Tuesday, May 15, 2012

မဟောသဓာဇာတ် အပိုင်း-၇

သားခိုးအမှု

တစ်နေ့သ၌ မိန်းမတစ်ယောက်သည် သားငယ်ကို ပိုက်ချီလျက် မဟောသဓာ စီရင်သော ရေကန်သို့ ရောက်လာသည်။ သူသည် သားငယ်ကို ရှေးဦးစွာ ရေချိုးပေးသည်။ ထို့နောက် မိမိ မျက်နှာသစ်ရန်အတွက် သားငယ်ကို အဝတ်ပေါ်၌ သိပ်ထားပြီးလျှင် ရေကန်သို့ ဆင်းသည်။


ထိုအခြင်းအရာကို ဘီလူးမတစ်ယောက် တွေ့မြင်သွားသည်။ ဘီလူးမသည် သားငယ်ကို စားချင်သဖြင့် မိန်းမအသွင် ဖန်ဆင်းလာသည်။

"အဆွေမ၊ သည်သူငယ်သည် ချစ်ကြင်နာဖွယ်ရှိ၏။ သင့်သားပေလော့"
"မှန်ပါသည်။ ကျွန်ုပ်၏သားဖြစ်ပါသည်"
"ထိုသူငယ်ကိုချီ၍ ကျွန်ုပ်နို့တိုက်စမ်းပါရစေ"

သူငယ့်အမိလည်း သဘောရိုးထင်၍ "တိုက်ပါလော့" ဟုဆိုသည်။ ဘီလူးမသည် သူငယ်ကို ပိုက်၍ နို့တိုက်ဟန်ဆောင်ကာ ခိုးယူထွက်ပြေးလေသည်။

သူငယ့်အမိလည်း "သင် ငါ့သားကိုယူ၍ အဘယ်သို့ သွားမည်နည်း" ဟု ဆိုလျက် ပြေးလာ၏။ ဘီလူးမလက်ကို ကိုင်ဆွဲ၏။

ဘီလူးမက "ဤသူငယ်ကား သင့်သား မဟုတ်။ ငါ့သားတည်း" ဟု ဆိုကာ မပေးဘဲထား၏။ နှစ်ဦးငြင်းခုံကြလျက် မဟောသဓာ ကစားရာ တံခါးဝသို့ ရောက်လာ၏။ လူအများလည်း ဝိုင်းဝန်းလာကြသည်။

ဘီလူးမက "အရှင့်သား၊ ကျွန်ုပ်သားကို ကျွန်ုပ်ပိုက်ချီလျက် ခရီးသွားပါသည်။ ထိုစဉ် ထိုမိန်းမက သူ့သားကို ယူသည်ဟု စွပ်စွဲပါသည်။ ကျွန်ုပ်သည် ထိုမိန်းမကို လုံးဝမသိကျွမ်းပါ" ဟု ဆို၏။

သူငယ့်အမိက "အရှင့်သား၊ ထိုသို့မဟုတ်ပါ" ဟု ဆို၍ ဖြစ်ပျက်ပုံ အလုံးစုံကို ဟုတ်တိုင်း ပြန်ကြား၏။

မဟောသဓာသည် စကားနှစ်ခွန်းကို ကြားပြီးနောက် မိန်းမနှစ်ဦးကို အကဲခတ် ကြည့်ရှုသည်။ ဘီလူးမနှင့် သူငယ့်အမိကို ခွဲခြားသိမြင်သွားသည်။ သို့ရာတွင် အများသိအောင် စီရင်ပြမည်ဟု ကြံသည်။ "သင်တို့၊ ငါ့အဆုံးအဖြတ်ကို လိုက်နာမည်လော" ဟု မေးသည်။ "လိုက်နာပါမည်" ဟု နှစ်ဦးလုံးကလည်း ဝန်ခံကြသည်။

ဤတွင် မဟောသဓာသည် မြေ၌ စည်းသားသည်။ စည်းပေါ်၌ သူငယ်ကို သိပ်ထားစေသည်။ ထို့နောက် ဘီလူးမအား သူငယ်၏ လက်တို့ကို ကိုင်စေသည်။ သူငယ်၏ အမိအား သူငယ်၏ ခြေတို့ကို ကိုင်စေသည်။ အသင့်ရှိကြသော် "သင်တို့နှစ်ယောက် ကလေးကို လုကြလော့။ လု၍ နိုင်သောသူသည် သားရှင်ဖြစ်စေ" ဟု ဆို၏။

မိန်းမနှစ်ယောက်လည်း မဟောသဓာ ဆိုတိုင်း လုကြသည်။ သူငယ်သည် အလွန်နာကျင်သဖြင့် သည်းစွာငိုသည်။ အမိသည် သူငယ်၏ ဖြစ်အင်ကို မရှုရက်။ မိမိ၏ နှလုံး ကွဲအံ့သကဲ့သို့ စိတ်ထိခိုက်သည်။ ထို့ကြောင့် သူငယ်၏ ခြေတို့ကို လွှတ်လိုက်သည်။ ရပ်လျက် ညှိုးငယ်စွာ နေ၏။

ဤတွင် မဟောသဓာက ပရိသတ်အား "အချင်းတို့၊ အမိနှင့်သူစိမ်းတွင် သားကို မည်သူက ချစ်သနည်း" ဟု မေးသည်။

ပရိသတ်က "အရှင့်သား၊ အမိသာလျှင် သားကိုချစ်၏" ဟု ဆိုကြ၏။

ထိုအခါ ပရိသတ်ကို မဟောသဓာ မေးပြန်သည်။

"အချင်းတို့၊ ယခု သူငယ်ကို လုယူနိုင်သောမိန်းမသည် ထိုသူငယ်၏ မိခင်လော။ သို့တည်းမဟုတ်၊ မလုနိုင်သော မိန်းမသည် ထိုသူငယ်၏ မိခင်လော။ သင်တို့ အသို့ထင်ကြသနည်း"

