်သည် နန်းတော်တံခါးပြင်၌ မဟောသဓာကို ထားခဲ့သည်။ ထို့နောက် မင်းကြီးရှေ့တော်သို့ ဝင်သည်။ မဟောသဓာကို တွေ့သဖြင့် အတူခေါ်လာကြောင်း လျှောက်ထားသည်။ မင်းကြီက "မဟောသဓာသုခမိန်ကို သင်အဘယ်အရပ်၌ တွေ့သနည်း" ဟု မေးမြန်းသည်။


"အရှင်မင်းကြီး၊ မဟောသဓာသုခမိန်သည် တောင်ယဝမဇ္ဈဂုံးရွာ၌ အိုးထိန်းသည် လုပ်နေပါသည်။ နိမ့်ကျစွာဖြင့် မုယောထမင်းကို စားနေစဉ် အကျွန်ုပ်တွေ့ပါသည်။ အမိန့်တော်အရ ခေါ်ကြောင်း ပြောသောအခါ အိုးထိန်းအမှုလုပ်ရာ ရွှံ့ထဲမှထ၍ ရေမျှမချိုးဘဲ လိုက်လာပါသည်။ ရွှံ့အလိမ်းလိမ်း ကပ်သော ကိုယ်ဖြင့်ပင်လျှင် ယခုရောက်ရှိနေပါပြီ" ဟူ၍ လျှောက်၏။

ထိုစကားကိုကြားလျှင် မင်းကြီးသည် ကျေနပ်သွားသည်။ "မဟောသဓာသည် ငါ့ကို ရန်ပြုလိုသူ ဖြစ်ပါက ဆင်၊ မြင်း စီရင်ခင်းကျင်း နေရာ၏။ ယခုမူ ဆင်းရဲသား အဖြစ် အိုးထိန်းသည် လုပ်၍ အသက်မွေးနေသည်။ ငါ့ရန်သူ မဟုတ်" ဟု တွေးတော ဝမ်းသာသွားသည်။

"ငါ့သားတော် မဟောသဓာ အိမ်ပြန်၍ ရေမိုးချိုးပါစေ။ ထို့နောက်မှ ငါချီးမြှောက်တော်မူသည့် အဆောင်အယောင်ဖြင့် အခစားဝင်ပါစေ" ဟု မိန့်တော်မူလိုက်လေသည်။

မဟောသဓာသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း ပြုပြီးမှ အခစားဝင်လာသည်။ မင်းကြီးသည် မဟောသဓာကို မြင်တွေ့သောအခါ မဟောသဓာ၏ စိတ်ကို စမ်းလိုသောကြောင့် မေးမြန်းပြန်သည်။

"သုခမိန်၊ အချို့သော စည်းစိမ်ရှင်တို့သည် ဤမျှလောက်ကြွယ်ဝ ချမ်းသာလျှင် တော်လောက်ပြီဟု နှလုံးပိုက်လိုက်ကြသည်။ နောက်ထပ် တိုး၍ ချမ်းသာရန်အတွက် မကောင်းမှုကို မပြုဘဲနေကြသည်။ အချို့ကား ကဲ့ရဲ့ခံရမည်ကို ကြောက်သောကြောင့် မကောင်းမှုကို မပြုဘဲ နေကြသည်။ ပထမလူမှာ အစွမ်းမရှိသောသူ ဖြစ်သည်။ ဒုတိယလူကား ပညာနည်းသူ ဖြစ်သည်။ သင်ကား အစွမ်းရှိသူလည်း ဖြစ်သည်။ ပညာရှိသူလည်း ဖြစ်သည်။ သို့ဖြစ်လျက် အဘယ့်ကြောင့် ငါ့ကို ဒုက္ခမပေးပါသနည်း"

