Sunday, May 13, 2012

သင်္ကန်းဖြစ်ပေါ်လာပုံ

ပိတ်စအကောင်းကို ပိုင်းဖြတ်ပြီုးပြန်လည်ချုပ်စပ်ခြင်းဖြင့် သင်္ကန်းကို ပြုလုပ်ရသည်ဟု ဆိုသော်လည်း ကြုံသလို  သင့်တော်သလို ဖြတ်တောက်ချုပ်လုပ်ထားခြင်း မဟုတ်ပါ။ အခန်းများ အစပ်များဖြင့် စနစ်တကျ ပုံစံတကျ ပြုလုပ်ထားခြင်းဖြစ်ပါသည်.။ သင်္ကန်းတစ်ထည် ကိုကောက်ကြည့်လိုက်လျှင် မည်မျှစနစ် ကျသောပုံစံ ဖြစ်ကြောင်းသိနိုင်သည်။
သင်္ကန်းတစ်ထည်တွင်-
၁။ တလုပ်မြောင်းရှည်-ကုသိ၊၊
၂။ တလုပ်မြောင်းတို-အဍ္ဎကုသိ။
၃။ အိမ်ဝန်းကြီး-မဟာမဏ္ဍလ။
၎။ အိမ်ဝန်းငယ်-စူဠမဏ္ဍလ.။
၅။ အလယ်ခေါင်စပ်-ဝိဝဋ္ဋ။
၆။ ခေါင်ရန်စပ်-အနုဝိဝဋ္ဋ။
၇။ လက်လိပ်စပ်(လက်နားစပ်)-ဗာဟန္တ(ဝဲ/ယာ)။
၈။ လည်ပင်းထိရာ အနာပတ်-ဂီဝေယျာက။
၉။ သလုံးမြင်းခေါင်းထိရာ အနားပတ်-ဇင်္ဃေယျ။
အားဖြင့် အင်္ဂါ  ၉  ရပ်၊ အစပ်အလွှာ အခန်းအားဖြင့် ငါးစပ်ငါးလွှာ ငါးခန်းရှိပါသည်။
 
 
အထက်ပါ သင်္ကန်းချုပ်လုပ်ပုံ ပုံစံကို မြတ်ဗုဒ္ဓရှင်တော် ရာဇဂြိုဟ်ပြည်မှသည် ဒက္ခိဏဂီရိအရပ်သို့ ဒေသစာရီ ကြွချတော်မူစဉ် လမ်းခရီးအကြားမှာ တွေမြင်ရသော မဂဓလယ်ကွင်းများကို အရှင်အာနန္ဒာအား ညွှန်ပြကာ ခွင့်ပြုတော်မူခဲကခြင်းဖြစ်သည်။ သီးနှံဖွံနည်းကို နည်းယူကာ သင်္ကန်းချုပ်လုပ်စေတော်မခဲ့ခြင်းဖြစ်ပါသည်။
   သင်္ကန်းတစ်ထည်ကို သာမန်ကြည့်လျှင် အထက် အောက် ခွဲခြားနိုင်စရာ အကြောင်းမရှိပါ။ ဂီဝေယျကခေါ် လည်ပင်းထိရာ အနားပက်သည် အထက်ဖြစ်၍ ဇင်္ဃေယျကခေါ် သလုံးမြင်းခေါင်းထိရာ အနားပတ်သည် အောင်ဖြစ်ပါသည်။
             သင်္ကန်းဝတ်ရုံရာမှာ ဂီဝေယျာကကို အထက်ကထားပြီး ဇင်္ဃေယျကကို အောက်ကထား၍ ၀တ်ရုံရပါသည်။ သင်္ကန်းဝတ်ပုံ အထက်အောက်မှန် သိလိုလျှင် ရဟန်းတော်၏နောက်ကျော ဘက်ကိုကြည့်ပါ။ လည်ပင်းအနားပတ်သည် အပေါ်ကနေလျှင် နောက်ကျောတည့်တည့်မှာ မဟာမဏ္ဍလအိမ်ဝန်းကြီးနှင့် အကိုက်ဖြစ်၍ ချုပ်ရိုးများ မမြင်ရပါ။
အကယ်၍ ခြေသလုံးအနားပက်ကို အောက်ကထားရမည့်အစား အပေါ်ကထား၍ ၀တ်မိ ပါမူ နောက်ကျောဘက်သည် စူဠမဏ္ဍလအိမ်ဝန်းငယ်နှင့် ကြုံကာချုပ်ရိုးများစွာ မြင်နေရပါမည်။
          ဘေးပတ်သည် အနားပက်လေးခုသည် အနားပတ်သာဖြစ်၍ သင်္ကန်းသားတွင် မပါဝင်။ ထို့ကြောင့် ကပ္ပဗိန္ဓုထိုးရာမှာ သင်္ကန်းသား အနားပတ်၏အတွင်းကျကျမှာ ထိုးပါ။ အနားပတ်ပေါ်တွင် မထိုးရပါ။
            ထို့ပြင် ဗာဟန္တခေါ်လက်လိပ်စပ်များတွင်  ကြိုးငယ်ကလေးများ တစ်ခုစီပါရှိသည်။ အထက်ပိုင်းရှိ လက်လိပ်စပ်ကြိုးများကို ချည်နှောင်ခြင်းဖြင့် လက်လိပ်မပြေစေရန် ပြုလုပ်ပေးသည်။ အောက်ပိုင်းရှိ လက်လိပ်စပ်ကြိုးများကို ချည်နှောင်လိုက်လျှင် သင်္ကန်းက လေဘယ်လောကတိုက်တိုက်လွင့်ပါ ကွာဟမသွားဘဲ ရင်ဘတ်မပေါ်စေရန် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ လက်လိပ်ကြိုးငယ်များမှာ တပ်ဆင်ရန် ကမ္ပတ်သီးများလည်းရှိ၏။ ကမ္ပတ်သီးဖြင့် ကြိုးငယ်များကို ချည်နှောင်ရသည်။
           အနားပတ်သည် သင်္ကန်းသားကို ခိုင်မြဲစေရန် ထည့်သွင်းထားခြင်းဖြစ်၍ ပိတ်သားနှစ်ထပ်  ပြုလုပ်ထားကြောင်းတွေ့ရှိပါသည်။

ဝါဆိုသင်္ကန်းပေးလှူဒါန်း ပီတိရင်မှာလွှမ်း

 
ဤလမြတ်ဝါဆိုအချိန်ကာလတွင် သံဃာတော်အရှင်မြတ်များအတွက် ၀ါဆိုသင်္ကန်းကို
ဆပ်ကပ်လှူဒါန်းခွင့်ရခြင်းသည် ..........
မိမိတို့၏ ကြီးမားလှသော ပါရမီအဟုန်တို့ကြောင့် ဖြစ်ပါသည်။ဤ၀ါဆိုသင်္ကန်း (ခေါ်) မိုးရေခံသင်္ကန်းကို
စတင်လှူဒါန်းခွင့်ရအောင် လျှောက် ထားပန်ကြားပေးခဲ့သော ပုဗ္ဖာရုံကျောင်းအမကြီး ၀ိသာခါ၏
ကျေးဇူးတရားကြောင့်ပင်ဖြစ်ပါသည်။ထိုကျောင်းအမသည် ဤ၀ါဆိုသင်္ကန်းကို လှူဒါန်းခွင့်ရခြင်းသည်
လှူဒါန်းနိုင်သောကြောင့်လည်းကောင်း၊ ကျောင်းအမဟူသော အရှိန်အ၀ါကြောင်းလည်းကောင်း၊ ၀ါဆိုသင်္ကန်း(ခေါ်)
မိုရေခံသင်္ကန်းကို လှူဒါန်းခွင့်ရခြင်းမဟုတ်ပါ။ကမ္ဘာတစ်သိန်းကာလတိုင်အောင် ဖြည့်ကျင့်ဆည်းပူးခဲ့သော
ပါရမီတော်အဟုန်တို့ကြောင့် ၀ါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခွင့်ကို ရခဲ့ခြင်းဖြစ်သည်။ထို့အတူ မိမိတို့သည် လည်း
ဝါဆိုသင်္ကန်းကို ဆပ်ကပ်ခွင့်ရအောင် သာသနာတော်နှင့် ဆုံအောင်ပါရမီများကို ဖြည့်ကျင့်ခဲ့ရပြီး ဖြစ်ပါသည်။

လှူဒါန်းနိုင်သော ငွေကြေးဥစ္စာပိုင်ဆိုင်သောကြောင့်လည်းကောင်း၊
သူတစ်ပါး၏တိုက်တွန်းမှုကြောင့်လည်းကောင်း၊အကြောင်းတိုက် ဆိုင်၍ လှူဒါန်းခွင့်ရခြင်းကြောင့်လည်းကောင်း၊
မည်သို့ပင် ၀ါဆိုသင်္ကန်းကို လှူဒါန်းခွင့်ရစေကာမူ မိမိတို့၏ ဘ၀အဆက်ဆက်မှ သူတော်ကောင်းဓါတ်ခံ ပါရမီတို့၏
လှုံဆော်မှုကြောင့် လှူဒါန်းခွင့်ရခြင်းဖြစ်သည်ဟု ၀မ်းသာပီတိဖြစ်နိုင်ပါသည်။