"အရှင့်သား၊ သူငယ်နာကျင်သည်ကို မရှုရက်သဖြင့် လွှတ်လိုက်သော မိန်းမသည်သာလျှင် သူငယ်၏ မိခင်ဖြစ်မည်ဟု အကျွန်ုပ်တို့ ထင်ပါသည်"

"အချင်းတို့၊ သင်တို့အထင် မှန်ပေသည်။ သူငယ်နာကျင်သည်ကို ရှုစိမ့်သော မိန်းမသည် ခိုးသူမဖြစ်သည်။ ထိုခိုးသူမကို သင်တို့ သိကြသလော"
"အရှင့်သား၊ ကျွန်ုပ်တို့ မသိကြပါ"
"အချင်းတို့၊ ထိုမိန်းမသည် လူမဟုတ်။ ဘီလူးမတည်း။ ဤသူငယ်ကို စားလို၍ ခိုးယူခြင်းဖြစ်သည်"
"အရှင့်သား၊ အဘယ့်ကြောင့်သိသနည်း"
"အချင်းတို့၊ ရှုကြလော့။ ဤခိုးသူမသည် မျက်တောင်လည်း မခတ်။ မျက်ထောင့်လည်း နီ၏။ သူငယ်ကိုလည်း သနားချစ်ခင်ခြင်း လုံးဝမရှိ"

ဤသို့ဆိုကာ မဟောသဓာက ဘီလူးမအား "သင် အဘယ်သူနည်း။ မှန်တိုင်း ပြောလော့" ဟု မေး၏။

ဘီလူးမလည်း မကွယ်မဝှက်နိုင်။ ဟုတ်တိုင်းမှန်ရာ ဝန်ခံရပေသည်။ မဟောသဓာလည်း ဘီလူးမအား "နောင် ဤကဲ့သို့ မကောင်းမှုကို မပြုပါလေနှင့်" ဟူ၍ ဆိုဆုံးမ၏။ ငါးပါးသီလ၌ တည်စေလျက် လွှတ်လိုက်၏။

သူငယ့်အမိလည်း "အရှင့်သား၊ ဤသူငယ်တွင် အကျွန်ုပ်၏ မွေးသောအသက် မရှိပြီ။ အရှင့်သားပေးသော အသက်သာ ရှိတော့သည်" ဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းသည်။ "အရှင့်သားသည် သက်တမ်းတစ်လျှောက်လုံး သက်တော်ရှည်စွာ နေရပါစေသတည်း" ဟု ဆုတောင်း၍ သားငယ်ကို ပိုက်ချီလျက် အိမ်သို့ ပြန်သွားသည်။

ဝိဒေဟရာဇ် မင်းကြီး၏ အမတ်သည် ဤအခြင်းအရာကို လျှောက်စာတင်၍ မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနကအမတ်ကြီးကို ရှေးနည်းအတူ တိုင်ပင်ပြန်သည်။ သေနကအမတ်ကြီးကလည်း ရှေးနည်းအတူ ဟန့်တားပြန်သည်။ ဤတွင် မင်းကြီးက "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၈ "ငမည်းကွနှင့် ငကျောရှည် အမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၆

ချည်လုံးခိုးမှု

တစ်နေ့သ၌ ဝါခင်းစောင့်သော မိန်းမတစ်ယောက်သည် ဝါပေါက်သန့်သန့်ကို ချည်ငင်လျက် လုံးသည်။ ထို့နောက် ထိုချည်လုံးကို ယူ၍ ရွာသို့ ပြန်ခဲ့သည်။


ထိုမိန်းမသည် မဟောသဓာ၏ ရေကန်သို့ ရောက်သောအခါ ရေချိုးမည်ဟူ၍ အကြံဖြစ်သည်။ ထို့ကြောင့် ချည်လုံးကို မိမိအင်္ကျီပုံပေါ်၌ တင်ထား၍ ရေဆင်းချိုးသည်။

အခြားမိန်းမတစ်ယောက်သည် ထိုချည်လုံးကို မြင်လျှင် လိုချင်လာသည်။ "အမယ်- ဤချည်ကို အမယ်ငင်လေသလော၊ ဖြစ်ခဲပေစွ" ဟု ဆိုသည်။ ထို့နောက် ကြည့်ချင်ဟန်ပြု၍ ယူပြေးလေသည်။

ချည်လုံးရှင် မိန်းမလည်း ရေမှတက်၍ လိုက်သည်။ "သင် အဘယ်ကြောင့် ငါ့ချည်လုံးကို ခိုးယူပြေးသနည်း" ဟု ဆို၍ အင်္ကျီစကို ကိုင်ဆွဲထား၏။ ခိုးသူမလည်း "ငါ့ချည်လုံးကို ငါယူလျက် ခရီးသွားသည်။ သင့် အဘယ့်ကြောင့် ငါ့အား ခိုးသူမဟု စွပ်စွဲရသနည်း။ ငါ့ကို မနှောင့်ယှက်နှင့်။ ဆုတ်လော့" ဟု ဆို၍ အတင်းထွက်သွားမည်ပြု၏။ ချည်လုံးရှင်ကလည်း မသွားရအောင် တားမြစ်၏။ အငြင်းအခုံ ဖြစ်ကြ၏။ လူအများ ဝိုင်းဝန်းလာကြ၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်ကို ခေါ်စေသည်။ အမူအရာ အသွင်အပြင် လက္ခဏာကို ဆင်ခြင်ကြည့်လိုက်လျှင်ပင် ဤသူကား ခိုးသူမ၊ ဤသူကား ချည်လုံးရှင်ဟု အတပ်သိလိုက်သည်။ သို့ရာတွင် လူအများသိစေခြင်းငှာ စစ်ဆေးမေးမြန်းသည်။ ရှေးဦးစွာ ခိုးသူမအား မေးမြန်းသည်။