"အရှင်မင်းကြီး၊ ပညာရှိတို့သည် မိမိ၏ ချမ်းသာမှုအတွက် မကောင်းမှုကို မပြုကြကုန်။ သူတော်ကောင်းမှန်က ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာမှ လျှောကျ၍ ဆင်းရဲဒုက္ခနှင့် တွေ့နေသော်လည်း မမှုပါ။ လိုချင်လောဘကြောင့် ဖြစ်စေ၊ အမျက်ဒေါသကြောင့် ဖြစ်စေ သုစရိုက်တရားကို မစွန့်ပါ"
"သုခမိန်၊ မိမိသည် အကြောင်းတစ်ခုခုကြောင့် ဆင်းရဲဒုက္ခ ရောက်နေလျှင် ထိုဆင်းရဲဒုက္ခမှ လွတ်အောင်လုပ်ပြီးမှသာ သုစရိုက်တရားကို လိုက်နာပြုကျင့်အပ်သည် မဟုတ်ပါလော"
"အရှင်မင်းကြီး၊ လူကိုမဆိုထားဘိ၊ အသက်မဲ့သော သစ်ပင်ဖြစ်သော်လည်း အရိပ်ခိုဖူးက ထိုသစ်ပင်၏ အကိုင်းအခက်ကိုမဖျက်ဆီးသင့်ပါ။ ဖျက်ဆီးလျှင် ကျေးဇူးရှင်ကို ပြစ်မှားသည် မည်ပါသည်။ ကျေးဇူးရှင်ကို ပြစ်မှားသောသူသည် လူယုတ်မာ ဖြစ်ပါသည်။
"အရှင်မင်းကြီး၊ အကြင်ဆရာထံမှ အနည်းငယ်မျှ သိရသည် ဖြစ်စေ၊ မိမိ၏ မရှင်းလင်းချက်ကို ရှင်းလင်းပေးသည် ဖြစ်စေ၊ ထိုဆရာသည် မိမိ၏ မှီခိုအားထားရာပင် ဖြစ်ပါသည်။ ပညာရှိမှန်က ထိုကဲ့သို့သော ဆရာမျိုးနှင့် အဆွေခင်ပွန်း ဖွဲ့အပ်ပါသည်။ ပြစ်မှားခြင်း မပြုအပ်ပါ"

ထို့နောက် မဟောသဓာသည် မင်းကြီးအား အိမ်ရာထောင်သောသူသည် မပျင်းရိသင့်ကြောင်း၊ ရသေ့ရဟန်းသည် ကိုယ်နှုတ်နှလုံး စောင့်စည်းသင့်ကြောင်း၊ မင်းသည် အမှုကို စူးစမ်းဆင်ခြင်၍ ပြုသင့်ကြောင်း၊ ပညာရှိသည် အမျက်မထွက်သင့်ကြောင်း စသည်ဖြင့် လျှောက်ထားသည်။

(မဟောသဓာအပိုင်း- ၂၁ "ပြဿနာလေးချက် အဖြေလေးချက်" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း- ၁၉

ထီးချက်စောင့် နတ်သမီး၏ ပြဿနာလေးရပ်

မဟောသဓာ ထွက်ပြေးသည်မှစ၍ နန်းတော်မှာ တရားသံ ဆိတ်သုဉ်းသွားသည်။ မျက်မှောက်ဘဝနှင့် တမလွန်ဘဝအတွက် တန်ဖိုးရှိသော တရားစကားကို ညွှန်ပြမည့်သူ မရှိတော့ပေ။


ထိုအခါ ဝိဒေဟရာဇ်မင်းကြီး၏ ထီးချက်စောင့်နတ်သမီးသည် အလိုမကျ။ မဟောသဓာကို ပြန်ခေါ်စေလိုသည်။ ထို့ကြောင့် မဟောသဓာကို ပြန်ခေါ်စေရန်အတွက် တစ်ညတွင် မင်းကြီးအား ပြဿနာလေးရပ်ကို ဖြေဆိုရန် မေးမြန်းသည်။

မေးမြန်းသော ပထမပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို ခြေ၊ လက်တို့ဖြင့် ရင်၊ မျက်နှာ စသည်တို့ကို ပုတ်ခတ်၏။ ထိုသို့ ပုတ်ခတ်လျက်ပင် ပုတ်ခတ်သူကို ပုတ်ခတ်ခံရသူသည် အလွန်ချစ်ခင်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်နည်။

ဒုတိယပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို ဆိုမြည်ဆဲရေး၏။ ထိုသို့ ဆဲရေးလျက်ပင် ထိုသူကို လာစေချင်၏။ ထိုသူကို အလွန်ချစ်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ်ပုဂ္ဂိုလ်နည်း။

တတိယပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦးကို မခံချင်အောင် မဟုတ်မမှန် စွပ်စွဲပြောဆို၏။ စွပ်စွဲခံရသူသည် တစ်ဖန် မခံချင်အောင် ပြန်လှန်ပြောဆို စွပ်စွဲ၏။ ထိုသို့ ပြောဆို စွပ်စွဲလျက်ပင် တစ်ဦးကို တစ်ဦး အလွန်ချစ်မြတ်နိုးကြ၏။ ထို ပုဂ္ဂိုလ်တို့ကား အဘယ် ပုဂ္ဂိုလ်တို့နည်း။

စတုတ္ထပြဿနာမှာ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ဦး၏ အစားအသောက်၊ အဝတ်ပုဆိုး၊ အိပ်ရာနေရာတို့ကို သုံးဆောင်ယူငင်၏။ ထိုသို့ ပြုလျက်ပင် ဥစ္စာရှင်သည် သုံးဆောင်ယူငင်တိုင်း အလွန်ချစ်မြတ်နိုး၏။ ထိုပုဂ္ဂိုလ်ကား အဘယ် ပုဂ္ဂိုလ်နည်း။