သံဃာတော်အရှင်မြတ်တို့ရေသန့်စင်ရာတွင် သင်္ကန်းမလုံလောက်မှုကို ကြားသိရသော ၀ိသာခါကျောင်းအမသည်
ဝါဆိုသင်္ကန်း(ခေါ်) မိုးရေခံသင်္ကန်းကို ကပ်လှူပူဇော်ခွင့်ရအောင် ဘုရားရှင်အဆက်ဆက်တွင် ကမ္ဘာတစ်သိန်းတိုင်
အောင် ပါရမီအရှိန်သည် ပြည့်လေပြီ။ဆရာကြီး ဦးရွှေအောင်ရေးသားသော ဓမ္မပဒတွင် ဆရာကြီးက ဤသို့ရေးထား
သည်။
"ယခုတော့ အချိန်သည် စေ့ရောက်လေပြီ။ ပွင့်ချိန်တန်သောအခါပွင့်၍ သီးချိန်တန်မှ သီးကြသည်မှာလည်း ဓမ္မတာ
ဖြစ်၏။အမှန်အားဖြင့် လောကတွင် ကြုံကြိုက်ခြင်းဟူ၍ မရှိ။အကြောင်းတရားတို့၏ ပြည့်စုံခြင်းသာ ရှိ၏။အကြောင်း
တရားတို့၏ ပြည့်စုံခြင်းကို အပြည့်အစုံမခွဲခြားနိုင်သောအခါ ကြုံကြိုက်ခြင်းဟူ၍ ဆိုကြ၏။ဝိသာခါ ကျောင်းအမကြီး
သည်ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရ မြတ်စွာဘုရားထံတော်၌ စိုက်ပျိုးခဲ့သော မိမိ၏ကောင်းမှုမျိုးစေ့သည် ယခု
ဂေါတမမြတ်စွာဘုရား၏ လက်ထက်တော်၌ အသီးသီးပေပြီ။မျိုးစေ့ကို စိုက်ပျိုးခြင်းနှင့် မျိုးစေ့မှ အသီးသီးခြင်းတို့ကား
နှစ်ပေါင်းကမ္ဘာတစ်သိန်းကြာ၏။မျိုးစေ့၏ ဓမ္မတာပင်ဖြစ်၏။မျိုးစေ့၏ အသီးအနေဖြင့် ၀ိသာခါသည်ဆုရှစ်ပါးကိုလည်း
ကောင်း၊ ဧတဂဒ်ကို လည်းကောင်းရမည်ဖြစ်၏။
ဆုရှစ်ပါးဟူသည်မှာ-
၁။သံဃာအား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း(၀ါဆိုသင်္ကန်း) ကိုလှူဒါန်းခွင့်ရခြင်း
၂။အာဂန္တုက ဧည့်သည်ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
၃။ဂိလာန ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
၎။သူနာပြုရဟန်းတို့အား ဆေးဝါးလှူဒါန်းခွင့်ရခြင်း
၅။ခရီးသွား ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်ရခြင်း
၆။အမြဲတမ်း ယာဂု လှူဒါန်းခွင့်ရခြင်း
၇။ဘိက္ခူနီသံဃာအား ရေသနုပ်သင်္ကန်းကို လှူဒါန်းခွင့်ရခြင်း
တို့ဖြစ်ကြ၏။"
သာသနာတော်၌ အရှင်ကောင်းတို့အား လှူဒါန်းခွင့်ရခြင်းသည် နှယ်နှယ်ရရ ဘုန်းကံမဟုတ်။ ယင်းသို့လှူဒါန်းခွင့်ရ
ခြင်းကို ကျမ်းဂန်များ၌ သာသနာပြုခွင်းရခြင်းဟူ၍ ဆိုပါ၏။အမှန်အားဖြင့် ဘုန်းကံနှင့် ပြည့်စုံသူများသာ သာသနာပြု
ခွင့်ရကြ၏။သာသနာပြုခြင်းနှင့် ပတ်သတ်၍ ရတနာသုံးပါးအား ပစ္စည်းလေးပါးလှူဒါန်းခြင်းကို အပြင်ပုံသဏ္ဍာန်အနေ
ဖြင့်တွေ့ရမည်ဖြစ်သော်လည်း အတွင်းသရုပ်အနေဖြင့်မူ တဏှာလောဘသတ်ခြင်းကို တွေ့ရမည်ဖြစ်၏။
အမှန်အားဖြင့် လောက၌တကယ်ချမ်းသာအောင် အားထုတ်ခြင်းဟူသည်မှာ မိမိတို့၏ သန္တာန်၌ ကိန်းနေသော တ
ဏှာလောဘကို သေအောင်သတ်ခြင်းသာဖြစ်၏။ပစ္စည်းလေးပါး လှူဒါန်း၍ လူစည်းစိမ်၊နတ်စည်းစိမ်၊ဗြဟ္မာစည်းစိမ်
ကိုရည်မျှော်ခြင်းသည် အနှစ်သာရအားဖြင့် သာသနာပြုခြင်းမဟုတ်။ကုန်သွယ်ခြင်းသာဖြစ်၏။ ထိုကြောင့် အလှူဒါန
ပြူကြရာ၌ ကုန်သွယ်ခြင်း သဘော မသက်ရောက်ရလေအောင် အလှူဒါန၏ အတွင်းသရုပ်ကို မြင်အောင်ကြည့်ရ၏။
ထို့ကြောင်း မိမိတို့သည် ထူးကဲသော ပါရမီအဟုန်တို့ကြောင့် လှူဒါန်းခွင့်ရသော ၀ါဆိုသင်္ကန်းကို ကုန်သွယ်ခြင်းသ
ဘောမဖြစ်စေဘဲ ဘ၀အဆက်ဆက်မှ သူတော်ကောင်းဓါတ်ခံ ပါရမီအဟုန်ကြောင့် လှူဒါန်းခွင့်ရသည်ဟု ၀မ်းသာ
ပီတိဖြစ်သင့်ပါသည်။ သာသနာတော် နှင့်ကြုံခွင့်ရကာသံဃာတော်တို့အား ၀ါဆိုသင်္ကန်း ဆပ်ကပ်ခွင့်ရခြင်းကို မိမိတို့
သည် ၀ိသာခါကျောင်းအမသို့နှယ် ပါရမီမျိုးစေ့မှ အပင်ပေါက်ကာ သာသနာနှင့်တွေ့ကြုံအောင် မည်မျှဖြည့်ဆည်းခဲ့
ရမည်ဟု တွေးဆကာ ၀မ်းသာစေလိုသော စေတနာဖြင့် ဤစာစုကို မျှဝေလိုက်ပါတယ်။

ကထိန်ဆိုသည်မှာ

ကထိန်ခင်းလှူသဖြင့် ရရှိသောအကျိုးတရားငါးပါးကို ပျက်စီးမသွားစေရန် ခိုင်ခန့်စေတတ်သောကြောင့် ကထိန် ဟုခေါ်သည်။ ဘုရားစသော သူတော်ကောင်းအပေါင်းတို့က လေးစားကြည်ဖြူ ချီးမွမ်းတော်မူကြသောကြောင့်လည်း ကထိန် ဟုခေါ်သည်။ အလှူမှာ ကထိန်၊ ဆွမ်းမှာပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ်ဟူ၍ ရှေးဆရာမြတ်တို့၏ တန်ဖိုးရှိလှသော စကားစဉ်ကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနေကြဖြစ်သည်။ ထူးမြတ်ပါပေ့ ကထိန်အကျိုး ကထိန်နှင့်ပတ်သတ်၍ ပကိဏ္ဏကကျမ်းမှာ­ အဆင်တန်ဆာအပြည့်အစုံနှင့်ဆင်ယာဉ်ရာချီ၍လှူသည့်အလှူ၊ မြင်းယာဉ်ရာချီ၍ လှူသည့်အလှူ၊ အဿတိုရ်အာဇာနည်မြင်းယာဉ် ရာချီ၍ပေးလှူသည့်အလှူ၊ (ယခုခေတ်အရ အဆင့်အတန်းအမြင့်ဆုံး ကားယာဉ်စသည့် ယာဉ်မျိုးစုံရာချီ၍လှူသည့်အလှူ) ၊ ဝတ်စားတန်ဆာရတနာအပြည့်အစုံ  ဆင်မြန်းထား သည့်မိန်းမပျိုရာချီ၍ လှူသည့် အလှူများသည် ကထိန်ခင်းလှူ၍ရရှိသော ကုသိုလ်အကျိုးကို ၂၅၆ စိတ် စိပ်၍ တစ်စိတ်ကလေးကုသိုလ်ကိုမျှ မမှီနိုင်ဟု ရေးသားထားသည်။ ရတနာခုနှစ်ပါးတို့နှင့် အပြည့်အစုံစီခြယ်ထားသောရတနာပလ္လင်တော်ပေါင်း ၈သောင်း ၄ ထောင်နှင့်အတူ စုလစ်မွန်းချွန်အထွဋ် တပ်လျှက် အဆင့်အတန်းအမြင့်ဆုံး ကျောင်းတော်များဆောက်လုပ်ကာ ဤ ပထဗျာမြေပြင်မှနေ၍ အမြင့်ဆုံးဘုံဖြစ်သည့်အကနိဋ္ဌဗြဟ္မာနိုင်ငံတော်အထိ ပြည့်နေအောင်ရှစ်သောင်းလေးထောင်မျှ အရေအတွက်ရှိကျောင်းတော်ကြီးများ ဆောက်လုပ်လှူဒါန်းသည့်အလှူ၊ ထိုကျောင်းတော်ကြီးများထဲတွင် သင်္ကန်းသပိတ် ပရိက္ခရာ ၈ပါး အပြည့်အစုံထည့်လှူသည့်အလှူ၊ ရတနာ ၇ပါးကိုစုပုံပြီး  ထိုအမြင့်ဆုံး နိုင်ငံတော်အထိမြင့်မားလောက်အောင် လှူသည့်အလှူများ သည် ကထိန်တစ်ကြိမ် ခင်းလှူသည့်အလှူကို၂၅၆စိတ် စိပ်၍ရရှိသည့် ကုသိုလ်တစိတ်ကလေးမျှကို မမှီနိုင်သေးကြောင်းဖော်ပြ သည်။
 
 အလှူမှာ ကထိန် …
အလှူမှာ ကထိန်အလှူဟာ အမြတ်ဆုံးဟူ၍ သတ်မှတ်မိန့် ကြားတော်မူကြသည်မှာ
အကြောင်းရှိသည်။
ဘာကြောင့်ကထိန်မြတ်သလဲ၊ ဒီမေးခွန်းနှင့်ပတ်သက်၍ စာရေးသူကိုယ်တိုင်
မှတ်ရလွယ်အောင် ကဗျာတစ်ပုဒ် စီကုံးထားပါသည်။
သံဃိကမို့ လှူကျိုးမြတ်သည်၊
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
ကာလဒါန လှူရမြတ်သည်၊
မိုးပေါ်ကျ ဒါနထူးမြတ်သည်။
သံဃိကမို့ လှူကျိုးမြတ်သည်။