"ချည်လုံး၏ အတွင်း၌ မည်သည့်အရာကို ထည့်ခံ၍ လုံးပါသနည်း"
"အရှင့်သား၊ ဝါစေ့ကို ထည့်၍ လုံးပါသည်"

ထို့နောက် ချည်လုံးရှင်ကို မဟောသဓာက မေးပြန်သည်။ ထိုအခါ ချည်လုံးရှင်က "အရှင့်သား၊ တည်စေ့ကို ထည့်၍ လုံးပါသည်" ဟု ဖြေကြား၏။

မဟောသဓာသည် ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေသည်။ ထို့နောက် ချည်လုံးကို ဖြေဖွင့်ကြည့်စေသည်။ ထိုအခါ တည်စေ့ကို တွေ့လေ၏။

ခိုးသူမလည်း မငြင်းနိုင်။ မိမိ ခိုးယူကြောင်း ဝန်ခံရလေသည်။ မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ခိုးသူမကို ဆုံးမ၍ လွှတ်လိုက်လေသည်။

ဤအကြောင်းကို အမတ်သိရှိသော် မင်းကြီးအား လျှောက်ထားစေ၏။ မင်းကြီးလည်း မဟောသဓာကို ခေါ်ယူရန် သေနက အမတ်ကြီးကို တိုင်ပင်ပြန်သည်။ သေနက အမတ်ကြီးကလည်း ရှေးနည်းအတူ ဖျက်ပြန်သည်။ မင်းကြီးလည်း "ထပ်မံစုံစမ်းပါလေဦး" ဟူ၍ စေတော်မူလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၇ "သားခိုးအမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၅

လည်ရွဲအမှု

တစ်ခါသော် သူဆင်းရဲမ တစ်ယောက်သည် သူချမ်းသာမများကဲ့သို့ ရွှေ၊ ငွေ၊ ကျောက်များကို ခြယ်သော လည်ရွဲဘယက်တို့ကို မဆင်နိုင်ရှာ။ ချည်ရောင်စုံဖြင့် ထိုးချုပ်သော ချည်လည်ရွဲကိုသာ ဆင်ရရှာသည်။


တစ်နေ့သ၌ ထိုမိန်းမသည် မဟောသဓာ တည်ထားသော ရေကန်သို့ ဆင်း၍ ရေချိုးမည်ပြုသည်။ ရေကန်သို့ မဆင်းမီသူမသည် ထိုချည်လည်ရွဲကို လည်မှချွတ်သည်။ အဝတ်အစားများပေါ်၌ တင်ထားသည်။ ထို့နောက်မှ ရေကန်သို့ ဆင်းသည်။

ထိုစဉ် မိန်းမငယ် တစ်ယောက်သည် ထိုလည်ရွဲကို မြင်သော် လိုချင်စိတ် ဖြစ်ပေါ်လာသည်။ ထိုလည်ရွဲကို ကောက်ယူပြီးလျှင်-

"အစ်မ၊ ဤလည်ရွဲသည် အလွန်လှပတင့်တယ်၏။ ထိုးချုပ်ရန် ချည်မည်မျှ ကုန်သနည်း။ ဤလည်ရွဲကဲ့သို့ ကျွန်မလည်း ထိုးချုပ်ချင်ပါသည်။ ခဏ ကြည့်ပါရစေ" ဟု ဆို၏။

လည်ရွဲရှင် မိန်းမကလည်း သဘောရိုးဖြင့် ဆိုသည်ထင်၍ "ကောင်းပြီ၊ ကြည့်ပါလော့" ဟု ဆို၏။

ထိုအခါ မိန်းမငယ်သည် လည်ရွဲကို မိမိလည်၌ ဆင်၍ လျင်မြန်စွာ ပြေးလေ၏။

လည်ရွဲရှင် မိန်းမလည်း နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ-
"အဘယ့်ကြောင့် ငါ့လည်ရွဲကို ယူပြေးရသနည်း" ဟု ဆို၌ မိန်းမငယ်၏ တဘက်ကို ဆွဲထား၏။

မိန်းမငယ်လည်း "ငါ့လည်ရွဲကို ငါဆင်၍ ထားသည်။ အဘယ့်ကြောင့် ရှင်မ၏ လည်ရွဲခိုးသူဟု စွပ်စွဲ ဆွဲငင်ရသနည်း" ဟု ဆို၍ ရုန်းကန်၏။

ရွာသူရွာသား အပေါင်းကလည်း ဝန်းရံလာကြ၏။ ထိုအမှုသည် မဟောသဓာထံ ရောက်လာ၏။ မဟောသဓာသည် သူတို့နှစ်ဦး၏ အမူအယာကို ကြည့်ရုံမျှဖြင့် မည်သူ သူခိုး၊ မည်သူ လည်ရွဲရှင် ဖြစ်သည်ကို အတပ်သိလိုက်၏။ သို့ရာတွင် အများသိအောင် သက်သေပြမည် ကြံ၍ စစ်ဆေး မေးမြန်း၏။

မဟောသဓာသည် ရှေးဦးစွာ ခိုးသူမကို မေးမြန်း၏။

"သင်၏ လည်ရွဲကို မည်သည့်နံသာရည်ဖြင့် မပြတ် သုတ်လိမ်းပါသနည်း"
"အမွှေးပေါင်းစုံဖြင့် လုပ်သော နံ့သာပေါင်းဖြင့် နေ့တိုင်း အမြဲသုတ်လိမ်းပါ၏"

ထို့နောက် လည်ရွဲရှင် မိန်းမကို မေးပြန်သော်-
"အရှင့်သား၊ ဆင်းရဲသူ ကျွန်ုပ်မှာ နံ့သာပေါင်း ဘယ်မှာ ရနိုင်မည်နည်း။ အကျွန်ုပ်သည် ဤလည်ရွဲကို သျှစ်သျှားပွင့်ဖြင့်သာ နေ့တိုင်းးမပြတ် သုတ်လိမ်းပါ၏" ဟု ဆို၏။