နတ်သမီးသည် ညဥ့်အခါ၌ ထီးချက်ကို ဖွင့်လှစ်ပြီးလျှင် "ဤပြဿနာလေးရပ်ကို မင်းကြီးဖြေဆိုလော့" ဟု ဆို၏။ မင်းကြီးက "နတ်သမီး၊ ဤပြဿနာတို့ကို နံနက်သို့ ရောက်သောအခါမှ ပညာရှိ သုခမိန်တို့ကို မေး၍ ဖြေပါမည်။ စောင့်ဆိုင်းပါဦးလော့" ဟု ဆို၏။

နတ်သမီးကလည်း "ကောင်းပါပြီ မင်းကြီး" ဟု ဆို၏။

နံနက်လင်းသောအခါ မင်းကြီးသည် သုခမိန်လေးယောက်ကို အခေါ်ခိုင်းသည်။ သုခမိန် လေးယောက်တို့လည်း မိမိတို့မှာ ခေါင်းတုံးများဖြစ်နေသဖြင့် ရှက်ရွံ့နေကြသည်။ ထိုအကြောင်းကို မင်းကြီးသိသော် ဗောင်းထုပ်လေးခု ပို့ခိုင်းလိုက်သည်။ သုခမိန်လေးယောက်တို့လည်း ဗောင်းထုပ် ကိုယ်စီဆောင်း၍ လာကြ၏။

သူတို့ရောက်လာသောအခါ မင်းကြီးသည် အကျိုးအကြောင်း ပြောပြသည်။ ထီးချက်စောင့် နတ်သမီးမေးသော ပြဿနာလေးရပ်ကို ဖြေဆိုစေသည်။ မည်သူမျှ မဖြေဆိုနိုင်ကြချေ။ ညအချိန်ရောက်သောအခါ မင်းကြီးသည် နတ်သမီးကို သုခမိန်တို့လည်း မဖြေနိုင်ကြောင်း ပြောပြသည်။

နတ်သမီးက "မဟောသဓာသုခမိန်မှတစ်ပါး ဤပြဿနာကို ဖြေဆိုနိုင်မည့်သူ မရှိ" ဟု ဆို၏။ ထိုသို့ဆိုရာမှ အလျှံတပြောင်ပြောင်တောက်သော သံတုတ်ဖြင့် မင်းကြီးကို မိုးလျက် "ပြဿနာကို မဖြေဆိုနိုင်လျှင် သင်မင်းကြီး၏ ဦးခေါင်းကို ရိုက်ခွဲအံ့" ဟု ခြိမ်းခြောက်၏။

ထို့နောက် "မင်းကြီး၊ မီးကို လိုချင်လျှင် ပိုးစုန်းကြူးကို မှုတ်၍ မရနိုင်။ နွားနို့ကို လိုချင်လျှင် နွားမ၏ ဦးချို၌ ညှစ်၍ မရနိုင်" ဟုဆိုကာ ကွယ်သွားလေသည်။ နံနက်မိုးသောက်သော် မင်းကြီးသည် အမတ်လေးယောက်တို့ကို ခေါ်တော်မူသည်။ မြို့ပြင်လေးရပ်သို့ အသီးသီးသွားပြီးလျှင် မဟောသဓာကို ရှာဖွေခေါ်ဆောင်ခဲ့ရန် စေလွှတ်လိုက်သည်။ အမတ်လေးယောက်လည်း ရထားတစ်စီးစီ စီးလျက် အသီးသီးထွက်ခဲ့ကြသည်။ တောင်ယာမဇ္ဈဂုံးရွာသို့ အရှာထွက်သော အမတ်သည် အိုးလုပ်သမားအိမ်၌ မဟောသဓာကို တွေ့လေ၏။

ထိုအချိန်၌ မဟောသဓာသည် အိုးလုပ်သမားကြီး အိုးလုပ်သည်ကို ကူညီလုပ်ကိုင်ပေးလျက် ရှိသည်။ သူသည် အိုးထိန်းစက်ကို လှည့်ပေးနေသည်။ သူ့တစ်ကိုယ်လုံး ရွှံ့များ ပေနေသည်။ အတန်ကြာသော် သူသည် ကောက်ရိုးမှိုက်ပုံပေါ်၌ ထိုင်လျက် မုယောထမင်းကို ဟင်းကလေးနည်းနည်းဖြင့် စားနေသည်။ ဤသို့ အိုးလုပ်သမား အဖြစ်ဖြင့် ဆင်းရဲခံ၍ နေခြင်းမှာ အကြောင်းရှိသည်။