ကထိန်အလှူဒါနသည် သင်္ကန်းအလှူဖြစ်သည်၊ ဒါယိကာ ဒါယိကာမ
များလှူဒါန်းကြသည့် သင်္ကန်းအများစုထဲမှ
သင်္ကန်းတစ်ထည် ဖြင့်သာ ကထိန်ခင်းလှူရပါသည်။ သံဃာတစ်ပါးအတွက် ဘုရားရှင်မှ
သင်္ကန်းသုံးထည်
အမြဲဆောင်ထားရန် ခွင့်ပြုခဲ့ပါသည်။ ပခုံးပေါ်တင်ရန် သို့မဟုတ် ခြုံလွှမ်းဝတ်ဆင်ရန်
(၁) ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်း (၂) ကိုယ်ပေါ်မှာ ဝတ်ရုံဆင်မြန်းရန် ဧကသီခေါ်
သင်္ကန်း (၃) အောက်ပိုင်းကိုယ်ဝတ်ခါးမှာ
ဆင်မြန်းဝတ်ရသည့် သင်းပိုင် အားဖြင့် သုံးထည်ဖြစ်သည်။
ထိုသုံးထည်တွင် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်းရပါသည်။ ကထိန်လှူကြမည့်
ဒါယိကာ ဒါယိကာမ များက ကထိန်အ
တွက်ရည်မှန်းသော သင်္ကန်းလှူဖွယ်ကို လှူဆဲခဏမှာ ပုဂ္ဂိုလ်သို့
စိတ်မညွတ်စေဘဲ မိမိကထိန်ခင်းမည့် ကျောင်းတိုက်ရှိ သံဃာအားလုံးကို
စိတ်ညွတ်စေကာ သံဃာပိုင်ဖြစ်သွားအောင် သံဃာကို ရည်မှန်း၍ ကထိန်ခင်းရန်
သင်္ကန်းကို လှူတန်းရပါမည်။
သံဃာဟူသည် ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတို့ကို ဆိုလိုပါသည်။
ပုဂ္ဂိုလ်တဦးဦး အနေဖြင့် မဟုတ်တော၊့ ခင်မင်စရာ စွဲလန်းစရာ
မဖြစ်နိုင်တော့ပါ၊ (သို့မဟုတ် ဗုဒ္ဓ ဘုရားရှင်၏
သားအားလုံးသို့ရောက်အောင် စိတ်ညွတ်ပေးထားလိုက်ပါ)၊ ထိုကဲ့သို့
စိတ်ညွတ်လှူဒါန်းနိုင်လျှင် သံဃိက ဒါနအလှူဖြစ်ပြီး၊ ထိုအလှူသည်
ဥပါဒါန် အစွဲကင်းသည့် အလှူဖြစ်၍ ထူးခြားသည့် အလှူဟု
လည်းဆိုနိုင်ပါသည်။
ကထိန်အလှူရှင်များမှာ ကထိန်အလှူသင်္ကန်းကို သံဃိကဒါန ပေးလှူရသည်၊ ပြီးမှ
သံဃိက၊ သံဃာပိုင် ရလိုက်ပြီးဖြစ်သော ထိုသင်္ကန်းကို
ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတော်များက ဝိနည်းတော်နှင့်အညီ အဆင်းရဲဆုံး၊
အနွမ်းပါးဆုံး၊ အချို့တဲ့ဆုံး သံဃာကို ရွေးချယ်စိစစ် ၍ ထိုသင်္ကန်းကို
သိမ်ထဲတွင် ကမ္မဝါစာနှင့်ရွတ်ဆို အတည်ပြုကာ သံဃာ့ဆန္ဒနှင့်အညီ
ရွေးချယ်ထားသော ရဟန်းတော်အားကထိန် သင်္ကန်းကိုပေးအပ် ရမည်။
ထိုရဟန်းသည်လည်း ကထိန်အကြောင်းနှင့်ပတ်သက်၍ နားလည်/ကျွမ်းကျင်မှု
ရှိရမည်။ ကထိန်ခံယူမည့် ရဟန်းတော်မှာ ဝါကျိုးပျက်ခြင်းမျိုးလည်းမရှိစေရ။
ထိုကထိန် သင်္ကန်းကို ရရှိပိုင်ဆိုင်သော ရဟန်းတော်က
“အရှင်ဘုရားတို့ဤအပေါ်ရုံ သင်္ကန်းဖြင့် တပည့်တော်မှ ကထိန်ခင်းပါ၏” ဟု
နှုတ်မြွတ်ရွတ်ဆိုကာ “ဝိနည်းတရားတော်နှင့်အညီ
သံဃာတော်များအား ကထိန်ခင်းပြီးပါပြီ အရှင်ဘုရား၊
ထိုကထိန်အလှူအတွက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူကြပါ”(သာဓုခေါ်တော်မူကြပါ)
ဟူ၍လျှောက်ထားရမည်။ ကျန်သံဃာတော်များမှ ထိုအလှူကို ဝမ်းမြောက်ပါ၏
ဟူ၍သာဓုခေါ်သည်နှင့်တပြိုင်နက်၊ အနုမောဒနာ သာဓုခေါ်သော ရဟန်းတိုင်း
နောက်ပိုင်းတွင်ဖေါ်ပြမည့် ဝိနည်းကံမှ(၅)လ လုံးလုံး
ကင်းလွတ်ခွင့်ရရှိကြသည်။
ကထိန်အလှူမွန်မြတ်ရခြင်းသည် ထိုကဲ့သို့ထူးခြား၍ သံဃာတော်များအားလာဘ်လာဘ
ဖြစ်ထွန်းကာ ချမ်းသာစေခြင်း
ကြောင့် မွန်မြတ်ရခြင်းဖြစ်ပါသည်။
ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊
သာသနာတော်တွင် မည်သည့်ဒါနမျိုးမှ ရှင်တော်ဗုဒ္ဓ ပညတ်ထားသော
သိက္ခာပုဒ်တော်ကို လျော့ပါး၍မရစေနိုင်ပါ၊ဤ
‘ကထိန်’ အလှူတစ်ခုကသာလျှင် အောက်၌ဖေါ်ပြမည့် ဝိနည်းသိက္ခာပုဒ်(၅)
မျိုးကို (၅)လအထိကျင့်သုံးစရာမလိုအပ်ပဲ
ကင်းလွတ်ခွင့်ရ ရှိပေသည်။
(၁) ရဟန်းတစ်ပါးသည် နေ့လည်နေ့ခင်းမြို့ထဲရွာထဲ ကြွချင်လျှင်
ကျောင်းတိုက်ရှိ ဆရာတော်(သို့မဟုတ်)ထင်ရှားရှိနေသည့်ရဟန်း
တော်တစ်ပါးပါးကို လျှောက်ထားပြီးမှ ကြွ၍ရသည်၊ မပန်ကြားပဲကြွပါက
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၂) ရဟန်းတော်များမှာ နှစ်ထပ်သင်္ကန်း(ဒုကုဋ်) ကိုသွားရာတိုင်း
ယူဆောင်၍သွားရသည်၊ ယူဆောင်မသွားပါက ထိုသင်္ကန်းနှင့် နှစ်ရက်
သုံးရက်လောက် ကင်းကွာနေသော အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ
ကင်းလွတ်ခွင့်ရခြင်း။
(၃) ရဟန်းတော်တစ်ပါးကို ဒါယိကာ ဒါယိကာမ တစ်ဦးဦးက
ဆွမ်းစားမပင့်တတ်၍ တပည့်တော်တို့အိမ်ကို ထမင်းစားကြွပါဟု ပင့်သည်ကို
ဘုဉ်းပေးမိလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၄) ရဟန်းတစ်ပါးတွင်ရရှိလာသော မိမိပစ္စည်းကို (၁၀)ရက် အတွင်း
သတ်သတ်မှတ်မှတ် ရွတ်ဆိုစီစဉ်ထားခြင်းကို အဓိဋ္ဌာန်
ဝိကပ္ပနာပြုသည်ဟုခေါ်သည်။ ထိုကဲ့သို့ မစီစဉ်ထားပါက ၁၀ရက်ကျော်သည်နှင့်
အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
(၅) ဒါယိကာ ဒါယိကာမ တစ်ဦးဦးက ကျောင်းတိုက်သို့ ပစ္စည်းတစ်ခုခုကို သံဃိက
လာလှူခဲ့လျှင် ဧည့်သည် အာဂန္တုရောက်နေပါ ကဧည့်သည်အပါအဝင် ဝေစုကိုပေးရမည်၊
မပေးလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။
ရဟန်းတော်များမှာ ဖေါ်ပြခဲ့သည့် အကျိုးတရားငါးမျိုးကို
ကထိန်အာနိသင်ရရှိသော အချိန်မှတပေါင်းလပြည့်နေ့အထိ
အပြစ် မသင့်ပဲ ခံစားခွင့်ရရှိသောကြောင့် ကထိန်အလှူသည် မွန်မြတ်လှပေသည်။
ရဟန်းတော်များမှာအကျိုးငါးပါးရရှိသကဲ့သို့
ကထိန်အလှူရှင်များမှာလည်းအကျိုးတရားငါးပါးကိုရရှိနိုင်ကြောင်း
ဆရာ့ဆရာ မထေရ်ကြီးများမှမိန့်ကြားတော်မူခဲ့ကြသည်။
ကထိန်လှူရမြတ်ဖလ မှတ်ကြပါလေ ငါးမျိုးပေ
(က) မပန်မကြား၊မခစား လာသွားနိုင်ပေ၊ ရပ်ထွေထွေ။
(ခ) ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျှက်ပေ၊ ရန်ကင်းချေ။
(ဂ) ဝတ်စားဖုံဖုံ၊လွန်ပြည့်စုံ၊ကုံလုံကျက်သရေ၊လက်လက်ဝေ။
(ဃ)မိစ္ဆာအပင်း၊ရန်မျိုးကင်း၊ရှင်းရှင်းလွတ်ပေ၊ရန်မျိုးတွေ။
(င) စည်းစိမ်ဖြိုင်ဖြိုင်၊လွန်ကြံ့ခိုင်၊စိုးပိုင်လှပေ၊တင့်ဖြိုးဝေ။
( ဤကဗျာကို အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးရေးသည်ဟုမှတ်သားမိပါသည်။)
ကထိန်အလှူ ရှင်များသည်ဖြစ်လေရာဘဝတိုင်း၌…
(က) ဖြစ်လေရာပတ်ဝန်းကျင်တွင် ဇနီးသည်က ခင်ပွန်းသည်ကို၊ ခင်ပွန်းသည်က
ဇနီးသည်ကို၊ သားသမီးများက မိဘကို ကြောက်ရွံ့  စရာမလိုပဲ
မိမိတို့သွားလိုရာသို့ ချုပ်ချယ်ခြင်းကင်းစွာဖြင့်
လွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ခြင်း။
(ခ) မိမိပိုင်ပစ္စည်းကို ရန်သူမျိုးငါးပါးက မဖျက်ဆီးနိုင်ခြင်း၊
မေ့ကျန်ခဲ့သောပစ္စည်းနှင့် ပျောက်ဆုံးသွားသည့် ပစ္စည်းများကိုလည်း
အလွယ်တကူပြန်လည်ရရှိနိုင်ခြင်း။
(ဂ) အဝတ်အစားနှင့်ပတ်သက်၍ မမွေးခင်ကပင် လက်ဆောင်တပုံတပင်
ကြိုတင်ရရှိနေခြင်း၊ ခေတ်ပေါ်အကောင်းဆုံး
အဝတ်အထည်များကိုလည်း လိုသည်ထက်ပိုလွန်အောင်ရရှိခြင်း။
(ဃ) မလိုလားသူများမှ ပြုစား၍မရနိုင်ခြင်း၊ အစားအစာအဆိပ်အတောက်မဖြစ်နိုင်ခြင်း။
(င) ဖြစ်လေရာဘဝတွင် ဓနငွေကြေး၊အသုံးအဆောင်ပစ္စည်းဥစ္စာ ပြည့်စုံ
ပေါများကြွယ်ဝရခြင်း စသောကောင်းမြတ်သည့်
ကောင်းကျိုးများကိုရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။