မဟောသဓာလည်း ထိုမိန်းမနှစ်ယောက်၏ စကားကို ပရိသတ်တို့အား မှတ်သားစေ၏။ ထို့နောက် ရေခွက်ကို ဆောင်ယူစေ၍ ထိုရေခွက်၌ လည်ရွဲကို နှစ်စေ၏။ ပြီးသော် အနံ့၌ ကျွမ်းကျင်သော လူတစ်ယောက်ကို ခေါ်သည်။ မည်သည့်အနံ့ နံသည်ကို သိရအောင် နမ်းစေ၏။

ထိုသူသည် ရေစိုသော လည်ရွဲကို နမ်းသောအခါ သျှစ်သျှားပွင့်နံ့ ရ၏။ ထို့ကြောင့် "အရှင့်သား၊ ဤ လည်ရွဲ၌ နံ့သာပေါင်းနံ့ မရှိ။ သျှစ်သျှားပွင့်နံ့သာ လှိုင်၏။ မိန်းမငယ်စကား မမှန်။ ဒုတိယ မိန်းမစကား မှန်၏" ဟု ပြန်ကြား၏။

မဟောသဓာလည်း ခိုးသူမအား "သင့်ဥစ္စာဟု သင်ဆိုသည်။ လည်ရွဲက သင့်ကို ခိုးသူမဟု ထုတ်ဖော်ပြနေပြီ။ သင်အသို့နည်း" ဟု မေး၏။

ခိုးသူမလည်း မလိမ်ညာနိုင်။ မိမိခိုးယူကြောင်း ဝန်ခံရ၏။ ထိုအခါ မဟောသဓာနှင့် ဖွားဖက်တစ်ထောင်တို့သည် ခိုးသူမကို ဆုံးမလွှတ်လိုက်၏။ လည်ရွဲရှင်အား လည်ရွဲကို ပြန်ပေးလိုက်၏။

ထိုအကြောင်းကို မင်းကြီး စေလွှတ်ထားသော အမတ်သိလျှင် အဖြစ်အပျက် အလုံးစုံကို လျှောက်စာတင်၍ မင်းကြီးကို ကြားလျှောက်စေ၏။

ဝိဒေဟရာဇ်မင်းကြီးလည်း နှစ်သက်ခြင်းဖြစ်၏။ သေနကအမတ်ကြီးအား ခေါ်၍ "မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်သင့်ပြီ မဟုတ်ပါလော" ဟု တိုင်ပင်တော်မူ၏။

သေနကအမတ်ကြီးကလည်း "အရှင်မင်းကြီး၊ ဤမျှလောက်ဖြင့် သုခမိန် မခန့်လောက်သေး။ ငံ့တော်မူပါဦးလော့" ဟု ဆို၍ ဝန်တိုစိတ်ဖြင့် တားမြစ်ပြန်လေ၏။

(မဟောသဓာဇာတ် အပိုင်း-၆ "ချည်လုံးခိုးမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၎

နွားခိုးမှု

တစ်နေ့သ၌ မဟောသဓာနေသော ရွာမှ လူတစ်ယောက်သည်မိုးကျလျှင် လယ်ထွန်ရန် အခြားရွာမှ နွားတစ်ရှဉ်း ဝယ်လာသည်။ ထို့နောက် ထိုနွားတို့ကို စားကျက်၌ ကျောင်းရင်း အိပ်ချင်သဖြင့် သစ်ပင်အောက်၌ ဝင်အိပ်၏။ ထိုစဉ် သူခိုးတစ်ယောက် ရောက်လာပြီး ထိုနွားတစ်ရှဉ်းကို ခိုးပြေးလေသည်။


နွားရှင်နိုး၍ နွားတို့ကို သူခိုးမောင်းပြေးသည်ကို မြင်သောအခါ နောက်မှလျင်မြန်စွာ လိုက်၏။ မိသောအခါ "သင် အဘယ့်ကြောင့် ငါ့နွားတို့ကို ခိုးယူသနည်း" ဟု ဆို၏။

သူခိုးကလည်း "သင်ဘယ်သူနည်း။ ငါ့နွားကို ငါလိုရာဆောင်သည်။ ငါ့အား အဘယ်ကြောင့် သူခိုးဟု စွပ်စွဲရသနည်း" ဟု ဆို၏။ ဤသို့ နွားရှင်နှင့် နွားသူခိုးတို့ အငြင်းပွားနေရာသို့ လူအများ ဝိုင်းအုံရောက်လာကြသည်။ မဟောသဓာ သိသောအခါ မိမိထံ အခေါ်ခိုင်းသည်။ မြင်လျှင်ပင် မည်သူ သူခိုးဖြစ်သည်ကို သိလိုက်ပြီ။ သို့ရာတွင် အများသိစေအံ့ဟု ကြံလျက် "ကျွန်ုပ်ဆုံးဖြတ်ရာ နာခံကြမည်လော" ဟု မေးသည်။

ထိုသူနှစ်ယောက်လုံးကလည်း "နာခံပါမည်" ဟု ဆို၏။ ဤတွင် မဟောသဓာက သူခိုးအား "သင့်နွားကို မည်သည့်အစာ ကျွေးသနည်း" ဟု မေး၏။
သူခိုးက "ယာဂုတိုက်ပြီး နှမ်းဖတ်နှင့် ပဲမှော်တို့ကို ကျွေးပါသည်" ဟု ဖြေ၏။

ထို့နောက် မဟောသဓာက နွားရှင်ကိုမေးသည်။ နွားရှင်ကမူ "မြက်ကိုသာ ကျွေးပါသည်" ဟု ဖြေသည်။