မင်းကြီးက သူ့ကို ထီးနန်းလုယူလိမ့်မည်ဟု စိုးရိမ်နေမှုကို ပပျောက်စေရန် ဖြစ်သည်။ မဟောသဓာကို တွေ့သောအမတ်သည် သေနကသုခမိန်၏ ဘက်တော်သားဖြစ်သည်။ ထို့ကြောင့် မဟောသဓာကို မြင်သောအခါ သူက "မဟောသဓာ သုခမိန်၊ ပညာရှင်ထက် စည်းစိမ်ရှင်ကသာ မြတ်သည်ဆိုသော သိန်းဆရာ၏ စကားသည် မှန်နေပြီ မဟုတ်ပါလော။ သင်သုခမိန်သည် ပညာရှိကြီး တစ်ဆူဖြစ်ပါလျက် ယခုကဲ့သို့ ဆင်းရဲဒုက္ခ ရောက်နေသောအခါ တတ်သိသော ပညာများလည်း အားကိုးရာ မရ ဖြစ်နေပြီ မဟုတ်ပါလော" ဟု ဆို၏။

မဟောသဓာက "အမတ်မိုက်၊ ငါသည် ရှေးက ရှိရင်းဖြစ်သော စည်းစိမ်ကို ငါ၏ ပညာစွမ်းဖြင့် ပြန်၍ ရအောင် ပြုလိုသောကြောင့် ယခုကဲ့သို့ အဆင်းရဲခံ၍ နေခြင်းဖြစ်သည်။ မထင်မရှား နေရမည့်အခါနှင့် ပေါ်ပေါ်ထင်ထင် နေရမည့်အခါ ဟူ၍ ရှိသည်။ ယခုအခါကား မင်းကြီး အမျက်တော်ရှိနေခိုက် ဖြစ်၍ မထင်မရှား နေရမည့် အခါဖြစ်သည်။ ထို့ကြောင့် မထင်မရှား အိုးလုပ်သမားအဖြစ်ဖြင့် ငါနေခြင်းဖြစ်သည်။ ဤသို့နေသည်ကို မင်းကြီးသိလျှင် ဖြောင့်မှန်သော ငါ့စိတ်ရင်း အမှန်ကို သိလိမ့်မည်" ဟု ဆိုသည်။

ထို့နောက် အမတ်သည် ထီးချက်စောင့် နတ်သမီးက ပြဿနာလေးရပ်မေးပုံ၊ သုခမိန်လေးယောက်ကို မေးရာ မဖြေနိုင်ပုံ၊ ထို့ကြောင့် မင်းကြီးက မဟောသဓာကို အခေါ်လွှတ်သဖြင့် လာရပုံတို့ကို ပြောပြသည်။

ထိုအခါ မဟောသဓာက "သို့ဖြစ်ပါလျက် ပညာ၏ အာနုဘော်ကို အဘယ့်ကြောင့် သင် မသိလေသနည်း။ ဤကဲ့သို့ အခါမျိုး၌ စည်းစိမ်ချမ်းသာသည် အားထားရာ မဟုတ်၊ ပညာရှင်သည်သာလျှင် အားထားရာဖြစ်သည် မဟုတ်ပါလော" ဟု ဆို၏။

အမတ်က "မဟောသဓာသုခမိန်အား တွေ့ရာအရပ်တွင် အသပြာတစ်ထောင်ဖြင့် ပူဇော်ပြီး ခေါ်ဆောင်ခဲ့ရမည်ဟု အမိန့်တော် ပါပါသည်" ဟု ဆိုသည်။ ဆိုသည့်အတိုင်းလည်း မဟောသဓာကို အသပြာတစ်ထောင် ပေးဆက်သည်။

အိုးလုပ်သမားကြီးသည် သူ့ထံ၌ အခစားလုပ်နေသူမှာ အခြားသူမဟုတ်။ မဟောသဓာသုခမိန် ဖြစ်ကြောင်း သိသွားသည်။ ထိုအခါ ခိုင်းစေမိသည့်အတွက် ကြောက်လန့်နေသည်။ မဟောသဓာက "ဆရာ၊ မကြောက်ပါနှင့်။ ဆရာသည် ကျွန်ုပ်အပေါ် ကျေးဇူးများလှပါသည်" ဟုဆိုကာ ငွေတစ်ထောင် ပေးသည်။ ထို့နောက် ရွှံ့ပေးနေသော ကိုယ်ဖြင့်ပင် ရထားပေါ်တက်၍ လိုက်သွားလေသည်။

(မဟောသဓာအပိုင်း- ၂၀ "မဟောသဓာကို ပြန်ခေါ်ခန်း" ဆက်တင်ပါမည်)