ကာလဒါန လှူရမြတ်သည်၊
ကထိန်အလှူသည် ကာလဒါနအလှူဖြစ်၍ မွန်မြတ်သည်။ ဘုရားရှင်က ကထိန်အလှူကို
သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မှတန်ဆောင်မုန်းလပြည့်နေ့အထိ
တစ်လခွင့်ပြုသည်။ အချိန်အခါနှင့် ကန့်သတ်၍သာလှူခွင့်ရှိသော
ရှားရှားပါးပါး လှူရသော ဒါနမျိုးဖြစ်၍ ထူးမြတ်သည်။
ထိုခွင့်ပြုချက်တစ်လတွင် ကြိုက်ရာရက်တစ်ရက်၊ ထိုတစ်ရက်တွင်လည်း
တစ်ကြိမ်သာ လှူရသောဒါနထူးဖြစ်သည်။ လှူသည့်အခါတွင်လည်း
ယနေ့လှူသောကထိန်သင်္ကန်းကို ကထိန်အလှူခံ သံဃာတော်များ အနေဖြင့်
ယနေ့ပင်လျှင် ဝိနည်းကံနှင့်အညီ နေ့ချင်းပြီး ကထိန်ခင်းရသည်။
နောက်နေ့အရုဏ်ကူးသွားလျှင်ထိုသင်္ကန်းသည် ကထိန်ခင်းနိုင်ခြင်း မရှိတော့ဘဲ
ပုပ်သိုးသွားတော့သည်။ထို့ကြောင့် ကထိန်သင်္ကန်းကို မသိုးသင်္ကန်းဟူ၍လည်း
တင်စားခေါ်ဝေါ်ကြသည်။
မိုးပေါ်ကျ ဒါနထူးမြတ်သည်။
ကထိန်အလှူသည် အလွန်သန့်ရှင်းဖို့လိုအပ်ပါသည်။ ကျောင်းတိုက်ရှိ
ရဟန်းတစ်ပါးပါးက ‘ဒကာမကြီးတို့ ဦးဇင်းတို့ကျောင်း မှာဒီနှစ်
ကထိန်မရှိဘူး’ ဟု ကထိန်ရချင်၍ ကြိုတင်ကာ
ရေလာမြောင်းပေးသဘောမျိုးနှင့် ပြော၍ခင်းပေးသော ကထိန်အလှူသည်
ကထိန်မမြောက်တော့၊ ကထိန်မဟုတ်တော့ပေ။
ထိုကထိန်ကိုခံယူမည့်ကျောင်းမှ သံဃာတော်တစ်ပါးပါးက
နှုတ်မြွတ်ပြောကြားခြင်းမပါရှိပဲ မိုးပေါ်ကျ မိုးရေပေါက် မိုးရေစက်
ကဲ့သို့ အငြိအတွယ်ကင်းပြီး သဒ္ဓါ သန့်သန့်စင်စင်ဖြင့်လာလှူသော
အလှူမျိုးဖြစ်ရမည်။ ထိုကဲ့သို့ စင်ကြယ်သော အလှူဖြစ်ခြင်းကြောင့်
ကထိန်အလှူသည် မွန်မြတ်ပေသည်။

ကထိန်ဖြစ်ရန် အကြောင်းဖန်

ကထိန်ဖြစ်ပေါ်လာရသောသမိုင်းကြောင်းနောက်ခံမှာဤသို့ဖြစ်သည်….။
စိုစွတ်သည့် မိုးရာသီသုံးလအတွင်း ခရီးသွားလာခြင်းရပ်ဆိုင်း၍
ကျောင်းတိုက်ထဲတွင် ဝါဆိုဝါကပ်ကာ ပရိယတ်၊ ပဋိပတ်
သာသနာ့အလုပ် ကိုအားထုတ်တော်မူကြသည့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား
ဝါကျွတ်ပြီးသည်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားဝယ်နိုးကြားလာသည်ကား
“ကထိန်လှူမည်” ဟူ၍ဖြစ်သည်။
ထိုကထိန်အလှူ လှူဖြစ်ရန် အကြောင်းက ရှေးခတ်တုန်းက
သင်္ကန်းအလွန်ရှားပါးခဲ့ကြသော ကောသလ ဘုရင်မင်းနှင့် အဖေတူ အမေကွဲ
ညီနောင်ရဟန်းသုံးဆယ် တို့ကို အကြောင်းပြု၍ ရှင်တော်ဘုရားက ထိုအလှူကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ဘုရားရှင်သည် သာသနာပြုခရီး တစ်ထောက်ကြွချီတော်မူရင်း
ကပ္ပါသိကတောအုပ်အတွင်း ထိုညီနောင် သုံးဆယ် တို့ကို
တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
ထိုညီနောင် သုံးဆယ်တို့သည် ချစ်ဇနီးမယား ကိုယ်စီနှင့် တောအုပ်ထဲသို့
ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ သုံးဆယ်ထဲတွင် တစ်ဦးသော မင်းသားမှာ
ကိုယ်ပိုင်ဇနီးမယားမရှိ၍ အပျော်မယ်တစ်ဦးကို ငှါးရမ်းခေါ်ဆောင်လာခဲ့ခြင်းက
မင်းသားသုံးဆယ်တို့ကိုကျွတ် တမ်းခရီးဆီတို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။
မင်းသားသုံးဆယ်တို့သည် တောအုပ်အတွင်း ပျော်ပွဲကြီး ဆင်ယင်ကျင်းပရင်း
မောပန်းကာ အိပ်မောကျ ကုန်ကြသည်။ အပျော်မယ်ကတော့ မအိပ်ပျော်နိုင်ပေ။
သူမမှာ မင်းသားတို့လောက် မပြည့်စုံသည့်အတွက် အကွက်ကောင်းကို
ချောင်းကာသောက်စား ယစ်မူး၍ အိပ်ပျော်နေကြသော မင်းသားတို့၏
ကောင်းနိုးရာရာ ရတနာများကို ချွတ်ယူထွက်ပြေးလေသည်။ အိပ်ရေးဝ၍
နိုးထလာမှ အကြောင်းစုံသိရှိရပေသည်။
ထိုအမျိုးသမီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်ရန်
ဓါးလှံတဝင့်ဝင့် ရှာပုံတော်ဖွင့်ကြတော့သည်။
သို့ရာတွင် ရှာသည်က အပျော်မယ်၊ တွေ့သည်က ရှင်တော်ဗုဒ္ဓ…။
ရှင်တော်ဗုဒ္ဓကို ဝိုင်း၍ မေးကြတော့သည်၊
အရှင်ဘုရား…… ဤနေရာမှ အမျိုးသမီးတစ် ဦး ရတနာထုပ်နှင့် ပြေးသွားသည်ကို မြင်လိုက်ပါသလား….တဲ့…။
သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဖန်ခွက်ထဲတွင်ရေကို မြင်သကဲ့သို့
ကောင်းစွာမြင်နိုင်တော်မူသော ဗုဒ္ဓက၊ မင်းသားတို့ အား
မိန်းမပျောက်ကိုရှာတာနှင့် မိမိကိုယ်ကို ရှာတာ ဘယ်ဟာကအကျိုးရှိသနည်းဟု
မေးခွန်းစတင်လိုက်ရာ ပါရမီရှင် မင်းသားများအ လိုအလျောက်
ဒူးများကွေးညွတ်သွားရင်း မိမိကိုယ်တိုင်ပင် မိမိကိုယ်တွင်ရှာတာ
ကောင်းကြောင်းပြိုင်တူလျှောက်ထားမိကြသည်။
ရှင်တော်ဗုဒ္ဓ မိန့်ခွန်းတော်မြတ်သည်၊ မင်းသားတို့အတွက်
မဂ်ဖိုလ်လမ်းကို ဖြောင့်တန်းစေခဲ့သည်။ သူတို့သည်
ယခင်ဘဝများစွာသံသရာ တစ်ကွေ့က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် တုဏ္ဍိလ
ဝက်ဘဝဖြစ်ခဲ့ရသည့်တချိန် ပျော်ပွဲစားပြုလုပ်ရန် ဝက်သားလို အပ်၍
ဗုဒ္ဓအလောင်းတော်ဝက်နှင့် ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေးတို့အား
ဝက်ပိုင်ရှင် အဖွါးအိုကို အရက်တိုက် ကာရောင်းစေခဲ့သည်။
ထိုအခါ ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေး သေဘေးကိုကြောက်လှ၍
နောင်တော်အနားတွင် ငိုယိုသည်ကိုတရား
စကားပြောရင်း ထိုမင်းသားညီနောင်သုံးဆယ်တို့အားလည်း တရားသံဝေဂ
ရစေခဲ့သည့်အပြင် တစ်သက်လုံး ဒါန၊ သီလ၊ ကုသိုလ် တိုး ပွားစေခဲ့သည်။
ထိုပါရမီမျိုးစေ့တို့သည် ယ္ခုဖူးပွင့်ခွင့် ကြုံရပေပြီ။
ဗုဒ္ဓစကားသည် ဟုတ်မှန်ပေသည်။ တစ်သံသရာလုံး ကိုယ့်ခန္ဓာကို
ဥာဏ်နဲ့ရှာကြည့်ရန်ကို မရှာတတ်၊ ရှာရကောင်းမှန်းမသိ၍ သူ များကိုပဲ
ရှာဖွေခဲ့ကြသည်။ သူများကိုရှာသဖြင့် မိမိတွင် ဒုက္ခရှည်ရန်
ဖန်တီးစုဆောင်းကြသည်။ အကုသိုလ် အပြစ်ကြွယ်သထက် ကြွယ်အောင် နေ့ရောညပါ၊ နေ့မအားညမနား စုဆောင်းတတ်ခဲ့ကြသည်။ အကြောင်းပြည့်စုံသည်နှင့် ထိုအကြောင်းများက အကျိုးတရားတစ်ခုစီ ထုတ်လုပ်ပေးသည်ကို အပါယ်တွင် ခါးစည်း၍ခံစားခဲ့ရသည်။ အိုဘေးတွေ အထပ်ထပ်၊ နာဘေးတွေ အဖုံဖုံ၊ သေဘေးတွေ အလောင်းချင်းထပ် မြေကြီးထု ယူဇနာချီ တိုးတက်လာအောင် အကြောင်းတွေကို အကျိုးလုပ်ပြီး ပေးဆပ်ခဲ့ရသည်မှာ ဆိုတာမသိတော့လောက်အောင်ဖြစ်ခဲ့ပြီ။
မိမိကိုယ်ထဲ ဥာဏ်နဲ့ရှာကြည်တော့မှ ငါမတွေ့ သူမတွေ့ပဲ ဖေါက်ပြန်ပြောင်းလွဲနေသည့် ရုပ်၊လက်သင့်ခံစားနေရသည့်ဝေဒနာ၊ အမှတ်အသားပြုပေးနေရသည့် သညာ၊မှတ်နှိုင်ဖို့ခံစားနှိုင်ဖို့ သိနှိုင်ဖို့ အမြဲတမ်းတွန်းအားပေး နေရသည့် သင်္ခါရ၊မသိပဲနေ၍မရ သိပေးနေရသည့် စိတ် အပေါင်းအစုကိုသာ တွေ့ရှိနေရပေသည်။
တရားနှင့်ကြည့်ရင်းက သူတို့၏ခန္ဓာတွင်အရှုခံ တရားလေးတွေ၏မမြဲမှုကို
ရှုဥာဏ်နှင့် ကောင်းကောင်းမြင်၊ မကြည့်ချင်တော့ လောက်အောင်
ဥာဏ်မုန်းမုန်းကာ၊ ဒုက္ခဆုံးသွားတော့မှ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို
ဥာဏ်အမြင်နှင့် မြင်တွေ့ သွားကြပေလိမ့်မည်။
နိဗ္ဗာန်ကိုမြင်ရမှ ဒုက္ခဖြစ်ကြောရှည်အဖြစ်မှ
လွတ်မြောက်ကြောင်းကိုသဘောပေါက်ကြလိမ့်မည်။
ပါရမီရှင် မင်းသားသုံးဆယ်တို့မှာ ရှင်တော်ဗုဒ္ဓ၏ သစ္စာစကားအဆုံးမှာ
သောတာပန်အောက်မနည်း အနာဂါမ်ထက်မပို မင်းသားအားလုံးသည်ပင် အရိယာစင်စစ် ဧကန်ဖြစ်သွားကြတော့သည်။ ရဟန်းပြုပေးရန်တောင်းပန်မှုကြောင့် ‘ဧဟိဘိက္ခု’
ရဟန်းတော်များဖြစ်ခဲ့ကြရသည်။ ရဟန်းဖြစ်ဖို့ရန် ပင်ပန်းခြင်းမရှိသည်မှာ
အတိတ်ဘဝ တစ်ချိန်ချိန်က သင်္ကန်းသပိတ်လှူခဲ့သော ပါရမီကုသိုလ်မျိုးစေ့
စိုက်ခဲ့မှုကြောင့်ဖြစ်၏။ ထိုကဲ့သို့ ကုသိုလ်မျိုးမရှိပါက သပိတ်သင်္ကန်း
မပြည့်မချင်း လိုက်ရှာနေရပေအုံးမည်။ ယ္ခုတော့ ရှင်တော်ဗုဒ္ဓက
လူဝတ်ကြောင်ဖြစ်သောထိုသူတို့ကို ‘ဧဟိဘိက္ခု’ ‘ချစ်သားရဟန်း လာခဲ့လော့’
ဟုခေါ်လိုက်သည်နှင့် လူ့အသွင်ပျောက်ကာ အားလုံးသပိတ်လွယ်ပြီးသား င်္ကန်းဝတ် ရုံပြီးသား အဆင်သင့်ရဟန်းတော်များဖြစ်ခဲ့ကြသည်။ ထိုမင်းသားသုံးဆယ်တို့အရိယာဖြစ်သွားပြီးနောက်သာသနာမှာခိုင်မာစွာရပ်တည်
နေနိုင်ပြီဟုသိရှိတော်မူပြီးသောရှင်တော်ဗုဒ္ဓသည်သာသနာပြုခရီးဆက်လက်ကြွချီတော်မူခဲ့တော့သည်။
ထိုရဟန်းတော်မြတ်အသစ်စက်စက်သုံးဆယ်တို့သည်
အရိယာအဖြစ်နှင့်တစ်ကြိမ်မျှသာ ဖူးခွင့်ရလိုက်သည့် ဗုဒ္ဓရုပ်ပုံတော်၊
တစ်ကြိမ်မျှသာ နာကြားခွင့်ရလိုက်သော ချိုမြိန်ကောင်းမြတ်လှသည့်
တရားတော်အသံတို့ကို ဆက်လက်ဖူးမြှော်လို၊ နာကြားလိုသောသဒ္ဓါ
ဆန္ဒပြင်းပြစွာနှင့် ရှင်တော်ဗုဒ္ဓရှိရာဆီမှန်းပြီး ခရီးလှမ်းရင်း
သာဝတ္တိမြို့မှ ဇေတဝန်ကျောင်းတော် မရောက်မှီသာကေတမြို့မှာ
ဝါဆိုဝါကပ်တော်မူခဲ့ကြသည်။
သာဝတ္တိနှင့် သာကေတမြို့မှာ ၆­ ယူဇနာ ဝေးကွာသည်။
နို့စို့ကလေးအမေနှင့်ခွဲနေရသကဲ့သို့ တရားနို့ ဆာလောင်စွာနှင့် ဝါဆိုဝါကပ်နေခဲ့ ရပေသည်။ ဝါကျွတ်သည်နှင့်ခရီးဆက်ခဲ့ကြသည်။
မိုးကမပြတ်တတ်သေး၊ရွံ့နွံ့စေးပေါများ၊လျှိုမြောင်တောင်ကြား
စမ်းအိုင်များကို ဖြတ်ကျော် လာခဲ့ကြရသော နုနယ်သော မင်းသားတဖြစ်လဲ
ရဟန်းတော်များမှာ အလွန်ပင်ပန်းကာ သင်္ကန်းများလည်း မိုးရေစိုရွှဲ၍
လဲစရာနတ္ထိ သနားစရာအတိနှင့် ရှင်တော်ဗုဒ္ဓရှေ့တော်မှာ ပြားပြားမှောက်ကာ
ဝပ်ချဖူးမြှော်နေကြသည်ကို ဧည့်ဝတ်စကားမိန့်ချွေကြားရင်း အတိုင်းမသိ
သနားခြင်းရှိသော ရှင်တော်ဗုဒ္ဓသည် ထိုမင်းသားသုံးဆယ်တို့ကိုအကြောင်းပြုကာ
သာသနာတော်အတွက် အရှည်ကိုရည်မြှော်လျှက် ဤထူးခြားသည့်ကထိန်အလှူတော်ကို
ခွင့်ပြုတော်မူခဲ့ပေသည်။
ထို့ကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းသည် သာသနာတော်နှင့်ကြုံခိုက်
အလှူမျိုးစုံကို လှူဖူးစေရန် ကြိုးစားသင့်သည်ဖြစ်သလို၊ ဤထူးခြားလှ သည့်
ကထိန်အလှူကိုလည်း ရှင်တော်ဗုဒ္ဓ ခွင့်ပြုတော်မူခဲ့သည့်
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ ခဝဲပန်းတို့လှိုင်လှိုင်ပွင့်သည့်
တန်ဆောင်မုန်းလပြည့်နေ့ အထိတစ်လအတွင်း မိမိကထိန်ခင်းလိုသော
ရက်ကိုရွေးချယ်၍ ဒုက္ခခပ်သိမ်းကင်းလွတ်ရာ
မသေပန်းတို့လှိုင်လှိုင်ပွင့်နေသည့် သန္တိဓာတ်နိဗ္ဗာန်ကို
ရည်မှန်းတောင့်တပြီး လှူဒါန်းနိုင်ကြပါစေ ဟု ဆန္ဒပြုရင်း ဤကထိန်အကျိုး
ဆောင်းပါးရေးသား ပူဇော်လိုက်ရပေသည်။
အလှူမျိုးစုံ၊ ကောင်းမှုထုံ၊ အကုန်ရရှိကြပါစေ။
နိဗ္ဗာန်စခန်း၊ ရည်မျှော်မှန်း၊ လှူဒါန်းတတ်ပါစေ။
အသေလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ ဥာဏ်လင်းပေါက်ပါစေ။
မေတ္တာဖြင့် …. သစ္စာပါရမီ အရှင်ဇယတိဿ (စင်္ကာပူ)