မဟောသဓာသည် သူတို့နှစ်ယောက်၏ စကားကို ပရိသတ်အား မှတ်သားစေသည်။ ထို့နောက် သျှိသျှားရွက်ကို ထောင်း၍ ရေနှင့်ဖျော်ကာ နွားတို့ကို ဝမ်းသွားအောင် တိုက်စေသည်။ နွားတို့လည်း ဝမ်းသွားကြရာ မြက်ဖတ်သာ ပါကြသည်။

မဟောသဓာက ပရိသတ်အား "ဤနွားချေးကို ရှုကြလော့" ဟု ပြသည်။ ထို့နောက် နွားသူခိုးအား "သင် ငြင်းမရ။ သင် နွားခိုး မဟုတ်လော" ဟု မေး၏။ သူခိုးလည်း ဟုတ်မှန်ရာ ဝန်ခံရသည်။

မဟောသဓာသည် နွားရှင်အား နွားများကို ပေးအပ်သည်။ ဖွားဖက်တော်များက သူခိုး အရှက်ရအောင် ထောင်းထုကြသည်။ မဟောသဓာလည်း သူငယ်ဖော်တို့ ထောင်းထု၍ မှတ်လောက်သောအခါ သူခိုးကို ဆုံးမလွှတ်လိုက်သည်။

စုံစမ်းသော အမတ်သည် ထိုအကြောင်းကို ဝိဒေဟရာဇ်မင်းကြီးအား လျှောက်ထားစေပြန်သည်။ မင်းကြီးလည်း နှစ်သက် သဘောကျသဖြင့် သိန်းအမတ်ကို ခေါ်ပြန်သည်။ "အမတ်ကြီး မဟောသဓာ သုခမိန်ကို ဆောင်ယူချိန်တန်ပြီ မဟုတ်လော" ဟုဆို၏။ သိန်းအမတ်လည်း မနာလိုဖြစ်မြဲဖြစ်ကာ "ထို နွားခိုးမှုကို စီရင်နိုင်ရုံမျှဖြင့် သုခမိန် မခေါ်လောက်သေး။ ဆိုင်းပါဦး" ဟု ဆိုပြန်သည်။

မင်းကြီးလည်း "ထပ်မံစုံစမ်းပါဦး" ဟူ၍ စုံစမ်းရန် စေခိုင်းထားသော အမတ်အား ညွှန်ကြားလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၅ "လည်ရွဲအမှု" ကိုဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၃

စွန်ချီလာသော သားတစ်

တစ်နေ့သ၌ စွန်ရဲတစ်ကောင်သည် ဈေးထဲမှ သားတစ်တစ်ခုကို ချီ၍ ပျံလာသည်။ မဟောသဓာ၏ ဖွားဖက်တော် သူငယ်ချင်းများ မြင်သော် သားတစ်ကို ချစေလိုသဖြင့် အော်ဟစ် ခြောက်လှန့်ကြသည်။ မရ။ ဤတွင် စွန်ကို မျှော်ကြည့်၍ ပြေးလိုက်ရာ ခလုတ်တိုက်၍ လဲပြိုကြသည်။


ထိုအခါ မဟောသဓာက "အချင်းတို့ ထိုစွန်ချီသော သားတစ်ကို ယခုပင် ချစေအံ့" ဟု ဆိုကာ ကောင်းကင်ကို မကြည့်။ စွန်၏ အရိပ်ကိုသာ ကြည့်၍ ပြေးလိုက်သည်။ ထို့နောက် စွန်၏ အရိပ်ကို နင်းပြီးလျှင် လက်ခုပ်တီးလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ စွန်လည်း ကြောက်လန့်၍ သားတစ်ကို လွှတ်ချလိုက်လေသည်။

ထိုသားတစ်ကို မဟောသဓာသည် မော်၍မကြည့်၊ အရိပ်ကို ကြည့်၍သာ လက်ဖြင့် ဖမ်းယူလိုက်လေသည်။ မြင်သူအပေါင်းလည်း အံ့သြ ချီးမွမ်းမဆုံး ရှိကြသည်။

စုံစမ်းနေသော အမတ်သည် ထိုအခြင်းအရာကို တွေ့မြင်သောအခါ မင်းကြီးထံ တမန်စေလွှတ်လျက် အကြောင်းစုံ လျှောက်ထားသည်။ မင်းကြီးက သိန်းအမတ်ကို တင်ပင်ပြန်သည်။ သိန်းအမတ်သည် မဟောသဓာ ရောက်လာလျှင် ငါတို့ တန်ခိုး မှိန်လိမ့်မည်ဟု တွေးသည်။ "ဤမျှလောက်ဖြင့် ပညာရှိ မဆိုနိုင်သေးပါ" ဟု ဆိုကာ တားမြစ်ပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၄ "နွားခိုးမှု" ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၂

ထူးခြားသောဇရပ်

မဟောသဓာနှင့် ဖွားဖက်တစ်ထောင်သည် အတူကစားရွှင်ပျော်လျက် ကြီးပြင်းလာကြသည်။ ၇-နှစ် အရွယ်သို့ ရောက်သောအခါ မဟောသဓာသည် 'မိမိတို့ ပျော်ပါးကစားရာဇြဖစ်သော မြေတလင်းကား မသင့်။ ဆူးငြောင့်ခလုတ်လည်း ထူထပ်သည်။ မိုးရွာသောအခါ ရွှံ့နှင့်မကင်း။ နေပူသောအခါတွင်လည်း မိမိတို့မှာ နေပူဒဏ်ခံရသည်' ဟူ၍ အကြံဖြစ်၏။ ဖွားဖက်တော်တို့အား အကျိုးအကြောင်း ပြောပြကာ "အချင်းတို့၊ ငါတို့ကစားရန်အတွက် ဇရပ်ဆောက်ရသော် သင့်မည်။ ဇရပ်ဆောက်လုပ်ရန် တစ်ယောက်လျှင် အသပြာတစ်ကျပ်စီ ဆောင်ယူ စုပေါင်းကြလော့" ဟူ၍ ဆို၏။


ဖွားဖက်တော်တို့လည်း မဟောသဓာဆိုတိုင်းပင် မိမိတို့အိမ်မှ တစ်ကျပ်စီ ဆောင်ယူလာကြသည်။ စုပေါင်းလိုက်သောအခါ အသပြာ တစ်ထောင်ရသည်။ မဟောသဓာသည် တတ်သိကျွမ်းကျင်သော လက်သမားဆရာကြီးကို ခေါ်သည်။ အသပြာတစ်ထောင်ပေးကာ ဇရပ်ဆောက်စေသည်။ လက်သမားကြီးသည် ဇရပ်ဆောက်ရာ၌ မဟောသဓာစိတ်ကြိုက် မဆောက်နိုင်။ ထို့ကြောင့် မဟော်သဓာက ဦးဆောင်စီမံရသည်။ မဟောသဓာ စီမံသည့်အတိုင်း လက်သမားဆရာကြီက ဆောက်ပေးရလေသည်။

မဟော်သဓာ စီမံဆောက်လုပ် ဇရပ်မှာ သာမန်ဇရပ် မဟုတ်။ ခိုကိုးရာမဲ့ ခရီးသွား ကိုယ်ဝန်ဆောင် မိန်းမများ သားဖွားရန်အခန်း၊ အာဂန္တုရဟန်း ပုဏ္ဏားများ တည်းခိုရန် အခန်း၊ ခရီးသွား လူဧည့်သည်များ တည်းခိုရန်အခန်း၊ ရီးသွား ကုန်သည်များ ကုန်စည်ထားရန်အခန်း စသည်ဖြင့်အခန်းများ ဖွဲ့၍ဆောက်ထားသော ဇရပ်ဖြစ်သည်။ ထို့ပြင် ဇရပ်ထဲ၌ တရားစစ်ဆေး ဆုံးဖြတ်ရာဌာနကိုလည်း စီမံထားသည်။ ပန်းချီကား အမျိုးမျိုးကိုလည်း စိတ်တိုင်းကျ ရေးဆွဲခိုင်းသည်။ ထိုဇရပ်၌ပင် မိမိတို့ ကစားရန် ကစားကွင်းတစ်ခု ပြုလုပ်ထားသည်။ ဇရပ်အနီး၌ ထောင့်ကွေး အကောက်တစ်ထောင်နှင့် ရေဆိပ်ပေါင်း တစ်ရာရှိသော အုတ်ရေကန်ကြီးကိုလည်း တူးထားသည်။ ရေကန်ထဲ၌ ကြာမျိုးငါးပါး စိုက်၍ ကန်ပေါင်၌ ပန်းပင်သစ်ပင်များကို စိုက်ထားသည်။

ဤအရာအားလုံးကို မဟော်သဓာကိုယ်တိုင် စီမံ ပြုလုပ်ခိုင်းခြင်းဖြစ်သည်။ မဟောသဓာ၏ ဂုဏ်သတင်းမှာ ထင်ရှားကျော်ကြားသွားသည်။ အရပ်လေးမျက်နှာမှ လူအပေါင်းသည် တင့်တယ်လှသော ဇရပ်၊ ရေကန်၊ ဥယျာဉ်ကိုလည်း လာရောက်ကြည့်ကြသည်။ စီမံသူ မဟောသဓာကိုလည်း လာရောက်ကြည့်ကြ၏။

မဟော်သဓာသည် ရောက်လာသော သူတို့ကို သင့်တင့်လျောက်ပတ်စွာ စကားပြောဟောသည်။ အမှုကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင်လည်း တရားသဖြင့် ဆုံးဖြတ်ပေးလေသည်။

ဝိဒေဟရာဇ်မင်းကြီးသည် အိပ်မက်ထူးမြင်မက်ပြီးနောက် ၇-နှစ် ကျော်လာသောအခါ မိမိအိပ်မက် မြင်မက်သော ပညာရှိကို တွေ့လိုနေသည်။ ထို့ကြောင့် အမတ်လေးယောက်အား မြို့ပြင်လေးရပ်သို့ ထွက်၍ ရှာစေသည်။

အမတ်လေးယောက်တို့တွင် တောင်၊ မြောက်၊ အနောက် အရပ်သုံးမျက်နှာသို့ ထွက်ရှာကြသော အမတ်တို့သည် ပညာရှိကို ရှာမတွေ့ကြ။ အရှေ့အရပ်သို့ ထွက်၍ရှာသော အမတ်မူ အရှေ့ယဝမဇ္ဈဂုံးရွာ အရောက်၌ ထူးခြားဆန်းကြယ်သော ဇရပ်၊ ရေကန်တို့ကို မြင်တွေ့သွားသည်။ ထူးခြားလှသဖြင့် စုံစမ်းမေးမြန်းရာ ဤဇရပ် ဤရေကန်တို့ကို လူကြီး စီမံဆောက်လုပ်ထားသည် မဟုတ်။ ၇-နှစ်သား အရွယ် မဟောသဓာ ဆောက်လုပ်ကြောင်း သိရသည်။ ဤအခါ မင်းကြီး အိပ်မက်သော ပညာရှိ ဆိုသူမှာ ဤသူငယ်ပင် ဖြစ်လိမ့်မည် ဟူ၍ တွက်ဆသည်။ ဘုရင့်ထံ တမန် စေလွှတ်၍ အကျိုးအကြောင်း လျှောက်ထားစေသည်။