ပထမသင်္ဂါယနာတင်ရခြင်း

ဂေါတမမြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူသည့်နောက် လေးလမြောက်၌ ရာဇဂြိုဟ်ပြည်အဇာတသတ်မင်းကိုအမှီပြု၍ ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ ငါးရာတို့  ပထမသင်္ဂါယနာ တင်တော်မူသည် ။

အကြောင်းထူးကား -



သဗ္ဗညုတဘုရားလောင်းပရိနိဗ္ဗာန်လားတော်မူ၍ ခုနှစ်ရက်လည်သော်အခါ တစ်ထောင်ငါးရာသောရဟန်းသံဃာနှင့်တကွ ပါဝါပြည်မှ ကုသိနာရုံသို့ အရှင်မဟာကဿပ ကြွလာလေသော် ခရီးအကြားနိဗ္ဗာန်လားတော်မူကြောင်းကို ကြား၍ သံဃာအပေါင်းငိုကြွေးကြသည်တွင်  ကြီးမှရဟန်းပြုသော သုဘဒ် ရဟန်းက “ မငိုကြွေးကြလင့်၊ အဘယ် စိုးရိမ်ဖွယ်ရှိသနည်း။ ဂေါတမ မရှိက ငါတို့  ကျင့်လိုရာကိုကျင့်၊ကြိုက်သမျှကျင့်ရတော့မည်တကား” ဆိုသောစကားကို မဟာကဿပမထေရ်ကြားတော်မူလျှင် ဤကဲ့သို့သော ၀ိဘာဂ = သဘောမတူခြင်း ဖြင့်သာသနာတော်မြတ်ကွယ်ပရာသော အကြောင်း ရှိချေသည်ဟုဓမ္မ သံဝေဂ ဖြစ်တော်မူသည်။  ပထမသင်္ဂါယနာ၌ အရှင်မဟာကဿပ ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ အစရှိသော ရဟန်းတာကြီးငါးရာတို့ သင်္ဂါယနာတင်တော်၍ လက်ဦးရှေးမွန်သာသနာပြုတော်မူသည်။  သုဘဒ်ရဟန်းကြီးအကြောင်းကား  - အာတုမာမြို့သား ဆတ္တာသည်မျိုးနွယ်ဖြစ်ပေသည်။ ဘုရားရှင် အာတုမာမြို့သို့

ဒေသစာရီ ကြွချီတော်မူသောအခါက မိမိသားသာမဏေနှစ်ပါးကို ဆတ္တာမှုပြု၍ ရသော ဆီ၊ဆား၊ဆန်စသော လှူဖွယ် ၀တ္ထုဖြင့် ယာဂုချက်ပြီးလျှင် သံဃာနှင့်တကွ ဘုရားရှင်အား လှူသည်ကို ဘုရားရှင်မှ အလှူမခံတော်မူ။ အကြောင်းကိုမေး၍ ကဲ့ရဲ့ပြစ်တင်တော်မူသည်။    အကအကပ္ပိယအရာ၌လူသာမဏေတို့ကိုဆောက်တည်စေသော်အရာ၌ လူသာမဏေတို့ကိုဆောက်တည်စေသော် ဒုက္ကဋ် အာပတ်သင့်စေ၊ ဆတ္တာသည်ဖြစ်ဖူးသော

ရဟန်းသည် သင်တုန်းစသော ဆတ္တာသည်အဆောက်အဦကို ဆောင်ရွက်သော  ဒုက္ကဋ်အာပတ်ဟု သိက္ခာပုဒ် နှစ်ချက်ပညတ်တော်မူသည်ကို အငြိုးထား၍ သာသနာတော်မြတ်ကိုဖျက်ဆီးလိုသောကြောင့်  မဆိုကောင်းသော စကားကိုဆိုလေသည်။


ပရိနိဗ္ဗာန်လားတော်မူသည့်နောက် သုံးလမြောက်သောအခါ ၀ါခေါင်လပြည့်ကျော် ၅ ရက်နေ့ ရာဇဂြိုဟ်ပြည် စရည်းပင် ရောက်သောလှိုဏ်၌ အဇာတသတ်မင်းကို အမှီပြု၍ သံဃာတော်ငါးရာကျော်နှင့်တကွ ခုနှစ်လပတ်လုံး ပထမသင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သင်္ဂါယနာတင်ကုန်သော အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊အရှင်အာနန္ဒာ၊အရှင်အနုရုဒ္ဓါ အစရှိသော ရဟန္တာကြီးငါးရားတို့က အဆင့်ဆင့်ပွားများ၍ ဆရာဆက်တပည့်ဆက်ကား အမြောက်အများပင်ရှိလေသည်။

ဒုတိယသင်္ဂါယနာတင်ရခြင်း

အနှစ်တစ်ရာတိုင်အောင်ရောက်သည့်ကာလ ဝေသာလီပြည် ကာလာသောကမင်းကို အမှီပြု၍ ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။ အကြောင်းထူးကား -  ပထမသင်္ဂါယနာတင်ပြီးနောက် ပရိနိဗ္ဗာန်လားတော်မူသည်က နှစ်တစ်ရာတိုင်ရောက်အောင် ပထမသင်္ဂါယနာတင်တိုင်ငြိမ်ဝပ်စွာ ဆရာစဉ်ဆက် မပျက်မစီး ကျင့်ဆောင်တော်မူကုန်သည်။ထိုမှနောက် ဝေသာလီပြည် ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်ဝိနည်းတရားနှင့် မညီသော အဓမ္မ၀တ္ထု ဆယ်ပါးကို ပြသ ကျင့်ဆောင်ကုန်၍ သာသနာ၌ ဘေးရန်ကြီးစွာဖြစ်ရလေ၏။ အဓမ္မ၀တ္ထု ဆယ်ပါးဟုသည်ကား - ၁။ သားချိုဖြင့် ဆားကိုဆောင်၍ ဆားမရှိသော ဆွမ်းနှင့်စားလျှင် သန္နိဓိ မဖြစ် ဟု ယူသည်လည်းတစ်ပါး ၊ ၂။ မွန်းလွဲ၍ အရိပ်လက် ၂ သစ် ထွက်အောင် ပင်စားသောလည်း ၀ိကာလဘောဇနာ မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၃။ တစ်ရပ်တစ်ရွာသို့ သွားလို၍ ပ၀ါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်းသည်လည်းတစ်ပါး၊၄။ တစ်သိမ်တည်းတွင် တစ်ကျောင်းတခြားစီ သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၅။ ဆရာ ဥပဇ္ဈာယ် ကိုအလေ့အကျင့်ဖြစ်က အပ်တော့သည်သာ ဟု ယူသည်လည်းတစ်ပါး။ ၆။ မလာသေးပဲ လာမှ ဆန္ဒယူအံ့ ဟုရှေးဦးက သံဃာကံဆောင်သော် ၀ဂ်မဖြစ် ဟု ယူသည်လည်းတစ်ပါး၊ ၇။ နို့မဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်း အဖြစ်သို့လည်းမရောက်သေးသော နို့ရည်ကို ပ၀ါရိတ်သင့်လျက် အတိရိတ် မပြုပဲ စားကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊၈။ သေရည်အဖြစ်သို့ စဉ်စစ်မရောက်သေးသော သေနုကို သောက်အပ်၏ ဟု  ယူသည်လည်းတစ်ပါး၊ ၉။ အစာမရှိသော နိသီဒိုင်ကို သုံဆောင်ကောင်း၏ ဟု ယူသည်လည်းတစ်ပါး၊ ၁၀။ ရွှေ ၊ ငွေ ကိုခံကောင်း၏ ဟု ယူသည်လည်းတစ်ပါး ။ ထိုအကြောင်းကို  အရှင်မဟာယသထေရ် ကြားသိ၍ အရှင်ရေ၀တ၊ အရှင်သဗ္ဗကာမီ အစရှိသော ရဟန္တာကြီး ခုနှစ်ရာတို့ကို ဆော်နှိုးစည်းဝေးပြီးလျှင် သင်္ဂါယနာတင်အံ့ဟု ဝေသာလီပြည် ၀ါလိကာရုံကျောင်းသို့ကြွတော်မူလေသည်။ထိုကျောင်း၌ပင် အရှင်မဟာသယ စသောရဟန္တာကြီးခုနှစ်ရာတို့လည်း ကာလာသောကမင်းကို အမှီပြု၍  ၀ဇ္ဇီတိုင်းသား ရဟန်းများတို့ပြဆောင်သော အဓမ္မ၀တ္ထုဆယ်ပါးကို ပယ်ဖျောက်လျက် ရှစ်လပတ်လုံး ဒုတိယသင်္ဂါယနာတင်တော်မူလေသည်။  ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ အရှင်မဟာယသ သည် အရှင်အာနန္ဒာနှင့်  အတူနေတပည့်ရင်းပေတည်း။

တတိယသင်္ဂါယနာတင်ခြင်း

ဘုရားပရိနိဗ္ဗာန်စံတော်မူသည်နောက်နှစ်ပေါင်း ၂၃၅ နှစ်ရောက်သောအခါ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကို အမှီပြု၍ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အမှူးရှိသော ရဟန္တာတစ်ထောင်တို့သည် တတိယသင်္ဂါယနာတင်တော်မူကြကုန်လေသည်။အကြောင်းထူးကား - နောင်သောအခါကား  ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်း လက်ထက် အရှင်နိဂြောဓသာမဏေ ကို အရင်းစွဲ၍ သာသနာတော်၌ကြည်ညိုသဖြင့် ရဟန်းသံဃာတို့အား လာဘသက္ကာရများပြားသည်တွင် တိတ္ထိခြောက်သောင်းတို့ သည်လာဘသက္ကာရကိုငဲ့သဖြင့် ရဟန်းဘောင်ဝင်၍ ဥပုသ်၊ပ၀ါရဏာ၊ကံကြီး၊ကံငယ၌ ၀င်လေသည်။ထိုသို့မစဉ်ကြယ်သောကြောင့် ရဟန်းသံဃာတို့သည် ဥပုသ်မပြုကြကုန်။ သာသနာတော်၌အညစ်အကြေး ဆူးငြောင့်ဘေးရန်များသောကြောင့် ခုနှစ်နှစ်တိုင်အောင် ဥပုသ် ပြတ်ကြလေသည်။ ထိုအကြောင်းကို သိရီဓမ္မာသောကမင်းကြားသိ၍  အဓိကရုဏ်းကို ငြိမ်းစေ ၊ ဥပုသ်ပြုစေ ခြင်းငှာ မင်းခြင်းအမတ်တစ်ယောက်ကို စေလိုက်သော် သတ်စေဟုဆိုသည့်အထင်နှင့်ဥပုသ်မပြုသော ဓမ္မ၀ါဒီရဟန်းများကိုသတ်မိလေသည်။၎င်းအကြောင်းကိုသီရိဓမ္မာသောကမင်းသိလျှင် ငါမသတ်စေပဲ အမတ်သတ်၍ သေလေသဖြင့် ငါ့အား မကောင်းမှု မှလွတ်လော၊မလွတ်လောယုံမှားရှိလေသဖြင့် ဂင်္ဂါအညာမှ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် အားမေးလျှောက်လေသည်တွင် လွတ်ကြောင်းကို ဖြေတော်မူပြီး ဒီပကတိတ္ထိရဇာတ်ဖြင့် ဟောပြောတရားပြကာ တိတ္ထိတို့အယူနှင့် ဓမ္မ၀ါဒီ အယူဝါဒနှစ်မျိုးလုံးကို ခိုင်းနှိုင်းလျက် သိရီဓမ္မာသောကမင်းအားရှင်းပြသည်တွင် မင်းကြီးနားလည်၍ ခြောက်သောင်းမျှသော တိတ္ထိတို့ကို နှင်ထုတ်စေပြီးမှ ရဟန်းတော်ခြောက်သိန်းနှင့်တကွ ဥပုသ်တော်ပြုကြသည်။မြတ်ဘုရားဗျာဒိတ်တော်နှင့်အညီ ကထာဝတ္ထုကိုလည်းဆက်လက်၍ဟောကြားတော်မူလေသည်။ ထိုနောက်မှ ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းအားအမှီပြု၍ အသောကရုံကျောင်းတော်၌ ရဟန္တာကြီးတစ်ထောင် စည်းဝေး၍ ကိုးလပတ်လုံး သင်္ဂါယနာတင်တော်မူလေသည်။ ဤနေရာ၌ သီရိဓမ္မာသောကမင်း နန်းစံသက် တစ်ဆယ့်ရှစ်နှစ် ၊ ကျွနှ်ပ်တို့မြန်မာတိုင်း သရေခေတ္တရာ ရသေ့ပြည်တွင်း၌ ရန်ပေါင်မင်း နန်းစံသက် ၂၁ နှစ်ပေတည်း။တတိယသင်္ဂါယနာတင်တော်မူပြီးနောက် နောင်အခါဘယ်အရပ်၌ သာသနာတော်မြတ်ကောင်းစွာ တည်တံ့နိုင်မည်ကို အရှင်မောဂ္ဂလိပုတ္တတဿမထေရ်  ဆင်ခြင်တော်မူလေသော် ပစ္စန္တရာဇ်တိုင်းတို့၌ ကောင်းစွာတည်နိုင်တော်မူသည်ကို မြင်တော်မူ၍ ကိုးတိုင်းကိုးဌာနသို့ရဟန်းတော် အသီးသီးအား သာသနာပြုစေတော်မူလေသည်။

ဆီးချိုသွေးချိုရောဂါရှိလျှင်သစ်သီးစားသင့်သလား (ပါမောက္ခဒေါက်တာတင့်ဆွေလတ်)