မင်းကြီးလည်း အမတ်၏ စကားကို ကြားသောအခါ လွန်စွာဝမ်းမြောက်သွားသည်။ သိန်းအမတ်ကို ခေါ်ပြီးလျှင် ပညာရှိကို ခေါ်ဆောင်ရန် တိုင်ပင်သည်။ သိန်းအမတ်က မနာလို။ "အရှင်မင်းကြီး ဇရပ်ဆောက်၊ ရေကန်တူးတတ်ရုံမျှဖြင့် ပညာရှိမဆိုနိုင်။ မည်သူမဆို ပြုလုပ်နိုင်ပါသည်" ဟူ၍ ဆိုကာ တားမြစ်သည်။ ဤတွင် မင်းကြီးက အမတ်အား "ထိုရွာ၌ပင် နေ၍ ထိုပညာရှိကလေး၏ အပြုအမူတို့ကို ဆက်လက်စုံစမ်းပါဦး" ဟူ၍ ညွှန်ကြားလိုက်သည်။ အမတ်လည်း ထိုရွာ၌ နေ၍ မဟောသဓာ၏ အပြုအမူတို့ကို စုံစမ်းရာ အောက်ပါတိုင်း အံ့ချီးဖွယ်တို့ကို မြင်တွေ့ရသည်။

(မဟောသဓာဇာတ် အပိုင်း-၃ ဆက်တင်ပါမည်)

မဟောသဓာဇာတ် အပိုင်း-၁

လွန်လေပြီးသောအခါ ဝိဒေဟတိုင်း၊ မိထိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီးသည် မင်းပြု၏။ ထိုမင်း၌ သေနက(သိန်း)၊ ပက္ကုသ(ပက္ကုသ်)၊ ကာမိန္ဒ(ကာမိန်)၊ ဒေဝိန္ဓ(ဒေဝိန်း) အမည်ရှိသော အမတ်ကြီး လေးယောက် ရှိ၏။

မိထိလာပြည်၏ အနီးမဝေး၊ အရပ်လေးမျက်နှာ၌ အရှေ့ယဝမဇ္ဈဂုံးရွာ၊ တောင်ယဝမဇ္ဈဂုံးရွာ၊ အနောက်ယဝမဇ္ဈဂုံးရွာ၊ မြောက်ယဝမဇ္ဈဂုံးရွာ ဟူသော ရွာကြီးလေးရွာလည်း ရှိ၏။ ထိုရွာကြီးလေးရွာ အနက် အရှေ့ယဝမဇ္ဈဂုံးရွာ၌ သီရိဝဍ္ဎနနှင့် သုမနဒေဝီ ဟူသော သူဌေးကြီး ဇနီးမောင်နှံတို့ ရှိနေကြသည်။

တစ်နေ့သ၌ ဘုရားလောင်းသည် တာဝတိံသာ နတ်ပြည်မှ စုတေ၍ သုမနဒေဝီ သူဌေးကတော်ထံ၌ ပဋိသန္ဓေ တည်လေသည်။ ဘုရားလောင်းနှင့် အတူ နတ်သားတစ်ထောင်တို့လည်း ထိုအချိန်မှာပင် ထိုရွာရှိ အခြားသော သူဌေးသူကြွယ်တို့အိမ်၌ ပဋိသန္ဓေ တည်ကြလေသည်။

ဤသို့ ဘုရားလောင်း ပဋိသန္ဓေတည်သည်နှင့် တစ်ပြိုင်နက် ဝိဒေဟရာဇ် မင်းကြီးသည် အိပ်မက် မြင်မက်လေသည်။ အိပ်မက်မှာလည်း ထူးဆန်းသည်။ နန်းရင်ပြင်၌ ထောင့်လေးထောင့်တွင် မီးပုံကြီး လေးပုံ တောက်နေစဉ် ထိုမီးပုံကြီး လေးပုံအလယ်၌ မီးပုံကလေး တစ်ပုံ ထတောက်သည်။ ထိုမီးပုံကလေးသည် ပိုးစုန်းကြူးခန့်သာ ရှိသည်။ သို့ရာတွင် အစွမ်းထက်လှသည်။ တစ်ခဏချင်းဖြင့် မီးပုံကြီး လေးပုံကို ကျော်လွန်လျက် အထက် ဗြဟ္မာဘုံသို့ ရောက်အောင် တက်သွားလေသည်။ လူ နတ် ဗြဟ္မာ အပေါင်းတို့သည် ထိုမီးပုံကလေးကို ပန်း နံ့သာစသည်တို့ဖြင့် ပူဇော်ကြသည်။ မီးလျှံအတွင်း၌ လူအပေါင်းတို့သည် သွားလာကြသည်။ သို့ရာတွင် မွေးညင်းကလေး တစ်ပင်မျှပင် ပူလောင်ခြင်း မရှိချေ။

မင်းကြီးသည် ဤအိပ်မက်ကို မြင်မက်သောအခါ လွန်စွာ ထိတ်လန့်သဖြင့် ဆက်လက် မအိပ်နိုင်။ မိုးလင်းသည့် တိုင်အောင် အိပ်မက် အကြောင်းကိုသာ တွေး၍ နေလေသည်။

နံနက်မိုးသောက်၍ ပညာရှိ အမတ်ကြီး လေးယောက်တို့ အခစား ရောက်လာသောအခါ မင်းကြီးက အိပ်မက်အကြောင်းကို ပြောပြလေသည်။ ထိုအခါ သိန်းအမတ်က "အရှင်မင်းကြီး၊ မည်သည်ကိုမျှ စိုးရိမ်တော် မမူပါနှင့်။ အရှင်မင်းကြီး၏ အိပ်မက်သည် မင်္ဂလာရှိသော အိပ်မက်ဖြစ်ပါသည်။ အရှင်မင်းကြီးအား ဘုန်းကျက်သရေ တိုးပွားခြင်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်တို့ ပညာရှိလေးယောက်ကို လွှမ်းမိုး၍ နောက်ထပ် ပညာရှိတစ်ယောက် ပေါ်ပေါက်လာပါလိမ့်မည်။ ထိုပညာရှိသည် ဤလောက၌ ပြိုင်ဘက်ကင်းသူ ဖြစ်ပါလိမ့်မည်" ဟု အိပ်မက်ဖတ်လေသည်။