ဆီးချိုသွေးချိုရောဂါရှင်များ သစ်သီးစားသင့်၊ မသင့် ဆိုသော မေးခွန်းသည်များစွာအရေးကြီးပါသည်။ ဆရာဝန်၊ ဆရာမများက လူနာများအားအကြံပေးမှားလျှင် များစွာနစ်နာ မှုများဖြစ်ပေါ်လာနိုင်ပါသည်။ မှန်ကန်သောအကြံဥာဏ်များ ပေးနိုင်ပါကလည်းလူနာများအတွက်များစွာအကျိုး ဖြစ်ထွန်းနိုင်ပါသည်။ ဆရာဝန်၊ ဆရာမများကိုယ်တိုင်က ကျန်းမာရေး  ပြဿနာများကို ရှင်းရှင်းလင်းလင်းသိနားလည်ထားကြဖို့ လွန်စွာအရေးကြီးလှပါသည်။ အမ်ဘီဘီအက်စ်ဘွဲ့အတွက်ဖြစ်စေ၊ ဆေးပညာမှသိပ္ပံဘွဲလွန်အတွက်  ဖြစ်စေ သင်ယူမှတ်သားထားသောအသိပညာများသည် သာမာန်အားဖြင့် ၅ နှစ်သာခံသည် ဟုယေဘုယျ ယူဆကြပါသည်။ထို့အပြင် အစဉ်ပြောင်းလဲတိုးတက်နေသော ဆေးလောကကြီးထဲတွင် လှုပ်ရှား ရှင်သန်ဖို့ရာမှာ အသစ်ဖြစ်ပေါ်တွေ့ရှိချက်များကို အမြဲလေ့လာဖတ်ရှုနေကြရန်လိုအပ်ပါသည်။ အခြားနိုင်ငံများတွင် စဉ်ဆက်မပြတ်ပညာသင်ကြားရေးကို အထူးအားပေးကြပြီး၊  ဆရာဝန် မှတ်ပုံတင်ခြင်း သက်တမ်းကို ၅ နှစ်တစ်ခါသက်တမ်းပြန်တိုးကြရာ၌ စဉ်ဆက်မပြတ်ပညာရေးပြုလုပ်ထားပါသည်ဆိုသော သက်သေအထောက်အထားများ တင်ပြ၍ ဆရာဝန်မှတ်ပုံတင်သက်တမ်းပြန်တိုးကြရပါသည်။ အရေးကြီး သည်မှာ ဆရာဝန်ကြီးငယ်မဟူ၊ စဉ်ဆက်မပြတ်ဆေးပညာဆည်းပူးနေကြမှသာလျှင် အမြဲခေတ်မီနေ ပြီးခေတ်နှင့်ရင်ဘောင်တန်းလိုက်နိုင်မည်ဖြစ်ပါသည်။ သစ်သီးများနှင့်ပတ်သက်၍ ကျန်းမာသော လူကောင်းများတွင် ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်နေထိုင်ရေးတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးရန်အရေးကြီးသည်။ဟင်းသီးဟင်းရွက်အစိမ်းတစ်နေ့လျှင်၃ခါပြင်(3Servings) စားရမည်ဆိုပါသည်။တစ်ခါပြင်(One Serving) ဆိုသည်မှာ တရုတ်ထမင်းစားပန်ကန်းလုံးတစ်လုံးစာ ဟင်းရွက်အစိမ်းများကို ဆိုလိုပါသည်။ ဟင်းသီး ဟင်းရွက်အစိမ်းစားလျှင်တစ်နေ့လျှင် ပန်းကန်လုံးသုံးလုံး စားရမည်ဆိုပါသည်။ ချက်ပြုတ်ထားသော ဟင်းသီး ဟင်းရွက်ဆိုလျှင် ပန်းကန်လုံးဝက်ကို One Serving တစ်ခါပြင်ဟုဆိုလိုရာ၊တစ်နေ့လျှင် ပန်းကန်းလုံးတစ်လုံးခွဲ စားရမည်ဟု ဆိုပါသည်။ ပိုမို လွယ်ကူ အောင်ပြောရလျှင် မုန့်ဟင်းခါးစားရာ၌ အသုံးပြုသော ဇီးဘရားဇွန်းသုံးဇွန်းလျှင် တစ်ခါပြင်ရှိသဖြင့် တစ်နေ့လျှင်ချက်ပြုတ်ပြီးဟင်းသီးဟင်းရွက် ၉ ဇွန်းစာ အနည်းဆုံးစားသုံးသင့်သည်ဟု ဆိုလိုပါသည်။ ဟင်းသီးဟင်း  ရွက်ဆိုသည်မှာ ဘူးသီး၊ ခရမ်းသီး၊ ရုံပတီသီး၊ ဒန့်ဒလွန်သီး၊ ဂေါ်ရခါးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်ရွက်၊ ကင်ပွန်းချဉ်ရွက်စသည့် ဟင်းသီးဟင်းရွက်များကို ဆိုလိုပါသည်။ အင်္ဂလိပ်လို Vegetables ဟုခေါ်သော ဟင်းသီးဟင်းရွက်များကို ဆိုလိုပါသည်။ သစ်သီး (Fruits) ဟုဆိုရာ၌ငှက်ပျောသီးအမျိုးမျိုး (ဖီးကြမ်းငှက်ပျောသီး၊ သီးမွှေးငှက်ပျောသီးစသည်များ)ပန်းသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ပိန္နဲသီး၊ ကျွဲကောသီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရုသီး၊ နဂါးမောက်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီးစသည်တို့ကိုဆိုလိုပါသည်။သစ်သီးများကို ဆီးချိုသွေးချို မရှိသောလူများအနေဖြင့် တစ်နေ့လျှင် နှစ်ခါပြင် (Two Serving)စားသုံးသင့်သည့်ဟု ဆိုပါသည်။ တစ်ခါပြင်(OneServing) မှာ တရုတ်ထမင်းစားပန်းကန် လုံးတစ်ဝက်စာကို ဆိုလိုပါသည်။ လှီးစိတ်ထားသောသစ်သီးဝလံ၊နှစ်ခါပြင် (Two Serving)ဆိုသည်မှာပန်းကန်လုံး တစ်လုံးစာကို ဆိုလိုပါသည်။ ကျန်းမာရေးနှင့် ညီညွတ်အောင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ စားသုံးရမည်ဆိုသည်မှာ ゞင်းအစားအစာများ စားသုံးခြင်းကြောင့် (၁) ဗီတာမင်ဓါတ်များ ရနိုင်ပါသည်။ (၂) ပိုတက်စီယမ်ဓါတ် ရနိုင်ပါသည်။ ပိုတက်စီယမ်သည် ဆိုဒီယမ် (ခေါ်) အငန်ဓါတ်နှင့်ဆန့်ကျင်ဖက်အာနိသင်သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါ သည်။ (၃) အမျှင်ဓါတ်(Fibre) များရနိုင်ပါ သည်။ ထို့ကြောင့်နေ့စဉ်ဝမ်းကို ပုံမှန် သွားစေနိုင်ပါသည်။ အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။ စားသုံးလိုက်သော ကစီဓါတ်မှ ဂလူးကို့စ် အချိုဓါတ်ကို စားပြီးပြီးချင်းသွေးထဲ ချက်ချင်းမရောက်အောင် ကာကွယ်ထားနိုင် သဖြင့် သွေးချိုဓါတ်ရုတ်တရက်ထိုး၍တက်ခြင်းကိုကာကွယ်ပေးနိုင်ပါ သည်။ (၄) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများမှ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)များရနိုင်၍သွေးကြောများမာလာခြင်း (Artherosclerosis)နှင့် ကင်ဆာရောဂါများကို ကာကွယ်နိုင်သည်ဟုဆိုပါသည်။ အထက်ပါ ကောင်းကျိုး အာနိသင်များရရှိစေရန်၊ ကျန်းမာသော လူများကိုဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစားသုံးရန် အကြံပြုကြခြင်းဖြစ်ပါသည်။ သို့ရာတွင် သစ်သီးဝလံများနှင့်ပတ်သက်၍ ဆီးချိုသွေးချိုရောဂါရှိလျှင် သီးသန့်စားသင့်ပါသည်။ အကြံ ဥာဏ်ပေးသင့်ပါသည်။ ဟင်းသီးဟင်းရွက်များကိုတော့ လူကောင်းများ ဆီးချိုသွေးချိုရောဂါမရှိသူများအတိုင်းများများစားသုံးစေသင့်ပါသည်။ သစ်သီးဝလံများတွင် ဖရပ်တို့စ် (Fructose)ခေါ်သစ်သီးဝလံမှရသောအချိုဓါတ်၊သကြားဓါတ်များပါပါသည်။ ဖရပ်တို့စ်သည် ကမ္ဘာပေါ်တွင် အချိုအရသာအပေးဆုံး၊ အချိုဆုံးဓါတ်ဖြစ်ကာ၊ ကမ္ဘာပေါ်တွင် ဤဖရပ်တို့စ်ဓါတ်များ ကျယ်ပြန့်ပေါများစွာ အသုံးပြုလာကြခြင်းကြောင့် ကမ္ဘာနှင့်အဝှမ်းဆီးချိုသွေးချိုရောဂါကပ်အသွင်ဖြစ် ပေါ်လာသည်ဟုလည်း အဆိုရှိပါသည်။ ဖရပ်တို့စ်အချိုဓါတ်ကို ပြောင်းဖူး (Corn) မှလည်းရနိုင်ပြီး၊ Corn Syrup ခေါ်ပြောင်းဖူးမှ ရသောအချို ရည်၊ ဖရပ်တို့စ်ကို အစားအစာများထုတ်လုပ်ရာ၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပါသည်။ ဖရပ်တို့စ်၊ သစ်သီးသကြားဓါတ် သည် ဂလူးကို့စ်သကြားဓါတ်ကဲ့သို့ပင် သကြားမော်လီကျူးတစ်လုံးသာပါ သဖြင့် ဂလူးကို့စ်ဓါတ်နှင့် ဓါတုဖွဲ့စည်း ပုံဆင်ပါသည်။ ကြံမှရသောသကြား (Sucrose) သည်အချိုခေါ် ဂလူးကို့စ်မော်လီကျူးနှစ်လုံးကို ဓါတုဗေဒနည်းအားဖြင့်တွဲထားခြင်းဖြစ်ကာ ကိုယ်ခန္ဓာအတွင်းတွင် ဂလူးကို့စ်အချို ဓါတ်နှစ်ခုကွဲသွားစေပါသည်။ ဖရပ်တို့စ် သစ်သီးသကြားဓါတ်မှာမူ ခန္ဓာကိုယ်အတွင်း၌ ဂလူးကို့စ်သို့ပြောင်းလဲသွားခြင်းမရှိပဲ။ အဆီဓါတ်သို့ပြောင်းလဲသွားကာ Triglyceride ခေါ်အဆီဓါတ် အနေဖြင့် အသည်းတွင်သိုလှောင်ထားပါသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှင်များ သစ်သီးစားသုံးရ မည်ဟု ပြောသောဆရာဝန်များကဖရပ်တို့စ်ခေါ် သစ်သီးသကြားဓါတ်သည် ခန္ဓာကိုယ်အတွင်းရောက်လျှင် ဂလူးကို့စ်ခေါ် အချိုဓါတ်သို့ပြောင်းလဲသွားခြင်းမရှိသဖြင့် သွေးချိုဓါတ်ကို မတက်စေနိုင်။ ထို့ကြောင့် သစ်သီး စားသုံးခြင်းကို ဆီးချိုသွေးချိုရောဂါရှင်များ ရှောင်ကျဉ်ရန် မလိုဟု ဆိုကြပါသည်။ စာရေးသူ အနေဖြင့် သစ်သီးစားသုံးခြင်းသည် သွေးချိုဓါတ်ကို မတက်စေနိုင် ဟူသောအဆိုကိုစာတွေ့အရရော၊ လက်တွေ့အရပါလက်မခံနိုင်ပါ။ နေ့စဉ်ကြည့်ရှုနေသောဆီးချိုသွေးချိုရောဂါရှင်များ သွေးချိုဓါတ်များနေလျှင် အသေအချာစစ်ဆေးကြည့်လျှင် သစ်သီးများ တစ်ခုမဟုတ်တစ်ခုကို ဆင်ခြေမျိုးစုံ၊ အကြောင်းမျိုးစုံပြကာ စားသုံးနေကြခြင်းကြောင့် ဖြစ်သည်ကိုနေ့စဉ်ကြုံတွေ့နေရပါသည်။ သိသာလွယ်သော ဥပမာများမှာ -သရက်သီးပေါ်ချိန်၊ ဖရဲသီးပေါ်ချိန်များတွင် ထင်ရှားပါသည်။ သရက်သီးစားပြီး၊ ဖရဲသီးစားပြီး လာသူတိုင်း သွေးချိုဓါတ်တိုင်းကြည့်လျှင် သွေးချိုဓါတ်အမြဲ 200mg/dl အထက်တွင် မြင့်တက်များပြားနေကာ အချို့ဆိုလျှင် 400mg/dlသို့မဟုတ် 500mg/dlအထက်မြင့်တက်များပြားနေသူများကို အမြဲတွေ့နေရပါသည်။  ထို့ကြောင့် ဆီးချိုသွေးချိုလူနာများ သစ်သီးစားသုံးသင့်သည်ဆိုသော အကြံပြုချက်ကို ဘဝင်မကျပဲ၊လက် ခံနိုင်ခြင်းလည်းမရှိပါ။ဆီးချိုသွေးချိုရောဂါရှင်များရော၊ဆရာဝန်ဆရာမများပါ မိမိတို့၏ အတွေ့အကြုံ ကို ပြန်ပြောင်း စဉ်းစားသင့်ကြပါသည်။ အချိုပေါ့သည်၊ ဆီးချိုသွေးချိုရောဂါရှင်များစားသုံးသင့်သည်ဟု မိမိအထင်သက်သက်ဖြင့် ပြောနေကြသောဂရိတ်ဖရုသီး၊ မာလကာသီး၊ နဂါးမောက်သီးများပင်လျှင် စားပြီးလျှင် သွေးချိုဓါတ် မြင့်တက်နေသည်ကို အစဉ်အမြဲတွေ့နေရသည်ကို ရိုးသားစွာဝန်ခံကြဖို့လိုပါမည်။ စာရေးသူ၏တင်ပြချက်မှားယွင်းနေသည်ဟုယူဆသူများအချိန် မရွေးဝေဖန်နိုင်ကြပါသည်။ ဆီးချိုသွေး ချို  ရောဂါရှင်များသစ်သီးမစားသုံးသင့်ကြောင်း စာတွေ့(Theory) ကိုလည်းတင်ပြပါဦးမည်။သစ်သီးမှရသော ဖရပ်တို့စ်သကြားဓါတ်သည် ကိုယ်ခန္ဓာအတွင်းဂလူးကို့စ်အဖြစ် မပြောင်းလဲသွား၍သွေးချိုဓါတ်မ တက်စေနိုင်ဟုဆိုစေကာမူ ゞင်းဖရပ်တို့စ်သကြားဓါတ်သည် အဆုံးစွန်တွင် အဆီဓါတ် (Glycerol) အဖြစ်ပြောင်းလဲကာ Triglyceride အဆီဓါတ်အဖြစ် အသည်းတွင်းသိုလှောင်ထားကြောင်း အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သစ်သီးများများစားလျှင် သွေးတွင်းအဆီဓါတ်ကိုမြင့်တက်စေနိုင်သကဲ့သို့၊ အသည်းအဆီဖုံးခြင်း (Fatty Liver) ကိုလည်းဖြစ်စေနိုင်ပါသည်။ အသည်းတွင်းအဆီများ စုပုံ လာစေခြင်းသည် ခန္ဓာကိုယ်မှထွက်လာသော အင်ဆူလင် ဟော်မုန်းဓါတ်၏သွေးချိုဓါတ် ကျစေသော အာနိသင်ကိုဆန့်ကျင်မှုဖြစ်စေ ခြင်းကြောင့်သွေးချိုဓါတ်ထိန်းသိမ်းမှုကို ချို့ယွင်းစေနိုင်ပါသည်။ အင်ဆူလင်ဟော်မုန်းဓါတ်အာနိသင်ကိုဆန့်ကျင်မှု (Insulin Resist-ance)သည် ဆီးချိုသွေးချိုရော ဂါဖြစ်စေသောအကြောင်းအချက်တစ်ခုပင် ဖြစ်ပါသည်။ သစ်သီးစားပြီး သွေးချိုဓါတ်တက်ရသည့် အခြားအကြောင်းအချက်တစ်ခုရှိပါသည်။သစ်သီးဝလံတိုင်းတွင်ဖရပ်တို့စ်ခေါ် သစ်သီးသကြားဓါတ်အပြင် ဂလူးကို့စ်အချိုဓါတ်အစဉ်အမြဲတွဲ၍ ပါသည်။ သစ်သီးအမျိုးအစားအလိုက် ဖရပ်တို့စ်နှင့် ဂလူးကို့စ်ပါဝင်မှု အချိုးပြောင်းလဲမှုရှိနိုင်သော်လည်း အဓိကအချက်မှာ သစ်သီးစားလိုက်လျှင် ဖရပ်တို့စ်သကြားဓါတ်တစ်ခု တည်း ကိုယ်ခန္ဓာတွင်း ဝင်ရောက်သွားခြင်းမဟုတ်ဘဲ၊ အတူတွဲပါလာသော ဂလူးကို့စ်ဓါတ်လည်း ခန္ဓာကိုယ်တွင်း ဝင်ရောက်လာခြင်းကြောင့် သွေးချိုဓါတ်ကို မြင့်တက်စေနိုင်ပါသည်။ သစ်သီးတစ်မျိုး စီတွင်ပါသော ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့၏ အချိုးအစားပါဝင်မှုနှုန်းထားများကို ဇယားအနေဖြင့် တင်ပြနိုင်သော်လည်းစာလေးမည် ရှုပ်ထွေးမည်စိုး၍ မတင်ပြခြင်းဖြစ်ပါသည်။ အထက်တင်ပြ ချက်များကို ပြန်လည်စုစည်းတင်ပြရလျှင် သစ်သီးများစားသုံးခြင်းသည်လည်း သွေးချိုဓါတ်ကို တက်စေနိုင်သည်။ ကိုယ်ခန္ဓာတွင်းဆိုးကျိုးအချို့ကို ဖြစ်ပေါ်စေနိုင်သည်။
 