မင်းကြီးက "ထိုပညာရှိသည် ယခု အဘယ်မှာ ရှိမည်နည်း" ဟု မေးသည်။ သိန်းအမတ်က "ထိုပညာရှိသည် ပဋိသန္ဓေ ယူဆဲသော်လည်း ဖြစ်ရာသည်။ သို့မဟုတ် ဖွားဆဲသော်လည်း ဖြစ်ရာသည်" ဟု လျှောက်၏။

မင်းကြီးသည် ဝမ်းမြောက်ဝမ်းသာ ရှိသွားသည်။ အမတ်ကြီး၏ စကားကိုသာလျှင် တစ်နေ့မပြတ် အောက်မေ့လျက် နေလေသည်။

သုမနဒေဝီသည် ၁၀-လ စေ့သောအခါ ဘုရားအလောင်းကို ဖွားမြင်သည်။ ဘုရားလောင်း ဖွားမြင်သော ခဏ၌ပင် သိကြားမင်းသည် မိမိ၏ တန်ခိုးဖြင့် ဘုရားအလောင်း၏ လက်ထဲတွင် ဆေးတုံးတစ်ခုကို ထည့်ပေးလိုက်သည်။

သုမနဒေဝီသည် သားငယ်၏ လက်ထဲတွင် ဆေးတုံးကလေး ဆုပ်ထားသည်ကို တွေ့မြင်သည်။ "ချစ်သား၊ ဘာကို ဆုပ်ကိုင်ထားသနည်း" ဟု မေးသည်။

ဘုရားလောင်းက "မိခင်၊ ဤကား နတ်ဆေးတုံးတည်း၊ မိခင်ယူလော့။ အနာရောဂါ ရှိသူတို့အား ဤဆေးတုံးကို သွေး၍ လိမ်းစေလော့။ အနာရောဂါများ မုချ ပျောက်ကင်းပါလိမ့်မည်" ဟု ဆို၍ မိခင်အား ပေး၏။

သုမနဒေဝီလည်း ထိုအကြောင်းကို သူဌေးကြီးအား ဝမ်းမြောက်ဝမ်းသာ ပြောပြ၏။ ထိုအချိန်၌ သူဌေးကြီးတွင် ၇-နှစ် တိုင်တိုင်စွဲကပ်နေသော ခေါင်းကိုက်ရောဂါ ရှိသည်။ သူဌေးကြီးလည်း "ဤကလေးသည် အမိဝမ်းမှ ဆေးတုံးကိုင်၍ ဖွားမြင်လာသည်။ မွေးလျှင်မွေးချင်းပင် မိခင်နှင့်လည်း စကားပြောသည်။ အလွန်ဘုန်းကံထူးသော ကလေးပင်ဖြစ်သည်။ သူ့လက်တွင်းမှ ဆေးတုံးသည် အမှန်ပင် အစွမ်းသတ္တိရှိလိမ့်မည်" ဆိုကာ ဆေးတုံးကို အနည်းငယ် သွေးသည် နားထင်၌ သုတ်လိမ်းသည်။ ခဏအတွင်းမှာပင် ခေါင်းကိုက်ရောဂါသည် ပျောက်ကင်းသွားလေသည်။ သူဌေးကြီးလည်း ဝမ်းသာအားရမဆုံး ရှိလေသည်။

ထိုသတင်းသည် အရပ်လေးမျက်နှာ၌ ကျော်ကြားသွားသည်။ ရောဂါသည်တို့သည် သူဌေးကြီး အိမ်သို့လာ၍ ဆေးတောင်းကြသည်။ သူဌေးကြီးလည်း ဆေးကို အနည်းငယ်သွေး၍ ရေနှင့်ရောသည်။ ဆေးတောင်းသူ အားလုံးကို ပေးသည်။ ဆေးကိုသုံးသဖြင့် အားလုံးပင် ရောဂါဝေဒနာများ ပျောက်ကင်းကြသည်။

မဟောသဓာ

သူဌေးကြီးနှင့် သူဌေးကတော်တို့သည် သားငယ်ကို အမည်ပေးသောအခါ အစွမ်းထက်မြက်သော ဆေးကို ကိုင်လျက် ဖွားမြင်လာသည်ကို အစွဲပြု၍ မဟောသဓာဟု အမည်ပေးသည်။
['မဟောသဓာ' ဟူသောစကားသည် မဟာနှင့် သြသဓ နှစ်ပုဒ် တွဲထားသော ပါဠိစကားဖြစ်သည်။ မဟာ= အာနုဘော်ကြီးသော၊ သြသဓ= ဆေးဟူ၍ အဓိပ္ပာယ်ရသည်]

သူဌေးကြီးက 'ငါ့သားက ဘုန်းကြီးသူဖြစ်သည်။ တစ်ယောက်တည်း မွေးဖွားလာမည်မထင်။ ငါ့သားနှင့် အတူ မွေးဖွားလာသော ဖွားဖက်များ ရှိရမည်' ဟု တွေးကာ စုံစမ်းစေသည်။ ထိုအခါ မဟောသဓာနှင့် တစ်ချိန်တည်း ဖွားမြင်သည့် သူငယ်ပေါင်း တစ်ထောင်ရှိကြောင်း သိရသည်။ ဤတွင် "ဤကလေးတို့သည် နောင်အခါ ငါ့သား၏ အပေါင်းအဖော် အခြံအရံများ ဖြစ်လိမ့်မည်" ဆိုကာ ထိုကလေးတစ်ထောင်တို့အား အဝတ်တန်ဆာနှင့် နို့ထိန်းသည်တို့ကို ပေး၏။

(မဟောသဓာဇာတ် အပိုင်း-၂ ဆက်တင်ပါမည်)