(၁) သစ်သီးများတွင်ပါသော ဖရပ်တို့စ်နှင့်တွဲလာသော ဂလူးကို့စ်များကြောင့် သွေးချိုဓါတ်ကိုချက်ချင်း တက်စေနိုင်ပါသည်။
 
 (၂) ဖရပ်တို့စ်သကြားဓါတ်သည် အဆုံးတွင် အဆီဓါတ်သို့ပြောင်းကာအသည်းတွင် စုပုံလာကာ၊ Insulin Resistance ခေါ်အင်ဆူလင်အာနိသင်ကိုဆန့်ကျင်စေခြင်းဖြင့်လည်း သွေးချိုဓါတ်မြင့်တက်စေခြင်းကို အားပေးပါသည်။
 
 (၃) သစ်သီးမှရသောဖရပ်တို့စ်သကြားဓါတ်များကြောင့် အသည်းတွင်းအဆီစုပုံနေခြင်း(Fatty Liver)နှင့် သွေးတွင်းအဆီများပြားစေခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါသည်။
 
 (၄) ဖရပ်တို့စ် အချိုဓါတ်များစွာစားသုံးခြင်းက ကိုယ်အလေးချိန်ကိုမြင့်တက်လာစေကာအဝလွန်ကဲမှု ကိုဖြစ်စေနိုင်ပါသည်။ 

အထက်ပါအကြောင်းများကြောင့် စာရေးသူသည် ဆီးချိုသွေးချိုလူနာများကို သစ်သီးစားသုံးရန် မတိုက် တွန်းပါ။ အထူးသဖြင့်သွေးချိုဓါတ်များများပြားနေစဉ်၊ သွေးချိုဓါတ်ထိန်းသိမ်းမှုမကောင်းစဉ်တွင် သစ်သီးများလုံးဝမစားသုံးသင့်ပါ။ သစ်သီးများအစား ဟင်းသီးဟင်းရွက်ကို ပိုမို၍ များများ စားသုံးသင့်ကြ ပါသည်။ သွေးချိုဓါတ်ထိန်းသိမ်းမှုကောင်းလာလျှင်မူ သစ်သီးများကိုအာသာပြေရုံလျှော့၍ စားသုံးသင့်ပါသည်။ပန်းသီးစားလျှင်တစ်ခြမ်း၊ လိမ္မော်သီးစားလျှင်တစ်ခြမ်း၊ငှက်ပျော်သီးစားလျှင်တစ်ဝက်စ သည်ဖြင့် ယခင်စားသည်ထက် တစ်ဝက်လျှော့ စားသုံးသင့်ပါ သည်။ အစာအိမ်တွင် အစာမရှိချိန်မှာ သစ်သီးသက်သက်မစားသင့်ပါ။ သွေးချိုဓါတ်ကို အထိန်းအချုပ်မရှိ ရုတ်တရက်မြင့်တက်စေနိုင်ခြင်းကြောင့် မစားခိုင်းခြင်း ဖြစ်ပါသည်။ သစ်သီးစားလို လျှင် ထမင်းစားပြီးစအချိန်မျိုး၊ ဟင်း သီးဟင်းရွက်များစားသုံးပြီးစ အချိန် မျိုးကိုတွဲ၍စားသုံးပါလျှင် သွေးချိုဓါတ်ရုတ်တရက်ထိုးတက်ခြင်းကို ကာကွယ်ရာရောက်ပါမည်။

ပါမောက္ခဒေါက်တာတင့်ဆွေလတ်

Health Update Journal မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။